← Chapters

မှော်ဝင်ပစ္စည်းများစွာ

Vol. 2 Ch. 198

မှော်ဝင်ပစ္စည်းများစွာ

Vol. 2 Ch. 198

တိမ်များက ရွေ့လျားနေပြီး ပင်လယ်ရေပြင်တွင် လှိုင်းကြက်ခွပ်လေးများ ထနေလေသည်။ ယွင်ဆွေ အလင်းဓား ဘုရင်မှာလည်း စိတ်မတည်မငြိမ် ဖြစ်နေသည့်အပြင် ဒေါသလည်း အလွန် ထွက်နေလေသည်။ မုန့်ရွှင်ကျန်း ဒေါသထွက်နေသည့် အတွက် သူ့ခြေထောက်အောက်မှ တိမ်တိုက်မှာ တုန်ခါနေလေသည်။

မုန့်ရွှင်ကျန်းက မချိပြုံး ပြုံးလိုက်ရင်း…

"ချင်းရွှမ်နတ်တံခါးက နှစ်ပေါင်း တစ်သောင်းတိုင်အောင် သက်တမ်းရှည် ကြာခဲ့တဲ့ နတ်ဘုရား ကျောင်းတော်ကြီးတစ်ခုပဲ ၊ ကျုပ်တို့လို ဂိုဏ်းအသေး အမွှားလေးတွေက အမြဲလေးစား ရပါတယ်"

သူက ဆန်းလျန်၏ မောက်မာမှုကို မနှစ်သက်သည့် အတွက် ရွဲ့ပြောလိုက်ခြင်း ဖြစ်လေသည်။

"ဓားဘုရင်မုန့် ၊ ကျုပ်တို့ ချင်းရွှမ်နတ်တံခါးကို ဒီလောက်လေးစားရင်လည်း ကျုပ်နဲ့အတူ တောင်ပေါ်ကို လိုက်လည်ပါလား"

ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း ပုံမှန်ပင် ပြန်ပြောလိုက်သည်။

မုန့်ရွှင်ကျန်းမှာ ဆန်းလျန်စကားကြောင့် ဒေါသချောင်းချောင်း ထွက်သွားရလေသည်။ ဆန်းလျန်က သူ့ကို ချင်းရွှမ်နတ်တံခါးသို့ ခေါ်သည်မှာ သူ့ကို ဖမ်းဆီးချင်၍ ဖြစ်သည်ကို သူကောင်းကောင်းသိလေသည်။ ဆန်းလျန်က သူ၏ တပည့်ဖြစ်သူ ကျော်ရှောင်ချင်းက ချင်းရွှမ်မှ တပည့်နှစ်ယောက်ကို ခြေလက်များ ဖြတ်ပစ်ခဲ့သည့် အဖြစ်အပျက်ကို အရိပ်အမြွတ်မျှပင် ပြောခဲ့ခြင်း မရှိပေ။ သို့သော် ယခုတော့ သူတို့ကို ချင်းရွှမ်နတ်တံခါးသို့ ဖမ်းဆီး ခေါ်ဆောင်ပြီး လက်စားချေတော့မည် ဖြစ်သည်။

ဆန်းလျန်အနေဖြင့် ကျော်ရှောင်ချင်းကို အလစ် ဝင်ရောက် တိုက်ခိုက်စေပြီး မုန့်ရွင်ကျန်း ထွက်လာအောင် မျှားခေါ်ခြင်းမှာ ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း ဖြစ်လေသည်။

သူက ဆန်းလျန်ကို ရွံလျာစွာဖြင့် ကြည့်လိုက်ရင်း….

