← Chapters

ဓားသိုင်းသုံးကွက်

Vol. 3 Ch. 203

ဓားသိုင်းသုံးကွက်

Vol. 3 Ch. 203

ကျန်းဆွေကျယ် ဂါရဝ ပြုလိုက်သည့် အတွက် တည်ကြည်သည့် မျက်နှာထားရှိသည့် ကျင့်ကြံသူ၏ နောက်တွင် ရပ်နေသည့် လူငယ် နှစ်ယောက်က ရယ်မော လိုက်ကြလေသည်။

ထို လူငယ် နှစ်ယောက်မှာ ကျော်ရှောင်ချင်းက ခြေလက်များ ဖြတ်ပစ်ခဲ့သည့် စိုကျင့်နှင့် စိုရွှမ် တပည့်နှစ်ယောက် ဖြစ်လေသည်။ သူတို့က ချင်းကျန်းဂိုဏ်းကို အလွန်မှ မုန်းတီးနေသည့်တိုင် ကျန်းဆွေကျယ်၏ အပြုအမူကို ရယ်ချင် နေကြလေသည်။

မျက်ခုံးမျက်ဖန် လှလှနှင့် ချောမောသည့် လူငယ်တစ်ယောက် ဖြစ်သည့် စိုကျင့်က ဝင်ပြောလိုက်သည်။

"ဒီဆရာသခင်က စည်းကမ်းဆောင် အုပ်ချုပ်ရေးမှူး ကယ်ယွမ်း တန်ခိုးရှင်ပါ၊ ကျုပ်တို့ဂိုဏ်းချုပ် မဟုတ်သေးဘူး၊ ကျုပ်တို့ ဂိုဏ်းချုပ်က လူငယ်လေး တစ်ယောက်ပဲ၊ မကြာခင် ရောက်လာလိမ့်မယ်"

စိုရွှမ်၏ မျက်နှာကတော့ တင်းမာ ခက်ထန်နေလေသည်။ စိုကျင့်က ကျန်းဆွေကျယ်ကို စကား သွားပြောနေသည့် အတွက် သူက မကျေမနပ် ဖြစ်နေလေသည်။

စိုကျင့်၏ အမည်မှ "ကျင့်" ဆိုသည့် စာလုံး အဓိပ္ပာယ်မှာ တိတ်ဆိတ်ခြင်းဟု အဓိပ္ပာယ် ရလေသည်။ မည်သည့် အခါမှ တိတ်တိတ်မနေပဲ စကားချည်း များနေသူ ဖြစ်သည့်အတွက် သတိပေးသည့် အနေဖြင့် စိုကျင့်ဟု အမည် ပေးထားခြင်း ဖြစ်လေသည်။

ယခုလည်း ကျန်းဆွေကျယ်မှာ ချင်းကျန်းဂိုဏ်းမှ လူမှန်းသိလျက်ဖြင့် မနေနိုင် မထိုင်နိုင် ရိုက်မစစ်ရဘဲ စကားတွေ ပြောနေပြီ ဖြစ်သည်။ စိုကျင့်၏ နှလုံးသားသည် ပေါ့ပေါ့ပါးပါး ရှိလေသည်။ ထို့ကြောင့် စိုရွှမ်နှင့်အတူ ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သည့်တိုင် သူက စိုရွှမ်လောက် ခံစားရခြင်း မရှိပေ။

စိုရွှမ် ဒေါသထွက်နေသည်ကို သိသွားသည့် အတွက် စိုကျင့်လည်း ပါးစပ် ပိတ်ထား လိုက်လေတော့သည်။

"ခဏစောင့်ပါလေ၊ ဂိုဏ်းချုပ် မကြာခင် ရောက်လာပါလိမ့်မယ်"

ဆရာသခင် ကယ်ယွမ်းက ပြောလိုက်သည်။

ထိုအချိန်မှာပင် အပြင်ဘက်တွင် ဆူညံသံတစ်ချက် ကြားလိုက်ရပြီး လူငယ်လေး တစ်ယောက် ခန်းမ အတွင်းသို့ ဝင်ရောက် လာလေသည်။

