← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

လီအန်းရန်၏ မရပ်မနား ငိုကြွေးသံသည် နောက်ဆုံးတွင် အရာထင်လာခဲ့သည်။ ဤရပ်ကွက်မှ လုံခြုံရေး ဝန်ထမ်းဖြစ်သူ ကျောက်ဟောင် သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဂရုထဲတွင် ဝင်ပြောလာခဲ့သည်။ လီအန်းရန် အနေဖြင့် အစားအစာ အချို့ဝယ်ရန် အတွက် သူ၏ လုံခြုံရေး နားနေဆောင်သို့ လာခဲ့ရန် ပြောလိုက်လေသည်။

လီအန်းရန်သည် ကျောက်ဟောင်၏ ကြင်နာမှုအတွက် ဂရုထဲတွင် ကျေးဇူးတင်စကား ပြောကြားခဲ့လေသည်။ နှင်းမုန်တိုင်းဘေး ပြီးသွားသည်နှင့် ကျောက်ဟောင်အား သေချာပေါက် ကျေးဇူးဆပ်မည် ဖြစ်ကြောင်း သူမမှ တတွတ်တွတ် ပြောဆိုနေခဲ့သည်။

ရဲ့ရှင်းချန်သည် ကင်မရာကို ကြည့်လိုက်ရာ ကျန်းရီ၏ အိမ်တွင် ပစ္စည်းများ အများအပြား ပြည့်နှက်နေခဲ့ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

"တကယ်ပါပဲ ပိုက်ဆံရှိရင် ဘာမဆို ဖြစ်နိုင်တဲ့ လောကကြီး"

ရဲ့ရှင်းချန် သက်ပြင်းချလိုက် ပြီးနောက် နောင်တရသလို ခေါင်းယမ်းလိုက်မိသည်။ ကံမကောင်းစွာဖြင့် ဤသည်မှာ ကမ္ဘာပျက်ကပ်တွင် လူများသည် ပိုက်ဆံနဲ့ အရောင်းအဝယ် လုပ်နိုင်မယ့် နောက်ဆုံးအကြိမ် ဖြစ်လောက်ပေသည်။

မကြာခင်မှာပင် တစ်ထုပ်အား တစ်သောင်း ပေးရသည့် ခေါက်ဆွဲခြောက်များသည် သူတို့ဝယ်လို့ရရှိနိုင်မည့် ဈေး အသက်သာဆုံး ပစ္စည်းဖြစ်ကြောင်း လူအများ သဘောပေါက်လာကြလိမ့်မည် ဖြစ်သည်။ အချိန်ကြာ လာသည်နှင့်အမျှ လူတိုင်း၏ အစားအစာ လက်ကျန်များ ကုန်သွားမည် ဖြစ်ကာ လူများစွာသည် အအေးဒဏ်နှင့် ငတ်မွတ်မှုကြောင့် သေဆုံးကြရလိမ့်မည် ဖြစ်သည်။

ထိုအချိန်ကျမှ သာလျှင် ယခုအချိန်တွင် အရောင်းအဝယ် လုပ်၍ရသေးသည့် အစားအစာများအား တန်ဖိုး မထားမိခဲ့သည့်အတွက် နောင်တရကြပေလိမ့်မည်။

သို့သော် ကျန်းဖုန်း၏ လုပ်ရပ်သည် လူအများအပြားအား သတိပေးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။ သူသည် ပစ္စည်းများအား ဝယ်ယူရန် ငွေအစစ်အား အသုံးပြုလိုက်ချိန်တွင် ပစ္စည်းပြတ်လပ်မှုသည် အတိုင်းအတာ တစ်ခုအထိ ဖြစ်ပေါ်နေကြောင်း လူများ အမှန်တကယ် သဘောပေါက်လာခဲ့ကြသည်။

ထို့နောက် လူများသည် သူတို့လက်ထဲရှိ ကျန်ရှိနေသည့် ပစ္စည်းများအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့ကြကာ မည်သည့် အရောင်းအဝယ်မှ လုပ်ရန် ဆန္ဒမရှိကြတော့ချေ။

