← Chapters

ကမ္ဘာပျက်ကပ် အကြို

Vol. 1 Ch. 10

ကမ္ဘာပျက်ကပ် အကြို

Vol. 1 Ch. 10

သေနတ်ကိစ္စ အပြီးသတ်ပြီးနောက် လုံခြုံရေးမန်နေဂျာ ပြန်သွားတော့သည်။ ဆောက်လုပ်ရေးအဖွဲ့သည် ဗီလာ၏ ပတ်ပတ်လည် အုတ်တံတိုင်းများအား စတင်ဖြိုချလိုက်ကာ မြေတူးစက်တစ်စီးမှ ကပ်လျက်လိုက်ပါလာပြီး တွင်းနက်ကြီးများကို တူးဆွနေခဲ့သည်။

အခြားအိမ်ရှင်များ၏ နေအိမ်များအား မထိခိုက်စေသည့် လုံးချင်းအိမ်ရာများ ဖြစ်ကြသည့်အတွက် ရဲရှင်းချန်၏ ပြုပြင်မွမ်းမံမှု အစီအစဉ်များအား အိမ်ရာ စီမံခန့်ခွဲမှု ကော်မတီမှ တားဆီးခြင်းမရှိခဲ့ချေ။ သို့သော် အိမ်နီးချင်းအများအပြား၏ စူးစမ်းချင်စိတ်အား နှိုးဆွပေးလျက်ရှိလေသည်။

ရဲရှင်းချန်သည် သူတို့အား မည်သည်ကိုမှ ရှင်းပြမနေတော့ဘဲ အကြောင်းပြချက်တစ်ခုအား ပေါ့ပေါ့ပါးပါး ပေးကာ ပြန်လွှတ်လိုက်တော့သည်။ ကမ္ဘာပျက်ကပ် ကာလအတွင်း ကြောက်မက်ဖွယ်ရာ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများသည် သူ၏ နှလုံးသားအား အလွန်အေးစက်သွားစေခဲ့ကာ မသက်ဆိုင်သူများအပေါ် သနားကရုဏာသက်ရန် ခဲယဉ်းသွားစေခဲ့သည်။

ထို့အပြင် ကမ္ဘာပျက်ကပ် ရောက်ရှိလာတော့မည် ဟု သူပြောလျှင်ပင် မည်သူမျှ ယုံကြည်လိမ့်မည် မဟုတ်ချေ။ ထိုသို့ ပြောခဲ့လျှင် မလွဲမသွေ ဖြစ်လာမည့် ရလဒ်သည် သူ့အား အရူးတစ်ယောက်အဖြစ် တံဆိပ်ကပ်ကာ ကွယ်ရာတွင်ဖြစ်စေ ရှေ့တွင်ဖြစ်စေ လှောင်ပြောင်ကြလိမ့်မည်သာ ဖြစ်လိမ့်မည်။

ထိုအစား မည်သည်ကိုမျှ မပြောသည်ကသာ ပို၍ ကောင်းလိမ့်မည် ဖြစ်သည်။ ထို့အပြင် ဤတန်ဖိုးကြီး ဗီလာဝင်းအတွင်း နေထိုင်သူ အားလုံးသည် အလွန်ချမ်းသာကြ၏။ သူတို့ သိသွားပြီးနောက်တွင် ပစ္စည်းများအား အရူးအမူး လိုက်လံ စုဆောင်းကြမည်ကိုလည်း ရဲရှင်းချန် မလိုလားချေ။

ထိုသို့ ဖြစ်လာခဲ့လျှင် သူ၏ အရင်းအမြစ် စုဆောင်းနေမှုအား အနှောင့်အယှက် ဖြစ်စေလိမ့်မည် ဖြစ်သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင် ဖြစ်သည့်အတွက် ဆူညံသံ အချို့ ထွက်ပေါ်လာမည်မှာ ရှောင်လွှဲ၍ မရချေ။

