ဆန်းကြယ်ချောက်နက်
Vol. 33 Ch. 424
သူ ဤမေးခွန်းမျိုးမေးတာမဆန်းပေ။
ဂျန်ဖန်း၏မကြာသေးခင်လုပ်ဆောင်ချက်က သူတို့မျှော်လင့်ထားတာတွေကို ရိုက်ချိုးသွားခဲ့သည်။
ဝမ်ချန်းဂျန်ကို အသာအယာအနိုင်ယူနိုင်တာကကို အံ့အားသင့်ဖို့ကောင်းနေပြီဖြစ်သည်။
ကြောက်မက်ဖွယ်ရေခဲလေတွေကိုလည်း လက်လေးတစ်ချက်ဝှေ့ယမ်းပြီး ဖယ်ရှားပစ်ခဲ့သည်။
ထို့ပြင် ယခုလည်း သွေးနဂါးကိုသတ်ခဲ့သည်ဟု အခိုင်အမာပြောနေခဲ့သည်။
လျိုချင်းရှန်လည်း အတော်လေး စိတ်ရှုပ်နေ၏။
ဂျန်ဖန်းကိုတစ်လကျော်လောက်မမြင်ရတော့တာ လုံးဝမတူညီသည့်လူတစ်ယောက်ကဲ့သို့ဖြစ်သွားသည်ဟု ခံစားရ၏။
ခွန်အားကလည်း သူမနားလည်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်သည်။
တစ်ခဏစဥ်းစားချင့်ချိန်ပြီးနောက် သူမက နောက်ဆုံးမှာ ပြောလိုက်သည်။
"ဖန်းက ငါတို့ကိုအပေါ်တက်ဖို့ပြောမှတော့ လုံခြုံလို့ပဲ..."
"ဒါနဲ့ပတ်သက်ပြီး သံသယရှိစရာမလိုဘူး..."
ရုတ်တရက်...
အကြည့်တစ်ခုသူမအပေါ်ကျရောက်နေတာ သတိထားမိလိုက်၏။
လှည့်ကြည့်လိုက်ရာ ၁၈နှစ်အရွယ်လှပသည့်မိန်းခလေးတစ်ယောက် ဆွဲဆောင်မှုရှိပြီး ဖျတ်လတ်တက်ကြွလှ၏။
လျိုချင်းရှန် အံ့အားသင့်စွာဖြင့်မေးလိုက်သည်။
"နင်က ဂျန်ဖန်းသူငယ်ချင်းလား....."
ယွဲ့မင်ကျူး သူမကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်နေပြီး မျက်လုံးတွေက နက်နဲသည့်အဓိပ္ပာယ်တွေနှင့်ပြည့်နှက်နေခဲ့သည်။
"ဂျန်ဖန်း ဒီလောက်ခရီးအဝေးကြီးထိလာတာ မဆန်းတော့ပါဘူး..."
"လက်စသတ်တော့ ဂိုဏ်း ၉ ဂိုဏ်း၏ အလှဆုံးမိန်းခလေးကိုကယ်ဖို့ကိုး..."
စကားတွေထဲ၌ ရန်လိုသည့်အရိပ်အယောင်တွေကို ခံစားမိသည့်အခါ....
လျိုချင်းရှန် အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
"နင်က ဘယ်သူလဲ...."
ယွဲ့မင်ကျူး အကြည့်ပြန်ရုတ်လိုက်ပြီး ကောင်းကင်ကိုမော့ကြည့်ကာ လေးပင်စွာသက်ပြင်းချလိုက်သည်။
"နင့်ကို မနာလိုတဲ့ လူတစ်ယောက်..."
ပြောပြီးနောက် ဂျန်ဖန်းနောက်ကို လိုက်သွားခဲ့သည်။
ပင်လယ်ညို့ဓာတ်လည်း တစ်ခဏစဥ်းစားပြီး နောက်ကလိုက်သွားခဲ့သည်။
သူမက ယွဲ့မင်ကျူးကို ဘေးတိုက်တစ်ချက်ကြည့်ပြီး ပီတိဖြစ်စွာဖြင့် ပြောလိုက်သည်။
"ခါးသီးမှုကိုခံစားနေရတယ်မလား...."