နှင်းမုန်တိုင်းဘေး၏ အစပိုင်းတွင် အိမ်နီးချင်းများအား ကူညီရန် ဆန္ဒရှိသူများ ရှိနေသေးလေသည်။ သို့သော် အချိန်ကြာ လာသည်နှင့်အမျှ ထိုစဉ် အချိန်များတွင် ရက်ရောစွာ ပစ္စည်းများ ပေးကမ်းခဲ့သည့် အိမ်ရှင်များသည် နောင်တကြောင့် အံကိုကြိတ်နေရလုနီးပါး ဖြစ်လာခဲ့သည်။

ဤသည်မှဦ အအေးလှိုင်း ဖြတ်သန်းမှု၏ ဒသမမြောက်နေ့သာ ဖြစ်နေသေးသည်။ ယခုအချိန်တွင် ချန်းရိုအာ နှင့် ချူယာင် တို့၏ အခန်းထဲ၌ ပစ္စည်းများ လက်ကျန် သိပ်မရှိတော့ပေ။

မူလတွင် ဇီဇာကြောင်၍ မျက်နှာလို မျက်နှာရ လုပ်တတ်သည့် လူနှစ်ဦးသည် ခေါက်ဆွဲခြောက် တစ်ထုပ်အပေါ် ဝယ် အငြင်းပွားလုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။ အိမ်ရှိ အစားအစာ လက်ကျန်များနှင့် ကျန်းဖုန်း ပို့ပေးလိုက်သည့် ပစ္စည်းများမှာလည်း ကုန်သွားခဲ့ပြီ ဖြစ်သည်။

လက်ရှိ အခြေအနေအရ နောက်ထပ် တစ်ပတ်လောက် ဆိုလျှင် သူတို့နှစ်ဦး ဤနေရာမှာတွင်ပင် ငတ်သေကြရတော့မည့် ပုံရလေသည်။ သူတို့နှစ်ဦးသည် စောင်များ ပတ်လျက် ဆိုဖာပေါ်တွင် ကွေးနေကြလေသည်။ သူတို့၏ မျက်နှာများသည် ဖြူဖျော့နေခဲ့ကာ စားပွဲပုပေါ်ရှိ ဖောက်ထားလျှက် ရှိသည့် အေးခဲ မာကျောနေသော ဖိသိပ်ထားသည့် ဘီစကစ် တစ်ထုပ်အား စိုက်ကြည့်နေကြလေသည်။

ချူယောင်သည် ကြေမွနေသည့် ဘီစကစ်များအား ကြည့်လျှက် မျက်မှောင်ကြုတ်လိုက်ကာ ချန်းရိုအာ ဘက်သို့ လှည့်ပြောလိုက်လေသည်။

"ရိုအာ ဒါက ငါတို့ရဲ့ နောက်ဆုံးကျန်တဲ့ ဘီစကစ်ပဲ"

ချန်းရိုအာ၏ မျက်နှာသည် နာကျင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ကမ္ဘာမပျက်ခင်ကဆိုလျှင် သူမသည် ဤကဲ့သို့ ကြမ်းတမ်းလှကာ အရသာမရှိသည့် ဈေးပေါလှသော ဤ အရာမျိုးအား ပါးစပ်နားပင် သယ်လာမည် မဟုတ်ချေ။

သို့သော် ယခုအခါတွင် သူမသည် နောက်ထပ် တစ်ကိုက် ကိုက်ဖို့ပင် မဝံ့ရဲတော့ပေ။ တစ်ကြိမ်တည်း အကုန်စားလိုက်မိပါက နောက်တစ်နပ်အတွက် ဗိုက်ဆာနေမည်အား သူမ ကြောက်ရွံ့နေမိလေသည်။ ကြမ်းပြင်ပေါ် ကျနေသည့် အစအနများကိုပင် ကောက်စားချင်နေခဲ့ပြီ ဖြစ်သည်။

