ခန့်မှန်းရခက်သည့် စစ်တုရင်ကစားပွဲ
Vol. 2 Ch. 200
"ဟုတ်ပြီ ၊ ကျွန်တော် သတင်းကောင်းကို စောင့်နေမယ်"
ဆန်းလျန်က ပြောလိုက်သည်။
ဆန်းလျန်က လက်တစ်ဖက် ဝေ့ယမ်းလိုက်သည်နှင့် အဖြူနှင့် စိမ်းပြာရောင် ပေါင်းစပ်ထားသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည် ကူးချိုင်ဝေ့ရှေ့သို့ ရောက်ရှိသွားပြီး အင်းစာရွက်တစ်ခုအသွင် ကူးပြောင်းသွားလေသည်။ အင်းစာရွက်လေးပေါ်မှ စကားလုံးများမှာ ရိုးရှင်းပြီး စုတ်ချက် အနည်းငယ်သာ ပါရှိသည်။ သို့သော် အဓိပ္ပာယ်ကတော့ နက်နဲလွန်းသည်။
ထိုအင်းစာရွက်မှာ ချင်းရွှမ် နတ်တံခါး၏ အမိန့် အင်းစာရွက် ဖြစ်လေသည်။ ထိုအင်းစာရွက်ကို ဂိုဏ်းချုပ် ကသာလျှင် ရေးသားနိုင်ပြီး ချင်းရွှမ် နတ်တံခါးကို ကိုယ်စား ပြုလေသည်။ ချန်ကျန့်မေတွင်လည်း ထိုသို့သော အင်းစာရွက် တစ်ရွက်ရှိကြောင်း ဆန်းလျန် သိထားလေသည်။ သို့သော် တွေ့မြင်ဖူးခြင်း တော့မရှိပေ။
ကူးချိုင်ဝေ့က အင်းစာရွက်ကို ယူပြီး သိမ်းလိုက်သည်။ ထို့နောက် ဆန်းလျန်ကို ပြုံးပြလိုက်ရင်း…
"ဘာပြောစရာ ရှိသေးလဲ"
ဟုမေးလိုက်သည်။
ဆန်းလျန်၏ မျက်နှာသည် တည်ကြည် လေးနက် သွားလေသည်။ သူက ကျောက်ပလ္လင်ထက်မှ ဆင်းလိုက်ပြီး ကူးချိုင်ဝေ့ အနားသို့သွားလိုက်သည်။
"အစ်မ အစစ အရာရာ ဂရုစိုက်ပါနော်"
ဆန်းလျန်က အစ်မ ဖြစ်သူကို လေးလေးစားစား သိမ်သိမ်မွေ့မွေ့ဖြင့် အမှာစကား ဆိုသည်။
ကူးချိုင်ဝေ့ ရယ်မောလိုက်လေသည်။ ယခုမှ ဆန်းလျန်သည် သူမ ယခင်က သိကျွမ်းခဲ့သည့် သဘောကောင်းပြီး နွေးထွေးသည့် ဆန်းလျန် ပြန်ဖြစ်သွားပြီ ဖြစ်သည်။ တစ်ခဏ အတွင်းမှာပင် ပုံစံမျိုးစုံ လုပ်ပြ နိုင်လေသည်။
တတ်လည်း တတ်နိုင်တဲ့ ချစ်စရာကောင်းသည့် ကောင်လေးပဲဟု သူမ တွေးလိုက်မိလေသည်။
ဆန်းလျန်က ကူးချိုင်ဝေ့ကို ခန်းမ အပြင်ဘက်သို့ ရောက်သည်အထိ လိုက်ပို့ ပေးလိုက်သည်။
ခန်းမ အပြင်ဘက် ရောက်သည်နှင့် ကူးချိုင်ဝေ့က ကျောက်စိမ်း ပုလွေလေး တစ်ခုထုတ်ကာ မှုတ်လိုက်လေသည်။ ကျောက်စိမ်းပုလွေမှ ဂီတသံသည် ချင်းရွှမ်တောင် တစ်ခွင်သို့ ပျံ့နှံ့သွားပြီး နတ်ကြိုးကြာကြီး တစ်ကောင် ပျံသန်းလာလေသည်။ နတ်ကြိုးကြာကြီး၏ အမွေးများမှာ ဖြူစင်ပြီး နူးညံ့လွန်းသည်။ လည်ပင်းကလည်း ရှည်ရှည်နှင့် ဖြစ်လေသည်။ အော်မြည်သံကလည်း သာယာသလို သူ့ဆီမှ နတ်ဘုရား ဝိညာဉ် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
