ကမ္ဘာပျက်ကပ် မတိုင်မှီ တစ်လအလို
Vol. 1 Ch. 1
မတ်လမှ စတင်၍ ကျင်းကျိုး ဘာဘီကျူးသည် အင်တာနက်ပေါ်တွင် လူကြိုက်များလာပြီး နောက်တွင် ဒေသတွင်း ခရီးသွား ဧည့်သည် အရေအတွက်သည် တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။ အချက်အလက်များအရ မတ်လအတွင်းတွင်ပင် ကျင်းကျိုးမြို့သို့ ပြင်ပမှ လာရောက်လည်ပတ်သူ၄.၈ သန်းကျော် ရှိခဲ့ကာ ယခင်နှစ်များဖြင့် ယှဉ်ပါက ၁၃၄ % တိုးလာခဲ့၍ ခရီးသွား လုပ်ငန်းမှ ဝင်ငွေ ၆၀% တိုးလာခဲ့သည်။
ရုပ်မြင်သံကြားစက်သည် အလင်းနှင့် အမှောင် ကြား မှိတ်တုတ် မှိတ်တုတ်ဖြင့် လက်ရှိဖြစ်ပျက်နေသည်များအား ထုတ်လွှင့်နေခဲ့သည်။ ကော်ဖီစားပွဲပေါ်တွင် တစ်ဝက်စားထားသော ပါဆယ်ဘူးနှင့် တစ်ဝက်သောက်ထားသော ဘီယာ တစ်ပုလင်း ရှိနေခဲ့သည်။
ဆိုဖာပေါ်တွင် လှဲနေရင်း ရဲ့ရှင်းချန်၏ အမူအရာသည် မိန်းမောတွေဝေလျှက် ရှိသည်။
“ငါ ပြန်ပြီး မွေးဖွားလာတာလား”
ရဲ့ရှင်းချန် သူ၏ ဖုန်းအား ထုတ်ယူ၍ အချိန်အား စစ်ဆေးကြည့်လိုက်သည်။
ဧပြီလ ၂၆ရက် ၁၁နာရီ ၅၇မိနစ် ၃၁စက္ကန့် .......
သူသည် အလျင်အမြန် ထလိုက်ကာ ဗီလာ၏ လသာဆောင်သို့ အလျင်အမြန် ပြေးသွား၍ အပြင်သို့ ကြည့်လိုက်သည်။ ခြံဝင်းအတွင်း နှင်းဆီပန်းပင်များသည်လည်း ပွင့်လန်းနေခဲ့ကာ ခြံအပြင်ဘက်ရှိ မြက်ခင်းပြင်များလည်း စိမ်းစိုနေခဲ့သည်။ ထို့အပြင် အဝေးရှိ လူလုပ် ရေကန်လေးသည်လည်း လှိုင်းတွန့်များ ထနေခဲ့သည်။ နွေးထွေးကာ စိုစွတ်သော လေများ တိုက်ခတ်လာခြင်း နှင့်အတူ ပန်းများ၏ မွှေးရနံ့များသည်လည်း လေနှင့်အတူ ပါလာခဲ့သည်။
သူ၏ မျက်လုံးများအား ပွတ်လိုက်ကာ သူအမြင် မမှားကြောင်း သေချာစေပြီး နောက်တွင် ရဲ့ရှင်းချန်၏ မျက်နှာတွင် စိတ်လှုပ်ရှားနေသည့် အမူအရာများ ပေါ်ပေါက်လာ ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်သည်လည်း စိတ်လှုပ်ရှားမှကြောင့် တုန်ရီလာခဲ့သည်။
“ငါ အမှန်တကယ် ပြန်ပြီး မွေးဖွားလာခဲ့တာပဲ”
