အခန်း (၂၈၉)
Vol. 29 Ch. 289
ဝူး... ဝူး... ဝူး...
ငြိမ်သက်နေသော ပိုင်ချန်မြို၏ ကောင်းကင်ယံထက်တွင် ကျယ်လောင်လှသော စက်သံကြီးများ ရုတ်တရက် ပဲ့တင်ထပ်သွားပြီး ရဟတ်ယာဉ်အုပ်စုတစ်စုသည် အဝေးမှနေ၍ မြို့ထဲသို့ အရှိန်အဟုန်ဖြင့် ပျံသန်းဝင်ရောက်လာကြသည်။
ဝူး... ဝူး...
မြေပြင်ပေါ်ရှိ ဇွန်ဘီများသည် ထိုအသံကို ကြားသည်နှင့် ဟိန်းဟောက်ကာ ရဟတ်ယာဉ်များနောက်သို့ ရူးသွပ်စွာ လိုက်လံပြေးလွှားကြတော့သည်။ မကြာမီမှာပင် မြို့အတွင်း၌ အမည်းရောင် ဇွန်ဘီရေစီးကြောင်းကြီးများသဖွယ် ဖြစ်ပေါ်လာသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ရဟတ်ယာဉ်များမှာ အလွန်မြန်သဖြင့် နောက်မှ လိုက်လာသော ဇွန်ဘီများကို ခဏချင်းမှာပင် အဝေး၌ ချန်ရစ်ခဲ့နိုင်သည်။
ခေတ္တအကြာတွင် ရဟတ်ယာဉ်အုပ်စုသည် ဟယ်ဥယျာဉ်ရပ်ကွက်၏ အပေါ်တည့်တည့်တွင် ရပ်တန့်ကာ ဝဲပျံနေကြသည်။
"ကျန်း... ဒီနေရာပဲလား"
ရဟတ်ယာဉ်တစ်စီးပေါ်တွင် တိုက်ပွဲဝင်ဝတ်စုံအပြည့် ဝတ်ဆင်ထားသော တည်ကြည်ပြတ်သားသည့် အစိုးရဆင့်ကဲပြောင်းလဲသူတစ်ဦးက ဘေးနားရှိ ကျန်းချင်းကို ကြည့်ကာ မေးလိုက်သည်။
"ကပ္ပတိန်ထုံ... ဟုတ်ပါတယ် ဒီရပ်ကွက်ပဲ။ ကျွန်တော် ဇွန်ဘီဘုရင်နဲ့ တွေ့တုန်းက သူက ဒီမှာပဲ နေနေတာ။ ဟိုဘက်က အဆောက်အအုံ ဖြစ်ရမယ်"
ကျန်းချင်းက ခေါင်းညိတ်ပြရင်း အမှတ် ၈ အဆောက်အအုံ ကို လက်ညှိုးထိုးပြလိုက်သည်။ ဖန်းဝေက ပိုင်ချန်မြို့ကို စူးစမ်းရန် အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ ဆုံးဖြတ်လိုက်သည့်အခါ မျက်မြင်သက်သေဖြစ်သူ ကျန်းချင်းမှာလည်း ထိုအဖွဲ့တွင် မဖြစ်မနေ ပါဝင်လာခဲ့ရသည်။ ကျန်းချင်းသာ လမ်းပြအဖြစ် မပါဝင်ပါက ကျယ်ပြောလှသော မြို့ကြီးအတွင်း လူနှစ်ယောက်ကို ရှာဖွေရန်မှာ အလွန်ပင် ခက်ခဲလှပေလိမ့်မည်။
"ကောင်းပြီ အောက်ဆင်းပြီး ကြည့်ကြတာပေါ့။ ဇွန်ဘီဘုရင် ဒီမှာ ရှိနေသေးလား မရှိတော့ဘူးလားဆိုတာ ငါတို့မသိဘူး။ တပ်စိတ်အားလုံး အနိမ့်ပျံသန်းကြ။ ပစ္စည်းတွေ စစ်ဆေးပြီး ဆင်းသက်ဖို့ ပြင်ကြတော့"
ထုံဖန့်က ခေါင်းညိတ်လိုက်ပြီးနောက် အင်တာကွန်းမှတစ်ဆင့် လေးနက်စွာ အမိန့်ပေးလိုက်သည်။ မကြာမီ ရဟတ်ယာဉ်များမှာ အမြင့်ပေကို လျှော့ချလိုက်ပြီး အဆောက်အအုံ နှစ်ခုကြားတွင် ဝဲပျံနေကြသည်။
ရှူး... ရှူး... ရှူး...
