← Chapters

အပြန်အလှန် ကူညီခြင်း

Vol. 2 Ch. 18

အပြန်အလှန် ကူညီခြင်း

Vol. 2 Ch. 18

ကျန်းရီသည် သူ့ဖခင် ကျန်းဖန် ပေးပို့လိုက်သော စာအား စိုက်ကြည့်ရင်း တစ်ကိုယ်လုံး တုန်ယင်သွားသည်အထိ ထိတ်လန့်သွားခဲ့လေသည်။

အခန်းတွင်း အပူချိန်မှာ -၄၀ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ နဖူးပေါ်တွင် ချွေးစေးများ ဖုံးလွှမ်းနေလေခဲ့သည်။ သူသည် ကုတင်ပေါ်တွင် ကွေးနေလေသည်။ ထူထဲလှသည့် စောင်သုံးထည်သည် သူ့ကိုယ်ပေါ်တွင် တင်းကျပ်စွာ ဖိထားသဖြင့် အသက်ရှူရ ခက်ခဲနေသော်လည်း ထိုစောင်များအား ကမူးရှူးထိုး မဖယ်ရဲချေ။

အဘယ်ကြောင့်ဆိုသော် အခန်းမှာ ရေခဲတိုက်ကဲ့သို့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ကျန်းရီ ခေတ္တမျှ တွန့်ဆုတ်နေသော်လည်း သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း အေးစက်လာခဲ့သည်။ သူသည် ဖုန်းအား ကောက်ကိုင်လိုက်ပြီးနောက် ဂရုထဲရှိ စာများအား စတင်၍ ပြန်ကြားလိုက်လေသည်။

"လူတိုင်းပဲ ကျွန်တော် အဖေ့ကို မေးပြီးပါပြီ ဒီဘေးအန္တရာယ်က ခဏတာပဲလို့ သူပြောတယ် အပြင်မှာ အရမ်းအေးလွန်းလို့ မီးပြတ် ရေပြတ်ဖြစ်တာ ပုံမှန်ပါပဲတဲ့"

"စိတ်မပူကြပါနဲ့ အစိုးရက ညတွင်းချင်း ပြင်ဆင်ဖို့ ကျွမ်းကျင်ပညာရှင်တွေ လွှတ်လိုက်ပါပြီ အစိုးရက ရပ်ကွက် တစ်ခုချင်းစီကို တစ်စု တစ်စည်းတည်း စီမံခန့်ခွဲတော့မယ်လို့လည်း အဖေက ပြောတယ်"

"ဒီလိုပါ ရပ်ကွက်တစ်ခုချင်းစီက တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ မန်နေဂျာတစ်ယောက် ရွေးချယ်ဖို့ လိုအပ်တယ် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အဆိုပြုချင်ပါတယ် ဒါမှလည်း ကျွန်တော့်အဖေက အထက် လူကြီးတွေကြားမှာ မျက်နှာပန်းလှပြီး စကားပြောလို့ရမှာလေ"

"တာဝန်ရှိသူတွေက အသိပေးစာတွေ စတင် ထုတ်ပြန်နေပြီ လူတိုင်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ် ဘယ်သူမဆို မပူးပေါင်းဘဲ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်စေမယ်ဆိုရင် တာဝန်ရှိသူတွေက ရဲလွှတ်ပြီး ဖမ်းဆီးပါလိမ့်မယ်"

ကျန်းရီသည် သူ့ဖခင်၏ တံဆိပ်တုံးအား အသုံးပြုလျှက် တရားဝင် အမိန့် ကြော်ငြာစာအတု တစ်စောင် ဖန်တီးလိုက်ကာ ဖုန်းဖြင့် စာရိုက်လိုက်လေတော့သည်။ ကျန်းရီ၏ စကားများမှာ အလွန်အမင်း လေးနက်နေဟန်ရလေသည်။

အိမ်ရှင်များ မကျေနပ်ကြသော်လည်း မည်သူမျှ မကန့်ကွက်ရဲကြပေ။ မည်သို့ပင်ဆိုစေကာမူ ကျန်းရီ နောက်ပိုင်း ပေးပို့လိုက်သည့် အသိပေးစာတွင် တရားဝင် တံဆိပ်တုံး အစစ်အမှန် ပါရှိနေသည် မဟုတ်ပါလော။

