← Chapters

ကျန်းဆွေကျယ်

Vol. 3 Ch. 202

ကျန်းဆွေကျယ်

Vol. 3 Ch. 202

ချင်းရွှမ်တောင်ဆီသို့ အလင်းတန်းတစ်ခု ပျံသန်း လာလေသည်။ ပတ်ဝန်းကျင်မှာ မြူခိုးများ ဝေနေသည့်အတွက် ထိုအလင်းတန်းကို ပီပီပြင်ပြင် မြင်တွေ့ရခြင်း မရှိပေ။ ထိုအလင်းတန်းက ချင်းရွှမ်တောင်ပေါ်သို့ ရောက်လာခြင်း မရှိပါ။ ချင်းရွှမ်တောင်ခြေရှိ နန်ခယ်မြို့လေး ဆီသို့ ဆင်းသက် သွားလေသည်။

ထိုအလင်းတန်းမှ သက်လတ်ပိုင်း အရွယ် တာအိုဆရာ တစ်ပါး ပေါ်လာလေသည်။ သူက နန်ခယ်မြို့ ဆိုသည့် ဆိုင်းဘုတ်ကို တစ်ချက်ကြည့်လိုက်ပြီး မြို့လေးထဲသို့ လမ်းလျှောက် ဝင်လာသည်။

ချင်းရွှမ်နတ်တံခါးကို ကာကွယ် ပေးထားသည့် အရံအတားသည် အလွန်မှ စွမ်းအား ကြီးမားလေသည်။ ထိုအရံအတားကို ထိုးဖောက်ပြီး မည်သူမျှ ချင်းရွှမ် နတ်တံခါးအတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

အဓိက နတ်ဘုရား ကျောင်တော်ကြီး လေးခုလုံးက မြေနေရာ အနေအထားနှင့် မိုးမြေစွမ်းအား အနေအထားအရ အကာအကွယ် အရံအတားများကို ထားရှိကြလေသည်။

ထိုသို့ ပြုလုပ်ထားသည်မှာ မိုးမြေဆန္ဒအတိုင်း ဖြစ်ပြီး သက်ရောက်မှုက အလွန်မှ ပြင်းထန်လေသည်။ သက်လတ်ပိုင်း အရွယ် တာအိုဆရာမှာလည်း အတွေ့အကြုံ ရင့်ကျက်သူ တစ်ယောက်ပီပီ ချင်းရွှမ်နတ်တံခါး၏ အရံအတားကို ထိုးဖောက် ဝင်ရောက်သည် အထိ မိုက်မဲခြင်းမရှိပါ။

ထို့ကြောင့် သူက တောင်ခြေမြို့လေးသို့ ဝင်ရောက်ကာ သတင်းစုံစမ်းရန် ဆုံးဖြတ် လိုက်လေသည်။

သူမြို့လေးထဲသို့ လှမ်းဝင်လိုက်သည်နှင့် မုတ်ဆိတ်မွေးများနှင့် လူတစ်ယောက်က သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာလေသည်။ သူ၏ကိုယ်ခန္ဓာက သန်မာပြီး မျက်ဝန်းများက တောက်ပ နေလေသည်။ အကြည့်များက သားရဲတစ်ကောင် အလား ဖြစ်နေပြီး သာမန် လူတစ်ယောက်သာ ဆိုလျှင် သူ၏ အကြည့် တစ်ချက်ဖြင့်ပင် မြေပြင်ထက်တွင် ဒူးထောက် ကျသွားနိုင်လေသည်။ သက်လတ်ပိုင်း အရွယ် တာအိုဆရာမှာ တန်ခိုးစွမ်းအားလည်း အသင့်အတင့် ရှိသလို ဝိညာဉ်စွမ်းအားလည်း ကောင်းသည့် အတွက် ထိုသူ၏ အကြည့်ကို ကြောက်ရွံ့သွားခြင်း မရှိပါ။

