အခန်း (၂၂၉-၂၃၁)
Vol. 16 Ch. 229-231
ယွမ်ကျိုး အပိုင်း(၂၂၉) စစ်ပီး
"သူဌေးယွမ်လို သံလိုက်အိမ်မြှောင်ကြီးထဲမှာ စိတ်ကူးယဉ်ဆန်တဲ့ ဆဲလ်လေးတွေ ရှိနေမယ်လို့ ထင်တောင်မထင်ထားဘူး"
မန်မန်က ယွမ်ကျိုးကို
စနောက်ကျီစယ်သည်။
"ငါ စားတောင်မစားချင်တော့ဘူး။ မစားရက်ချင်စရာလေး" မန်မန်က ပန်းကန်ပြားပေါ်မှာ တည်ခင်းထားသည့် မုန့်ချိုကို ကြည့်နေစဉ် ထိုစကားကို ပြောလိုက်သည်။
"ငါလည်းပဲ မစားရက်တော့ဘူး။ အရမ်းကို လှပလွန်းတယ်"
မန်မန် ဘေးနားက ချစ်စဖွယ်ကောင်းသော ဆံပင်တိုတိုနှင့် ကောင်မလေးက ဝင်ရောက် ပြောဆိုခြင်း ဖြစ်သည်။ သူက မေးကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး တခြား လက်တစ်ဖက်က သလင်းကဲ့သို့ ကြည်လင်သည့် ဇွန်းကို ကိုင်ဆောင်ထားသည်။
"မုန့်ချိုတစ်ခုလုံး ငါ့ရဲ့တံထွေးတွေ ဖုံးလွှမ်းသွားပြီ။ အဲ့လိုအဖြစ်မျိုးကို ငါမလိုချင်ဘူး"
မန်မန်က ခေါင်းကို လှည့်လိုက်ပြီး ကူကယ်ရာမဲ့ အမူအရာဖြင့် စကားပြောသည်။
"အမှန်ပဲ။ ငါ့ရဲ့မုန့်ကိုလည်း ကြည့်ပါဦး။ အရမ်းကို လှပတယ်"
တခြားသော ကောင်မလေးကလည်း သူမှာယူထားသော မုန့်ချိုက လှပကြောင်း ကြွားဝါသည်။ သူတို့က လှပသော အရာဝတ္ထုများကို တစ်ယောက်နှင့် တစ်ယောက် မျှဝေခြင်းကို ကြိုက်နှစ်သက်သူများ ဖြစ်သည်။
"ငါ့ရဲ့ မုန့်ချိုလေးလည်း လှတယ်"
မန်မန်က သူမ၏ ပန်းကန်ပြားကို အနီးသို့ ဆွဲယူလိုက်သည်။ ဆံပင်တိုတို ကောင်မလေး၏ ပန်းကန်ပြားထဲတွင် ပုံဖော်ထားသည့်မုန့်ချိုက သစ်ရွက်ပုံ ဖြစ်သည်။ နှင်းဆီပန်းပုံ သစ်ရွက်ထက် အမည်မသိ တခြားသောအပင်၏ သစ်ရွက်အမျိုးအစား ဖြစ်နိုင်သည်။ သစ်ရွက်ပုံ ပုံဖော်ထားသော မုန့်ချိုသည် တစ်ဝက်တစ်ပျက် ထိုးဖောက် မြင်နိုင်သည့် အဖြူရောင်ကျောက်စိမ်းရောင် ရှိပြီး၊ အထဲတွင် လှပသည့် နီညိုရောင်ယိုများကို အစာသိပ် ထည့်ထားသည်။
"နင့်ရဲ့ မုန့်ချိုက ဘယ်လိုအရသာ ရှိလဲ။ အထဲထဲမှာ ထည့်ထားတဲ့ အစာသွပ်က ကျောက်စိမ်းလိုပဲနော်။ လှပတယ်"
မန်မန်က ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော မုန့်ချိုကို ကြည့်လိုက်သည်။
"ဒါတွေက အထဲထဲကဟာတွေက ယိုတွေပဲ ဖြစ်ရမယ်။ လှလိုက်တာ"
ကောင်မလေးက ဝင့်ကြွားသော အမူအရာကို ဖော်ပြသည်။
"တကယ့်ကို လှပတယ်။ ငါ့ရဲ့ မုန့်ချိုလေးကိုလည်း ကြည့်ပါဦး။ နှင်းဆီပန်းလေးနဲ့ တူတယ်"
မန်မန်က သူမ၏ပန်းကန်ပြားကို ကောင်မလေးအနား တိုးပေးသည်။
"တကယ့်ကို နှင်းဆီပန်းအစစ်နဲ့ တူတယ်။ မွှေးနေတာပဲ" ဆံပင်တိုတိုနဲ့ ကောင်မလေးက မန်မန်ရဲ့ မုန့်ချိုကို အလွန်အမင်း နှစ်သက်သဘောကျနေသည်။ တခြားသော ကောင်မလေးများကလည်း မုန့်ချိုကို စွဲလမ်းနှစ်သက်နေကြသည်။ မုန့်ချိုရဲ့အရသာက ကောင်းမွန်မည်ဟု သိသော်လည်း လှပလွန်းသည့် အတွက် မစားရက်ပေ။
သလင်းကျောက်ကဲ့သို့ ထိုးဖောက်မြင်နိုင်သည့် ဇွန်းကို ကိုင်ဆောင်ပြီး ခဏကြာအောင် တုံ့ဆိုင်းနေသည်။ မည်သည့်အပိုင်းကို စတင်စားရမလဲ မသိသောကြောင့် တုံ့ဆိုင်းနေခြင်း ဖြစ်သည်။
"ထားလိုက်ပါတော့။ မစားဘဲ ထိုင်ကြည့်နေရင် သရေတွေ မုန့်ပေါ်ကျတော့မယ်"
မန်မန်က ဆာလောင်မွတ်သိပ်သော ခံစားချက်ဖြင့် ဇွန်းကို မြဲမြံစွာ ကိုင်လိုက်ပြီး မုန့်ချိုကို တစ်ဖဲ့ဖဲ့လိုက်သည်။ မုန့်သားရဲ့ အထူက အသင့်အတင့် ရှိပြီး အစာသွပ် ထည့်ထားသော ယိုကလည်း လုံလောက်မှု ရှိသည်။ မုန့်သားကို ဖဲ့လိုက်သည့်အခါ အထဲတွင် အစာသွပ် ထည့်ထားသည့် နှင်းဆီယိုက ခဲနေပြီး ပြန့်ကျဲသွားခြင်း မရှိပေ။မုန့်သားကို ဖဲ့လိုက်၍ မွှေးရနံ့က ပိုပြင်းထန်လာသည်။
"ဝိုး"
ခံတွင်းထဲ မုန့်သားတစ်ကိုက်ကို ကိုက်ကြည့်ပြီးနောက် မုန့်ချိုရဲ့ အရသာကို မန်မန် စွဲလမ်းသွားသည်။ ကောင်းစွာ ပြုလုပ်ထားသည်။ ကစီဓာတ် ပေါကြွယ်ဝသည့် ကောက်ညှင်းဆန်မှုန့်ကား ပူနွေးသော နှုတ်ခမ်း၊ လျှာနှင့် ထိတွေ့သွားသောအခါ အရည်ပျော်သွားသည်။ အရည်ပျော် သွားသည်နှင့် တပြိုင်နက် နှင်းဆီမွှေးရနံ့လည်း ထွက်ပေါ်လာသည်။
စွဲမက်ဖွယ်ကောင်းသော မွှေးရနံ့နှင့် နူးညံ့သော အထိအတွေ့ကြောင့် ခံတွင်း တွေ့စေသည်။ မုန့်ချိုကို မိန်းကလေးအများစု နှစ်သက်ကြသည်။ အရောင်အသွေးနှင့် နူးညံ့မှုကြောင့် နှစ်သက်ကြခြင်း ဖြစ်သည်။ မုန့်ချို၏ ဆွဲဆောင်မှုကို ခုခံနိုင်ရန် မလွယ်ကူပေ။