ဆန်းလျန်က ချမ်းမော့လေးကို မွေးထားသည်ကို အားကျပြီး သူမကလည်း ထိုကြိုးကြာ ငှက်ကြီးကို မွေးထားခြင်း ဖြစ်လေသည်။
ကြိုးကြာငှက်ကြီး၏ ပျံသန်းနှုန်းမှာ ချမ်းမော့လောက် မြန်ဆန်ခြင်း မရှိသည့်တိုင် သူ့သဘာဝနှင့် သူတော့ အထာကျကျ ပျံသန်းနိုင်လေသည်။
ကူးချိုင်ဝေ့က ကြိုးကြာငှက်ကြီးကို ဆင့်ခေါ်လိုက်သည်မှာ ခရီးထွက်ရန် အတွက်သာ ဖြစ်ပြီး ဝါကြွားလိုခြင်း မရှိပါ။ သူမက အရှေ့ပင်လယ်တွင် ကျောင်းတော် အသစ်ကို ဦးစီးရမည် ဖြစ်သည့်အတွက် တခြားနည်းဖြင့် ခရီးနှင်ခြင်းထက် ကြိုးကြာငှက်ဖြင့် ခရီးနှင်ခြင်းက ပိုပြီး အဆင်ပြေ နိုင်လေသည်။ သူမက ကြိုးကြာ ငှက်ကြီးပေါ်သို့ အသာအယာ တက်လိုက်ပြီး ကြုံးဝါးသံတစ်ချက် ပြုလိုက်လေသည်။ ကြိုးကြာငှက်ကြီးသည် ချက်ချင်းပင် လျှင်မြန်စွာ ပျံသန်းသွားပြီး တိမ်ဖြူများ ကြားတွင် ပျောက်ကွယ် သွားလေတော့သည်။
ဆန်းလျန်သည် ကူးချိုင်ဝေ့ ထွက်ခွာသွားသည်ကို မျက်စိ တစ်ဆုံးငေးကြည့် နေမိသည်။
"ဒီနှစ်တွေ အတွင်းမှာ ငါတို့ ကျောင်းတော်ဟာ သိပ်ကို ရိုးရှင်းခဲ့တာပဲကိုး"
ဆန်းလျန်တွေးလိုက်မိသည်။
သူက ကူးချုင်ဝေ့ စီးတော်ယဉ် လုပ်ရန်အတွက် မှော်ဝင် ပစ္စည်းတစ်ခုကို ရှာဖွေကာ ကူးချိုင်ဝေ့ကို လေးစားသည့် အနေဖြင့် လက်ဆောင် ပေးဦးမည်ဟု တွေးထားလိုက်မိလေသည်။
"နဂါးခြောက်ကောင်ကို စီးကာ မိုးကောင်းကင်ဆီသို့" ဟူသည့် စာသားအတိုင်း သူကတော့ စီးတော်ယာဉ်အဖြစ် နဂါးတစ်ကောင် လိုချင်မိလေသည်။ တစ်ချိန် သူနတ်ဘုရားတစ်ပါး ဖြစ်လာသည့်အခါ တကယ့် နဂါးကို စီးသည့် ထူးဆန်းသည့် နတ်ဒေဝါတစ်ပါး ဖြစ်ချင်မိလေသည်။
ခမ်းခမ်းနားနား နေထိုင်ခြင်းသည် မှားယွင်းခြင်းဟု ဆန်းလျန် မယူဆမိပါ။ ထိုသို့သော ဘဝမျိုးကိုလည်း သူရယူ ချင်မိသေးသည်။
သို့သော် ထိုရည်ရွယ်ချက်က အနာဂတ်တွင် အကျိုးဆက်များကို ဖြစ်ပေါ်စေပြီး ဒုက္ခလှလှ ရောက်စေမည်ကို သူ သိရှိခဲ့ခြင်း မရှိပါ။
တစ်လ ကြာပြီးသည့်နောက်….