ထိုသူမှာ ချင်းရွှမ်နတ်တံခါးမှ တပည့် တစ်ယောက်လားဟု သက်လတ်ပိုင်း တာအိုဆရာက တွေးလိုက်သည်။ သို့သော် ထိုမုတ်ဆိတ်မွေးနှင့် လူ၏ ကိုယ်မှ ထွက်နေသည့် တန်ခိုး စွမ်းအားများ၏ အလင်းဓာတ်ကို သူခံစား၍ ရလေသည်။ ထိုသူ ကျင့်ကြံသည့် ကျင့်စဉ်မှာ အလွန် ထူးခြားသည့် ကျင့်စဉ် ဖြစ်ရမည်ဟု သူတွေးလိုက် မိလေသည်။

သူက နေရာတွင်ပင် ရပ်နေလိုက်ပြီး သူ့ဆီသို့ လျှောက်လာသည့် မုတ်ဆိတ်မွေးများနှင့် လူကို နှုတ်ဆက် လိုက်သည်။

“ခင်ဗျားက ချင်းရွှမ် နတ်တံခါးက အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်များလား”

မုတ်ဆိတ်မွေးနှင့် လူက ရယ်မောလိုက်ရင်း…

“အဆင့်မြင့် ကျင့်ကြံသူလို့ မခံယူဝံ့ပါဘူးဗျာ၊ ကျုပ်က လေ့လာ သင်ယူနေဆဲပါ၊ ဒါနဲ့ ခင်ဗျားက ပေါယွင်တောင်က ရောက်လာတဲ့ ဧည့်သည်များလား”

မုတ်ဆိတ်နှင့်လူ၏ အမေးကြောင့် သက်လတ်ပိုင်း အရွယ် တာအိုဆရာမှာ ကြက်သေ သေသွားလေသည်။ ပေါယွင်တောင် ဆိုသည်မှာ ချင်းဆွေမြစ် အောက်ပိုင်းတွင် တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။

ချင်းဆွေမြစ်မှာ ယွမ်ကျိုးပြည်နယ်၊ နန်ကျန်းမြို့တွင် အလွန်ကျယ်ပြန့်သည့် မြစ်ကြီးတစ်ခု ဖြစ်လေသည်။ ထိုဒေသက တစ်နှစ်ပတ်လုံး မိုးကောင်းသည့် ဒေသတစ်ခု ဖြစ်သည်။ ချင်းဆွေမြစ်မှာ မိုင်ပေါင်း တစ်သောင်းခန့် ရှည်လျားလေသည်။ ချင်းကျန်းဂိုဏ်းမှာ ပေါယွမ်တောင်ပေါ်တွင် တည်ရှိသည့် ဂိုဏ်းတစ်ခုဖြစ်ပြီး ချင်းဆွေမြစ်မှ မိုးမြေစွမ်းအားများကိုရယူကာ ကျင့်ကြံမှုများ ပြုလုပ်ကြသည်။

နန်ကျင်းမြို့တွင် မှော်ပညာကို အသုံးပြုသည့် သူများ များပြားသလို လျှို့ဝှက် မှော်ပညာများစွာလည်း ထွန်းကား လေသည်။ သူတို့က နတ်ဘုရား ဖြစ်လိုသူများလည်း မဟုတ်ကြပေ။ သူတို့၏ မှော်ပညာများမှာလည်း ထူးခြား ဆန်းကျယ် ကြပြီး ရက်စက် ကြလေသည်။ သို့သော် ချင်းကျန်း ဂိုဏ်း၏ ယွင်ဆွေ အလင်းဓားကတော့ ထိုမှော်ပညာများနှင့်မတူ တစ်မူ ထူးခြားလေသည်။ ထိုဓားသိုင်း ချင်းဆွေမြစ်၏ တန်ခိုးစွမ်းအားဖြင့် ဖြစ်တည်လာသည့် ဓားသိုင်း ဖြစ်လေသည်။