"နင်ကတော့ အသက်နဲ့ရင်းပြီးကာကွယ်ခဲ့ပေမယ့် သူကတော့ သူ့ချစ်သူလေးကို လာကယ်ခဲ့တယ်..."
သူမက ယွဲ့မင်ကျူးကို မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။
အခွင်းရေးတိုင်းကို အမိအရယူပြီး အညှာတာကင်းမဲ့စွာတိုက်ခိုက်မှာပဲဖြစ်သည်။
သို့ပေမယ့် ယွဲ့မင်ကျူးတည်ငြိမ်နေပြီး ထူးမခြားနားစွာပြောလိုက်သည်။
"နင်တို့လိုနတ်ဆိုးတွေက ခံစားချက်တွေကို ဘယ်လိုလုပ်နားလည်မှာလဲ...."
"နင်တစ်စုံတစ်ယောက်ကိုချစ်တဲ့အချိန်ကျရင် ထိုက်တန်လား မထိုက်လားဆိုတာတွေ ဂရုစိုက်တော့မှာမဟုတ်ဘူး..."
"ငါသူမကိုဘာလို့မနာလိုလဲဆိုတာက...."
"သူမက သူမခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းထုတ်ပြောနိုင်လို့ပဲ...."
"ငါကတော့.... ဘယ်တော့မှ ထုတ်ပြောနိုင်မှာမဟုတ်ဘူး..."
အသက်ကိုဘေးဖယ်ထားလျှင်တောင် သူမက ရမ္မက်ဂိုဏ်းချုပ်ဖြစ်နေဆဲဖြစ်သည်။
သူတို့နှစ်ယောက်ကြားရှိကွာခြားချက်က ကြီးမားလွန်းပြီး သူမလိုလွတ်လပ်မှုကိုလိုက်ရှာနေသည့်လူတစ်ယောက်တောင် မကျော်လွားနိုင်ပေ။
ပင်လယ်ညို့ဓာတ် လှောင်ပြောင်လိုက်၏။
"ဘယ်သူထင်ထားမှာလဲ? ခံစားချက်တွေကိုအရုပ်လိုကစားနေတဲ့ရမ္မက်ဂိုဏ်းချုပ်က စစ်မှန်တဲ့ခံစားချက်တွေရှိနေမယ်လို့...."
ယွဲ့မင်ကျူး ဒေါသထွက်မသွားပေ။
ထိုအစား သူမကိုခပ်ဖွဖွအပြုံးတစ်ခုဖြင့် အကဲခတ်လိုက်၏။
"ငါကြားတာတော့ နင်တို့ရေသူမတွေက လူသားတစ်ယောက်ကိုချစ်မိရင် ငါးအမြီးက လူသားခြေထောက်တွေအဖြစ်ပြောင်းသွားတယ်ဆို..."
"အဲ့အချိန်ကစပြီး နင်တို့က လူသားအမျိုးသမီးတစ်ယောက်နဲ့မခြားနားတော့ဘူး..."
"နင် လူသားအမျိုးသမီးတစ်ယောက်ဖြစ်လာမဲ့နေ့ကို ငါစောင့်နေမယ်..."
ပင်လယ်ညို့ဓာတ် ပါးစပ်ကိုကာပြီး အဆက်မပြတ်ရယ်လိုက်၏။
"နင်ပြောတာ ငါက ဂျန်ဖန်းကိုချစ်သွားမယ်ပေါ့လေ..."
ရုတ်တရက် သူမ လေးနက်သွား၏။
"အဲ့နေ့က ဘယ်တော့မှရောက်လာမှာမဟုတ်ဘူး...."
"ငါ့ကိုကျွန်လုပ်လို့ သူ့အပေါ်မုန်းတီးမှုတွေကို ခဏထားလိုက်အုန်း။ ငါ့ရဲနှစ်ရာချီကျင့်ကြံရေးက အစောကတည်းက ငါ့နှလုံးသားကို လောကီရေးရာကိစ္စတွေကနေ ကာကွယ်ထားပြီးသား..."
