ငွေလုံးငွေရင်း အများအပြား ထုတ်ယူခြင်းနှင့် ရင်းမြစ်များ စုဆောင်းရန် ငွေချေးယူခြင်း
Vol. 1 Ch. 9
သူ၏ အိမ်ခြံမြေများသည် အချက်အချာကျသော နေရာများတွင် ရှိနေခဲ့ကာ စူပါမားကတ်ဆိုင်ခွဲသည်လည်း လုပ်ငန်းလည်ပတ်မှု အလွန်ကောင်းမွန်သည့် အတွက် ချေးငွေအတည်ပြုချက်သည် အလွန်မြန်ဆန်လှပေသည်။ ထိုနေ့မှာပင် ဘဏ်မှ သူ့အား ယွမ် ၁ ဘီလီယံ (သန်း ၁၀၀၀) ထုတ်ပေးလိုက်လေသည်။ ငွေရရှိပြီးနောက်တွင် ရဲရှင်းချန်သည် သူ့ကုမ္ပဏီ၏ စီအီးအို ထံ ချက်ချင်း ဖုန်းခေါ်လိုက်လေသည်။
“နေ့စဉ်သုံးပစ္စည်း၊ အစားအသောက်နဲ့ ဝိုင် ဖြန့်ဖြူးတဲ့သူတွေကို အကြောင်းကြားလိုက် သူတို့ ဂိုဒေါင်ထဲမှာ ကုန်ပစ္စည်းဘယ်လောက်ပဲရှိရှိ အကုန်လုံးကို ကုမ္ပဏီရဲ့ ထုတ်လုပ်မှု ထောက်ပံ့ပို့ဆောင်ရေး စင်တာကို ပို့ခိုင်းလိုက်”
ကုမ္ပဏီဥက္ကဋ္ဌသည် အတော်ကြာအောင် ကြောင်အသွားပြီးမှ မသေချာစွာဖြင့် ပြန်မေးလိုက်လေသည်။
“သူဌေး နောက်နေတာလား”
ရဲရှင်းချန်မှ လေးနက်စွာ ပြောဖြေလိုက်လေသည်။
“ငါ မနောက်ဘူး”
“ဒါပေမဲ့ ဂိုဒေါင်ထဲက လက်ကျန်ပစ္စည်းတွေက စူပါမားကတ်ရဲ့ နေ့စဉ်သုံးစွဲမှုအတွက် လုံလောက်ပါတယ် အကယ်လို့များ ကျွန်တော်တို့က ဒီလောက်အများကြီးကို တစ်ပြိုင်နက်တည်း ဖြည့်တင်းလိုက်မယ်ဆိုရင်...”
သူ၏ စကားမဆုံးခင်မှာပင် ရဲရှင်းချန်သည် စကား ဖြတ်ပြောလိုက်ပြီးနောက် အလွန်တင်းမာသည့် လေသံဖြင့် အမိန့်ပေးလိုက်လေသည်။
“ငါ့ဆုံးဖြတ်ချက်အတိုင်း လုပ်”
စီအီးအိုသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးမြန်းလိုက်သည်။
“ဘာကြောင့်လဲဗျာ”
ရဲရှင်းချန်သည် ဖုန်းထဲတွင် အဓိပ္ပာယ်မရှိသော စကားများပြောရင်း ဖြင့် အချိန်မဖြုန်းချင်သည့် အတွက်ကြောင့် တဲ့တိုးပင် ပြန်ပြောလိုက်လေသည်။
“ခင်ဗျား ဘာကြောင့်လဲဆိုတာ သိစရာမလိုဘူး အမိန့်အတိုင်းသာ လုပ်”
ထိုအချိန်တွင် ဤ စီအီးအို သည် စူပါမားကတ် အသေးလေး ဘဝကတည်းမှ ယခုအချိန်အထိ သူ၏ အဖေနောက်သို့ လိုက်ပါခဲ့သူဖြစ်ကြောင်း ရဲရှင်းချန် သတိရသွားလေသည်။ သူ့အား ချီးမြှောက်ထိုက်သည် လူတစ်ဦး ဟု သတ်မှတ်နိုင်သည့် အတွက် ရဲရှင်းချန်မှ သတိပေးလိုက်လေသည်။