မုန့်ချိုကို မကြိုက်နှစ်သက်သူ အများစုက တချို့သော ဆိုင်များတွင် ရောင်းချသည့် မုန့်ချိုများသည် အလွန်အမင်း အချိုဓာတ် လွန်ကဲသောကြောင့် ဖြစ်သည်။ သို့သော်လည်း မန်မန်၏ ခံတွင်းထဲ ရောက်ရှိနေသည့် နှင်းဆီအရသာက အချိုကဲသည့် ခံစားချက်ကို မပေးစွမ်းပေ။ အနည်းငယ် ချိုမြရုံသာမက နှင်းဆီ၏မွှေးရနံ့ကိုလည်း ရရှိသည်။ သေချာဝါးကြည့်လိုက်သောအခါ အထဲတွင် အစာသွပ် ထည့်ထားသည့်ယိုက နှင်းဆီယိုမှန်း သဘောပေါက် သွားသည်။
"နှင်းဆီပန်းခင်းကြီးကို စားလိုက်ရသလိုပဲ ခံစားရတယ်" မန်မန်က တအံ့တဩ နှုတ်ကို ဖွင့်ဟလိုက်သည်။ သို့တိုင် သူ၏ ခံတွင်းထဲ ပျံ့လွင့်နေသည့် နှင်းဆီပန်းရနံ့များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်စိတ် ဖြစ်မိသည်။ သေးငယ်သော မုန့်ချိုကို မန်မန် ကုန်အောင် စားခဲ့သည်။
"နင့်ရဲ့မုန့်ချိုကရော ဘယ်လို အရသာရှိလဲ။ သဘောကျလား"
မန်မန်က ဆံပင်တိုတိုနှင့် ကောင်မလေး မုန့်ချိုစားကုန်မည့်အချိန်အထိ စောင့်ဆိုင်းနေပြီး သူမ သိလိုသည့် အချက်ကို မေးမြန်းလိုက်သည်။
"အရမ်းကို အရသာရှိတယ်။ ဇီးချိုသီးယိုက အရမ်းကို ချိုမယ်လို့ ထင်ခဲ့တာ။ အရမ်းမချိုဘူး။ ဒီမုန့်ချိုကို စားလိုက်ရတာ လတ်ဆတ်ပြီးတော့ ချိုတဲ့ဇီးသီးကို စားလိုက်ရသလိုပဲ။ ဒီ့ပြင် စိတ်ပျက်ဖို့ကောင်းတဲ့ ဇီးသီးခွံတွေလည်း မပါဘူး"
ကောင်မလေးက စိတ်လှုပ်ရှားသော အမူအရာဖြင့် တဖွဲ့တနွဲ့ ရှင်းပြသည်။
"တခြား မုန့်ချိုတွေကိုလည်း ငါတို့ မြည်းစမ်းကြည့်ချင်တယ်"
မန်မန်က သန့်ရှင်းတောက်ပြောင်နေသည့် ပန်းကန်ပြား ၂ချပ်ကို နောင်တရဟန် ငေးကြည့်လိုက်သည်။
"ဟုတ်တယ် ဒါပေါ့။ နင် အကြံပေါ်လို့လား"
ဆံပင်တိုတိုနှင့် ကောင်မလေးက နောင်တရသော အမူအရာကို ဖော်ပြသည်။
"ငါ အကြံပေါ်လာလို့ပေါ့။ စမ်းသပ်ကြည့်ကြမလား"
မန်မန်က ရုတ်တရက် အကြံပေါ်လာ၍ ဘေးနားက ကောင်မလေးကို မေးမြန်းလိုက်သည်။
"ဘယ်လိုအကြံ ပေါ်လာတာလဲ"
ဆံပင်တိုတိုနှင့် ကောင်မလေးက စပ်စုလိုသော ဆန္ဒများ ဖြစ်ပေါ်လာသည်။
"ငါလုပ်မှာကို စောင့်ကြည့်နေလိုက်။ အချိန်တန်ရင် သိလိမ့်မယ်"
မန်မန်က ယုံကြည်မှု အပြည့်ဖြင့် ပြောသည်။
"အွန်း"
ဆံပင်တိုတိုနှင့် ကောင်မလေးက ထိုစကားကို ကြားပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"သူဌေးယွမ်"
မန်မန်က ကျယ်လောင်စွာ ထအော်သည်။
"ဘာကိစ္စများ ရှိလို့လဲ"
ယွမ်ကျိုးက သူတို့၂ယောက်ရဲ့ ပန်းကန်အလွတ်ကို ကြည့်လိုက်ပြီး၊ မန်မန်ရဲ့ စိတ်လှုပ်ရှားနေသော မျက်နှာကို ကြည့်သည်။
"အရသာမတူတဲ့ မုန့်ချိုကို ထပ်မှာချင်လို့ပါ"
မန်မန်က ယုံကြည်မှု အပြည့်ဖြင့် ပြောသည်။
"စည်းမျဉ်းတွေကို နံရံမှာ ရေးထားပါတယ်။ ပြောင်းလဲခြင်း မရှိပါဘူး"
ယွမ်ကျိုးက ချက်ချင်း တုံ့ပြန်သည်။ သို့သော်လည်း သူက ပုံမှန်အတိုင်း ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။
"ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကြက်ဥပေါင်းကိတ် တုန်းကကျတော့ အရသာမတူလို့ ၂ခုမှာခွင့်ပြုတယ်လေ။ မုန့်ချိုကျတော့ မရဘူးလား"
မန်မန်က သူ့အတွေးကို ထုတ်ပြောသည်။
"အရသာကြောင့်တော့ မဟုတ်ဘူး"
ယွမ်ကျိုးက ဤမေးခွန်းနှင့် ပတ်သက်ပြီးတော့ ရှင်းပြပြီးသား ဖြစ်သည်။
"အရသာမတူတော့၊ ဟင်းပွဲမတူတဲ့သဘောဆိုတာကိုတော့ ငါလက်ခံထားတယ်လေ။ ဒါကြောင့်မလို့ ဇီးချိုသီးယိုနဲ့ နှင်းဆီယိုကို မတူညီတဲ့ ဟင်းပွဲအဖြစ် သတ်မှတ်လို့ မရဘူးလား"
မန်မန်က ယုံကြည်မှု အပြည့်ဖြင့် မေးမြန်းသည်။
"မရဘူး။ သတ်မှတ်လို့ မရဘူး။ ဒါက ပုံမှန်အတိုင်း အစာသွပ် ထည့်ထားတာ။ မတူညီတဲ့ ဟင်းပွဲအဖြစ် သတ်မှတ်လို့ မရဘူး"
ယွမ်ကျိုးက မပွင့်တပွင့် ပြောသည်။ သူကိုယ်တိုင်လည်း ဤပြဿနာရပ်နှင့် ပတ်သက်ပြီး စနစ်ကို မေးမြန်းထားခြင်း ဖြစ်သည်။ သို့သော်လည်း စနစ်၏ တုံ့ပြန်မှုက နှုတ်ဆိတ်ခြင်းသာ ဖြစ်နေသည့် အတွက် ယခုလို ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်။
"စည်းမျဉ်းတွေ ထပ်ပြီးတော့ ထည့်သင့်တယ်လို့ ကျွန်မ ခံစားမိတယ်"
မန်မန်က မရမက တိုက်တွန်းသည်။
"တခြားသူက မင်းရဲ့ထိုင်ခုံကို ယူဖို့ စောင့်နေပါတယ်"
မန်မန်၏အကြံပြုချက်ကို ယွမ်ကျိုး လက်သင့်ခံသည်။ နောက်ထပ် မုန့်ချိုများကို ရောင်းချခွင့်ရလျှင် ၁၀၈ယွမ် အပိုဆောင်းရမည် ဖြစ်၍ ငွေမက်မောသော ယွမ်ကျိုးက လက်ခံခြင်း ဖြစ်သည်။ ထို့အပြင် ငွေမက်လွန်းသည့် ယွမ်ကျိုးက မန်မန်ကို တခြားသူအား ထိုင်ခုံပေးရန် အသိပေးခဲ့သည်။
"..."