အိမ်နီးချင်းများ၏ တိုင်ကြားမှုများနှင့် ဆောက်လုပ်ရေးအား ဟန့်တားမှုများ ဖြစ်ပေါ်လာခြင်း မရှိစေရန် ရဲရှင်းချန်သည် ကုန်ကျစားရိတ်အား နှမြောတွန့်တိုမှု မရှိပဲ အသံလျှော့ချရေး ကိရိယာများအား တပ်ဆင်ရန် အတွက် လုံခြုံရေးကုမ္ပဏီကို စေခိုင်းလိုက်လေသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင် ပတ်လည်တွင် အသံလုံသော အကာအရံများအား တပ်ဆင်ထား ပြီးနောက်တွင်မူ ဆူညံသံ ၃၀ ဒက်စီဘယ် ခန့် လျှော့ချပေးနိုင်ခဲ့လေသည်။

ထို့အပြင် အသံလုံ ကာကွယ်ရေး ဖလင်များ တပ်ဆင်ထားသည့် အတွက် ဆူညံသံ ထွက်ပေါ်ရာ နေရာအား ထိန်းချုပ်နိုင်ရန် အတွက် အသံကာပြားများလည်း အသုံးပြုထားသေးသည်။

ထို့အပြင် ဤနေရာသည် ခြံဝင်းငယ်များဖြင့် ခြားထားသည့် လုံးချင်းအိမ်ရာများ ဖြစ်သည့်အတွက် အိမ်တစ်လုံးနှင့် တစ်လုံးကြား အကွာအဝေးသည်လည်း ကျယ်ဝန်းလှပေသည်။ ထို့ကြောင့် ထွက်ပေါ်လာသော ဆူညံသံများသည် မပြောပလောက်သည့် အနေအထားတွင် ရှိနေခဲ့လေသည်။ သို့သော် ထိုသို့ လုပ်ထားသည့်တိုင် အိမ်နီးချင်း ဖြစ်သူ လျိုချီလုံသည် ရောက်လာခဲ့ကာ တံခါးလာခေါက်လေတော့သည်။

“ရပ်လိုက် အကုန်လုံး ရပ်လိုက်ကြစမ်း ဒီမှာ ဆောက်လုပ်ရေးလုပ်ဖို့ ဘယ်သူက မင်းတို့ကို ခွင့်ပြုထားလို့လဲ”

ရဲရှင်းချန် ရှေ့သို့ လျှောက်ထွက်လာပြီးနောက် မေးလိုက်လေသည်။

“ဘာကိစ္စလဲ”

“ဘာကိစ္စလဲ ဟုတ်လား မင်း ငါ့အမေရဲ့ အနားယူချိန်ကို နှောင့်ယှက်နေတယ် ဆောက်လုပ်ရေးလုပ်နေတာကို ရပ်လိုက်”

ဤနေရာရှိ လုံးချင်းအိမ်ရာများ အားလုံးသည် ပုံစံတူများဖြစ်ကာ ရရှိရင်းစွဲ အနေအထားကပင် အလွန် တန်ဖိုးကြီးနေပြီ ဖြစ်ပေသည်။ လျိုရှီလုံသည် ရဲရှင်းချန်မှ ဗီလာအား ပိုမိုဇိမ်ကျသည့် အိမ်ရာအဖြစ် ပြောင်းလဲပစ်တော့မည်ဟု ထင်မြင်နေခဲ့ခြင်း ဖြစ်သည်။ ဤအချက်သည် အိမ်နီးချင်း တစ်ယောက်အနေဖြင့် သူ့အား သိမ်ငယ်စိတ် ဝင်စေသည့် အတွက် ဆောက်လုပ်ရေးအား လာရောက် ဟန့်တားခြင်း ဖြစ်သည်။

သူ၏ စကားအား ကြားချိန်တွင် ရဲရှင်းချန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်ဟန်ရသည့် အပြုံးတစ်ခု ကွေးညွတ်သွားခဲ့သည်။

ခင်ဗျားအမေအကြောင်း ထည့်ပြောရဲသေးတယ်ပေါ့လေ...

မကြာခင်မှာပဲ ခင်ဗျားဆိုတဲ့ သားရဲကောင်က မိသားစုတစ်ခုလုံးကို ဝါးမျိုပစ်တော့မှာမလား....

