သေနတ်များ ရယူခြင်း
Vol. 1 Ch. 8
ချန်းရူအာသည် ခဏတာမျှ ကြောင်အသွားပြီးနောက်တွင် မျက်လုံးထဲအထိ မရောက်ရှိသော် အပြုံးတုတစ်ခုဖြင့် ပြောဆိုလိုက်သည်။
“ရဲရှင်းချန် ရှင်က ဘယ်လို နောက်ပြောင်ရမလဲ ဆိုတာ ကောင်းကောင်း သိတာပဲ”
သူ၏ ရည်မှန်းချက် ပြည့်မြောက်သွားပြီဖြစ်၍ ရဲရှင်းချန်သည် ပေါ့ပေါ့ပါးပါးပင် ပြန်လည်၍ တုံ့ပြန်လိုက်သည်။
“ယုံတာ မယုံတာကတော့ မင်းတို့အပိုင်းပဲလေ”
ချူယောင်သည်လည်း ရဲရှင်းချန်မှ နောက်ပြောင်၍ ပြောဆိုနေသည်ဟု ထင်မှတ်သွားခဲ့သည်။ သူမသည် ဤအခြေအနေအား အခွင့်ကောင်းယူ၍ လေထုအား ပိုမိုကာ သက်ဝင်လာစေရန် အတွက် ရည်ရွယ်လျှဥ် နောက်ပြောင် ပြောဆိုလိုက်သည်။
“ကြယ်တံခွန်တစ်ခု ကမ္ဘာကြီးကို ဝင်တိုက်လိုက်လို့ ကမ္ဘာပေါ်မှာ သက်ရှိတွေ အားလုံး မျိုးသုဉ်းသွားမှာမို့လို့လား ဒါမှမဟုတ် ဖန်လုံအိမ် စိုက်ပျိုးရေးရဲ့ အကျိုးတွေကြောင့် ရုတ်တရက်ကြီး ကမ္ဘာ့အပူချိန် ၂ ဒီဂရီလောက် တက်လာလို့ ရေခဲပြင်တွေ အရည်ပျော်ကျပြီးတော့ ကမ္ဘာကြီး တစ်ခုလုံး ရေလွှမ်းမိုးသွားမှာမို့လို့လား”
ရဲရှင်းချန်သည် ခေါင်းအနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။
“အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူး အခုကစပြီး နောက်တစ်လအကြာမှာ နေလုံးကြီးရဲ့ လှုပ်ရှားမှုတွေ ရုတ်တရက် အားနည်းသွားပြီး နေရောင်ခြည်က အလွန်ဖျော့တော့သွားလိမ့်မယ် အဲ့ချိန်ကျရင် ကမ္ဘာ့အပူချိန်က ထိုးကျသွားပြီးတော့ ငါတို့တွေ အကုန်လုံး ရေခဲခေတ်ထဲကို ရောက်သွားကြလိမ့်မယ်”
ရဲရှင်းချန်၏ လေးနက်သော မျက်နှာထားအား မြင်လိုက်ရသောအခါ ချူယောင်နှင့် ချန်းရူအာတို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် နှစ်ယောက်စလုံး၏ မျက်နှာများပေါ်တွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ကမ္ဘာပျက်ကပ် ဆိုပါလား....
ရိုးရိုးရှင်းရှင်း ဟာသတစ်ခုသာသာပါပဲ....