ချူယောင်မှ ဆက်ပြောလိုက်လေသည်။

"ခေါက်ဆွဲခြောက် ၃ ထုပ် ချောကလက် ၅ တုံး နဲ့ နင်ဝယ်ထားတဲ့ နိုင်ငံခြားဖြစ် လော်လီပေါ့ ၁ ထုပ်ပဲ ကျန်တော့တယ် အော် မီးဖိုချောင်ထဲမှာ လောင်ကန်မား (ငရုတ်သီးဆီ) ပုလင်းဝက် ကျန်သေးတယ် ဒါပေမဲ့ ခေါက်ဆွဲနဲ့ ဆန်တော့ မရှိတော့ဘူး"

ချန်းရိုအာ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေခဲ့ပြီ ဖြစ်သည်။

"ဒါဆို ငါတို့ ဗိုက်ဖြည့်ဖို့ ခေါက်ဆွဲခြောက် ၃ ထုပ်ပဲ ကျန်တော့တာပေါ့"

ချူယောင်မှ သူမကို စိုက်ကြည့်လိုက်လေသည်။

"ရိုအာ နှင်းတွေ တကယ်ရပ်သွားမယ်လို့ နင်ထင်လား နှင်းတွေ လုံးဝမရပ်ဘဲ ဆက်ရွာနေမယ်လို့ နင်ထင်လား နှင်းမရပ်မချင်း ငါတို့ တောင့်ခံနိုင်မယ်လို့ ကော နင်ထင်လား"

ချန်းရိုအာသည် ခဏတာ ကြောင်အသွားပြီးနောက် ပြတင်းပေါက် အပြင်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။ ရေခဲလွှာများ ဖုံးလွှမ်းနေသည့် ပြတင်းပေါက် မှတစ်ဆင့် ချန်းရိုအာသည် အပြင်ဘက်ရှိ နှင်းဖြူရောင် ကမ္ဘာကြီးအား ကြည့်လိုက်မိလေသည်။

ကမ္ဘာကြီးသည် ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းလောက်အောင်ကို တိတ်ဆိတ်နေခဲ့သည်။ အပြင်ဘက်တွင် အလင်းရောင် မရှိသဖြင့် နေ့နှင့် ည ဟူ၍ ခွဲခြား၍ မရတော့ချေ။ မီးခိုးရောင် သမ်းနေသည့် ပရမ်းပတာ နယ်မြေတစ်ခု ဖြစ်နေသော်လည်း ကောင်းကင်မှ နှင်းပွင့်များ ကျဆင်းနေသည်ကိုသာ ဝေဝေဝါးဝါး မြင်နေရသေးသည်။

ကောင်းကင်ကြီးတွင် အပေါက်ကြီး တစ်ပေါက် ဖြစ်နေသကဲ့သို့ နှင်းပွင့်များ မရပ်မနား ကျဆင်းနေခဲ့သည်။ နှင်းကျနေသည်မှာ ၁၀ ရက် ရှိပြီ ဖြစ်သည်။

ဒုတိယထပ်သည် ရေလွှမ်းမိုးခြင်း ခံထားရပြီဖြစ်ကာ (မှတ်ချက် - နှင်းများဖုံးလွှမ်းခြင်းကို ဆိုလိုသည်) အောက်ထပ်ရှိ နေထိုင်သူများသည် ဂရုထဲမှ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ ယခုအချိန်ထိ အပူချိန် နိမ့်ကျနေသဖြင့် မည်သူမျှ သူတို့၏ အသက်အန္တရာယ်အား ဂရုစိုက်နိုင်သည့် အခြေအနေတွင် မရှိကြတော့ပေ။

နောက်ဆုံး ထုတ်ပြန်ထားသည့် ကြေညာချက်မှလွဲ၍ အာဏာပိုင်များထံမှ မည်သည့် သတင်း အချက်အလက်မျှ မရရှိတော့ပေ။ ချန်းရိုအာ၏ စိတ်နှလုံးသည် ချောက်ကမ်းပါး အောက်ခြေသို့ ထိုးကျသွားသလို ခံစားလိုက်ရတော့သည်။ အဆုံးမဲ့သည့် မျှော်လင့်ချက် ကင်းမဲ့မှုသည် သူမအား အသက်ရှူကျပ်စေခဲ့သည်။

