အခန်း (၂၆၂-၂၆၄)
Vol. 18 Ch. 262-264
ယွမ်ကျိုး အပိုင်း(၂၆၂)
စွန်းမင်က ရေညှိစွပ်ပြုတ်ကို သောက်နေရင်း တစ်စုံတစ်ယောက် ပြောလိုက်သော အသံကို အလွယ်တကူ ကြားနိုင်သည်။
“ငါ့ညီအစ်ကိုလို ခင်ရတဲ့ သူငယ်ချင်းရဲ့ဟင်းချက်စွမ်းရည် အပြစ်ပြောစရာ မရှိဘူး။ အခုလိုဈေးနှုန်းနဲ့ စားရတာ ကံကောင်းတယ်လို့ မှတ်ယူလိုက်တော့”
စွန်းမင်က သေချာဟန်အမူအရာဖြင့် စကားပြောသည်။
“သူနဲ့မင်းက ညီအစ်ကိုတွေလား” မုတ်ဆိတ်က ဟင်းလျာအရသာထက် တခြားကိစ္စကို စပ်စုနေသည်။
“ဒါပေါ့။ ဟင်းချက်နေတဲ့လူကိုလည်း ကြည့်စမ်းပါဦး။ နတ်ဘုရားတစ်ပါးလို ဟင်းချက်နေတဲ့လူက ငါ့ညီအစ်ကိုပဲ” စွန်းမင်က မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသော ယွမ်ကျိုးကို လက်ညှိုးထိုကာ ဂုဏ်ယူဝင့်ကြွားသော အမူအရာကို ဖော်ပြသည်။
“အို့စ် တကယ်လား။ သူ့ပုံစံကိုကြည့်ရတာတော့ ဟင်းချက်ကောင်းမယ့်ပုံပဲ” မုတ်ဆိတ်ကလည်း အစားအသောက်ဝါသနာရှင် ဖြစ်ပုံပေါ်သည်။
“ဒါပေါ့ ဟုတ်တာပေါ့။ ဟင်းပွဲတွေလာချရင် အရသာကို မြည်းကြည့်လိုက်တော့။ ဒါမှ ငါ့စကားကို ပိုယုံကြည်သွားလိမ့်မယ်။ ငါ့ညီအစ်ကိုရဲ့ဟင်းချက်လက်ရာကောင်းလွန်းလို့ သွန်ပစ်ရတဲ့ အမှိုက်တစ်စတောင် မရှိဘူး။ နောက်ပြီး ငါ့ညီအစ်ကို ထမင်းကြော်ရင် ထမင်းစ တစ်စတောင် ဒယ်အိုးအပြင်ကို ပြုတ်ကျတာ မရှိဘူး” စွန်းမင်က ဒယ်ဒိုးနား ပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြသည်။
မီးဖိုချောင်နှင့် အနီးဆုံးထိုင်ခုံရှည်က ယွမ်ကျိုး၏မီးဖိုခန်းကို ရှင်းရှင်းလင်းလင်း လေ့လာနိုင်သည်။
“သူက တကယ်အံ့မခန်းပဲ”မုတ်ဆိတ်ကလည်း ရံဖန်ရံခါ ဟင်းချက်လေ့ရှိသည့်အတွက် ယွမ်ကျိုး၏မီးဖိုချောင်ကို ကြည့်ပြီး ချီးမွမ်းမိသည်။
“ခင်ဗျားက ဒီဆိုင်ကို ပထမဆုံးအကြိမ် လာဖူးတာထင်တယ် ဟုတ်တယ်မလား” စွန်းမင်က ၎င်းပြောခဲ့ဖူးသောစကားကို ပြန်လည်အမှတ်ရရင်း အလိုက်သင့် မေးမြန်းလိုက်သည်။
“အစားအသောက်မြေပုံက မိတ်ဆက်စာကပို ဖတ်ခဲ့တယ်။ အဲဒီက ဆွေးနွေးပွဲတွေက ဒီဆိုင်ကို လာဖို့ ညွှန်ကြတယ်”
မုတ်ဆိတ်က လေးလေးနက်နက် ရှင်းပြသည်။
“ဒီလိုကိုး၊ အစားအသောက်မြေပုံမှာ ညွှန်တဲ့သူက ငါ့ညီအစ်ကိုပဲ ဖြစ်လိမ့်မယ်။ ခဏနေရင် ဟင်းလျာအရသာကို မြည်းကြည့်လိုက်ပါ။ မင်းရဲ့လျှာကိုတော့ သတိထားပေါ့။ လျှာအပူမလောင်စေနဲ့ဦး”
စွန်းမင်က ပြုံးရွှင်စွာ ပြောသည်။
“ဪ” မုတ်ဆိတ် တွေဝေသွားသည်။
“အလောတကြီး မမြိုချနဲ့” အားရပါးရ ရယ်မောပြီးနောက် စွန်းမင်က မော်ကြွားစွာ ပြောသည်။
“အဲလိုတော့ မလုပ်ပါဘူး” မုတ်ဆိတ်ကလည်း ပြုံးပြီး ခေါင်းခါသည်။
သူက နေရာပေါင်းစုံ သွားရောက်လည်ပတ်ပြီး စားကောက်းသောက်ဖွယ်မျိုးစုံကို မြည်းစမ်းဖူးသည်။ စားသောက်ဆိုင်က လူတော်တော်များသည့်တိုင် သူ့လျှာသူ ကိုက်မိသည့်အထိ အငမ်းမရ မစားသောက်ဟု သူ့ကိုယ်သူ ယုံကြည်မိသည်။
“အစားအသောက်တွေ စားကြည့်ပြီးမှ ခင်ဗျား နားလည်လိမ့်မယ်” စွန်းမင်က သူနှင့် လုံးဝ မငြင်းခုန်ချင်ပေ။
ယွမ်ကျိုးက ပိုပို၍ လျင်မြန်စွာ ချက်ပြုတ်နေသည်။ ထို့ကြောင့်လည်း မုတ်ဆိတ် မှာယူထားသော အစားအသောက်များက သိပ်မကြာခင်မှာပင် အဆင်သင့် ဖြစ်သွားပြီး ပုံမှန်အတိုင်းပင် ကျိုးကျာက ဖောက်သည်ဆီ သယ်ဆောင်သွားပေးသည်။
“လူကြီးမင်း မှာယူထားတဲ့ ဟင်းလျာတွေပါ။ သုံးဆောင်ပါရှင့်” သူ မှာယူထားသော ဟင်းလျာများကို စားပွဲခုံပေါ် တင်ပေးပြီးနောက် ကျိုးကျာက ပြုံးလိုက်သည်။
“အိုကေ။ ကျေးဇူးပဲ” မုတ်ဆိတ်က ယဉ်ယဉ်ကျေးကျေး ကျေးဇူးတင်စကား ပြောလိုက်သည်။
ထို့နောက် ကျိုးကျာက တခြားဖောက်သည်များကို နှုတ်ဆက်သည်။
“မင်းရဲ့ဟင်းလျာတွေကို မြည်းလို့ရပြီ။ စားတော့မှာဆိုတော့ ခင်ဗျားကို မနှောင့်ယှက်တော့ဘူး” စွန်းမင်က ခပ်ပြုံးပြုံး စကားပြောသည်။