ရဲရှင်းချန်သည် ယခုလို အဓိပ္ပာယ်မရှိသည့် စကားများ လျှောက်ပြောနေရသည် အထိ ရူးသွပ်သွားပြီလားဟုပင် သူတို့ သံသယဝင်လာခဲ့ကြသည်။
လူသားတွေရဲ့ နေလုံး အပေါ်သို့ သုတေသနပြုမှုနှင့် စောင့်ကြည့်လေ့လာမှုများသည် မည်သည့် အချိန်တွင်မှ မရပ်တန့်ခဲ့ဖူးချေ။ အကယ်၍ နေ၏ လှုပ်ရှားမှုများ ပုံမှန်မဟုတ်သည့် အရာများ ရှိခဲ့လျှင် သိပ္ပံပညာရှင်များ ကြိုတင် သိနိုင်မည် ဖြစ်သည်။ ထို့အပြင် နောက်တစ်လခန့် ကြာလျှင် မည်သို့ ဖြစ်မည် ဆိုသည်အား မည်သို့သော သူများမှ ကြိုတင် သိနိုင်မည်နည်း။ တစ်စုံတစ်ယောက်သည် အနာဂတ်အား အမှန်တကယ်ပင် ဟောကိန်းထုတ်နိုင်မည်လော။
ရဲရှင်းချန်သည် သူတို့၏ မျက်နှာပေါ်မှ အမူအရာများအား ရှင်းလင်းစွာ မြင်တွေ့နေရကာ သိသိသာသာပင် လှောင်ပြောင်ဟန် ရသည့် အရိပ်အယောင်တစ်ခု သူ၏ နှုတ်ခမ်းထောင့်တွင် ပေါ်ပေါက်လာခဲ့သည်။
ကမ္ဘာပျက်ကပ် ရောက်ရှိလာတဲ့အခါ မည်သူသည် အမှန်တကယ် ရူးသွပ်နေသည်အား သူတို့ သိလာပေလိမ့်မည်။ အချိန်အား နောက်ပြန်လှည့်မရနိုင်သည့် အချိန်တွင် နောင်တတရားနှင့် မျှော်လင့်ချက်မဲ့ခြင်းဆိုသည့် ခံစားချက်များအား သူတို့ ခံစားရလိမ့်မည် ဖြစ်သည်။
ထို အချိန် ရောက်ရှိလာချိန်တွင် သူ ရဲရှင်းချန်သည်သာ သူတို့အား ကယ်တင်နိုင်မည့် တစ်ဦးတည်းသောသူ ဖြစ်လာလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် သူတို့သည် ခွေးများ ကဲ့သို့ သူ၏ ရှေ့တွင် ဒူးထောက်လျှက် အသနားခံကြရလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် “လုံဒန် လုံခြုံရေးကုမ္ပဏီ” ဟူသော တံဆိပ်ကပ်ထားသည့် ကားအများအပြား ရောက်ရှိလာသဖြင့် ထိုမိန်းမနှစ်ယောက်၏ အာရုံအား ဖမ်းစားနိုင် လိုက်ကာ စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာစေခဲ့သည်။ ရဲရှင်းချန်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ငွေရှိလျှင် ကိစ္စများ ပြီးမြောက်စေရန အာမခံချက် ရှိပေသည်။ လုံခြုံရေးမန်နေဂျာသည် ကားပေါ်မှ ဆင်းလာပြီးနောက် နွေးထွေးကြင်နာသည့် အပြုံးဖြင့် လျှောက်လာလေသည်။ ချန်းရူအာနှင့် ချူယောင်တို့အား မြင်သော် သူ၏ အကြည့်များသည် ခေတ္တမျှ ရပ်တန့်သွားကာ အံ့သြဟန် ရသည့် အရိပ်အယောင်တစ်ခု မျက်လုံးထဲတွင် ဖြတ်ပြေးသွားခဲ့သည်။
“မင်္ဂလာပါ မစ္စတာ ရဲရှင်းချန်”