“ခင်ဗျားလည်း ပစ္စည်းတွေ ပိုဝယ်စုထားဖို့ ကျွန်တော် အကြံပြုချင်တယ်”
ထိုသို့ပြောပြီးနောက် သူ နားထောင်သည်ဖြစ်စေ မထောင်သည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ ဖုန်းချလိုက်လေတော့သည်။ အိမ်ပြန်ရောက်ချိန်တွင် ကောင်းကင်ကြီးသည် မှောင်မိုက်နေခဲ့ပြီဖြစ်သည်။
ညစာစားပြီးနောက် ရဲရှင်းချန်သည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း သူ၏ နောက်ထပ် ခြေလှမ်းအတွက် ဆက်လက် အစီစဉ် ဆွဲနေခဲ့လေသည်။ လူတို့သည် ဖျားနာခြင်းအား ရှောင်လွှဲ၍ မရနိုင်ချေ။
ကမ္ဘာပျက်ကပ်ပြီးနောက်တွင် ဆေးဝါးများသည် အလွန် တန်ဖိုး ရှိလာမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ဆေးဝါး အမြောက်အမြားအား အရယူ ထားရမည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာပျက်ကပ် ရောက်ပြီးနောက်တွင် တောင်များနှင့် မြစ်များ အားလုံး ခဲသွားမည် ဖြစ်ကာ ရေအားလျှပ်စစ် စက်ရုံများမှာမူ လုံးဝ ရပ်တန့် သွားလိမ့်မည် ဖြစ်သည်။
အလွန်အေးသည့် ပတ်ဝန်းကျင်တွင် ကျောက်မီးသွေး လုံလောက်စွာ မရရှိနိုင်ခြင်းကြောင့် အပူစွမ်းအင်သုံး လျှပ်စစ်စက်ရုံများလည်း မကြာမီ ရပ်တန့်သွားပေလိမ့်မည် ဖြစ်သည်။ အချိန်ကြာမြင့်စွာ ဆက်လက်လည်ပတ်နိုင်မည့် တစ်ခုတည်းသော အရာမှာ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်စက်ရုံများသာ ဖြစ်ပေသည်။
သို့သော်ငြားလည်း နျူကလီးယား စွမ်းအင်စက်ရုံများအနေဖြင့် နိုင်ငံတစ်ဝန်းလုံးအား လုံလောက်သည့်စွမ်းအင် ထောက်ပံ့ပေးနိုင်ရန်မှာမူ မဖြစ်နိုင်ချေ။ ထို့ကြောင့် ကမ္ဘာပျက်ကပ်ပြီးနောက်တွင် လျှပ်စစ်စွမ်းအင် အရင်းအမြစ်များသည် အလွန် တန်ဖိုးကြီးမား လာမည်ဖြစ်သည်။
ဤပြဿနာအား ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ မီးစက်အများအပြား ဝယ်ယူရန်နှင့် ဓာတ်ဆီ ဒီဇယ် အများအပြား သိုလှောင်ထားရန်သာ ဖြစ်သည်။ အခွင့်အရေးရလျှင်မူ ကျောက်မီးသွေးကိုလည်း သိုလှောင်ထားရပေမည်။
