လူငယ်ဂိုဏ်းချုပ်လေး
Vol. 2 Ch. 197
ချင်းရွှမ် နတ်တံခါး၏ အရှေ့ဘက် ပင်လယ်ကမ်းခြေရှိ ကျောက်ဆောင် တစ်ခုပေါ်တွင် လူငယ်လေး တစ်ယောက် ထိုင်နေလေသည်။ သူ၏ လက်ထဲတွင် ဓားတစ်လက် ကိုင်ထားပြီး အစိမ်းနုရောင် ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ သူ၏ မျက်လုံးများက ကြည်လင် တောက်ပနေပြီး ဝိညာဉ်စွမ်းအား ကောင်းမွန်မှုကို ဖော်ပြနေလေသည်။
ပတ်ဝန်းကျင်ရှိ လေထုနှင့် ပင်လယ်ရေ လှိုင်းများသည် သူ၏ အရှိန်အဝါကို လွှမ်းမိုးနိုင်ခြင်း မရှိပေ။
ထိုလူငယ်လေး၏ နာမည်မှာ ကျော်ရှောင်ချင်း ဖြစ်လေသည်။ သူ့ကို အသက်ခုနစ်နှစ် ကတည်းက ချင်းကျန်းဂိုဏ်းချုပ် သုံးခါရှုံး ဓားဘုရင် မုန့်ရွင်ကျန်းမှ မွေးစားထားခဲ့ခြင်း ဖြစ်လေသည်။ အသက်ခုနစ်နှစ် ကတည်းက သူ၏ ဓားသည် သူနှင့် မကွဲမကွာ အတူရှိနေခဲ့ကာ ဓားသိုင်း လေ့ကျင့်ခဲ့သူ ဖြစ်လေသည်။ သူ့အသက် ဆယ့်လေးနှစ်တွင် “ယွင်ဆွေအလင်းဓားသိုင်း” ကိုကျင့်ကြံ အောင်မြင်ခဲ့ပြီ ဖြစ်လေသည်။ ချင်းကျန်းဂိုဏ်းတွင် ထိုမျှလောက် အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ယွင်ဆွေအလင်းဓားသိုင်းကို ကျင့်ကြံ အောင်မြင်သူမှာ သူတစ်ယောက်တည်းသာ ရှိလေသည်။
ထိုကဲ့သို့ မြန်မြန်ဆန်ဆန် ဓားသိုင်းကို ကျင့်ကြံ အောင်မြင်သွား ရသည်မှာ ဓားပညာ ပါရမီဖြင့် မွေးဖွား လာသောကြောင့် ဖြစ်လေသည်။
သူ၏ ဆရာဖြစ်သူက သူ့ကို ချင်းရွှမ်နတ် တံခါးပိုင်နက်ထဲသို့ စေလွှတ်ပြီး ချင်းရွှမ်နတ် တံခါးမှ တပည့်များ ထွက်လာပါက တိုက်ခိုက်ရန် အမိန့် ပေးထားလေသည်။ သူ၏ ဆရာမှာ တာအို ဆရာဟွမ်ကျန်းနှင့် အလွန် ခင်မင်သည့် မိတ်ဆွေများ ဖြစ်ကြသည်။ သို့သော် ချင်းကျန်းဂိုဏ်း အနေဖြင့် ချင်းရွှမ်နတ်တံခါးကို ယခုကဲ့သို့ အကြောင်းမဲ့ တိုက်ခိုက်သည့် ကိစ္စကို မလုပ်သင့်ပေ။ ချင်းရွှမ်နတ်တံခါးမှာ လက်ရှိအချိန်တွင် ကွမ်းချင်းနတ် ဘုရားဂိုဏ်းလောက် တန်ခိုး သြဇာကြီးမားခြင်း မရှိတော့သည့်တိုင် အဓိက နတ်ဘုရား ကျောင်းတော်ကြီး တစ်ခု ဖြစ်နေသေးသည်။ ချင်းကျန်းဂိုဏ်း သို့သော ဂိုဏ်းငယ်လေး တစ်ဂိုဏ်းမှာ ချင်းရွှမ်နတ်တံခါး၏ ပြိုင်ဘက်မဟုတ်ပေ။
