← Chapters

ကျန်းရီ ရောက်လာပြီ

Vol. 2 Ch. 19

ကျန်းရီ ရောက်လာပြီ

Vol. 2 Ch. 19

"ဒါက တရားဝင်ထုတ်ပြန်ထားတဲ့ စည်းမျဉ်းပဲ မင်းက မလိုက်နာဘဲ ငါတို့ကိုပါ ဒုက္ခရောက်အောင်လုပ်နေတာ ငါတို့က မင်းကို ဘယ်လိုလုပ်ပြီး နားလည်ပေးနိုင်မှာလဲ"

"ဟုတ်တယ် ဟုတ်တယ် စားစရာနည်းနည်းပါးပါးလေးပဲလေ အဲ့အတွက်နဲ့ အာဏာပိုင်တွေကို ဆန့်ကျင်နေစရာ မလိုပါဘူး"

လူအုပ်စု နှစ်စုကွဲလျှက် WeChat ပေါ်တွင် ငြင်းခုံ နေကြလေသည်။ ရဲ့ရှင်းချန်သည် စကားတစ်ခွန်းမှ ဝင်မပြောဘဲ ပွဲထိုင်ကြည့်နေလိုက်သည်။ သို့သော် ထိုအချိန်တွင် စိတ် အနှောင့်အယှက်ပေးသည့် လျိုရှီလုံသည် ဂရုထဲတွင် ရဲ့ရှင်းချန်အား မန်းရှင်း ခေါ်လိုက်လေသည်။

"ယဲ့လေး လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက မင်း အသင့်စားအစားအစာတွေ အများကြီးဝယ်သွားတာ ငါမြင်လိုက်တယ် မင်းက တစ်ယောက်တည်း စားတာဆိုတော့ အများကြီးကျန်ဦးမှာပဲ ဟုတ်တယ် မဟုတ်လား"

ကျန်းရီသည် လျိုရှီလုံ၏ စကားအား ကြားလိုက်ရသည့် အချိန်တွင် ချက်ချင်းပင် တက်ကြွသွားတော့သည်။ သူသည် ဖုန်းအား ထုတ်လိုက်ကာ ရဲ့ရှင်းချန်၏ သီးသန့်စကားပြောခန်းကို ချက်ချင်း ဖွင့်လိုက်လေသည်။

"ရှင်းချန် ရှိလား ငါက မင်းနဲ့ ကျောင်းတူတူတက်ခဲ့တဲ့ ကျန်းရီပါ"

ရဲ့ရှင်းချန်သည် အေးစက်စက် ရယ်မောလျှက် ထို အကောင် ရောက်လာသည်မှာ မြန်လှသည်ဟုပင် တွေးလိုက်မိသည်။

"မင်းအိမ်မှာ ပစ္စည်းတွေ အများကြီး သိုလှောင်ထားတယ်ဆိုတာ ငါသိပါတယ် မင်းလည်း ဂရုထဲမှာရှိနေတာဆိုတော့ အစိုးရက တရားဝင် ပြဌာန်းချက်တွေက ဘာလဲဆိုတာ မင်းလည်း သိမှာပါ ငါက မင်းကို ကြိုတင်လာပြောပြတာပါ"

"စိတ်မပူပါနဲ့ နှင်းမုန်တိုင်းဘေးအန္တရာယ် ပြီးသွားတာနဲ့ အာဏာပိုင်တွေက ပစ္စည်းတွေကို ပမာဏတူ ပြန်ပေးမှာပဲ လူတိုင်းက မင်းရဲ့စေတနာကို အမှတ်ရနေကြမှာပါ"

ကျန်းရီသည် ဤကဲ့သို့သော အခွင့်အရေးကောင်းအား လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။ လျိုရှီလုံသည် ရဲ့ရှင်းချန်မျ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အစားအသောက် အများအပြား ဝယ်ယူခဲ့ကြောင်း ဂရုထဲတွင် ထပ်ခါတလဲလဲ ပြောဆိုထားပြီး ဖြစ်လေသည်။