ရဟတ်ယာဉ်များပေါ်မှ ကြိုးများဖြင့် လူရိပ်များမှာ လျင်မြန်စွာ လျှောဆင်းလာကြသည်။ လုချွမ်းက ယခင်ကတည်းက ရှင်းလင်းထားခဲ့သဖြင့် ဟယ်ဥယျာဉ်ရပ်ကွက်အတွင်း ဇွန်ဘီအရေအတွက်မှာ အလွန်နည်းပါးနေသည်။ ရပ်ကွက်အဝင်ဝမှ ပြေးဝင်လာသော ဇွန်ဘီအနည်းငယ်ကို သုတ်သင်ပြီးနောက် ဆင်းသက်လာသော ဆင့်ကဲပြောင်းလဲသူတပ်ဖွဲ့မှာ အောင်မြင်စွာ လူစုမိသွားကြသည်။
"ဒီအဆောက်အအုံရဲ့ အထပ်တိုင်းကို သေချာရှာကြ သတိထားဦး။ တစ်ခုခုနဲ့ ထိပ်တိုက်တွေ့ရင် ချက်ချင်းဆုတ်ပြီး ငါ့ကို အကြောင်းကြား ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်နဲ့။
ငါတို့က စုံစမ်းစစ်ဆေးရေးတာဝန်နဲ့ လာတာ။ တိုက်ခိုက်ဖို့လာတာ မဟုတ်ဘူး နားလည်လား"
ထုံဖန့်သည် သူ၏အဖွဲ့ဝင်များကို တစ်ချက်ကြည့်ကာ တိုးညှင်းသောလေသံဖြင့် ထပ်မံသတိပေးလိုက်သည်။
ဇွန်ဘီဘုရင်သည် အဆင့် ၄ ဆင့်ကဲဇွန်ဘီများကို ထိန်းချုပ်ထားနိုင်ကြောင်း ကျန်းချင်းက ပြောပြထားဖူးရာ အပေါ်ထပ်ရှိ အခြေအနေမှာ မသေချာသဖြင့် အလွန်အမင်း သတိထားရန် လိုအပ်သည်။
"နားလည်ပါပြီ"
လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အဖွဲ့ဝင်များက ညီညာစွာ ပြန်လည်ဖြေကြားလိုက်ကြသည်။
"ကောင်းပြီ... ငါ့နောက်က လိုက်ခဲ့ကြ"
ထို့နောက် ထုံဖန့်၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များသည် အဆောက်အအုံအတွင်းသို့ သတိကြီးစွာဖြင့် ပြေးဝင်သွားကြတော့သည်။ မကြာမီမှာပင် အဖွဲ့ဝင်များသည် အထပ်အသီးသီးသို့ ခွဲထွက်သွားကြပြီး ရှာဖွေရေးလုပ်ငန်းကို လျင်မြန်စွာ စတင်လိုက်ကြသည်။
ထုံဖန့်၏ ညွှန်ကြားချက်ကြောင့် ကျန်းချင်းသည် အပေါ်သို့ လိုက်မတက်ဘဲ အောက်ထပ်တွင်သာ ကျန်ရစ်ခဲ့သည်။ သူသည် စိတ်မသက်မသာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေမိသည်။ ထိုမိန်းမ၏ လက်အောက်ခံ ဆင့်ကဲဇွန်ဘီများသည် ထောင့်ချိုးတစ်ခုခုမှ ရုတ်တရက် ခုန်ထွက်လာမည်ကို သူ စိုးရိမ်နေမိသည်။