“အိုကေ” ထိုနည်းတူစွာပင် မုတ်ဆိတ်က သူ့ကို ခေါင်းညိတ်ပြသည်။ ထို့နောက် သူက အစားအသောက်များကို မြည်းကြည့်သည်။
စွန်းမင်က သူ မှာထားသော အစားအသောက်ကို ကာကွယ်ရမည့် တာဝန်ရှိသည်။ KFCက သားကောင်လိုက်နေသည့် သားရဲမျက်ဝန်းများဖြင့် သူ့အစားအသောက်ကို ကြည့်နေ၍ အချိန်မရွေး လုယူသွားနိုင်သည်။
မုတ်ဆိတ်က အစားအသောက်များကို စားကြည့်ပြီးမှသာ စွန်းမင် ဆိုလိုချင်သည့် သဘောကို နားလည်သွားသည်။
ပူစပ်စပ် အမဲသားလွှာဟင်းကို စားကြည့်ပြီးမှသာ သူ့လျှာက ပူစပ်ပူလောင် အရသာကို ခံစားရသည်။ ယုန်သားလွှာဟင်းကလည်း မာကြောမှုမရှိဘဲ နူးညံ့ မွှေးရနံ့သင်းနေသည်။ အထိုက်အလျောက် အငန်ဓာတ်ထည့်ထားပြီး လတ်ဆတ်သောကြောင့် အရသာ ကောင်းမွန်သည်။
“ဒီဟင်းကလည်း ထူးထူးဆန်းဆန်းလေးပဲ” ကြာဇံကို တူဖြင့်ညှပ်လိုက်သည်။
အမဲသားလွှာဟင်းလျာကဲ့သို့ တခြားသော ဟင်းလျာများက မူလအရသာ မပျက်ယွင်း၍ ထူးခြားမှု မရှိချေ။ သို့သော်ငြားလည်း ဝက်သားနုပ်နုပ်စင်း ကြာဇံက ဖန်တီးမှုထူးခြားသည်ဟု ခံစားမိသည်။
ဟင်းလျာတိုင်းက အရသာကောင်းမွန်လွန်းပြီး ထိပ်တန်းစားကောင်းသောက်ဖွယ်ဟု သတ်မှတ်နိုင်သည်။
“တို့ဟူးလည်း အရမ်းကောင်းတယ်။ အပြင်အဆင်ရော အရသာရော ကောင်းမွန်တယ်” မုတ်ဆိတ်က အထင်ကြီးလေးစားဟန် ပြောသည်။
ထို့နောက် သူက တိမ်တိုက်ကို လေတိုက်သွားသကဲ့သို့ ဟင်းလျာအားလုံးကို အငမ်းမရ စားသောက်သည်။ ပန်းကန်ပြားတိုင်းက ဆေးကြောထားသကဲ့သို့ ပြောင်လက်နေသည်။
“ကြိုက်ရဲ့လား။ အရသာရှိရဲ့လား” ဘေးနားထိုင်နေသည့် စွန်းမင်က အချီကြီးပြုံးကာ မေးမြန်းလာသည်။
သူက ချီးမွမ်းစကားများကို ကြားရရန် မျှော်လင့်ထားသည်။ မုတ်ဆိတ်က ခဏ မှင်သက်သွားပြီးနောက် သက်ပြင်းချလိုက်သည်။
“ဟူး”
“ဘာလို့လဲ အရသာကို မကြိုက်လို့လား” စွန်းမင် မျက်နှာမကောင်းချေ။
“အဲဒီလိုသဘောတော့ မဟုတ်ပါဘူး” မုတ်ဆိတ်က ချက်ချင်း ဖြေရှင်းသည်။
“ဒါဆိုရင် ဘာသဘောလဲ” စွန်းမင်က စပ်စုကြည့်သည်။
“ကောင်မလေး၊ ငါ့ကို ဖရဲသီးဖျော်ရည်တစ်ခွက်ပေးပါ” မုတ်ဆိတ်က ခွက်အလွတ်ကို ခါရင်း သူ့ဘေးနားက ကျိုးကျာကို ပြောသည်။
“ဘဏ်နဲ့လွှဲမယ်။ ငါ သိတယ်” ကျိုးကျာ မပြောခင် မုတ်ဆိတ်က စကားဖြတ်ပြောသည်။
ထိုမှသာ မုတ်ဆိတ်က စွန်းမင်ကို စကားပြန်ပြောနိုင်သည်။
“နောက်နောင် အဒီလိုအရသာရှိတဲ့ အစားအသောက်တွေ စားခွင့် မရှိတော့လို့ စိတ်မကောင်းဖြစ်မိတာပါ။ တကယ် နှမြောစရာကောင်းသလို မခံချိမခံသာ ဖြစ်မိတယ်”
“ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး။ နောက်တစ်ခေါက် လာစားနိုင်တာပဲ” စွန်းမင်က ပေါ့ပေါ့ပါးပါး မျက်နှာအမူအရာကို ဖော်ပြသည်။
“ငါက ဒီဒေသကို ခရီးထွက်လာတာလေ” မုတ်ဆိတ်က ခေါင်းခါသည်။
“ဒါဆိုရင်လည်း ဒီဒေသဆီ ခဏခဏ လာလည်လို့ရတာပဲ။ ဒီမြို့ကို နှစ်တိုင်း ခရီးသွားတွေ လာလည်တယ်” စွန်းမင်က အကြံပြုသည်။
“ငါက စည်းနဲ့ကမ်းနဲ့ နေတဲ့သူလေ။ လာလည်ဖူးတဲ့နေရာကို နှစ်ခါမလာဘူးလို့ ဆုံးဖြတ်ထားတယ်” မုတ်ဆိတ်က တည်ကြည်သောအမူအရာဖြင့် ပြောသည်။
သူ့အမူအရာက သူ့သူငယ်ချင်း ယွမ်ကျိုးနှင့်တူနေ၍ အံ့အားသင့်နေရသည်။
“သူဌေးယွမ်၊ ဆိုင်ခွဲဖွင့်ရင် မင်း လာစားနိုင်တာပဲ” ဘေးနားရှိနေသော KFCက အလိုက်သင့်ပြောဆိုသည်။
“အို့စ် ဟုတ်သားပဲ။ ဆိုင်ခွဲဖွင့်ရင် ရတာပဲ” မုတ်ဆိတ်က ရုတ်တရက် ထပြောသည်။
“သူဌေး၊ ကွမ်ကျိုးဘက်မှာ ဆိုင်ခွဲဖွင့်ဦးမလား” မုတ်ဆိတ်က သူ မရောက်ဖူးသေးသည့် မြို့နာမည်ကို ပြောလိုက်သည်။
“ခင်ဗျားက ကျုပ်ကို ဆိုင်ခွဲဖွင့်ဖို့ ပြောတာလား” ယွမ်ကျိုးက ခေါင်းလှည့်မကြည့်ဘဲ မေးမြန်းလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်၊ ကွမ်ကျိုး ဒါမှမဟုတ် လန်ကျိုးမှာ ဆိုင်ဖွင့်ရင် ပိုကောင်းမယ်”မုတ်ဆိတ်က ယွမ်ကျိုး၏စကားကို သံယောင်လိုက်ပြောသည်။
“အားနာပါတယ်။ ဆိုင်ခွဲဖွင့်ဖို့ မပြင်ဆင်ရသေးဘူး” ယွမ်ကျိုးက လေးနက်သော အမူအရာဖြင့် ငြင်းပယ်လိုက်သည်။
