ကမ္ဘာပျက်ကပ်ဘေး၏ ဒသမမြောက်နေ့
Vol. 2 Ch. 23
ကျန်းဖုန်း၏ ရုတ်တရက် ပြောလိုက်သည့် စကားကြောင့် ဂရုတစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားခဲ့လေသည်။ ကျန်းဖုန်းသည် ဗီလာဧရိယာတွင် နေထိုင်သူ တစ်ဦး မဟုတ်ပေ။ လင်းစစ်ကျား နှင့် ချန်းရိုအာ တို့ကဲ့သို့ပင် ရပ်ကွက်၏ အခြားဧရိယာတစ်ခုတွင် နေထိုင်သည့် သူ တစ်ဦး ဖြစ်သည်။ သူ၏ မိသားစုသည် အတော်လေး ချမ်းသာသော်လည်း ခေါက်ဆွဲခြောက် တစ်ထုပ်အား ယွမ်တစ်သောင်း ပေးကာ ဝယ်မည့် လူစားမျိုးထဲတွင် မပါဝင်ချေ။
ကျန်းရီမှ သူ၏ နာမည်အား အသုံးပြု၍ ဝယ်ခိုင်းနေမှန်း ရဲ့ရှင်းချန် သိလိုက်လေသည်။ မည်သို့ပင် ဖြစ်စေ ကျန်းရီသည် အရင်အချိန်များတွင် ရပ်ကွက်ထဲမှ ပစ္စည်း အများအပြား လိမ်လည်၍ ယူထားခဲ့ဖူးလေသည်။ အခုချိန်တွင် သူသာ ကိုယ်တိုင်ထွက်လျှက် ပြောလိုက်လျှင် လူအများ၏ ဝိုင်းဆဲခြင်းအား ခံရပေလိမ့်မည်။
အကယ်၍ ကျန်းရီသာဆိုလျှင် ခေါက်ဆွဲခြောက် တစ်ထုပ်အား ယွမ်တစ်သောင်းပေးကာ ဝယ်နိုင်သည့် အင်အား ရှိပေသည်။ ရဲ့ရှင်းချန် မေးစေ့အား ပွတ်သပ်လိုက်မိလေသည်။ ဖြစ်နိုင်ချေရှိသည်မှာ ကျန်းရီသည်လည်း ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီ ဆိုသည်အား သိနေပုံ ရလေသည်။
"ဘာပြောလိုက်တာလဲ ခေါက်ဆွဲခြောက် တစ်ထုပ်ကို တစ်သောင်း ဟုတ်လား မင်းရူးနေလား"
"ဟုတ်တယ်လေ ဒါ ဒါက ပုံမှန်ဆို သုံးယွမ်ပဲ ရှိတဲ့ ခေါက်ဆွဲခြောက်ပါ"
"ဟေ့ကောင်တွေ ငါတို့က အိမ်နီးချင်းတွေပါကွာ ဒီလိုကြီး ဈေးတင်စရာ မလိုပါဘူး"
တစ်စုံတစ်ယောက်က ဂရုထဲသို့ တုန်ရီနေသည့် အသံဖြင့် ပြောလိုက်သည်။
"ဒီ ဒီနှင်းမုန်တိုင်းဘေးက ပြီးသွားမှာပါ နော် မင်းတို့ကောင်တွေ ကြောက်စရာ ကောင်းလိုက်တာကွာ တကယ်ကြီး ဒီလိုလုပ်စရာ မလိုပါဘူး"
"ဟုတ်တယ် ဟုတ်တယ် ငါ့လစာက တစ်လမှ ငါးထောင်ကျော်ကျော်ပဲ ရှိတာ မင်းရဲ့ ခေါက်ဆွဲခြောက်တစ်ထုပ်က ငါ့ရဲ့ နှစ်လစာ လစာနဲ့ ညီနေပြီကွ"
"မင်းတို့ကောင်တွေ ဘာတွေလုပ်နေကြတာလဲ ကမ္ဘာပျက်တော့မလို လုပ်နေကြတယ် လူတွေရဲ့ စိတ်ကို ဒီလိုမျိုး မနှောင့်ယှက်ကြပါနဲ့လားကွာ"
ကျန်းဖုန်းလည်း အနည်းငယ် တွန့်ဆုတ်နေမိလေသည်။ သူသည် ကျန်းရီ၏ သီးသန့်ချက်ဘောက်အား ဖွင့်လိုက်ပြီးနောက် သူ၏ ဝမ်းကွဲဖြစ်သူအား ထပ်မေးလိုက်လေသည်။