ကမ္ဘာပျက်ကပ် ရောက်လာပြီး နောက်တွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အအေးဒဏ်တို့၏ ဆိုးရွားပြင်းထန်သည့် အခြေအနေများ အောက်၌ လူသားတို့၏ ကိုယ်ကျင့်တရားများ ယိုယွင်းပျက်စီးလာခဲ့ကာ လူသားအချင်းချင်း ပြန်စားခြင်းကဲ့သို့ ဖြစ်ရပ်များ ပေါ်ပေါက်လာသည်မှာ မဆန်းတော့ပေ။ သို့သော် မိမိ၏ သွေးသားရင်းအား ပြန်စားခြင်းမှာမူ အလွန်ရှားပါးလှပေသည်။

ကျားတစ်ကောင်ပင်လျှင် ကိုယ့်သားသမီးအား ပြန်စားရိုး ထုံးစံ မရှိသည့် အတွက် လျိုရှီလုံသည် မည်ကဲ့သို့သော သတ္တဝါမျိုးဖြစ်ကြောင်း ဖော်ပြနေခဲ့ခြင်း ဖြစ်သည်။ ရဲရှင်းချန်မှ သာမာန်ကာလျှံကာ ပြောလိုက်လေသည်။

“တောင်းပန်ပါတယ်... ကျွန်တော်တို့က ဆောက်လုပ်ရေး စံချိန်စံညွှန်းတွေနဲ့အညီ အသံလျှော့ချရေး အစီအမံတွေကို ပြည့်ပြည့်စုံစုံ လုပ်ဆောင်ထားပြီးသားပါ ခင်ဗျား မယုံရင် ကျွမ်းကျင်တဲ့ ကိရိယာတွေနဲ့ တိုင်းတာကြည့်လို့ ရပါတယ်”

ဤဆင်ခြေမှ အလုပ်မဖြစ်မှန်း သိသောအခါ လျိုရှီလုံသည် ဒေါသတကြီး အော်ပြောလိုက်သည်။

“ဒါ တရားမဝင် ဆောက်လုပ်ရေးဆိုတာ မင်းသိလား မင်းကို တရားစွဲမယ်”

ရဲရှင်းချန်မှ အေးစက်စွာ ပြုံးလျှက် ပြန်ပြောလိုက်သည်။

“ကျွန်တော်တို့ဆီမှာ လိုအပ်တဲ့ ခွင့်ပြုမိန့်တွေ အကုန်ရှိထားပါတယ် မယုံရင် အခုချက်ချင်း ရဲခေါ်လိုက်လို့ရတယ်”

အထပ်မြင့် အဆောက်အဦးများနှင့် မတူညီဘဲ လုံးချင်းအိမ်ရာ ဆောက်လုပ်ခြင်းသည် အခြားအလွှာရှိ နေထိုင်သူများအား မထိခိုက်စေသည့် အတွက် ကန့်သတ်ချက်များသည် သိပ်မများလှချေ။ ထို့အပြင် သူသည် လုံခြုံရေးကုမ္ပဏီအား ငွေအမြောက်အမြား ပေးချေထားပြီး ဖြစ်၍ စာရွက်စာတမ်း ကိစ္စများ အားလုံး ပြည့်စုံနေစေခဲ့ကာ မည်သည့် တရားဝင် စစ်ဆေးမှုကိုမဆို ခံနိုင်ရည်ရှိလေသည်။

ရဲရှင်းချန်၏ တည်ငြိမ်လှသည့် အမူအရာအား မြင်လိုက်ရချိန်တွင် လျိုရှီလုံသည် ခဏမျှ ကြောင်အသွားပြီးနောက် ဒေါသတကြီးဖြင့် ပြန်လည် ထွက်ခွာသွားတော့သည်။

