← Chapters

ခွေးအချင်းချင်း ကိုက်ကြခြင်း

Vol. 2 Ch. 20

ခွေးအချင်းချင်း ကိုက်ကြခြင်း

Vol. 2 Ch. 20

ဤနေရာရှိ ကျန်းရီ၏ ဗီလာသည် သူ၏ ဖခင် ကျန်းဖန်မှ သူ့အတွက် ဝယ်ပေးထားသည့် ပိုင်ဆိုင်မှုများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။ ထို ဗီလာသည် ကျင်းဟိုင်းတက္ကသိုလ်နှင့် နီးကာ ကျောင်းတက်ရ သည်မှာလည်း လွယ်ကူသောကြောင့် ဖြစ်ပေသည်။

ပုံမှန်အားဖြင့် ကျန်းရီ တစ်ယောက်တည်းသာ အိမ်တွင်နေလေ့ရှိသည်။ ရံဖန်ရံခါမှသာ အိမ်ဖော်များ သို့မဟုတ် အချိန်ပိုင်း ဝန်ထမ်းများ လာတတ်သည်။ ထို့ကြောင့် အိမ်ယာဝင်း အတွင်းမှ လူများသည် ထိုအိမ်ထဲတွင် ကျန်းရီ တစ်ယောက်တည်း နေထိုင်ကြောင်း လူတိုင်း သိကြလေသည်။ ပုံမှန်အားဖြင့် သမီးရှိသည့် မိသားစု အများအပြားသည် သူတို့၏ သမီးများအား ကျန်းရီနှင့် သဘောတူကာ ပေးစားချင်ကြလေသည်။

လျိုရှီလုံသည်လည်း ဤအချက်အား တွေးမိလေသည်။ သူ သေချာ စဉ်းစားကြည့်လိုက်လေသည်။ သူသည် အသက်ကြီးနေပြီ ဖြစ်သော်လည်း သူ့တွင် သားငယ်တစ်ယောက် ရှိသေးသည်။ လေ့ကျင့်ခန်း လုပ်လေ့လုပ်ထ မရှိသည့် တက္ကသိုလ် ကျောင်းသား တစ်ယောက်အား သူတို့ သားအဖ နှစ်ယောက်ပေါင်းပြီး ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည့် အခွင့်အရေး ကောင်းကောင်း ရှိသည်။

ထိုအချိန်တွင် လျိုရှီလုံသည် အိမ်နီးချင်း အချင်းချင်း မည်သို့ပင် ဖြစ်နေပါစေ ကျန်းရီမှ သူ့အား အမှန်တကယ် ရန်စကားပြောလိမ့်မည် မဟုတ်ဟု ထင်မှန်နေဆဲ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူသည် ကျန်းရီအား ခြိမ်းခြောက်ကာ လာဘ်ထိုးမည် ဖြစ်ရာ ကျန်းရီသည်လည်း သူ့အား အရင်းအမြစ်အချို့ ပေးကောင်းပေးလိမ့်မည် ဖြစ်သည်။

အကယ်၍ သူပြောသကဲ့သို့ မလိုက်နာ နားမထောင်ခဲ့လျှင် သူ့သားနှင့်အတူ ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။ ပစ္စည်းများအား ထုတ်မပေးဘဲ နေမှာကို သူ မကြောက်ပေ။

လျိုရှီလုံတွင် အံအားးသင့်ဖွယ် ကောင်းလှသည့် အကြံစည် တစ်ခု ရှိလေသည်။ သူသည် မီးဖိုချောင်သုံး ဓားနှစ်ချောင်းအား ထူထဲလှသော အဝတ်အစားများထဲတွင် ဝှက်ထားလိုက်ကာ ကျန်းရီထံမှ ပစ္စည်းသွားတောင်းရန် အတွက် သူ၏ သားဖြစ်သူကို ခေါ်ဆောင် သွားခဲ့သည်။