"အားရီရေ ဂရုထဲမှာ ကြည့်ပါဦး သူတို့ပြောတာ ဟုတ်တယ်နော် ဒီလိုကြီး ပိုက်ဆံဖြုန်းလို့ မဖြစ်ဘူးလေ ခေါက်ဆွဲခြောက် တစ်ထုပ်ကို တစ်သောင်းတောင်"
ကျန်းရီက စာပြန်မလာခဲ့ချေ။ ထိုအစား သူသည် ကျန်းဖုန်းဆီ နောက်ထပ် ယွမ်တစ်သောင်း ထပ်လွှဲပေးလိုက်လေသည်။ လူအများစုသည် အစိုးရအပေါ် မျှော်လင့်ချက် မပျက်ကြသေးချေ။ နှင်းမုန်တိုင်းကြီးမှ ကြာရှည် မဖြစ်နိုင်လောက်ဘူး ဟူ၍သာ လူတိုင်း ခံစားနေကြဆဲ ဖြစ်သည်။ မနက်ဖြန် နိုးလာချိန်တွင် နှင်းများ ကျဆင်းနေခြင်းမှာ ရပ်သွားနိုင်လောက်သည် သို့မဟုတ် နေထွက်လာလျှင် လူတိုင်း ပုံမှန်ဘဝအား ပြန်ရ နိုင်လောက်သည်ဟုသာ တွေးနေကြဆဲ ဖြစ်သည်။
သို့သော် ယနေ့တွင် လီ အမည်ရှိသည့် မိခင်တစ်ဦးနှင့် ကျန်းဖုန်းတို့ ဂရုထဲတွင် အစားအသောက်အား ဈေးကြီး ပေးဝယ်နေကြသည့် လုပ်ရပ်သည် လူတိုင်း၏ နှလုံးသားထဲရှိ အထိခိုက်မခံဆုံး ကြိုးလေးအား ရက်ရက်စက်စက် တီးခတ်လိုက်သလို ဖြစ်သွားခဲ့လေသည်။
တစ်စုံတစ်ယောက်မှ တည်ငြိမ်ချင်ယောင်ဆောင်ပြီးနောက် ပြောလိုက်လေသည်။
"နောက်မနေကြပါနဲ့ကွာ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ကပ်ဘေးကြီးဖြစ်နေတာမှာ ဒီလိုမျိုး ပိုက်ဆံရှာရမလားကွ အရင်တုန်းက ကပ်ရောဂါ ဖြစ်တုန်းကတောင် ဒီလောက်ကြီး ဈေးတောင်းတဲ့သူ ငါမတွေ့ဖူးပါဘူး"
"ဟုတ်တယ် ဟုတ်တယ် ငါပြောမယ် ဒါက သိပ်ကို ရက်စက်လွန်းရာ ကျတယ် ခေါက်ဆွဲခြောက် တစ်ထုပ်ကို ငါးထောင်နဲ့ ရောင်းရဲတဲ့သူ ရှိသလို တစ်သောင်းနဲ့ ဝယ်ရဲတဲ့သူလည်း ရှိနေတယ် ငါတို့ကို ပြဇာတ် ကပြနေကြတာလား"
"ဟုတ်တယ် ငါတို့အားလုံးက အိမ်နီးချင်းတွေပါကွာ ကိုယ့်လိပ်ပြာ ကိုယ် မလုံတဲ့ ပိုက်ဆံမျိုးကို ဘယ်လိုလုပ် ရှာရဲကြတာလဲ နှင်းတွေရပ်သွားပြီးရင် မုန်တိုင်း ပြီးသွားရင် အဆဲခံရမှာ မကြောက်ကြဘူးလား မသိဘူး"
ရဲ့ရှင်းချန်သည် ဂရုထဲရှိ စာများအား ကြည့်လိုက်ကာ ခေါင်းကိုသာ ယမ်းလိုက်မိလေသည်။
‘ဒီလူတွေက တကယ်ကို တုံးလိုက် ကြတာ ဒီလိုအခြေအနေမျိုး ရောက်နေတာတောင် လူထုအမြင်ကို အသုံးချပြီး ဖိအားပေးဖို့ စဉ်းစားနေကြတုန်း’
‘သူတို့ ဘယ်လို ကြောက်စရာကောင်းတဲ့ ကပ်ဘေးကြီးကို ရင်ဆိုင်နေရသလဲ ဆိုတာ မသိကြသေးဘူးပဲ’
တစ်ချို့သည် ဂရုထဲတွင် ကျန်းဖုန်းအား စတင်၍ ဆဲဆိုလာကြသည်။ နှလုံးသားမဲနက်နေသည့် လူငယ်လေးဟု ခေါ်ဝေါ် ဆဲဆိုနေကြသည်။ ခေါက်ဆွဲခြောက် တစ်ထုပ်အား ငါးထောင် ပေးရသည်မှာပင် ရယ်စရာကောင်းနေပြီ ဖြစ်သော်ငြားလည်း ထို နှလုံးသား မဲနက်နေသည့် ကောင် ကျန်းဖုန်းမှ ဈေးအား ထပ်မံ၍ မြှင့်ချင်နေသေးသည်။