ဆန်းလျန်က မုန့်ရွှင်ကျန်းနှင့် ကျော်ရှောင်ချင်းတို့ကို အခြေအနေကို စုံစမ်း ကြည့်လေသည်။ သူက တောင်အနောက်ဘက်တွင် သူတို့ နှစ်ယောက်ကို ဖမ်းဆီးထား ခဲ့သည်ကို အလေးမထား မေ့နေဟန်ပင် ရှိလေသည်။ ကျင်းချင်းက တောင်အနောက်ဘက်သို့ သွားပြီး ထိုသူများအတွက် ဝက်သစ်ချသီးများနှင့် သောက်ရေများ သွားရောက် ပေးလေ့ရှိသည့်တိုင် စကားပြောဆိုခြင်း မပြုပေ။
ဆန်းလျန်က ထိုနှစ်ယောက် အကြောင်းကို တစ်လတိတိ မေးမြန်းခြင်း မရှိခဲ့ပေ။ မုန့်ရွှင်ကျန်းနှင့် ကျော်ရှောင်ချင်းတို့မှာ စိတ်များ ရှုပ်ထွေးနေကြ လေသည်။ ကျင့်ကြံသူ တစ်ယောက်ကို တန်ခိုးစွမ်းအားများ ထိန်းချုပ်ထားပြီး သာမန် လူတစ်ယောက်ကဲ့သို့ ဖြစ်စေလိုက်ပါက စိတ်ဆန္ဒများ ဖောက်ပြန်ကုန်မည် ဖြစ်သည်။ ထို့ပြင် မုန့်ရွှင်ကျန်းမှာ ယွင်ဆွေ အလင်းဓားကို ဆင့်ခေါ်ရန် ကြိုးစားသည့်တိုင် အရာမထင်ခဲ့ပေ။
ယခုတော့ ဆန်းလျန်မှာ ထျန်းယွမ်တောင်သို့ ရောက်ရှိ နေခဲ့လေသည်။
တောင်ထိပ်တွင် မက်မွန် တောလေးတစ်ခု ရှိနေပြီး နေရောင်ကို ကာကွယ် ပေးထားကာ သဘာဝအတိုင်း အရိပ်ရ နေလေသည်။
ဆန်းလျန်၏ အဖြူရောင် စစ်တုရင် ရုပ်လေးများက ကယ်ယွမ်း၏ အနက်ရောင် စစ်တုရင် ရုပ်လေးများကို ထိုးစစ်ဆင်နေလေသည်။ ဆန်းလျန်နှင့် ကယ်ယွမ်းမှာ စစ်တုရင် ကစားနေကြခြင်း ဖြစ်လေသည်။
တရုတ်စစ်တုရင် ကစားနည်းမှာ ကျားစေ့လေးများဖြင့် ကစားရခြင်း ဖြစ်ပြီး အနက်ရောင် ကျားစေ့ တစ်ရာ ရှစ်ဆယ့်တစ်စေ့ ၊ အဖြူရောင် ကျားစေ့ တစ်ရာ့ရှစ်ဆယ်ဖြင့် ကစားရခြင်း ဖြစ်သည်။ ကျားကွက်မှာလည်း မျဉ်းကြောင်း ဆယ့်ကိုးကြောင်း ကန့်လန့်ဖြတ် ပါဝင်ပြီး ဆုံမှတ် သုံးရာခြောက်ဆယ့် တစ်ခုပါ ရှိလေသည်။
စစ်တုရင် ကစားပွဲတစ်ပွဲ၏ ဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်ရန်မှာ ခက်ခွဲလွန်းသည်။ နတ်ဘုရားများပင်လျှင် အနက်ရောင် ကျားစေ့နှင့် အဖြူရောင် ကျားစေ့များကြားမှ မခန့်မှန်းနိုင်သည့် ပြောင်းလဲမှုများကို အံ့သြကြ ရလေသည်။