နှင်းများ မည်မျှကြာကြာ ဆက်ကျနေဦးမည်ကိုလည်း သူမ မသိသလို ချူယောင် ပြောသကဲ့သို့ ရပ်တန့်သွားမည် ဟုတ်မဟုတ်ကိုလည်း သူမ မသိချေ။ ချန်းရိုအာသည် နာကျင်စွာဖြင့် မျက်လုံးများအား မှိတ်ချလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ ယောင်ယောင်ရေ ဒီအတိုင်း ဆက်သွားရင် ငါတို့ အေးပြီး မသေရင်တောင် မကြာခင် ငတ်သေကြလိမ့်မယ်"

ချူယောင်သည်လည်း အံကြိတ်လိုက်မိသည်။

"ကျန်းဖုန်း ဆီမှာ အစားအသောက် ရှိဦးမလား ဂရုထဲမှာ သူ ပစ္စည်းတွေ အများကြီး ဝယ်ထားသလိုပဲ"

ချန်းရိုအာမှ ခေါင်းခါပြလိုက်သည်။

"ငါ သူ့ကို မေးပြီးပြီ အဲဒီပစ္စည်းတွေ အကုန်လုံးက ကျန်းရီအတွက် ဝယ်ပေးတာတဲ့ သူ့မှာ ခေါက်ဆွဲခြောက် တစ်ထုပ်တောင် မရလိုက်ဘူးတဲ့ ပြီးခဲ့တဲ့တစ်ခေါက်က ငါ့ကို ပေးလိုက်တဲ့ ကျောပိုးအိတ်က သူ့ပစ္စည်း အားလုံးနီးပါးပဲ ငါ သူ့ကို ဗီဒီယိုကောလ် ခေါ်ကြည့်သေးတယ် သူ ပိန်လွန်းလို့ အရိုးစုလို ဖြစ်နေပြီ သူ့ဆီမှာ စားစရာ ဘာမှမကျန်တော့ဘူး"

"တခြားလူရော ရှိသေးလား"

ချူယောင်မှ စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။

"ကြည့်ပါဦး ငါတို့နှစ်ယောက်က ဒီလောက် လှတာ ငါတို့နောက် လိုက်နေတဲ့ ယောကျ်ားတွေ အများကြီးပဲ အခု သူတို့ကို မျှော်လင့်ချက် နည်းနည်း ပေးလိုက်ရင် ငါတို့ကို စားစရာ နည်းနည်းလောက်တော့ ပေးချင်ကြမှာပါ ဟုတ်တယ်မလား"

ချန်းရိုအာမှ သူမအား အရူး တစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်လိုက်လေသည်။

"နင် ရူးနေလား အခု ပစ္စည်းတွေက ဒီလောက် ဈေးကြီးနေတာ အဲဒီ ကပ်စေးနှဲကောင်တွေက ငါတို့ကို ပေးမယ် နင် ထင်နေသေးလား နင်သိထားရမှာက သူတို့ ငါတို့နောက် လိုက်နေတုန်းကတောင် သိပ်အများကြီး သုံးချင်ကြတာ မဟုတ်ဘူး"

"ငါတို့က အခု သူတို့နဲ့ တွဲမယ်လို့ ပြောလိုက်ရင်တောင် သူတို့က ငါတို့ကို ပစ္စည်းတွေ မျှပေးလိမ့်မယ်လို့ မထင်ဘူး"

"ဒါ့အပြင် အခု အရမ်းအေးနေတာလေ ငါတို့ကိုယ်ခန္ဓာကို ပေးပြီး အစားအစာနဲ့ လဲမယ်ဆိုရင်တောင် သူတို့ လုပ်နိုင်တဲ့ စွမ်းရည် ရှိဦးမယ်လို့ ထင်နေတာလား"

