ကျင့်ကြံခြင်းဆိုသည်မှာ
Vol. 3 Ch. 201
ကယ်ယွမ်းက တစ်ချက် စဉ်းစားလိုက်ရင်း…
"ဂိုဏ်းချုပ်၊ သူတို့ကဘယ်လို ရောက်လာမှာလဲ"
ဆန်းလျန်က ကယ်ယွမ်း အမေးကို ပြန်မဖြေပါ။ ထျန်းတိကျန်းထံမှ ထွက်ပေါ်လာသည့် အပူရှိန်ကို ဆန်းလျန် စားလိုက်ရသည်။
"သူတို့ ရောက်လာကြပြီ"
ဆန်းလျန်၏ မိုးနှင့်မြေကို ကျော်လွန်ပြီး သိနိုင်ကြားနိုင်သည့် အတတ်မှာ ကယ်ယွမ်းထက် သာလွန်လေသည်။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်က ထျန်းတိကျန်းကို ထိန်းချုပ်နိုင်သူ ဖြစ်သလို ထုန်းထျန်း တန်ခိုးစွမ်းအားကိုလည်း ပိုင်ဆိုင် ထားသောကြောင့် ဖြစ်လေသည်။
ဂိုဏ်းချုပ်မှာ ထျန်းတိကျန်းကို ထိန်းချုပ်နိုင်သူ ဖြစ်သဖြင့် အရာရာကို သိမြင်နိုင်သူ ဖြစ်ကြောင်း ကယ်ယွမ်းကလည်း သိထားပါသည်။
"ဒါဆို ဘာဆက် လုပ်ကြမလဲ"
ကယ်ယွမ်းက မေးလိုက်သည်။
"သူတို့ဘက်က စပြီး မလှုပ်ရှားမချင်း ကျွန်တော်တို့ ဘာမှလုပ်စရာ မလိုဘူး၊ ဘိုးဘိုး ကယ်ယွမ်း ဒဏ်ရာ ရသွားတဲ့ တပည့် နှစ်ယောက်ကိုခေါ်ပြီး ချင်းရွှမ် ခန်းမဆောင်ကို သွားပါ"
ဆန်းလျန်က ပြန်ပြောလိုက်သည်။ ဆန်းလျန်၏ လေသံကို ကြည့်ရသည်မှာ အားလုံးကို ခန့်မှန်းထားပြီး ဖြစ်ပုံ ရလေသည်။
ကယ်ယွမ်းသက်ပြင်း တစ်ချက် ချလိုက်မိသည်။
ချင်းရွှမ်နတ်တံခါးသည် တစ်ချိန်က မိုးမြေ တစ်ခွင်တွင် ထိပ်တန်း နတ်ဘုရားကျောင်းတော် တစ်ခု ဖြစ်ခဲ့လေသည်။ သို့သော် လွန်ခဲ့သည့် နှစ်များတွင်တော့ ထိုအချက်ကို မေ့လျော့ နေခဲ့ကြသည်။ ကယ်ယွမ်းသည် ဆန်းလျန်ကို ကြည့်ပြီးသူစိတ်ထဲတွင် မလုံမလဲပင် ခံစားလိုက်ရသည်။
"ဝူကျိ၊ စိုကျင့်နဲ့ စိုရွှမ် တို့နှစ်ယောက်ကို ခေါ်လာခဲ့လိုက်"
စိုကျင့်နှင့် စိုရွှမ်မှာ ကျော်ရှောင်ချင်း၏ ဓားချက်ကြောင့် ခြေလက်များ ပြတ်ကာ ဒဏ်ရာရခဲ့သူ တပည့်နှစ်ယောက် ဖြစ်လေသည်။ ကျောက်ဝူကျိက သူတို့နှစ်ယောက်ကို သွားခေါ်ရန် ထွက်သွား လေသည်။ ဆန်းလျန်က မတ်တတ် ရပ်လိုက်ပြီး …
"ကျွန်တော် လမ်းလျှောက် ထွက်လိုက်ဦးမယ် ဘိုးဘိုး ကယ်ယွမ်း၊ တပည့်နှစ်ယောက် ရောက်လာရင် ဘိုးဘိုးက သူတို့နဲ့ သွားနှင့်နော်၊ ကျွန်တော် လိုက်လာခဲ့မယ်"