ကျန်းရီသည် လူတိုင်း ကျိုးနွံ နာခံကာ ပစ္စည်းအားလုံးကို လွှဲပြောင်းပေးလိမ့်မည်ဟု မည်သည့် အချိန်တုန်းကမှ မတွေးခဲ့ပေ။ သူတွေးထားသည်မှာ မိသားစုတစ်စုအား လှည့်စားနိုင်လျှင်ပင် နောက်ထပ် ရက်အနည်းငယ် ပိုအသက်ရှင်နိုင်မည် ဟူ၍ ဖြစ်သည်။

‘အောက်ခြေစည်းမျဉ်း ဟုတ်လား’

‘ယခု အချိန်သည် ကမ္ဘာပျက်ကပ် ဆိုက်ရောက်နေခဲ့ပြီ ဖြစ်သည်။ မင်းရဲ့ ကိုယ်ကျင့်တရားစည်းကမ်းကို ဘယ်သူက ဂရုစိုက်နေမှာလဲ တစ်ရက်ပို အသက်ရှင်နိုင်ရင် တစ်ရက်ပဲ တခြားသူတွေရဲ့ အသက်ကို ဘယ်သူက ဂရုစိုက်နေမှာလဲ’

ရဲ့ရှင်းချန်သည် ကျန်းရီ၏ မက်ဆေ့ချ်အား ကြည့်လျှက် သဘောကျနေခဲ့သည်။ ယခင် အတိတ်ဘဝတွင် သူသည် ကျန်းရီ၏ စကားများအား မှားယွင်းစွာ ယုံကြည်ခဲ့ပြီးနောက် နှင်းမုန်တိုင်း ဘေးအန္တရာယ်သည် ကြာရှည်လိမ့်မည် မဟုတ်ဟု အာဏာပိုင်များ၏ စကားအား ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူသည် မိမိအိမ်နီးချင်းများအား ကူညီနိုင်မည်ဟု ထင်ကာ သူစုဆောင်းထားသည့် ပစ္စည်းတစ်ဝက်အား ထုတ်ပေးခဲလေ့သည်။ သို့သော် ရလဒ်သည် မည်သို့ ဖြစ်သွားလေသနည်း။

အိမ်နီးချင်းများ၏ ကျေးဇူးတင်မှုအား မရရှိခဲ့သည့် အပြင် သူ၏ အိမ်တွင် ပစ္စည်းတွေ အများအပြား ရှိသည်ဆိုသည်ကိုပင် လူအများ သိသွားခဲ့လေသည်။

နောက်ဆုံးတွင် ကျန်းရီသည် လူ တစ်စုအား ဦးဆောင်လျှက် အိမ်ထဲသို့ ဝင်ရောက်စီးနင်းခဲ့လေသည်။ သူ၏ ပစ္စည်းအားလုံး လုယူသွားခြင်း ခံရရုံသာမက သူ့အား တစ်စစီ ခုတ်ထစ်ကာ စားသောက်ခဲ့ကြသေးသည်။ ယခင်ဘဝတွင် သူ၏ သေဆုံးမှုသည် ကျန်းရီကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားခဲ့ကာ သူသည် အသံမက်ဆေ့ချ် တစ်စောင်အား ပျင်းရိစွာ ပို့လိုက်လေသည်။

"အာ ကျောင်းနေဘက်သူငယ်ချင်း ကျန်းရီ ပါလား"

"ကံဆိုးစွာနဲ့ပဲ မင်းမလာခင်ကတည်းက ငါ့ ပစ္စည်းတွေကို ခွဲဝေပေးလိုက်ပြီ ပစ္စည်းတွေ လိုက်ကောက်ရင် ငါ့ကိုလည်း နည်းနည်းလောက် ပေးပါဦး"

ကျန်းရီသည် နေရာမှာတင် ဆဲရေးလိုက်မိသည်။ ရဲ့ရှင်းချန် ပစ္စည်းများအား အိမ်သို့ သယ်ယူ သွားသည်အား မြင်လိုက်သူ ရှိမရှိ သူသည် လျိုရှီလုံအား သီးသန့် မေးမြန်းထားပြီး ဖြစ်သည်။ သူ၏ မျက်နှာသည် ပြာနှမ်းသွားခဲ့ကာ အံကိုကြိတ်လျှက် ထိုသို့ ပြန်ဖြေသည်အား လက်မခံနိုင် ဖြစ်နေဆဲပင် ဖြစ်သည်။