သို့သော် တာအို ဆရာဟွမ်ကျန်းက သူ၏ ဆရာဖြစ်သူနှင့် လာရောက် တွေ့ဆုံခဲ့လေသည်။ သူက လာရောက် တွေ့ဆုံရသည့် အကြောင်းကို မပြောဘဲ ဆရာဖြစ်သူကို တွေ့သည်နှင့် သိုင်းကျမ်း စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်လေသည်။ ထိုစာအုပ်ကို တွေ့သည်နှင့် သူ၏ ဆရာမှာ များစွာ အံ့သြ တုန်လှုပ်သွားလေသည်။
မုန့်ရွှင်ကျန်းက ထိုသိုင်းကျမ်းကို ကျော်ရှောင်ချင်းကိုလည်း လေ့လာစေခဲ့သည်။ ထိုသိုင်းကျမ်းစာအုပ်မှာ လွန်စွာမှ အဆင့် မြင့်မားလွန်း လေသည်။
ထိုသိုင်းကျမ်း၏ နာမည်မှာ “နဂါးငွေ့တန်းဓားသိုင်း” ဟူ၍ ဖြစ်လေသည်။ မုန့်ရွင်ကျန်းက ထိုဓားသိုင်းပညာမှာ ယွင်ဆွေဓားအလင်းနှင့် ခပ်ဆင်ဆင် တူသည်ဟု ဆိုလေသည်။ သို့သော် ထိုဓားသိုင်းက ပိုပြီး သန့်စင် ကောင်းမွန်သည့် အပြင် လောကရှိ ထိပ်တန်းဓားသိုင်း ပညာသုံးခုတွင် တစ်ခု အပါအဝင် ဖြစ်သည်ဟု ပြောလေသည်။ နဂါးငွေ့တန်းသည် ကောင်းကင်ကို ဖြတ်သန်း စီးဆင်းနေသည့် မြစ်တစ်စင်း ဖြစ်သည့်အတွက် ထိုဓားသိုင်းကိုသာ ကျင့်ကြံ အောင်မြင်လျှင် လောကတွင် အကန့်အသတ်မရှိ စွမ်းအား ထက်မြက်သည့် ဓားသမား တစ်ယောက် ဖြစ်လာမည် ဖြစ်လေသည်။ နဂါးငွေ့တန်း ဓားသိုင်းကိုသာ ကျင့်ကြံနိုင်လျှင် ဟိုင်သန်းအဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူ တိုက်ခိုက်နိုင်မည် ဖြစ်လေသည်။
မုန့်ရွင်ကျန်းသည် ထိုသိုင်းကျမ်းကို တာအို ဆရာဟွမ်ကျန်းထံမှ လက်ခံ ရယူပြီးသည်နှင့် ကျော်ရှောင်ချင်းကို အမိန့်တစ်ခု ပေးလိုက်လေသည်။ ထိုအမိန့်မှာ သူက ဤနေရာတွင် လာစောင့်နေပြီး ချင်းရွှမ်နတ်တံခါးမှ ဟိုင်သန်း အဆင့်ထက်နိမ့်သည့် ကျင့်ကြံသူများ အပြင်သို့ ထွက်လာသည်နှင့် ခြေလက်များကို ဖြတ်တောက်ပစ်ပြီး ချင်းရွှမ် နတ်တံခါးသို့ ပြန်ပို့လိုက်ရန် ဖြစ်လေသည်။
ကျော်ရှောင်ချင်း၏ စရိုက်လက္ခဏာမှာ ဓားတစ်လက် ကဲ့သို့ပင် ဖြစ်လေသည်။ သူ့ဆီသို့ ရောက်လာသည့် အရာတိုင်းကို အကြောက်အလန့်မရှိ တိုက်ခိုက် တတ်လေသည်။