ဆန်းလျန်က တောအုပ်လေးထဲသို့ ထွက်သွားလေသည်။ ဆန်းလျန်က ချင်းရွှမ်ခန်းမဆောင်ကို မပြန်သေးဘဲ ထျန်းယွမ်တောင်ပေါ် လျှောက်ကြည့် နေလေသည်။ ဆန်းလျန် နောက်ကျလိမ့်မည်ဟု ကယ်ယွမ်းက တွေးထားလေသည်။ သို့သော် ဆန်းလျန်က အာမခံချက် ပေးထားသဖြင့် သိပ်ပြီးတော့ စိတ်မပူမိပေ။ စိုကျင့်နှင့် စိုရွှမ်ရောက်သည့် အထိ စောင့်ပြီး ချင်းရွှမ် ခန်းမဆောင်သို့ သွားနှင့်ရုံသာ ရှိလေသည်။
ချင်းရွှမ်တောင်မှ တောင်ထိပ်ငါးခုတွင် အဓိက တောင်မကြီးမှာ ထိုက်ယီတောင် ဖြစ်လေသည်။ သို့သော် အလယ်တည့်တည့်တွင် တည်ရှိသည့် တောင်မှာ ထျန်းယွမ်တောင် ဖြစ်လေသည်။ ထို့ကြောင့် မိုးမြေစွမ်းအား ဗဟိုချက် ကျသည့် တောင်ဖြစ်လေသည်။
ဆန်းလျန်က ထိုက်ရွှီးတန်ခိုး စွမ်းအားများသာမက ထုန်းထျန်း ကျင့်စဉ်ကိုပါ အောင်မြင်ထားသူ ဖြစ်သည်။ ထို့ကြောင့် သူ၏ မိုးမြေစွမ်းအားများကို စုပ်ယူ နိုင်စွမ်းသည် နတ်ဘုရား တစ်ပါး မဖြစ်သေးခင်မှာပင် အဆင့်လွန် အနေအထားသို့ ရောက်နေပြီ ဖြစ်လေသည်။ ထျန်းယွမ်တောင်တွင် လမ်းလျှောက် ထွက်ရင်း မိုးမြေစွမ်းအား အနေအထားများကို ဆန်းလျန် သုံးသပ်နေမိသည်။ မိုးမြေ စွမ်းအားများကို နားလည်ရန် မခက်ပါ။
သို့သော်...
ထိုမိုးမြေစွမ်းအားနှင့် ကျင့်စဉ်လမ်း ချိတ်ဆက်နိုင်မှုကိုတော့ သိရှိရန် ခက်ခဲလေသည်။ ဆန်းလျန်က လမ်းလျှောက် ထွက်ရင်း မိုးမြေ စွမ်းအားများကို များပြားစွာ စုပ်ယူလိုက်လေသည်။
လမ်းလျှောက်ရင်း တပည့်အချို့နှင့်လည်း တွေ့ရပြီး သူတို့က ဆန်းလျန်ကို ဂါရဝပြု နှုတ်ဆက်ကြသည်။
အမြင်စူးရှသည့် ကျင့်ကြံသူ တပည့်များသည် ဆန်းလျန်၏ ခြေလှမ်းများကို သတိထားမိ ကြလေသည်။ တန်ခိုးစွမ်းအားနှင့် ပြည့်ဝနေသော ဆန်းလျန်၏ ခြေလှမ်းတိုင်းသည် ကြာပန်းများ အလား တင့်တယ်လွန်းလှသည်။
ရေတံခွန် တစ်ခုရှေ့တွင် ဆန်းလျန် ခြေလှမ်းများ ရပ်တန့်လိုက်သည်။ သူက ရေတံခွန်ရှေ့တွင် ဓားဝိညာဉ် တစ်ခုကို ဖန်ဆင်း လိုက်လေသည်။ ကြာပန်းပုံသဏ္ဌာန် ဓားဝိညာဉ် တစ်ခု ပေါ်လာလေသည်။ ထိုဓားက ပတ်ဝန်းကျင်မှ ပန်းများ၏ အသက်ဓာတ်ကို စုပ်ယူပြီး ရေတံခွန်ဆီသို့ ပျံသန်း ထွက်ခွာ သွားလေသည်။
တောင်အမြင့်ထက်မှ အရှိန်ဖြင့် စီးဆင်းလာသည့် ရေတံခွန်သည် ကျောက်တုံး ကျောက်စိုင်များကို တိုက်စား သွားလေသည်။ ပတ်ဝန်းကျင်မှာလည်း ရေတံခွန်မှ ကျသည့် ရေကြောင့် မြူငွေ့လေးများ ဖုံးလွှမ်း နေလေသည်။
သို့သော်...