လုံခြုံရေးမန်နေဂျာသည် ရဲရှင်းချန်၏ လက်အား နွေးထွေးစွာဖြင့် လက်ဆွဲ နှုတ်ဆက်လိုက်ကာ ပြုံးလျက် ပြောလိုက်သည်။
“ကျွန်တော် မြေတိုင်းအဖွဲ့ကို ခေါ်လာခဲ့ပါတယ် ဗီလာရဲ့ အဓိက အဆောက်အဦးနဲ့ ခြံဝင်းတစ်ခုလုံးရဲ့ မြေပြင်အနေအထားကို သိပ္ပံနည်းကျ တွက်ချက်စစ်ဆေးပြီးတာနဲ့ မနက်ဖြန်ပဲ အလုပ်စလို့ရပါပြီ”
ရဲရှင်းချန်မှ တည်ငြိမ်စွာပင် ပြန်ပြောဆိုလိုက်သည်။
“ကောင်းပြီလေ စကြတာပေါ့”
လုံခြုံရေးမန်နေဂျာသည် သူ့နောက်မှ မြေတိုင်းအဖွဲ့အား လှမ်းကြည့်လိုက်ပြီးနောက် တိုက်တွန်းလိုက်လေသည်။
“ဘာကို စောင့်နေကြတာလဲ အလုပ်စကြတော့လေ”
ထိုအချိန်တွင် ချန်းရူအာမှ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ရဲရှင်းချန် ရှင် ဘာလုပ်ဖို့ စီစဉ်နေတာလဲ”
ရဲရှင်းချန်၏ ကြီးမားလှသော ဗီလာသည် ကျယ်ဝန်းလှသည့် ဧရိယာအား နေရာ ယူထားကာ လှပသေသပ်စွာ ဖြင့် ဒီဇိုင်းဆွဲထားသည့် ပန်းခြံကြောင့် ပြုပြင်မွမ်းမံရန် လိုအပ်သည့် နေရာဟူ၍ သူမ မမြင်မိချေ။ ချူယောင်ပင်လျှင် နားမလည်နိုင်သော အမူအရာ ဖြစ်နေခဲ့သည်။
ရဲရှင်းချန်သည် သူတို့အား လုံးဝ အရေးမလုပ်ခဲ့ချေ။ သို့သော် လုံခြုံရေးမန်နေဂျာသည် ချန်းရူအာနှင့် ချူယောင်တို့အား ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပြောပြလိုက်သည်။
“ခင်ဗျားတို့ မသိကြဘူးလား မစ္စတာချင်က နျူကလီးယား ပေါက်ကွဲမှုကိုတောင် ခံနိုင်ရည်ရှိမယ့် ကမ္ဘာပျက်ကပ် ကာကွယ်ရေးစခန်းတစ်ခု ဆောက်ဖို့ စီစဉ်နေတာလေ”
“ဘာ”
ချန်းရူအာနှင့် ချူယောင်တို့ နှစ်ယောက်စလုံးသည် အံ့သြလွန်းသောကြောင့် မျက်လုံးများ ပြူးကျယ်သွားကြကာ မယုံကြည်နိုင်သည့် အမူအရာများဖြင့် ရဲရှင်းချန်အား ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ရဲရှင်းချန်သည် အမှန် တကယ်ပင် ရူးသွပ်သွားပြီဟု သူတို့ ယုံကြည်လက်ခံ လိုက်ကြတော့သည်။
မည်သူကများ ကမ္ဘာပျက်ကပ် ကာကွယ်ရေးစခန်း ဆောက်ဖို့လောက်အထိ ရူးသွပ်နိုင်မည်နည်း။ ချန်းရူအာမှ သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ရဲရှင်းချန် ဒါ တကယ်လား”
ရဲရှင်းချန်သည် မည်သည်ကိုမှ ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ပြလိုက်သည်။
“အင်း အမှန်ပဲ”
သူထံတွင် အရင်းအမြစ် အမြောက်အမြားနှင့် အလုံခြုံဆုံးသော ကာကွယ်ရေးစခန်းတစ်ခု ပိုင်ဆိုင်ထားသည့် အကြောင်း ချန်းရူအာအား သိရှိစေရန် ရည်ရွယ်လေသည်။ ကမ္ဘာပျက်ကပ် ရောက်ရှိလာချိန်တွင် အရာအားလုံးသည် သူစီစဉ်ထားသည့် အတိုင်း ဖြစ်လာပေလိမ့်မည် ဖြစ်သည်။