“အမ်” မုတ်ဆိတ် နှုတ်ဆိတ်သွားသည်။
တောင်းဆိုချက်များများ စုဆောင်းနိုင်ရန် အလို့ငှာ ယွမ်ကျိုးက မီးဖိုချောင်ထဲသို့ ပြန်ဝင်လိုက်ပြီး တခြားဟင်းလျာများကို ဆက်လက်ပြင်ဆင်သည်။ သူ့စိတ်ထဲ သူ့ဉာဏ်ရည်သူ ချီးမွမ်းမိသည်။
“ငါ့ညီအစ်ကိုကလည်း အရမ်းလက်ရာကောင်းသလို မင်းကလည်း သူ့လက်ရာကို နှစ်သက်တော့ အားလပ်ရင် လာအားပေးပေါ့။ စည်းမျဉ်းတွေကို လိုက်နာဖို့ မလိုအပ်ပါဘူး” ဘေးနားက စွန်းမင်က အကြံပြုသည်။
“ဟင့်အင်း ဒီနေရာကို နောက်တစ်ခေါက် ထပ်မလာနိုင်ဘူး” မုတ်ဆိတ်က တည်ငြိမ်စွာ ပြောသည်။
“ထူးဆန်းတဲ့ စည်းမျဉ်းပဲ” တကယ်တမ်း စွန်းမင်က သူ့ကို အူကြောင်ကြောင်ကောင်ဟု ပြောပစ်လိုက်ချင်သည်။ မသင့်လျော်၍ သူ ပြောချင်သော စကားလုံးများကို မြိုသိပ်လိုက်သည်။
“ဟူး၊ စားကောင်းသောက်ဖွယ်လေးတွေကို မြည်းစမ်းဖို့ကလည်း ခက်ခဲလိုက်တာ” မုတ်ဆိတ်က လေးကန်စွာ သက်ပြင်းချလိုက်ပြီး ဖရဲသီးဖျော်ရည်ကို ပလုံပလောင်း မြိုချလိုက်သည်။
“တကယ်လား။ ဒီမြို့ကို ထပ်မလာတော့ဘူးလား” စွန်းမင်က မုတ်ဆိတ်၏စည်းမျဉ်းလိုက်နာလွန်းသော အကျင့်ကို နားမလည်နိုင်ချေ။
“ဟင့်အင်း၊ ထပ်မလာတော့ဘူး” မုတ်ဆိတ် ခေါင်းညိတ်သည်။
စွန်းမင် နှင့် KFCက တစ်ယောက်မျက်နှာ တစ်ယောက် ငေးကြည့်ပြီး သူ့ကို ဖျောင်းဖျရန် ဆက်လက် မကြိုးစားတော့ပေ။
ထူးဆန်းနေသည့်တိုင် လူတိုင်းမှာ ကိုယ်ပိုင်ခံယူချက် တချို့ရှိနိုင်သည်။
အပိုင်း(၂၆၂)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၆၃)
မုတ်ဆိတ်က ဖရဲသီးဖျော်ရည်ကို သေချာအရသာခံ သောက်သည်။ အကုန်သောက်ပြီးမှသာ သူ့ခရီးဆောင်အိတ်ကို ယူဆောင်ပြီး ချက်ချင်း ထွက်သွားသည်။
ယွမ်ကျိုးကို စကားလုံးဝ မပြောသကဲ့သို့ လှည့်ပင် မကြည့်ခဲ့ချေ။
“လူထူးဆန်းပဲ” စွန်းမင် သက်ပြင်းချသည်။
“အူတိအူကြောင်ကြီးပါဟာ” KFCက လိုက်ပြောသည်။
“အေး၊ ငါတို့လည်း ပြန်ကြမယ်။ မဟုတ်ရင် ငါတို့ညီအစ်ကိုရဲ့စီးပွားရေးကို ထိခိုက်စေလိမ့်မယ်” စွန်းမင်က လက်ကို ဝှေ့ရမ်းလိုက်ပြီး KFCကို ပြောသည်။
“ရပြီ။ သွားကြစို့” KFCက ခေါင်းညိတ်ပြီး မတ်တတ်ရပ်လိုက်သည်။
“သံလိုက်အိမ်မြှောင်ရေ၊ ငါတို့ပြန်မယ်။ နောက်တစ်ခေါက်မှ ထပ်ဆုံကြတာပေါ့” စွန်းမင်က ယွမ်ကျိုးကို လှမ်းအော်သည်။
“အင်းပါ။ ဘိုင့်” ယွမ်ကျိုးက ပန်းကန်ပြားကို ဘန်းပေါ်တင်ပြီးနောက် လှမ်းအော်သည်။
ထို့နောက် စွန်းမင်တို့က ဆိုင်မှ ထွက်သွားကြသည်။ ယွမ်ကျိုးက ဆိုင်ဖွင့်ချိန်အတွင်း စကားပြောလေ့ မရှိ၍ ဖောက်သည်အားလုံးနီးနီးက ယွမ်ကျိုးကို ကြည့်နေကြသည်။
သို့သော်ငြားလည်း စွန်းမင်က KFCနှင့်အတူတူ ဆိုင်မှ ထွက်သွားပါပြီ။
“ဒီကောင်တွေက သူဌေးယွမ်ရဲ့သူငယ်ချင်းတွေလား” ဖောက်သည်အသစ်အားလုံးက စပ်စုသည်။
“ဟုတ်တယ်လေ။ သူက သူဌေးရဲ့ညီအစ်ကို” သူတို့နောက်ဘက်မှ ချိုသာသော ကလေးသံလေးကို ကြားရသည်။ အသံပိုင်ရှင်က မုရှောင်ယွမ် ဖြစ်သည်။
“ဝိုး၊ ရှောင်ယွမ်ပဲ။ မတွေ့ရတာကြာပြီနော်” ရင်းနှီးနေသူများက သူမကို အပြုံးဖြင့် နှုတ်ဆက်ကြသည်။
“အွန်း၊ ကျောင်းဖွင့်နေပြီလေ။ ကျောင်းတက်တာ မကြာသေးဘူး” မုရှောင်ယွမ်က သူ့အစ်ကို မုရှောင်ကျဲနှင့်အတူတူ ဆိုင်ထဲသို့ ဝင်လာသည်။
“စာတွေလေ့လာရတာ ဘယ်လိုလဲ။ စာတွေက ခက်လား” ပုံမှန်ဖောက်သည်များက မုရှောင်ယွမ်ကို တူမလို သဘောထား၍ ရင်းရင်းနှီးနှီး ပြောဆိုကြသည်။
“မခက်ခဲပါဘူး။ သမီးရဲ့အစ်ကိုနဲ့အတူတူ ဒီဆိုင်မှာ ညစာ လာစားတာပါ” မုရှောင်ယွမ်က သွက်လက်စွာ ပြန်ဖြေသည်။
“ဟုတ်ပါပြီ။ ငါက စားလို့ပြီးတော့မယ်။ ငါ့ထိုင်ခုံနေရာကို ယူလိုက်လည်း ရတယ်နော်” သူမနှင့်ရင်းနှီးနေသူက ထိုင်ခုံဖယ်ပေးသည်။
“ကျေးဇူးတင်ပါတယ် ဦးဦး” မုရှောင်ယွမ်တို့မောင်နှမက ကျေးဇူးတင်စကားပြောသည်။
