← Chapters

အရှေ့ပင်လယ်ကို သွားပြီး မိစ္ဆာတွေကို နှိမ်နင်းပါ

Vol. 2 Ch. 199

အရှေ့ပင်လယ်ကို သွားပြီး မိစ္ဆာတွေကို နှိမ်နင်းပါ

Vol. 2 Ch. 199

ဆန်းလျန်က ခပ်ပါးပါးလေး တစ်ချက် ပြုံးလိုက်သည်။

"ဓားဘုရင်မုန့် ၊ ခင်ဗျားလည်း နှစ်ပေါင်းရာနဲ့ ချီပြီး ကျင့်ကြံခဲ့တဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ ၊ ဘယ်လိုကြောင့် ဒီလို အသုံးမကျတဲ့ စကားမျိုးတွေ ပြောနေရတာလဲ ၊ ခင်ဗျားအရင်က ခင်ဗျားလောက် စွမ်းအားမရှိတဲ့ သူတွေနဲ့ တိုက်ခိုက်တဲ့အခါ ခင်ဗျားရဲ့ စွမ်းအားကို သူတို့နဲ့ အဆင့် ညီသွားအောင် လျှော့ပြီး တိုက်ခိုက်ခဲ့ဖူး လို့လား"

ဆန်းလျန်က ပြောလိုက်သည်။

မုန့်ရွှင်ကျန်းက ခါးသက်စွာ ရယ်မောလိုက်ရင်း…

"အဓိပ္ပါယ်မဲ့လိုက်တာ ၊ တန်ခိုးစွမ်းအား ဆိုတာက မင်းရဲ့ ကိုယ်ပိုင် ကျင့်ကြံမှုပဲ ၊ အင်းအစီအရင်နဲ့ မှော်ဝင် ပစ္စည်းတွေဆိုတာက တန်ခိုးစွမ်းအားနဲ့ ဘာဆိုင်သလဲ ၊ မင်းက အဲဒါတွေကို တန်ခိုးစွမ်းအားလို့ ထင်နေတာလား"

ဆန်းလျန်က သက်ပြင်းချလိုက်ရင်း…

"ရေလမ်းခရီးနဲ့ပဲ သွားသွား ၊ ကုန်းလမ်းခရီးနဲ့ ပဲသွားသွား ရည်ရွယ်ချက်က ခရီးရောက်ဖို့ပဲ မဟုတ်လား ၊ "မှော်ဝင် ပစ္စည်းတွေကို အသုံးပြုနိုင်ခြင်းဟာလည်း တန်ခိုးစွမ်းအားပဲ" ဆိုတဲ့ အယူအဆကို ခင်ဗျား နားမလည်ဘူးပဲ ၊ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဆွေလင်ကျိ နတ်ဘုရား ဖြစ်သွားပြီး နောက်ပိုင်း ခင်ဗျားတို့ ဂိုဏ်းမှာ နတ်ဘုရား တစ်ပါးမှ ထပ်ပြီးပေါ်ထွက် မလာတော့တာ မဆန်းပါဘူးလေ"

"နှစ်ပေါင်း တစ်ရာတောင်ကျော်နေပြီ ၊ မင်းတို့ ချင်းရွှမ်နတ်တံခါး ကရော နတ်ဘုရား ဖြစ်တဲ့သူ ရှိလို့လား"

မုန့်ရွှင်ကျန်းက ဆတ်ဆတ်ထိမခံ ပြန်ချေပ လိုက်သည်။

ဆန်းလျန်က တဟားဟား ရယ်မောလိုက်ရင်း….

"ကျုပ်တို့ ချင်းရွှမ်နတ်တံခါးက နတ်ဘုရား တစ်ပါး မကြာခင် ပေါ်ထွက်လာတော့မှာပါ"

"ဘယ်သူလဲ"

မုန့်ရွှင်ကျန်းက မေးလိုက်လေသည်။

"ကျုပ်ပဲ…"

ဆန်းလျန်က ရယ်မောရင်း ပြန်ဖြေလိုက်လေသည်။

ဆန်းလျန်၏ စကားကြောင့် မုန့်ရွှင်ကျန်းကလည်း ရယ်မောလိုက်လေသည်။

"မင်းက အတော်နောက် တတ်တာပဲ ၊ နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ဆိုတာ ထမင်းစား ရေသောက် ကိစ္စလို လွယ်တယ်များ ထင်နေသလား"