သူ၏ အဖြေအား ကြားချိန်တွင် ချူယောင်သည် ချန်းရူအာအား ဘေးသို့ဆွဲခေါ်သွားပြီးနောက် တီးတိုး ပြောဆိုလိုက်သည်။
“ငါ့အမြင်အရဆိုရင်တော့ ရဲရှင်းချန်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြီးကြီးမားမား တစ်ခုခု ရထားတဲ့ပုံပဲ နင်တို့ ဆက်ဆံရေးကို ပြန်အဆင်ပြေအောင် မကြိုးစားခင် သူ့ကို စိတ်ငြိမ်သွားအောင် အချိန်နည်းနည်းလောက် ပေးလိုက်သင့်တယ်လို့ ထင်တယ်”
မတတ်သာသည့်အဆုံး ခေါင်းညိတ်လိုက်ပြီးသည့်နောက် ချန်းရူအာသည် ရဲရှင်းချန်ထံသို့ လျှောက်သွားကာ ပြောလိုက်သည်။
“ရဲရှင်းချန် ကျွန်မတို့ ပြန်တော့မယ် ကျွန်မ ရှင့်ကို အခွင့်အရေး ပေးခဲ့တယ်နော် ရှင် အဲ့ဒါကို တန်ဖိုးထားမယ်လို့ မျှော်လင့်ပါတယ်”
ရဲရှင်းချန်၏ နှုတ်ခမ်းများသည် အထင်သေးဟန်ရသည့် အပြုံးများဖြင့် ကွေးညွတ်သွားခဲ့သည်။
“မလိုပါဘူး”
ချန်းရူအာ၏ မျက်နှာတွင် စိတ်ပျက် ဒေါသထွက်မှုများ လွှမ်းခြုံသွားသည့် တိုင်အောင် သူမအနေဖြင့် ချူယောင် နှင့်အတူ ထွက်ခွာသွားရုံသာ တတ်နိုင်တော့သည်။ သူတို့ ထွက်ခွာ သွားပြီးနောက် ရဲရှင်းချန်သည် လုံခြုံရေးမန်နေဂျာ အနားသို့ ကပ်သွားလိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ကျွန်တော် သေနတ်တချို့ လိုချင်တယ် ကူညီပြီး ရှာပေးနိုင်မလား”
လုံခြုံရေးမန်နေဂျာသည် ခဏမျှ တုံ့ဆိုင်း တွေဝေသွားပြီးနောက် ခေါင်းခါလိုက်တော့သည်။
“သေနတ်တွေက တရားမဝင်ဘူးလေ ဘယ်လိုလုပ် ရနိုင်မှာလဲ”
လက်မလျှော့ဘဲ ရဲရှင်းချန်မှ ထပ်ပေါင်း ပြောဆိုလိုက်သည်။
“ဈေးနှုန်းက ပြဿနာမရှိပါဘူး စိတ်မပူပါနဲ့ ကျွန်တော် လျှို့ဝှက်ထားပေးပါ့မယ်”
လူသားတို့၏ ကိုယ်ကျင့်တရားများ ပျက်စီးလာကာ သတ်ဖြတ်လုယက်မှုများ ပေါများလာမည့် ကမ္ဘာပျက်ကပ် ကာလများတွင် အရင်းအမြစ်များ ရှိရုံဖြင့် မလုံလောက်ချေ။ ထိုအရင်းအမြစ်များအား ကာကွယ်နိုင်ရန် နည်းလမ်းများလည်း လိုအပ်ပေသေးသည်။
သမားရိုးကျ လက်နက်များအား ရယူနိုင်ရန် လွယ်ကူသည့် တိုင်အောင် သေနတ်များကိုမူ မည်သည့်အရာမှ ယှဉ်နိုင်မည် မဟုတ်ပေ။ သူ၏ အတိတ်ဘဝတွင် သေနတ်များ ကိုင်ဆောင်ထားသည့် ရာဇဝတ်သား တစ်ဦးသည် ဒေသတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ခဲ့ကာ အရင်းအမြစ်များအား လွယ်ကူစွာ လုယူနိုင်ခဲ့သည်ကို ရဲရှင်းချန် မြင်တွေ့ခဲ့ဖူးသည်။