သက်လတ်ပိုင်းအရွယ် တာအိုဆရာ အံ့သြသွားရခြင်းမှာ ချင်းရွှမ် နတ်တံခါးက သူရောက်လာမည်ကို ကြိုသိနေပြီး ထိုမုတ်ဆိတ်မွေးနှင့် လူကို အကြို လွှတ်လိုက်သည့် အချက်ကို သဘော ပေါက်သွားသောကြောင့် ဖြစ်လေသည်။

အမှန်တော့ ထိုတာအိုဆရာသည် မုန့်ရွှင်ကျန်းက ချင်းရွှမ်နတ်တံခါးကို သွားရောက်ရန် စသည့်ကိစ္စကို မနှစ်သက်ခဲ့ပေ။ သို့သော် မုန့်ရွှင်ကျန်းမှာ ဂိုဏ်းထဲတွင် ဓားသိုင်းပညာ အဆင့်အမြင့်ဆုံး လူတစ်ယောက် ဖြစ်သလို ဂိုဏ်း၏ အဓိက ထောက်တိုင် တစ်ခုကဲ့သို့ အရေးပါသူ တစ်ဦးလည်း ဖြစ်လေသည်။ မုန့်ရွှင်ကျန်း မရှိလျှင် ချင်းကျန်း ဂိုဏ်းမှာ ဒုက္ခ ရောက်နိုင်လေသည်။

ဂိုဏ်းတစ်ဂိုဏ်းအတွက် ရန်သူရှိသည် ဆိုသည်မှာ အဆန်း မဟုတ်ပေ။ သို့သော် နန်ကျင်းမြို့တွင် ချင်းကျန်းဂိုဏ်း စတင် တည်ထောင်စဉ် ကတည်းက ရန်သူများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အချို့ရန်သူများ ဆိုလျှင် အလွန် အဆင့်မြင့်သည့် ကျင့်ကြံသူများပင် ဖြစ်နေသေးသည်။ သို့သော် ချင်းကျန်းဂိုဏ်း၏ ယွင်ဆွေ အလင်းဓားသိုင်းမှာ အလွန်မှ အစွမ်း ထက်မြက်လေသည်။ ဓားချက် တစ်ချက်တည်းဖြင့် ရန်သူတစ်ယောက်၏ အသက်ကို နှုတ်ယူနိုင်လေသည်။ ထို့ကြောင့် ရန်သူများက သူတို့ကို တဖြည့်းဖြည်း ကြောက်ရွံ့လာကြသည်။

မိုးနှင့်မြေတွင် နတ်ဘုရား တစ်ပါး ဖြစ်လာရန်မှာ အလွန်ရှားပါးသည့် ဖြစ်ရပ် ဖြစ်လေသည်။ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင်ပင် နတ်ဘုရား စုစုပေါင်း ဆယ့်ငါးပါးခန့်သာ ရှိလေသည်။

ထိုဆယ့်ငါးပါးမှာ ကျင့်ကြံသူ လောကရှိ နတ်ဘုရား အားလုံး၏ တစ်ဝက်ပင် ဖြစ်လေသည်။ ထို့ကြောင့် အဓိက တာအို ကျောင်းတော်ကြီး လေးခုမှာ ကျင့်ကြံသူ လောကကို ကိုယ်စား ပြုလေသည်။

ကျန်သည့် နတ်ဘုရားများ ဆယ့်ငါးပါးထဲတွင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းတစ်ဂိုဏ်း တည်းတွင်ပင် နတ်ဘုရား ငါးပါး ရှိနေလေသည်။

အခြား ဂိုဏ်းငယ်လေးများ အတွက်တော့ ကျင့်စဉ်လမ်း အဆင့် ကိုးဆင့်တွင် ပုရွှီးအဆင့်နှင့် ဖော့ဝမ့်အဆင့် ရောက်လျှင်ပင် ထိပ်တန်းအဆင့် ကျင့်ကြံသူ တစ်ယောက် အဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။