ကျန်းဆွေကျယ်က လူငယ်လေးကို လှမ်းကြည့်လိုက်သည်။ ထိုလူငယ်လေး၏ ခန္ဓာကိုယ်ဆီမှ သိပ်သည်းသည့် ဓားဝိညာဉ် တန်ခိုးစွမ်းအားကို ခံစားလိုက်ရသည်။ ထို့ပြင် အသက်ဓာတ် စွမ်းအားများ ကလည်း အားကောင်းစွာဖြင့် လှည့်ပတ်နေလေသည်။

ကျန်းဆွေကျယ်မှာ လှုပ်ပင် မလှုပ်ရဲပေ။ သူက ထိုလူငယ်လေးမှာ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်ရမည်ဟု တွေးလိုက်မိလေသည်။

သူက အရှေ့သို့ တိုးသွားပြီး ထိုလူငယ်လေးကို နှုတ်ဆက်ရန် ပြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကယ်ယွမ်းနှင့် တပည့် နှစ်ယောက်ကလည်း ရှေ့သို့ တိုးလိုက်ကြသည့် အတွက် ကျန်းဆွေကျယ်မှာ ဒီတစ်ယောက်ကတော့ သေချာပြီဟု တွေးလိုက် မိတော့သည်။

ထိုလူငယ်လေး၏ နောက်တွင် အလွန်မှာ ချောမောပြီး ဆယ်ကျော်သက် အရွယ်မျှ ငယ်ရွယ်လွန်းသည့် လူငယ်လေး တစ်ယောက်ကို တွေ့သည့်တိုင် ကျန်းဆွေကျယ်က သူ့အတွေးနှင့်သူ ရှေ့မှ ဝင်လာသည့် လူငယ်လေးကိုသာ ဂါရဝ ပြုလိုက်လေတော့သည်။

လူငယ်မှာ ရုတ်တရက် ဂါရဝ အပြုခံလိုက်ရသည့် အတွက် ကြောင်တောင်တောင် ဖြစ်သွားရသည်။

"ခင်ဗျား ဘာလုပ်တာလဲ"

ချိုးရှီမှာ အခြားဂိုဏ်းမှ ကျင့်ကြံသူ တစ်ယောက်က သူ့ကို ဂါရဝ လာပြုနေသည့် အတွက် ကြောင်တောင်တောင် ဖြစ်ကာ အမြန် ရှောင်တိမ်း လိုက်လေသည်။

ကျန်းဆွေကျယ်မှာ လူမှားပြန်ပြီဟု သိလိုက်ရပြန်သည်။

ကျန်းဆွေကျယ်မှာ ခပ်ညံ့ညံ့ ကျင့်ကြံသူ တစ်ယောက်တော့ မဟုတ်ပါ။ ထို့ပြင် အတွေ့အကြုံလည်း များသူဖြစ်လေသည်။ ထို့ပြင် သူက ချင်းရွှမ် နတ်တံခါးသို့ ရောက်လျှင် မည်သည့် အကြောင်းအရာများ ကြုံတွေ့ရမည်ကို မခန့်မှန်းနိုင်သဖြင့် အကောင်းဆုံး ပြင်ဆင် လာခဲ့လေသည်။

သို့တိုင်အောင်....

ယခုတော့ သူ ရင်တုန်စပြုလာပြီ ဖြစ်လေသည်။ ရင်တုန်သည် ဆိုခြင်းထက် ထိတ်လန့် တုန်လှုပ်လာခြင်း ဖြစ်လေသည်။

သူက အရှက်ပြေ ရယ်မောလိုက်သည်။

ထိုအချိန်မှာပင်....

ယန့်ပုကွေး၊ ကယ်ယွမ်းနှင့် အခြား တပည့်နှစ်ယောက်တို့က နောက်ဆုံးမှဝင်လာသည့် ချောမော သိမ်မွေ့လွန်းသည့် လူငယ်လေးကို ဂါရဝ ပြုလိုက်ကြလေသည်။

"ဂိုဏ်းချုပ်ကို ဂါရဝ ပြုပါတယ်"

ကျန်းဆွေကျယ်မှာ အံ့သြခြင်းများစွာဖြင့် ထိုလူငယ်လေးကို လှမ်းကြည့်လိုက်လေသည်။ ထိုလူငယ်လေး၏ မျက်ခုံးနှစ်ခုကြားတွင် အနီရောင် သင်္ကေတစ်ခု ရှိနေလေသည်။ သူ၏ မျက်ဝန်းများမှာ ကြယ်စင်များကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေပြီး လှပသော နှုတ်ခမ်းများကိုလည်း ပိုင်ဆိုင်လေသည်။ အသက် ဆယ့်ရှစ်နှစ်ပင် မပြည့်တတ်သေးသော ထိုလူငယ်လေးသည် အဘယ်သို့ လောဘရမ္မက် တရားကို ပယ်သတ်ကာ တရား ရှာနိုင်မည်နည်း။