သူသည် လက်စားချေရန် ပြင်းပြစွာ ဆန္ဒရှိသော်လည်း သူ့၏ အတိုင်းအတာကို သူသိသည်။ ထိုရန်သူကို တစ်ယောက်တည်း ရင်ဆိုင်ရန် မဖြစ်နိုင်သဖြင့် အစိုးရစစ်တပ်၏ အကူအညီကို ယူခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ခေတ္တစောင့်ကြည့်ပြီးနောက် မည်သည့်အန္တရာယ်မျှ ပေါ်ပေါက်မလာသဖြင့် ကျန်းချင်းမှာ စိတ်အနည်းငယ် သက်သာရာရသွားသည်။ သို့သော် အပေါ်ထပ်မှ တိုက်ပွဲသံများ ထွက်ပေါ်မလာခြင်းက သူ့အတွက် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားရစေသည်။
မကြာမီမှာပင် လှေကားထိပ်မှ ခြေသံအချို့ ထွက်ပေါ်လာပြီး ထုံဖန့်နှင့် သူ၏အဖွဲ့ဝင်များသည် တည်ငြိမ်သော မျက်နှာပေးများဖြင့် အောက်သို့ ပြန်ဆင်းလာကြသည်။
"ကပ္ပတိန်ထုံ... ဘယ်လိုလဲ ဘာတွေတွေ့ခဲ့လဲ"
"ကျန်း... အထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ ဒါပေမဲ့ မင်းပြောတာတော့ မှန်ပုံရပါတယ်။ ဇွန်ဘီဘုရင်က အရင်က ဒီမှာ နေခဲ့တာ သေချာတယ်။ တတိယထပ်မှာ ပစ္စည်းတွေ ရွှေ့ပြောင်းထားတဲ့ လက္ခဏာတွေ တွေ့ရတယ်။ ရန်သူက ဒီနေရာကနေ ထွက်သွားပြီ ထင်တယ်"
ထုံဖန့်က ကျန်းချင်းကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။ ရန်သူသည် နေရာရွှေ့ပြောင်းသွားပြီဟု သူ ယူဆလိုက်သည်။
"သေချာတယ်... သူတို့ရဲ့ အရိပ်အယောင်တွေ ပေါ်သွားလို့ ကြောက်ပြီး ကြိုတင်ထွက်ပြေးသွားတာပဲ ဖြစ်ရမယ် ဟင်း... သိပ်တော့ ဝေးဝေးမပြေးနိုင်ပါဘူး"
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းချင်းမှာ အလွန်ပင် စိတ်ပျက်သွားသော်လည်း မကြာမီမှာပင် အံကို တင်းတင်းကြိတ်ကာ မကျေမနပ် ရေရွတ်လိုက်သည်။ ယခုတစ်ကြိမ်တွင် ထိုမိန်းမကို ရှာမတွေ့ခဲ့ပါက နောင်တွင် အစိုးရလမ်းကြောင်းမှတစ်ဆင့် လက်စားချေရန်မှာ လွယ်ကူတော့မည် မဟုတ်ချေ။
ဟယ်ဥယျာဉ်ရပ်ကွက်တွင် ကျောက်လင်းနှင့် ကျိရုရွှယ်တို့ကို ရှာမတွေ့သော်လည်း ထုံဖန့်နှင့် အခြားသူများသည် ချက်ချင်း ပြန်မသွားကြသေးပေ။ သူတို့သည် ဇွန်ဘီဘုရင်၏ အရိပ်အယောင်ကို တွေ့လိုတွေ့ငြား မျှော်လင့်ချက်ဖြင့် ပိုင်ချန်မြို့၏ ကောင်းကင်ယံတွင် ဆက်လက် ကင်းလှည့်နေကြသည်။