ဆန်းလျန်က မုန့်ရွှင်ကျန်းကို စကားပြန် မပြောတော့ပါ။

အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်း လင်ပန်းလေး တစ်ခုကိုင်ထားသည့် ကျင်းချင်းသည် ချင်းရွှမ်ခန်းမ ဆောင်ထဲသို့ ဝင်လာသောကြောင့် ဖြစ်လေသည်။ ကျင်းချင်း ကိုင်လာသည့် ကျောက်စိမ်း လင်ပန်းလေးပေါ်တွင် အစိမ်းရောင် လက်သည်းခွံလေး နှစ်ခုပါလာလေသည်။ ကျောက်စိမ်းသားဖြင့် ပြုလုပ်ထားသည့် လက်သည်းခွံ ပုံသဏ္ဌာန် ပစ္စည်းလေးနှစ်ခု ဖြစ်လေသည်။

ဆန်းလျန်က မုန့်ရွှင်ကျန်းနှင့် ကျော်ရှောင်ချင်းကို တစ်ချက် ညွှန်ပြလိုက်ရင်း....

"ကျင်းချင်း... နတ်ဒေဝါ လက်သည်းကို ဒီဧည့်သည် နှစ်ယောက်အတွက် သုံးလိုက်ပြီး တောင်အနောက်ဘက်က အဆောင်ကို ခေါ်သွားလိုက်ပါ"

"ဒါ ဘာအဓိပ္ပါယ်လဲ"

မုန့်ရွှင်ကျန်းက မေးလိုက်သည်။

"ခုန ကျုပ်ပြောခဲ့တယ်လေ ၊ ခင်ဗျားတို့ကို ချင်းရွှမ်တောင်ပေါ်က ရှုခင်းတွေ လိုက်ပြမယ်လို့"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

မုန့်ရွှင်ကျန်းက ဆန်းလျန်ကို စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် စူးရှသည့် နာကျင်မှု တစ်ခုကို ခံစားလိုက်ရပြီး သတိလစ် သွားလေသည်။

စက္ကန့်ပိုင်း အတွင်းမှာပင် ကျောက်စိမ်းနတ်ဒေဝါ လက်သည်းက အလင်းတန်း တစ်ခု အသွင်ကူးပြောင်းပြီး မုန့်ရွှင်ကျန်းနှင့် ကျော်ရှောင်ချင်းတို့၏ ကျောရိုးအတွင်းသို့ ဝင်ရောက်သွားကာ ကျင့်ကြံထားသည့် တန်ခိုးစွမ်းအားများကို ချိတ်ပိတ် လိုက်လေသည်။

နတ်ဒေဝါလက်သည်းမှာ တန်ခိုးစွမ်းအားကို ချိတ်ပိတ်ရန် အတွက် အသုံးပြုသည့် မှော်ဝင်ပစ္စည်း ဖြစ်လေသည်။ မည်မျှ တန်ခိုးစွမ်းအား ကြီးမားသည့် ကျင့်ကြံသူ ဖြစ်ပါစေ တန်ခိုး စွမ်းအားများ အားလုံး သုံးမရတော့အောင် ထိန်းချုပ် ခံရမည် ဖြစ်သည်။ သို့သော် မူလဝိညာဉ် ရရှိထားသည့် နတ်ဘုရား တစ်ပါးကိုတော့ ချိတ်ပိတ်၍ မရနိုင်ပေ။

"ဂိုဏ်းချုပ် သူတို့ကို နှိပ်စက်မလို့လား"

ကျင်းချင်းက မသင်္ကာသလို လေသံဖြင့် မေးလိုက်သည်။

"မလိုပါဘူးကွာ ၊ တောင်အနောက်ဘက်က အဆောင်ထဲမှာသာ ပိတ်ထားလိုက် ၊ သူတို့ တန်ခိုးစွမ်းအားတွေ သုံးလို့မရတော့ မိုးမြေစွမ်းအားတွေ မစုပ်ယူနိုင်တော့ဘူး ၊ သူတို့ အစာငတ်ပြီး မသေအောင် ရေနဲ့ သစ်သီးလေးဘာလေး ကျွေးထားလိုက်ပေါ့ ၊ သူတို့ကို သေတော့ မသေစေနဲ့ ၊ သူတို့က ကျုပ်အတွက် အသုံးဝင် နေသေးတယ်"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