"မင်းပဲ ကျုပ်တို့ ချင်းကျန်းဂိုဏ်းကို လိုက်လည်ပါလား ၊ ကျုပ်တို့ ချင်းကျန်းဂိုဏ်းက ဂိုဏ်းငယ်လေး တစ်ခုဆိုပေမယ့် လက်ဖက်ရည် ကောင်းကောင်းတော့ ရှိပါတယ်"

ဟု လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်လေသည်။

ဆန်းလျန်က ခေါင်းခါ ယမ်းပြ လိုက်သည်။

ထို့နောက် သူ၏လက်ကို ဆန့်လိုက်လေသည်။ သူ၏လက်ထဲတွင် တောက်ပနေသည့် ဓားဝိညာဉ်တစ်ခု ပေါ်လာလေသည်။ မုန့်ရွင်ကျန်းမှာ ထိုဓားဝိညာဉ်မှ ထွက်လာသည့် စွမ်းအားကို ခံစားလိုက်ရသည့် အခါ ဆန်းလျန်ကို အထင်မကြီးဘဲ မနေနိုင်တော့ပေ။

ကျင့်ကြံသူတို့၏ ဓားဆိုသည်က တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည့် လက်နက်တစ်ခု ဖြစ်လေသည်။

မုန့်ရွှင်ကျန်း၏ ယွင်ဆွေအလင်း ဓားသိုင်းမှာ အလွန်အဆင့်မြင့်ပြီး ဓားဝိညာဉ်ကို စိတ်ဖြင့်ပင် ထိန်းချုပ်နိုင်လေသည်။ သူ၏ဓားစွမ်းက တပည့်ဖြစ်သူ ကျော်ရှောင်ချင်းထက် များစွာ သာလွန်လေသည်။ သူ၏ ခြေထောက်အောက်မှ တိမ်များမှာ ရွေ့လျားသွားပြီး သူ၏ လက်ထဲမှ ဓားသွားက ဆန်းလျန်၏ လက်ထဲရှိ ဓားဝိညာဉ်ဆီသို့ ဦးတည် ဝင်ရောက်လာလေသည်။

မုန့်ရွှင်ကျန်း၏ ဓားဝိညာဉ်ထဲတွင် အသက် ဓာတ်စွမ်းအားများနှင့် မိုးမြေစွမ်းအားများ ပေါင်းစပ်ပါဝင်နေပြီး သမုဒ္ဒရာကိုပင် ပိုင်းဖြတ်နိုင်စွမ်း ရှိနေ သကဲ့သို့ပင်။ ဓားဝိညာဉ်သည် စီးဆင်းနေသည့် မြစ်ရေအလား ဆန်းလျန်ဆီသို့ ဝင်ရောက်လာလေသည်။ ထိုဓားဝိညာဉ်မှ ဓားခြိမ်းသံကြီးမှာ နဂါးဟိန်းသံ အလားဖြစ်ပြီး ကြားရသူ၏ စိတ်ဝိညာဉ်ကို ကွဲကြေနိုင်စေလေသည်။

ဆန်းလျန်လက်ထဲမှ ဓားသွားမှာလည်း ကောင်းကင်ထက်သို့ ပျံတက်သွားပြီး စက်ဝိုင်း ပုံသဏ္ဌာန် လည်ပတ်ကာ မုန့်ရွှင်ကျန်း၏ ဓားသွားနှင့် ထိခိုက်သွားလေသည်။ ထိုသို့ ထိခိုက်မိသွားသည်နှင့် ဆန်းလျန်၏ ဓားဝိညာဉ်က နောက်သို့ လည်ထွက်သွားရလေသည်။ သာမန်အားဖြင့် ဆိုလျှင် ဆန်းလျန်၏ ဓားဝိညာဉ်မှာ မုန့်ရွှင်ကျန်း၏ ဓားဝိညာဉ်ကို ခံနိုင်ရည်မရှိဘဲ နောက်သို့ လည်ထက်သွားသည်ဟု ထင်ရဖွယ် ရှိလေသည်။

သို့သော် မုန့်ရွှင်ကျန်းမှာ မပျော်နိုင်ခဲ့ပါ။

အဘယ်ကြောင့်ဆိုသော် နောက်သို့ လည်ထွက်သွားသည့် ဓားဝိညာဉ်သည် ဓားဝိညာဉ်လေးများအဖြစ် ခွဲဖြာထွက်သွားပြီး သူ၏ ဓားဝိညာဉ်ဆီသို့ ပြင်းထန်လွန်းသည့် အရှိန်ဖြင့် ဝင်ရောက်လာသောကြောင့် ဖြစ်လေသည်။