ကျန်းဆွေကျယ်က ထိုချောမောလွန်းသော လူငယ်လေးကို ငေးကြည့်နေစဉ်မှာပင် သူ့ရှေ့တွင် သံမဏိ တံတိုင်းကြီး တစ်ခု ကာဆီးနေသည့် အလား ခံစားလိုက်ရပြီး ခေါင်းများ မူးဝေ လာရလေသည်။ သူ့ခန္ဓာကိုယ်ပေါ်သို့လည်း တောင်တစ်တောင်အလား ဖိအားတစ်ခုက လေးလံစွာ သက်ရောက် လာလေသည်။ ထို့ကြောင့် သူက လူငယ်လေးကို အကဲခတ်နေခြင်းကို ရပ်တန့် လိုက်လေသည်။ ထိုအခါကျမှ မူးဝေ လေးလံခြင်းများ သက်သာ သွားရသည်။

လူငယ်က သူ့ဘေးက ဖြတ်သွားပြီး ကယ်ယွမ်းနှင့် အခြားသူများ လူငယ်၏နောက်မှ လိုက်ပါ သွားကြသည်။ ကျန်းဆွေကျယ် မှာလည်း ယောင်လည်လည်ဖြင့် အနောက်မှ လိုက်သွား မိလေသည်။

ဆန်းလျန်သည် ကျောက်ပလ္လင်ထက်တွင် ထိုင်လိုက်ပြီး ကယ်ယွမ်းက ဆန်းလျန်၏ ညာဘက်ရှိ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ အခြား တပည့်များက ဘေးနားတွင် မတ်တတ် ရပ်နေကြလေသည်။

ယခုမှ ချင်းရွှမ် နတ်တံခါး၏ တကယ့် အစစ်အမှန် ဂိုဏ်းချုပ်ကို တွေ့မြင်ရပြီ ဖြစ်ကြောင်း ကျန်းဆွေကျယ် သဘော ပေါက်လိုက်လေသည်။

သူ့မှာ နှစ်ခါလောက်လည်း မှားပြီးပြီ။

ထို့ကြောင့် စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီးမှ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်လေးကို ဦးညွတ် ဂါရဝ ပြုလိုက်လေသည်။

"ချင်းကျန်းဂိုဏ်းက ဆရာသခင် တစ်ယောက်ဖြစ်တဲ့ ကျုပ် ကျန်းဆွေကျယ် ဆန်းတန်ခိုးရှင်ကို နှုတ်ဆက် ဂါရဝပြုပါတယ်"

ဆန်းလျန်က ယန့်ပုကွေးကို တစ်ချက် ကြည့်လိုက်သည်။ ယန့်ပုကွေး ခေါင်းညိတ် ပြသည်ကို မြင်တော့မှ ဤသူမှာ ကိုယ်ကျင့်တရားနှင့် ပြည့်စုံသည့် ကျင်စဉ်လမ်း လျှောက်လှမ်းသူ တစ်ဦး ဖြစ်ကြောင်း အတည် ပြုလိုက်လေသည်။

“ခင်ဗျားက ဓားဘုရင်မုန့် အတွက် ဒီကို ရောက်လာတာလား”

ဆန်းလျန်က မေးလိုက်သည်။

ကျန်းဆွေကျယ်မှာ အလာပ သလာပ စကားများ ပြောဦးမည်ဟု ပြင်ဆင် ထားသော်လည်း ရုတ်တရက်ကြီး ဆန်းလျန်က ပွင့်ပွင့်လင်းလင်း မေးလိုက်သည့် အတွက် အမူအရာ ပျက်သွားရလေသည်။

သူက ခေါင်းတစ်ချက် ညိတ်ပြလိုက်ရင်း….