ဆန်းလျန်၏ ရည်ရွယ်ချက်ကို ကျင်းချင်းမသိပါ။ သူက ဆန်းလျန် ညွှန်ကြားသည့် အတိုင်းသာ လုပ်ရသူ ဖြစ်လေသည်။ သူက မြွေမိစ္ဆာကြီး အသွင် ပြောင်းလဲလိုက်ပြီး မုန့်ရွှင်ကျန်းနှင့် ကျော်ရှောင်ချင်းတို့ကို ရစ်ပတ်လိုက်လေသည်။ ထို့နောက် အမြီးကို တစ်ချက် ခါလိုက်ကာ ထွက်ခွာသွားလေသည်။

ဆန်းလျန်က ကျောက်ပလ္လင်ထက်တွင် တရား ထိုင်နေသည်။ မုန့်ရွှင်ကျန်းကို အနိုင်ရခဲ့သည်မှာ သူ့အတွက် အသေးအဖွဲ ကိစ္စလေးသာ ဖြစ်သည်။ ထို့ကြောင့် သိပ်ပြီး အလေးအနက် ထားခြင်း မရှိခဲ့ပါ။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းသည် ချင်းရွှမ်နတ်တံခါးကို တရားဝင် အတိအလင်း စိန်ခေါ်ရဲမည် မဟုတ်ပေ။ သူတို့က ချင်းရွှမ်နတ်တံခါး တစ်ဆင့်ချင်း ကျဆုံးအောင် အကွက်ချ ကြံစည်နေကြခြင်း ဖြစ်သည်။ သူတို့ဘက်က အပြည့်အ၀ လက်ဦးမှု ရယူပြီးမှသာ ချင်းရွှမ်နတ်တံခါးကို နောက်ဆုံး အပြုတ်ဖြုတ်ဖို့ ကြံရွယ်ထားခြင်း ဖြစ်သည်။

ထို့ပြင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ ချင်းရွှမ် နတ်ဘုရားဂိုဏ်းကို ထိပ်တိုက် ရင်ဆိုင်ရန် သတ္တိလည်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် ချင်းရွှမ်နတ်တံခါးတွင် မည်သည့်အခါမှ မရှုံးနိမ့်နိုင်သည့် လောကကို ကျော်လွန်နေသည့် ဆရာသခင်များနှင့် နတ်ဘုရားများ ရှိနေသေးသည် မဟုတ်ပါလား။

ဆန်းလျန် အတွေးထဲတွင် နစ်မျောနေဆဲ တောင်အနောက်ဘက်မှ အလင်းတန်း တစ်ခု လွင့်မျောလာသည်။ ထိုအလင်းတန်းသည် ချင်းရွှမ်ခန်းမဆောင် အပြင်ဘက်သို့ သက်ဆင်းလာပြီး ပန်းချီကား တစ်ချပ်အလား လှပသည့် မိန်းမပျို တစ်ယောက်အသွင် ပေါ်လာလေသည်။

အခြားသူ မဟုတ်ပါ။ ကူးချိုင်ဝေ့ပင် ဖြစ်လေသည်။

သူမက ချင်းရွှမ်ခန်းမဆောင်ထဲသို့ နွေရာသီ စမ်းချောင်းလေးပမာ ကျက်သရေရှိစွာ လှမ်းဝင်လာလေသည်။

ဆန်းလျန်က သူမကို ခေါင်းတစ်ချက်ညိတ် အသိအမှတ် ပြုလိုက်ရင်း ပြောလိုက်သည်။

"အစ်မ ၊ ရောက်လာပြီလား"

"လူတွေဟာ အကြောင်းမရှိဘဲ ဝတ်ကျောင်းတော်ကို မသွားတတ်သလို မင်းလည်း အစ်မကို အကြောင်းမရှိဘဲ ခေါ်မှာ မဟုတ်ဘူး ၊ ဘာကိစ္စများ ရှိလို့လဲ မောင်လေး"