သို့သော် ယခုလို အချိန်မျိုးတွင် ကျန်းရီမှ သူ၏ ခံစားချက်များအား ဂရုစိုက်နေဦးမည်လော။ ညရောက်လာသောအခါ ရဲ့ရှင်းချန်သည် ပျင်းရိစွာဖြင့် ဖုန်းအား ကြည့်လိုက် စောင့်ကြည့်ကင်မရာ မျက်နှာပြင်အား ကြည့်လိုက်ဖြင့် လုပ်နေခဲ့သည်။ ရုပ်ရှင် တစ်ကားလောက် ထုတ်ကြည့်ရမလားဟု စဉ်းစားနေစဉ်ဝယ် လျိုရှီလုံသည် သူ၏ သား ဖြစ်သူ နှင့်အတူ ညမှောင်မိုက်ထဲသို့ ခိုးကြောင်ခိုးဝှက် ထွက်ခွာ သွားသည်ကို တွေ့လိုက်ရတော့သည်။

‘ဟမ် ဘယ်သွားကြမလို့ပါလိမ့်’

ရဲ့ရှင်းချန်သည် လုပ်လက်စ အလုပ်အား ချက်ချင်း ရပ်လိုက်ပြီးနောက် လျိုရှီလုံ ရှိနေသည့် စောင့်ကြည့်ကင်မရာ ပုံရိပ်အား ချဲ့ကြည့်လိုက်လေသည်။

ထိုသူ၏ ဦးတည်ချက်သည် လူနေရပ်ကွက်၏ ဝင်ပေါက်ဘက်သို့ မဟုတ်ဘဲ ကျန်းရီ၏ အိမ်ဘက်သို့ ဖြစ်နေလေသည်။ သိပ်မဝေးသော်လည်း နှင်းများ ထူထပ်နေသဖြင့် လမ်းလျှောက်ရန် အချိန် အတော်ကြာနေခဲ့သည်။

ရဲ့ရှင်းချန်သည် ရီမုတ်ကွန်ထရိုးအား ကိုင်လျှက် ကင်မရာမှ ရိုက်ကူးထားသည့် ဗီဒီယိုများအား အကျယ်ဆုံး အထိ ချဲ့ကြည့် လိုက်လေသည်။ ထို့နောက် သူသည် ဆိုဖာပေါ်တွင် ထိုင်လျှက် ခြေထောက်များအား စားပွဲခုံပေါ် တင်ထား လိုက်လေတော့သည်။

ထို့နောက် နေရာလွတ် အတွင်းမှ အာလူးကြော်နှင့် ကိုကာကိုလာတို့အား ထုတ်ယူပြီးနောက် ဖန်သား ပြင်ပေါ်တွင် ဟိုဟိုဒီဒီ ကြည့်နေသည့် လျိုရှီလုံအား စိတ်ဝင်တစား စောင့်ကြည့် နေလိုက်တော့သည်။

ခဏအကြာတွင် လျိုရှီလုံမှ လက်အားမြှောက်လိုက်ကာ ကျန်းရီ၏ ပြတင်းပေါက်အား ပုတ်သလို ဟန်ဆောင်လိုက်လေသည်။ ဝင်ပေါက်သည် နှင်းများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ထို့ကြောင့် လျိုရှီလုံသည် သူ၏ သားဖြစ်သူ နှင့်အတူ သူတို့အိမ်၏ ဒုတိယထပ် ပြတင်းပေါက်မှ တွားသွားဆင်းလာခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူတို့သည် ကျန်းရီအိမ်၏ ဒုတိယထပ် ပြတင်းပေါက်အား ဓာတ်ပုံရိုက် နေကြလေသည်။

"ကျန်းလေး ကျန်းလေး ကျန်းလေး ရှိလား"

အိမ်ထဲတွင် တိတ်ဆိတ်လွန်းသဖြင့် မည်သူမျှ မနေသကဲ့သို့ ဖြစ်နေသည့်တိုင် ကျန်းရီသည် အိမ်ထဲတွင် သေချာပေါက် ရှိနေကြောင်း လျိုရှီလုံ သိနေခဲ့သည်။