“မလိုပါဘူးကွာ။ ဦးလေးတို့ပြန်မယ်” ဖောက်သည်နှင့် သူ့သူငယ်ချင်းက ဆိုင်အပြင်သို့ ထွက်သည်။
တချို့ဖောက်သည်များက ဒွိဟဖြစ်နေသည်။
“နွေရာသီကျောင်းပိတ်ရက်တုန်းက ဒီဆိုင်မှာ နှစ်လ အလုပ်လုပ်ဖူးတယ်” မုရှောင်ယွမ် ရှင်းပြသည်။
ထိုမှသာ ကောင်မလေးကို လူအများစု နှုတ်ဆက်နေရသည့် အကြောင်းအရင်းကို နားလည်သွားသည်။
ကျိုးကျာကလည်း သူမတို့မောင်နှမကို ပျူငှာစွာ လာရောက်နှုတ်ဆက်သည်။
“မင်းတို့နှစ်ယောက် ဘာများသုံးဆောင်ချင်ပါသလဲ”
“အစ်ကို အရင်ဆုံး ရွေးချယ်လေ” မုရှောင်ယွမ်က သူ့အစ်ကိုမုရှောင်ကျဲကို ပြောသည်။
“အစ်ကိုက ကြက်ဥထမင်းကြော် စားချင်တယ်။ ညီမလေးက ဘာစားချင်လဲ” မုရှောင်ကျဲက သူတို့ယူလာသော ငွေကို အကြမ်းဖျင်း ခန့်မှန်းပြီး ချင့်ချိန်ပြောသည်။
“ညီမလေးက ခေါက်ဆွဲစားချင်တယ်” ခဏတွေးကြံပြီးနောက် မုရှောင်ယွမ်က မဝံ့မရဲပြောသည်။
“ရတာပေါ့။ ဒီတစ်ခါ ကိုကို ဝယ်ကျွေးမယ်” မုရှောင်ကျဲက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်သည်။ ငွေလောက်ငှသွား၍ ကံကောင်းသွားသည်။
“အစ်မကြီး၊ ကျွန်တော်တို့ကို ကြက်ဥထမင်းကြော် နဲ့ ခေါက်ဆွဲပြုတ်ပေးပါ။ ဒါပဲ” မုရှောင်ကျဲက ကျင်လည်စွာ အော်ဒါတင်လိုက်သည်။
“အိုကေ၊ ခဏစောင့်ပေးပါ” ကျိုးကျာက အပြုံးဖြင့် ပြန်ဖြေပြီး ယွမ်ကျိုးကို ဟင်းလျာ သတင်းပို့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် မုရှောင်ယွမ်တို့မောင်နှမ နှစ်ယောက်စလုံး ဆိုင်ရောက်လာသည်။ သူတို့အမေက ခရီးထွက်သွား၍ သူ ခရီးမသွားခင် မုရှောင်ယွမ်ကို အဖေအိမ်လာပို့ခဲ့သည်။ သူ့အဖေကလည်း အလုပ်အချိန်ပိုဆင်းနေရသည်။ ထို့ကြောင့် ကလေးနှစ်ယောက်ကို ငွေပေးခဲ့၍ ဆိုင်မှာလာစားခြင်း ဖြစ်သည်။
ဉာဏ်များသောအစ်ကိုရှောင်ကျဲက ဂိမ်းကစားရန် ငွေတချို့ အလွဲသုံးစားလုပ်ထားခြင်းကို မုရှောင်ယွမ် မသိခဲ့ပေ။
“ကိုကို၊ ဖေဖေက ညီမလေးတို့ကို ငွေလုံလုံလောက်လောက် ပေးခဲ့ရဲ့လား” မုရှောင်ယွမ်က စိုးရိမ်တကြီး မေးမြန်းသည်။
“မစိုးရိမ်ပါနဲ့။ မလောက်ရင် ကိုကိုရဲ့ပိုက်ဆံ ထုတ်သုံးမှာပေါ့။ ညီမလေးရဲ့ငွေကို မသုံးရက်ပါဘူး” မုရှောင်ကျဲက ရက်ရက်ရောရော ပြောသည်။
“ကျေးဇူးတင်ပါတယ် ကိုကို” မုရှောင်ယွမ်က ချိုသာစွာ ပြုံးသည်။
“အွန်း” မုရှောင်ကျဲက သူ့ငွေထုတ်သုံးသကဲ့သို့ မာန်ပါပါ ထိုင်လိုက်သည်။ ခဏကြာပြီးနောက် ယွမ်ရှောင်ကိုယ်တိုင် အစားအသောက်များ လာပို့ပေးသည်။
“မင်းတို့မှာထားတဲ့ အစားအသောက်တွေ ရပါပြီ” ဟင်းလျာများချပေးပြီးသည့်တိုင် ယွမ်ကျိုးက ချက်ချင်း မထွက်သွားပေ။
“ကျေးဇူးတင်ပါတယ် သူဌေး” မုရှောင်ယွမ်က ယွမ်ကျိုးကို ထပ်တွေ့ခွင့်ရသောအခါ အရမ်းဝမ်းသာသွားသည်။ ဤဆိုင်မှာ အလုပ်လုပ်ခဲ့စဉ်က ယွမ်ကျိုးသည် သူမကို ကောင်းမွန်စွာ ပြုမူခဲ့သည်။
“ကြိုဆိုပါတယ်။ မတွေ့ရတာကြာပြီနော်” ယွမ်ကျိုးက မပွင့်တပွင့် ပြောလိုက်သည်။
"ဟုတ်၊ ဒီဆိုင်ရဲ့အစားအသောက်တွေရဲ့မွှေးရနံ့ကို မရတာကြာပြီ။ ဒါကြောင့်မို့ ဒီဆိုင်မှာ လာစားတာလေ" မုရှောင်ယွမ်က အတော်လေး ပျော်ရွှင်နေသည်။
"စာလိုက်နိုင်ရဲ့လား" တခြားလူများကဲ့သို့ ယွမ်ကျိုးက သူမ၏ပညာရေးကို မေးမြန်းလိုက်သည်။
"မစိုးရိမ်နဲ့ သူဌေး၊ သမီး အမှတ်ကောင်းကောင်း ရပါတယ်" မုရှောင်ယွမ်က လေးနက်စွာ ခေါင်းညိတ်သည်။
"ကောင်းတာပေါ့၊ ဒါဆိုရင် ဟင်းလျာရဲ့အရသာကို မြည်းကြည့်တော့" မုရှောင်ယွမ်ထံမှ ကျေနပ်သောအဖြေကို ကြားရပြီးနောက် ယွမ်ကျိုးက မီးဖိုခန်းဘက် ပြန်သွားသည်။
"သူဌေးယွမ်ရဲ့စိတ်သဘောထားက မဆိုးဘူးပဲ" မုရှောင်ကျဲ စိတ်အေးသွားသည်။
"ဒါပေါ့ သူ့စိတ်သဘောထားက မဆိုးရှာပါဘူး သူက အရမ်းသဘောကောင်းတယ်" မုရှောင်ယွမ်က ယွမ်ကျိုးကို ကာကွယ်သော စကားမျိုး ချက်ချင်းပြောသည်။
"ကိုကို သိပါတယ်။ ဒါပေမဲ့ သူဌေးယွမ် စကားအများကြီးပြောတာကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ" မုရှောင်ကျဲက အံ့ဩသော အမူအရာကို ဖော်ပြသည်။
