စားသောက်ပွဲများ ကြိုတင်မှာယူခြင်း
Vol. 1 Ch. 6
ချန်းရူအာ ကြက်သေသေသွားခဲ့သည်။ သူမသည် မျက်နှာပေါ်မှ ပူလောင်ပြင်းထန်သည့် နာကျင်မှုအား လစ်လျူရှုကာ ရဲ့ရှင်းချန်အား မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကာ ကြည့်လိုက်မိသည်။ သူမသည် သူမကိုယ်ကို လိုလိုလားလား ပုံအပ်လိုက်သော်ငြားလည်း ငြင်းပယ်ခံလိုက်ရသည်။ သို့သော် ပို၍ဆိုးသည်မှာ သူမ ပါးရိုက်ခံလိုက်ရခြင်း ဖြစ်သည်။ ထိုအရာသည်ပင် အတော်ဆိုးရွားလွန်းလှပြီ ဖြစ်သည်။ သို့သော် သူသည် သူမအား အခွင့်ယူသည်ဟုပင် စွပ်စွဲနေသေးသည်။
အစောပိုင်းကာလများတွင် ယခုလို အခြေအနေမျိုး ဖြစ်လာရန် နေ့စဉ် အိပ်မက်မက်ကာ စိတ်ကူးယဉ်နေသူသည် ရဲ့ရှင်းချန် ကိုယ်တိုင်ပင် ဖြစ်ပေသည်။ အခု ဘာများ ဖြစ်နေသနည်း။ ချန်းရူအာ တစ်ယောက် ယခုအခြေအနေအား အစစ်အမှန်မဟုတ်ပဲ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ ထိုအချိန်တွင် ရဲ့ရှင်းချန်၏ အေးစက်လွန်းလှသည့် အသံသည် သူမအား လက်တွေ့သို့ ပြန်လည် ဆွဲခေါ်လိုက်လေသည်။
“လမ်းပိတ် ရပ်မနေနဲ့ ဖယ်စမ်း”
ချန်းရူအာ သတိပြန်ဝင်လာပြီးနောက် ဒေါသတကြီး ပြောဆိုလိုက်သည်။
“ရဲ့ရှင်းချန် ရှင် စောင့်နေလိုက် ငါတို့ ကိစ္စ မပြီးသေးဘူး”
ပြင်းထန်လှသည့် စကားများ ပြောပြီးနောက်တွင် ချန်းရဓအားသည် မျက်နှာအား အုပ်ကာ ထွက်သွားလိုက်သည်။ ရဲ့ရှင်းချန်သည် အနည်းငယ်မျှပင် ဂရုမစိုက်ပဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ချန်းရူအာသည် သာမာန် နောက်ခံသာ ရှိသည့် သိုက်တူးသမားမသာသာပင် ဖြစ်သည်။ လွန်ခဲ့သော နှစ် အနည်းငယ်ခန့်က အလုပ်အကိုင် မရှိသည့် သူမအား ရဲ့ရှင်းချန် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။ သူမတွင် မည်သည့် သြဇာ အရှိန်အဝါ ရှိနိုင်မည်နည်း။ သူ့အား ခြိမ်းခြောက်နေသည်မှာ ဟာသတစ်ခုသာ ဖြစ်ပေသည်။ မကြာမှီတွင် အလုပ်သမားများ ပစ္စည်းများ သယ်ချနေမှုများ ပြီးသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ဗီလာ၏ ခြံဝင်းအတွင်း ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်ကာ ပတ်ဝန်းကျင်တွင် မည်သူမှ မရှိနေတာ သေချာစေရန် ဂရုတစိုက် စစ်ဆေးပြီးနောက်တွင် ရဲ့ရှင်းချန်သည် ပစ္စည်းအားလုံးအား နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်သည်။