တစ်ချို့မှာမူ ဂရုထဲတွင် အုပ်စုဖွဲ့လျှက် ယခုလို ဈေးကြီးသည့် အစားအစာမျိုး မည်သည့်အချိန်တွင်မှ ဝယ်ယူ မည် မဟုတ်ကြောင်း နှင့် ယခုလို မကောင်းသည့် လေထုအား ဆန့်ကျင်ဖို့ရန် အတွက် စည်းလုံး ကြရမည်ဖြစ်ကြောင်း ပြောဆိုလာကြလေသည်။
ကျန်းဖုန်းမှာမူ ပစ္စည်းရောင်းမည့်သူအား ဝီချက် တွင် အပ်ခိုင်း လိုက်ပြီးပြီ ဖြစ်ကာ အရောင်းအဝယ်ပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ ထိုအချိန်တွင် သူသည် ဂရုထဲ၌ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်လေသည်။
"ခင်ဗျားတို့က ကျွန်တော့်ကို ဘာလို့ ဒီလောက် ဂရုစိုက်နေကြတာလဲ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ ပိုက်ဆံရှိတယ် ကျွန်တော်ကြိုက်သလောက် ဝယ်မယ် ကျွန်တော်ပေးချင်သလောက် ပေးမယ်လေ ကိုယ့်စိတ်ချမ်းသာဖို့ ကိုယ့်ပိုက်ဆံ ကိုယ်သုံးတာ ခင်ဗျားတို့က ဘာလို့ ဝင်ပါနေရတာလဲ မကျေနပ်ရင် မဝယ်နဲ့လေ ဒီမှာ ပြောလိုက်မယ်နော် ရောင်းစရာ ရှိတဲ့သူတွေ ကျွန်တော့်ကို သီးသန့်လာပြောပါ ရှိသလောက် အကုန်ယူမယ် မရောင်းချင်ရင်လည်း နေပေါ့"
ဂရုထဲတွင် ကျန်းဖုန်း၏ စကားလုံးများသည် အလွန် ရက်ရောဟန် ပေါက်နေသည့်တိုင် ရဲ့ရှင်းချန်မှာမူ ဈေးကြီးပေးဝယ်ထားသည့် ခေါက်ဆွဲခြောက်များအား သယ်ဆောင်လာသည့် ဒရုန်းသည် ကျန်းရီ၏ ဗီလာဘက်သို့ ပျံသန်းသွားသည်ကို ကင်မရာမှတစ်ဆင့် မြင်လိုက်ရလေသည်။
ရဲ့ရှင်းချန်၏ ထင်မြင်ချက် မှန်ကန်ကြောင်း ထင်ရှားနေခဲ့သည်။ ကျန်းဖုန်းသည် ကျန်းရီအတွက် ဝယ်ပေးနေခြင်းသာ ဖြစ်လေသည်။ ကျန်းရီ၏ မတန်တဆ သုံးစွဲနေမှုသည် တကယ်တမ်းတွင် သေချာစဉ်းစားပြီးမှ ပြုလုပ်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ ကျန်းရီသည် ဤသည်မှာ ကမ္ဘာပျက်ကပ်၏ အစပြုခြင်း ဖြစ်ကြောင်း အမှန်တကယ် သိရှိထားပုံရလေသည်။
သို့မဟုတ်ပါက သူ့မိသားစု မည်မျှပင် ချမ်းသာစေကာမူ ခေါက်ဆွဲခြောက် တစ်ထုပ်တည်းအတွက်ဖြင့် ယွမ်တစ်သောင်း သုံးစွဲလိမ့်မည် မဟုတ်ချေ။ ချမ်းသာလှသည့် သူများသည် ကြင်နာတတ်ချင်မှ ကြင်နာတတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော် သူတို့ လုံးဝ မအ ကြပေ။