ဤသည်မှာ အသေးအဖွဲ ကိစ္စလေးတစ်ခုသာ ဖြစ်သည်။

မကြာမီ ဆေးဝါးကုမ္ပဏီတစ်ခုမှ ကားများ ရောက်ရှိလာခဲ့ကာ ဗီလာထဲသို့ ဆေးဝါးများ ချပေးကြလေသည်။ ထို့နောက် စားသောက်ဆိုင် အများအပြားမှ မှာယူထားသည့် ဟင်းပွဲများလည်း ရောက်ရှိလာခဲ့ပြီး ရဲရှင်းချန်သည် ၎င်းတို့အား သူ၏ နေရာလွတ်အတွင်းသို့ သိုသိပ်စွာဖြင့် သိမ်းဆည်းလိုက်တော့သည်။ ထို့နောက်တွင် ရဲရှင်းချန်သည် ထိုနေရာ၌ ဆက်နေစရာ မလိုတော့ချေ။

သူသည် လျှပ်စစ်ပစ္စည်း ဈေးကွက်သို့ မောင်းနှင်သွားခဲ့ကာ မီးစက် အလုံးတစ်ရာ ဝယ်ယူလိုက်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် ဗီလာသို့ ပစ္စည်းပို့ဆောင်မှု များပြားလွန်းခြင်းသည် ဗီလာအတွင်း နေထိုင်သူများ၏ အာရုံစိုက်မှုအား အလွန်ပင် ဆွဲဆောင်နေခဲ့ပြီ ဖြစ်သောကြောင့် သူသည် ဈေးဆိုင်ပိုင်ရှင်အား မီးစက်များအား သူ၏ ကုမ္ပဏီဟောင်း ဂိုဒေါင်သို့ ပို့ဆောင်ပေးရန် ပြောလိုက်သည်။

ထိုနေရာသည် လူသူကင်းဝေးလျှက် ရှိပြီး ဝေးလံခေါင်ဖျားသည့် နေရာတွင် ရှိသည့် အပြင် ကြီးကြပ်သူလည်း မရှိသည့်အတွက် အလွန်လျှို့ဝှက်သော နေရာဖြစ်ကာ သံသယမဝင်စေဘဲ နေရာလွတ်ထဲသို့ ပစ္စည်းများ သိမ်းဆည်းရန် အတွက်လည်း အဆင်ပြေလှသည်။

မီးစက်များအား နေရာလွတ် အတွင်းသို့ သိမ်းဆည်းပြီးနောက် ရဲရှင်းချန် အကျပ်ရိုက်သွားခဲ့သည်။ သူတွင် ယခု မီးစက်များ ရှိနေပြီဖြစ်သော်လည်း လောင်စာဆီ မရှိသေးပေ။

လောင်စာဆီ မရှိလျှင် မီးစက်ဆိုသည်မှာ သံတိုသံစနှင့် မခြားချေ။ သို့သော် နိုင်ငံတော်သည် လောင်စာဆီအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားသည့်အပြင် ဓာတ်ဆီဆိုင်များတွင်လည်း ဆီပုံးဖြင့် ဆီဖြည့်လျှင်ပင် မှတ်ပုံတင်ပြရခြင်း ဝယ်ယူရသည့် ရည်ရွယ်ချက်အားလည်း ပြောပြရခြင်းများ ပြုလုပ်ရသေးသည်။

ဓာတ်ဆီဆိုင်များနှင့် ရေနံချက်စက်ရုံများ မှတစ်ဆင့် လောင်စာဆီ အမြောက်အမြား ရရှိနိုင်သည်မှာ သေချာသော်လည်း ရဲရှင်းချန်တွင် ထိုနေရာ၌ အဆက်အသွယ် မရှိချေ။ ဤသည်မှာ ခေါင်းကိုက်စရာ ဖြစ်လာခဲ့ချေပြီ။

အဆက်အသွယ် ရှိလျှင်ပင် အရာရှိများ၏ သံသယဝင်မှုအား မဖြစ်စေဘဲနှင့် လုံလောက်သည့် လောင်စာဆီ ပမာဏအား ရရှိရန်မှာမူ ခက်ခဲလိမ့်မည် ဖြစ်သည်။ ခဏတာမျှ စဉ်းစားပြီးနောက်တွင် ရဲရှင်းချန် အကြံတစ်ခု ရသွားခဲ့သည်။