“ကျုပ်ရဲ့ ဆရာဦးလေးက ဖော့ဝမ့်အဆင့် တက်ရောက်ခါနီးတော့ စိတ်တွေ ရှုပ်ထွေးနေတာပါ၊ ဂိုဏ်းတူညီလေး ကျော်ရှောင်ချင်းကလည်း ငယ်သေးတော့ ဘာမှမသိပါဘူး၊ ဒါကြောင့် ဆန်းတန်ခိုးရှင် တို့ကို တိုက်ခိုက်မိသလို ဖြစ်သွားပါတယ်၊ ခွင့်လွှတ်ပေးဖို့ သူတို့ကိုယ်စား ကျုပ်ကပဲ တောင်းပန်ပါတယ်”

ဟု ပြောလိုက်သည်။

“ကျုပ်တို့ ချင်းရွှမ်က ဓားဘုရင်မုန့်ကို ကောင်းကောင်း ဧည့်ခံထားပါတယ်၊ သူ့ကို လက်ဖျားနဲ့တောင် မထိဘူး”

ဆန်းလျန်က ပြောလိုက်သည်။

“တန်ခိုးရှင်က ကြင်နာတတ်ပြီး သဘောထားကြီးလို့ ကျေးဇူးတင်ပါတယ်၊ တန်ခိုးရှင် အတွက် ဂိုဏ်းချုပ်ကိုယ်စား လက်ဆောင်တွေ ယူလာခဲ့ပါတယ်၊ ဆရာဦးလေးရဲ့ အမှားအတွက် တောင်းပန်တဲ့ အနေနဲ့ ပေးအပ်တာ ဖြစ်လို့ လက်ခံ ပေးစေလိုပါတယ်၊ တခြားလိုအပ်တဲ့ အကူအညီတွေ ရှိဦးမယ် ဆိုရင်လည်း ကျုပ်က ဖြည့်ဆည်း ပေးမှာပါ”

ကျန်းဆွေကျယ်က ပြောလိုက်သည်။

ကျန်းဆွေကျယ်၏ စကားကြောင့် စိုရွှမ်က ရယ်မောလိုက်ရင်း…

“ကျုပ်တို့ ချင်းရွှမ် နတ်တံခါးက မင်းတို့ ချင်းကျန်း ဂိုဏ်းကနေ ဘာအကူအညီမှ မလိုဘူး”

ဟု ပြောလိုက်လေသည်။

ထိုစကားကြောင့် ကျန်းဆွေကျယ်မှာ ရှက်သွားလေသည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း စိုကျင့်နှင့် စိုရွှမ်ကို လက်ညိုး တစ်ချက် ညွှန်ပြလိုက်ပြီး…

“ဒီတပည့်နှစ်ယောက်က ကျော်ရှောင်ချင်းကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားကြတဲ့ တပည့် နှစ်ယောက်ပဲ၊ သူတို့အခုထိ မူလ အခြေအနေအတိုင်း ပြန်မဖြစ်ကြသေးဘူး၊ ဒါကြောင့် သူတို့ နှစ်ယောက်က ဒေါသတွေ ထွက်နေကြတာ အပြစ် မတင်စေချင်ဘူး”

ဆန်းလျန်က၏ စကားလုံးများက နှစ်သိမ့်သည့် စကားလုံးများ ဖြစ်သည့်တိုင် ကျန်းဆွေကျယ်မှာ ဆန်းလျန်၏ စိတ်ထားကို မခန့်မှန်းနိုင်ပေ။

“ချင်းရွှမ် နတ်တံခါးကို တိုက်ခိုက်ခဲ့တာ ကျုပ်တို့ ဆရာဦးလေးရဲ့ အမှားပါပဲ၊ ဒီလူငယ် နှစ်ယောက် အတွက် ကျုပ်ဘယ်လို တာဝန် ယူပေးရမလဲ”

ကျန်းဆွေကျယ်က ပြန်မေးလိုက်သည်။

“ဒီတပည့်နှစ်ယောက် ကြိုးစားပြီး မကျင့်ကြံလို့ ကျော်ရှောင်ချင်းကို ရှုံးရတာလို့ပဲ ယူဆတယ်၊ ဒါပေမဲ့ ဒါက ကျုပ်တို့ချင်း ရွှမ်နတ်တံခါးရဲ့ကျင့်စဉ်တွေ အားနည်းလို့ မဟုတ်ဘူး၊ ကျင်းချင်း ဝင်လာခဲ့ပါ”

