လျှပ်စစ်မီးမရှိ ရေမရှိ
Vol. 2 Ch. 17
မြို့ပြကြီးတစ်ခုလုံး၏ လေထုအခြေအနေမှာ တဖြည်းဖြည်းနှင့် တင်းမာလာခဲ့လေသည်။ ပြင်းထန်လှသည့် အအေးဒဏ်အောက်တွင် လေအေးပေးစက်များ ဖွင့်ထားသည့်တိုင် အိမ်တွင်းအပူချိန်သည် ရေခဲမှတ်အောက်တွင် ရှိနေဆဲ ဖြစ်သည်။
ဤအခြေအနေသည် အထူးသဖြင့် တောင်ပိုင်းဒေသရှိ ရေခဲမှတ်အောက် အပူချိန်ကို ကြုံတွေ့လေ့ မရှိသော ကျင်းဟိုင်း မြို့သူမြို့သားများအတွက် အခက်အခဲ ဖြစ်စေခဲ့လေသည်။
ထို့ပြင် ကျင်းဟိုင်း မြို့သူမြို့သားများတွင် ပစ္စည်းဥစ္စာ စုဆောင်း သိုလှောင်တတ်သည့် အလေ့အထ မရှိကြချေ။ သုံးရက်ကြာ နှင်းများ ပြင်းပြင်းထန်ထန် ထူထပ်စွာ ကျဆင်းပြီးနောက် အိမ်ထောင်စုတိုင်းရှိ ရေခဲသေတ္တာများထဲတွင် အစားအသောက်များ တဖြည်းဖြည်း နည်းပါးလာခဲ့လေသည်။
အပြင်ဘက်တွင် နှင်းပွင့်များ ဝဲပျံနေခဲ့ကာ နေ့အချိန်တွင်ပင် နေမင်းကြီးအား ထူထဲလှသည့် တိမ်တိုက် ကြီးများမှ ဖုံးကွယ်ထားသဖြင့် နာရီမပါဘဲ နေ့နှင့်ညအား ခွဲခြားရန် ခက်ခဲနေလေသည်။
လေးရက်မြောက်နေ့ နံနက်ခင်းတွင် ရဲ့ရှင်းချန် အိပ်ရာမှ ထလိုက်သည်။ ကိုယ်လက် သန့်စင်ပြီးနောက်တွင် သူ၏ အတိုင်းအတာမဲ့ သိုလှောင်ခန်းထဲမှ အငွေ့တထောင်းထောင်း ထနေသည့် ဂဏန်းဥပေါင်း တစ်လုံးအား ထုတ်ယူလိုက်ကာ ပဲနို့နှင့် သောက်လိုက်လေသည်။ လက်ပတ်နာရီအား တစ်ချက်လှမ်းကြည့်ကာ လှုပ်ရှားမှု စတင်ရတော့မည့် အချိန် နီးကပ်လာပြီဖြစ်ကြောင်း သူ သိလိုက်ပြီ ဖြစ်သည်။
ရဲ့ရှင်းချန်သည် အရည်ရွှမ်းသော ရှောင်လုံ ပေါက်တစ်လုံးအား ပါးစပ်ထဲသို့ ထည့်ကာ စားလိုက်ပြီးနောက်တွင် စိတ်အတွင်းမှ ရေတွက်လိုက်လေသည်။
‘နှစ် တစ်’
ရေတွက်မှု ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ဖုန်းထဲရှိ အဖွဲ့လိုက် စကားပြောခန်းများမှာ ပေါက်ကွဲ သွားလေတော့သည်။ ဤသည်မှာ ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီးနောက် လေးရက်မြောက် နေ့ဖြစ်ကာ အမှန်တကယ် ပွဲကြီးပွဲကောင်း စတင်တော့မည် ဖြစ်သည်။
ယနေ့ မည်သို့ ဖြစ်မည်အား ရဲ့ရှင်းချန် သိထားသဖြင့် မနေ့ညတွ၍် စောစောအိပ်ခဲ့ကာ လူတိုင်း၏ သရုပ်ဆောင်ချက်များအား ကြည့်ရှုရန် ယနေ့မနက်တွင် စောစောထခဲ့ခြင်း ဖြစ်လေသည်။