ကူးချိုင်ဝေ့က ရယ်မောရင်းမေးလိုက်သည်။

ဆန်းလျန်ကလည်း ကူးချိုင်ဝေ့၏ နောက်ပြောင်သည့် စကားကြောင့် ရယ်မောလိုက် မိလေသည်။

သူတို့နှစ်ယောက်၏ မောင်နှမ သံယောဇဉ်နှင့် ခင်မင်မှုမှာ အခြားသူများ ထက်ပိုပြီး နက်ရှိုင်းလေသည်။ ဆန်းလျန်က ကူးချိုင်ဝေ့ အရယ်ရပ်သည် အထိစောင့်ပြီးမှ စကားကို ဆက်လိုက်သည်။

"အရှေ့ပင်လယ်မှာ သောင်းကြမ်းနေတဲ့ နတ်မိစ္ဆာတွေကို နှိမ်နင်းပြီး ကျောင်းတော် တစ်ခု တည်ထောင်ချင်တယ် အစ်မ ၊ အဲဒီမှာ ချင်းရွှမ်နတ်တံခါးမှာ တပည့် ဖြစ်ချင်သူတွေကို စုစည်းမယ် ၊ အဲဒီ လူတွေကို ချင်းရွှမ်ရဲ့ အပြင်စည်း တပည့်တွေ အဖြစ် သတ်မှတ်မယ် ၊ အဲဒီ တပည့်တွေထဲက အရည်အချင်းရှိတဲ့ သူတွေကို အတွင်းစည်း တပည့်အဖြစ် ချင်းရွှမ်တောင်ပေါ်ကို ခေါ်ယူပြီး ကျင့်စဉ်တွေ သင်ကြားပေးချင်တယ်"

"မောင်လေးက ဒီအလုပ်လုပ်ဖို့ အစ်မကို ခေါ်တာပေါ့"

ကူးချိုင်ဝေ့ အမေးကြောင့် ဆန်းလျန် သက်ပြင်းချ လိုက်ရင်း…

"ဒီအလုပ်က အစ်မနဲ့ အသင့်တော်ဆုံးပဲလေ ၊ ဒါပေမယ့် အစ်မ သဘောအတိုင်းပါ ၊ အစ်မ မလုပ်ချင်ရင် ကျွန်တော်က အတင်း မလုပ်ခိုင်းပါဘူး"

ကူးချိုင်ဝေ့က "အမလေး ဖြစ်ရလေ" ဆိုသည့် သဘောဖြင့် နှုတ်ခမ်းကို တစ်ချက်မဲ့လိုက်သည်။ သူမ၏ အမူလေးမှာ အလွန်ချစ်စရာ ကောင်းလှလေသည်။ ကူးချိုင်ဝေ့မှာ အလွန် ချောမောလှပသည့် မိန်းကလေးတစ်ယောက် မဟုတ်သည့်တိုင် အလွန် ချစ်စရာကောင်းသူ တစ်ယောက် ဖြစ်လေသည်။ ဆန်းလျန်မှာ သူမ၏ ချစ်စဖွယ် မျက်နှာလေးကို ဘယ်နှစ်ခါ ကြည့်ရ ကြည့်ရ ရိုးမသွားနိုင်ပေ။

ကူးချိုင်ဝေ့က ရုတ်တရက် သူမ၏ အမူအရာကို ဆင်ခြင်လိုက်ရင်း…

"ဂိုဏ်းချုပ် ဖြစ်လာတဲ့ နောက်ပိုင်း ဒီကလေးဟာ ရက်လည်း ရက်စက် တတ်လာသလို အရေလည်း ထူလာတယ်"

ဟုတွေးလိုက်မိသည်။

သို့သော် သူမ၏ အတွေးများကို ချက်ချင်းရပ်တန့် ပစ်လိုက်သည်။ ထိုအတွေးများက ဂိုဏ်းချုပ် တစ်ယောက်ဖြစ်သည့် ဆန်းလျန်ကို မလေးစားရာ ရောက်နိုင်လေသည်။