ဆန်းလျန်၏ ဓားဝိညာဉ် ရေတံခွန်ဆီသို့ ပျံသန်းသွားသည်နှင့် မြူငွေ့လေးများ ပျောက်ကွယ် သွားလေသည်။ မြင်ကွင်းကို ကြည့်ရသည်မှာ အလွန် အံ့သြစရာ ကောင်းလေသည်။
ဆန်းလျန်က သူ၏ လက်ကို အသုံးပြုကာ ဓားဝိညာဉ်ကို ထိန်းချုပ် ထားလေသည်။ သူ၏လက်ချောင်းများမှာ ပန်းချီကား တစ်ချပ်ကို ဆွဲနေသည့် စုတ်ချက်များ အလားပင် ဖြစ်သည်။ လက်ချောင်းများ၏ လှုပ်ရှားမှုတိုင်းသည် ပုံမှန်အတိုင်း မဟုတ်ဘဲ ခန့်မှန်းရ ခက်လှသည်။
တစ်စုံတစ်ယောက်သာ ဆန်းလျန်ကို ကြည့်နေမည် ဆိုလျှင် သူ၏ အံ့သြစရာ တန်ခိုးစွမ်းအားကို တွေ့ရှိရမည် ဖြစ်လေသည်။ ဆန်းလျန် အသုံးပြုနေသည့် ပညာသည် ချင်းရွှမ် နတ်တံခါးရှိ တစ်ရာ့ရှစ်မျိုးသော ကျင့်စဉ်များထဲမှ တစ်ခုမှ မဟုတ်ပေ။
ခဏအကြာတွင် ဆန်းလျန် ရပ်တန့်လိုက်သည်။ ထို့နောက် … ဓားဝိညာဉ်လည်း ပျောက်ကွယ် သွားလေသည်။ သူက နောက်သို့ လှည့်ကြည့်လိုက်ပြီး....
"ချိုးရှီ... မင်းတစ်ချိန်လုံး ကြည့်နေတာ၊ ဘာများ သင်ယူလိုက်နိုင်သလဲ"
ဟု မေးလိုက်လေသည်။
ဆန်းလျန်နောက်တွင် ရပ်နေသည့် ထျန်းယွမ်တောင်မှ တပည့် တစ်ယောက်ကို တွေ့ရလေသည်။ ထိုတပည့်က အသက် သုံးဆယ်ခန့်မျှ ရှိပြီ။
သို့သော် ကျင့်ကြံသူများက သူတို့ရှိရင်းစွဲ အသက်ထက် အမြဲတမ်း နုပျိုကြလေသည်။ ထို့ကြောင့် ထိုတပည့်၏ အသက်မှာ သုံးဆယ်ကျော် လောက်ပြီ ဖြစ်လေသည်။ သူ၏ ကျင့်ကြံမှု အဆင့်ကတော့ သာမန်မျှသာ ရှိပြီး အလွန်ထူးချွန်သည့် တပည့် တစ်ယောက်တော့ မဟုတ်ပေ။
ချိုးရှီမှာ ဆရာသခင် ဆန်းလျန်က သူ့ကို သိနေသည့် အတွက် အံ့သြ သွားရလေသည်။ သူ့လို သာမန် တပည့် တစ်ယောက်ကို ဂိုဏ်းချုပ် ဆရာသခင်က မှတ်မိနေသည်မှာ အံ့သြစရာပင်။
အမှန်တော့ ဆန်းလျန် ထျန်းယွမ်တောင်ပေါ်တွင် လမ်းလျှောက် နေသည်ကို မည်သူမျှ နောက်က လိုက်လာရဲခြင်း မရှိကြပေ။ ချိုးရှီကသာ သိချင်စိတ်ကို မထိန်းနိုင်သည့် အတွက် စပ်စပ်စုစုနှင့် လိုက်လာခြင်း ဖြစ်လေသည်။ ထို့နောက် ဆန်းလျန်၏ ထူးဆန်းသည့် ဓားဝိညာဉ်ကို တွေ့မြင်ခွင့် ရခဲ့လေသည်။ သို့သော် ထိုဓားသိုင်းပညာကို သူတစ်လုံးမှ နားမလည်ပါ။