အမှန်တော့ ကျင့်စဉ်လမ်းမှာ ဆူးခင်းလမ်း တစ်လမ်း ဖြစ်လေသည်။ သို့သော် သူကဲ့သို့ လူငယ်လေး တစ်ယောက်အတွက် ဓားကို ထုတ်လိုက်သည်နှင့် ခရီးလမ်းက ဖြောင့်ဖြူးသွားမည် ဖြစ်လေသည်။ ထိုချင်းရွှမ်မှ လူများအားလုံးကို သတ်ပစ်ရမည် ဆိုလျှင်လည်း သူက ဂရုစိုက်မည် မဟုတ်ပါ။
သို့သော် ကျော်ရှောင်ချင်းမှာ မကျေမနပ် ဖြစ်နေရလေသည်။ သူက ကောင်းကင်ထက်မှ ပျံသန်းလာသည့် ချင်းရွှမ်နတ်တံခါးမှ အဆင့်မြင့် ကျင့်ကြံသူ နှစ်ယောက်ကို တွေ့ခဲ့ရလေသည်။ သို့သော် ထိုကျင့်ကြံသူ နှစ်ယောက်မှာ သူဓားထုတ် လိုက်ရုံမျှနှင့်ပင် ခုခံနိုင်စွမ်း တစ်ချက်ပင် မရှိဘဲ ရှုံးနိမ့်သွားကြ ရလေသည်။ ထို့ကြောင့် မျက်စိတစ်မှိတ် အတွင်းမှာပင် သူက ထိုကျင့်ကြံသူ နှစ်ယောက်၏ ခြေလက်များကို ဖြတ်တောက်ပစ် လိုက်နိုင်လေသည်။
အမှန်တော့ ကျော်ရှောင်ချင်း၏ တန်ခိုးစွမ်းအားမှာ ထိုကျင့်ကြံသူ နှစ်ယောက်လောက် မြင့်မားခြင်း မရှိပါ။ သို့သော် သူက ဓားသိုင်းပညာကိုသာ တစ်စိုက်မတ်မတ် လေ့ကျင့်ခဲ့သည့် သူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူ၏ ဓားသိုင်းတစ်ချက်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် သေခြင်းနှင့် ရှင်ခြင်းကြားတွင် အဆုံးအဖြတ် ပေးသွားမည် ဖြစ်လေသည်။
သို့သော် ချင်းရွှမ်မှ ကျင့်ကြံသူများသာ ကာကွယ်ရန် အတွက် ပြင်ဆင်ချိန် ရခဲ့ပါက သူ့အနေဖြင့် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် အနိုင်ရမည် မဟုတ်ပေ။
ယခုတော့ သူက ချင်းရွှမ်နတံခါးကို စိတ်အပျက်ကြီး ပျက်နေခဲ့လေသည်။ ချင်းရွှမ်နတ်တံခါးမှာ နှစ်ပေါင်းတစ်သောင်းကျော် ရပ်တည်နေခဲ့သည့် သမိုင်းဝင် နတ်ဘုရား ကျောင်းတော်ကြီး တစ်ခုဖြစ်သည့်တိုင် တပည့်များ၏ အရည်အချင်းကတော့ စုတ်ပြတ်လျက် ရှိလေသည်။
ပင်လယ်ထဲတွင် လှိုင်းများက နိမ့်လိုက် မြင့်လိုက်ဖြင့် လှုပ်ရှားနေလေသည်။ ပင်လယ်ရေ စီးကြောင်းမှာ ခန့်မှန်းရခက်ပြီး အချိန်တိုင်း ပြောင်းလဲ နေလေသည်။ ထိုပင်လယ်ရေ လှိုင်းထဲတွင် ပုံသဏ္ဌာန်တစ်ခု ပုန်းအောင်းနေလေသည်။
ပင်လယ်ရေလှိုင်းများက ကျော်ရှောင်ချင်း၏ စိတ်ကို ဖမ်းစားလိုက်လေသည်။ သူက ဓားကို ကိုင်လိုက်ပြီး လေထုထဲမှ ပြောင်းလဲမှုကို အာရုံခံ လိုက်လေသည်။
ရုတ်တရက်…