"အဲလို မဟုတ်ဘူး။ သူဌေးက တကယ် စိတ်သဘောထားကောင်းတယ်။ ဒီ့ပြင် သူက အတော်လေး စေ့စပ်သေချာတယ်" မုရှောင်ယွမ်က အခိုင်အမာပြောဆိုသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးသော အတွေ့အကြုံကို ပြန်လည်မြင်ယောင်ပြီး သူ့မျက်နှာတွင် အပြုံးလေး ပေါ်လွင်လာသည်။
"အေးတိအေးစက်ရုပ်ပေါက်နေလို့ ဖြစ်မယ်။ ဒါကြောင့်မို့ စိတ်သဘောထား မကောင်းလောက်ဘူးလို့ ကိုကို ထင်မိတာ" မုရှောင်ကျဲက အလုပ်လျှောက်ခဲ့သည့် အချိန်ကသာ ယွမ်ကျိုးကို မြင်ခဲ့ဖူး၍ ယွမ်ကျိုးအကြောင်းကို သေချာမသိပေ။
"ညီမလေးရဲ့သူဌေးက တခြားသူတွေနဲ့ စကားပြော သိပ်အဆင်မပြေတာလို့ ညီမလေး ခံစားမိတယ်"
တချို့ကိစ္စရပ်များတွင် ယွမ်ကျိုးက လေးနက်သော အမူအရာဖြင့် သက်ဆိုင်မှု မရှိသည့် စကားလုံးများဖြင့် တုံ့ပြန်လေ့ရှိသည်။ ထိုအခါ မုရှောင်ယွမ်က သူ မသိအောင် ကျိတ်ရယ်ခဲ့ဖူးသည်။
"အခုတော့ သူ့အကြောင်း ဆက်မပြောနဲ့တော့ စားစရာရှိတာ စားကြမယ်။ ကိုကို ဗိုက်ဆာနေပြီ"
ဟင်းလျာများ၏မွှေးရနံ့ကို ရှုရှိုက်ရင်း မုရှောင်ကျဲက တခြားကိစ္စများကို စိတ်မဝင်စားနိုင်ချေ။ သူက တူကို ယူလိုက်ပြီး သူ့ညီမကို တိုက်တွန်းသည်။
"အင်းပါ" ခေါင်းညိတ်ပြီးနောက် မုရှောင်ယွမ်လည်း အစားအသောက်များကို စတင်မြည်းစမ်းသည်။
ညနေခင်းဆိုင်ပိတ်ရန် ၁၀မိနစ်သာ ကျန်ရှိတော့၍ ရှန်မင်က စားသောက်ဆိုင်ထဲ ဝင်ရောက်လာသည်။
"ဒီနေ့ အစောကြီးရောက်နေပါလား" ကျိုးကျာက တအံ့တဩ မေးမြန်းသည်။
"ဒီနေ့အတန်းချိန် သိပ်မများလို့ပါ" ရှန်မင်က ခေါင်းညိတ်ပြန်ဖြေသည်။
"ငါတို့တွေ အလုပ်အတူတူ လုပ်မလား" ကျိုးကျာက မေးမြန်းသည်။
"ဒါပေါ့ ရတယ်လေ" ရှန်မင်က ချက်ချင်း သဘောတူလိုက်သည်။
ခဏလေးအတွင်း ၁၀မိနစ် ကုန်ဆုံးသွားသည်။
ပုံမှန်အတိုင်း ယွမ်ကျိုးက ဆိုင်ပိတ်ကြောင်း ကြေညာသည်။ မုရှောင်ယွမ် နှင့် မုရှောင်ကျဲမှလွဲ၍ တခြားသူအားလုံး ဆိုင်မှ ထွက်သွားပြီး ကျိုးကျာ နှင့် ရှန်မင်တို့က အလုပ်ချိန်လဲကြသည်။
"စားလို့မပြီးသေးဘူးလား" ယွမ်ကျိုးက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
"သမီးက စားလို့ပြီးပြီ။ ဆိုင်မှာ ခဏထိုင်ချင်လို့ပါ" မုရှောင်ယွမ်က ကျီစယ်သောအမူအရာဖြင့် စကားပြောသည်။
"အိုကေ၊ ဒါပေမဲ့ ဒီမှာ အကြာကြီးမနေနဲ့" ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီးနောက် စားလို့ကုန်ခါနီးသော မုရှောင်ကျဲကို ကြည့်သည်။
ကျိုးကျာ ထွက်သွားပြီးနောက် ခဏအကြာမှာ စားသောက်ဆိုင်က တိတ်ဆိတ်သွားသည်။ ယွမ်ကျိုးက စားသောက်ဆိုင်၏မီးဖိုခန်းကို ရှင်းလင်းနေသည်။
ခဏတုံ့ဆိုင်းပြီးနောက် ရှန်မင်က သူ့အနားရောက်လာပြီး စကားပြောသည်။
"သူဌေး၊ မနေ့ညတုန်းက ကျွန်မကို လာခေါ်ပေးဖို့ အစ်မကျန်းကို ဖုန်းဆက်လိုက်တာလား"
ရှန်မင် ကျေးဇူးတင်စကားပြောချင်၍ ဆိုင်သို့ စောစောရောက်လာခြင်း ဖြစ်သည်။
"ဟုတ်တယ်။ ဖုန်းဆက်ပေးလိုက်တာ။ အငှားကားခေါ်တဲ့ဝန်ဆောင်မှုကို မသုံးခဲ့လို့ မင်းရဲ့လစာထဲက မဖြတ်ပါဘူး"
ယွမ်ကျိုးက ခေါင်းညိတ်သည်။
"ကျေးဇူးတင်ပါတယ် သူဌေး" ရှန်မင်က ယွမ်ကျိုး၏ပြောပုံဆိုပုံကို ကျင့်သားရနေပြီသား ဖြစ်သည်။
ထို့နောက် စားသောက်ဆိုင်က ထပ်တိတ်ဆိတ်သွားသည်။ ထိုစဉ် မုရှောင်ကျဲက သူ့ပန်းကန်းပြားထဲ နောက်ဆုံးကျန်သော ထမင်းစေ့ကို ကုန်အောင်စားလိုက်သည်။
"သူဌေး၊ သမီးတို့ပြန်တော့မယ်" မုရှောင်ယွမ်က ယွမ်ကျိုးကို နှုတ်ဆက်ပြီး သူ့အစ်ကို၏လက်ကို ဆွဲလိုက်သည်။
"ဂရုစိုက်ပါ" ယွမ်ကျိုးက မီးဖိုချောင်ထဲမှ မတ်တတ်ရပ်နေပြီး သူတို့ကို ဆိုင်ပြင်လိုက်ပို့မည့် ရည်ရွယ်ချက် မရှိပေ။
ယွမ်ရှောင်က မီးဖိုချောင်ဘက် လှည့်သွားစဉ် မုရှောင်ယွမ်က ရှန်မင်ကို တိုးတိုးလေး စကားပြောသည်။
"..."