ကျင်းချင်းက မုန့်ရွှင်ကျန်းနှင့် ကျော်ရှောင်ချင်းကို ခန်းမ အတွင်းသို့ ခေါ်လာလေသည်။ ကျန်းဆွေကျယ်မှာ သူတို့ နှစ်ယောက်ကို တွေ့သည့် အတွက် စိတ်လှုပ်ရှား သွားရလေသည်။

သူတို့နှစ်ယောက်လုံးမှာ အနည်းငယ် အားနည်းနေပုံရသည်မှအပ ဘာမှ ထူးထူးခြားခြား ဖြစ်ပုံမပေါ်ပေ။ တာအိုကျင့်စဉ်များမှာလည်း မပျက်စီးသေးပေ။

“မင်းကဒီကို ဘာလာ လုပ်တာလဲ”

မုန့်ရွှင်ကျန်းက ကျန်းဆွေကျယ်ကို တွေ့သည်နှင့် လှမ်းမေးလိုက်သည်။

“ဆရာဦးလေး၊ ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ ခင်ဗျားတို့ကို ပြန်လာ ခေါ်တာပါ”

ကျန်းဆွေကျယ်က မုန့်ရွှင်ကျန်း သိက္ခာ မကျရအောင် စကားကို ထိန်းပြီး ပြောလေသည်။ မုန့်ရွှင်ကျန်းက စကား ပြန်မပြောတော့ပါ။ ကျော်ရှောင်ချင်းကလည်း တိတ်ဆိတ် နေလေသည်။ သူ၏ ဒဏ်ရာမှာ သက်သာသွားပြီ ဖြစ်သည့်တိုင် တန်ခိုး စွမ်းအားများကတော့ အသုံးပြု၍ မရသေးပေ။

“ခင်ဗျားတို့ အချင်းချင်း နောက်မှပဲ စကားပြောကြပါ၊ ခုတော့ လူငယ်လေး ကျော်ရှောင်ချင်းကို မေးချင်တာက၊ မင်းက ကျုပ်တို့ရဲ့ တပည့် နှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်၊ မင်းကို ကျုပ်ဘာလုပ်သင့်သလဲ”

ဆန်းလျန်က မေးလိုက်လေသည်။

ကျော်ရှောင်ချင်းက ခေါင်းကို မော့လိုက်ပြီး …

“ခင်ဗျား ကျုပ်ကို သတ်မယ်ဆိုရင်လည်း ကျုပ်လက်ခံပါ့မယ်”

“ချင်းရွှမ် နတ်တံခါးဆိုတာ လူသတ်တဲ့နေရာ မဟုတ်ဘူး၊ ကျုပ်ရဲ့ တပည့် နှစ်ယောက်မင်းကို ရှုံးရတာဟာ သူတို့ ကျင့်ကြံမှု လျော့နည်းခဲ့လို့ပဲ ဆိုတာ ကျုပ်ပြောခဲ့ပြီးပြီ၊ ဒါပေမဲ့ ချင်းရွှမ်ရဲ့ ကျင့်စဉ်တွေ အားနည်းလို့တော့ မဟုတ်ဘူး၊ မင်းက သိပ်တော်တဲ့ ဓားသမား တစ်ယောက်ပဲ၊ မင်းအသက် အရွယ်မှာ ဒီလောက် တော်တဲ့သူ ရှားပါးလွန်းတယ်၊ ဒီတော့ မင်းက ကျုပ်တို့ရဲ့ တပည့်နှစ်ယောက်ကို အနိုင်ယူလိုက် နိုင်တာနဲ့ ချင်းရွှမ် နတ်တံခါးကို အထင်သေးနေတယ် မဟုတ်လား”

ဆန်းလျန်က ပြောလိုက်သည်။

ကျော်ရှောင်ချင်းက ဆန်းလျန်စကားကို ပြန်လည် ဖြေကြားခြင်း မရှိပါ။ သို့သော် သူ့အကြည့်များက ဆန်းလျန်ပြောသည့် စကားများ မှန်ကန်ကြောင်း ဖော်ပြနေလေသည်။

သူက သူတော်သောကြောင့် လက်ရှိအခြေအနေကို ရင်ဆိုင်နေရသည်ဟု တွေးနေမိလေသည်။

"နတ်ဘုရား ဆွေလင်ကျိက ယွင်ဆွေ အလင်းဓားသိုင်းကို တီထွင်ခဲ့တယ်၊ ဒါပေမဲ့ လောကမှာ အကောင်းဆုံး ဓားသိုင်းလို့ ပြောလို့ မရဘူး၊ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီလို ဓားသိုင်းမျိုးကို လေ့ကျင့်နေတာ သက်သက် အချိန် ဖြုန်းနေတာပဲ၊ ဒီနေ့ ကျုပ်ရဲ့ ဒီတပည့်ကို နိုင်အောင် တိုက်နိုင်မယ် ဆိုရင် မင်းကို လွှတ်ပေးမယ်"