ထို့အပြင် သူသည် အပြင်၌ အချိန် အကြာကြီး စောင့်မနေနိုင်ချေ။ အပြင်ဘက်မှ အေးစက်လှသည့် လေသည် ထူထဲလှသည့် ဝါဂွမ်းအင်္ကျီကိုပင် ဖောက်ထွင်း သွားတော့မည့်အလား သူ့ခန္ဓာကိုယ်အား တိုက်ခတ်နေခဲ့သည်။

လျိုရှီလုံသည် သူ၏ ရင်ဘတ် အိတ်ကပ်ထဲမှ မီးဖိုချောင်သုံးဓားအား ထုတ်လိုက်ကာ ပြောင်းပြန်ကိုင်လျှက် ဓားလက်ကိုင်ရိုးဖြင့် ကျန်းရီ၏ ပြတင်းပေါက်အား ထုခွဲလိုက်တော့သည်။

"အိုး ခွေးအချင်းချင်း ပြန်ကိုက်ကြမယ့် ဇာတ်လမ်း ဖြစ်လာတော့မယ်နဲ့ တူတယ်"

ရဲ့ရှင်းချန်သည် ပြုံးရယ်လျှက် အာလူးကြော် တစ်ချပ်အား ပါးစပ်ထဲ ပစ်ထည့်လိုက်လေသည်။

ဤသည်မှာ ကမ္ဘာပျက်ကပ် ဖြစ်ပေါ်လာသည့် ဆဌမမြောက်နေ့သာ ရှိသေးသည်။ ဤမျှ ကောင်းမွန်လှသော ပြဇာတ်တစ်ခုအား ယခုလို မြန်မြန် ဆန်ဆန် ကြည့်ရှုရလိမ့်မည် ဟု သူ မထင်ထားခဲ့ချေ။ ထို့အပြင် နှစ်ဖက်စလုံးမှာမူ သူ အလွန်မုန်းတီးသည့် လူများ ဖြစ်ကြသည်။

ရဲ့ရှင်းချန်သည် အလွန်ပင် စိတ်ပျော်ရွှင်နေခဲ့သည်။

ရုတ်တရက် သူသည် ကျန်းရီ၏ လှည့်ဖြားခြင်း ခံရသည့် အိမ်နီးချင်းများအား သတိရလိုက်မိသည်။ သူ၏ ယခင်ဘဝမှ အမှတ်ရစရာများနှင့် ဤ အိမ်နီးချင်းများ အကြောင်း နားလည်ထားမှု အရ ဆိုလျှင်...

ဤကိစ္စပြီးသွားခဲ့လျှင်ပင် ကျန်းရီ၏ ဦးနှောက်ဆေးခြင်းအား ခံရမည့် သူများ တစ်ယောက်ပြီး တစ်ယောက် ထပ်၍ ရှိနေဦးမည် ဖြစ်သည်။

ထိုသည်မှာ သူတတ်နိုင်သည့် အရာမဟုတ်ပေ။ လူများသည် ကံကောင်းခြင်းအား မျှော်လင့်တတ်သည့် စိတ်ဓာတ် အမြဲ ရှိတတ်ကြလေသည်။ ထို့အပြင် ကျန်းရီနှင့် ဆက်စပ်နေသည့် အထက်လူကြီးများမှာလည်း အမှန်တကယ် ရှိနေခဲ့သေးသည်။ ကမ္ဘာကြီး ပျက်သုဉ်းသွားပြီဟု မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ နှင်းမုန်တိုင်းဘေး ပြီးဆုံးသွားပြီးနောက်တွင် အာဏာပိုင်များမှ လူများအား ထိန်းသိမ်းရန် အတွက် ရဲများအား အမှန်တကယ် စေလွှတ်လိမ့်မည်ဟု လူတိုင်း ထင်နေကြခြင်း ဖြစ်သည်။

ပြဿနာအား ရှောင်ရှားသည်မှဦ ပိုကောင်းသည် ဟူသော အတွေးများနှင့် လူတိုင်းသည် ကျန်းရီ၏ ခေါင်းပုံဖြတ်ခြင်းအား ခံကြရလိမ့်မည် ဖြစ်သည်။