"ပြီးတော့ သူက လူသားတစ်ယောက်ပဲ..."
ယွဲ့မင်ကျူးရယ်လိုက်၏။
သူမ၏လှပသည့်မျက်လုံးတွေက လခြမ်းတစ်စုံအဖြစ် ကွေးညွတ်သွားခဲ့သည်။
"ငါလောင်းတယ်...."
"နင် သေချာပေါက် သူ့ကိုချစ်မိသွားမှာ...."
"စောင့်ကြည့်တာပေါ့...."
ပင်လယ်ညို့ဓာတ် ဒေါသတကြီးနှာမှုတ်လိုက်၏။
ငါက ဘယ်လိုလုပ်လူသားတစ်ယောက်နဲ့ချစ်ကြိုက်နိုင်မှာလဲ....
ဘယ်လိုမှမဖြစ်နိုင်ဘူး...
ခဏကြာပြီးနောက်...
နှစ်ယောက်သား ဂျန်ဖန်းကို လိုက်မှီလာခဲ့သည်။
သူက ရေခဲတိုင်တစ်ခုပေါ်မှာရပ်နေပြီး အောက်ရှိချောက်နက်ကို လေးနက်သည့်အမူအရာဖြင့် ကြည့်နေခဲ့သည်။
ယွဲ့မင်ကျူးအမြန်ရောက်လာပြီး မျက်လုံးတွေထဲ၌ တုန်လှုပ်မှုတွေပြသနေခဲ့သည်။
"ဒီရေခဲချောက်နက်ထဲမှာ ဒီလိုဆန်းကြယ်တဲ့အရာတစ်ခုရှိနေတာလား..."
သူတို့မြင်လိုက်ရတာက....
သူတို့ခြေထောက်အောက်၌ စက်ဝိုင်းပုံသဏ္ဍာန်ချောက်နက်ကြီးတစ်ခုရှိနေပြီး မတွေးနိုင်လောက်အောင် နက်ရှိုင်းလှ၏။
မြေအောက်ကမ္ဘာထိကို တိုက်ရိုက်ဦးတည်နေသလိုပင်။
အဆိပ်တွေရောနှောနေသည့် မရေမတွက်နိုင်သည့်လေအေးတွေလည်း အထဲမှ ထွက်ပေါ်နေခဲ့သည်။
တစ်ခဏရပ်ပြီးနောက် ယွဲ့မင်ကျူးနှင့် ပင်လယ်ညို့ဓာတ် အရိုးခိုက်သည့်အအေးဓာတ်ကို ခုခံနိုင်ရုံခုခံနိုင်ပြီး သူတို့ခန္ဓာကိုယ်တွေ တဖြည်းဖြည်းအေးခဲလာခဲ့သည်။
ဂျန်ဖန်းလည်း သူ့ကိုယ်သူ အဆိပ်လုံးဖြင့်ကာကွယ်ထားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တောင့်ခံဖို့ခက်ခဲလာခဲ့သည်။
"နင်အောက်ကိုဆင်းစုံစမ်းဖို့တော့ ရည်ရွယ်မထားပါဘူးနော်...."
ယွဲ့မင်ကျူး စိတ်ပျက်အားလျော့စွာဖြင့် မေးလိုက်သည်။
ဂျန်ဖန်း ခေါင်းခါယမ်းလိုက်၏။
"ဒါပေါ့ မဆင်းပါဘူး..."
"ဒီလေအေးတွေရဲဲ့ဦးတည်ချက်ကိုကြည့်ရင် မြောက်ပိုင်းနယ်မြေကိုဦတည်သွားနေပုံပဲ...."
ဟမ်?...
ပင်လယ်ညို့ဓာတ်၏လှပသည့်မျက်လုံးတွေ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွား၏။
"နင်ဆိုလိုတာ မြောက်ပိုင်းနယ်မြေရေခဲတွေရဲ့အရင်းအမြစ်က... ဒီချောက်နက်ကြီးလား...."