အပိုင်း(၂၆၃)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၆၄)
ရှန်မင်၏ရှက်ကိုးရှက်ကန်း အမူအရာကို မြင်ရ၍ မုရှောင်ယွမ်က သူ့အစ်ကိုကို အရင်ဆုံး ပြန်ခိုင်းပြီး သူက ရှန်မင်နှင့် စကားပြောကြည့်သည်။
"အစ်မကြီး၊ သူဌေးယွမ် ပြောချင်တဲ့ သဘောက ညပိုင်းပြန်ရင် တက္ကစီ ငှားစီးသွားလည်းရတယ်။ ဒါမှမဟုတ် စောစောပြန်ဆိုတဲ့ သဘောမျိုး ပြောတာပါ"
ထိုစကားကိုပြောပြီးနောက် မုရှောင်ယွမ်က မျက်စပစ်ပြသည်။
"တကယ်လား" ရှန်မင်က သံသယဝင်နေသေးသည်။
"တကယ်ပြောတာ။ နွေရာသီကျောင်းပိတ်ရက်တုန်းကလေ
ညီမလေးက ဒီဆိုင်မှာ ၂လ အလုပ်လုပ်ဖူးတယ်" မုရှောင်ယွမ်က လေးလေးနက်နက် ပြောဆိုသည်။
ထိုမှသာ ရှန်မင်က သူမ၏စကားကို ယုံကြည်သွားသည်။ သူက မရေရာသော ခံစားချက်ဖြင့် ယွမ်ကျိုးကို ကြည့်လိုက် မုရှောင်ယွမ်ကို ကြည့်လိုက် လုပ်နေသည်။
“ဒါဆိုရင် ညီမ ပြန်တော့မယ် အစ်မကြီးရေ ဘိုင့်” ရှန်မင်၏မျက်နှာအမူအရာ ကြည်လင်သွား၍ သူမက စားသောက်ဆိုင်အပြင်ဘက်သို့ ပြေးထွက်သွားပြီး သူ့ကိုကိုနား အမှီလိုက်သည်။
ယွမ်ကျိုးက ညပိုင်းဆိုင်ဖွင့်ခြင်းဖြင့် အလုပ်ရှုပ်နေစဉ် အလုပ်ဆင်းသွားသော ကျိုးကျာ၏မျက်နှာ မရွှင်လန်းချေ။
ကျိုးကျာက လိုင်းကားပေါ်တက်လိုက်ပြီး ညဘက်အတန်းတက်ရန် ပြင်ဆင်နေစဉ် သူမ၏ဖုန်း မြည်လာသည်။
ဖုန်း၏မျက်နှာပြင်ပေါ်တွင် လိဖန်ဟူသော စကားလုံးနှစ်လုံးကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။
“ဒီလူက ဘာအကြောင်းကိစ္စရှိလို့ ငါ့ကို ဖုန်းဆက်နေတာလဲ” ကျိုးကျာက မျက်မှောင်ကြုတ်ကာ ခဏတွေးကြံပြီးမှ ဖုန်းကိုင်လိုက်သည်။
“ကျာကျာ၊ ဖုန်းကိုင်တာ နှေးလွန်းတယ် ဘယ်လိုဖြစ်ရတာလဲ” ဖုန်းကိုင်လိုက်သည်နှင့် စိတ်မရှည်ဟန် အမျိုးသား၏အသံကို ကြားနိုင်သည်။
အသံက ကြည်လင် ရှင်းလင်းသည်။ သို့သော်ငြားလည်း ပြောလိုက်သည့် စကားလုံးများက နားဝင်မချိုချေ။
“ဘာကိစ္စရှိလို့လဲ” ကျိုးကျာက ကြော့ကြော့လေး ပြန်ဖြေသည်။ သူမက ခပ်တန်းတန်းအမူအရာဖြင့် စကားပြောနေ၍ သူမ၏စင်ရော်တောင် မျက်ခုံးလေးများက ကြုတ်နေသည်။
“အကြောင်းကိစ္စမရှိရင် ကိုယ်က မင်းကို ဖုန်းမခေါ်ရဘူးလား။ ကောလိပ်မှာ ညဘက်အတန်းတက်တာ အဆင်ပြေရဲ့လား” အမျိုးသားက ခပ်ပေါ့ပေါ့လေသံဖြင့် အထိုက်အလျောက် မေးမြန်းသည်။
“စကားဆက်မပြောနိုင်တော့ဘူး။ ငါ အတန်းတက်တော့မယ်” ထိုစကားကိုပြောပြီးနောက် သူမက ဖုန်းချရန် ဟန်ပြင်သည်။
“နေပါဦး။ ငါတို့ဌာနမှာ အလုပ်လာလုပ်ချင်လား မေးမလို့ပါ။ ငါက အေးခဲအစားအသောက် ဌာနရဲ့မန်နေဂျာ ရာထူးတိုးသွားပြီ” သူက ဘဝင်မြင့်နေသည့် လေသံဖြင့် စကားပြောလာသည်။
“မလိုအပ်တော့ဘူး။ ငါ အလုပ်ရသွားပြီ။ စားသောက်ဆိုင်မှာပဲ အလုပ်ရတယ်” ကျိုးကျာက ချက်ချင်း ငြင်းလိုက်သည်။
“ဘယ်လို အလုပ်ကောင်းကောင်းမျိုးကို မင်းက ရှာတွေ့သွားတာလဲ။ အလုပ်ချိန် မများဘူးလား။ ငါက ကြယ်လေးပွင့်ဟိုတယ်မှာ အလုပ်လုပ်နေတယ်ဆိုတာ မင်း သိသင့်တယ်နော်” ထိုစကားကို ပြောလိုက်စဉ် ၎င်းအမျိုးသား၏လေသံတွင် မော်ကြွားသော ခံစားချက်ကို ခံစားမိသည်။
သို့သော်လည်း ဤလေသံကြောင့် သူ့ကို စိတ်ထဲ ပိုချဉ်မိသည်။
“အဲတော့ ဘာဖြစ်လဲ။ ငါ့သူဌေးက နင်တို့ဟိုတယ်ရဲ့စားဖိုမှူးထက်တောင် ဟင်းချက်ကောင်းသေးတယ်” ထေ့ငေါ့ဟန် ရယ်မောပြီ’နောက် ကျိုးကျာက အခိုင်အမာ ပြောဆိုသည်။