ယွမ်ကျိုး၏ အဖြေကြောင့် မန်မန် နှုတ်ဆိတ်သွားသည်။ သူ့ခြေထောက်တွင် စီးထားသော ဖိနပ်ကို ချွတ်ပြီး ယွမ်ကျိုး၏ပါးကို ဖိနပ်ဖြင့် ရိုက်ချင်စိတ် ပေါက်လာသည်။ သို့သော်လည်း သူဌေးယွမ် သယ်ဆောင်လာသည့် မုန့်ချို နောက်တစ်မျိုးကို မြင်သောအခါ သူ၏အကြံကို လက်လျော့လိုက်သည်။ မုန့်ချိုလောကတွင် နာမည်ကြီးသည့် အစိမ်းရောင်မုန့်ချို ဖြစ်သည်။
မြစိမ်းရောင်ကဲ့သို့ လှပပြီး၊ မုန့်ချိုမှ အအေးငွေ့လေးများ ထွက်ပေါ်နေသည်။ မုန့်ချို၏ အောက်တွင် အစိမ်းရောင် အရွက်များ အလှဆင်ထားခြင်း မဟုတ်ဘဲ၊ အနီရောင်ပန်းပွင့် ပွင့်ချပ်ကလေးများကို အလှဆင်ထားသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် စားသုံးသူ၏ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။
"သူဌေးယွမ်က လှပလွန်းပြီး အရသာရှိတဲ့ မုန့်တွေကို ပြုလုပ်နိုင်တာပဲ"
ခဏကြာအောင် တိတ်တဆိတ် ရေရွတ်ပြီးနောက် မန်မန်က ယွမ်ကျိုးကို မသေမချင်း ရိုက်သတ်ချင်သည့် အကြံကို လက်လျော့လိုက်ပြီး ယွမ်ကျိုး၏ စားသောက်ဆိုင် အပြင်ဘက်သို့ တည်ငြိမ်စွာ ထွက်ခွာသွားသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက မန်မန်၏ အကြံအစည်ကို မသိခဲ့ပေ။
သူ၏လှပလွန်းသည့် မုန့်ချိုလေးကြောင့် ခန့်ညားသော မျက်နှာလေးကို ကယ်တင်နိုင်ခဲ့မှန်းလည်း မသိခဲ့ချေ။ မုန့်ချို၂၅ခုကို ခဏလေးအတွင်း ရောင်းကုန်သွားသည်။ ထို့နောက် တခြားသော ကောင်မလေးများက မုန့်ချို ထပ်မံရောင်းချရန် အတွက် တောင်းဆိုကြသည်။ သို့တိုင် ယွမ်ကျိုး၏ စိတ်နေသဘောထားကို သိနေ၍ အထိုက်အလျောက် ပြန်လည်တုံ့ပြန်ကြသည်။
"မနက်ဖြန် ဆိုင်ဖွင့်ချိန် ရောက်ရင် မုန့်ချိုတွေကို ထပ်ရောင်းပေးပါ့မယ်။ ဒါပေမဲ့ ဘယ်လောက် ပမာဏ ရောင်းမလဲဆိုတာ အတိအကျတော့ မသိသေးပါဘူး"
ယွမ်ကျိုးက လေးနက်စွာ ပြောသည်။ ထို့နောက် တခြားသော မေးခွန်းများကို ပြန်လည် တုံ့ပြန်မှုမရှိတော့ပေ။ မုန့်ချိုများ စားရရန် အတွက် ကောင်မလေးများက သူတို့၏ထူးကဲသော အရည်အချင်းများကို အသုံးပြုကြသည်။
သီချင်းဆိုခြင်း၊ စာဖတ်ခြင်း၊သရုပ်ဆောင်ခြင်း၊ ဒေါသထွက်ချင်ယောင် ဟန်ဆောင်ခြင်း (သို့တည်းမဟုတ်) ကလူသော အမူအရာများကို ပြုလုပ်ပြီး ကိုယ်ကျိုး ရှာကြသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက သူ့ငွေများကို လိမ်လည်လှည့်ဖျားရန် ကြိုးစားနေသည်ဟု ယူဆ၍ လျစ်လျူရှုထားသည်။ လှပသော ဖောက်သည်များကို မြင်တွေ့ရလျှင် ယွမ်ကျိုးက လျော့ဈေး ပေးလိမ့်မည်ဟုလည်း ဖောက်သည်တချို့က လက်ခံထားကြသည်။
ထို့ကြောင့်လည်း ဖောက်သည်များ၏တုံ့ပြန်မှုများကို ယွမ်ကျိုးက လျစ်လျူရှုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးက သူတို့အားလုံးကို လျစ်လျူရှုထားပြီး ကိုယ့်အလုပ်ကို ဆက်လုပ် နေလိုက်သည်။
ထိုမှသာ ရောင်းချရန် မုန့်ချို မရှိတော့ကြောင်း သူတို့အားလုံးလက်ခံသွား၍ ဆိုင်မှ ထွက်သွားကြသည်။ သူဌေးတုံက စားသောက်ဆိုင်ထဲသို့ စောစောစီးစီး ရောက်ရှိလာသော်လည်း နံရံပေါ်တွင် မြင်တွေ့ရသည့် မုန့်ချို ဈေးနှုန်းကို မြင်ပြီး တုန့်ဆိုင်းသွားသည်။
ထိုင်ခုံခ ၂၀ယွမ် ထပ်ပေါင်းလျှင် စုစုပေါင်းကုန်ကျငွေက ဈေးပေါသည့် အနေအထား မဟုတ်ပေ။ သူက မိန်းမငယ်လေး မဟုတ်သည့်အတွက် စားချင်သည့်တိုင် ဝယ်မစားသင့်ပေ။ ထို့ကြောင့် သူမဟာ ရှုပ်ယှက်ခတ်နေသော မြင်ကွင်းကို စောင့်ကြည့်ရုံသာ တတ်နိုင်သည်။ ပျားပန်းခပ်နေသည့် ညဖက် ဆိုင်ဖွင့်ချိန်သည် သိပ်မကြာခင်မှာပင် ကုန်လွန်သွားခဲ့သည်။
ဆုလာဘ်ကို ကြည့်ပြီး ယွမ်ကျိုးက လက်ခံချင်သည့် ဆန္ဒကို ထိန်းမရပေ။ ပျားနို့က ရှားပါးပစ္စည်း ဖြစ်သည်။ ရန်ဖန်ပျားနို့ မဆိုထားဘိ ပျားနို့တိုင်းက ရှားပါးပစ္စည်း ဖြစ်သည်။ ထို့ပြင် ရန်ဖန်ပျားရည်ကလည်း ရှားပါးပစ္စည်း ဖြစ်သည်။
"စနစ်၊ ဒီဆုလာဘ်ကို လက်ခံဖို့ တခြား တောင်းဆိုချက်တွေ ရှိလား"
ယွမ်ကျိုးက အတည်ပြုဟန် မေးမြန်းလိုက်သည်။
စနစ်က ဖော်ပြသည်။
[မရှိပါဘူး]
"ဒါဆိုရင် အခုပဲ လက်ခံလိုက်တော့မယ်"
ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက ဆုလာဘ်ကို လက်ခံလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ပျားရည်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သည်။ သို့သော်လည်း သိပ်မကြာခင်မှာပင် ယွမ်ကျိုး နောင်တရလိမ့်မည်။ ဆုလာဘ်ကို လက်မခံရန်သာ မျှော်လင့်နေလိမ့်မည်။
"စနစ်၊ မင်းငါ့ကို အဆင့်ချလိုက်တာလား"
ယွမ်ကျိုးက နာကြည်းမုန်းတီးသော အမူအရာဖြင့် မကျေမနပ် ပြောဆိုသည်။
အပိုင်း(၂၂၉)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၂၃၀) စစ်ပီး
“ငါ့ကို ဒီလိုမျိုး အဆင့်လျော့ချလိုက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
ယွမ်ကျိုးက နာကြည်းမုန်းတီးသောအမူအရာဖြင့်ပြောဆိုသည်။
စနစ်က ဖော်ပြသည်။
[ဆုလာဘ်ကို ထုတ်ပြန်ပြီးပါပြီ။ တစ်ချက်စစ်ဆေးကြည့်ပေးပါ]