သူမက ယုံကြည်ဖို့ခက်ခဲနေခဲ့သည်။
ယွဲ့မင်ကျူးလည်း ဂျန်ဖန်း၏ခန့်မှန်းချက်က အတော်လေးအတွေးခေါင်လွန်းသည်ဟုထင်ပြီး မေးလိုက်သည်။
"နင်ဘယ်လိုပြောနိုင်တာလဲ...."
ဂျန်ဖန်းပြန်ပြောလိုက်သည်။
"ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲကိုမမြင်ဖူးရင် ငါလည်း နေတစ်လုံးရဲ့အပူချိန်နဲ့ယှဥ်နိုင်တဲ့အရာဝတ္ထုမျိုး ဒီကမ္ဘာကြီးထဲမှာရှိမယ်လို့ ယုံမှာမဟုတ်ဘူး...."
"ပြီးတော့ ဒီရေခဲချောက်နက်က ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲနဲ့ သိပ်မဝေးဘူး။ ဒီထဲမှာ အဆုံးစွန်ယင်ပစ္စည်းမျိုး မရှိဘူးလို့ ဘယ်သူပြောနိုင်မှာလဲ...."
ဟစ်...
အမျိုးသမီးနှစ်ယောက် အတွေးနက်သွားကြ၏။
သူတို့က တကယ်ပဲ ဖြစ်နိုင်ချေရှိတာကိုတွေ့လိုက်၏။
ဤချောက်နက်အောက်ခြေ၌လည်း တူညီသည့်နန်းတော်တစ်ခုရှိနေနိုင်၏။
ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲလိုကြောက်မက်ဖွယ်အရာတစ်ခု....
ထိုအရာကိုတွေးပြီး အမျိုးသမီးနှစ်ယောက် ချောက်နက်နှင့်အဝေးကိုဆုတ်လိုက်ပြီး အနားမကပ်ရဲတော့ပေ။
ဂျန်ဖန်းလည်း ကျောရိုးတစ်လျှောက်တုန်ယင်သွားပြီး ပြတ်ပြတ်သားသားထွက်ခွာလာခဲ့လိုက်သည်။
သူက ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲလို အရာမျိုးနှင့် နောက်တစ်ကြိမ်မတွေ့ချင်ပေ။
အပေါ်ပြန်ရောက်သည့်အခါ...
ယွဲ့မင်ကျူးနှင့် အခြားလူတွေ ဖြူလေးဘေးမှာစောင့်နေခဲ့ကြသည်။
ဂျန်ဖန်း ပင်လယ်ညို့ဓာတ်ကိုတစ်ချက်ကြည့်လိုက်၏။
ပင်လယ်ညို့ဓာတ် လည်ပင်းကျုံ့လိုက်၏။
"သခင့်မှာကျွန်မအတွက်ညွှန်ကြားစရာတစ်ခုခုရှိလို့လား..."
ဂျန်ဖန်းစဥ်းစားလိုက်၏။
"မင်းကိုလူသားကလန်ပြန်ခေါ်သွားရင် အကျိုးအမြတ်ထက် ပြဿနာကပိုများလိမ့်မယ်..."
"ဒါ့ပြင် မင်းရဲ့သေခြင်းရှင်ခြင်းကလည်း ငါတစ်ယောက်တည်းမဆုံးဖြတ်နိုင်ဘူး...."
"ဒီတော့ မင်း နတ်ဆိုးမျိုးနွယ်ကိုပြန်လိုက်ပါ..."
"ငါလိုအပ်တဲ့အခါ မင်းကိုလာရှာမယ်...."