ချက်ချင်း ဗီလာခြံဝင်း တစ်ခုလုံး နေရာလွတ်သွားခဲ့တော့သည်။ နေရာလွတ် အတွင်းတွင် ပစ္စည်းများ ဖြည့်ထားသည် ဆိုသော်လည်း နေရာလွတ်များ ကျန်နေသေးသည်။ နေရာလွတ် ဧရိယာသည် ၃၀၀ ဟက်တာ ကျယ်ဝန်းကာ အမြင့်သည် ၁၀၀ ဟက်တာ ရှိသည့်အတါက် အလွန် ကြီးမားကျယ်ပြန့်လွန်းပေသည်။
“အသုံးဝင်တယ်လို့ ထင်တဲ့အရာမှန်သမျှ နေရာလွတ်ထဲ ထည့်ထားရမယ် ငါ နေရာလွတ်ကို အပြည့်ဖြည့်ထားရမယ်”
သူ့တစ်ကိုယ်စာ ကြားရုံသာ တီးတိုးပြောဆိုလိုက်ပြီးနောက် ဗီလာအတွင်းသို့ ပြန်ကာ ဆိုဖာပေါ်တွင် လှဲအိပ်လိုက်ကာ မနက်ဖြန်လုပ်မည့် အစီစဉ်များအား စဉ်းစား စီစဉ်နေလိုက်တော့သည်။ သူ၏ စူပါမားကတ် သိုလှောင်ရုံမှ ပစ္စည်းများ ဖြင့်ပင် ကမ္ဘာပျက်ကပ် ရောက်ချိန်တွင် သူသည် သက်တောင့်သက်သာဖြင့် အစားအသောက်တွက် ပူပန်စရာမလိုအပ်ပဲ နေထိုင်နိုင်မည် ဖြစ်သည်။ သို့သော် ထိုနေရာမှ တိုင်ရိုက် စားသုံးနိုင်သည်မှာ မုန့်နှင့် သစ်သီးများသာ ရှိပေရာ မည်သူမဆို ရေရှည်စားသုံးလာလျှင် ငြီးငွေ့လာမည် ဖြစ်သည်။
စူပါမားကတ်တွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အသားများ ရှိသော်လည်း သူသည် အချက်အပြုတ် မကျွမ်းကျင်သည့်အတွက် အရသာ ရှိသည့် ဟင်းများ မချက်ပြုတ်နိုင်ချေ။ ထို့အတွက် ရဲ့ရှင်းချန်သည် မနက်ဖြန်ရောက်လျှင် ဟိုတယ်ကြီးများအား သွဦးကာ ဟင်းပွဲများ အများအပြား မှာယူကာ နေရာလွတ်အတွင်းသို့ ထည့်သိမ်းထားမည်ဟု ဆုံးဖြတ်တ်ချက်ချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် နေရာလွတ်အတွင်းတွင် အချိန်စီးဆင်းမှု မရှီသည့်အတွက် အစားအသောက်များ ပုပ်သိုးသွားမည်အား စိုးရိမ်ရန် မလိုအပ်ခဲ့ပေ။ မည်သည့်အချိန်တွင်မဆို ထုတ်ယူလိုက်သည်နှင့် လတ်ဆတ်နေမည် ဖြစ်သည်။
ရဲ့ရှင်းချန်သည် အခြားသူများ ကမ္ဘာပျက်ကပ် ရောက်ရှိလာချိန်တွင် အစားတစ်လုပ် ပြည့်ပြည့်ဝဝ စားသောက်ရရန် ရုန်းကန်နေရချိန်တွင် သူသည် အရသာ အရှိဆုံး စားစရာများအား စားတော်ပွဲကြီးတစ်ခုလို တည်ခင်းကာ စားသောက်ကာ စည်းစိမ်ခံစားရနိုင်ရန် သေချာပြင်ဆင်ထားချင်ခဲ့ခြင်း ဖြစ်သည်။
ထိုအစီအစဉ်များအား တွေးထားပြီးနောက်တွင် ရဲ့ရှင်းချန်သည် လုံဒန် လုံခြုံရေး ကုမ္ပဏီမှ ဒီဇိုင်းပုံကြမ်းအား လက်ခံရရှိခဲ့ကာ ပြန်လည် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် စိတ်ကျေနပ်သွားခဲ့သည်။ မနက်ဖြန်အတွက် မြေတိုင်းစစ်ဆေးရန်အတွက် ကြိုတင်စီစဉ်ပြီးနောက်တွင် ရဲ့ရှင်းချန်သည် သူ၏ အိပ်ခန်းအတွင်းသို့ ပြန်လာပြီးနောက် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။