ဤကိစ္စ၏ လေးနက်မှုအား သဘောပေါက်သွားသည့် ကျန်းရီသည် ကျန်းဖုန်းအား ဒိုင်းကာအဖြစ် အသုံးပြုလျှက် အိမ်နီးချင်းများ လက်ထဲရှိ လက်ကျန်ပစ္စည်းများအား ဈေးကြီးပေးကာ စတင် ဝယ်ယူလေတော့သည်။
သို့သော် အစပိုင်းတွင် ဂရုထဲ၌ မေးမြန်းခဲ့သည့် လီအန်းရန် ဆိုသည့် မိခင်သည် ယခုအခါ စိတ်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
"ရှင် ရှင် ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ ကျွန်မတို့ မိသားစုမှာ စားစရာ ဘာမှမရှိတော့ဘူး ကျွန်မတို့က အသက်ရှင်ဖို့ အစားအစာ ဝယ်နေတာပါ ကျွန်မနဲ့ ကျွန်မကလေး ဘာမှမစားရတာ နှစ်ရက်ရှိပြီ"
ကျန်းဖုန်းသည် ထိုစကားအား ကြားသောအခါ ဂရုမစိုက်သည့် ဟန် အမူအရာဖြင့် တုံ့ပြန်လေသည်။
"ကျွန်တော်က ခင်ဗျားဆီက လုယူနေတာမှ မဟုတ်တာ ကျွန်တော်က ဈေးပိုပေးရုံလေ သူတို့ပစ္စည်း သူတို့ ဘယ်သူ့ကို ရောင်းမလဲဆိုတာ ကျွန်တော် ဆုံးဖြတ်လို့ရတာမှ မဟုတ်တာ ကျွန်တော့်မှာ ပိုက်ဆံရှိတယ် သုံးစရာနေရာမရှိဘူး ဈေးပိုပေးပြီး ဝယ်ရတာ ပျော်တယ်ဗျာ ခင်ဗျားက ဘာဖြစ်ချင်နေတာလဲ"
လီအန်းရန်သည် မူလတွင် ကျန်းဖုန်းအား ကိုယ်ကျင့် တရားပိုင်းဆိုင်ရာ ဖိအားပေးချင်သော်လည်း ကျန်းဖုန်းမှ မျက်နှာပြောင်တိုက်လျှက် သူမ၏ ကိုယ်ကျင့်တရားဆိုင်ရာ ရပ်တည်ချက်အား လျစ်လျူရှုလိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ကျန်းဖုန်းမှ သူမအား ဂရုမစိုက်တော့ချေ။ လီအန်းရန်မှာ ရွေးချယ်စရာမရှိတော့ဘဲ ဂရုထဲတွင် ထပ်မံ ငိုကြွေးရလေတော့သည်။
"ကျေးဇူးပြုပြီး ကူညီကြပါဦးရှင် ကျွန်မသမီးလေးက ၈ လပဲ ရှိပါသေးတယ် ကျွန်မမှာ စားစရာမရှိတော့ ကလေးတိုက်ဖို့ နို့မထွက်တော့ပါဘူး ဒီအတိုင်းဆက်သွားရင် ကျွန်မတို့ နှစ်ယောက်လုံး ငတ်သေရပါလိမ့်မယ်"
သို့သော် ယခုအချိန်တွင် အိမ်ရှင်များ အားလုံး တိတ်ဆိတ်နေကြပြီ ဖြစ်သည်။ လူများ၏ သဘာဝမှာ တစ်ကိုယ် ကောင်းဆန်ကာ ကိုယ်ကျိုး ကြည့်တတ်ကြလေသည်။ ကျန်းဖုန်းမှ ခေါက်ဆွဲခြောက် တစ်ထုပ်အား တစ်သောင်း ပေးနေလေသည်။ လီအန်းရန်မှ ဤပိုက်ဆံအား မပေးချင်ကြောင်း ထင်ရှားနေသဖြင့် ဂရုထဲတွင် သနားစရာကောင်းအောင် ဟန်ဆောင်နေခြင်း ဖြစ်လေသည်။
ဤဂရုထဲတွင် အတော်လေး ချမ်းသာသည့် ဗီလာပိုင်ရှင်များ မှလွဲ၍ ကျန်သည့် တိုက်ခန်းပိုင်ရှင်များသည် တစ်လလျှင် ၅,၀၀၀ ၆,၀၀၀ သာရသော သာမန်လခစား ဝန်ထမ်းများ ဖြစ်ကြလေသည်။