“ကျိုးကျာ မင်း ဒီလိုလာပြောလို့မရဘူး။ ငါတို့ဟိုတယ်ရဲ့ စားဖိုမှူးခေါင်းဆောင်က ပထမတန်းစား စားဖိုမှူးပဲ အနုပ်စုတ်ဂုတ်စုတ် စားသောက်ဆိုင်မှာ ဟင်းချက်တဲ့လူက ငါတို့စားဖိုမှူးကို ယှဥ်နိုင်ပါ့မလား” သူ စကားပြောသည့်လေသံက မသတီစရာကောင်းလွန်းသည်။
“နင်က ငါ့ကို မယုံကြည်တာလား။ ဒါဆိုရင် နင့်ဘာသာနင် ငါတို့ဆိုင်ရဲ့အရသာကို လာမြည်းကြည့်လေ။ ငါတို့ဆိုင်က ဟင်းလျာတွေကို ဝယ်စားဖို့ တတ်နိုင်ရဲ့လား” ကျိုးကျာက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ဟားဟား၊ မင်းတို့လို စားသောက်ဆိုင်လေးက ဘယ်လောက်များ ဈေးကြီးတဲ့ဟင်းလျာကို ရောင်းနိုင်မှာမို့လဲ။ လေကြီးလေကျယ် လာပြောနေတယ်။ မနက်ဖြန် အဲဒီဆိုင်ကို လာခဲ့မယ်” ၎င်းက အထိုက်အလျောက် ပြန်ပြောသည်။
“ဝယ်မစားနိုင်ရင်တော့ ငါ့ကို အပြစ်လာမတင်နဲ့နော်။ ငါ အတန်းတက်တော့မယ်” ကျိုးကျာက သူ ဆင်းမည့် ကားမှတ်တိုင်ရောက်သည်နှင့် ဖုန်းချလိုက်သည်။
“ငါ့ဖုန်းထဲ ဆိုင်လိပ်စာ ပို့ပေး” တစ်ဖက်လူ၏စကားသံ အဆုံးမသတ်ခင် ဖုန်းချလိုက်ခြင်းဖြစ်သည်။
ယွမ်ကျိုး၏ဆိုင်လိပ်စာကို ၎င်းထံမပို့ခင် ကျိုးကျာ တွေဝေနေခဲ့သည်။ သူ့လို မောက်မာသူကို ယခုလို တုံ့ပြန်ခြင်းက အကြံကောင်း မဟုတ်သော်လည်း သူ့ကို လုံးဝ ကြည့်မရချေ။
၎င်း၏အမည်က လိဖန်ဖြစ်ပြီး ကျိုးကျာနှင့် ဒိတ်လုပ်ဖူးသည်။ ကျိုးကျာက သူ့ကို ယဥ်ယဥ်ကျေးကျေး ငြင်းခဲ့ဖူးသည်။ သို့တိုင် လိဖန်က သူ့ကိုယ်သူ သူမနှင့်လိုက်ဖက်သူဟု အမြဲလိုလို တွေးတောပြီး သူမကို နှစ်သက်နေခဲ့သည်။
သူမဘက်က အကြိမ်ကြိမ် ငြင်းခဲ့သည့်တိုင် လိဖန်က လက်မခံဘဲ သူမကို စိတ်အနှောင့်ယှက်ပေးခဲ့သည်။ သူ့ကိုယ်သူ မော်ကြွားလွန်းနေသည့် လိဖန်ကို သူဌေးယွမ်က သင်ခန်းစာကောင်းကောင်းပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။
နာမည်ကြီးဟိုတယ်ကို အနိုင်ယူခဲ့ပြီး ဟင်းလျာဈေးနှုန်းက ကြေးများလွန်းသည့်တိုင် တန်းစီစောင့်နေသော ဖောက်သည်များစွာ ရှိနေခြင်းက ယွမ်ကျိုး၏လက်ရာ ကောင်းမွန်သည့် သဘောဖြစ်သည်။
မနက်ဖြန် လိဖန် ဆိုင်ရောက်လာလျှင် သူဌေးယွမ်က သူ့ကို နှိမ့်ချစွာ ဆက်ဆံတတ်အောင် သင်ပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။
ထို့နောက် ကျိုးကျာက ယုံကြည်မှုအပြည့်ဖြင့် အတန်းတက်သည်။ နေ့နှင့်ည ပြောင်းလဲသွားပြီး နောက်တစ်နေ့ မနက်ခင်းတွင် ယွမ်ကျိုးက အိပ်ရာမှထပြီး ဆိုင်မဖွင့်ခင် လမ်းလျှောက်ထွက်သည်။ မနက်စာ မစားချိန် လုပ်နေကျ အပြုအမူဖြစ်၍ ထူးခြားမှု မရှိပေ။
ယွမ်ကျိုးက မစ်ရှင်ပြီးမြောက်ရန်အတွက် စကားပြောစွမ်းရည် လေ့ကျင့်သင့်ကြောင်းကိုသာ တွေးကြံနေသည်။ သူ့ကို စိန်ခေါ်သည့်အနေဖြင့် တစ်စုံတစ်ယောက်က သူ့ဆိုင်ရောက်လာလိမ့်မည််ဟု မတွေးထားချေ။
ဖောက်သည်များက ပုံမှန်အတိုင်း များပြားနေသည်။ ယွမ်ကျိုးကလည်း မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသည်။
“သူဌေးယွမ်၊ ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ”
“ဝက်သားနုပ်နုပ်စဉ်း တို့ဟူးပေါင်း နဲ့ ရိုးရာဆန်မုန့်ထဲက တစ်မျိုး ထည့်ပေးပါ”
“ဝက်သားကြာဇံကြော် နဲ့ ဆန်မုန့်တစ်ပွဲပေးပါ သူဌေးယွမ်”
တစ်ယောက်ပြီးတစ်ယောက်၏ အော်သံများကြောင့် စားသောက်ဆိုင်လေးက အသက်ဝင်နေသည်။
ကျိုးကျာပို့ထားသော လိပ်စာအတိုင်း လိဖန်က ဆိုင်သို့ ထွက်လာပြီး ဆိုင်ကို ဝေဖန်ရန် ဆုံးဖြတ်ထားသည်။ မည်သို့ပင်ဆိုစေကာမူ သူက ကြယ်လေးပွင့်ဟိုတယ်၏ အေးခဲဌာန မန်နေဂျာဖြစ်သည်။ သူ့အတွက် ယခုလို ဝေဖန်ခြင်းအလုပ်က လွယ်ကူသည်။