သူ၏ အတိတ်တွင် ကမ္ဘာပျက်ကပ်အား ကြုံတွေ့ပြီးချိန်ကတည်းမှ စ၍ ယခုလို နှစ်ခြိုက်စွာ အိပ်မောကျနိုင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူသည် နောက်တနေ့ နံနက် ၉နာရီ ရောက်သည်အထိ မနိုးပဲ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့သည်။
ကိုယ်လက်သန့်စင်ပြီးနောက်တွင် အိမ်မှာပင် ပေါ့ပေါ့ပါးပါး မနက်စာ စားသောက်ပြီးနောက် ရဲ့ရှင်းချန်သည် ကားဖြင့် ကျင်းဟိုင်မြို့တွင် စီချွမ်အရသာ အစစ်အမှန်ဆုံး အရသာ အရှိဆုံးဟူ ချီးကျူးခံရသည့် ချွမ်ရှုချင်း စားသောက်ဆိုင်သို့ မောင်းနှင်လာခဲ့သည်။
တစ်ခြား တစ်ဖက်တွင်
ချန်းရူအာ၏ အချစ်ဆုံး သူငယ်ချင်းဖြစ်သူ ချူယောင်သည် ထိုင်းနိုင်ငံမှ အပန်းဖြေ အလည်ပတ်ခရီး ပြန်ရောက်လာပြီးနောက် ဒေသထွက်ပစ္စည်းလက်ဆောင်များ ယူဆောင်ကာ သူမထံသို့ အလည်အပတ် ရောက်ရှိလာခဲ့သည်။ သူမ ခဏကြာမျှ တံခါးခေါက်လိုက် ပြီးချိန်တွင် ချန်းရူအာသည် နောက်ဆုံးတွင် တံခါး ဖွင့်ပေးလာခဲ့သည်။ ချူယောင်သည် ညည်းတွားပြောဆိုလိုက်သည်။
“နင် ဘာဖြစ်နေတာလဲ နင် ပုံမှန်ဆို ဖုန်းကို ပိတ်မထားတတ်ပါဖူး စာတွေလည်း မပြန်ဖူး”
ထိုသို့ ပြောဆိုနေရင်း ချူယောင်သည် ချန်းရူအာ၏ မျက်နှာ တစ်ခြမ်း ရောင်ရမ်းနေသည်အား သတိထားမိကာ သူမ၏ မျက်လုံးများသည်လည်း ငိုထားသောကြောင့် နီရဲနေခဲ့ကာ သူမ၏ ပုံစံသည် မျက်တွင်းများကျနေကာ နွမ်းနေပုံ ပေါ်နေခဲ့သည်။ ချူယောင်သည် လက်ဆောင်များအား အလျှင်အမြန် ပစ်ချလိုက်ကာ ချန်းရူအာ၏ လက်အား ဆွဲလျှက် သူမ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်စိတ်များနှင့် ဒေါသများ ပြည့်နှက်နေခဲ့သည်။
“ရူအာ နင် ဘာဖြစ်တာလဲ တစ်ယောက်ယောက် နင့်ကို ရိုက်လိုက်တာလား ငါ့ကို ပြော ငါ နင့်အစား သူ့ကို သွားဆဲပစ်မယ်”
သူမ၏ စကားများအား ကြားလိုက်ချိန်တွင် ချန်းရူအာသည် စိတ်မထိန်းနိုင်တော့ပဲ ချူယောင်အား ဖက်ကာ အော်ဟစ်ငိုကြွေးလိုက်တော့သည်။ သူမ၏ငိုရှိုက်သံများသည် နှလုံးကွဲကြေမတတ် ဖြစ်နေခဲ့သည်။ မနေ့က အိမ်ပြန်ရောက်လာချိန်တွင် သူမသည် ထိုအကြောင်းအား တွေးမိလေလေ ဒေါသထွက်လေလေ ဝမ်းနည်းလေလေ ဖြစ်ကာ တစ်ညလုံး အိပ်မရခဲ့ပါချေ။ ယခုတွင် သူမ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်သူအား မြင်တွေ့လိုက်ရချိန်တွင် သူမ၏ စိတ်အား ဆက်လက် ထိန်းမထားနိုင်တော့ချေ။
“ရူအာ မငိုနဲ့ ငါ့ကို ဘာဖြစ်ခဲ့တာလဲဆိုတာ ပြောပြ”
ချူယောင်သည် ချန်းရူအာအား အခန်းအတွင်းသို့ တွဲခေါ်သွားခဲ့သည်။
....