ဓားဝိညာဉ်များမှာ သေစေလောက်သည့် ဓားမြောင်လေးများကဲ့သို့ ဖြစ်လေသည်။ လေးမှ လွှတ်လိုက်သည့် မြားပမာ နောက်ပြန်လည်ပြီးမှ အရှိန်ဖြင့် ဝင်လာကြသည့် ဓားပျံလေးများ ဖြစ်လေသည်။

ကောင်းကင်ထက်တွင် ဓားဝိညာဉ်လေးများဖြင့် ပြည့်နေလေသည်။ ဓားဝိညာဉ်လေးများက မုန့်ရွှင်ကျန်းဆီသို့ အရှိန်ဖြင့် ပြေးဝင်လာကြသည့်တိုင် မုန့်ရွှင်ကျန်းကတော့ တည်ငြိမ်နေဆဲ ဖြစ်လေသည်။ သူက သေခြင်းရှင်ခြင်း တိုက်ပွဲများကို အကြိမ်ကြိမ် ဆင်နွှဲဖူးသည့် ယောကျ်ားတစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သူက သူ၏ ဓားသိုင်းကို ယုံကြည်မှု အပြည့် ရှိလေသည်။ ဆန်းလျန်ဆိုသည့် လူငယ်လေးမှာ မည်မျှပင် တန်ခိုးစွမ်းအား ကြီးမားပါစေ  သူ့ထက်တော့ သာနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူက ဝင်ရောက်လာသည့် ဓားဝိညာဉ်လေးများကို ကာကွယ်ရန် မကြိုးစားတော့ဘဲ သူ၏ ဓားဝိညာဉ်နှင့် အတူ ဆန်းလျန်ဆီသို့ တဟုန်ထိုး ခုန်ဝင်လိုက် လေတော့သည်။

ထိုသို့ ခုန်ဝင်လိုက် ချိန်မှာပင်….

သူ့ခြေထောက်အောက်မှ တိမ်တိုက်မှာ ဓားမျက်နှာပြင် တစ်ခုအလား သဏ္ဌာန်ပြောင်းလဲသွားပြီး ဆန်းလျန်၏ ဓားဝိညာဉ်လေးများဆီမှ သူ့ကို ကာကွယ်ပေးလိုက်လေသည်။

ရုတ်တရက်…

မုန့်ရွှင်ကျန်းမှာ မိုးခြိမ်းသံများနှင့် မိုးကြိုးမုန်တိုင်း ပစ်ခတ်သံများကို ကြားလိုက်ရလေသည်။ မုန့်ရွှင်ကျန်းကို ကာကွယ်ပေးထားသည့် ဓားမျက်နှာပြင်မှာ လျှပ်စီးကဲ့သို့ လင်းလက်နေသည့် အတွက် မိုးကြိုး ပထမဆုံး ပစ်ချလိုက်သည့် နေရာမှာ ထိုဓား မျက်နှာပြင်ပေါ်သို့ ဖြစ်လေသည်။ ထို့နောက် မိုးကြိုး မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး မုန့်ရွှင်ကျန်းနှင့် ဒဏ်ရာ ရနေသည့် ကျော်ရှောင်ချင်းကို ရစ်ပတ် သွားလေတော့သည်။

မုန့်ရွှင်ကျန်းအတွက် ရွေးခြယ်စရာ မရှိတော့ပါ။ သူက မိုးကြိုးမုန်တိုင်း ပျောက်ကွယ်သွားအောင် ရှိသမျှ တန်ခိုး စွမ်းအားများကို အသုံးပြုကာ တားဆီးလိုက်လေသည်။ တပည့် ဖြစ်သူ ကျော်ရှောင်ချင်းကိုလည်း သူ့အနားသို့ ဆွဲခေါ်လိုက်ကာ မိုးကြိုး မုန်တိုင်းဆီမှ ကာကွယ် ပေးထားလိုက်သည်။ သူ၏ တန်ခိုးစွမ်းအား များမှာ မိုးကြိုးမုန်တိုင်းကို တံတိုင်းသဖွယ် ကာကွယ် ပေးထားလေသည်။