ပင်လယ်ညို့ဓာတ်အကြီးအကျယ် သက်သာယာရသွား၏။
သူမက ဤပြဿနာကို အချိန်အတော်ကြာကတည်းကစိုးရိမ်နေခဲ့တာဖြစ်သည်။
နတ်ဆိုးအင်ပါယာ၏စစ်ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် သူမသာ အကျဥ်းသားတစ်ယောက်အဖြစ်ဖမ်းခေါ်သွားခံရလျှင် လူသားကလန်အထက်ပိုင်းတွေက သေချာပေါက် အကျဥ်းချမည် ဒါမှမဟုတ် အမြတ်ပြတ်သုတ်သင်ပစ်မည်ဖြစ်သည်။
ဂျန်ဖန်းက တပည့်လေးတစ်ယောက်သာဖြစ်၏။
သူက ထိုအစွမ်းထက်ပုဂ္ဂိုလ်တွေ၏ဆုံးဖြတ်ချက်ကို မလွှမ်းမိုးနိုင်ပေ။
ဂျန်ဖန်း သူမလုံခြုံရေးကိုစိုးရိပ်ပေးတာကြားသည့်အခါ အနည်းငယ်ကျေးဇူးတင်သွား၏။
"ဒါ့ပြင်..."
ဂျန်ဖန်း ခုံးကောင်အသားအပိုင်းအစတစ်ခုထုတ်ပြီး သူမဆီပစ်ပေးလိုက်သည်။
"ဒါမင်းအတွက်ပဲ...."
ပင်လယ်ညို့ဓာတ် အံ့အားသင့်သွား၏။
"ဒါပေမယ့် ငါဘာအကျိုးဆောင်မှုမှမလုပ်ရသေးဘူးလေ...."
အကျိုးဆောင်မှုမရှိလျှင် ဆုလာဘ်မရှိဟု သူပဲပြောခဲ့သည်မလား?...
ဂျန်ဖန်းပြောလိုက်သည်။
"ငါတို့လူသားတွေမှာ ခွဲခွာရင်လက်ဆောင်ပေးတဲ့ဓလေ့တစ်ခုရှိတယ်...."
"ဒါကို ကျင့်သားရအောင်လုပ်ထားဦး..."
"သွားတော့...."
ပင်လယ်ညို့ဓာတ် ခုံးကောင်အသားကိုကိုင်ထားပြီး နှလုံးသားထဲမှာရှုပ်ထွေးသည့်ခံစားချက်တွေနှင့် ပြည့်နှက်နေခဲ့သည်။
သူမက သူမကိုကျွန်ပြုသည့်အတွက် ဂျန်ဖန်းအပေါ်မကျေနပ်ချက်တွေရှိသော်လည်း သူ၏ကြင်နာမှုက လှုပ်လှုပ်ရှားရှားမဖြစ်စေဖို့ခက်ခဲ၏။
'ဂျန်ဖန်း.... ငါတို့အနေအထားတွေကိုဘေးဖယ်ထားလိုက်ရင်, သူက တကယ်မဆိုးပါဘူး...'
'ကျွန်လုပ်လို့မကျေနပ်ချက်တွေကတော့.... ဒါက ရမ္မက်ဂိုဏ်းချုပ်ရဲ့အမှားတွေပဲ....'
'ဟုတ်တယ်, ငါတစ်စုံတစ်ယောက်ကိုအပြစ်တင်မယ်ဆိုရင် ရမ္မက်ဂိုဏ်းချုပ်ကိုအပြစ်တင်ရမယ်...'
'ဒီကိစ္စက ဂျန်ဖန်းနဲ့နည်းနည်းလေးပဲဆိုင်တာ....'
ထိုအရာကိုတွေးပြီး သူမက ကျေးဇူးတင်မှုကို ယဥ်ကျေးစွာဖော်ပြလိုက်၏။
"ကျေးဇူးတင်ပါတယ် သခင်..."
"နင် ပင်လယ်ညို့ဓာတ်ကိုလိုအပ်တဲ့အခါကျရင် အမိန့်သာပေးလိုက်ပါ..."
ဂျန်ဖန်း ခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
ပင်လယ်ညို့ဓာတ်နှင်းတွေနှင့်ပေါင်းစပ်ပြီး မျက်စိတ်တမှိတ်အတွင်းပျောက်ကွယ်သွားခဲ့သည်။
ယွဲ့မင်ကျူး ဤအရာကိုမြင်သည့်အခါ..