တကယ်တမ်းတွင် ကြီးကြီးမားမား ဖြစ်ပျက်ခဲ့သည်တော့ မဟုတ်ချေ။ ယနေ့ ကျင်းဟိုင်းမြို့ကြီး တစ်ခုလုံး ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်သွားခြင်းသာ ဖြစ်လေသည်။
ထို့အပြင် မကြာမီမှာပင် မီးပြတ်တောက်မှု၏ ဆက်စပ် ဆိုးကျိုးများကြောင့် ရေကုမ္ပဏီမှ ရေပေးဝေမှုလည်း ကောင်းစွာ မလည်ပတ်နိုင်တော့ချေ။ ရေပေးဝေရေး စနစ် ချို့ယွင်းသွားသဖြင့် အိမ်ထောင်စုတိုင်းတွင် ရေ ရုတ်တရက် ပြတ်တောက်သွားခဲ့ရသည်။
ရဲ့ရှင်းချန် သူ့နာရီအား ကြည့်လိုက်လေသည်။ ဤဖြစ်ရပ်များ၏ အချိန်ကိုက် ဖြစ်ပျက်ပုံမှာ ယခင်ဘဝနှင့် အတိအကျ တူညီနေခဲ့လေသည်။ ကမ္ဘာပျက်ကပ် စတင်ချိန်တွင် ဤပြင်းထန်လှသည့် အအေးဒဏ် ဘေးအန္တရာယ်သည် ကြာရှည်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြချေ။ အာဏာပိုင်များသည် နှစ်တစ်ထောင်မှ တစ်ကြိမ်သာ ကြုံတွေ့ရတတ်သည့် ဤနှင်းဘေးအန္တရာယ်အား ဖြေရှင်းရန် ကြိုးစားရင်းဖြင့် အခြေအနေများကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးပမ်းနေခဲ့ကြသည်။
သို့သော် ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ဤဘေးအန္တရာယ်သည် လူအင်အားဖြင့် ဖြေရှင်းနိုင်သောအရာ မဟုတ်ကြောင်း သူတို့ သဘောပေါက်လာခဲ့ကြသည်။
ရာသီဥတု အေးခဲလာမှုနှင့်အတူ အဓိက ရေအားလျှပ်စစ် စက်ရုံကြီးများ တစ်ခုပြီးတစ်ခု ရပ်တန့်သွားခဲ့ကြသည်။ နှင်းများ ထူထပ်စွာ ကျရောက်ပိတ်ဆို့နေသဖြင့် ဝန်ထမ်းများ အလုပ်မဆင်း နိုင်သည့် အတွက် အပူစွမ်းအင်သုံး လျှပ်စစ်စက်ရုံများပင် ထိခိုက်ခဲ့ရပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ရပ်ဆိုင်းသွားခဲ့ရပြန်သည်။
နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အား သိုလှောင်မှု ကုန်ဆုံးသွားပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးပြတ် တောက်မှုသည် ရှောင်လွှဲမရသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် နျူကလီးယား စွမ်းအင်သုံး စက်ရုံအနည်းငယ်သာ လည်ပတ်နေဆဲ ဖြစ်လေသည်။ ထို နျူကလီးယား စက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကိုလည်း အာဏာပိုင်များထံသို့သာ အဓိက ပေးပို့ထားလေသည်။ မီးနှင့် ရေ ပြတ်တောက်မှုများးသည် သာမန်ပြည်သူများ၏ ဘဝအား ထိတ်လန့်မှုနှင့် အမှောင်ထု အတွင်းထဲသို့ တွန်းပို့လိုက်ခြင်း ဖြစ်သည်။