ထိုပညာမှာ ချင်းရွှမ်နတ်တံခါးမှ ရှိပြီးသားပညာများ မဟုတ်ဘဲ ဆရာသခင် ဆန်းလျန်ကိုယ်တိုင် တီထွင်ထားသည့် ပညာဖြစ်မည်ဟု ချိုးရှီ တွေးလိုက်မိသည်။
ချိုးရှီမှာ ချင်းရွှမ်နတ်တံခါးမှ တပည့်တစ်ယောက် ဖြစ်သည့်အတွက် ချင်းရွှမ်မှ ပညာရပ်များ အားလုံးကို အနည်းနှင့် အများတော့ တွေ့ကြုံ မြင်တွေ့ဖူးသူ ဖြစ်လေသည်။ ယခု ဆန်းလျန် သုံးလိုက်သည့် ဓားသိုင်းမှာ လွန်စွာမှ ထူးခြား သာလွန်သည့် အသစ်သော ဓားသိုင်း ပညာတစ်ခု ဖြစ်လေသည်။
"ကျုပ်တီထွင်ထားတဲ့ ဓားသိုင်းပညာကို မင်းဘယ်လိုမြင်လဲ၊ သာမန်ပဲလား၊ ထူးခြားမှု တစ်ခုခုရှိလား၊ မင်းထင်တာ ပြောကြည့်လေ"
ချိုးရှီက တစ်ချက်မျှ တုံ့ဆိုင်းနေပြီးမှ...
"ဓားသိုင်းက ရိုးရှင်းတယ်၊ ဒါပေမဲ့ ကြည့်ရတာ ဆရာသခင်က ဒီဓားသိုင်းကို အခုမှ ချက်ချင်း တီထွင်လိုက်ပုံပဲ၊ ဒီဓားသိုင်းက မပြည့်စုံသေးဘူး မဟုတ်လား၊ ထပ်ပြီးတော့သာ ပြည့်စုံအောင် တီထွင်လိုက်ရင် ချင်းရွှမ်မှာ နောက်ထပ် ကျင့်စဉ် တစ်ခု ပေါ်ပေါက် လာနိုင်တာပဲ”
ချိုးရှီက အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
ဆန်းလျန်ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူများကို ဖားယား မြှောက်ပင့် ပြောဆိုလျှင်လည်း အကျိုးမရှိကြောင်း သူသိပါသည်။
ချင်းရွှမ်မှ တပည့်များစွာတွင် ဆန်းလျန်ကို မလေးစားသည့်သူ မရှိသလောက်ပင် ဖြစ်လေသည်။ ဟိုး ယခင်အချိန်များ ကတည်းကပင် ဆန်းလျန်က အခြားသူများကို ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး တတ်နိုင်သမျှ ကူညီပေးခဲ့သည်များ ရှိသည့်အတွက် လေးစားခြင်း အရင်းခံရှိပြီးသား ဖြစ်လေရာ ယခုကဲ့သို့ ဂိုဏ်းချုပ် ဆရာသခင်တစ်ပါး ဖြစ်လာပြီး နောက်ပိုင်း ပြောစရာပင် မလိုတော့ပေ။
ထို့ပြင် ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ကိုးဆင့်ဖြင့် တက်ရောက်နိုင်ခဲ့သည့် အပြင် ပိုင်စုဟွမ်လို လူမျိုးကိုပင် ကောင်းကောင်း ယှဉ်ပြိုင်နိုင်သည့် အတွက် ပိုပြီး လေးစား ကြလေသည်။ ဆရာသခင် အဆင့် ရောက်သူများတွင် ဆန်းလျန်ကဲ့သို့ တန်ခိုးစွမ်းအား ကြီးမားသူ သိပ်ပြီးမရှိနိုင်ပေ။ ဆန်းလျန်မှာ တစ်ရာမှာ တစ်ယောက် ရှာမှ ရှားသည့်သူ ဖြစ်သည်။