“ဆုလာဘ်ကို လက်ခံချင်ပေမယ့် ဘယ်လိုရယူရမလဲဆိုတာပြောလေ”
စနစ်က ရုပ်ဝတ္ထုအကောင်အထည်ရှိလျှင် ယွမ်ကျိုးအား မျက်နှာကို ထိုးကြိတ်ပြီးလောက်ပြီဖြစ်သည်။
[အထူးဆုလာဘ် - ရန်ဖန်ပျားနို့] (လက်ခံရယူနိုင်ပါပြီ)
[လက်ခံရယူမည့်နည်းလမ်း]
[ရန်ဖန်ပျားနို့က အနီးအနားမှာရှိတဲ့ ရွှေခိုမြို့၏ အရှေ့ဘက်၊ ချန်ဖိုမြို့၊ ကွေ့ဖူးမြို့ရဲ့ မြောက်ဘက်၊ ဆန်ဖန်မြို့၊ ချိုင်ဟဲမြို့ရဲ့ အနောက်တောင်ဘက် အဲဒီနေရာတွေရဲ့ ကိုဩဒိနိတ်မျဉ်းအရ အရှေ့လောင်ဂျီကျုကနေ ကြည့်မယ်ဆိုရင် ၉၅ ဒီဂရီ ၂၇ မိနစ်နဲ့ ၁၀၆ ဒီဂရီ ၁၁ မိနစ်ကြား၊ မြောက်လတ္တီကျုကနေကြည့်မယ်ဆိုရင် ၂၃ ဒီဂရီ ၀၃ မိနစ်နဲ့ ၃၃ ဒီဂရီ ၁၁ မိနစ်ကြား အဲဒီနေရာမှာ ရယူနိုင်ပါတယ်]
ယွမ်ကျိုးက ပျားနို့ရယူနိုင်သောနေရာကိုကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“စနစ်၊ မင်းနဲ့ငါနဲ့ သေချာညှိနှိုင်းဆွေးနွေးဖို့ လိုအပ်တယ်”
ယွမ်ကျိုးက သက်ပြင်းချလိုက်ပြီး မပွင့်တပွင့်ပြောသည်။
စနစ်က ဖော်ပြသည်။
[စားဖိုမှူးတစ်ယောက်အနေနဲ့ အဖိုးတန်တဲ့ ဟင်းချက် အသုံးအဆောင်ပစ္စည်းတွေကို ရယူဖို့ ကြိုးစားသင့်ပါတယ်]
စနစ်က ဖော်ပြသည့် စကားလုံးကြောင့် ယွမ်ကျိုးနှုတ်ဆိတ်သွားသည်။ အချိန်ကန့်သတ်ချက်မရှိ၍ ကံကောင်းသည်ဟု ခံစားမိသည်။
ဟင်းချက်အသုံးအဆောင်ပစ္စည်းများ ရွေးချယ်ခြင်းအတွက် စနစ်မှ ထောက်ပံ့ပေးထားသော တခြားသော ပစ္စည်းများဖြင့် နှိုင်းယှဉ်ကာ လေ့လာကြည့်ရန် ဆုံးဖြတ်ထားသည်။
“ခင်ဗျားဘက်ကနေ လိပ်စာအတိအကျပေးသင့်တယ်။ ဦးတည်ဘက်တွေတောင် သေချာမသိတဲ့သူက လတ္တီကျူတွေ၊ လောင်ဂျီကျူတွေကို မှတ်မိနိုင်ပါ့မလား”
ယွမ်ကျိုးက ချက်ချင်းခွန်းတုံ့ပြန်သည်။ သို့သော်လည်း စနစ်က ယွမ်ကျိုး၏တုံးအမှုကို တုံ့ပြန်မှု မရှိခဲ့ပေ။
“ပျားနို့ဆိုတာ ထူးခြားမှုတော့မရှိပါဘူး။ တခြားဟာတွေ ကောင်းကောင်းချက်တာပဲကောင်းမယ်”
ယွမ်ကျိုးက မီးဖိုချောင်ကို လှည့်ပတ်ကြည့်ရှုပြီး ကိုယ့်ဘာသာကိုယ် အားပေးဟန် လေသံဖြင့် စကားပြောဆိုသည်။
ခဏကြာလျှင် အရက်ဆိုင်ဖွင့်ရတော့မည်ဖြစ်၍ ယွမ်ကျိုးက ကြိုတင်ပြင်ဆင်သင့်သည့် တချို့သော အလုပ်များကို လုပ်ဆောင်ရန်လိုအပ်သည်။
အရက်ဆိုင်ဖွင့်ချိန်အတောအတွင်း ယွမ်ကျိုး အလုပ်အနည်းငယ်သာရှိသည်။ ဝါးတောအတွင်း သိမ်းဆည်းထားသောအရက်များကို ယူဆောင်ပြီး အော်ဒါတင်ထားသော ဖောက်သည်များကို တည်ခင်းပေးရမည်။
ကျန်အလုပ်များကို ယွမ်ကျိုးစိုးရိမ်ရန်မလိုအပ်ချေ။ ထို့ပြင် အရက်နှင့်တွဲဖက်စားမည့်အမြည်းကို မရောင်းချသည့်အပြင် အရက်အပိုလည်း ရောင်းချခြင်းမရှိပေ။
ထို့ကြောင့် ယွမ်ကျိုးက အရက်ဆိုင်မှာ အလုပ်သမား ခန့်ရန်အတွက် မလိုအပ်ချေ။
သို့တိုင် ယွမ်ကျိုးက အရက်ဆိုင်မှာ အလုပ်လုပ်ဖို့အတွက် အလုပ်သမားကို ငှားရမ်းရန်မျှော်လင့်ခဲ့သည်မှာ ကြာပါပြီ။
သို့သော်လည်း မုရှောင်ယွမ်က ငယ်ရွယ်လွန်းသည့်အတွက် နောက်ကျချိန်အထိ ဆိုင်မှာနေရန် မသင့်လျော်ချေ။
တခြားလူတစ်ယောက်က အလုပ်လာလျှောက်လာ၍ ယွမ်ကျိုး၏ မျှော်လင့်ချက်အားလုံး ပြီးပြည့်စုံသွားသည်။
"သူဌေးယွမ်၊ ကောင်မလေးတွေ အများစု ကြိုက်တဲ့ မုန့်ချိုကို ရောင်းပေးတယ်လို့ကြားတယ်။ ဟုတ်လား"
လှပသောဝတ်စုံကို ဝတ်ဆင်ထားသည့် ကျန်းချန်ရှီးက စားသောက်ဆိုင်ထဲ ဝင်လာလာခြင်း မေးမြန်းသည်။
"ဟုတ်တယ်။ အရောင်စုံ မုန့်ချိုပါ"
ယွမ်ကျိုးက ခေါင်းညိတ်ပြီး အတည်ပြုသည်။
"နေ့ဘက်ကျရင် ငါ့မှာအားလပ်ချိန်မရှိတာ ကံဆိုးသွားတယ်။ ပုံသဏ္ဍာန်ကြည့်ရတာ အရမ်းလှမဲ့ပုံပဲ။ ပုံစံက အရမ်းလှတယ်လို့ တခြားသူတွေ ပြောနေကြတယ်"
ကျန်းချန်ရှီးက ဖုန်းကိုကိုင်ထားပြီး နောင်တရသော အမူအရာဖြင့် စကားပြောသည်။
"သူဌေးယွမ်က အရက်နဲ့တွဲပြီး စားလို့ရမယ့် အမြည်းတွေ ရောင်းချဖို့ပဲ ငါတော့ စိတ်ဝင်စားတယ်။ ငါတော့ မစောင့်နိုင်တော့ဘူး"
ဖန်ဟမ်က အေးအေးလူလူ လမ်းလျှောက်လာပြီး စားသောက်ဆိုင်ထဲ ဝင်ရောက်လာသည်။ သူ၏ လက်ထဲတွင် နို့နှစ်ရောင် သေတ္တာဘူးများရှိသည်။
“လက်တလောတော့ အရက်နဲ့တွဲဖက်စားရမယ့်အမြည်းဟင်းတွေကို ငါ့ကိုကျွေးရမယ်။ အဲ့တာဝန်ကို မင်းယူရမယ်”
ချန်းဝေက သုန်သုန်နှင့်အတူ ရောက်ရှိလာသည်။
“ကိစ္စမရှိဘူး။ အမြည်းဟင်းပွဲတွေကို အလကားစားနိုင်ပါတယ်။ ဒါပေမဲ့ အရက်တစ်ခွက်တော့ ငါ့ကို ပေးရမယ်”
ဖန်ဟမ်က ပြုံးကာပြောသည်။
“သူဌေးဖန်၊ ခင်ဗျားက ကောက်ကျစ်လှချည်လား။ အရက်နဲ့တွဲသောက်လို့ရတဲ့ အမြည်းဟင်းတွေ အများကြီးပေးပြီးတော့ အရက်တစ်ခွက်ကို လိမ်ယူချင်တာလား။ ဒီလိုတော့မရဘူးနော်”
သုန်သုန်က ကြမ်းတမ်းသောစကားများကို ပြောသည်။
“မဟုတ်ဘူး၊ မင်းပြောနေတာတွေ မှားနေပြီ။ ငါ့ဆိုင်မှာရောင်းချတဲ့ ဟင်းပွဲတွေက မဆိုးပါဘူး။ သူဌေးယွမ်ရဲ့ အရက်ကို မယှဉ်နိုင်ပေမယ့် နိမ့်ကျတဲ့အဆင့်တော့ မဟုတ်ပါဘူး။ အရက်တစ်ခွက်က ရင်းနှီးဖော်ရွေမှုအတွက် ဖလှယ်တဲ့သဘောပါ”
ဖန်ဟမ်က သိမ်မွေ့စွာပြောသည်။
“ထားလိုက်ပါတော့။ ငါ့ဘာသာငါပဲ အမြည်းတွေ ပြင်ဆင်လာတော့မယ်"