နောက်ဆုံးတွင် လူတိုင်းသည် အရင်းအမြစ်များအား အမှန်တကယ် မထုတ်ပေး နိုင်တော့လျှင်တောင် ကျန်းရီ၏ လှည့်ဖြားခြင်းအား ခံရကာ အသတ်ခံရပြီးသည့်တိုင် အသားစားခြင်း ခံကြရအုန်းမည် ဖြစ်သည်။

ရဲ့ရှင်းချန်သည် သူ၏ မေးစေ့အား ပွတ်သပ်လိုက်မိသည်။ ယနေ့ည ကျန်းရီနှင့် လျိုရှီလုံတို့အကြား ဖြစ်ပျက်ခဲ့သည်များအား လူတိုင်းမြင်တွေ့သွားခဲ့လျှင် မည်သို့ ဖြစ်လာမည် ဆိုသည်အား သူ ရုတ်တရက် သိချင်လာမိလေသည်။ သူတို့သည် အသိစိတ်ဝင် လာမည်လား ဒါမှမဟုတ် ဆက်၍ အလိမ်ခံနေဦးမည်လား။

ထို့နောက် ရဲ့ရှင်းချန်သည် မှတ်တမ်းတင်ထားရန် အတွက် ရီကော့ခ် ခလုတ်အား နှိပ်လိုက်လေသည်။ လျိုရှီလုံနှင့် သူ၏ သားဖြစ်သူတို့ ပူးပေါင်း လုပ်ဆောင်နေကြသည်။ အခက်အခဲများစွာ ကြုံပြီးနောက် တွင် အေးစက်လှသည့် လေဒဏ်ကြားမှ ကျန်းရီ၏ ပြတင်းပေါက်တစ်ခုအား နောက်ဆုံးတွင် ရိုက်ခွဲနိုင်ခဲ့လေသည်။ ထို့နောက် သူတို့သည် အိမ်ထဲသို့ ဂရုတစိုက် ဝင်ရောက်သွားကြတော့သည်။

ကံကောင်းထောက်မစွာ လျှပ်စစ်မီး ပြတ်တောက်နေသည့်တိုင် ညဘက်တွင် မှိန်ဖျော့ဖျော့ လရောင် ရှိနေသေး၏။ လျိုရှီလုံသည် ဆူညံသံ သိပ်မထွက်ရဲချေ။ ဆူညံသံ အလွန်အကျွံ ထွက်သွားလျှင် အခြားသူများ၏ အာရုံစိုက်မှုအား ရရှိသွားနိုင်ရုံသာမက သူရရှိထားသည့် ပစ္စည်းများကိုပင် လာရောက် လုယူခံကြရမည်ကိုလည်း သူ ကြောက်နေခဲ့သည့် အတွက်ပင် ဖြစ်သည်။

ရဲ့ရှင်းချန်သည် ညဘက်တွင် အပြင် အခြေအနေအား ရှင်းလင်းစွာ မြင်ရနိုင်သည့် နိုက်မုဒ်အား ဖွင့်လျှက်ဖြင့် ဖန်သားပြင်အား ဂရုတစိုက် ကြည့်နေခဲ့သည်။

ကျန်းရီသည်လည်း သူ၏ လက်အတွင်း၌ မီးဖိုချောင်သုံးဓားအား ကိုင်ဆောင် ထားခဲ့သည်။ သူသည် တံခါးအနောက်တွင် ပုန်းနေခဲ့ကာ ဒုတိယထပ် ဧည့်ခန်း အတွင်းသို့ ခိုးဝင်လာသည့် လျိုရှီလုံနှင့် သူ၏ သားဖြစ်သူအား စိုက်ကြည့်နေခဲ့သည်။

ကင်မရာမှတစ်ဆင့် ကျန်းရီ၏ ဖြူဖျော့နေသည့် မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်အား ရဲ့ရှင်းချန် မြင်လိုက်ရသည်။ ထို့အပြင် တစ်ခြားသော ခံစားချက်တစ်ခုကိုလည်း ကျန်းရီ၏ မျက်နှာတွင် မြင်တွေ့လိုက်ရသည်။ ထိုသည်မှာ