သူသည် ရဲ့ရှင်းချန်အား ငါးကြီးကြီး တစ်ကောင်အဖြစ် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ကျောင်းနေဘက် တစ်ဦးအနေဖြင့် ရဲ့ရှင်းချန်သည် ပြောဆိုရ လွယ်ကူသူ ဖြစ်ကြောင်းလည်း သူသိထားလေသည်။

ကျန်းရီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် တတ်နိုင်သမျှ လေသံ ပျော့ပျော့ဖြင့် ပြောလိုက်လေသည်။

"ဟားဟား နောက်မနေပါနဲ့ကွာ အဲဒီကားတွေပေါ်က ပစ္စည်းတွေကို သက်တမ်း ကုန်သွားရင်တောင် မင်း တစ်ယောက်တည်း သုံးလို့ကုန်မှာ မဟုတ်ပါဘူး ဒါ့အပြင် ဒီနှင်းမုန်တိုင်းဘေးက ကြာရှည်မှာ မဟုတ်ပါဘူး"

ရဲ့ရှင်းချန်သည် သွားကြားထိုးတံအား ကောက်ကိုင်လိုက်ကာ သွားကြားထိုး နေလိုက်သည်။ နေ့လယ်စာအဖြစ် စားခဲ့သည့် သိုးကင် တစ်ကောင်လုံးမှ အသားအချို့သည် သူ၏ သွားကြားထဲတွင် ညပ်နေခဲ့ခြင်း ဖြစ်သည်။

"မင်းငါ့ကို ခေါက်ဆွဲခြောက်ထုပ် နည်းနည်းလောက် ပေးပါလား မင်းက စီမံသူအဖြစ် ခန့်အပ်ခံထားရတယ်ဆိုတာ ငါသိပါတယ် ဒါကြောင့် မင်းက အရင်ဦးဆောင်ပြီး အပြန်အလှန် ကူညီတဲ့ စိတ်ဓာတ်ကို ပြသသင့်တာ မဟုတ်ဘူးလား"

ရဲ့ရှင်းချန်၏ ရန်စမှုကြောင့် ကျန်းရီ၏ မျက်နှာသည် နီရဲ သွားခဲ့သည်။ ရဲ့ရှင်းချန်တွင် ပစ္စည်းများ အမှန်တကယ် ရှိနေကြောင်း သူသိနေခဲ့ကာ လေသံအား ကြည့်ခြင်းအားဖြင့် ရဲ့ရှင်းချန်သည် သူ့အား တမင်တကာ ရန်စနေမှန်း သိလိုက်သည်။

ရဲ့ရှင်းချန်သည် ကျန်းရီကို ဂရုမစိုက်တော့ချေ။ သူသည် ကျန်းရီအား ရိုးရှင်းစွာ ဘလော့ဂ် လုပ် လိုက်လေတော့သည်။ ကျန်းရီသည် စကားလုံးများအား မည်သို့ စီကုံးရမည်ကို စဉ်းစားနေလေသည်။ သူသည် ရဲ့ရှင်းချန်ထံသို့ ယဉ်ကျေးသည့် မက်ဆေ့ချ် တစ်စောင် ပို့လိုက်သော်လည်း ရဲ့ရှင်းချန်မှ သူ့အား ဘလော့ဂ် ထားကြောင်း ရုတ်တရက် သဘောပေါက် လိုက်လေသည်။ သူသည် ဒေါသထွက်လွန်းသဖြင့် ဖုန်းအား ရိုက်ခွဲလုနီးပါးပင် ဖြစ်သွားခဲ့သည်။

ထို့နောက်တွင် မတတ်သာတော့ဘဲ ကျန်းရီသည် စိတ်အား ငြိမ်သက်အောင် လုပ်လိုက် ရလေတော့သည်။ အချိနသည် ကျပ်တည်းနေခဲ့ပြီ ဖြစ်သည်။ ရဲ့ရှင်းချန်သည် ငါးကြီးကြီး တစ်ကောင်ဖြစ်မှန်း သိသည့်တိုင် သူ တစ်ယောက်တည်း အပေါ် တွင် အချိန်အများကြီး ဖြုန်း၍ မဖြစ်ပေ။

အရေးကြီးဆုံးအရာမှာ ပစ္စည်းများအား လိမ်လည် ယူနိုင်မည့် နောက်ထပ် လူတစ်ဦးအား အမြန်ဆုံး ရှာဖွေရန် ဖြစ်သည်။ သူတို့ အားလုံး အသိစိတ်မဝင်ခင် ပစ္စည်းများအား ရအောင် အစွမ်းကုန် လှည့်ဖြားရမည် ဖြစ်ပေသည်။

...