သို့သော် ရဲ့ရှင်းချန် အတွက်မူ လုံခြုံရေး အိမ်အား ဆက်လက် လည်ပတ်နိုင်ရန် အတွက် အသံတိတ် မီးစက်နှစ်လုံးအား ကြိုတင် တပ်ဆင်ထားပြီး ဖြစ်လေသည်။
ရဲ့ရှင်းချန် ဖုန်းဖွင့် လိုက်ချိန်တွက် စကားပြောခန်းတိုင်း လိုလိုတွင် မဖတ်ရသေးသည့် စာပေါင်း ၉၉ စောင်အထက် ရှိနေသည်အား တွေ့လိုက်ရသည်။
"ခင်ဗျားတို့အိမ်မှာ မီးလာသေးလား"
"ကျုပ်တို့ဆီမှာ မီးမလာတော့ဘူး ပြီးတော့ ရေလည်း ပြတ်နေတယ် ဘာတွေ ဖြစ်ကုန်တာလဲ"
"မသိဘူး ဒီမှာလည်း အတူတူပဲ မနက်စောစော ထကတည်းက မီးပြတ်နေတာ တွေ့တယ်"
"ခင်ဗျားတို့ဆီမှာ ရေကော ရှိလား"
"ဘာတွေဖြစ်နေတာလဲ ရေဖြတ်မယ်လို့ ကြေညာချက်လည်း မရှိပါလား"
"အိမ်ရာ စီမံခန့်ခွဲရေးအဖွဲ့ကကော ဘာပြောလဲ မီး ဘယ်တော့ ပြန်လာမလဲ အရမ်းအေးနေပြီ မီးသာ မြန်မြန်ပြန်မလာရင် အိမ်က လူကြီးတွေ ခံနိုင်မှာ မဟုတ်ဘူး"
"အာဏာပိုင်တွေကကော တာဝန်ရှိသူတွေကော ဘယ်ရောက်ကုန်ပြီလဲ သူတို့ ဘာလို့ ဝင်မပါကြတာလဲ ဒီအတိုင်း ဆက်ဖြစ်နေရင် လူတွေ အေးခဲပြီး သေကုန်ကြလိမ့်မယ်"
"ဟုတ်တယ် သူတို့ ကြွေးကြော်ပြီး အော်တုန်းကတော့ ကျယ်လောင်နေပြီးတော့ အခုကျတော့ ဘာလို့ လိပ်တွေလို ခေါင်းဝှက်နေကြတာလဲ"
ရဲ့ရှင်းချန် တိတ်ဆိတ်စွာ ခေါင်းခါလိုက်မိလေသည်။ ယခုအချိန်တွင် အာဏာပိုင်များလည်း အလုပ်ရှုပ်နေခဲ့ကာ ဗျာများနေလောက်ပြီ ဖြစ်သည်။ ယခုအချိန်မှစ၍ ရှင်သန် ရပ်တည်ရေးသည် တစ်ဦးချင်းစီ အပေါ်တွင်သာ မူတည်လေတော့သည်။
ယနေ့မှစ၍ ကမ္ဘာပျက်ကပ်၏ စစ်မှန်လှသည့် အဓိပ္ပာယ် ရောက်ရှိလာပြီ ဖြစ်ကြောင်း ရဲ့ရှင်းချန် သိလိုက်သည်။ လျှပ်စစ်မီး ရေနှင့် အစားအစာကဲ့သို့သော ခေတ်မီ သက်သောင့်သက်သာ ပစ္စည်းများအား ဆုံးရှုံးလိုက်ရခြင်းဖြင့် လူတို့သည် ကြီးမားသော သေဆုံးမှုများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ဤသည်အား တွေးမိချိန်တွင် ရဲ့ရှင်းချန်သည် သူ၏ ကောင်းစွာ အကာအကွယ် ပြုလုပ်ထားသည့် လုံခြုံရေး အိမ်အား ကြောက်ရွံ့မှု အနည်းငယ် ကျန်ရှိနေသေးသည့် ခံစားချက်ဖြင့် ကြည့်လိုက်မိသည်။ အကယ်၍သာ ဒုတိယအကြိမ် ဘဝအား ပြန်လည် မရရှိခဲ့လျှင်မူ ယခင်ဘဝမှ ဒုက္ခဆင်းရဲများကိုသာ ခံစားခဲ့ရခြင်း မရှိခဲ့လျှင် သူသာ ကြိုတင် ပြင်ဆင်မှုများ မလုပ်ခဲ့လျှင် သူလည်း ထိုသူများကဲ့သို့ပင် ဤကြမ်းတမ်းလှသည့် ဆောင်းရာသီတွင် အေးခဲ၍ သေဆုံးသွား ရနိုင်လေသည်။