မေလ ၂၆ရက် ၂၀၂၃နှစ် တစ်လအကြာတွင် မွန်းတည့်ချိန်တိတိတွင် နေ၏ လှုပ်ရှားမှုများသည် ရုတ်တရက် အားနည်းသွားခဲ့ကာ နေရောင်ခြည်သည် အလွန်အမင်း မှိန်ဖျော့သွားခဲ့သည့် အပြင် ကမ္ဘာလုံးဆိုင်ရာ အပူချိန်သည်လည်း ကျဆင်းသွားခဲ့သည်။ ထို့အပြင် ကမ္ဘာကြီးတစ်ခုလုံး ရေခဲခေတ်သို့ ဝင်ရောက်သွားခဲ့တော့သည်။ ဝင်ရိုးစွန်း ဒေသများ၏ အပူချိန်သည် ကြောက်မက်ဖွယ် ကောင်းအောင်ပင် -၁၂၃ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားခဲ့သည်။
ထို့အပြင် တစ်ချိန်က အလွန် ပူပြင်းလှသော အီကွေတာဒေသများတွင်ပင် အပူချိန်သည် အနုတ် ၈၀မှ ၉၀ ဒီဂရီအထိ ရောက်ရှိသွားကာ သက်ရှိများအတွက် တားမြစ်နယ်မြေများ ဖြစ်လာတော့သည်။
တစ်ပတ်အတွင်း ကမ္ဘလူဦးရေ၏ ထက်ဝက်သည် အေးခဲကာ သေဆုံးသွားကြကာ အလွန်အမင်း အေးစက်မှုကြောင့် အပင်များနှင့် တိရစ္ဆာန်များသည်ပင် မျိုးတုန်းလုနီးပါး ဖြစ်သွားခဲ့သည်။
အလွန်အမင်း ပြင်းထန်သောအအေးဒဏ်ကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများသည်လည်း အားလုံးနီးပါး ရပ်တန့်သွားခဲ့ကာ အရင်းအမြစ် သယံဇာတများလည်း ရှားပါးလာခဲ့သောကြောင့် ကမ္ဘာကြီးသည် ထိတ်လန့် တုန်လှုပ်များအတွင်းသို့ ကျရောက်သွားခဲ့သည်။
ရှင်သန်နေထိုင်ရေးအတွက် လူများသည် ကိုယ်ကျင့်တရား၏ စည်းမျဉ်းများအား စွန့်လွှတ်လိုက်ကာ ထောက်ပံ့ရေး သယံဇာတများအတွက် အချင်းချင်း အငမ်းမရ လုယက် သတ်ဖြတ်ကြတေ့ာသည်။
လူများစွာသည် နွေးထွေးသော အဝတ်တစ်ထည် သို့မဟုတ် ဗိုက်ပြည့်ရန် ပေါင်မုန့် တစ်လုံးရရန် အတွက် လူသတ် လုယက်ရန် ဝန်မလေးကြတော့ပေ။
ထို့အပြင် ရဲ့ရှင်းချန်သည် သူ တစ်ဖက်သတ် ချစ်ရသူ၏ လှည့်စား လိမ်လည်ခြင်းအား ခံရကာ လူတစ်စုအား အထဲဝင်ခွင့်ရရန် တံခါးဖွင့်ပေးခဲ့ပြီး နောက်တွင် အစားအစားနှင့် ထောက်ပံ့ရေး ပစ္စည်းများ အားလုံးကို လုယက်ခံလိုက်ရတော့သည်။
အစားအစာများ ကုန်သွားသည့် အချိန်တွင် သူ တစ်ဖက်သတ် ချစ်ရသူ အမျိုးသမီး၏ တိုက်တွန်းမှုကြောင့် လူတစ်စုသည် သူ့အား သတ်ပစ်ခဲ့ကြသည်။
“ချန်းရူအာ နင်နဲ့ငါ စာရင်းရှင်းလို့ မပြီးသေးဘူးပဲ”
“ပြီးတော့ ငါ့ ပစ္စည်းတွေကို ခိုးယူသွားတဲ့သူတွေ ငါ့အစားအသောက်တွေကို စားခဲ့တဲ့သူတွေ မင်းတို့အားလုံး ငါ့ကို စောင့်နေကြစမ်းပါ“