ချိုးရှီက အစကတည်းက ဆန်းလျန်ကို ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး မေးမြန်းရန် ဆန္ဒရှိလေသည်။ သို့သော် ဆန်းလျန်ကို မေးချင်သည့် တပည့်ပေါင်းများစွာ ရှိနေသည့်အတွက် သူ့မှာ အခွင့်မသာခဲ့ပေ။ သို့သော် ယခုတော့ ဆန်းလျန်က သူ့ကိုမှတ်မိနေသည့် အတွက် အံ့သြနေရသလို ပိုပြီးတော့လည်း လေးစား သွားမိသည်။
ဆန်းလျန်က ချိုးရှီ၏ စကားကြောင့်ရယ်မောလိုက်ရင်း…
“အဲဒီလောက်လည်း မဟုတ်ပါဘူးကွာ၊ မင်းပြောတာနဲ့ ကျုပ်ကို အရင်မျိုးဆက်က ဆရာသခင်တွေ ရယ်ကုန်ကြပါဦးမယ်၊ ဒါနဲ့ မင်းကျုပ်နောက် လိုက်လာတာ ဆိုတော့ ကျုပ်အကူအညီ တစ်ခုလောက် တောင်းလို့ရမလား”
“ဆရာသခင်ရဲ့ အမိန့်ပေးမယ် ဆိုရင် သေရမယ် ဆိုလည်း လိုက်နာပါ့မယ်”
ချိုးရှီက လေးစားစွာဖြင့် ပြန်ပြောလိုက်သည်။
“သေဖို့ မလိုသေးပါဘူး၊ ဆရာသခင်တွေက မင်းတို့ကို ကျင့်စဉ်လမ်းတွေ သင်ပြပေးတဲ့အခါ မင်းတို့ အချင်းချင်း ကူညီပေးပြီး ကျင့်ကြံဖို့ လိုတယ်၊ အချင်းချင်း ကူညီကြဖို့တော့ ကျုပ်ပြောချင်တယ်၊ ဒါပေမဲ့ အခုမင်းကို အကူအညီတောင်းမှာက သေခိုင်းဖို့တော့ မဟုတ်ပါဘူးကွာ"
ဟု ဆန်းလျန် ပြောလိုက်လေသည်။
ဆရာသခင် အများစုမှာ ထိုအချက်ကို သဘောမတူကြပေ။ သို့သော် ကျင့်စဉ်လမ်းတွင် အချင်း ကူညီပေးခြင်းက တိုးတက်နိုင်သည်ဟု ဆန်းလျန် ယူဆလေသည်။
ဆရာသခင် အဆင့်ရှိသည့် အဆင့်မြင့် ကျင့်ကြံသူ အချင်းချင်း ပညာ ပြိုင်ကြသည့်အခါ လက်စားခြေခြင်းနှင့် ခင်မင်မှုများမှာ သိပ်ပြီး အရေးမပါလှပေ။ အသက် သေဆုံးသည့်တိုင် အရေးကြီးသည့် ကိစ္စမဟုတ်ပေ။ သို့သော် စိန်ခေါ်လာလျှင်တော့ ရင်ဆိုင် ကြရသည်ပဲဖြစ်သည်။
ငြိမ်းချမ်းရေးမှာ အရေးကြီးမှန်း လူတိုင်းသိပါသည်။ သို့သော် မဖြစ်မနေ တိုင်းပြည်နှစ်ခု စစ်ပွဲ ဖြစ်တော့မည် ဆိုလျှင်တော့ အသက်ပေါင်း များစွာ စတေးရမည်ပဲ ဖြစ်လေသည်။
ဆန်းလျန်ကလည်း သူ၏စကားကို အားလုံးက လက်ခံကြမည်ဟု မမျှော်လင့်ပါ။ သို့သော် သူက လွယ်လွယ်နှင့် လူသတ်တတ်သူ တစ်ယောက် မဟုတ်ပေ။ သို့သော် သတ်ရတော့မည် ဆိုလျှင်လည်း သူ၏ နှလုံးသားတွင် ခံစားမနေတတ်ပေ။