“ကမ္ဘာပျက်ကပ် ရောက်လာတဲ့ အချိန်ကျမှ ရေနံချက်စက်ရုံက ဆီလှောင်ကန်တွေကို ရှင်းထုတ်ပစ်ရတော့မှာပဲ”

ကျင်းဟိုင်မြို့၏ ဆင်ခြေဖုံး နေရာတွင် အနောက် တောင်ပိုင်း ဒေသတစ်ခုလုံး၏ လောင်စာဆီ လိုအပ်ချက်အား ထောက်ပံ့ပေးနေသည့် ရေနံချက် စက်ရုံကြီးတစ်ခု ရှိလေသည်။

သူ့ဗီလာ၏ လျှပ်စစ် လိုအပ်ချက်များ အရဆိုလျှင် ထိုရေနံချက်စက်ရုံ၏ ဆီလက်ကျန်သည်ပင် သူ့အတွက် နှစ်ပေါင်းထောင်ချီ ခံပေလိမ့်မည်။ အကယ်၍ သူသာ ရေနံချက်စက်ရုံ အတွင်းသို့ ဝင်ရောက်နိုင်ခဲ့လျှင် သူ၏ နေရာလွတ် စွမ်းရည်သည် ချက်ချင်း ပြီးစီးနိုင်သည့် သဘောသဘာဝရှိသည့်အတွက် ဘယ်သူမှ သတိမထားမိလိုက်ဘဲ လောင်စာဆီအားလုံးအား သူ့နယ်မြေ အတွင်းသို့ ပြောင်းရွှေ့နိုင်လိမ့်မည် ဖြစ်သည်။

ဤသည်မှာ ပြည့်စုံကောင်းမွန်လှသည့် အစီအစဉ်တစ်ခု ဖြစ်သော်လည်း ယခုအချိန်တွင်တော့ အချိန်အခါ မသင့်သေးချေ။ နောက်ဆုံးတွင်မူ ဆီလှောင်ကန်တစ်ခု ရုတ်တရက် ပျောက်ဆုံးသွားခြင်းသည် အစိုးရအာဏာပိုင်များ၏ အာရုံစိုက်မှုအား သေချာပေါက် ဆွဲဆောင်နိုင်ကာ ပြဿနာများ ဖြစ်လာနိုင်ပေသည်။

ကမ္ဘာပျက်ကပ် မတိုင်မီ နှစ်ရက် သုံးရက်အလိုသည် အသင့်တော်ဆုံး အချိန် ဖြစ်ပေသည်။ ထိုအချိန်ရောက်လျှင်မူ သဲလွန်စမရှိခဲ့သည့် အတွက် ကမ္ဘာပျက်ကပ် ရောက်ရှိလာချိန်၌ မည်သူမှ ထိုကိစ္စအား အာရုံစိုက်နေကြတော့မည် မဟုတ်ချေ။

တစ်ပတ်အကြာတွင် အမြင့် ဆယ်မီတာ အထူ သုံးမီတာ ရှိကာ သုံးဆယ်စင်တီမီတာ အထူရှိသည့် သံမဏိပြား ငါးလွှာဖြင့် အားဖြည့်ထားသည့် တံတိုင်းကြီး တည်ဆောက်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင် ကာကွယ်ရေး ခံတပ်၏ အမိုးခုံးအား တည်ဆောက်နေပြီး ဖြစ်ကာ အပေါ်တွင် မည်သူမျှ မနေနိုင်စေရန် ဒီဇိုင်းထုတ်ထားကာ တံတိုင်းကဲ့သို့ပင် ထူထဲခိုင်ခံ့လှပေသည်။

တစ်ချိန်တည်းမှာပင် အပူကာ ပစ္စည်းအများအပြား သယ်ယူလာခဲ့ကာ ဗီလာ၏ အပြင်ဘက် နံရံများအား အပူကာကွယ်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ ဆယ်ရက်အကြာတွင် ခံတပ်ကြီး တည်ဆောက်ပြီးစီးသွားပြီးခဲ့ကာ တစ်မီတာ အထူရှိသော တိုက်တေနီယမ် အလွိုင်း တံခါးလေးချပ် လေထုသန့်စင်ရေး စနစ်များနှင့် ဆက်စပ် လုံခြုံရေး ကိရိယာများအားလည်း စတင်၍ တပ်ဆင်နေပြီ ဖြစ်သည်။