သူ၏ အတိတ်ဘဝအား တွေးလိုက်ချိန်တွင် ရဲ့ရှင်းချန်၏ မျက်နှာအမူအာသည် ကြမ်းတမ်း ခက်ထန်သွားခဲ့သည်။ ထို လူတစ်စုသည် ပထမဆုံး သူ၏ ခြေထောက်များအား ဖြတ်ခုတ်ပစ်ကာ အဆုံးစွန်ထိ စိတ်ပျက်အားငယ်မှုနှင့် နာကျင်မှုများအား ယခုထိတိုင် ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲ ဖြစ်သည်။ ထိုအကြောင်းအရာများအား ပြန်လည် တွေးမိရုံဖြင့်ပင် သူ၏ နှလုံးသား တစ်ခုလုံး အေးစက်သွားစေခဲ့သည်။
“အခုချိန်မှာ ငါ ကောင်းကောင်းမွန်မွန်နဲ့ အသက်ရှင်ရမယ် ငါ ဘယ်သူ့ကိုမှ နည်းနည်းလေးတောင် သနားလို့ မရဘူး ပြီးတော့ သေချာပေါက် ဘယ်သူ့ကိုမှလည်း ယုံကြည်လို့ မရဘူး “
ရဲ့ရှင်းချန် အံ့ကြိတ်လိုက်ကာ သူ့ကိုယ်သူ သတိပေးလျှက် ရှိသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ အတိတ်ဘဝမှ သူတော်စင် နှလုံးသားကြောင့် အဆုံးတွင် သူသည် တစ်ပါးသူများမှ စိတ်ပိုင်းခြင်းအား ခံလိုက်ရခြင်း ဖြစ်သည်။ ယခုဘဝတွင် သူသည် ထိုကဲ့သို့ အဖြစ်မျိုးအား ထပ်ဖြစ်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။ တစ်လသာ ကျန်တော့သည်။
ယခုအချိန်တွင် အရေးကြီးဆုံးအရာသည် ကုန်ပစ္စည်းများ သိုလှောင်ရန်သာ ဖြစ်သည်။ ပုန်းခိုရန် လုံခြုံသော နေရာ တည်ဆောက်ရမည့် အပြင် ကမ္ဘာပျက်ကပ်တွင် သူ အသက်ရှင်ကျန်ခဲ့ရန် သေချာအောင် ပြုလုပ်ရမည် ဖြစ်သည်။
ရဲ့ရှင်းချန်သည် ဒုတိယမျိုးဆက် သူဌေးတစ်ယောက်ဖြစ်သည်။ သူ၏ မိဘများသည် ကြီးမားလှသော စူပါမားကတ် လုပ်ငန်းစု တစ်ခုအား လုပ်ကိုင်ကြကာ သူတို့တွင် ကျင်းဟိုင်မြို့တွင် နေ့စဉ်သုံး ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေသည့် များပြားလှစွာသော သယ်ယူပို့ဆောင်ရေးနှင့် ကုန်လှောင် စင်တာကြီး တစ်ခုရှိသည်။
ကံမကောင်းစွာဖြင့် သူ၏ မိဘများသည် လွန်ခဲ့သော ၆လက ကားမတော်တဆမှုဖြင့် ဆုံးပါးသွားသောကြောင့် ယခု သူသည် ထို ကြီးမားလှသော စူပါမားကတ်ကြီးအား စီမံခန့်ခွဲနေရသည်။ သူ၏ လက်ရှိ လုပ်ရမည့် လုပ်ငန်းစဉ်သည် ထိုကုန်ပစ္စည်း အရင်းအမြစ်များအား သူတစ်ဦးတည်းသာ ဝင်ရောက်နိုင်သည့် လုံခြုံသည် နေရာတစ်ခုသို့ ရွေ့ပြောင်းရန်သာ ဖြစ်သည်။