သို့သော် မိုးကြိုးမုန်တိုင်းက သူ၏ တန်ခိုး စွမ်းအား တံတိုင်းကို ထိုးဖောက် ဝင်ရောက် လာလေသည်။ အလွန်မှ ကြောက်စရာ ကောင်းသော မိုးကြိုး မုန်တိုင်းကြီး ဖြစ်ပြီး မုန့်ရွှင်ကျန်း၏ ခန္ဓာကိုယ် တစ်ခုလုံး ထုံကျင်နေလေသည်။ သူက တန်ခိုးစွမ်းအားများ ထပ်ထုတ်ရန် ကြိုးစား လိုက်စဉ်မှာပင် အရပ် လေးမျက်နှာမှ စွမ်းအား တစ်ခု သက်ရောက်လာသည်ကို ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်မှာ သေးသွားသလို ခံစားလိုက်ရပြီး ဗလာနယ် တစ်ခုထဲသို့ ကျသွားလေတော့သည်။

ကောင်းကင်ထက်မှ ပိုက်ကွန်တစ်ခု ကျလာခြင်း ဖြစ်လေသည်။

ထိုပိုက်ကွန်က မုန့်ရွှင်ကျန်းနှင့် ကျော်ရှောင်ချင်းကို ထူးဆန်းသည့် တန်ခိုးစွမ်းအား တစ်ခုဖြင့် ဖိထားပြီး ထိုစွမ်းအားများက သူတို့ နှစ်ယောက်၏ သွေးကြော ဆုံချက်များကိုပါ ထိန်းချုပ်ထားလေသည်။ မုန့်ရွှင်ကျန်း၏ ခန္ဓာကိုယ် တစ်ချက် တုန်ခါသွားပြီး ပိုက်ကွန်ကို ဖြတ်ထုတ်ရန် ဓားဝိညာဉ်ကို ဆင့်ခေါ်ဖို့ ကြိုးစားလိုက်လေသည်။ သို့သော် သူ၏ စွမ်းအားများမှာ ကျောရိုးတစ်လျှောက်တွင် ပိတ်မိ နေသကဲ့သို့ ဖြစ်နေပြီး အသုံးပြု၍ မရတော့ပေ။

ဆန်းလျန်က တည်ငြိမ်စွာဖြင့်ပင် ပိုက်ကွန်ကို ဆွဲယူလိုက်လေသည်။

ဆန်းလျန်က ပိုက်ကွန်နှင့်အတူ ပိုက်ကွန်ထဲမှ လူနှစ်ယောက်ကို ဆွဲယူသွားလေသည်။ ထိုအချိန်မှာပင် အဝေးတစ်နေရာမှ မြင့်မားသည့် တန်ခိုးစွမ်းအား တစ်ခုသည် ပြင်းထန်လှသော အရှိန်ဖြင့် ဝင်ရောက်လာလေသည်။ ရုတ်တရက် ငွေရောင် အလင်းတန်တစ်ခု ထွက်ပေါ်လာပြီး ထို တန်ခိုးစွမ်းအားနှင့် ထိခိုက်မိကာ ပေါက်ကွဲမှု ဖြစ်သွားလေသည်။ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ တက်သွားလေသည်။

ထိုစွမ်းအားမှာ ပျောက်ကွယ်သွားပြီး နောက်ထပ် ထွက်ပေါ်မလာတော့ပေ။

ဆန်းလျန်သည် ပိုက်ကွန်ကို ယူလိုက်ပြီး ပင်လယ်ကို ဖြတ်ကာ ချင်းရွှမ်သို့ အမြန် ပြန်ခဲ့လေသည်။