မကြာမီ မေလ ၂၅ ရက် ၂၀၂၃ ခုနှစ်သို့ ရောက်ရှိလာခဲ့လေတော့သည်။ ကမ္ဘာပျက်ရန် တစ်ရက်သာ လိုတော့သည်။ ခံတပ်၏ ကွန်ကရစ် အဆောက်အဦးအား အထူးပြုလုပ်ထားခဲ့သည့် အတွက် လုံးဝ ခိုင်ခံ့သွားပြီး ဖြစ်ကာ လိုအပ်သည့် မာကျောမှု စံချိန်စံညွှန်းများနှင့် ကိုက်ညီနေခဲ့လေပြီ။

အလွန်အေးသော ရာသီဥတုကပင် ယင်းကို မထိခိုက်နိုင်ပေ။ ခံတပ်တည်ဆောက်ခြင်းသည် ယခု ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံး အရစ်ကျငွေအား ပျော်ရွှင်စွာ ရှင်းပေးလိုက်ပြီးနောက် ရဲရှင်းချန်သည် လုံခြုံရေးမန်နေဂျာထံမှ လျို့ဝှက် သေတ္တာတစ်လုံးအား လက်ခံရရှိလိုက်လေသည်။ အတွင်းတွင် AK ရိုင်ဖယ်တစ်လက်နှင့် လက်နက်တိုတစ်လက် ပါဝင်ပြီး ကျည်ဆန် တစ်ထောင်သာ ပါရှိလေသည်။

အရောင်းအဝယ် ပြီးဆုံးပြီးနောက်တွင် လုံခြုံရေးမန်နေဂျာသည် ဝမ်းမြောက်စွာဖြင့် ထွက်ခွာသွားခဲ့ပြီး ရဲရှင်းချန်သည်လည်း ရေနံချက်စက်ရုံသို့ ဦးတည်ထွက်ခွာ လာခဲ့သည်။

လေ့လာကြည့်ရှု ပြီးနောက်တွင် ဆီလှောင်ကန်အား မြင့်မားသော တံတိုင်းဖြင့် ခြားထားသည်ကို တွေ့လိုက်ရသဖြင့် ရဲရှင်းချန် အလွန်ပင် ကျေနပ်သွားခဲ့သည်။ သူသည် ရေနံချက်စက်ရုံ အတွင်းသို့ ဝင်ရောက်ရန်ပင် မလိုတော့ချေ။

သူသည် တံတိုင်းအပြင်ဘက်ရှိ သူ့ကားထဲတွင် ထိုင်လျက်ပင် စိတ်အာရုံအား အသုံးပြုကာ ဆီလှောင်ကန်တစ်ခုလုံးကို သူ၏ နေရာလွတ် အတွင်းသို့ ပြောင်းရွှေ့ ထည့်သွင်းလိုက်လေတော့သည်။ ထို့နောက် သာမန် ခရီးသွားတစ်ယောက်ကဲ့သို့ပင် သာမာန်ကာလျှံကာ မောင်းနှင် ထွက်ခွာလာခဲ့လိုက်လေသည်။

ဆီလှောင်ကန်တစ်ခု ရုတ်တရက် ပျောက်ဆုံးသွားခြင်း၏ တုန်လှုပ်ဖွယ်ရာ အကျိုးဆက်သည် သူနှင့် မသက်ဆိုင်တော့ချေ။ ပြတင်းပေါက်မှ တစ်ဆင့် ဝင်ရောက်လာသည့် နေဝင်ချိန် နေရောင်ခြည်၏ အလင်းရောင်အား ကြည့်ရင်းဖြင့် ရဲရှင်းချန်သည် အမြဲတမ်း တင်းမာနေခဲ့သည့် သူ၏ စိတ်နှလုံးအား နောက်ဆုံးတွင် ဖြေလျှော့ လိုက်နိုင်တော့သည်။

“ကမ္ဘာပျက်ကပ်ကြီး လာနေပြီပဲ”

All Chapters