ရဲ့ရှင်းချန်သည် သူ၏ ကောင်းစွာ ကာကွယ်ထားသော လုံခြုံရေး အိမ်အား ငေးကြည့်ရင်း နွေဦးပေါက် ရာသီကဲ့သို့သော နွေးထွေးမှုကို ခံစားလိုက်ရမှသာ စိတ်ချလက်ချ ဖြစ်သွားတော့သည်။
သူ၏ အတိုင်းအတာမဲ့ သိုလှောင်ခန်းထဲတွင် သိုလှောင်ထားသည့် ပစ္စည်းများအား စိတ်ဖြင့် အာရုံခံကြည့်ပြီးနောက် ရဲ့ရှင်းချန်သည် ကျေနပ်အားရစွာဖြင့် ဗီလာဇုန်ရှိ အိမ်ရှင်များ၏ စကားပြောခန်းကို ဖွင့်ကြည့်လိုက်လေသည်။
ယနေ့ခေတ်၏ ခေတ်မီနည်းပညာများနှင့် အပူချိန်နိမ့်ပါက ဖုန်းဘက်ထရီများ အလုပ်မလုပ်တော့သည့် ပြဿနာ မရှိတော့ခြင်း ထို့ပြင် ကွန်ရက် အော်ပရေတာကြီး သုံးခုတွင် သူတို့၏ ကိုယ်ပိုင် အရန်စွမ်းအင်ရင်းမြစ်များ ရှိနေခြင်းတို့သာ မရှိခဲ့လျှင် ဤလူများသည် ယခုအချိန်တွင် ဖုန်းကိုပင် အသုံးပြုနိုင်ကြတော့မည် မဟုတ်ပေ။
သို့သော် ကြီးမားလှသည့် မီးပြတ်တောက်မှု နှင့်အတူ အရန် စွမ်းအင် ရင်းမြစ်များမှာလည်း နောက်ဆုံးတွင် ကုန်ခန်းသွားပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ဖုန်းများသည်လည်း အသုံးမဝင်တော့သည့် အမှိုက်များ ဖြစ်လာပေလိမ့်မည်။
"သောက်ကျိုးနည်း ဒီနှင်းတွေက ဘယ်လောက်ကြာကြာ ဆက်ကျနေဦးမှာလဲ"
"လေအေးပေးစက်တွေကလည်း အလုပ်မလုပ်တော့ဘူး အိမ်ထဲမှာတောင် အနှုတ် သုံးဆယ် ဒီဂရီလောက် ရှိနေပြီ"
"ဒီအတိုင်း ဆက်ဖြစ်နေရင် ငါတို့ တကယ် အေးခဲပြီး သေကုန်ကြလိမ့်မယ်"
"ရေလည်း ပြတ်သွားပြီ ငါတို့က နှင်းရည်ကို သောက်ရမှာလား"
"တာဝန်ရှိသူတွေ ဘယ်ရောက်နေလဲ မီး ဘယ်တော့ ပြန်လာမလဲဆိုတာ သူတို့ ဘာလို့ မပြောကြတာလဲ"
"ငါတို့ဆီမှာ အစားအသောက် ပြတ်နေပြီ ဒါပေမဲ့ နှင်းထု အထူကြီးက တံခါးတွေကို ပိတ်ထားသလို ဖြစ်နေတော့ ငါတို့ အပြင်ထွက်လို့ မရဘူး ဘယ်လိုလုပ်ကြမလဲ"
လူအချို့သည် လျိုချီလုံအား စတင် ပြောဆိုလာကြတော့သည်။
"ဦးလေးလီ ခင်ဗျားအိမ်မှာ အစားအသောက် ကျန်သေးတယ်မလား ကျုပ်တို့ကို နည်းနည်းလောက် ရောင်းပေးပါလား ဆယ်ဆ ပေးရမယ်ဆိုရင်တောင် ကျုပ်တို့ ပေးပါ့မယ်"
"ဦးလေးလီ အရင်တုန်းက ခင်ဗျားပဲ ကျုပ်တို့ကို အိမ်မှာနေ အပြင်မထွက်နဲ့လို့ ပြောခဲ့တာလေ အခု ကျုပ်တို့အိမ်မှာ အစားအသောက် ပြတ်နေပြီ ကျုပ်တို့ ခင်ဗျားစကားကို နားထောင်ခဲ့တာ ဒီကိစ္စအတွက် ခင်ဗျား တာဝန်ယူရမယ်"