ကယ်ယွမ်းမှာ ပုရွှီးအဆင့် အောင်မြင်ခဲ့ပြီ ဖြစ်ပြီး ဖော့ဝမ့်အဆင့် အောင်မြင်ရန်မှာလည်း သိပ်မလိုတော့ပေ။ သူ၏ ယန်ဝိညာဉ် စွမ်းအားမှာ အလွန် ကြံ့ခိုင်နေပြီး ယန် ဝိညာဉ်စွမ်းအားကို သာမက ယန်ဝိညာဉ်စွမ်းအား၏ ပြောင်းလဲမှုများကိုပင် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ ချင်းရွှမ်နတ်တံခါးသို့ ဆန်းလျန် စတင် ရောက်ရှိသည့် အချိန်က ကယ်ယွမ်းနှင့် ယခု ကယ်ယွမ်းသည် လားလားမှ မဆိုင်အောင် ပြောင်းလဲခဲ့ပြီ ဖြစ်လေသည်။
သို့သော် စစ်တုရင် ပြိုင်ပွဲတွင်တော့ သူ ဆန်းလျန်ကို အနိုင်ရခြင်း မရှိသေးပါ။ သူက ဆန်းလျန်ကို အနိုင်ရပြီဟု တွေးမိတိုင်း ဆန်းလျန်၏ ရွှေ့ကွက်က ပြောင်းလဲသွားကာ ကစားပွဲ အခြေအနေက ပြောင်းပြန် ပြန်ဖြစ်သွားရပြန် လေသည်။
ဆန်းလျန်က တည်ကြည် လေးနက်စွာ စဉ်းစားနေရင်းမှ အဖြူရောင် ကျားစေ့လေး တစ်စေ့ကို နေရာရွှေ့လိုက်သည်။ သူ၏ဝတ်ရုံမှာ လေထဲတွင် လွင့်မျောနေပြီး မြင်တွေ့ရသူ အပေါင်းမှ တပ်မက်ဖွယ်ရာ ဖြစ်နေလေသည်။
ကယ်ယွမ်းမှာ စိတ်မရှည်တော့ပေ။
သူက ကျားစေ့လေးကို ချထားလိုက်ပြီး …
"ဝူကျိ ၊ ခုတလော စည်းကမ်းဆောင်မှာ အလုပ်တွေများ နေသလား"
ဟု မေးလိုက်လေသည်။
ကယ်ယွမ်း၏ မျက်နှာက တင်းမာ ခက်ထန်နေပြီး စည်းကမ်းဆောင်မှ ကိစ္စများမှာ အလွန် အရေးကြီး နေပုံရလေသည်။
ကယ်ယွမ်း၏ဘေးတွင် ကျောက်ဝူကျိပေါ်လာလေသည်။ သူ၏ ပုံရိပ်မဲ့ သိဒ္ဓိ ကျင့်စဉ်မှာ အလွန် အဆင့်မြင့်နေပြီး ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် သူ၏ တည်ရှိမှုကို မခန့်မှန်းနိုင်တော့ပေ။
ကောင်းကင်ကို ထိုးခွဲ ပျံသန်းသွားသည့် သိန်းငှက်တစ်ကောင်အလား အမြင်အာရုံ စူးရှသည့် လူတစ်ယောက်သည် မြေပြင်ထက်မှ အရေးမပါသည့် ကျောက်တုံးများနှင့် မြတ်များကို အာရုံစိုက်မိမည် မဟုတ်ပါ။
သို့သော် ကျောက်ဝူကျိမှာ အရေးမပါသည့် ကျောက်တုံးနှင့် မြတ်များ ဖြစ်နေသည့် အတွက် အာရုံ မစိုက်မိကြခြင်း မဟုတ်ပါ။ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်နေသည့် အတွက် သူ၏ တည်ရှိမှုကို မသိနိုင်တော့ခြင်း ဖြစ်လေသည်။
"သိပ်မများပါဘူး ဆရာ"