ဤသည်မှာ ရဲရှင်းချန် နောက်ထပ် လုပ်ဆောင်မည့် ခြေလှမ်းပင် ဖြစ်သည်။ အစီအစဉ်တစ်ခုအား စိတ်ထဲ မှတ်ထားရင်းဖြင့် ရဲရှင်းချန် အိပ်ပျော်သွားခဲ့သည်။ နောက်တစ်နေ့ မနက် ကိုးနာရီခန့်တွင် ဖုန်းမြည်သံကြောင့် သူ နိုးလာခဲ့လေသည်။ ထိုဖုန်းခေါ်ဆိုမှုသည် သူမသိသည့် နံပါတ်တစ်ခု ဖြစ်သည်။
“ဟလို... မစ္စတာ ရဲရှင်းချန်ပါလား”
“ဟုတ်ပါတယ် ကျွန်တော်ပါ ခင်ဗျားက ဘယ်သူလဲ”
“ကျွန်တော် ချွမ်းရှုချင်း စားသောက်ဆိုင်ကပါ ခင်ဗျား မှာထားတဲ့ စားပွဲဝိုင်း ၁၀၀၀ စာ အကုန်လုံး ထုပ်ပိုးပြီးပါပြီ အခု ပို့ပေးလို့ ရမလားခင်ဗျာ”
“ပို့လိုက်ပါ”
ရဲရှင်းချန် အနည်းငယ် အံ့သြသွားခဲ့သည်။ တစ်ရက်ကျော်ကျော်လေး အတွင်းမှာပင် ချွမ်းရှုချင်း စားသောက်ဆိုင်သည် စားပွဲဝိုင်း တစ်ထောင်စာ ဟင်းပွဲများအား ပြင်ဆင်ပြီးသွားခဲ့ပြီ ဖြစ်သည်။
ပိုက်ဆံသည် အမှန်ကိုပင် အစွမ်းထက်လှပေသည်။ မကြာမီမှာပင် ကုန်တင်ကားကြီး တစ်စီး မောင်းဝင်လာခဲ့တော့သည်။ ထုပ်ပိုးထားသည့် ဟင်းပွဲမျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။
စားသောက်ဆိုင်မှ လူငယ်အချို့သည် ဗီလာထဲသို့ အထုတ်အပိုးများ သယ်ယူရင်းဖြင့် အလုပ်များလျှက် ရှိနေခဲ့သည်။ ရဲရှင်းချန်သည် တံခါးဝတွင် ရပ်လျက် ညွှန်ကြားနေခဲ့လေသည်။ နှစ်ရက်ဆက်တိုက်ပင် ကုန်ကားအများအပြား ဗီလာသို့ ဦးတည်လာနေကြသဖြင့် ဗီလာဝင်းအတွင်းရှိ အခြားနေထိုင်သူများ၏ အာရုံစိုက်မှုအား သဘာဝကျစွာပင် ဆွဲဆောင်နိုင်ခဲ့လေသည်။
ရဲရှင်းချန်၏ အိမ်နီးချင်းဖြစ်သူ လျိုရှီလုံသည် ဗိုက်ရွှဲကြီးနှင့် ဟက်စကီးခွေးတစ်ကောင်အား ဆွဲလျက် သူ့ဘေးသို့ ရောက်ရှိလာခဲ့သည်။ သူသည် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်လေသည်။
“ကောင်လေးရဲ့ မင်းဘာလုပ်နေတာလဲ ဒါတွေအကုန်လုံးက ဟင်းပွဲတွေလား”
ရဲရှင်းချန်သည် ကြွက်သားအဖုအထစ်များနှင့် သန်မာသည့် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားအား ကြည့်လိုက်ကာ စိတ်ထဲတွင် လှောင်ပြောင်လိုက်လေသည်။