ပြန်လည် မမွေးဖွားမှီ အချိန်တွင် နေလုံးကြီးသည် တစ်နှစ်ပတ်လုံး မူအခြေအနေ အတိုင်း ပြန်ရောက်မည့် မည်သည့်လက္ခဏာမှ မပြသခဲ့ပေ။ ရေခဲခေတ်သည် မည်မျှ ကြာမည်အား မည်သူမှ မသိပေ။
လူတစ်ယောက် ရှင်သန်ရန်အတွက် လုံလောက်သော ရင်းမြစ်တစ်ခု ရှိရလိမ့်မည် ဖြစ်သည်။ ဤသို့ မဟုတ်ခဲ့လျှင် ထိုသူများသည် အေးခဲ ဆာလောင်၍ သေဆုံးသွား ရပေလိမ့်မည်။ ထို့အပြင် ဖျော်ဖြေရေး ဆိုင်ရာ ကိရိယာများလည်း ရှိရန် လိုအပ်သည်။ သို့မဟုတ်လျှင် နေရာတစ်ခုထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ရခြင်းသည် လူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာအား သံသယရှိစရာမလိုပဲ ထိခိုက်စေလိမ့်မည် ဖြစ်ပေသည်။
ထိုအချိန်မှာပင် ရဲ့ရှင်းချန်၏ ခေါင်းသည် တဒုတ်ဒုတ် ကိုက်ခဲလာခဲ့သည်။ သူ၏ မျက်စိရှေ့မှ နေရာလွတ်သည် ပုံပျက်သွားခဲ့ကာ ကြည်လင်၍ ဖောက်ထွင်းမြင်ရသည့် ကြီးမားလှသော နေရာလွတ် တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရာသည် သူနှင့် နီးကပ်စွာ ဆက်နွယ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သဘာဝကျစွာဖြင့် ထို ထူးဆန်းသော နေရာလွတ်နှင့် ပတ်သက်သော သတင်းအချက်အလက်များ သူ၏ စိတ်အတွင်း ပေါ်ပေါက်လာခဲ့သည်။ ထိုရာသည် ၃၀၀ စတုရန်းမီတာ ကျယ်ဝန်းကာ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားလွန်းသောကြောင့် အံ့အားသင့်သွားခဲ့ရသည်။
“ငါ ပြန်လည်မွေးဖွားလာလို့ ခုလို စွမ်းအားတွေ စောပြီး ရလာတာများလား”
ရဲ့ရှင်းချန် အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။ ကမ္ဘာပျက်ကပ် ရောက်လာပြီးနောက်တွင် အကြောင်းပြချက်မရှိပဲ လူအချို့တွင် စွမ်းရည်များ နိုးထလာခဲ့ကြသည်။ ရဲ့ရှင်းချန်သည်လည်း ထိုလူများထဲမှ တစ်ဦးဖြစ်သည်။ ရေခဲခေတ်ကာလအတွင်း ၆လကြာပြီး နောက်တွင် သူသည် မတော်တဆဖြင့် နေရာလွတ်စွမ်းရည် နိုးထလာခဲ့ကာ သူ့အား အခြား နေရာ တစ်ခုနှင့် ချိတ်ဆက်ပေးထားနိုင်စွမ်း ရှိခဲ့သည်။