ချန်းဝေက နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။
သူတို့ညီအစ်ကို နှစ်ယောက်ပင် အရက်ကို မျှသောက်နေရသည်။ ဖန်ဟမ်က သူတို့ထံမှ အရက်ကို တောင်းခံလာ၍ လက်သင့်ခံဖွယ် မရှိချေ။
သူတို့ထံမှ အရက်တောင်းရန် ကြိုးစားမည့်အစား သူတို့၏ အသားများကို လှီးဖြတ်သွားခြင်းက ပို၍ ကောင်းမွန်လိမ့်မည်။
သူတို့ထံမှ အရက်တစ်ခွက်ကို ပေးမည့်အစီအစဉ် မရှိချေ။
"ကိစ္စမရှိပါဘူး။ တခြားဟာတွေတော့ လဲလှယ်လို့ ရပါတယ်။ အရက်တော့ မပေးနိုင်ဘူး"
"မိန်းကလေးကျန်းကတော့ ဒီလိုမျိုး အရောင်းအဝယ်လုပ်ရတာတွေ သဘောကျတယ်။ သူက အသက်ငယ်ငယ်၊ အသက်ကြီးကြီး သူ့ရဲ့တောင်းဆိုချက်က အတူတူပဲ။ ဟုတ်တယ်မလား မိန်းကလေးကျန်း"
ဖန်ဟမ်က ကျန်းချန်ရှီးကို ပြုံးကာ စကားပြောလာသည်။
"ငါ့ကို ထည့်မတွက်နဲ့။ ရှင်က အရမ်းကို ကောက်ကျစ်လွန်းတယ်။ သူဌေးယွမ်ရဲ့ ဟင်းပွဲတွေအားလုံးက အရမ်းကောင်းတယ်။ ဈေးကြီးပေမဲ့ နားလည်လို့ ရသေးတယ်။ ရှင့်ရဲ့ဟင်းပွဲတွေကိုတော့ ၁၀၀ ယွမ်ပဲပေးနိုင်မယ်။ အဲ့ထက်ပိုပြီး မပေးနိုင်ဘူး"
ကျန်းချန်ရှီးက တွေးကြံပြီးနောက် ပွင့်လင်းစွာပြောသည်။
"ငါ့ရဲ့ဆိုင်မှာ ဈေးအကြီးဆုံးက တန်ဖိုးဖြတ်လို့မရတဲ့ ခင်မင်မှုပဲ"
ဖန်ဟမ်က အေးအေးဆေးဆေးပြောသည်။ စီးပွားရေးသမားတစ်ယောက်အနေဖြင့် မျက်နှာပြောင်တိုက်တတ်ရန် လိုအပ်သည်။
ယွမ်ကျိုးရောက်ရှိလာပြီး ဖောက်သည်များကို အရက်ဆိုင်သို့ ဦးဆောင်ခေါ်သွားသည်။
"ဆိုင်ထဲဝင်ကြမယ်။ အရက်တူတူသောက်ကြတာပေါ့။ ကုန်သည်ကြီးဖန်၊ အရက်သောက်ခွင့်ရဖို့အတွက် ခဏနေရင် ဂိမ်းကလေးတွေ ဆော့ကြတာပေါ့"
ချန်းဝေက ဖန်ဟမ်ကို နာမည်ပြောင် ချက်ချင်း ပေးလိုက်ပြီး သုန်သုန်နဲ့အတူတူ အရက်ဆိုင်သို့ ဝင်ရောက်လာသည်။
"ကိစ္စမရှိဘူး။ ခွက်တစ်ဝက်လောက်ရလည်း ပြဿနာမရှိပါဘူး"
ဖန်ဟမ်က သူ၏ ရည်ရွယ်ချက်ကို ထုတ်ပြောသည်။
"ကျွန်မလည်းပါမယ်"
ကျန်းချန်ရှီးက ဂိမ်းကစားရခြင်းကို စိတ်ဝင်စားသည်။
"ကိစ္စမရှိဘူး။ အတူတူကစားကြတာပေါ့"
ချန်းဝေက ချက်ချင်းပြန်ပြောသည်။ ကျန်းရှန်း မရှိသောကြောင့် ချန်းဝေက ယခုလိုစကားမျိုး ပြောခြင်းဖြစ်သည်။
ကျန်းရှန်းမရှိ၍ အနိုင်ရသူက သူဖြစ်သွားနိုင်သည်။ သူတို့အားလုံး အပေါ်ထပ်သို့ ရောက်သောအခါ လူအများစုက အရက်သောက်ရင်း ဂိမ်းကစားကြသည်။
သက်ဝင်လှုပ်ရှားဖွယ်ကောင်းသော မြင်ကွင်းလေးဖြစ်သည်။
သို့သော်ငြားလည်း ယွမ်ကျိုးက မြေပုံကို တိတ်တဆိတ် ဖွင့်လိုက်ပြီး ပျားနို့ရရှိနိုင်သည့်နေရာကို စစ်ဆေးနေသည်။
"စနစ်၊ ပျားနို့ကို ကောင်းစွာ ထုတ်ပိုးထားပြီး အဲဒီနေရာမှာ ထားထားတာလား"
ယွမ်ကျိုးက သူသိလိုသည့် အချက်ကို မေးမြန်းလိုက်သည်။
စနစ်က ဖော်ပြသည်။
[ဆိုင်ရှင်၊ ကိုယ့်ဘာသာကိုယ် လေ့လာကြည့်ပါ။ နည်းလမ်းကို ထောက်ပံ့ပေးပါ့မယ်]
"ဒါကတော့ ငါသိတာပေါ့"
ယွမ်ကျိုးက မြေပုံကို ဆက်လက်စစ်ဆေးနေသည်။ စိတ်ရှုပ်ထွေးဖွယ်ကောင်းသောရလဒ် မဟုတ်ပေ။
နယ်မြေက သူတို့ပြည်နယ်အတွင်း ရှိနေသည်။ အသွားအပြန်နှစ်ရက်လောက်သာ ကြာနိုင်သည်။
နေရာကို သိရှိသွားပြီးနောက် မည်သည့်အချိန် သွားသင့်လဲ စဉ်းစားရန်သာ ကျန်တော့သည်။
စနစ်က အချိန်ကန့်သတ်ချက် မပေးထား၍ အလောတကြီး ပြုမူရန် မလိုအပ်ချေ။ ထို့ကြောင့် ယွမ်ကျိုး စိုးရိမ်သောက မရှိပေ။
လက်ရှိအချိန်တွင် ပျားရည်အသုံးပြုရန် လိုအပ်သည့် အစားအသောက်လည်း မရောင်းချရသေးပေ။
အရက်ဆိုင်ကို ညလယ်အထိ ဖွင့်ပေးထားသည်။ ဆိုင်ပိတ်ခါနီး ကျန်းချန်ရှီးက သူမကို လာခေါ်ရန် လူကြီးမင်းပေကို ဖုန်းခေါ်ခဲ့သည်။
လူကြီးမင်းပေက အတွေ့အကြုံရှိသူဖြစ်သည်။ စားသောက်ဆိုင်သို့ ရောက်ရှိသောအခါ ကျန်းချန်ရှီးက အောက်ထပ်သို့ ရောက်ခါနီးနေပါပြီ။
"ဒီနေ့လည်း ဒီဆိုင်မှာ အရက်လာသောက်တာလား။ အနံ့လေးကတော့ ကောင်းတယ်နော်"
လူကြီးမင်းပေက ပြုံးကာပြောသည်။
"လူကြီးမင်းပေ၊ ကျွန်မနဲ့အတူတူ အရက်တစ်ခွက်လောက် လိုက်သောက်ပါလား"
ကျန်းချန်ရှီးက ရက်ရက်ရောရော ကမ်းလှမ်းသည်။
"ရပါတယ်။ မလိုအပ်ပါဘူး။ အရမ်းနောက်ကျနေပြီ"
လူကြီးမင်းပေ၏အဖြေက အမြဲတမ်း အတူတူပင် ဖြစ်သည်။
"ရှင်က အရင်တစ်ခေါက်တုန်းကလည်း ဒီစကားပဲပြောတယ်"
ကျန်းချန်ရှီးက အနောက်ဘက်ထိုင်ခုံမှာ ထိုင်နေစဉ် ဒွိဟဖြစ်သော လေသံဖြင့် ပြန်ပြောသည်။
သူမ သိရသလောက် လူကြီးမင်းပေက အရက်ကောင်းများကို စွဲလမ်းနှစ်သက်သည့် သဘောရှိသည်။
သူမက ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် ရောင်းချသည့်အရက်ကို တိုက်မည်ဟု ကမ်းလှမ်းလျှင် လက်ခံသင့်သည်။
သို့တိုင် လူကြီးမင်းပေက သူမ၏ တောင်းဆိုချက်များကို ငြင်းပယ်ခဲ့သည်။
ကျန်းချန်ရှီး ကားထဲရောက်သောအခါ အရက်နံ့ကို ရှူရှိုက်ကြည့်ရုံဖြင့် အရက်ကောင်းမှန်း လူကြီးမင်းပေ သိသည်။
"ဟုတ်တယ် အမှန်ပဲ။ ငါ ကားမောင်းထွက်တိုင်း ငါ့မိန်းမက အိမ်မှာ အမြဲစောင့်နေတာလေ။ အိမ်ပြန်နောက်ကျရင် သူစိုးရိမ်နေလိမ့်မယ်"
လူကြီးမင်းပေက ပွင့်လင်းစွာပြောသည်။