သူမက မျက်နှာထားကို ချက်ချင်းပင် ပြန်တည်လိုက်ပြီး …

"မင်းက ဒီလို ဆုံးဖြတ်ထားမှတော့ ၊ အစ်မ ဘယ်ငြင်းလို့ ရပါ့မလဲ ၊ နောက်နှစ်နှစ်ဆယ် သုံးဆယ်လောက်မှ ဟိုင်သန်းအဆင့်ကို မတက်ရောက်နိုင်ရန် အစ်မအတွက် မျှော်လင့်ချက် မရှိတော့ဘူး ၊ နောက်ဘဝကို ကူးရတော့မယ် ၊ ချင်းရွှမ်နတ်တံခါးမှာ နေရတာလဲ ပျင်းနေပါပြီ ၊ အပြင်ထွက်ရမယ် ဆိုရင်လည်း ဆိုးတော့ မဆိုးလှပါဘူးလေ"

"အဲဒီ အတွက်တော့ စိတ်မပူပါနဲ့ အစ်မ ၊ ထိုက်ရွှီး နည်းဗျူဟာနဲ့ ပတ်သက်ပြီး ကျွန်တော် သိထားတာ တွေရှိပါတယ် ၊ နောက်သုံးလေးနှစ်အတွင် အစ်မကို ကျင့်စဉ် အဆင့် တက်နိုင်အောင် ကူညီပေးပါ့မယ်"

ဆန်းလျန်က ပြောလိုက်သည်။

"ဒါဆို အရမ်းကောင်းတာပေါ့ ၊ အစ်မက မင်းနဲ့လည်း အရမ်း သူစိမ်း မဆန်ချင်ပါဘူး ၊ အရှေ့ပင်လယ်မှာ ကျောင်းတော်တစ်ခု တည်ထောင်ဖို့ အစ်မကို တာဝန်ပေးမယ် ဆိုရင် ကျောင်းတော် အတွက်နာမည်နဲ့ အန္တရာယ်ကင်းဖို့ အစီအရင်တစ်ခု အစ်မကို လုပ်ပေးလေ"

ဆန်းလျန်၏ စကားများကြောင့် ကူးချိုင်ဝေ့ မှာ စိတ်ဓာတ် တက်ကြွ လာလေသည်။

ချင်းရွှမ်နတ်တံခါးမှာ လွန်ခဲ့သည့် နှစ်တစ်ရာခန့်က အကြီးအကျယ် ဆုံးရှုံးခဲ့ရမှု များကြောင့် များစွာ အဆင့်အတန်း နိမ့်ကျ နေခဲ့လေသည်။ ယခုတော့ ချင်းရွှမ် နတ်တံခါးသည် ပြန်လည် ဦးမော့လာခဲ့ပြီ ဖြစ်သည်။ ထပ်မံ ကျဆင်းမည့် အခြေအနေသို့ မရောက်နိုင်တော့ပြီ။ အချိန် ကာလကလည်း ပြောင်းလဲခဲ့ပြီ မဟုတ်လား။

ကူးချိုင်ဝေ့မှာ နားလည်မှုရှိသူ တစ်ယောက်ဖြစ်ကြောင်း ဆန်းလျန် သိလေသည်။ သူမက ဆရာသခင် ကျန်းရော့ရွှီးကိုလည်း များစွာ ကူညီပေးခဲ့သူ ဖြစ်ပြီး ထိုအချက်ကြောင့်ပင် ဆန်းလျန်ကလည်း သူမကို အားကိုးခြင်း ဖြစ်လေသည်။

"အမိန့် အင်းစာရွက်တစ်ခု ကျွန်တော် အစ်မအတွက် လုပ်ထားပေးပါတယ် ၊ အဲဒါကို အသုံးပြုပြီး ကျောင်းတော် အသစ်ကို တည်ဆောက်ပါ ၊ ကျောင်းတော်ရဲ့ နာမည်ကတော့ အစ်မ ကြိုက်သလို ဆုံးဖြတ်ပါ ၊ အခုချိန်မှာ နတ်မိစ္ဆာတွေလည်း သောင်းကြမ်း နေတာဆိုတော့ အဲဒီ နတ်မိစ္ဆာတွေကို နှိမ်နင်းပြီး အစ်မရဲ့ အစွမ်းကို လောကတစ်ခုလုံး သိအောင် ကြေငြာ လိုက်စမ်းပါ"

"ဒီတစ်ခါတော့ ဘယ်သူမှ မတားဆီးတော့ဘူးပေါ့"