ပါးစပ်ကိုလက်ဖြင့်ကာပြီး မရပ်မနားရယ်လိုက်၏။
"နှစ်ပေါင်းရာချီကျင့်ကြံထားလို့ လောကီရေးရာကိစ္စတွေက သူ့ကိုနှောက်ယှက်လို့မရဘူးတဲ့..."
"မြန်မြန်သာထွက်မသွားရင် နင့်ရဲ့ငါးအမြီး ဆုံးရှုံးနိုင်ခြေရှိတယ်..."
"မင်းဘာတွေရယ်နေတာလဲ..."
ဂျန်ဖန်း အတော်လေးစိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။
ယွဲ့မင်ကျူး ရွတ်ရွတ်နောက်နောက်ဖြင့် ဆူပူလိုက်၏။
"ဒါပေါ့, ငါက နင့်ရဲ့မိန်းမတွေနဲ့ပတ်သက်ပြီး ကံကောင်းမှုကိုရယ်တာလေ..."
"နင်ဘယ်သွားသွား, အလှလေးတွေက ကိုယ်တိုင်နင့်ဆီပစ်ဝင်လာကြတယ်လေ...."
သူမဆက်ပြောဖို့ပြင်လိုက်စဥ်မှာပဲ....
ရုတ်တရက် တစ်စုံတစ်ခုကိုခံစားမိကာ သူတို့အောက်ရှိနှင်းပြင်ကို စိုက်ကြည့်လိုက်သည်။
ဂျန်ဖန်းလည်း လိုက်ကြည့်လိုက်ရာတစ်ခုခုကိုခံစားမိလိုက်၏။
သူတို့ခြေထောက်အောက်ရှိရေခဲပြင်က စတင်တုန်ခါလာပြီး ပိုပိုပြင်းထန်လာခဲ့သည်။
ယွဲ့မင်ကျူး မိုးကုတ်စက်ဝိုင်းဆီကြည့်လိုက်သည့်အခါ...
အနက်ရောင်စိတ်ဝိညာဥ်သားရဲကြီးတွေ သူတို့ဆီသို့ပြေးလာနေခဲ့သည်။
အော်ရာတွေက အလွန်အားကောင်းပြီး ဂိုဏ်းအသီးသီးမှအကြီးအကဲတွေနှင့် ဂိုဏ်းချုပ်တွေပါဝင်၏။
မြင့်မြတ်အကြီးအကဲအချို့တောင်ရှိပြီး အော်ရာတွေပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေခဲ့သည်။
"သန္ဓေသားကျောက်စိမ်းအဆောင်ရဲ့တိုက်ခိုက်မှုက တကယ်ကို သက်ရောက်မှုကြီးတာပဲ..."
"နေဝင်မြို့က အစွမ်းထက်လူတွေကိုတောင် သတိထားမိစေတယ်...."
ရုတ်တရက်....
ယွဲ့မင်ကျူး ထိုလူတွေကြား၌ ထွားကြိုင်ပြီးအလွန်အမင်းထင်သာမြင်သာရှိသည့်ယောက်ျားတစ်ယောက်ကိုမြင်လိုက်သည်။
သူမအမူအရာ အနည်းငယ်ပြောင်းလဲသွား၏။
ဧရာမဂိုဏ်းချုပ်?....
ယွဲ့မင်ကျူး အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
"ဂျန်ဖန်း, ခဏနေကြရင် စကာားမပြောနဲ့...."
"ကိစ္စတွေကိုငါ့ဆီလွဲထားလိုက်...."
သန္ဓေသားကျောက်စိမ်းအဆောင်က နောက်ဆုံးမှာပေါ်သွားပြီဖြစ်သည်။
၎င်းကိုအသုံးပြုသည့်လူက ဤနေရာရှိလူတွေထဲမှတစ်ယောက်သာဖြစ်ရမည်ပင်။
ဂျန်ဖန်းနှင့်ပတ်သက်တယ်ဆိုတာ ရိပ်မိဖို့ကလည်း လွယ်ကူ၏။
သူရင်ဆိုင်ရမည့်ပြဿနာကြီးက ရှောင်လွဲလို့မရပေ။