ပြင်းထန်သည့် တန်ခိုးစွမ်းအားနှင့် ငွေရောင် အလင်းတန်း ထိမိခြင်းမှာ နတ်ဘုရား အချင်းချင်း တိုက်ခိုက်နေသည့် အတွက် နိမိတ်ပေါ်လာခြင်း ဖြစ်လေသည်။ ဆန်းလျန်က ထိုအဖြစ်အပျက်ကို သိပ်ပြီး အရေးမထားပဲ သူ့ကိစ္စကိုသာ ပြီးအောင် လုပ်နေလေသည်။

ဆန်းလျန် အသုံးပြုလိုက်သည့် မိုးကြိုးမုန်တိုင်းမှာ "လျှပ်စီး ငါးပါး မိုးကြိုး မုန်တိုင်း" ဟုခေါ်လေသည်။ ချင်းရွှမ်နတ်တံခါးမှ လောကနတ် ဘုရားတစ်ပါး ရေးသားခဲ့သည့် စွမ်းအားကြီးမားသည့် အင်းအစီအရင် တစ်ခုဖြစ်လေသည်။ ထိုအင်းကို စီရင်ရန်မှာ အလွန်ခက်ခဲလေသည်။ သို့သော် စီရင်၍ အောင်မြင်သွားလျှင်လည်း အသုံးပြုသည့် ကျင့်ကြံသူ၏ တန်ခိုးစွမ်းအား ကြီးမားလျှင် ကြီးမားသလောက် အင်းအစီအရင်ကလည်း စွမ်းအားကြီးမား လာလေသည်။

ထိုအင်းအစီအရင်မှာ ချင်းရွှမ်မှ ရှားပါးပစ္စည်းတစ်ခုဖြစ်လေသည်။ သာမန်ဂိုဏ်း တစ်ခုကသာ ထိုပစ္စည်းမျိုးကို ပိုင်ဆိုင်ထားလျှင် ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားပြီး သေရေးရှင်ရေး အခြေအနေမှသာ ထုတ်သုံးမည် ဖြစ်လေသည်။

သို့သော် ဆန်းလျန်ကတော့ ထိုသို့သော အဖိုးတန် ပစ္စည်းများပေါ်တွင် အစွဲမထားတတ်ပေ။ သူ့အတွက် ထိုပစ္စည်းများမှာ ပစ္စည်းများသာဖြစ်ပြီး အသုံးပြုရန် လိုအပ်သည့် အချိန်တွင် အသုံးပြုရမည်ဟုသာ ခံယူထားလေသည်။ အသုံးပြုသည် ဆိုရာဝယ် ဖြုန်းတီးသည်ကို ဆိုလိုခြင်း မဟုတ်ပါ။ သုံးခြင်းနှင့် ဖြုန်းခြင်းကလည်း မတူ ကွဲပြားသည် မဟုတ်လား။

မုန့်ရွှင်ကျန်းမှာ ကျော်ကြားသည့် ဓားသမားတစ်ယောက် ဖြစ်လေသည်။ ဆန်းလျန်ကဲ့သို့ မောက်မာပြီး သူ့ကိုယ်သူ အထင်ကြီးနေသည့် လူငယ်မှာ သူနှင့် ဓားသိုင်းသာ ယှဉ်ပြိုင်မည်ဟု ထင်ခဲ့မိလေသည်။ ဆန်းလျန်က ထိုကဲ့သို့ အဖိုးတန် အင်းအစီအရင်ကို သုံးလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

လျှပ်စီးငါးပါး မိုးကြိုးမုန်တိုင်း အင်းအစီအရင်တွင် အင်းကို စီရင်သူ လောကနတ် ဘုရား၏ တန်ခိုးစွမ်းအား နှစ်ဆယ်ရာခိုင်နှုန်း ပါဝင်လေသည်။ ထိုအစီအရင်ကို ချိုးဖျက်ရန် ကြိုးစားပါက ခန္ဓာကိုယ် တစ်ခုလုံး ထုံကျဉ်သည့် ဝေဒနာကို ခံစားရမည် ဖြစ်လေသည်။ မုန့်ရွှင်ကျန်းက အင်းအစီအရင်ကို ချိုးဖျက်ရန် တန်ခိုးစွမ်းအားကို စုစည်းလိုက်စဉ်မှာပင် ဆန်းလျန်က ပိုက်ကွန်ဖြင့် အုပ်ကာ ဖမ်းလိုက်ခြင်း ဖြစ်လေသည်။ ထိုပိုက်ကွန်မှာလည်း မည်သည့် သတ္တဝါနှင့် အရာဝတ္ထုမျိုးကို မဆို ဖမ်းချုပ်ထားနိုင်သည့် မှော်ဝင်ပစ္စည်း တစ်ခု ဖြစ်လေသည်။