ကမ္ဘာပျက်ကပ်ပြီးနောက်တွင် လျိုရှီလုံ၏ မိသားစု၌ အစားအသောက် ပြတ်လပ်သွားခဲ့ကြောင်း သူ ကောင်းကောင်း မှတ်မိနေခဲ့သည်။ သူသည် ဦးစွာ ဟက်စကီးခွေးအား စားလိုက်သည်။ ထို့နောက် အစားအသောက် လုယူရန် ရဲရှင်းချန်၏ အိမ်အား ဖောက်ထွင်း ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ အသက်ရှင်သန်နိုင်ရန်အတွက် လျိုရှီလုံသည် လုံးဝ ရူးသွပ်သွားခဲ့သည်။
အဘယ်ကြောင့် ဆိုသော် ရဲရှင်းချန်မှ တံခါးဖွင့်ပေးရန် ငြင်းဆန်ခဲ့သောကြောင့် သူသည် ကျိန်ဆဲလျှက် ဗီလာတစ်ခုလုံးအား မီးရှို့ပစ်ရန်ပင် ကြိုးစားခဲ့သေးသည်။ ကံကောင်းထောက်မစွာဖြင့် အပူချိန် အလွန်နိမ့်ကျလွန်းပြီး လောင်စာဆီ နည်းပါးလွန်းသည့် အတွက် အဆုံးတွင် သူ မအောင်မြင်ခဲ့ချေ။
သူ အိမ်ပြန်သွားပြီး အသက် ၇၀ နီးပါး ရှိပြီ ဖြစ်သော သူ၏ အမေအိုကြီးအား စတင်၍ စားသောက်ခဲ့သည်။ ထို့နောက် သူ၏ မိန်းမ နောက်ဆုံးတွင် သူ့သားကိုပင် စားသောက်ခဲ့လေသည်။
ထိုကဲ့သို့သော လူစားမျိုး အပေါ် ရဲရှင်းချန်အနေဖြင့် ကောင်းမွန်သော မျက်နှာထား မပြနိုင်သည်မှာ သဘာဝပင် ဖြစ်သည်။ သူသည် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“အပြင်ထွက်စားစရာ မလိုအောင် ပါဆယ်တွေ ပိုဝယ်စုထားတာ”
“တောက် ဒီခေတ် လူငယ်တွေကတော့ တကယ်ပါပဲ”
လျိုရှီလုံသည် ရဲရှင်းချန်အား အထင်မြင်သေးစွာ ကြည့်လိုက်ပြီးနောက် ဟက်စကီးလေးနှင့်အတူ ထွက်ခွာသွားတော့သည်။ ချွမ်းရှုချင်း စားသောက်ဆိုင်မှ ဟင်းပွဲများအားလုံးအား ဗီလာထဲသို့ ရွှေ့ပြီးနောက်တွင် ရဲရှင်းချန်သည် ယင်းတို့အား နေရာလွတ် ထဲသို့ ထည့်လိုက်ကာ ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခုသို့ မောင်းထွက်လာခဲ့လေသည်။ ကုမ္ပဏီမန်နေဂျာအား တွေ့ပြီးနောက် ရဲရှင်းချန်သည် လိုရင်းကို တဲ့တိုး ပြောလိုက်လေတော့သည်။
“ခင်ဗျားတို့ ကုမ္ပဏီဂိုဒေါင်ထဲမှာရှိတဲ့ ဆေးဝါးတွေအကုန်လုံးကို ကျွန်တော် ယူမယ်”
ယခင် အခြေအနေကဲ့သို့ပင် မန်နေဂျာသည် ခဏမျှ ကြောင်အသွားခဲ့ကာ သူ၏ မျက်နှာတွင် မယုံကြည့်နိုင်သည့် သံသယများဖြင့် ပြည့်နှက်သွားခဲ့တော့သည်။