နောက်ထပ် နှစ်ရက်အတွင်းတွင် ကျန်းရီသည် လူ အများအပြားအား မြှောက်ပင့် လိမ်လည်ခဲ့ကာ မိသားစု အတော်များများထံမှ ပစ္စည်း အများအပြားကို အမှန်တကယ် လိမ်လည် ရယူနိုင်ခဲ့လေသည်။ သို့သော် လူတိုင်းသည် အရူးမဟုတ်ကြပေ။

ဤကဲ့သို့သော ပြင်းထန်လှသည့် ရာသီဥတုအောက်တွင် လူတိုင်းသည် မိမိကိုယ်ကိုနှင့် မိသားစုအား ပထမဦးစားပေးအနေဖြင့် ထားကြသည်သာ ဖြစ်လေသည်။ နှင်း မုန်တိုင်း ကျရောက်သည်မှာ ခြောက်ရက် ရှိနေခဲ့ပြီ ဖြစ်သည်။

သာမန်မိသားစု တစ်စုသည် သုံးရက်မှ ငါးရက်စာ အစာရေစာကိုသာ သိုလှောင်ထား တတ်ကြသည်။ သူတို့ရပ်ကွက်မှ အိမ်ထောင်စုတိုင်းသည် အတော်အသင့် ချမ်းသာကြသဖြင့် အိမ်တွင် ပစ္စည်းအရင်းအမြစ် အနည်းငယ် ပိုရှိကြခြင်း ဖြစ်သည်။ သို့သော် အလွန်နိမ့်ကျသော အပူချိန်ကြောင့် အပူပေးရန် လောင်စာနှင့် အစာရေစာ လိုအပ်ကာ ပစ္စည်းများ ကုန်ဆုံးမှုသည် ပုံမှန်ထက် ပိုမြန်နေခဲ့သည်။

ထို့နောက် တဖြည်းဖြည်းနှင့် စကားပြောဂရု အသီးသီးတွင် ရန်လိုမှုများဖြင့် ပြည့်နှက်လာတော့သည်။ အစပိုင်းတွင် အာဏာပိုင် အဖွဲ့အစည်းများ၏ ကယ်ဆယ်ရေးအား အိမ်၌ စောင့်မျှော်နေကြသည့် အိမ်ရှင်များသည် အပူပေး စွမ်းအင်နှင့် အစာရေစာ ပြတ်လပ် လာသည်မှာ ရက်အနည်းငယ် ကြာလာချိန်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာခဲ့ကြသည်။

အထူးသဖြင့် ကျန်းရီ၏ လှည့်ဖြားမှုကြောင့် ပစ္စည်းအများအပြား ပေးလိုက်ရသည့် မိသားစုများ အတွက် ပို၍ ဆိုးရွားလေသည်။ သူတို့သည် ပစ္စည်းများအား ယူသွားပြီးနောက် မည်သည့်အချိန်တွင် ပြန်လည် ခွဲဝေပေးမည်ကို ဂရုထဲတွင် ကျန်းရီအား မေးခွန်း ထုတ်လာကြတော့သည်။

"@အနောက်ပိုင်းရပ်ကွက် လမ်းသွယ် ၁ ကျန်းရီ ကျန်းလေးရေ ပစ္စည်းတွေ ယူသွားပြီးတော့ ခွဲဝေရေးကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ"

"ငါတို့ဆီမှာ စားစရာ ကုန်နေတာ နှစ်ရက်ရှိပြီ ငါတို့ကို နည်းနည်းလောက် ပေးလို့ရမလား"

"ဟုတ်တယ်လေ တစ်စု တစ်စည်းတည်း ခွဲဝေပေးမယ်ဆိုတာ ဘယ်လို ဖြစ်သွားတာလဲ လူတိုင်း စားစရာရမယ်လို့ မင်းပဲပြောခဲ့တာ မဟုတ်လား"