ရဲ့ရှင်းချန်သည် ကျန်းရီ ပေးပို့လိုက်သော အသိပေးစာအား ဖုန်းထဲတွင် ကြည့်လိုက်ပြီးနောက် မျက်ခုံးပင့်လျှက် မဲ့ပြုံး ပြုံးလိုက်မိသည်။

သေချာပေါက်ပင် ရဲ့ရှင်းချန်သည် ကျန်းရီ လိမ်ညာပြောနေမှန်း သိနေခဲ့သည်။ သူ၏ ယခင်ဘဝတွင်လည်း သူတစ်ပါးဆီမှ ပစ္စည်းများ လိမ်ယူရန် ဤမျှ ယုတ်မာသည့် နည်းလမ်းကို အသုံးပြုခဲ့ဖူးလေသည်။ သို့သော် ဤအချိန်တွင် ကျန်းရီအား ဖွင့်ချရန် အတွက် သူ ရည်ရွယ်ချက် မရှိပေ။

‘ထားလိုက်ပါတော့ တခြားအိမ်ရှင်တွေရဲ့ အသက်က သူ ရဲ့ရှင်းချန်နဲ့ ဘာဆိုင်လို့လဲ’

ရဲ့ရှင်းချန် တီဗီဖွင့်လိုက်ကာ သူ ကြိုတင် ဒေါင်းလုဒ် ဆွဲထားသည့် ရုပ်ရှင်အား ဆက်ကြည့်နေ လိုက်တော့သည်။

‘ရေပြတ် မီးပြတ် ဟုတ်လား’

သူနှင့် မည်သို့ သက်ဆိုင်လေသနည်း။ သူ့တွက် အရန်ဘက်ထရီများ မီးစက်များနှင့် လောင်စာဆီ အမြောက်အမြားအား နေရာလွတ် အတွင်းထဲ၌ သိုလှောင်ထားပြီးသား ရှိလေသည်။

ရေအတွက် ဆိုလျှင်မူ နေရာလွတ် အတွင်း၌ သိုလှောင်ထားသည့် ရေသန့်နဲ့ အချိုရည် တန်ချိန် ရာချီအပြင် ပိုက်ခေါင်းရေ တန်ချိန် သိန်းချီ စုဆောင်းထားပြီးသား ရှိလေသည်။ အကယ်၍ လိုအပ်လာလျှင်လည်း နှင်းများကို အရည်ဖျော်ကာ ရေယူလို့ရသေး၏။

ထို့ကြောင့် ရဲ့ရှင်းချန်၌ ရေနှင့် စွမ်းအင် ပြတ်လပ်မှု မရှိပေ။ ရဲ့ရှင်းချန်သည် နိုင်ငံခြားမှ တင်သွင်းထားသည့် မုန့်ပဲသရေစာ အမျိုးမျိုးအား စားလျှက် ရုပ်ရှင်ကြည့်နေခဲ့လေသည်။ ဘဝကြီးသည် အလွန်ပင် ပျော်စရာ ကောင်းလှပေသည်။

ကျင်းဟိုင်းမြို့ကြီး တစ်ခုလုံး အို မဟုတ်ပေ ကမ္ဘာကြီးတစ်ခုလုံးအား ကြည့်လိုက်လျှင် ဒေသများ၏ ၉၉ ရာခိုင်နှုန်းကျော်သည် ရေနှင့် လျှပ်စစ်မီး အမှောင်ကျသည့် အခြေအနေသို့ ကျရောက်နေခဲ့ပြီ ဖြစ်သည်။

ရေရှားပါးမှု ပြဿနာအား ဖြေရှင်းရသည်မှာ အတော်လေး လွယ်ကူလွန်းလှသည်။ အမှန်တကယ် မနေနိုင်သူများသည်သာ အပြင်ထွက်လျှက် နှင်းတူးကာ ရေယူလို့ ရနိုင်သည်။ သို့သော် မီးပြတ်တောက်မှုမှာမူ ခံနိုင်ရည် မရှိနိုင်သည့် အရာဖြစ်သည်။

လက်ရှိ လူ့အဖွဲ့အစည်းသည် အလွန် လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာခဲ့ကာ လူတို့၏ ခန္ဓာကိုယ်များမှာ အလွန် နုနယ် လာကြလေသည်။ အကယ်၍ သူတို့သာ အနှုတ် ၁၀ ဒီဂရီ စင်တီဂရိတ် အပူချိန်နိမ့်ဒဏ်ကို နေ့ရောညပါ ထိတွေ့နေရပါက ၎င်းသည် သေချာပေါက် သူတို့၏ အသက်အား နှုတ်ယူသွားလိမ့်မည် ဖြစ်သည်။