လုံခြုံရေးအတွက် သူသည် သေနတ်များကို ရယူလိုခြင်းဖြစ်ပေသည်။ ထို့အပြင် ဤကဲ့သို့သော လုံခြုံရေးကုမ္ပဏီတစ်ခုတွင် သေချာပေါက် နည်းလမ်းရှိမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
သူ၏ ဘက်မှသာ ထိုက်တန်သည့် တန်ဖိုးငွေအား ပေးချေနိုင်ခဲ့လျှင် သူလိုချင်သည့် အရာအား ရရှိနိုင်မည်ဟု ယုံကြည်ပေသည်။ သူ မျှော်လင့် ထားသည့်အတိုင်းပင် ဤစကားအား ကြားသောအခါ လုံခြုံရေးမန်နေဂျာ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားလေသည်။ သူသည် ရဲရှင်းချန်အား ခဏမျှ ကြည့်နေပြီးမှ ခေါင်းခါလိုက်သည်။
“တောင်းပန်ပါတယ် အန္တရာယ် အရမ်းများလွန်းတယ်”
‘လုံးဝ မဖြစ်နိုင်ဘူး’ဟု တဲ့တိုးငြင်းဆိုလိုက်ခြင်း မဟုတ်သည်ကို မြင်လိုက်ရသည့် အတွက် မျှော်လင့်ချက်ရှိကြောင်း ရဲရှင်းချန် သိလိုက်လေသည်။ သူသည် လေသံတိုးတိုးဖြင့် ထပ်မံ အာမခံလိုက် ပြန်သည်။
“စိတ်မပူပါနဲ့ ဈေးနှုန်းကို ညှိနှိုင်းလို့ရပါတယ် ကျွန်တော့်ကို ယုံပါ ကျွန်တော် အကုန်လုံးကို လျှို့ဝှက်ထားပါ့မယ် တကယ်တော့ ကျွန်တော်က သေနတ်တွေကို စိတ်ဝင်စားရုံ သက်သက်ပါပဲ ဘယ်လို တရားမဝင်တဲ့ ကိစ္စမျိုးမှ မလုပ်ပါဘူး ဒါ့အပြင် ကျွန်တော်ကလည်း ငယ်ပါသေးတယ်ဗျာ”
ဤသို့ တုံ့ပြန်မှုအား ကြားရသောအခါ လုံခြုံရေးမန်နေဂျာသည် ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ပြီးနောက် သူတို့အား မည်သူမှ အာရုံစိုက်မနေကြောင်း သေချာသည့် အချိန်တွင်မှ တီးတိုး ပြောဆိုလိုက်သည်။
“ကျွန်တော် အဆက်အသွယ်တွေကို မေးကြည့်ပေးမယ် သတင်းထူးရင် ပြောပြပါ့မယ်”
“ကောင်းပါပြီ ကျွန်တော် သတင်းကောင်းကို စောင့်နေမယ်”
ရဲရှင်းချန်မှ ခေါင်းညိတ်လိုက်ပြီးနောက် အခြားအရာတစ်ခုကိုလည်း တွေးမိလိုက်သည်။
“နောက်ပြီး အားပြင်းတဲ့ ဒူးလေးနဲ့ တခြားဟာတွေပါ ရှာပေးပါဦး”
လုံခြုံရေးမန်နေဂျာသည် သူ့အား သံသယစိတ်ဖြင့် ကြည့်လိုက်ပြီးနောက် မေးမြန်းသည်။
“ခင်ဗျား ဘာတွေများ ကြံစည်နေတာလဲ”
ရဲ့ရှင်းချန်သည် ခပ်တည်တည် မျက်နှာထားဖြင့် ဖြေလိုက်လေသည်။
“ကစားမလို့ပါ ကျွန်တော်က လက်နက်တွေဆိုရင် အရူးအမူးပဲ အရမ်းကြိုက်တာ”
လုံခြုံရေးမန်နေဂျာသည် ရဲရှင်းချန်အား စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်စွာဖြင့် အကဲခတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ”