ကူးချိုင်ဝေ့ကပြောလိုက်သည်။

ဆန်းလျန်က အဝေးသို့ ငေးကြည့်နေလေသည်။

"အစ်မ ၊ ချင်းရွှမ်နတ်တံခါးကို ထောင်ပေါင်းများစွာသော နည်းလမ်းတွေနဲ့ နှောင့်ယှက်ဖို့ လာစမ်းပါစေ ၊ တစ်ယောက်တည်းနဲ့တင် အကုန်လုံးကို အမှုန့် ချေပစ်နိုင်တယ်"

ကူးချိုင်ဝေ့ကပြုံးလိုက်ရင်း…

"အဲဒီလူက ဘယ်သူများလဲ"

"ကျွန်တော်ပဲပေါ့ အစ်မရယ်…"

ဆန်းလျန်က ချက်ချင်း ပြန်ဖြေ လိုက်လေသည်။

ဆန်းလျန်၏ လေသံမှာ ဆုံးဖြတ်ချက် ခိုင်မာသည် သာမက ယုံကြည်မှု အပြည့်နှင့် လွှမ်းမိုးမှု အပြည့်ရှိ နေလေသည်။

ကူးချိုင်ဝေ့မှာ ကြက်သေ သေသွားလေသည်။ ဆန်းလျန်ကို ကြည့်ရသည်မှာ ဆရာဘွား ဘွားလီချင်းဆွေကို သတိရမိစေသည်။ လီချင်းဆွေသည် နွေးထွေးသော နှလုံးသားကို ပိုင်ဆိုင်သလို ဘာမထီစိတ်ထား အပြည့်ရှိသူ ဖြစ်လေသည်။ လောကတွင် မည်သူ့ကိုမှ အထင်မကြီး တတ်ဘဲ သြဇာတိက္ကမနှင့် ပြည့်စုံသူ ဖြစ်လေသည်။

ထို့ပြင် ဆန်းလျန်မှာလည်း ကျိလင်နတ်သမီးကဲ့သို့ လူတစ်ကိုယ်နှင့် စိတ်နှစ်မျိုးကို ပိုင်ဆိုင်ထားသည့် ပုံစံနှင့်လည်း ဆင်တူနေပြန်သည်။

ဤသို့ ဖြစ်ရသည်မှာ ထိုက်ရွှီး နည်းဗျူဟာကို ကျင့်ကြံကြသည့် ကျင့်ကြံသူများ အားလုံး ရင်ဆိုင်ရသည့် ကံကြမ္မာ လေပဲလား။

ကူးချိုင်ဝေ့ ခန့်မှန်း နိုင်စွမ်းမရှိပါ။ ဆန်းလျန်မှာ ဆရာသခင် ကျန်းရော့ရွှီးကို စိတ်ပျက်အောင် လုပ်မည့် သူမဟုတ်ကြောင်း သူမ ယုံကြည်ထားလေသည်။ ရှန်ဆန်းကျန်းရန် လုကျိုးယွမ်သာ မရှိလျှင် ရွှမ်ထျန်းဂိုဏ်းသည် ချင်းရွှမ်နတ်တံခါးထက် မသာနိုင်ပေ။ သို့သော် လောကနတ် ဘုရား လုကျိုးယွမ် ထွက်ပေါ်လာပြီး သည့်နောက် ရွှမ်ထျန်းဂိုဏ်းသည် လောကပထမ နတ်ဘုရားဂိုဏ်း တစ်ခု ဖြစ်လာခဲ့လေသည်။

ချင်းရွှမ်နတ် တံခါးမှာလည်း ဆန်းလျန် တစ်ယောက်တည်းဖြင့် လောက ပထမ နတ်ဘုရားဂိုဏ်း တစ်ခု ဖြစ်လာနိုင်သည် ပဲလေ။

အတွေးများဖြင့်ပင် သူမ ပြုံးလိုက်မိသည်။

"ဟုတ်ပါပြီလေ ၊ ဒါဖြင့်လည်း အမိန့်အင်းစာရွက် အစ်မကိုပေးပါ ၊ ပြီးတော့ အဲဒီ နှောင့်ယှက်နေတဲ့ နတ်မိစ္ဆာတွေ အကုန်လုံးကိုလည်း သုံးရက်အတွင်း သုတ်သင် ပစ်လိုက်မယ်"

***

All Chapters