"အထက်က အကူအညီတွေ ငါတို့ကို ဘယ်တော့ လာကယ်မှာလဲ သိတဲ့လူ ရှိကြလား"
လူအချို့သည် ဂရုထဲတွင် ကျန်းရီကိုပါ စတင် မေးမြန်းလာကြတော့သည်။
"ကျန်းရီ မင်းရဲ့ မိသားစုက အဆက်အသွယ်ရှိတယ် မဟုတ်လား အထက်လူကြီးတွေ ဘာစီစဉ်ထားလဲဆိုတာ မင်းကို ပြောပြသေးလား"
"ဟုတ်တယ် ကျန်းရီ အထက်လူကြီးတွေရဲ့ အစီအစဉ်က ဘာလဲ ငါတို့ဆီမှာ အစားအသောက် ပြတ်နေပြီ ငတ်မသေရင်တောင် မကြာခင် အေးခဲပြီး သေကြတော့မယ်"
အိမ်နီးချင်းများ၏ မေးခွန်းများအား ရင်ဆိုင်ရချိန်တွင် ကျန်းရီသည်လည်း စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့လေသည်။ ယခုအချိန်တွင် သူသည် အခြား အိမ်ရှင်များ ထက်ပင် ပို၍ ကြောက်ရွံ့နေမိလေသည်။
အခြားသူများမှာမူ အထက်လူကြီးများ၏ အစီအစဉ်များအား မသိကြသေးသော်လည်း ကျန်းရီ၏ ဖခင်မှာ အထက်လူကြီးများ၏ လက်ရုံးတစ်ဆူ ဖြစ်လေသည်။ သူသည် ကျန်းရီထံသို့ စောစော စီးစီးကပင် စာပို့ထားခဲ့သည်။
"အခု တစ်ကမ္ဘာလုံးမှာ နှင်းတွေ အကြီးအကျယ် ကျနေတာ ငါတို့နိုင်ငံ တစ်ခုတည်း မဟုတ်ဘူး"
"ဒီနှင်းကျတာက ထူးဆန်းတယ် ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဒါက နှစ်ပေါင်း သိန်းချီအတွင်း မဖြစ်ဖူးတဲ့ ကမ္ဘာလုံးဆိုင်ရာ နှင်းဘေးအန္တရာယ်ပဲ ဒါက နောက်ထပ် ကြီးမားတဲ့ မျိုးသုဉ်းရှင်းလင်းမှု ဖြစ်ရပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ် ပြောရမယ်ဆိုရင် ကမ္ဘာပျက်ကပ်ပဲ"
"အာဏာပိုင်တွေက ဖြေရှင်းဖို့ ကြိုးစားနေပေမယ့် ရှောင်ယီ သားလည်း သိတဲ့အတိုင်းပဲ ငါတို့နိုင်ငံမှာ လူဦးရေ တစ်ဘီလျံကျော် ရှိတယ် အာဏာပိုင်တွေ အကုန်လုံးကို စီမံခန့်ခွဲနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ငါတို့နိုင်ငံက မြို့ကြီး တော်တော် များများ ရပ်တန့်ကုန်ပြီ"
"အဖေလည်း ဒီမှာ ပိတ်မိနေတယ် ပြန်လာလို့ မရဘူး ရှောင်ယီ သား တတ်နိုင်သလောက် ပစ္စည်းတွေ စုဆောင်းဖို့ နည်းလမ်းရှာရမယ် အရမ်းများတယ်လို့ မထင်နဲ့"
"အစားအစာနဲ့ အပူပေးစရာတွေ စုဆောင်းထား တခြားသူတွေ မသိအောင်လည်း သတိထားနော်"
"ဒီနှင်းတွေ ဘယ်လောက်ကြာမလဲ ငါတို့ မသိဘူး မင်းဆီကို ပစ္စည်းတွေ လာပို့ခိုင်းထားပေမယ့် လမ်းမှာ အတားအဆီးတွေ အရမ်းများနေတယ် မင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်မှ ရမယ်"