"ဒါဆိုရင် ဒီနေ့လည်း စောင့်နေတာလား။ နေ့တိုင်း၊ နေ့တိုင်း ရှင့်ကိုစောင့်ရင်း နောက်ကျမှ အိပ်ရလို့ အရမ်းပင်ပန်းနေမှာပဲ"
ကျန်းချန်ရှီး ပြောသည်။
"ဒီနေ့တော့ မစောင့်လောက်တော့ပါဘူး။ အရမ်းအိပ်ငိုက်လာလို့ အိပ်နေလောက်ပြီ"
လူကြီးမင်းပေက ကားမောင်းခြင်းကို အာရုံစိုက်နေစဉ် ပြုံးရွှင်စွာပြောသည်။
"ဒါဆိုရင် အိမ်စောစောပြန်ဖို့ မလိုအပ်ဘူးပေါ့။ မဟုတ်ဘူးလား"
ကျန်းချန်ရှီးက အထိုက်အလျောက် ပြန်ပြောသည်။
"မဟုတ်ဘူး။ ငါ အိမ်ကို စောစောပြန်မှရမယ်။ အိမ်မပြန်လို့မရဘူး။ မင်းကို အိမ်ပြန်ပို့ပြီးသွားရင် ကားဆက်မမောင်းတော့ဘူး။ အိမ်ပြန်တော့မှာ"
လူကြီးမင်းပေက သေသေချာချာ ကားကိုကွေ့လိုက်သည်။
"ဘာလို့လဲ"
ကျန်းချန်ရှီးက စပ်စပ်စုစု မေးမြန်းသည်။
"သူနိုးလာလို့ ငါ့ကိုမမြင်ရင် ပိုပြီးတော့ စိုးရိမ်နေလိမ့်မယ်"
လူကြီးမင်းပေ၏ အသံတွင် အနည်းငယ်စိုးရိမ်သော ခံစားချက်များကို ခံစားမိသည်။
"လူကြီးမင်းပေက ဇနီးကောင်းကို ပိုင်ဆိုင်ထားတာပဲ"
ကျန်းချန်ရှီးက ရိုးသားစွာပြောသည်။
"အင်း ... ဒီခံစားချက်ကို မင်း နောင်အနာဂတ်မှာ နားလည်လာမှာပါ"
လူကြီးမင်းပေက ကားကို တစ်နေရာမှာ ထိုးရပ်ပြီးနောက် ပေါ့ပေါ့ပါးပါးပြောသည်။
"အင်း"
ကျသင့်ငွေကို ပေးဆောင်ပြီး ကားပေါ်မှ ဆင်းပြီးနောက် ကားက လေကဲ့သို့ လျင်မြန်သောနှုန်းဖြင့် မောင်းထွက်သွားသည်။
အချစ်ဆိုသည့် စကားလုံးက ရိုးရှင်းသော စကားလုံးတစ်ခုသာဖြစ်သည်။ အချစ်ကို ပုံဖော်သည့် စကားလုံးများက ရိုးရှင်းသော စကားလုံး တချို့သာဖြစ်သည်။
'မင်းက ငါ့ကို စိုးရိမ်နေရင် ငါလည်း မင်းအတွက် အမြဲတမ်း စိုးရိမ်နေမယ်'
ဤသည်က ကောင်းမွန်သော ခံစားချက်ဖြစ်သည်။
အပိုင်း(၂၃၀)
ပြီးပါပြီ။
၂၃၁ မှ ၂၃၅
ယွမ်ကျိုး အပိုင်း(၂၃၁) စစ်ပီး
အပေါ်ထပ်သို့ တက်သွားစဉ် ကျန်းချန်ရှီးက လူကြီးမင်းပေ ပြောခဲ့သောစကားများကို တွေးပြီး အတွေးထဲ နစ်မြောနေသည်။
ဝိုင်နှစ်သက်သောလူတစ်ယောက်က အရက်ကောင်းတစ်ခွက်ကို သူမက တိုက်မည်ဟု ကမ်းလှမ်းသော်လည်း ငြင်းပယ်ပစ်သည်။
သူမလည်း သူမကို အရမ်းတန်ဖိုးထားတဲ့ အမျိုးသားတစ်ယောက်နှင့် မည်သည့် အချိန်မှ ဆုံတွေ့ရမည်နည်း။
ယွမ်ကျိုးက တံခါးကို ပိတ်ပြီး ရေမိုးချိုးသန့်စင်ရန် အပေါ်ထပ်သို့ တက်သွားသည်။ ထို့နောက် ရေမိုးချိုး သန့်စင်ကာ အိပ်ယာဝင်သည်။
ယနေ့ည သူ၏အိမ်မက်ထဲတွင် စနစ်က အဝါရောင် ကြက်ကြီး မဟုတ်တော့ဘဲ သူ့ကို နည်းမျိုးစုံဖြင့် အနှောင့်အယှက်ပေးနေသည့် မုန်းစရာကောင်းသော ပျားတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
၎င်းပျားသည် ပျားနို့ဆုလာဘ်ကို မရရှိအောင် အနှောက်အယှက်ပေးနေခြင်းဖြစ်သည်။ အကျိုးဆက် အနေဖြင့် ယွမ်ကျိုးက သူ၏ ဖိနပ်ဖြင့် ပျားကို မသေမချင်း ရိုက်သတ်ခဲ့ပြီး ဆုလာဘ်ကို အလွယ်တကူ ရရှိခဲ့သည်။
မကောင်းဆိုးဝါးနဂါးကို အနိုင်ရခဲ့သည့် စစ်သည်တော်တစ်ယောက်ကဲ့သို့ ယွမ်ကျိုး ဂုဏ်ယူဝံ့ကြွားနေမိသည်။ ထို့ကြောင့် ယနေ့ မနက်ခင်းတွင် ယွမ်ကျိုး ပုံမှန်ထက် လန်းဆန်းတက်ကြွနေသည်။
အင်တာဗျူးရန် အချိန် လိုအပ်သေးသည့်အကြောင်းကို တွေးမိသောအခါ ယွမ်ကျိုးက မနက်စာအတွက် တခြားသော ဟင်းပွဲများကို မချက်ပြုတ်ခဲ့ပေ။ သူက ရိုးရှင်းသည့် ခေါက်ဆွဲစွပ်ပြုတ်အချိုကိုသာ ချက်ပြုတ်ခဲ့သည်။
၎င်းခေါက်ဆွဲစွပ်ပြုတ်သည် မနက်စာရောင်းချသည့် ဟင်းပွဲထဲတွင် ကျော်ကြားသည်။
မနက် ၇နာရီ ၃၀ မိနစ်တွင် ယွမ်ကျိုးက အချိန်မှီ ဆိုင်တံခါးကို ဖွင့်ခဲ့သည်။ ဆိုင်တံခါးအပြင်ဘက်တွင် ကောင်မလေးနှစ်ယောက်ရှိနေသည်။
နှစ်ယောက်စလုံးက ရိုးရှင်းသော်လည်း နူးညံ့သောမျက်နှာကို ပိုင်ဆိုင်ထားသည်။ ဘယ်ဘက်တွင် မတ်တတ်ရပ်နေသူက မနေ့တုန်းက အင်တာဗျူးခဲ့သည့် ကောင်မလေးရှန်မင် ဖြစ်သည်။
သူမက သာမန်အဝါရောင်တီရှပ်နှင့် ဂျင်းကို တွဲဖက်ဝတ်ဆင်ထားပြီး ဆံပင်ကို ဆံထုံးပုံစံ ထုံးနှောင်ထားသည်။
သူမ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် လန်းဆန်းတက်ကြွသည့် ပုံစံရှိပြီး အလုပ်ကို လေးစားမည့်ပုံပေါ်သည်။
ညာဘက်တွင်ရှိသောကောင်မလေးက ရှန်မင် မိတ်ဆက်ပေးသော ဝန်ထမ်းအသစ် ဖြစ်သည်။ သူမကလည်း ရိုးရှင်းသော ပုံစံရှိသော်လည်း ငယ်ရွယ်ပြီး ရင့်ကျက်သော အမူအရာများကို မြင်တွေ့ရသည်။
၎င်းရင့်ကျက်မှုသည် သူမ၏ အသက်အရွယ်နှင့် လိုက်ဖက်မှု မရှိပေ။ သူမက အပြာရောင်ရှပ်အင်္ကျီနှင့် မီးခိုးရောင်ဂျင်းကို တွဲဖက်ဝတ်ဆင်ထားပြီး အလုပ်နှင့် လိုက်ဖက်ညီမှုရှိသည်။
“မင်္ဂလာနံနက်ခင်းပါ သူဌေး။ ဒီတစ်ယောက်ကတော့ ကျွန်မရဲ့ ဇာတိမြို့က ရှောင်ကျာပါ။ ဘွဲ့ရထားတာ မကြာသေးပါဘူး။ ဒါကြောင့်မို့ တနင်္လာကနေ့ သောကြာနေ့အထိ နေ့ဘက်မှာ အလုပ်လုပ်ပေးနိုင်ပါတယ်။ သူက အရမ်းကို အလုပ်ကြိုးစားပြီးတော့ ဟိုတယ်မှာ အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံ ရှိပါတယ်။ သူ ဆိုရင်ကော အဆင်ပြေမလား”