ခဏအကြာအတွင် အဖြစ်အပျက်များ အလုံးစုံအား သိလိုက်ရချိန်တွင် ချူယောင်သည် ဒေါသထွက်စွာဖြင့် ပြောဆိုလိုက်သည်။
“မိန်းကလေး တစ်ယောက်ကို ရိုက်တဲ့ ကောင်က တကယ့် ယောက်ျားစစ်စစ်မှ ဟုတ်ရဲ့လား သူက တစ်ယောက်ထဲ သမား တစ်သက်လုံး ဖြစ်ဖို့ ထိုက်တန်တယ် ခွေးကောင်”
ချန်းရူအာသည် နှာ တစ်ရှုပ်ရှုပ်နှင့် သူမ၏ မျက်နှာတွင်လည်း အလိုမကျမှုများဖြင့် ပြည့်နှက်နေခဲ့ကာ မေးမြန်းလိုက်သည်။
“ယောင်ယောင် ငါ ဘယ်လိုလုပ်ရမလဲ အဲ့ ခွေးကောင် မရှိတော့ရင် ငါ ဘယ်လို ဆက်ပြီး အသက်ရှင်ရမှာလဲ”
သူမ စိုးရိမ် ပူပန်နေခဲ့သည်။ ရဲ့ရှင်းချန်ကဲ့သို့ ငွေသုံးနိုင်သည့် ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်အား အချိန်တို အတွင်း ရှာနိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ အသက် လေးငါးဆယ်အရွယ် ဆီပြန်နေသည့် လူကြီးများအား လိုက်ရှာရန်အတွက်လည်း သူမ၏ အဆင့်အတန်းအား မနိမ့်ချချင်ခဲ့ပေ။ ထို့အပြင် ထိုလူကြီးများသည် အမြဲလိုလို အခွင့်ရေး ယူချင်ကြသည်ဖြစ်ရာ ရဲ့ရှင်းချန်ကဲ့သို့ သူမအပေါ်သို့ ငွေအများကြီး သုံးမည် မဟုတ်ချေ။
သူမသည် ဇိမ်ခံနေရသည့် ဘဝအား နေသားကျနေပြီ ဖြစ်ရာ ယခုလို ရဲ့ရှင်းချန်ကဲ့သို့ ငွေထုတ်စက် မရှိတော့ချိန်တွင် သူမ၏ နေထိုင်မှုဘဝ ပုံစံသည် ချက်ချင်းဆိုသလို ထိုးကျသွားမည်ဖြစ်သည်။ ထိုအရာသည် သူမ လုံးဝ လက်မခံနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။
“ငါ့လို လှပတဲ့ မိန်းကလေးက အမြင့်တစ်နေရာမှာ နေပြီး ဇိမ်ခံပစ္စည်းတွေကို သုံးရင်း ခံစားနေသင့်တာ သာမာန် လူတွေက ငါနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ”
သူမသည် ရဲ့ရှင်းချန် သူမအား ပါးရိုက်လိုက်သည်ကိုလည်း ဂရုမစိုက်နိုင်တော့ချေ။ သူမ၏ အရင်ပုံစံအတိုင်း ဆက်နေချင်ရုံသာ ဖြစ်သည်။ ချူယောင်သည် သက်ပြင်းချကာ ပြောဆိုလိုက်သည်။
“နင်ကတော့လေ... ငါ နင့်ကို အရင်ကတည်းက ပြောဖူးတယ် တစ်ဖက်သားကို မျှော်လင့်ချက်ပေးပြီး မျောက်တစ်ကောင်လို မကစားပါနဲ့လို့ တစ်ခါတစ်လေ အချိုသတ်ပြီး အကျိုးအမြတ်လေး ပေးတတ်ရတယ် နင်က သူ့ကို အရင်က ဘာအခွင့်ရေးမှ မပေးခဲ့ဘူးလေ အခုကြည့် ငါပြောခဲ့သလို ပြသာနာ ဖြစ်လာပြီ မလား”
ချန်းရူအာ ခဏတာ တွေးတောလိုက်ပြီးနောက် ချူယောင်သည် အရင်က ထိုသို့သော စကားမျိုးအား ပြောဖူးသည်ကို သတိရလိုက်သည်။ ထို့နောက် အသက်ကယ် ကြိုးတစ်ချောင်းအား မြင်တွေ့လိုက်ရသကဲ့သို့ လျှင်မြန်စွာ မေးမြန်းလိုက်သည်။
“ဒါဆို ငါ အခု ဘယ်လိုလုပ်ရမလဲ”
“ဘာကို ဘယ်လိုလုပ်ရမှာလဲလဲ တောင်းပန်ရမှာပေါ့”
“ဒါပေမဲ့ ငါ မနေ့က တောင်းပန်ပြီးပြီလေ သူမှ လက်မခံတာ လက်မခံတဲ့ အပြင် ငါ့ကိုတောင် ရိုက်လိုက်သေးတယ်”