ရူးသွပ်မှု

မကြာမီ မျက်နှာပြင်ပေါ်ရှိ လျိုရှီလုံသည် ကျန်းရီ၏ အခန်း တံခါးသော့အား ဓားဖြင့် ခုတ်လိုက်လေသည်။

"မြန်မြန် မြန်မြန် သားရေ အဖေနဲ့ လိုက်ခဲ့"

"ဒီအခန်းက သော့ခတ်ထားတုန်းပဲ အထဲမှာ ပစ္စည်းကောင်းတွေ ရှိမှာ သေချာတယ်"

လျိုရှီလုံ၏ မျက်နှာတွင် လောဘစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။ တံခါးအနောက်ရှိ ကျန်းရီမှ မီးဖိုချောင်သုံးဓားအား မြှောက်ထားပြီး ဖြစ်ကြောင်း သူ မသိခဲ့ချေ။

"ကလပ်"

သတ္တုနှင့် ကြမ်းပြင် ရိုက်ခတ်သံသည် ပြတ်သားစွာ ထွက်ပေါ်လာ ခဲ့သည်။ လျိုရှီလုံသည် အံ့အားသင့်ကာ ဝမ်းသာသွားခဲ့လေသည်။ သူသည် တံခါးအား တွန်းဖွင့်တော့မည့်ဆဲဆဲတွင် တံခါး၏ အတွင်းဘက်မှ ပွင့်လာသည်အား မြင်တွေ့လိုက်ရသည်။

"မင်း မင်း ကျန်းလေး မင်း အိမ်မှာ ရှိနေတာပဲ ဟားဟား"

လျိုရှီလုံသည် လန့်ဖျပ်သွားခဲ့ကာ အလျှင်အမြန်ပင် သူ၏ လုပ်ရပ်အား ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ကျန်းရီအား မော့ကြည့်လိုက်မိရာ ကျန်းရီမှ သူ၏ လက်ထဲတွင် ဓားတစ်ချောင်းကိုင်လျှက် သူ့အား စူးစူးဝါးဝါး စိုက်ကြည့်နေသည်အား မြင်လိုက်ရလေသည်။

သူ တုန်လှုပ် ခြောက်ခြား သွားခဲ့ကာ သူ၏ ရင်ဘတ် အတွင်းမှ အေးစက်သည့် ခံစားမှုတစ်ခုသည် ခြေလက်အင်္ဂါများနှင့် အရိုးများဆီသို့ ပျံ့နှံ့သွားလေသည်။

"ငါ ပြတင်းပေါက်ကို ခေါက်နေတာ ကြာလှပြီ မင်ကတော်တော်နဲ့ လာမဖွင့်တာ နဲ့ အိမ်ထဲမှာ မင်း တစ်ခုခုများ ဖြစ်နေသလားလို့လေ ဟားဟား ကျန်းလေး မင်းက ဘာလို့ ဓားကိုင်ထားတာလဲ ချထားလိုက်ပါ ချထားလိုက်ပါ အန္တရာယ် များလိုက်တာ"

လျိုရှီလုံသည် သူ၏ သားအား နောက်သို့ တွန်းပို့လိုက်ကာ သူတို့နှစ်ယောက်သည် ပြတင်းပေါက် ရှိရာဘက်သို့ ပြန်လည်၍ ဆုတ်ခွာသွားကြတော့သည်။ ကျန်းရီသည် မီးဖိုချောင်သုံးဓားအား မြှောက်လိုက်ပြီးနောက် ရုတ်တရက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သို့သော် ဤအပြုံးသည် လူများအား ကြောက်ရွံ့ စေလောက်အောင် ယုတ်မာ ကောက်ကျစ်လှသော အပြုံးဖြစ်နေခဲ့သည်။