ဆန်းလျန်က ခဏတာမျှ တိတ်ဆိတ် ငြိမ်သက်နေပြီးမှ စကား ဆက်ပြောလိုက်သည်။
“ဒီဓားသိုင်းပညာက အရမ်းတော့ အစွမ်း ထက်တဲ့ အထဲမှာ မပါဘူး၊ ဒါပေမဲ့ သင်ယူဖို့လည်း မလွယ်ကူဘူး၊ ဒါပေမဲ့ ဒီဓားသိုင်းပညာနဲ့ ဓားဝိညာဉ်ကို မင်းရဲ့ကိုယ်ထဲကို ထည့်ပေးမယ်၊ ပြီးရင် ကျုပ်နဲ့ ချင်းရွှမ် ခန်းမဆောင်ကို လိုက်ခဲ့ပါ”
ချိုးရှီမှာ ဆန်းလျန်ထံမှ ထိုသို့သောစကားကို မျှော်လင့်မထားပါ။ ဆန်းလျန်က သူ့ကို ထိခိုက်အောင် လုပ်မည့်သူ မဟုတ်ကြောင်း သိထားပါသည်။ သို့သော် ဓားသိုင်းပညာကို ကိုယ်ထဲသို့ ထည့်ပေးမည် ဆိုလျှင် ကျင့်ကြံသူ အများစုက တုံ့ဆိုင်း သွားတတ်ကြသည်။ ထိုသို့ ပြုလုပ်လိုက်လျှင် သူတို့ စိတ်ဝိညာဉ်အတွင်းမှ လျှို့ဝှက်ချက်များကို အခြားသူက သိမြင်သွားနိုင်မည် ဖြစ်လေသည်။
သို့သော် ချိုးရှီကတော့ တစ်ချက်မှ တုံ့ဆိုင်းခြင်းမရှိပါ။
“ဆရာသခင် အမိန့်ရှိမယ် ဆိုရင် ဘယ်တော့မှ မငြင်းပါဘူး”
ဆန်းလျန်က သူ၏စိတ်အာရုံကို ချိုးရှီထံသို့ ပို့လိုက်ပြီး ဓားဝိညာဉ်ကို ချိုးရှီ၏ ခန္ဓာကိုယ်တွင်းသို့ ထည့်သွင်း ပေးလိုက်သည်။
ဓားဝိညာဉ်သည် သူ၏ ကိုယ်တွင်းသို့ ဝင်ရောက်လာသည်ကို ချိုးရှီ ခံစားနေရသည်။ ထိုဓားဝိညာဉ်သည် သူ၏ တန်ခိုးစွမ်းအားများနှင့် ပေါင်းစပ် သွားလေသည်။ ကိုယ်တွင်းမှ တန်ခိုးစွမ်းအားနှင့် ဓားဝိညာဉ်မှာ တူညီခြင်း မရှိသည့်တိုင် အဆင်ပြေစွာ ပေါင်းစပ်သွားပြီး တန်ခိုး စွမ်းအားများပင် တိုးတက် သွားလေသည်။
ဓားဝိညာဉ်မှာ ဆန်းလျန်၏ သန့်စင်လွန်းသည့် တန်ခိုးစွမ်းအားမှ မွေးဖွားလာခြင်း ဖြစ်သည့် အတွက် ချိုးရှီ၏ တန်ခိုးစွမ်းအားများမှာလည်း တိုးတက်သွားရခြင်း ဖြစ်လေသည်။
ထို့ပြင် ဓားဝိညာဉ်ဆီမှ လျှို့ဝှက်ချက် တစ်ခုကိုလည်း ချိုးရှီ ခံစားလိုက်ရသည်။ တန်ခိုးစွမ်းအား မြင့်မားလာခြင်းနှင့် ဓားဝိညာဉ်၏ လျှို့ဝှက်ချက် အတွက် ချိုးရှီမှာ ဝမ်းမြောက်ပီတိ ဖြစ်နေလေသည်။
သို့သော် ချိုးရှီ တစ်ယောက် ကြာကြာ ပီတိ မဖြစ်လိုက်ရပါ။
“အခု ထိုက်ယီတောင်ထိပ်ကို သွားကြစို့”
ဆန်းလျန်က ပြောလိုက် လေတော့သည်။
***