“နင်က အချိန်ရွေးတာ မှားသွားတာကိုးဟ နင်က သူ ဒေါသထွက်နေတဲ့ အချိန်သွားတာကိုး အဲ့ဒါ ပြသာနာရှာတာ မဟုတ်ဘူးလား”
“နင် ဘာကို ပြောချင်တာလဲ”
“သူ နင့်ကို မနေ့က အော်လိုက် ရိုက်လိုက်ပြီ ဆိုတော ဒေါသထွက်ပြီး စိတ်ထဲ ပေါ့သွားလောက်ပြီ ဒီနေ့ ထပ်သွားရင်တော့ ရလဒ်က မတူလောက်တော့ဖူးလေ”
ချန်းရူအာသည် ခဏတာ စဉ်းစားလိုက်ပြီးနောက် အကျိုးအကြောင်းသင်သည်ကို တွေ့လိုက်ရသည်။ သူမသည် ချူယောင်၏ လက်မောင်းအား ဆွဲကာ ပြောလိုက်သည်။
“နင် ငါနဲ့ အတူတူ အဲ့ကို လိုက်ခဲ့ပါလား”
ချူယောင်သည် အကူညီမဲ့စွာ သက်ပြင်းချလိုက်ကာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ငါ နင့်နဲ့ အတူတူ လိုက်ခဲ့မယ်”
ချန်းရူအာသည် စိုးရိမ်နေဆဲ ဖြစ်သည်။
“ဒီတစ်ခါ သူ ငါ့ကို ခွင့်လွှတ်မယ်လို့ နင်ထင်လား”
ချူယောင်၏ နှုတ်ခမ်းထောင့်သည် လှောင်ပြောင်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။
“နှစ်အချို့ကြာအောင် နင့်ရဲ့ နောက်လိုက်ခွေး တစ်ကောင်လို ဖြစ်နေတာ ရဲ့ရှင်းချန်က အချစ်အတွက်နဲ့ အရူးတစ်ကောင်လို ဖြစ်နေတာကို ပြနေတာပဲ အဲ့လို နလပိန်းတုန်းတွေကို လှည့်စားလိုက်ရင် လွယ်ပါတယ် သူ့ ဒေါသတွေ ထွက်ပြီး စိတ်ငြိမ်သွားတာနဲ့ သူက နင့်ရဲ့ ခွေးတစ်ကောင်လို အရင်အတိုင်း ပြန်နာခံလာမှာပဲလေ”
**
တစ်ချိန်တည်းမှာပင်
ရဲ့ရှင်းချန်သည် ချွမ်းရှုချင်း စားသောက်ဆိုင်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ စားပွဲထိုးလေးသည် နွေးထွေးစွာ နှုတ်ဆက်လိုက်ကာ မေးမြန်းလိုက်သည်။
“မဂ်လာပါ ဆရာ လူ ဘယ်နှစ်ယောက်များ ပါပါသလဲ ခင်ဗျာ”
ရဲ့ရှင်းချန်သည် ခေါင်းခါလိုက်ကာ ပြောလိုက်သည်။
“ကျွန်တော် ဒီမှာ လာစားတာ မဟုတ်ဘူး စားသောက်ပွဲအတွက် ဘိုကင်တင်ဖို့ လာတာပါ စျေးနှုန်းတွေက ဘယ်လိုလဲ”
ဝန်ထမ်းလေးသည် ပြုံးလျှက် ပြန်ဖြေလိုက်သည်။
“အနိမ့်ဆုံးစျေးနှုန်းကတော့ ၈၈၈ယွမ် ကျသင့်ပါတယ် ပြီးတော့ ၁၂၈၈ ယွမ် ၁၆၈၈ ယွမ်....”
ဟူ၍ ရှင်းပြပေးနေစဉ် ရဲ့ရှင်းချန်သည် စကားဖြတ်ကာ တိုက်ရိုက် ပြောဆိုလိုက်သည်။
“စျေးအကြီးဆုံးက ဘယ်လောက်လဲ”
“စျေးအကြီးဆုံးကတော့ ၂၈၈၈ယွမ်ပါ ရိုးရာ စီချွမ်ဟင်းလျာတွေ ပါဝင်ပြီးတော့ အကောင်းဆုံး ကုန်ကြမ်းတွေနဲ့ ပြုလုပ်ထားတဲ့ ခေတ်သစ် စီချွမ် ဟင်းလျာတွေလည်း ပါဝင်ပါတယ် ကျွန်တော် မီနူးကို ပြပေးပါ့မယ်”
စားပွဲထိုးလေးသည် မီနူးစာအုပ်အား ရဲ့ရှင်းချန်ထံသို့ လှမ်းပေးလိုက်သည်။ ခဏတာမျှ မီနူးစာအုပ်အား ကြည့်ပြီးနောက်တွင် ရဲ့ရှင်းချန် ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ ဒါဆို ကျွန်တော် ၂၈၈၈ယွမ် တန်ကိုပဲ ယူလိုက်မယ် စားပွဲ ၁၀၀၀စာ လိုချင်တယ်”