ကျောက်ဝူကျိက သူ့အကျင့်အတိုင်း မဝံ့မရဲ ပုံစံဖြင့် ပြန်ဖြေလေသည်။
ကယ်ယွမ်းက ချောင်းတစ်ချက် ဟန့်လိုက်ရင်း…
"ဟုတ်လို့လား…"
ဟု ထပ်မေးလိုက်သည်။
ကျောက်ဝူကျိက ခေါင်းညိတ်ပြ လိုက်လေသည်။
ဆန်းလျန်က စစ်တုရင်ခုံကို လက်ဖြင့် မွှေနှောက်လိုက်လေသည်။ အဖြူရောင် ကျားစေ့နှင့် အနက်ရောင် ကျားစေ့များ ရောနှော ပြန့်ကျဲသွားသည်။
"ဒီကစားပွဲက အနိုင်အရှုံး ဆုံးဖြတ်ဖို့ ခက်နေမှာတော့ ထားလိုက်ပါတော့"
ဆန်းလျန်က ပြောလိုက်သည်။
တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည့် ပိန်ပိန်ပါးပါး ကောင်လေး ကျောက်ဝူကျိကို ကယ်ယွမ်းက တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချ လိုက်သည်။
"ဒါကြောင့် သူက ဂိုဏ်းချုပ် ဖြစ်နေပြီး မင်းကတော့ နှစ်တွေ ဒီလောက် ကြာနေပြီ ကျင့်စဉ် လမ်းအဆင့် မတက်နိုင်သေးဘူး"
"ဂိုဏ်းတူ အစ်ကိုဆန်းလျန်က တကယ်တော်တဲ့ ဂိုဏ်းချုပ်ပါ ၊ သူသာမကယ်ရင် ယွင်ဆွေ အလင်းဓားကြောင့် ကျွန်တော် သေလောက်နေပြီ"
ကယ်ယွမ်းက တစ်ချက် ညည်းညူသံ ပြုလိုက်ပြီး ဆန်းလျန်နှင့် စကားဆက် ပြောလိုက်သည်။
"ဂိုဏ်းချုပ် ၊ မုန့်ရွှင်ကျန်းနဲ့ သူ့တပည့်ကို ဘာလုပ်မယ်လို့ စဉ်းစားထားလဲ"
"ခုလောက်ဆိုရင် ချင်းကျန်းဂိုဏ်းကလူတွေ ကျုပ်တို့ ဆီကို ရောက်လာတော့မယ်လေ"
ဆန်းလျန်က ပြောလိုက်သည်။
ဆန်းလျန်တွင် အကြံအစည် တစ်ခုခုရှိမည်ကို ကယ်ယွမ်းသိထားလေသည်။
ဆန်းလျန်က မုန့်ရွှင်ကျန်းနှင့် ကျော်ရှောင်ချင်းကို ဖမ်းဆီးထားသည်ကို ချင်းရွှမ်နတ်တံခါးမှ တပည့်များ အားလုံးကို အသိပေး ထားလေသည်။ သို့သော် ထိုလူနှစ်ယောက်ကို အရေးယူခြင်းတော့ မရှိသေးပေ။ ကျော်ရှောင်ချင်း၏ ယွမ်ဆွေ အလင်းဓားလက်ချက်ဖြင့် ခြေလက်များ ပြတ်တောက် သွားကြရသည့် တပည့်နှစ်ယောက်မှာ ရှန်းစန်းပြဒါး ဆေးလုံး အစွမ်းဖြင့် ခြေလက်များ ပြန်ပေါက်လာသည့်တိုင် မူလအတိုင်း ပြန်လည် ကောင်းမွန်ခြင်း မရှိသေးပေ။ သူတို့ လက်နှင့် ခြေထောက်များမှ သွေးကြောဆုံချက်များကို ပြန်ပွင့်အောင် ထပ်မံ ကျင့်ကြံရမည် ဖြစ်လေသည်။ ထို့ကြောင့် ဟိုင်သန်းအဆင့် တက်ရောက် နိုင်ရန်အတွက် အချိန် ကြာသွားတော့မည် ဖြစ်သည်။