“လူကြီးမင်း နောက်နေတာလား”
ရဲရှင်းချန်သည် သူ့အား ရှင်းပြရမည်ကို ပျင်းရိနေသဖြင့် ဆင်ခြေတစ်ခု ဖန်တီးလိုက်လေသည်။
“ကုန်းမြင့်ဒေသက ဆင်းရဲတဲ့ နေရာတွေကို ကျွန်တော် ဆေးဝါးတစ်သုတ် လှူမလို့ သဘောပေါက်လား”
“သြော် ကျွန်တော် သဘောပေါက်ပါပြီ ခင်ဗျားက တကယ်ကို လူကောင်းတစ်ယောက်ပါပဲ”
မန်နေဂျာ ဖြစ်သူမှ သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်လေသည်။ ထို့နောက် သူ၏ မျက်နှာတွင် အံ့သြ ဝမ်းသာသော အမူအရာများ ပေါ်ပေါက်လာခဲ့သည်။ ဂိုဒေါင်ရှင်းလင်းမည့် ကိစ္စသည် ကြီးမားသော အော်ဒါတစ်ခုပင် ဖြစ်ပေသည်။ သူ့စွမ်းဆောင်ရည်အား မြင့်တက်စေကာ ကော်မရှင် အများအပြား ရရှိရန် သေချာ လုံလောက်လေသည်။
ရဲရှင်းချန်သည် ဆေးဝါးများအား ဗီလာသို့ ပို့ဆောင်ပေးရန် ပြောလိုက်လေသည်။ ငွေချေပြီးနောက်တွင် သူသည် ကားမောင်းထွက်လာခဲ့ပြီးနောက် ထောက်ပံ့ပို့ဆောင်ရေး သိုလှောင်ရုံ သို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။
ကောင်းကင်ကြီးသည် မှောင်နေပြီဖြစ်ကာ ဝန်ထမ်းများလည်း အလုပ်ဆင်းသွားကြပြီ ဖြစ်သည်။ သူသည် ဂိုဒေါင်သို့ တစ်ယောက်တည်း သွားကာ တံခါးဖွင့်လိုက်သည်။ တောင်ပုံရာပုံ ပုံထားသည့် ပစ္စည်းများအား မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့တော့သည်။
“မဆိုးပါဘူး ဒါပေမဲ့ မလုံလောက်သေးဘူး”
ထို့နောက် ရဲရှင်းချန်သည် ပစ္စည်းအားလုံးအား နေရာလွတ် ထဲသို့ ထည့်လိုက်ပြီးနောက် ကုမ္ပဏီဥက္ကဋ္ဌအား ဖုန်းခေါ်ကာ အဓိက ကုန်ပစ္စည်းဖြန့်ဖြူးသူများထံမှ ကုန်ပစ္စည်းများ ဆက်လက်မှာယူရန် ပြောလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူ အံ့သြမသွားစေရန် ဂိုဒေါင်ရှင်းလင်းသွားခြင်းမှာ လှူဒါန်းလိုက်သောကြောင့် ဖြစ်ကြောင်း ပြောပြလိုက်သည်။ ဤဆင်ခြေသည် အလွန်ယုတ္တိမရှိသည့် အပြင် လူအများ၏ သံသယများအား နှိုးဆွပေးလိမ့်မည် ဖြစ်ကြောင်း သူသိသည့် တိုင်အောင် ယခုအချိန်တွင် သူ ဂရုမစိုက်နိုင်တော့ချေ။
မည်သို့ပင် ဖြစ်စေ အချိန် သိပ်မကျန်တော့ချေ.....