ယခုလို အချိန်မျိုးတွင် သူမလို လူတစ်ယောက်အတွက် သေးငယ်သည့် မျက်နှာသာပေးမှုလေး တစ်ခုရရန် အတွက် ဤမျှ များပြားလှသည့် ငွေပမာဏအား မည်သူမှ စွန့်လွှတ်နိုင်လိမ့်မည် မဟုတ်ချေ။
လူအများအပြားသည် ကျန်းဖုန်းနှင့် သီးသန့် အရောင်းအဝယ် လုပ်နေကြပြီ ဖြစ်သည်။ ရဲ့ရှင်းချန်သည် စောင့်ကြည့်ကင်မရာ မျက်နှာပြင်ပေါ်တွင် ဒရုန်းများ အသွားအပြန် ပျံသန်းနေခဲ့ကာ ကျန်းရီ၏ အိမ်သို့ ပစ္စည်းများစွာ ပို့ဆောင်နေသည်ကိုသာ မြင်နေရခြင်း ဖြစ်သည်။
ကျန်းဖုန်းမှ ဤကဲ့သို့ မြင့်မားသည့် ဈေးနှုန်း ဖြင့် ကမ်းလှမ်းပြီးနောက်တွင် သူမအား ဈေးပေါပေါနှင့် အစားအစာ ရောင်းပေးလောက်အောင် မည်သူမှ မတုံးအ တော့ကြောင်း လီအန်းရန်လည်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
သူမတွင် ရွေးချယ်စရာ မရှိတော့ဘဲ ဂရုထဲတွင် ဆက်လက် ငိုကြွေးလျှက် လူတိုင်း၏ အကူအညီအား တောင်းခံရုံသာ ရှိတော့သည်။ ထိုအချိန်တွင် ရဲ့ရှင်းချန် တစ်စုံတစ်ခုအား ရုတ်တရက် သတိရလိုက်သလို ဖြစ်သွားခဲ့သည်။ သူ၏ ယခင်ဘဝတွင် လီအန်းရန်နှင့် ပတ်သက်သည့် အမှတ်ရစရာများအား ရုတ်တရက် သတိရလိုက်ခြင်း ဖြစ်လေသည်။
ရဲ့ရှင်းချန်တွင် လီအန်းရန်နှင့် ပတ်သက်၍ နက်ရှိုင်းလှသည့် အထင်ကြီးမှု မရှိခဲ့ပေ။ ဤအမျိုးသမီးသည် အတော်လေး လှပကြောင်းကိုသာ သူ မှတ်မိခြင်း ဖြစ်သည်။ သူမသည် ငယ်ရွယ်ကာ နူးညံ့သိမ်မွေ့လျှက် အားနွဲ့မည့်ပုံ ပေါက်လေသည်။
သို့သော် အလွန်ထူးဆန်းသည့် အရာတစ်ခု ရှိလေသည်။ သူ မသေဆုံးမီအထိ လီအန်းရန်နှင့် ပတ်သက်သည့် သတင်းများကို ကြားနေရသေးကြောင်း ရဲ့ရှင်းချန် မှတ်မိလေသည်။ သူ သေဆုံးသွားချိန်အထိ လီအန်းရန်နှင့် သူမ၏ သမီးသည် အသက်ရှင်လျက် ကောင်းမွန်စွာ ရှိနေပုံရလေသည်။ ဤသည်အား တွေးမိလိုက်ချိန်တွင် ရဲ့ရှင်းချန်၏ မျက်လုံးများ ရုတ်တရက် လက်ခနဲ ဖြစ်သွားခဲ့သည်။
သေချာပေါက်ပင် လူတစ်ယောက်အား အပေါ်ယံကြည့်ရုံဖြင့် ဆုံးဖြတ်လို့ မရနိုင်ချေ။ ထို အမျိုးသမီးသည် သူမ ၏ အပြင်ပန်းတွင် မြင်ရသည့် ပုံစံကဲ့သို့ မရိုးရှင်းဘူးဆိုတာ ထင်ရှားပေါ်လွင် နေခဲ့သည်။ သူမသည် အပေါ်ယံတွင် အားနွဲ့ကာ အန္တရာယ်ကင်းမည့်ပုံ ပေါက်နေသော်လည်း တကယ်တမ်းတွင်မူ အတွင်းစိတ်မှ ယုတ်မာကောင်း ယုတ်မာနေလိမ့်မည် ဖြစ်သည်။