အိမ်ရှင်များသည် ဂရုထဲတွင် အော်ဟစ်လာခဲ့ကြကာ ယခင်က ပစ္စည်းမပေးခဲ့သည့် သူများလည်း ပါဝင်လာခဲ့သည်။ သူတို့သည်လည်း ဖရိုဖရဲ ဖြစ်နေသည့် အခြေအနေအား အခွင့်ကောင်းယူလျှက် အကျိုးအမြတ် ရလိုကြခြင်း ဖြစ်ပေသည်။ ကျန်းရီမှာမူ စာပြန်ခြင်းမရှိဘဲ ပျောက်ချင်းမလှ ပျောက်နေခဲ့တော့သည်။

ဟုတ်ပေသည်။ ၊ သူသည် ဤ သတင်း အချက်အလက်များအား မြင်တွေ့နေရသော်လည်း သူ ခက်ခက်ခဲခဲ စုဆောင်းထားသည့် ပစ္စည်းများအား ပြန်လည် ခွဲဝေပေးရန် အစီအစဉ် လုံးဝမရှိချေ။ ရပ်ကွက်တစ်ခုလုံးတွင် ရဲ့ရှင်းချန်နှင့် သူသာလျှင် အခြေနေမှန်အား သိကြခြင်း ဖြစ်သည်။

ပြင်ပကမ္ဘာကြီးသည် ဖရိုဖရဲ အခြေအနေသို့ ကျရောက်နေပြီ ဖြစ်သည်။ အရင်းအမြစ်များ ရှိမှသာ အသက်ရှင်သန် နိုင်လိမ့်မည် ဖြစ်သည်။ သို့မဟုတ်ပါက ဤနေရာတွင် သေမည့်နေ့ကို စောင့်နေရုံသာ ရှိတော့သည်။

ကျန်းရီသည် တံခါးအား လုံခြုံစွာ ပိတ်ထားလိုက်ကာ နှင်းများ ပိုမို သည်းထန်စွာ ကျလာပါစေဟု ဆုတောင်းနေမိသည်။ သို့မှသာ ထိုလူများ အဖြစ်မှန်အား သိသွားလျှင်ပင် သူတို့၏ အိမ်တံခါးအား ဖွင့်နိုင်တော့မည် မဟုတ်ချေ။

သူသည် ပစ္စည်းပုံကြီးအား ပိုက်ထားခဲ့ကာ အခန်းထဲတွင် သေချာ ရေတွက်နေခဲ့သည်။ သူ၏ စိတ်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။ တစ်ဖက်တွင်လည်း လျိုရှီလုံသည် စတင်၍ စိုးရိမ်ပူပန် လာခဲ့တော့သည်။ သူသည် အခြားသူများနှင့် မတူပေ။ သူ့အိမ်တွင် သက်ကြီးရွယ်အို မိခင်တစ်ဦး ရှိနေခဲ့သည်။

သူသည် ကျန်းရီထံသို့ ထပ်ခါတလဲလဲ မက်ဆေ့ချ်ပို့လျှက် အစားအစာအချို့ မျှဝေပေးရန် တောင်းပန်ခဲ့သေးသည်။ သို့သော် ကျန်းရီသည် စာမပြန်သည့်အပြင် သူ့ကို ဘလော့ဂ် ပင် လုပ်လိုက်သေးသည်။ ဤတစ်ကြိမ်တွင်မူ လျိုရှီလုံသည်လည်း အခြေအနေအား သေချာ နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

သူ၏ စိတ် အတွင်း၌ နောင်တများ အမုန်းတရားများနှင့် မနာလို ဝန်တိုမှုများဖြင့် ပြည့်နှက်နေတော့သည်။ ကျန်းရီ၏ လိမ်ညာမှုများအား စောစောစီးစီး မမြင်ခဲ့မိသည့် ကိုယ့်ကိုယ်ကိုယ်သာ မုန်းတီးမိကာ ကျန်းရီ၏ အကွက်အား ကြိုမတွေးမိခဲ့သည့် ကိုယ့်ကိုယ် ကိုယ်သာ အပြစ်တင် မိလေသည်။ သို့မဟုတ်ပါက ယခုအချိန်တွင် အစားအသောက် အတွက် ပူပန်နေစရာ လိုအပ်လိမ့်မည် မဟုတ်ပေ။ သူ၏ မျက်လုံးများအား ကစားလိုက်ပြီးနောက် ချက်ချင်းပင် အကြံကောင်း တစ်ခု ရရှိသွားတော့သည်။

All Chapters