အမှန်စင်စစ် ဇွန်ဘီဘုရင်သည် ဤနေရာမှ ထွက်သွားခဲ့လျှင်ပင် ပိုင်ချန်မြို့မှ လုံးဝထွက်ခွာသွားခြင်း မဟုတ်ဘဲ မြို့ထဲရှိ တစ်နေရာရာတွင် ပုန်းအောင်းနေနိုင်သည်ဟု သူတို့ ယူဆထားကြသည်။
ရဟတ်ယာဉ်ပေါ်မှနေ၍ ကျန်းချင်းသည် အောက်ဘက်ရှိ နဂါးကျားဂိုဏ်းဌာနချုပ်ကို ငုံ့ကြည့်လိုက်သည်။ သူတို့၏ စခန်းအနီးရှိ မြေပြင်ပေါ်တွင် ပေကျံနေသော သွေးကွက်များကို မြင်လိုက်ရသောအခါ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး မျက်ဝန်းများမှာလည်း အမုန်းတရားများကြောင့် နီမြန်းလာတော့သည်။
ကျန်းချင်း၏ စိတ်ထဲတွင် သူ့အတွက် အချိန်ဆွဲပေးရင်း အသက်စုံစေးသွားခဲ့သော အစ်ကိုဖြစ်သူ၏ ပုံရိပ်များ၊ ဇွန်ဘီများကို အသက်လုတိုက်ခိုက်ခဲ့ရသည့် ဂိုဏ်းသားများ၏ မြင်ကွင်းများက ရုပ်ရှင်ကားချပ်တစ်ခုလို တရိပ်ရိပ် ပြန်လည်ပေါ်လာသည်။
သူသည် အစ်ကိုဖြစ်သူနှင့် ညီအစ်ကိုများအတွက် လက်စားချေရန် သစ္စာပြောလိုက်သည်။ ထိုမိန်းမ၏ ဦးခေါင်းကို ဖြတ်ယူကာ ကောင်းကင်ဘုံရှိ အစ်ကိုဖြစ်သူ၏ ဝိညာဉ်ကို ပူဇော်မည်ဟု ကျုံးဝါးလိုက်တော့သည်။
"သွားကြစို့ ဇွန်ဘီဘုရင်က ပိုင်ချန်မြို့ကနေ ထွက်သွားပြီ ထင်တယ်။ ဒီသတင်းကို ဌာနချုပ်ဆီ ပြန်ပို့ရမယ်"
နာရီဝက်ခန့် အောင်မြင်မှုမရှိဘဲ ရှာဖွေပြီးနောက် ထုံဖန့်နှင့် အဖွဲ့သားများသည် စိတ်ပျက်လက်ပျက်ဖြင့် ပိုင်ချန်အခြေစိုက်စခန်းသို့ ပြန်လာခဲ့ကြသည်။
အခြေစိုက်စခန်း ဌာနချုပ် အစည်းအဝေးခန်းမ၌ ထုံဖန့်သည် သူတွေ့ရှိခဲ့သော စူးစမ်းရှာဖွေမှုရလဒ်များကို ဖန်းဝေထံ အစီရင်ခံလိုက်သည်။
"ဆရာ... ဒီတစ်ခေါက်တော့ ဇွန်ဘီဘုရင်ကို ရှာမတွေ့ခဲ့ပါဘူး"
ထုံဖန့်က နောင်တရစွာ ပြောလိုက်သည်။
"ဘာ ကျန်းချင်းက ငါတို့ကို လိမ်တာလား"
ဖန်းဝေက မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းချင်းက ထိုမိန်းမနှင့် ကောင်မလေးအကြောင်းကို အသေးစိတ် ပြောပြထားသဖြင့် မှန်ကန်နိုင်ခြေ များသည်ဟု သူ ယူဆထားခြင်း ဖြစ်သည်။