ထို့ကြောင့် ချင်းရွှမ် နတ်တံခါးအတွက် ကျိလင် နတ်သမီးမှာ အရေး ပါလွန်းသကဲ့သို့ ချင်းကျန်း ဂိုဏ်းအတွက် မုန့်ရွှင်ကျန်းမှာလည်း အရေး ပါလှလေသည်။

ချင်းရွှမ်နတ်တံခါးသည် မုန့်ရွှင်ကျန်းတို့ ဆရာတပည့် နှစ်ယောက်ကို ဖမ်းသွားခဲ့လေသည်။ သို့သော် သူတို့ နှစ်ယောက်၏ ဝိညာဉ် မီးအိမ်က လင်းနေသေးသည့် အတွက် အသက် ရှင်နေသေးသည်ဟု ခန့်မှန်း နိုင်ခဲ့လေသည်။ သူတို့နှစ်ယောက် အဖမ်း ခံထားရသည်မှာ တစ်လခွဲခန့် ရှိနေပြီဖြစ်သည့် အတွက် တာအိုဆရာမှာ ချင်းရွှမ်သို့ အမြန်ပင် လိုက်လာရခြင်း ဖြစ်လေသည်။

ချင်းရွှမ် နတ်တံခါးမှာ ချင်းကျန်း ဂိုဏ်းနှင့် မိုင်ပေါင်း တစ်သောင်းမျှ ကွာဝေးလေသည်။ ထို့ကြောင့် နေ့နေ့ ညည မနားတမ်း ပျံသန်း ခရီးနှင်ခဲ့ရာ ငါးရက် အကြာတွင် ချင်းရွှမ်နတ်တ့ခါးသို့ စိုက်စိုက်မြိုက်မြိုက် ရောက်လာတော့သည်။

သူက တောင်ခြေသို့ ရောက်ရောက်ချင်း ယခုကဲ့သို့ သူ့ကို စောင့်ကြိုနေသည့်သူ ရှိလိမ့်မည်ဟု မျှော်လင့် မထားခဲ့မိပေ။

တာအိုဆရာသည် ချင်းရွှမ် နတ်တံခါးမှ အကြို လွှတ်လိုက်သူကို လှည့်စား၍ မရနိုင်မှန်း သိလိုက်လေသည်။

"ကျုပ်နာမည်က ကျန်းဆွေကျယ်ပါ၊ ချင်းကျန်းဂိုဏ်းက ဆရာသခင် တစ်ပါးအနေနဲ့ မင်းတို့ရဲ့ ဂိုဏ်းကို လာရောက် လည်ပတ်တာပါ၊ ကျုပ်ကို ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်"

"ကျုပ်တို့ ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ ကျုပ်က ခင်ဗျားကို ဒီမှာ လာစောင့်နေတာပါ၊ ခင်ဗျား လွန်ခဲ့တဲ့ ငါးရက်လောက် ကတည်းက ခရီးထွက်လာခဲ့တာ ထင်တယ်၊ ဒါပေမဲ့ ဒီနေ့မှ ရောက်လာလိမ့်မယ်လို့ ကျုပ်က ထင်မထားမိဘူး၊ လူတွေ ပြောကြတာတော့ နတ်ဓားသခင်ဟာ လျှပ်စီးလက်သလိုပဲ လျင်မြန် တယ်တဲ့၊ ခုတော့ ဒီသတင်းက မမှန်ဘူးပဲ"

မုတ်ဆိတ်နှင့်လူက ပြောလိုက်လေသည်။

မုတ်ဆိတ်နှင့်လူမှာ ယန့်ပုကွေးပင် ဖြစ်လေသည်။

သက်လတ်ပိုင်းအရွယ် တာအိုဆရာမှာ ထိုစကားကြောင့် စော်ကားခံရသလို ခံစား လိုက်ရသော်လည်း မခံချင်စိတ်ကို မျိုသိပ် ထားလိုက်သည်။