သို့သော် ဤကိစ္စအတွက် တာဝန်ရှိသူများအား အပြစ်တင်၍ မရနိုင်ချေ။ နှင်းများသည် အလွန်ထူထပ်ခဲ့ကာ ရာသီဥတု အလွန် အေးလွန်းသောကြောင့် မည်သူမျှ ထိုသို့သော အခြေအနေမျိုးတွင် အလုပ်သွားရန် ဇွတ်အတင်း မပြုလုပ်နိုင်ကြပေ။

နေ့စဉ် လျှပ်စစ်ဓာတ်အား ပေးဝေချိန် အနည်းငယ် ရှိဦးမည် ဖြစ်ကြောင်း ရဲ့ရှင်းချန် မှတ်မိလိုက်လေသည်။ တာဝန်ရှိသူများသည်လည်း လူတိုင်း ဤဘေးအန္တရာယ်အား ကျော်လွှားနိုင်စေရန် အစွမ်းကုန် ကူညီပေးနေကြသည်။

သို့သော် လူဦးရေ အလွန်များပြားလှကာ နျူကလီးယား စွမ်းအင်စက်ရုံများနှင့် စွမ်းအင်သစ် စက်ရုံများမှ ထောက်ပံ့ပေးသည့် စွမ်းအင်မှာ အကန့်အသတ်ရှိနေခဲ့သည်။ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား လုံးဝ အပြည့်အဝ ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်ပေ။

အများဆုံးအနေဖြင့် ဖုန်းအားသွင်းရန် သို့မဟုတ် ရေနွေးအိုး တည်ရန်လောက်သာ ရနိုင်လေသည်။ လေအေးပေးစက်နှင့် လျှပ်စစ် အပူပေးစက် ကဲ့သို့သော စွမ်းအင်သုံးစွဲမှု မြင့်မားသည့် လျှပ်စစ်ပစ္စည်းများ အတွက်မူ ထည့်စဉ်းစားရန်ပင် မလိုတော့ချေ။

အိမ်နီးချင်းများသည် အိမ်ရှင်များ စကားပြောခန်းထဲတွင် ညည်းညူ အော်ဟစ်နေကြသည်။ ကြောက်ရွံ့မှုနှင့် အအေးဒါဏ်ကြောင့် သူတို့သည် တစ်ယောက်နှင့် တစ်ယောက် ပူးကပ်နေထိုင်ရန်သာ ရွေးချယ်ခဲ့ကြသည်။ ရဲ့ရှင်းချန်သည် သိုးမွှေး ကော်ဇောပေါ်တွင် ခြေချိတ်ထိုင်လျှက် ဝိုင်နီအား လှုပ်ခါရင်း ရုပ်ရှင်ကို အာရုံစိုက် ကြည့်နေလေသည်။

အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်နေခဲ့ကာ လေပြင်းထဲတွင် နှင်းပွင့်ကြီးများ ပါလာလေသည်။ သို့သော် အခန်းတွင်း အပူချိန်မှာ ၂၅ ဒီဂရီ စင်တီဂရိတ်တွင် ထိန်းသိမ်းထားဆဲ ဖြစ်လေသည်။ မီးရောင်များ ထိန်ထိန်လင်းနေခဲ့ကာ အစားအသောက်အတွက် ပူပန်စရာ မလိုချေ။ စားစရာ သောက်စရာ အစုံအလင် ရှိနေခဲ့သည်။

သူ့တွင် ယခုအချိန် လိုအပ်နေသည်ဟု ပြောရမည့်အရာ ရှိလျှင်မူ ရဲ့ရှင်းချန်အား အဖော်ပြုပေးမည့် အိမ်ရှင်မကောင်း တစ်ယောက်သာ ဖြစ်ကောင်း ဖြစ်လိမ့်မည် ဖြစ်သည်။ သို့သော် ရဲ့ရှင်းချန်သည် ခန္ဓာကိုယ် အောက်ပိုင်းကိုသာ အဓိကထား တွေးတတ်တသည့် လူမဆန်သည့် သတ္တဝါမျိုး မဟုတ်ပေ။