သို့သော် သူ၏ အတိတ်ဘဝတွင် နိုးထလာခဲ့သော နေရာလွတ် စွမ်းရည်အား အခုလက်ရှိစွမ်းရည်နှင့် ယှဉ်လိုက်လျှင် နှိုင်းယှဉ်၍ပင် မရနိုင်ပါချေ။ ထိုအရာသည် သူ ပြန်လည် မွေးဖွားလာသောကြောင့် အချိန်စော၍ နိုးထလာသည်လား ဆိုသည်မှာ သူမသိပေ။ သို့သော် ၃၀၀ စတုရန်းမီတာအထိ ထူးထူးခြားခြား ကြီးမားနေခဲ့သည်။ ထိုကဲ့သို့ ကြီးမားလှသော နေရာလွတ်ဖြင့်ဆိုလျှင် ကမ္ဘာပျက်ကပ်တွင် အသက်ရှင်နိုင်ရန် အတွက် မည်သည့် ပြသာနာမှ မရှိနိုင်တော့ပေ။
သို့သော် သူသည် ထိုနေရာလွတ်တွင် ပစ္စည်းများ သိမ်းဆည်းနိုင်မှု ရှိ မရှိ စမ်းသပ်ရန် လိုအပ်နေသေးသည်။ ထို့ကြောင့် သူသည် ကော်ဖီစားပွဲနားသို့ သွားလိုက်ကာ လက်တွေ့စမ်းသပ်လိုက်တော့သည်။ ချက်ချင်းပင် ကော်ဖီစားပွဲသည် သူ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့ကာ နေရာလွတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။
“အဲ့ဒါ တကယ် အလုပ်ဖြစ်တယ်ဟ”
ရဲ့ရှင်းချန် အလွန် ပျော်ရွှင်သွားခဲ့သည်။ အတွေး တစ်ချက်ဖြင့်ပင် ကော်ဖီစားပွဲသည် နေရာလွတ်ထဲမှ ပျောက်ကွယ်သွားခဲ့ကာ သူ၏ မျက်စိရှေ့တွင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
“ကောင်းလိုက်တာ ဒါက တကယ် အံ့သြဖို့ ကောင်းလိုက်တာ”
ရဲရှင်းချန်၏ အတွေးထဲတွင် အရဲစွန့်သော အတွေး တစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူ၏ ထောက်ပံ့ရေး စင်တာထဲမှ ကုန်ပစ္စည်းများအား သူ၏ နေရာလွတ် အတွင်းသို့ အားလုံးကို ရွှေ့ပြောင်းရန် အစီစဉ်ချလိုက်သည်။ ထို့နောက် သူသည် ပစ္စည်းသွင်းသူများထံမှ အကြီးမားဆုံး အများဆုံး မှာယူကာ သူ၏ နေရာလွတ် ပြည့်သွားသည်အထိ ထည့်သွင်းသွားမည် ဖြစ်သည်။
ထိုနည်းလမ်းများဖြင့် သူသည် ကမ္ဘာပျက်ကပ်တွင် အချမ်းသာဆုံးသူ တစ်ဦးဖြစ်လာကာအသက်ရှင်သန်ရန် အတွက် စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ပေ။ အဲ့အချိန်မှာပင် ရဲ့ရှင်းချန်၏ ဖုန်း မြည်လာခဲ့သည်။ သူ ကောက်ကိုင်လိုက် ပြီးနောက် ကြည့်လိုက်ချိန်တွင် ချန်းရူအာမှ ခေါ်ဆိုခြင်း ဖြစ်သည်ကို မြင်လိုက်ရသည်။
“နင် ကောက်ကျစ်တဲ့ မိန်းမ....”