ရှန်မင်က ကျယ်လောင်သော အသံဖြင့် ဦးစွာ စကားပြောသည်။ သို့သော်လည်း ယွမ်ကျိုး၏ တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့သောအမူအရာကို မြင်တွေ့ရသောအခါ သူမ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
“မင်္ဂလာနံနက်ခင်းပါ သူဌေး။ ကျွန်မက ဟိုတယ်မှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ကြမ်းတမ်းတဲ့အလုပ်တွေကိုလည်း တာဝန်ယူခဲ့ဖူးတယ်။ ဒါကြောင့်မလို့ ကျွန်မကို ငှားရမ်းတာအတွက် နောင်တမရစေရပါဘူး”
ရှောင်ကျာက အာမခံသည့်အနေဖြင့် သူကိုယ်သူ မိတ်ဆက်သည်။
“စားသောက်ဆိုင်က ညဖက် ၁၁ နာရီ ၃၀ မိနစ်မှ ပိတ်မှာနော်။ စားသောက်ဆိုင်ရှင်းလင်းဖို့လည်း မိနစ် ၂၀ လောက် အချိန်ယူရတယ်။ မင်းတို့ မိန်းကလေးတွေက အိမ်ပြန်ဖို့ အဆင်ပြေပါ့မလား”
ယွမ်ကျိုးက ကားမရှိမည်ကို ဂရုမစိုက်သည့် ကောင်မလေးနှစ်ယောက်ကို မေးမြန်းလိုက်သည်။
“တက္ကသိုလ်မြို့ကို ညဘက်သွားတဲ့ နောက်ဆုံးကားကို မှတ်ထားပါတယ်။ ဒီနေရာကို ည ၁၂ နာရီလောက် ဖြတ်သွားနိုင်တယ်။ အချိန်ကို ကြည့်ထားပြီးသားပါ”
ရှန်မင်က ဘေးလမ်း၊ လမ်းဆုံရှိ ဘတ်စ်ကားမှတ်တိုင်ကို ညွှန်ပြရင်း ဟုတ်မှန်ကြောင်း ပြောသည်။
“ပြန်ဖို့ ကားမစီစဉ်ပေးသလို၊ နေရာထိုင်ခင်းလည်းမပေး၊ အစားအသောက်လည်း မကျွေးဘူးနော်။ နင်တို့ဘာသာ နင်တို့ စီစဉ်ရမယ်။ တစ်ပတ်လုပ်အားခက ၁၃၀၀ ယွမ်။ ဘတ်စ်ကားစီးဖို့က ၂၅၀ ယွမ်။ စုစုပေါင်း ဒီဆိုင်မှာ တစ်နေ့ကို ၉ နာရီ အလုပ် လုပ်ရမယ်”
ယွမ်ကျိုးက သူပြောချင်သည့် အခြေအနေကို တင်ပြပြီး လုပ်အားခကို တစ်ခုချင်း ပြောသည်။
ယွမ်ကျိုး၏ လုပ်အားခပြောကြားခြင်းကို ထပ်မံကြားရပြီးနောက် ကောင်မလေးနှစ်ယောက်က စိတ်သက်သာရာ ရသွားသည်။
လက်ရှိအချိန်တွင် သူတို့နှစ်ဦးစလုံးက ဘွဲ့ရရှိထားသူ မဟုတ်သည့်အပြင် အချိန်ပိုင်းအလုပ်က တစ်နေ့ ယွမ် ၁၀၀ ရနိုင်သည့် အခွင့်အရေးဖြစ်သည်။
သူဌေးက နေရာထိုင်ခင်းနှင့် အစားအသောက် မပေးသည့်တိုင် အဆင်ပြေသည်ဟု ခံစားမိသည်။ ထို့ကြောင့် သူတို့နှစ်ဦးစလုံးက အလုပ်လုပ်ချင်သော ဆန္ဒရှိသည်။
“ကိစ္စမရှိပါဘူး"
"လုံးဝ ကိစ္စမရှိဘူး”
ကောင်မလေးနှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တစ်ပြိုင်နက်တည်း ပြောဆိုလိုက်သည်။
“ဒါဆိုရင် ဆိုင်ထဲဝင်လာခဲ့ပါ”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ကောင်မလေးနှစ်ယောက်ကို ဆိုင်ထဲ ဝင်ခွင့်ပြုလိုက်သည်။
“ကောင်းပြီ”
ကောင်မလေးနှစ်ယောက်က တစ်ပြိုင်နက်တည်း ပြန်ဖြေသည်။
“မင်းတို့နှစ်ယောက်က စိတ်ဝင်စားဖို့ ကောင်းသားပဲ”
ယွမ်ကျိုးက ဤအကြောင်းအရာကို စိတ်ထဲတွေးတောလိုက်သည်။
“ဒါက မီနူး နဲ့ စည်းမျဉ်းစည်းကမ်းတွေပါ။ မင်းတို့ဘာသာ မင်းတို့ သေချာမှတ်သားထားရမယ်။
ဖောက်သည်တွေက အော်ဒါတွေကို အော်ဒါတင်ရင် ငါ့ကိုလာပြောရမယ်။ ညဘက်အရက်ဆိုင်ဖွင့်ရင် အရက်ပုလင်းကို ဘယ်လိုစီစဉ်ရမလဲဆိုတာ နောက်မှသင်ပေးမယ်။
ညဘက်အလုပ်ဆင်းရင် လုပ်စရာရှိတဲ့ အိမ်စာတွေကို ယူလာလို့ရတယ်။ ညဘက်မှာ အလုပ်နည်းတယ်။ ဒါကြောင့်မို့လို့ အိမ်စာတွေ ဘာတွေရှိရင် လုပ်လို့ရတယ်”
ယွမ်ကျိုးက ကြာပန်းပုံစံ ပန်းချီရေးဆွဲထားသော နံရံပေါ်ရှိ မီနူးနှင့် စည်းမျဉ်းကို ညွှန်ပြပြီးပြောသည်။
“ဟုတ်ကဲ့"
"ဟုတ်ကဲ့ပါသူဌေး”
ကောင်မလေးများ၏ အဖြေက သံပြိုင်ပြောဆိုလာခြင်းဖြစ်သည်။
“ပြောချင်တာတော့ ဒီလောက်ပဲ မနက်ခင်းဆိုင်ဖွင့်ချိန်က မနက် ၈ နာရီဆို အဆုံးသတ်မယ်။ ဆိုင်ဖွင့်ချိန်က တစ်နာရီကြာမယ်”
ယွမ်ကျိုးက ဖြည့်စွက်ပြောသည်။ ထို့နောက် သူက မနက်စာရောင်းချရန်အတွက် လိုအပ်သည့်ပစ္စည်းများကို စတင် ပြင်ဆင်သည်။
မီနူးနှင့် စည်းမျဉ်းများကို လေ့လာရန် လိုအပ်သည့်အကြောင်းကြားသောအခါ ရှောင်ကျာ နှင့် ရှန်မင်တို့၏ တုံ့ပြန်မှုက မတူညီကြပေ။
ရှောင်ကျာက ခေါင်းကိုမော့လိုက်ပြီး ပါဝင်သော အကြောင်းအရာများကို အသေးစိတ်လေ့လာကာ တိတ်တဆိတ် ဖတ်ရှုနေသည်။
ရှန်မင်က သူ့ကျောပိုးအိတ်ထဲမှ မှတ်စုစာအုပ်နှင့် ဘောပင်ကို ထုတ်လိုက်ပြီး ပါဝင်သောအကြောင်းအရာများကို မှတ်စုစာအုပ်ထဲ ရေးသားလိုက်သည်။ သူမက မှတ်မိအောင် အသေးစိတ် ကြိုးစားနေပုံရသည်။
“သူဌေး၊ အခု ရွတ်ပြလို့ရပါပြီ”
ဆယ်မိနစ်ခန့်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
ရွေးချယ်ခံထားရသော ကောင်မလေးရှောင်ကျာက ယွမ်ကျိုးသည် သူ့ကို မီနူးနှင့်စည်းမျဉ်းများကို ရွတ်ဆိုခိုင်းလိမ့်မည်ဟု တွေးထားသည့်အတွက်ကြောင့် ယွမ်ကျိုးဘက်လှည့်ကာ စကား ပြောခြင်းဖြစ်သည်။
“အင်း ... ဒီနေ့ အလုပ်စလုပ်မလား။ မနက်ဖြန်မှ အလုပ်စလုပ်မလား”
ယွမ်ကျိုးက မေးမြန်းသည်။
“ဒီနေ့ပဲ အလုပ်စလုပ်နိုင်ပါတယ်”
ရှောင်ကျာက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောသည်။
“အင်း”
“ကျွန်မလည်း အလုပ်စလုပ်နိုင်ပါတယ်”
ရှန်မင်က ခဏ တုံ့ဆိုင်းသွားသည်။ သို့သော်လည်း ယနေ့ အလုပ်စလုပ်ခြင်းက သူမအတွက် ကိစ္စမရှိချေ။