ချန်းရိုအာ ထို စကားပြောလိုက်ချိန်တွင် သူမ၏ မျက်လုံးထဲတွင် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ချန်းရိုအာသည် ဤနည်းလမ်းအား တိတ်တဆိတ် စမ်းကြည့်ခဲ့ပြီးပြီဆိုသည်မှာ ချူယောင် တစ်ယောက် မသိခဲ့ပေ။ သူမလည်း ခန္ဓာကိုယ်အား အသုံးပြု၍ အစားအစာနှင့် လဲလှယ်ရန် တွေးမိခဲ့ဖူးသည်။

သို့သော် ကျင်းဟိုင်းတက္ကသိုလ်၏ ကျောင်းအလှနတ်သမီး တစ်ယောက်အနေဖြင့် သူမသည် ချမ်းသာသည့် မျိုးဆက်သစ် အမွေ ဆက်ခံသူ အမျိုးမျိုးအား မြင်ဖူးနေကျ ဖြစ်သည်။ သူမတွင် မြင့်မားသည့် စံချိန်စံညွှန်းများ ရှိနေခဲ့ကာ တစ်ဖက်လူသည် အနည်းဆုံး အရပ် ၁.၈၅ မီတာ ရှိရမည် ဖြစ်ကာ မိသားစုသည်လည်း ချမ်းသာပြီး အာဏာရှိရမည် ဖြစ်သည်။ ထို့အပြင် ရုပ်ရည် ချောမောရမည်။ သို့မှသာလျှင် သူမ၏ ခန္ဓာကိုယ်အား ပေးအပ်ရန် ဆန္ဒရှိပေသည်။

နောက်ဆုံးတွင် သူမ အထင်သေးခဲ့သည့် ဖော်လံဖားယား လိုက်သည့် သူကပင် ရာသီဥတု အလွန်အေးသောကြောင့် လောလောဆယ် ထိုကိစ္စအား မလုပ်ချင်ကြောင်း ပြောလာလိမ့်မည်ဟု သူမ မထင်ထားမိခဲ့ချေ။ ထိုအချိန်တွင် ယောကျ်ားတစ်ယောက်၏ ပုံရိပ်သည် ချူယောင်၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ရဲ့ရှင်းချန်....

သူမသည် ချန်းရိုအာအား အမြန် ပြောလိုက်လေသည်။

"အော် ဟုတ်သားပဲ သူလည်း ငါတို့ ရပ်ကွက်ထဲမှာ ရှိတာပဲ နင့်မှာ အကြီးစား နောက်လိုက်ခွေး တစ်ယောက် ရှိတာ မေ့နေတာလား"

ချူယောင်မှ မည်သူ့အား ရည်ရွယ် ပြောနေသည်အား ချန်းရိုအာ သေချာသိပေသည်။ သူမသည် နှုတ်ခမ်းအား စေ့လိုက်ပြီးနောက် မျက်နှာတွင် ငြင်းဆန်လိုမှုများ ပေါ်နေခဲ့သည်။

"အရင်က သူငါ့ကို ဘယ်လို စနောက်ခဲ့လဲဆိုတာ မမေ့နဲ့ဦး သူက ငါ့ကို အရင် လာမတောင်းပန်ရင် ငါဘယ်တော့မှ အောက်ကျခံပြီး သူ့ကို သွားမရှာဘူး"

ဟုတ်ပေသည်။ ချန်းရိုအာသည် ရဲ့ရှင်းချန် ရှေ့တွင် သူမ၏ တန်ဖိုးမရှိသည့် မာနအား ကာကွယ်နေဆဲ ဖြစ်ပေသည်။

အစောပိုင်း အချိန်များတွင် သူမသည် ရဲ့ရှင်းချန်အား အခွင့်အရေး အကြိမ်ကြိမ် ပေးခဲ့ကြောင်း ထင်ရှားသော်လည်း ရဲ့ရှင်းချန်၏ သဘောထားမှာမူ အေးစက်နေခဲံရုံသာမက သူမကိုပါ ပြန်လည်၍ လှောင်ပြောင် ချင်နေခဲ့သေးသည်။

သို့သော် လက်ရှိ အခြေအနေအရ...

ချန်းရိုအာ သိသိသာသာ တွန့်ဆုတ်နေမိသည်။

All Chapters