ပင်လယ်ရေလှိုင်းမှာ အနည်းငယ် ထူးဆန်းနေသည်ဟု သူခံစား လိုက်မိလေသည်။ ရေစီးဆင်းနေသည့် ပုံစံမှာ သူမြင်တွေ့နေကျ ပုံမျိုးမဟုတ်သည်ကို သတိထားလိုက်မိသည်။
သူ၏ စိတ်ဝိညာဉ်နှင့် ဓားသိုင်းမှာ တစ်သားတည်း ကျသကဲ့သို့ သူ၏ အာရုံ စူးစိုက်မှုမှာလည်း ထက်မြက်လှလေသည်။ တစ်ခုခုမှားနေပြီဟု သူသတိထား လိုက်မိသည့် အချိန်တွင် ထိုပင်လယ်ရေလှိုင်းများကို အာရုံစိုက်ကြည့် နေလိုက်လေသည်။ သို့သော် မည်သည့် ထူးခြားချက်မှ မတွေ့ရပေ။
သူ့ဓားကို ဆွဲထုတ်လိုက်ချိန်မှာပင် ပိန်ပိန်ပါးပါး လူငယ်လေး တစ်ယောက် ပေါ်လာလေသည်။ အလွန်တည်ငြိမ်နေသည့် ပိန်ပိန်ပါးပါး လူငယ်လေးကို ကျော်ရှောင်ချင်း စိုက်ကြည့်လိုက်သည်။ လူငယ်လေးကို စိုက်ကြည့် နေရသည်မှာ ကျောက်စိုင် ကျောက်သားတစ်ခုကို စိုက်ကြည့်နေရ သကဲ့သို့ပင် ခံစားလိုက်ရ လေသည်။
ရုတ်တရက် ပိန်ပိန်ပါးပါး လူငယ်လေး၏ လက်ဖျားတွင် ရောင်စဉ်ငါးခု တောက်ပလာပြီး ထိုရောင်စဉ် ငါးမျိုးက ကျော်ရှောင်ချင်း၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားလေသည်။ အဖြစ်အပျက်မှာ အလွန် လျှင်မြန် လွန်းလှလေသည်။ သူ၏ ပြိုင်ဘက်ရန်သူကို မြင်လိုက်ရုံ ရှိသေးသည် ထိုသို့ ဖြစ်ပျက်သွားခြင်း ဖြစ်သည့် အတွက် ကျော်ရှောင်ချင်းမှာ ဓားသိုင်း အသုံးပြုချိန်ပင် မရလိုက်ပေ။
ထိုအချိန်မှာပင်…
ကောင်းကင်ထက်မှ ဓားခြိမ်းသံကြီးကို ကြားလိုက်ရပြီး ထိုအသံကြီးမှာ ကောင်းကင် တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ ပေတစ်ရာခန့် အမြင့်တွင် အစိမ်းနုရောင် ဓားဝိညာဉ်တစ်ခု လှည့်ပတ်နေလေသည်။ ထိုဓားဝိညာဉ်က ပင်လယ်ရေထဲသို့ ထိုးစိုက်ကျလာလေသည်။ ပင်လယ်ပြင်မှာ ဓားဝိညာဉ်၏ စွမ်းအားကြောင့် နှစ်ခြမ်းကွဲကာ ပင်လယ်အောက်ရှိ သန္တာ ကျောက်တန်းများကိုပင် မြင်လိုက်ရသည်။
ဓားဝိညာဉ်က ရပ်တန့်သွားခြင်း မရှိပါ။ အလွန်ကြီးမားသည့် ပင်လယ်မြွေကြီး တစ်ကောင်ပမာ ပင်လယ်ပေါ်တွင် နေရာတစ်နေရာသို့ ဦးတည်ပြီး ပြေးလွှားနေလေသည်။ သို့သော် ထိုဓားဝိညာဉ် သိပ်အဝေးကြီး မရောက်ခင်မှာပင် မမြင်ရသည့် နံရံတစ်ခုကို တိုက်မိပြီး ပျောက်ကွယ်သွားရလေသည်။