ရဲ့ရှင်းချန်သည် ဖုန်းကို ပြန်မဖြေပဲ တိုက်ရိုက် ဖုန်းချပစ်လိုက်တော့သည်။ ချန်းရူအာသည် ကျင်းဟိုင် တက္ကသိုလ်၏ အချောအလှ တစ်ဦး ဖြစ်သည်။ သူမသည် လှပလွန်းကာ သူမ၏ ခန္ဓာကိုယ် ပုံစံသည်လည်း အလွန် ဆွဲဆောင်မှု ရှိလေသည်။
သူ၏ အတိတ်ဘဝတွင် ရဲ့ရှင်းချန်သည် သူမ၏ အစေအပါး အဖြစ်ခစားကာ သူမအား ပိုးပန်ရန် အတွက် ငွေကြေး နှမြော တွန့်တိုမှု မရှိခဲ့ပေ။ သူသည် သူမအတွက် သန်းပေါင်းများစွာ သုံးစွဲခဲ့ပေသည်။ သို့သော်ငြားလည်း ချန်းရူအာသည် သူအား ငြင်းပယ်မှုလည်း မရှိသလို လက်လည်း မခံခဲ့ကာ ကြိုးရှည်ရှည်နှင့် လှန်ထားသကဲ့သို့ ဆက်လက် ဆွဲထားခဲ့သည်။ သူမသည် သူ့အား ငွေထုတ်စက် တစ်ခုလို သဘောထားကာ အရန် အစီစဉ်အဖြစ် ထားထားခြင်း ဖြစ်သည်။
လက်တွေ့တွင် ချန်းရူအာသည် သူ့ထက် ပို၍ ချမ်းသာသော ဒုတိယ မျိုးဆက် သူဌေးသားများအား အမြဲ မျက်စိကျခဲ့ကာ သူ့အား စိတ်ဝင်စားမှု လုံးဝ မရှိခဲ့ပေ။ သူတို့ နှစ်ဦးသည် လက်ချင်းတောင် မကိုင်ဖူးခဲ့ပေ။
သို့သော် ကမ္ဘပျက်ကပ် ရောက်ရှိလာချိန်တွင် ချန်းရူအာသည် သူမကိုယ် သူမ သန်မာ ထွားကြိင်းကာ ကြမ်းကြုတ်သော အမျိုးသားများ အနည်းငယ်၏ ရင်ခွင်အတွင်းသို့ ပြည့်တန်ဆာများထက်ပင် ရွံရှာဖွယ် ကောင်းလောက်အောင် ပစ်ဝင်သွားခဲ့သည်။ ထို့နောက်တွင် သူမသည်သူ့အား လိမ်လည် လှည့်ဖျားကာ တံခါးဖွင့်စေပြီးနောက် ထိုလူများအား သူ၏ အိမ်အတွင်းသို့ ဝင်စေခဲ့ကာ နောက်ဆုံးတွင် ထိတ်လန့် ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်များ ဖြစ်သွားစေခဲ့သည်။
ရဲ့ရှင်းချန်၏ ဆန္ဒသည် ချန်းရူအာ အား ရှာဖွေကာ သူ၏ အတိတ်ဘဝအတွက် လက်စားချေရန်အတွက် ချက်ချင်း သတ်ပစ်ချင်မိသည်။ သို့သော် ကံမကောင်းစွာဖြင့် ထိုဆန္ဒသည် မဖြစ်နိုင်သေးချေ။ ကမ္ဘာပျက်ကပ်သည် မရောက်ရှိလာသေးသလို ကမ္ဘာကြီးတွင်လည်း စည်းမျဉ်းများ ရှိနေသေးသည်။ ထို့ကြောင့် အကယ်၍ သူသည်သာ လူသတ်မှု ကျူးလွန်ခဲ့လျှင် ထောင်ကျသွားမည်သာ ဖြစ်သည်။
သူ့ စိတ်ကြိုက် သူ့ဆန္ဒ အတိုင်း လုပ်နိုင်ရန်အတွက် သူသည် ကမ္ဘာပျက်ကပ် ရောက်ရှိလာချိန်ကိုသာ စောင့်ဆိုင်းရုံသာ ရှိတော့သည်။ ဖုန်းအား ချလိုက်ပြီး နောက်တွင် ရဲ့ရှင်းချန်သည် ဗီလာမှ ချက်ချင်း ထွက်ခွာသွားပြီး ကျင်းဟိုင်မြို့ရှိ အကြီးဆုံး ဟိုတယ် ရှိရာသို့ ကားမောင်းသွားလိုက်သည်။