အင်္ဂါနေ့ နေ့ခင်းဆိုင်ဖွင့်ချိန်က လူမရှုပ်ပေ။ ထို့ကြောင့် သူက ဟိုတယ်မှ ခပ်အေးအေးဆေးဆေး ထွက်လာသည်။ ပုံမှန်ရုံးတက်ဝတ်စုံကို ဝတ်ဆင်ရင်း ထောင်ရှီးလမ်းသို့ ထွက်ခွာလာခဲ့သည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် လိဖန်၏ရုပ်ရည်က မဆိုးလှချေ။ သူက အရပ် ၁၇၅စင်တီမီတာ ရှိပြီး ပုံမှန်ကိုယ်အလေးချိန်လည်း ရှိသည့်အပြင် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဝတ်စားဆင်ယင်ထားသည်။ တစ်ခုတည်းသော ပြဿနာက ဘဝင်ရူးခြင်း ဖြစ်သည်။
သိကျွမ်းသည်မှာ မကြာသေးသော်လည်း ကျိုးကျာက သူ့အကျင့်ကို သည်းမခံနိုင်ပေ။ ထို့အပြင် သူက ကျိုးကျာကို လေးစားမှု လုံးဝ မရှိသည့်အပြင် သူ့ခံစားချက်က မြင့်မြတ်လွန်းသည်ဟု သွေးနထင်းရောက်နေသည်။ သူ့လုပ်ရပ်များကြောင့်လည်း ကျိုးကျာက သူနှင့် ခပ်ကင်းကင်းနေထိုင်ခြင်း ဖြစ်သည်။
“ထောင်ရှီးလမ်းမှာ ကားရပ်ပေးပါ။ ဒီနား ကားရပ်ပေးပါ” လိဖန်က ကားပေါ်မှ အေးအေးဆေးဆေး ဆင်းလိုက်ပြီး ဖုန်းထဲမှ လိပ်စာကို သေချာ စစ်ဆေးကြည့်သည်။
ထို့နောက် သူက ဘေးလမ်းသို့ လမ်းလျှောက်ထွက်လာသည်။
“အဲဒီမိန်းမက ငါ့ကို လိပ်စာအတိအကျမပြောဘဲ စားသုံးသူအများကြီးရှိတဲ့ဆိုင်ပဲ ပြောသွားတယ်။ စားသောက်ဆိုင် တစ်ဆိုင်ချင်းစီကို လူရေတွက်ခိုင်းတဲ့ သဘောလား” လိဖန်က စာတိုကို ဖတ သေးနုပ်သော စားသောက်ဆိုင်လေးမှာ စားသုံးသူဖောက်သည် ရှိလှ သုံး၊ လေးယောက်မျှသာ ဖြစ်နိုင်သည်။
သို့သော်လည်း သူ့မြင်ကွင်းထဲရောက်လာသော ပုံရိပ်က သူ့ပါးကို ဖြတ်ရိုက်လိုက်သလိုပင်။ သူ့အရှေ့မှာ တန်းစီစောင့်နေသော လူတန်းရှည်ကြီးကို မြင်တွေ့လိုက်ရသည်။
“ဒီဆိုင်များလား”လိဖန် မယုံကြည်နိုင်ပေ။ သူ တစ်ချက် လှမ်းကြည့်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဖောက်သည်များကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေသည့် ကျိုးကျာကို လှမ်းမြင်မိသည်။ သူ ကြားဖြတ်ခါနီး သူ့ကို လှမ်းဟန့်သည်။
“ဟေ့လူငယ်လေး။ မင်းက လူသစ်မလား။နောက်မှာ သွားတန်းစီပါ” သူ့ကို ဟန့်တားလိုက်သူက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသား ဖြစ်သည်။
“ဒီလိုသေးနုပ်တဲ့စားသောက်ဆိုင်က တန်းစီစောင့်ဖို့ တန်ရဲ့လား” လိဖန်က မနာခံချင်သည့် သဘောဖြစ်သည်။
“မင်းဘာသာမင်း တန်းစီ မစောင့်ချင်ရင် ထွက်သွားလိုက်လေ” အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားက ပက်ခနဲ ပြန်ပြောသည်။
သူ ရပ်နေသည့်နေရာမှာပင် ကြောင်တောင်တောင် မတ်တတ်ရပ်နေမိသည်။ ကျိုးကျာ နှင့် တန်းစီနေသော လူအုပ်ကြီးကို ကြည့်ရင်း သက်ပြင်းချကာ နောက်ဆုံးတန်းစီသို့ လမ်းလျှောက်သွားသည်။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားက လှည့်ပတ်လမ်းလျှောက်ပြီး တခြားသူများကိုလည်း တန်းစီရန် သတိပေးနေသည်။
“ဒီလိုဆိုင်သေးသေးလေးမှာ စားသုံးသူဖောက်သည်တွေ အများကြီးပဲ” လိဖန်က မကျေနပ်ဟန် ရေရွတ်သည်။
စားသောက်ဆိုင်မှ ထွက်လာသော လူတစ်စုကိုကြည့်ပြီး သူ့ယုံကြည်မှုများ ပြန်လည် အသက်ဝင်လာသည်။ ဟင်းလျာအရသာက ဆိုးရွားလို့ဖြစ်မယ်။ ဒါကြောင့် အစောကြီး ဆိုင်က ထွက်လာတာ ဖြစ်နိုင်တယ်။ သူတို့ဆိုင်မှာ အစားအသောက် ဝယ်စားသော ဖောက်သည်များက တစ်နာရီ၊ နှစ်နာရီခန့် အချိန်ယူလေ့ရှိသည်။ သို့သော်လည်း ဤဆိုင်လာစားသည့်ဖောက်သည်များက ဆိုင်ထဲ ဝင်ပြီး ၁၀မိနစ်ခန့်ကြာလျှင် ဆိုင်အပြင်သို့ ပြန်ထွက်လာကြသည်။
အပိုင်း(၂၆၄)
ပြီးပါပြီ။