ထို့နောက်…
ပင်လယ်ထဲတွင် လူငယ် တာအိုဆရာတစ်ပါး ပေါ်လာလေသည်။ ဆန်းလျန်ပင် ဖြစ်လေသည်။
တိမ်တိုက်တစ်ခုသည် ကျော်ရှောင်ချင်းကို ရစ်ပတ်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။ ကောင်းကင် တစ်ဝက်ခန့် အရောက်တွင် ထိုတိမ်တိုက်က ပြိုကွဲသွားပြီး သက်လတ်ပိုင်းအရွယ် ဓားသမားတစ်ယောက် ပေါ်လာလေသည်။ ထိုလူက ဆန်းလျန်ကို ခပ်တည်တည်ဖြင့် ကြည့်နေလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ဓားဘုရင်မုန့် ၊ ဘာလို့ ခင်ဗျားလာမယ် ဆိုတာ ကျုပ်ကို ကြိုပြီး အကြောင်းမကြား ရတာလဲ ၊ ကြိုသိရင် ကျုပ်ကိုယ်တိုင် လာကြိုမှာပေါ့ဗျာ"
ထိုသက်လတ်ပိုင်း အရွယ် ဓားသမားမှာ ချင်းကျန်းဂိုဏ်းမှ မုန့်ရွှင်ကျန်းပင် ဖြစ်လေသည်။ သူ၏ ကျင့်ကြံမှု သက်တမ်းမှာ နှစ်တစ်ရာကျော်တိုင် ရှိခဲ့ပြီ။
ထိုသူ၏ ဓားဝိညာဉ်ကို ကြည့်ခြင်းအားဖြင့် သူ၏ တန်ခိုးစွမ်းအားမှာ လောကကို ကျော်လွန်နေပြီ ဖြစ်ကြောင်း သိရှိနိုင်လေသည်။
“မင်းက ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ်အသစ် ဆန်းတန်ခိုးရှင်လား"
“ကျုပ် ဂိုဏ်းချုပ် ရာထူးယူခဲ့တာ သုံးလတောင် မပြည့်သေးဘူး ခင်ဗျားက သတင်းရနေပြီ ဆိုတော့ ၊ ကြည့်ရတာ ခင်ဗျားက ချင်းရွှမ်နတ်တံခါးကို တော်တော် စိတ်ဝင်စားပုံရတယ်”
ဆန်းလျန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ခြင်း ဖြစ်လေသည်။
သူ၏အသံမှာ နွေဦး လေပြေလေး အလား အေးချမ်း လှလေသည်။
မုန့်ရွှင်ကျန်း ကြားထားသည်မှာ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် အသစ်မှာ အလွန် ငယ်ရွယ်လွန်းသည့် အပြင် ဟိုင်သန်းအဆင့် တက်ရောက်ခဲ့ သည်မှာပင် မကြာသေးဟူ၍ ဖြစ်လေသည်။ ထို့ကြောင့် သူက သိပ်ပြီး အထင်ကြီးခြင်း မရှိပါ။ သို့သော် ဆန်းလျန်ကို တွေ့လိုက်ရသည့် အခါတွင်တော့ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲပြီဆိုသည်ကို သိလိုက်ရလေသည်။
စောစောက သူအသုံးပြုခဲ့သည့် ဓားသိုင်းမှာ ယွင်ဆွေ အလင်းဓားသိုင်းနှင့် လောလောလတ်လတ် ကျင့်ကြံထားသည့် နဂါးငွေ့တန်း ဓားသိုင်းကို ပေါင်းစပ် အသုံးပြုထားခြင်း ဖြစ်လေသည်။ ထိုဓားဝိညာဉ်မှာ သာမန် ဓားဝိညာဉ်ထက် ဆယ်ဆပိုပြီး အစွမ်းထက်သည့် အပြင် အဆုံးမရှိ အနန္တ တန်ခိုး စွမ်းအားများကို ပိုင်ဆိုင်လေသည်။