နောက်တစ်နေ့ မနက်စောစောတွင် လုံခြုံရေးမန်နေဂျာသည် ဆောက်လုပ်ရေးအဖွဲ့အား ဗီလာသို့ ခေါ်ဆောင်လာခဲ့ကာ ဆောက်လုပ်ရေး လုပ်ငန်းများအား စတင် လုပ်ဆောင်လေတော့သည်။
အလုပ်များ စီစဉ်ပြီးနောက်တွင် လုံခြုံရေးမန်နေဂျာသည် ရဲရှင်းချန်အား သူ၏ Ford Raptor ကားဆီသို့ ခေါ်သွားပြီးနောက် ကုန်သေတ္တာအား ဖွင့်ပြလိုက်လေတော့သည်။ အတွင်းတွင် သေသပ်လှသည့် အနက်ရောင် သေတ္တာလေးလုံး ရှိနေခဲ့သည်။ လုံခြုံရေးမန်နေဂျာသည် ဘယ်ညာ ကြည့်လိုက်ပြီနောက် အသံနှိမ့်ကာ ပြောလိုက်လေသည်။
“အထဲမှာ စစ်သုံး လေးနဲ့ မြှား လေးစုံ ပါတယ် အစွမ်းထက်လွန်းလို့ ကျွမ်းကျင်သူတွေမပြောနဲ့ သာမာန်လူတောင် အသုံးပြုနိုင်တယ် မြှားတံ ၁၀၀၀ ပါတယ် ခင်ဗျား အကြာကြီး ကစားဖို့ လုံလောက်ပါတယ်”
ရဲရှင်းချန်မှ ကျေနပ်စွာ ခေါင်းညိတ်လိုက်ကာ မေးလိုက်လေသည်။
“ဘယ်လောက်လဲ”
“တစ်သန်း (သိန်း ၁၀)”
“ကောင်းပြီ ခင်ဗျား ကဒ်နံပါတ် ပြောလိုက် အခုပဲ ငွေလွှဲပေးမယ်”
ရဲရှင်းချန်၏ တဲ့တိုးဆန်လွန်းသည့် အပြုအမူအား မြင်လိုက်ရချိန်တွင် လုံခြုံရေးမန်နေဂျာ၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဤအရောင်းအဝယ်မှနေ၍ သူသည် တစ်ဝက်တိတိ အမြတ်ရလိုက်ပြီ မဟုတ်ပါလော....
ငွေလွှဲပြီးသွားချိန်တွင် လုံခြုံရေးမန်နေဂျာမှ တိုးတိုးလေး ပြောလိုက်လေသည်။
“ဒါနဲ့ ခင်ဗျားလိုချင်တဲ့ သေနတ်ကိစ္စ တိုးတက်မှုရှိတယ် ခင်ဗျား ဘာလိုချင်တာလဲ”
ဤစကားအား ကြားလိုက်ရသောအခါ ရဲရှင်းချန်သည် အတိုင်းအဆမဲ့ ဝမ်းသာသွားခဲ့ကာ ပြန်ဖြေလိုက်လေသည်။
“ခင်ဗျားဆီမှာ ဘယ်လိုသေနတ်မျိုးတွေ ရှိလဲ ခင်ဗျားမှာ ရှိသလောက် ကျွန်တော် လိုချင်တယ်”
လုံခြုံရေးမန်နေဂျာသည် သူ၏စကားကြောင့် ထိတ်လန့်သွားခဲ့ကာ အလျင်စလို အသံနှိမ့်လျှက် ပြောလိုက်လေသည်။
“ခင်ဗျားက ဒီနေရာကို အမေရိကန်နိုင်ငံ လို့ ထင်နေတာလား ကျွန်တော်တို့ဆီမှာ အခု AK47 နဲ့ ပစ္စတိုပဲ ရှိတယ် အဲ့ဒါတောင် တစ်မျိုးကို တစ်လက်စီပဲ ရနိုင်မှာ”
ထိုစကားအား ကြားလိုက်ရချိန်တွင် ရဲရှင်းချန်သည် စိတ်ပျက်မသွားဘဲ မနေနိုင်တော့ချေ။ အမှန်တကယ်တွင် သူသည် Barrett စနိုက်ပါရိုင်ဖယ် နှင့် လက်ပစ်ဗုံးများအား လိုချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤနှစ်မျိုးတည်း နှင့်ပင် သူ့ကိုယ်သူ ကာကွယ်ရန် လုံလောက်ပြီ ဖြစ်၍ ခေါင်းညိတ်လိုက်လေတော့သည်။
“ကောင်းပြီလေ ဒါဆိုလည်း တစ်မျိုး တစ်လက်စီ ယူမယ် ကျည်ဆန်တော့ ပိုရအောင် လုပ်ပေးရမယ် များလေ ကောင်းလေပဲ”