ချမ်းသာသည့် အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် ထိုကဲ့သို့သော လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းသည် မကြားဖူးသည့် ကိစ္စမျိုးတော့ မဟုတ်ခဲ့ပေ။ သူတို့သည် ပုံမှန်အားဖြင့် ထိုကဲ့သို့သော အပျော်အပါးများအတွက် သီးသန့် အမဲလိုက်ကွင်းများထံသို့ သွားလေ့ရှိကြသည်။ ထို့ကြောင့် လုံခြုံရေးမန်နေဂျာသည် သိပ်ပြီး အံ့သြမနေခဲ့ချေ။
မကြာမီမှာပင် လုံခြုံရေးမန်နေဂျာသည် အလုပ်များ အား ကြိုတင် စီစဉ်ရန်အတွက် မြေတိုင်းအဖွဲ့နှင့်အတူ ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင် ရဲရှင်းချန်သည် ကျင်းဟိုင်းမြို့ရှိ သူ၏ အခြားသော တန်ဖိုးကြီး အိမ်ခြံမြေများ ဆိုင်ခန်းများ၏ စာရွက်စာတမ်းများနှင့် စူပါမားကတ် ဆိုင်ခွဲတစ်ခုလုံးနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း အချက်အလက်များအား ထုတ်ယူလိုက်လေသည်။ ထို့နောက် သူသည် ဘဏ်သို့ မောင်းနှင်ထွက်ခွာလာခဲ့သည်။
ကမ္ဘာပျက်ကပ် ရောက်ရှိလာသည်နှင့်အမျှ ထို ဆိုင်ခန်းများနှင့် အိမ်ခြံမြေများသည် တန်ဖိုးမရှိ ဖြစ်သွားမည်ဖြစ်ကာ စီးပွားရေးလုပ်ငန်းများသည်လည်း မည်သည့်တန်ဖိုးမှ ဖန်တီး ဖြစ်ပေါ်စေနိုင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် သူသည် ဤပိုင်ဆိုင်မှုအားလုံးကို ယခု ချက်ချင်းပင် ပေါင်နှံလိုက်ကာ ဘဏ်မှ ချေးငွေများ ရယူလျှက် အခြားသော အရင်းအမြစ်များအား အရူးအမူး ဆက်လက် ဝယ်ယူလိုခြင်း ဖြစ်ပေသည်။
သူ၏ နေရာလွတ် အတွင်းရှိ အချိန်သည် ရပ်တန့်နေသည့် အတွက် အရင်းအမြစ် မည်မျှပင် သိုလှောင်ထားသည် ဖြစ်စေ ၎င်းတို့သည် သက်တမ်းကုန်ဆုံးသွားလိမ့်မည် မဟုတ်ဘဲ အနာဂတ်တွင် စဉ်းစား၍ပင် မရနိုင်သည့် အခန်းကဏ္ဍမှ ပါဝင်လာပေလိမ့်မည်။
တွေးကြည့်ရလျှင် တစ်နှစ် သို့မဟုတ် ထို့ထက်ပိုကြာပြီး နောက်တွင် ကမ္ဘာပေါ်ရှိ အရင်းအမြစ်အများစု လျော့နည်း ကုန်ဆုံးသွားပြီ ဖြစ်ကာ အချို့မှာမူ သက်တမ်းကုန်ဆုံးလျှက် စားသုံး၍ မရနိုင်တော့သည့် အခြေအနေမျိုး ဖြစ်လာလိမ့်မည် ဖြစ်သည်။
သို့သော် သူ့တွင်မူ ကုန်ဆုံးသွားခြင်းမရှိသည့် အရင်းအမြစ်များ ရှိနေမည် ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် သူသည် မည်ကဲ့သို့သော အခွင့်ထူးခံ အဆင့်အတန်းမျိုးတွင် ရောက်ရှိနေမည်နည်း။