သို့သော် ဆန်းလျန်ကတော့ ထိုဓားဝိညာဉ်ကို အားပင် မသုံးဘဲ အချိန် ခဏလေး အတွင်းမှာပင် ဖျက်စီး ပစ်ခဲ့လေသည်။
ထို့ကြောင့် မုန့်ရွှင်ကျန်းမှာ ဆန်းလျန်ကို အထင် မသေးရဲတော့သည့် အပြင် အထင်ကြီး လေးစား သွားမိလေသည်။
အမှန်တော့ ဆန်းလျန်က ထိုက်ရွှီး တန်ခိုးစွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။ မုန့်ရွှင်ကျန်းသာ နဂါးငွေ့တန်းဓားသိုင်းကို အောင်မြင်သည်အထိ ကျင့်ကြံ ထားလျှင်တော့ ဆန်းလျန်အနေဖြင့် ထိုမျှလောက် လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် သူက နဂါးငွေ့တန်း ဓားသိုင်းကို အပြည့်အဝ အသုံးပြုထားခြင်း မရှိဘဲ ယွင်ဆွေအလင်းဓားသိုင်းဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည့် အတွက် တန်ခိုးစွမ်းအား အပြည့်အဝ မရှိပေ။
ဆန်းလျန်မှာလည်း မုန့်ရွှင်ကျန်း၏ ဓားသိုင်းပညာကို အချိန် ခဏလေး အတွင်းမှာပင် နားလည်ခဲ့ရခြင်းမှာ ဆရာဘိုး ဘိုးယွမ်ချင်း၏ ဓားဝိညာဉ်ကြောင့် ဖြစ်လေသည်။ ဆရာဘိုး ဘိုးယွမ်ချင်း၏ ဓားဝိညာဉ်က မဆုံးနိုင်သည့် ဓားသိုင်းပညာများ အကြောင်းကို ဆန်းလျန် နားလည်အောင် ချက်ချင်းပင် ကူညီခဲ့လေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ လွန်စွာမှ လက်တံရှည်ပုံ ရလေသည်။ တာအို ဆရာရှီကိုလည်း အသုံးချခဲ့သလို ယခုလည်း သုံးခါရှုံးဓားဘုရင် မုန့်ရွှင်ကျန်းကို အသုံးချခဲ့ ပြန်ပြီ။ နောက်ထပ် မည်သူ့ကို အသုံးချပြီး ချင်းရွှမ်နတ်တံခါးကို တိုက်ခိုက်ဦးမည်လဲ မသိနိုင်ပေ။
ဆန်းလျန်မှာ သူ့အတွေးနှင့်သူ နစ်မျောနေလေသည်။ သို့သော် မုန့်ရွှင်ကျန်းကတော့ ဆန်းလျန်မှာ သူ့ကို အရေးမစိုက်ဟု ထင်သွားလေသည်။
ထို့ကြောင့်ပင် မုန့်ရွှင်ကျန်းမှာ ဒေါသထွက် သွားရလေသည်။
ဆန်းလျန်မှာ ဂုဏ်သတင်း ကြီးမားလှသည့် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ဦးဖြစ်သည့်တိုင် ထိုမျှတော့ မမောက်သင့်ဟု သူက တွေးလိုက်မိလေသည်။
***