ထိုတပည့် နှစ်ယောက်မှာ စန့်ယွမ့်အဆောင်တွင် အလွန်တော်သည်ဟု သတင်းထွက်သည့် တပည့်နှစ်ယောက် ဖြစ်လေသည်။ သူတို့ နှစ်ယောက်အတွက် ခံပြင်းနေကြသည့် အခြား တပည့်များကတော့ ဆန်းလျန်က မုန့်ရွှင်ကျန်းနှင့် ကျော်ရှောင်ချင်းတို့ကို ယခုထိ အရေးယူခြင်း မရှိသေးသည့် အတွက် မကျေနပ်ကြပေ။
စန့်ယွမ့် အဆောင်မှ တပည့်များမှာ တန်ခိုးစွမ်းအားကို ခုံမင်ကြသူများ ဖြစ်ကြလေသည်။ သူတို့ထဲမှ အများစုမှာ ချင်းရွှမ်နတ်တံခါးမှ အနွယ်တော်များ ဖြစ်ကြလေသည်။ မုန့်ရွှင်ကျန်းနှင့် ကျော်ရှောင်ချင်းကို အရေးမယူသေးသည့် အတွက် သူတို့က ဆန်းလျန်ကို ကွယ်ရာတွင် အတင်းပြောနေ ကြလေသည်။
ကယ်ယွမ်းမှာလည်း ဆန်းလျန်၏ အစီအစဉ်ကို သိချင်နေမိသည်။ ထို့ကြောင့်လည်း သူက ဆန်းလျန်ကို သူနှင့်အတူ စစ်တုရင်ထိုးဖို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်လေသည်။
စစ်တုရင်ကစားပွဲမှာ ဆန်းလျန်ကို စစ်ဆေးခြင်း ဖြစ်လေသည်။ သူက ဆန်းလျန်ကို ချောင်ပိတ်မိအောင် တိုက်စစ်ဆင် ကစားသော်လည်း ဆန်းလျန်က အေးအေးဆေးဆေးပင် သူ၏ အကွက်များထဲမှ ဖောက်ထွက်သွားလေသည်။
ကယ်ယွမ်းက လက်ဦးမှု ရယူလိုက်တိုင်း ဆန်းလျန်က ဖောက်ထွက်လိုက်မြဲ ဖြစ်လေသည်။ ထိုအခါ ကယ်ယွမ်း၏ ကစားကွက်မှာ ပြန်ပျက်သွားရမြဲ ဖြစ်လေသည်။
ထို့ကြောင့် သူက ကစားပွဲကို ကြားဖြတ်ကာ ဆန်းလျန် အကြံကို သိရရန်အတွက် တပည့် ဖြစ်သူ ကျောက်ဝူကျိကို မေးခွန်းတွေ ထုတ်လိုက်ခြင်း ဖြစ်သည်။
ကယ်ယွမ်းမှာ ဆန်းလျန်၏ စိတ်နေစိတ်ထားနှင့် စရိုက်သဘာဝကို နားလည်စ ပြုနေပြီ ဖြစ်သည်။ ဆန်းလျန်မှာ ပိုင်စုဟွမ်နှင့် ယှဉ်ပြိုင် တိုက်ခိုက်သည့် နေ့တွင် အလွန်မှ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေခဲ့လေသည်။ သို့သော် ထိုအကြောင်းအရာ တစ်ချက်တည်းကြောင့် ဂိုဏ်းချုပ်ရာထူးနှင့် ထိုက်တန်ခဲ့ခြင်း မဟုတ်ပေ။
ဆန်းလျန်မှာ သူမျှော်လင့်သည် ထက်ပိုပြီး သာလွန်သူ တစ်ယောက်ဖြစ်ကြောင်း သူ သိခဲ့ရလေပြီ။
***