"ကျုပ်က ကျင့်စဉ်လမ်းမှာ အမြင့်ဆုံး အဆင့်ထိ မရောက်သေးပါဘူး၊ ဒါကြောင့် ကျုပ်ရဲ့ လျှပ်စီးလမ်း ကျင့်စဉ်ကလည်း နည်းနည်းတော့ နှေးနေတာပေါ့၊ ကျုပ်ကြားတာတော့ လက်ရှိ ချင်းရွှမ် နတ်တံခါးရဲ့ ဂိုဏ်းချုပ်က ဆန်းတန်ခိုးရှင်လို့ ကြားတယ်၊ သူ့ကို ဂုဏ်ပြုဖို့ ကျုပ်တတ်နိုင်သမျှ လက်ဆောင်လေးလည်း ပြင်ဆင် လာပါတယ်"

ဟု နတ်ဓားသခင် ကျန်းဆွေကျယ်က ပြောလိုက် လေသည်။

"ခင်ဗျားက လက်ဆောင် ပေးချင်တယ် ဆိုမှတော့ ကျုပ်နဲ့ လိုက်ခဲ့ပါ"

ယန့်ပုကွေးက ပြောလိုက်လေသည်။

ကျန်းဆွေကျယ်လည်း ယန့်ပုကွေး နောက်သို့ လိုက်သွားလေသည်။ သူတို့ ဝမ့်ရှင်းလမ်းကို ဖြတ်ကျော် ခဲ့ကြလေသည်။ ဝမ့်ရှင်းလမ်းသည် ကျင့်ကြံသူ အဆင့် အနိမ့်အမြင့် မခြားဘဲ အားလုံး၏ စိတ်ကို စစ်ဆေးသည့် လမ်းဖြစ်လေသည်။ ကျန်းဆွေကျယ်မှာ ဝမ့်ရှင်းလမ်းသို့ ပထမဆုံး အကြိမ် ဝင်ရောက်ဖူးသူ ဖြစ်လေသည်။ ဝမ့်ရှင်းလမ်း၏ ထင်ယောင်ထင်မှား ပုံရိပ်ယောင်များ အလယ်တွင် နာရီဝက်ခန့် ဖြတ်သန်း သွားပြီးသည့်နောက် သူ တောင်ထိပ်သို့ ရောက်လာလေသည်။

ယန့်ပုကွေးမှာ တောင်ထိပ်တွင် သူ့ကို အဆင်သင့် စောင့်နေလေသည်။

ယန့်ပုကွေးမှာ ချင်းရွှမ် နတ်တံခါးမှ တပည့်တစ်ယောက် ဖြစ်သည့် အတွက် ဝမ့်ရှင်းလမ်း၏ ပုံရိပ်ယောင်များမှာ သူ့ကို မသက်ရောက်နိုင်ပေ။

ယန့်ပုကွေးက ချင်းကျန်းဂိုဏ်းမှ ကျန်းဆွေကျယ်မှာ ဝမ့်ရှင်းလမ်းကို ယခုလောက် မြန်မြန်ဆန်ဆန် ကျော်ဖြတ် လာနိုင်လိမ့်မည်ဟု ထင်မထားမိပေ။ ဂိုဏ်းချုပ်ဆန်းလျန်က ထိုသူ၏ စိတ်သဘောထားနှင့် ကိုယ်ကျင့်တရားကို စစ်ဆေးရန် သူ့ကို မှာထားလေသည်။ ထို့ကြောင့်လည်း သူက ကျန်းဆွေကျယ်ကို ဝမ့်ရှင်းလမ်းမှ တမင်သက်သက် ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။

ယခုတော့ ထိုသူမှာ ဝမ့်ရှင်းလမ်းကို ခပ်မြန်မြန်ပင် ဖြတ်ကျော် နိုင်ခဲ့သည့် အတွက် ကိုယ်ကျင့်တရား ကောင်းမွန်သူ ဖြစ်နိုင်လေသည်။