"ဦးလေးလီက မင်းဆီကနေ ပစ္စည်းနည်းနည်းလောက် လာတောင်းတာပါ ဦးလေးလီအိမ်မှာ သက်ကြီးရွယ်အိုတွေရော ကလေးတွေရော ရှိတာ မင်းလည်း သိသားပဲ ကျွေးစရာ ပါးစပ်ပေါက်တွေက အများကြီးလေ ကျန်းလေး မင်းလွန်ခဲ့တဲ့ ရက်နည်းနည်းက ပစ္စည်းတွေ အများကြီး စုဆောင်းခဲ့တယ် မဟုတ်လား အိမ်နီးချင်းတွေ ကိုယ်စား ငါက မင်းဆီ ပစ္စည်းနည်းနည်း လာတောင်းတာပါ မင်း ဘာလို့ ဓားကိုင်ထားတုန်းပဲလဲ ဦးလေးလီက သူခိုးမှ မဟုတ်တာ ချထားလိုက်စမ်းပါ"

လျိုရှီလုံသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ် မရှိလှသော်လည်း လူကြီး လူကောင်း တစ်ယောက်လို ဟန်ဆောင်နေရသေးသည်။

သို့သော် သူစကားဆုံးသည်နှင့် ကျန်းရီသည် ရူးသွပ်သွားသကဲ့သို့ ဖြစ်သွားခဲ့ကာ ဓားအား မြှောက်လျှက် လျိုရှီလုံအား ခုတ်ပိုင်းရန် ပြုမူလာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

"မင်း ဘာလုပ်နေတာလဲ အား ကယ်ကြပါဦး အား"

လျိုရှီလုံသည် သူ၏ လုပ်ရပ်ကြောင့် ကြောက်လန့်တကြား ဖြစ်ကာ ခြေထောက်များ ပျော့ခွေသွားတော့သည်။ သူသည် ကိုယ်ကို လှိမ့်လျှက် တွားသွားရင်းဖြင့် ပြတင်းပေါက်ဆီသို့ ပြေးသွားလိုက်ကာ သူ၏ ဘောင်းဘီထဲတွင် စိုစွတ်နေသည်ကိုပင် ခံစားလိုက်ရလေသည်။

"အရူး အရူး သူရူးနေပြီ သားရေ မြန်မြန်ပြေး"

ကွဲနေသည့် ပြတင်းပေါက်တွင် မှန်ကွဲစများ ပြည့်နှက်နေခဲ့သော်လည်း ထို မှန်ကွဲစများအား လျိုရှီလုံ ဂရုမစိုက်နိုင်တော့ချေ။ သူ၏ အဝတ်အစားများနှင့် ဘောင်းဘီများသည် မှန်ကွဲစများကြောင့် ပြတ်ရှကုန်ကာ မှန်ကွဲစအချို့သည် အဝတ်အစားများအား ဖောက်ထွင်းလျှက် အသားထဲသို့ပင် စိုက်ဝင်သွားခဲ့သည်။ ကျန်းရီသည် မီးဖိုချောင်သုံးဓားအား ဝှေ့ယမ်းလျှက် ပြတင်းပေါက်သို့ ရောက်သည်အထိ နောက်မှ လိုက်လာခဲ့သည်။

"နောက်တစ်ခါ ထပ်လုပ်ရင် မင်းတို့အားလုံးကို ငါသတ်ပစ်မယ်"

လျိုရှီလုံသည် နှင်းထုထဲသို့ ဖုန်းခနဲ ပြုတ်ကျသွားတော့သည်။ သူ၏ ဒဏ်ရာသည် အေးစက်ကာ နာကျင်နေခဲ့ပြီး အိမ်ပြန် လမ်းတစ်လျှောက် တွင် သွေးများ စီးကျနေခဲ့ကာ သွေးစက်များဖြင့် မျဉ်းရှည်ကြီး တစ်ကြောင်းအား ဆွဲထားသကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် ကျန်းရီ၏ အိမ်ဘက်သို့ပင် နောက်လှည့်၍ မကြည့်ရဲတော့ပေ။

All Chapters