ထို့ပြင် သူမက ဟင်းပွဲဈေးနှုန်းများကို သေချာမလေ့လာရသေးပေ။ ယွမ်ကျိုး စားသောက်ဆိုင်မှာ ရောင်းချသော ဟင်းပွဲများနှင့် စည်းမျဉ်းများသည် အရမ်းမများသော်လည်း အရမ်းနည်းသည့်ပမာဏလည်း မဟုတ်ချေ။
“မနက်စာ အတွက် ရှောင်လုံပေါင်းဖက်ထုပ်တစ်ပွဲ ၆၆ ယွမ်၊ အစုံလိုက်ခေါက်ဆွဲစွပ်ပြုတ် ၃၀၈ ယွမ်”
ရှောင်ကျာက တုံ့ဆိုင်းခြင်းမရှိဘဲ ဈေးနှုန်းစာရင်းများကို ရွတ်ဖတ်ပြသည်။
“ငါ့ကို ရွတ်ဖတ်ပြဖို့ မလိုဘူး။ စိတ်ထဲမှာ မှတ်ထားပြီး လေ့လာဖို့ပဲ လိုတယ်။ ခဏနေရင် ဆိုင်ဖွင့်တော့မယ်။
ဆိုင်ဖွင့်တဲ့အခါကျရင် ဖောက်သည်တွေကို နှုတ်ဆက်စကားပြောပြီး သူတို့မှာယူထားတဲ့ဟင်းပွဲတွေကို သူတို့ဆီ သယ်သွားပေးပါ။ အခြားလုပ်စရာကိစ္စတော့ မရှိဘူး”
ယွမ်ကျိုးက ရှောင်ကျာ၏ ရွတ်ဖတ်မှုကို အနှောင့်အယှက်ပြုလိုက်ပြီး လုပ်ဆောင်ရန် လိုအပ်သည့်အချက်ကို အလေးထားပြောသည်။
ရှောင်ကျာ၏နောက်မှာ ရှန်မင်က မတ်တတ်ရပ်နေပြီး စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်သည်။ သူမ၏အလုပ်နှင့် ပတ်သက်ပြီး သူမ စိတ်ဝင်တစားရှိနေသည်။
သူမက ဖောက်သည်များကို နှုတ်ဆက်ရန်သာ လိုအပ်ပြီး စားပွဲခုံများနှင့် ထိုင်ခုံများကို သန့်ရှင်းရေးပြုလုပ်ရန်
မလိုအပ်သည့်အချက်ကို ဒွိဟဖြစ်နေရသည်။
သို့သော်ငြားလည်း ယွမ်ကျိုးကို မေးမြန်းခြင်းမရှိခဲ့ပေ။
မမေးမြန်းရသည့် အကြောင်းရင်းကလည်း ကိုယ်စီကိုယ်င ခြားနားမှုရှိသည်။
“ဟုတ်ကဲ့ပါသူဌေး”
သူတို့နှစ်ယောက်က တစ်ပြိုင်နက်တည်း ပြန်ဖြေသည်။
ဈေးနှုန်းစာရင်းများကို မှတ်သားနေစဉ် ရှန်မင်၏ စိတ်ထဲ အံ့ဩသောခံစားချက် ဖြစ်ပေါ်မိသည်။ ဤဟင်းပွဲများကို မည်သူက ဝယ်ယူစားသုံးနိုင်မည်နည်း။
ရှောင်လုံပေါင်းဖက်ထုပ်တစ်ပွဲကို ၆၆ ယွမ် နှင့် အစုံလိုက် ကြက်ဥထမင်းကြော်တစ်ပွဲက ၁၈၈ ယွမ်ဖြစ်သည်။ ဈေးနှုန်းစာရင်းများကို နံရံပေါ်မှာ ရှင်းလင်းစွာ မဖော်ပြထားလျှင် ရှန်မင်က အိပ်မက်မက်နေသည်ဟုပင် ခံစားမိလိမ့်မည်။
ထို့အပြင် နိုင်ငံခြားငွေလို့လည်း ထင်မိလိမ့်မည်။ အရေးအကြီးဆုံးအချက်အနေဖြင့် ဈေးနှုန်းစာရင်းထဲတွင် အသုံးပြုသည့်ငွေက ယွမ်ဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။
၁၈၈ ယွမ်ကို နှစ်ပတ်တိုင် အသုံးပြုလေ့ရှိသော ရှန်မင်အနေဖြင့် အိပ်မက်ပမာဖြစ်နေသည်။
သူဌေးကို အကြံပြုသင့်၊ မပြုသင့် သူမ တုံ့ဆိုင်းနေမိသည်။ စားသောက်ဆိုင်က အသစ်ဖွင့်ထားတာဖြစ်ပြီး သူဌေးက ဈေးကွက်ကို ကောင်းစွာမသိခြင်းဖြစ်နိုင်သည်။
ရှောင်ကျာက ဈေးနှုန်းစာရင်းကို အံ့အားသင့်သော်လည်း ဆိုင်ရှင်တွင် ယခုလို ရောင်းချရသည့်အကြောင်းအရင်းရှိလိမ့်မည်ဟု ယုံကြည်ထားမိသည်။
ထို့ကြောင့် အနည်းငယ်စပ်စုသော ခံစားချက်သာ ဖြစ်မိသည်။ သို့သော်လည်း သိပ်မကြာခင်မှာပင် သူမ၏ စပ်စုလိုသောဆန္ဒများက ဆိုင်ကိုဝန်းရံလာသည့် လက်ကားရောင်းချသူများနှင့် ဆိုင်သို့ ဝင်ရောက်ရန် တန်းစီစောင့်နေသော ဖောက်သည်များကြောင့် ပြယ်လွင့်သွားသည်။
မယုံကြည်နိုင်ဖြစ်နေသူက
ရှန်မင်ဖြစ်သည်။ သူမက စားသောက်ဆိုင်အပြင်ဘက်
နှင့် စားသောက်ဆိုင်အတွင်းဘက်ကို တစ်လှည့်စီကြည့်ပြီး တအံ့တဩဖြစ်နေသည်။
သူမ၏အပြုအမူကို မြင်တွေ့သည့်တိုင် ယွမ်ကျိုးက သူမကို ရှင်းပြချင်သည့် ရည်ရွယ်ချက် မရှိပေ။
"ဝိုး သူဌေးယွမ်က လူသစ်တွေ ငှားရမ်းထား တာပဲ။ လှလိုက်တဲ့ ညီမတွေပဲ"
လင်းဟုန်က ထိုစကားကို ပြောနေစဉ် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။
"တကယ်ပဲ၊ ဒီနေ့ ဘာဟင်းပွဲတွေ ရောင်းချလဲ"
ရေဘဝဲက စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသော်လည်း ဟင်းပွဲများ အကြောင်းကို ပို၍ စိတ်ဝင်စားသည်။
"ခေါက်ဆွဲစွပ်ပြုတ် ရပါမယ်"
ရှောင်ကျာက လျင်မြန်စွာ ပြန်ဖြေသည်။ သူမ၏ဘေးနားက ကောင်မလေးရှန်မင်က အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေ၍ အရင်ဆုံး ပြန်ဖြေနိုင်သော ခွန်အား မရှိခဲ့ပေ။
"ရှောင်လုံပေါင်းဖက်ထုပ်ကို မရောင်းပြန်ဘူး"
လင်းဟုန်က မကျေမနပ်ပြောဆိုသည်။
"အစုံလိုက်ခေါက်ဆွဲစွပ်ပြုတ်တစ်ပွဲပေးပါ"
Tankက ဟာသဉာဏ်ရွှင်စွာဖြင့် ဟင်းပွဲကို အော်ဒါတင်လိုက်သည်။ ထိုမှသာ သူက ဟင်းပွဲ၏အရသာကို ပထမဦးဆုံး မြည်းစမ်းခွင့်ရလိမ့်မည်။
"ကြက်သွန်ဖြူလေးတွေကို ခွာပေးထားမယ်ဆိုရင် ငါလည်း အစုံလိုက်ခေါက်ဆွဲပြုတ်ကိုပဲ မှာချင်တယ်"
ကျီလျန်က ရေဘဝဲကို ကြည့်လိုက်ပြီးနောက် ပြောသည်။
"ဟေး ဟေး ငါဝယ်ကျွေးမယ်ဆိုရင် အစုံလိုက်ဟင်းပွဲကို
မှာကြတော့မယ် မဟုတ်လား"
"ငါ့ကိုလည်း အစုံလိုက်ဟင်းပွဲပေး,ပေးပါ"
ရေဘဝဲက မကျေမနပ်ပြောသည်။
"မင်းကျွေးမယ်ဆိုရင် ငါတို့အားလုံးက အစုံလိုက်ဟင်းပွဲကိုပဲ မှာ,မှာပေါ့"
လင်းဟုန်က ဟုတ်မှန်ကြောင်း ပြောသည်။
ရှောင်ကျာနှင့် ရှန်မင်တို့သည် သူတို့ပြောဆိုသော အကြောင်းအရာများကို သေချာနားစွင့်နေသည်။
အတည်ပြုချက် ရယူပြီးမှသာ ယွမ်ကျိုးထံ သတင်းပို့ကြသည်။
လူချမ်းသာဖောက်သည်များ ပြောလိုက်သည့်စကားကြောင့် သူတို့နှစ်ယောက်စလုံး အံ့ဩတုန်လှုပ်နေရသည်။
အပိုင်း(၂၃၁)
ပြီးပါပြီ။