"မဟုတ်ပါဘူး ဆရာ။ ကျွန်တော်တို့ ဇွန်ဘီဘုရင် နေထိုင်ခဲ့တဲ့ လက္ခဏာတွေကိုတော့ သေချာပေါက် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ သူတို့က ရွှေ့ပြောင်းသွားကြပြီ။ သူတို့နေရာကို တစ်စုံတစ်ယောက် သိသွားပြီဆိုတာ ရိပ်မိသွားပုံပဲ။ အဲဒီနောက် ပိုင်ချန်မြို့တစ်ခွင်ကို အကြိမ်ကြိမ် ပိုက်စိပ်တိုက် ရှာခဲ့ပေမဲ့ ဘာအရိပ်အယောင်မှ မတွေ့တော့ပါဘူး။ ဇွန်ဘီဘုရင်က ပိုင်ချန်မြို့ကနေ လုံးဝထွက်ခွာသွားပြီလို့ ကျွန်တော် ယူဆပါတယ်"
"ထွက်သွားပြီ ဟုတ်လား"
ဖန်းဝေ၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ ဇွန်ဘီဘုရင်၏ ဉာဏ်ရည်မှာ တကယ့်ကို ထူးကဲလွန်းလှသည်။
ဒါပေမဲ့ သူတို့ ဘယ်အရပ်ကို ထွက်ပြေးသွားကြတာလဲ။
"နောက်တစ်ခုရှိသေးတယ် ဆရာ... မြို့ထဲမှာ ကင်းလှည့်နေတုန်း ဆင့်ကဲဇွန်ဘီတွေအားလုံး အသတ်ခံထားရတာကို တွေ့ခဲ့တယ်။ ဒါက အတော်လေး ထူးဆန်းနေတယ်။ ဇွန်ဘီဘုရင်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"
"အားလုံး အသတ်ခံရတယ် ဟုတ်လား"
ဖန်းဝေ၏ မျက်နှာသည် ချက်ချင်းပင် အလွန်တရာမှ ခက်ထန်သွားတော့သည်။ ၎င်းမှာ ပိုင်
ချန်အခြေစိုက်စခန်းနှင့် တစ်ပြည်နယ်လုံးအတွက် နိမိတ်မကောင်းသော အချက်ပင်။
ဇွန်ဘီများသည် တစ်ကောင်နှင့်တစ်ကောင် ဝါးမျိုရင်း အဆင့်တက်လာတတ်ကြသည်ကို အားလုံး သိထားကြသည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ဇွန်ဘီဘုရင်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလာမည်မှာ အမှန်ပင်။
"မဟုတ်သေးဘူး... ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး။ အခုချိန်မှာ သူတို့က ငါတို့အခြေစိုက်
စခန်းကို ရှောင်နေပေမဲ့ ဇွန်ဘီဘုရင်သာ အစွမ်းကုန် ကြီးထွားလာရင် နောက်ဆုံးမှာ ပုန်းနေရမှာက ငါတို့ ဖြစ်သွားလိမ့်မယ်"
ဖန်းဝေ၏ အကြည့်များမှာ ပြတ်သားသွားပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
ဇွန်ဘီဘုရင် ပိုင်ချန်မြို့တွင် ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွားသည့် သတင်းကို တစ်
ပြည်နယ်လုံးသိအောင် ကြေညာရမည်။ ပြည်နယ်အတွင်းရှိ အင်အားစုအားလုံးကို စုစည်းပြီး သူတို့ကို ရှာဖွေခိုင်းရမည်။
ဇွန်ဘီဘုရင် အစွမ်းကုန် မကြီးထွားခင်မှာ သူတို့ကို ရှာဖွေပြီး အမြစ်ပြတ် သုတ်သင်ပစ်ရမည်သာ။