ယခင်ဘဝတွင် မိန်းမတစ်ယောက်ကြောင့် သူသည် အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီးပြီ ဖြစ်သည်။ ဤဘဝသစ်တွင် သူ့ကိုယ်ပိုင် လုံခြုံရေးထက် ပိုအရေးကြီးသောအရာ မည်သည့်အရာမှ မရှိချေ။

လုံးဝ စိတ်ချရသည့် အခြေအနေ မဟုတ်ခဲ့လျှင် ရဲ့ရှင်းချန်သည် မည်သူ့ကိုမျှ သူ၏ လုံခြုံရေး အိမ်အတွင်းသို့ ဝင်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ကမ္ဘာပျက်ကပ်တွင် လူတို့၏ စိတ်နှလုံးသားသည် ထိုးဖောက်ကြည့်ရှုရန် အခက်ခဲဆုံး အရာ ဖြစ်လေသည်။

ယခင်ဘဝတွင် ခေါက်ဆွဲပြုတ်ခြောက် တစ်ဝက်အတွက် မိန်းမတစ်ယောက်သည် သူမ၏ ယောကျ်ားအား ဓားနှင့် ထိုးသတ်ခဲ့သည်ကိုလည်း သူ မြင်တွေ့ခဲ့ရဖူးလေသည်။ ထိုအချိန်တွင် ရဲ့ရှင်းချန်၏ ဖုန်းအတွင်းသို့ စာသစ်တစ်စောင် ဝင်ရောက်လာခဲ့သည်။

သူ စိတ်ဝင်တစား ယူကြည့်လိုက်လေရာ ကျန်းရီမှ အိမ်ရှင်များ စကားပြောခန်းထဲတွင် လူတိုင်း၏ နာမည်များအား ပူးတွဲထားသည်(tagတွဲထားစသည်) ကို တွေ့လိုက်ရသည်။

"လက်ရှိ နှင်းမုန်တိုင်းက လူတိုင်းရဲ့ ဘဝအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေပါတယ်"

"ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ ဒီနှင်းမုန်တိုင်းက ခဏလောက် ဆက်ရှိနေဦးမှာပါ ဒါပေမဲ့ ထိတ်လန့်စရာ မလိုပါဘူး"

"ဒီအကျပ်အတည်းကို လူတိုင်း အတူတကွ ကျော်လွှားနိုင်ဖို့အတွက် တာဝန်ရှိသူတွေက ရပ်ကွက် တစ်ခုချင်းစီအတွက် စီမံခန့်ခွဲသူ တစ်ယောက်ကို ခန့်အပ်ပြီး အိမ်ထောင်စုတိုင်းရဲ့ အရင်းအမြစ်တွေကို ဒီအချိန်ကစပြီး လိုက်လံကောက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ် ကောက်ခံမှု ပြီးသွားတဲ့အခါ စီမံခန့်ခွဲသူက တစ်ပြေးညီ ပြန်လည် ခွဲဝေပေးပါလိမ့်မယ်"

"ဒါက တရားဝင် အမိန့်ပါ မိသားစုတိုင်း ပူးပေါင်းဆောင်ရွက်ရပါမယ် အဲလိုမှမဟုတ်ဘဲ တစ်စုံတစ်ယောက်က ပစ္စည်းတွေကို ဝှက်ထားပြီး အဖွဲ့အစည်းရဲ့ အစီအစဉ်ကို မနာခံဘူးလို့ တွေ့ရှိရရင် တာဝန်ရှိသူတွေရဲ့ အပြစ်ပေးတာကို ခံရပါလိမ့်မယ်"

"တရားမျှတမှု ရှိစေဖို့အတွက် တစ်စုံတစ်ယောက်က ပစ္စည်းဝှက်ထားတာကို တွေ့ရှိရင် တက်တက်ကြွကြွ သတင်းပေးပို့နိုင်ပါတယ် စိစစ်လို့ မှန်ကန်တယ်ဆိုရင် သတင်းပေးသူကို နေထိုင်မှု ပစ္စည်းတွေ ထပ်ဆောင်း ဆုချပါမယ်"