လောကတွင် ကျင့်ကြံသူ အများစုက တာအိုကျင့်စဉ် လမ်း၏ စည်းကမ်းများကို နားလည်ခြင်း မရှိကြပေ။ သူတို့က ကျင့်ကြံချင်စိတ်သာ ရှိကြပြီး ကိုယ်ကျင့်တရား ကောင်းမွန်အောင် နေထိုင်လိုစိတ် မရှိကြပေ။ ထို့ကြောင့် သူတို့၏ ကျင့်ကြံမှုသည် ဖုန်မှုန့်များ ပေကျံသကဲ့သို့ စွန်းထင်းလျက် ရှိကြလေသည်။ ထိုသူများသည် ရုဟွအဆင့်သို့ ရောက်သည့်တိုင် ဟိုင်သန်းအဆင့်ကို ကိုယ်ပိုင် ကျင့်စဉ်လမ်းဖြင့် တက်ရောက်ရန် ခက်ခဲကြလေသည်။ ထို့ကြောင့် ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန် အတွက် ပြင်ပ ပြဒါးရှင်နှင့် နတ်ဒေဝါ အမြုတေများကိုသာ အားကိုး ကြရလေသည်။

ချင်းရွှမ် နတ်တံခါးမှ တပည့်များ၏ အားသာချက်မှာ စိတ်နှလုံးနှင့် ကိုယ်ကျင့်တရားကို အရင် ကောင်းမွန်အောင် ကျင့်ကြံပြီးမှသာ ကျင့်စဉ်လမ်းကို စတင် လျှောက်လှမ်း ကြရလေသည်။ ထို့ကြောင့် ကိုယ်ပိုင် ကျင့်စဉ်လမ်းဖြင့် ဟိုင်သန်းအဆင့်ကို တက်ရောက်ကြသည်က များလေသည်။ ကိုယ်ပိုင် ကျင့်ကြံမှုဖြင့် ဟိုင်သန်းအဆင့် တက်ရောက်ရန်မှာ ခက်ခဲသည့်တိုင် ပြင်ပပြဒါးရှင်ကို အားကိုးခြင်း ထက်တော့ တန်ခိုးစွမ်းအား ထက်မြက် လေသည်။

ကျန်းဆွေကျယ်မှာ ကိုယ်ကျင့်တရား ကောင်းမွန်သော်လည်း အဓိက နတ်ဘုရား ဂိုဏ်းကြီး လေးဂိုဏ်းတွင် တပည့်အဖြစ် ဝင်ရောက်ရန် အခွင့် မသာခဲ့သောကြောင့် ဂိုဏ်းငယ်လေးတစ်ခု ဖြစ်သည့် ချင်းကျန်းဂိုဏ်းသို့ပင် ဝင်ရောက်ကာ ကျင်ကြံခဲ့ရခြင်း ဖြစ်လေသည်။ ကျင်းချန်းဂိုဏ်းတွင် ကျင့်စဉ် ပညာများက နည်းပါးသည့် အတွက် ကိုယ်နှင့် ကိုက်ညီမည့် ကျင့်စဉ် ရွေးချယ်ရာတွင်လည်း အခက်အခဲ ဖြစ်ရလေသည်။

ထို့ကြောင့် ကျန်းဆွေကျယ် အနေဖြင့် ပြင်ပပြဒါးရှင်ဖြင့် ဟိုင်သန်းအဆင့် တက်ရောက်မည် ဆိုလျှင်တောင် ဟိုင်သန်းအဆင့် အောင်မြင်ရန် မလွယ်ကူလှပေ။ သူ့ဘဝတွင် ကျင့်စဉ်လမ်း အောင်မြင်နိုင်ရန် အတွက် ဖြစ်နိုင်ချေ နည်းပါး လှလေသည်။