ဆန်းလျန်က ချိုးရှီကို ညွှန်ပြရင်း ပြောလိုက်သည်။

သူ၏ စကားလုံးတိုင်းက ချင်းကျန်းဂိုဏ်းကို စော်ကားနေသည့် စကားများသာ ဖြစ်လေသည်။

မုန့်ရွှင်ကျန်းမှာ ထိုစကားများကြောင့် ဒေါသ ထွက်နေသည့်တိုင် မည်သည့်စကားမှ ဝင်ပြောခြင်း မရှိပါ။ နတ်ဒေဝါ လက်သည်းက သူ၏ တန်ခိုးများကို ထိန်းချုပ်ထားသည့် အတွက် တန်ခိုးစွမ်းအား များလည်း သုံးမရ ဖြစ်နေရသည် မဟုတ်ပါလား။

ဒေါသကို မပေါက်ကွဲနိုင်ခြင်းက စိတ်နှင့် ဝိညာဉ်ကို နာကျင် စေလေသည်။ သူ့ကို ကြည့်ရသည်မှာ ပေါက်တော့မည့် မီးအိုး တစ်လုံးနှင့် တူနေလေသည်။

သို့သော် သူ့ကို မည်သူမျှ ဂရုမစိုက်အားကြပါ။ ကျော်ရှောင်ချင်းက ချိုးရှီကို ကြည့်လိုက်ရင်း...

"သူသာ တခြား မှော်ဝင်ပစ္စည်းတွေ၊ အင်းစာရွက်တွေ မသုံးဘဲ ကျုပ်ရဲ့ သိုင်းကွက် သုံးကွက်ကို ခုခံနိုင်ရင် ယွင်ဆွေ အလင်းဓားကို သင်ယူခဲ့တာဟာ အချိန် ဖြုန်းမိတာပဲလို့ ကျုပ်သဘောတူမယ်"

ဆန်းလျန်က ပြုံးလိုက်ရင်း....

"ချိုးရှီ... ယွင်ဆွေ အလင်းဓားရဲ့ သိုင်းကွက် သုံးကွက်ကို မင်းမခုခံနိုင်ဘူး ဆိုရင် တံခါးပိတ် ဆယ်နှစ် ကျင့်ကြံပြီး ကိုယ့်ရဲ့ကျင့်စဉ်လမ်းကို ပြန်သုံးသပ်ရမယ်"

စကား ပြောနေရင်းနှင့်ပင် ဆန်းလျန်ဆီမှ အလင်းတန်း တစ်ခုက ကျော်ရှောင်ချင်း၏ ကိုယ်ပေါ်သို့ ကျရောက် သွားလေသည်။ ထိုအခါ ကျော်ရှောင်ချင်း၏ မျက်ခုံးနှစ်ခုကြားမှ အလင်းတန်းလေး တစ်ခု ပျံသန်း ထွက်ပေါ်လာပြီး ဆန်းလျန်၏ လက်ပေါ်သို့ ကျရောက် သွားသည်။ တန်ခိုးစွမ်းအား ထိန်းချုပ်ထားသည့် နတ်ဒေဝါ လက်သည်းကို ဖယ်ရှားပေးလိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန် ဤကဲ့သို့ လုပ်နေသည်မှာ အဓိပ္ပာယ် ရှိလေသည်။ ရန်သူကို နှိမ်နင်းရန်မှာ အဓိက မကျပေ။ သို့သော် ရန်သူ၏ စိတ်ကို ရိုက်ချိုးနိုင်မှသာ တကယ် အနိုင်ယူနိုင်ခြင်း ဖြစ်လေသည်။ ထိုသို့ ရန်သူ၏ စိတ်ကို အနိုင် ယူထားနိုင်မှသာ ချင်းရွှမ် နတ်တံခါး အနေဖြင့် ဂိုဏ်းအငယ်လေးများကို ထိန်းချုပ်နိုင်မည် ဖြစ်လေသည်။

***

All Chapters