ရဲ့ရှင်းချန် မဲ့ပြုံး ပြုံးလိုက်မိသည်။ ယခင်ဘဝကအတိုင်း တစ်ပုံစံတည်းသော ထပ်တူညီသည့် လုပ်ရပ်ပင် ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကာလ လူ့သဘာဝသည် အတ္တကြီး တတ်ကြသည်။ ကျန်းရီ၏ စကားများသည် ဂရုထဲတွင် လှိုင်း ဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

"အခု နှင်းတွေက တံခါးကို ပိတ်ဆို့ထားတော့ အပြင်ထွက်ဖို့ နည်းလမ်း လုံးဝ မရှိတော့ဘူး အိမ်ထောင်စုတိုင်းက အစားအစာက ကိုယ့်ဖို့တောင် မလောက်တာကို ခင်ဗျားက အကုန် လိုက်ကောက်ပြီး တစ်ပြေးညီ ပြန် ခွဲဝေ ပေးချင်နေသေးတယ် ဟုတ်လား"

"ဟုတ်တယ် လူတိုင်းရဲ့ ဘဝက မကောင်းကြပါဘူး အစားအစာ နည်းနည်း ချန်ထားရတာ မလွယ်ကူဘူး ခင်ဗျားက သိမ်းချင်နေသေးတာလား ဒါက လွန်လွန်းတယ်"

ကျန်းရီ အံကြိတ်လိုက်လျှက် ဖုန်းမျက်နှာပြင်ကို ရိုက်နှိပ်လိုက်လေသည်။

"တာဝန်ရှိသူတွေ ပြောထားပြီးသားလေ ထူးခြားဖြစ်စဉ် အချိန်ကာလ ဖြစ်တဲ့အတွက် ထူးခြားတဲ့ နည်းလမ်းတွေကို သုံးရလိမ့်မယ်"

"နှင်းဘေးအန္တရာယ်က မကြာခင် ပြီးဆုံးတော့မှာပါ အားလုံးပဲ စိတ်မပူကြပါနဲ့"

"ကျွန်တော်က အရင်းအမြစ်တွေကို လူတိုင်းအတွက် ပြန်လည်ခွဲဝေပေးချင်ရုံပါ"

"ဒီလိုအချိန်မျိုးမှာ နေထိုင်သူတွေ အများအပြားဆီမှာ အစားအစာ ပြတ်လပ်နေပြီ ခင်ဗျားတို့အားလုံး အဲ့လောက်တောင် အတ္တကြီးကြတာလား"

"လူတိုင်းက ရပ်ကွက်တစ်ခုတည်းမှာ နေထိုင်ကြပြီးတော့ နေရာတိုင်းမှာ တွေ့နေကြရတာလေ အိမ်နီးချင်းတွေ အချင်းချင်း ကူညီသင့်တာပေါ့"

အချို့သော မိသားစုများတွင် ပစ္စည်းအမြောက်အမြား ရှိနေကြသော်လည်း အချို့မှာမူ ပစ္စည်းပြတ်လပ်နေကြပြီ ဖြစ်သည်။ မိသားစုတွင် ပစ္စည်းပြတ်လပ်နေသူများသည် သဘာဝကျစွာပင် ကျန်းရီအား ထောက်ခံရန် ကျန်းရီဘက်မှ ရပ်တည်ကြလေသည်။

ပြောရမည် ဆိုလျှင် ဤသည်မှာ သူတို့အတွက် အကျိုးရှီမည့် ကိစ္စပင် ဖြစ်သည်။

"ဟုတ်တယ် ငါတို့အားလုံးက အိမ်နီးချင်းတွေပဲ ဒီလို အရေးကြီးတဲ့ အချိန်မှာ အချင်းချင်း ကူညီတာ ဘာမှားလို့လဲ"

"ထမင်းလုပ်တစ်လုပ် စာလောက်ပဲ မဟုတ်လား ပုံမှန်အချိန်ဆို ငါတို့ မတတ်နိုင်တာလည်း မဟုတ်ဘူး ဒီရက်ပိုင်း အခြေအနေ ထူးခြားနေလို့သာပါ"

ရဲ့ရှင်းချန်သည် မတူညီသည့် အတွေးအမြင်များ ရှိနေကြသည့် ဂရုထဲမှ လူများအား တိတ်ဆိတ်စွာ ကြည့်နေလိုက်တော့သည်။ ဤအခြေအနေအား ကြည့်ရသည်မှာ ရုပ်ရှင်ကြည့်ရသည်ထက်ပင် ပို၍ ကောင်းနေသေးသည်။

All Chapters