ကျန်းဆွေကျယ်မှာ ဝမ့်ရှင်းလမ်းမှ ထင်ရောင်ထင်မှား ပုံရိပ်ယောင်များကို ဖြတ်သန်း ခဲ့သည့်တိုင် ယန့်ပုကွေး၏ ရည်ရွယ်ချက်ကို မသိခဲ့ပါ။ သူက ဖြစ်လာသမျှကို ရင်ဆိုင် နေခြင်းသာ ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါးတွင် နဂါးများ၊ ကျားများ စောင့်ဆိုင်းနေဦးတော့ မုန့်ရွှင်ကျန်းတို့ ဆရာတပည့် နှစ်ယောက်ကို ကယ်တင်ရန် အတွက် သူကတော့ ရင်ဆိုင်ရမည်ပဲ ဖြစ်လေသည်။

အမှန်တော့ ချင်းကျန်းဂိုဏ်း အနေဖြင့် ချင်းရွှမ် နတ်တံခါး ကဲ့သို့သော နေရာကို ရန်သွား မစခဲ့သင့်ပေ။ အခန့်မသင့်လျှင် ချင်းကျန်းဂိုဏ်း တစ်ခုလုံး ပျောက်ကွယ် သွားနိုင်လေသည်။

နဂါးငွေ့တန်း သိုင်းကျမ်း အတွက်ဖြင့် ယခုကဲ့သို့ အခြေအနေ ဖြစ်အောင် ဖန်တီးသည်မှာ မုန့်ရွှင်ကျန်း၏ မိုက်မဲမှုပင် ဖြစ်လေသည်။ ကျန်းဆွေကျယ် မှာလည်း မုန်ရွှင်ကျန်းကို တားဆီး လိုသည့်တိုင် တားဆီးခွင့် မရခဲ့ပေ။

ချင်းရွှမ်တောင် အတွင်းပိုင်းသို့ ဝင်ရောက်မိလေ အသက်ဓာတ် စွမ်းအားများနှင့် မိုးမြေ စွမ်းအားများ အားကောင်းနေမှုကို ခံစားရလေ ဖြစ်လေသည်။ ချင်းရွှမ်တောင် တစ်ခွင်မှာ မြူခိုးများ ဝေဆိုင်းနေပြီး နတ်ဘုံနတ်နန်း အလား သာယာလွန်းသည့် နေရာတစ်ခု ဖြစ်လေသည်။ ကျန်းဆွေကျယ်မှာ တအံ့တသြဖြင့် ငေးမော လိုက်ပါလာရင်း ထိုက်ယီတောင်ထိပ်ရှိ ချင်းရွှမ် ခန်းမဆောင်သို့ ရောက်ရှိ လာလေတော့သည်။

ကျန်းဆွေကျယ်က ယန့်ပုကွေး နောက်မှ လိုက်သွားပြီး ချင်းရွှမ် ခန်းမဆောင်ထဲသို့ ဝင်သွားလေသည်။ ခန်းမဆောင်ထဲတွင် လူအချို့ ရှိနေလေသည်။

ခန်းမအလယ်တွင် တပည့်နှစ်ယောက် ခြံရန်ပြီး တည်ကြည်သော မျက်နှာထားဖြင့် ကျင့်ကြံသူ တစ်ယောက် ရပ်နေလေသည်။

ထိုသူထံမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအား အရှိန်အဝါမှာ စွမ်းအား ပြင်းထန်လွန်းလေသည်။ ကျန်းဆွေကျယ်မှာ ကြောက်ရွံ့၍ပင် လာမိလေသည်။

ထို့ကြောင့် ထိုသူမှာ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် ဆရာသခင် ဖြစ်ရမည်ဟု ယူဆလိုက်သည်။

"ချင်းကျင်းဂိုဏ်းက ဆရာတစ်ယောက် ဖြစ်တဲ့ ကျုပ် ကျန်းဆွေကျယ် ဆန်းတန်ခိုးရှင်ကို နှုတ်ဆက် ဂါရဝပြုပါတယ်"

ဟု ပြောလိုက်လေတော့သည်။

***

All Chapters