ချင်းရွှမ်ခန်းမဆောင်….

ဆန်းလျန်သည် ခန်းမဆောင်အတွင်းသို့ အလင်းတန်း တစ်ခုအသွင်ဖြင့် ဝင်ရောက်လာပြီး ကျောက်ပလ္လင်ထက်တွင် ထိုင်လိုက်လေသည်။ သူ၏ ပုံသဏ္ဌာန်မှာ ကျောက်စိမ်းပမာ ကျက်သရေနှင့် ပြည့်စုံလှသလို သြဇာတိက္ကမနှင့် ပြည့်စုံသည့် ဂိုဏ်းချုပ်တစ်ယောက် အသွင်မှာလည်း အထင်းသား ပေါ်လွင်နေလေသည်။

မုန့်ရွှင်ကျန်းနှင့် သူ၏ တပည့်ဖြစ်သူမှာ ပိုက်ကွန်ထဲတွင် ပိတ်မိနေပြီး လျှပ်စီးငါးပါး မိုးကြိုး မုန်တိုင်းကြောင့် စိတ်များ ရှုပ်ထွေး နေကြလေသည်။ ကျော်ရှောင်ချင်းမှာ သတိပင် မေ့နေပြီး အသက်ရှူသံမှာလည်း အားနည်း နေလေသည်။ သူ၏ ဓားသိုင်းစွမ်းရည် မြင့်မားခြင်းနှင့် ဝိညာဉ် စွမ်းအားကောင်းမွန်မှု တို့ကြောင့်သာ အသက်ရှင်သန် နေသေးခြင်း ဖြစ်လေသည်။ မဟုတ်လျှင် အသက်ဆုံးသည်မှာ ကြာပြီ ဖြစ်သည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"ဓားဘုရန်မုန့် ၊ ခင်ဗျားက တကယ်တိုက်တော့ ကျုပ်ဘက်က ရိုင်းပျမိတာ ခွင့်လွှတ်ပါ"

ဟု ပြောလိုက်လေသည်။

မုန့်ရွှင်ကျန်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တုန်ယင်နေပြီး သူ၏ မျက်နှာမှာလည်း မခံမရပ်နိုင် မုန်းတီးမှုများဖြင့် ရှုံမဲ့နေလေသည်။

သူက ဆန်းလျန်ကို ကြည့်လိုက်ရင်း….

"မင်းက မှော်ဝင် ပစ္စည်းတွေ အားကိုးနဲ့ အနိုင်ရတာ ဘာအထင်ကြီးစရာ ရှိသလဲ ၊ သတ္တိရှိရင် ဓား ဓားချင်း ယှဉ်ရအောင်"

ဟု ပြောလိုက်လေသည်။

သူ့အနေဖြင့် စွမ်းရည် ထက်မြက်သည့် ဂိုဏ်းချုပ်ပေါင်းများစွာနှင့် တိုက်ခိုက်ဖူးလေသည်။ သို့သော် မှော်ဝင်ပစ္စည်းများကို ဆန်းလျန် အသုံးပြုလိမ့်မည်ဟု သူလုံး၀ မထင်မထားခဲ့ပေ။ သူ၏ စွမ်းရည်များကို မပြသနိုင်ခင်မှာပင် ယခု ကဲ့သို့ အဖမ်းခံရသည်မှာ အကြီးအကျယ် စော်ကားခြင်း ခံရသလို ခံစားနေရ လေတော့သည်။

***

All Chapters