← Chapters

ချေဖျက်ဓားသိုင်း

Vol. 3 Ch. 204

ချေဖျက်ဓားသိုင်း

Vol. 3 Ch. 204

ကျော်ရှောင်ချင်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တုန်ယင် နေလေသည်။ ထိန်းချုပ် ခံထားရသော တန်ခိုး စွမ်းအားများက သူ့ခန္ဓာကိုယ် တစ်လျှောက် ပြန်လည် စီးဝင်လာသောကြောင့် ဖြစ်လေသည်။ သူက သူ၏ ဓားစွမ်းဖြင့် အရာရာကို အောင်နိုင်မည်ဟု ခံစားနေရလေသည်။

သူက လေသံ ခပ်တိုးတိုးဖြင့်....

"ဆန်းတန်ခိုးရှင်၊ ခင်ဗျားရဲ့ တပည့်နဲ့ ခန်းမဆောင် အပြင်ဘက်မှာ တိုက်ခိုက်ပါရစေ၊ ကျွန်တော့်ကြောင့် ခန်းမဆောင် ပျက်စီးသွားမှာ စိုးရွံ့မိပါတယ်"

သူ့စကားကြောင့် စိုကျင့်က ရယ်မောလိုက်ရင်း....

"မင်းအဆင့်လောက်နဲ့ ငါတို့ ချင်းရွှမ်ခန်းမဆောင် ပျက်စီးလို့ကတော့ ထပ်အရှက်ကွဲ ခံပစ်လိုက်မယ်၊ ဒီလိုသာ ဖြစ်လာရင် ငါတို့ ချင်းရွှမ်နတ်တံခါးကို ကျင့်ကြံသူ လောကမှာ သိက္ခာ အဖတ်ဆယ်လို့ ရမှာတောင် မဟုတ်တော့ဘူး"

ကျော်ရှောင်ချင်းက ရယ်မောလိုက်သည်။

"ဒါဖြင့် ကျုပ် အားမနာတော့ဘူး"

ဟု ပြောလိုက်လေသည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။ ချင်းရွှမ် ခန်းမဆောင်သည် ရုတ်တရက်ပင် အလွန်ကြီးမား ကျယ်ပြန့်သည့် ခန်းမဆောင်ကြီး တစ်ခုအဖြစ် ပြောင်းလဲ သွားလေသည်။ ကျော်ရှောင်ချင်းနှင့် ချိုးရှီ တို့နှစ်ယောက် ကောင်းကောင်း တိုက်ခိုက်နိုင်လောက်အောင် နေရာက ကျယ်ပြန့်လေသည်။

ချိုးရှီက ချက်ချင်းပင် ကျော်ရှောင်ချင်းနှင့် မျက်နှာချင်းဆိုင်တွင် နေရာယူလိုက်သည်။ အခြားသူများက ခပ်လှမ်းလှမ်းသို့ အသာ ရှောင်ပေးလိုက်ကြလေသည်။

ချင်းရွှမ်ခန်းမမှာ လိုသလို ချုံ့နိုင် ချဲ့နိုင်သည့် မှော်ဝင် ခန်းမဆောင်တစ်ခု ဖြစ်ပြီး ခန်းမဆောင် အကျယ်အဝန်း အနေအထားကို ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည့် ဆန်းလျန်က တန်ခိုးစွမ်းအားဖြင့် ကောင်းစွာ ထိန်းချုပ် နိုင်လေသည်။ ထို့ပြင် ဓားသိုင်း ယှဉ်ပြိုင်ကြမည့် လူငယ် နှစ်ယောက်၏ တန်ခိုး စွမ်းအားမှာလည်း သိပ်ပြီးကြီးမားခြင်း မရှိပါ။ ထို့ကြောင့် ချင်းရွှမ် ခန်းမဆောင် ပျက်စီးသွားအောင် လုပ်နိုင်မည် မဟုတ်ပေ။

အမှန်တော့ ယွင်ဆွေ အလင်းဓားမှာလည်း သိပ်ပြီး အစွမ်းထက်လှသည့် ဓားသိုင်းတစ်ခု မဟုတ်ပါ။ ဓားကွက် အလှည့်အပြောင်း များသည့် အတွက်သာ အစွမ်း ထက်သည်ဟု ထင်နေရခြင်း ဖြစ်လေသည်။

ကျော်ရှောင်ချင်း၏ မျက်ဝန်းများက တောက်ပ နေလေသည်။ မျက်ဝန်းထဲမှ ဓားတစ်လက် ထွက်လာတော့မည့် အလား ထက်ရှနေလေသည်။ ထိုမျက်ဝန်းများ ထဲတွင် သူ၏ ဓားဝိညာဉ် ကိန်းအောင်းနေခြင်းကို ဖော်ပြနေခြင်း ဖြစ်လေသည်။ သူက လက်တစ်ဖက်ကို ရှေ့သို့ ဆန့်တန်း လိုက်လေသည်။ သူ၏ လက်ဝါးထက် တစ်လက်မခန့် အလိုတွင် အဖြူရောင် ဓားတစ်လက် ပေါ်လာလေသည်။

ထို အဖြူရောင် ဓားဝိညာဉ်ထဲတွင် သူ၏ ဘဝ တစ်ခုလုံးကို ထည့်သွင်း ထားလေသည်။ သူ၏ ဘဝသည် ယွင်ဆွေ အလင်းဓားနှင့် ပေါင်းစပ်သွားလေသည်။

တိုက်ပွဲဆိုသည်က ကြုံတွေ့နေကျပင် ဖြစ်လေသည်။ မိမိဘက်မှ အကောင်းဆုံး တိုက်ခိုက်ရန်သာ လိုလေသည်။

ချိုးရှီမှာ ကျော်ရှောင်ချင်းဆီမှ ထွက်ပေါ်လာသည့် တန်ခိုး စွမ်းအားများကြောင့် စိတ်ရှုပ် ထွေးလာလေသည်။ သို့သော် သူ၏ကိုယ်ထဲသို့ ဆန်းလျန် သွင်းပေးထားသည့် ဓားဝိညာဉ်၏ မပျက်စီးနိုင်သော တန်ခိုးစွမ်းအား ကလည်း ပေါ်ထွက် လာလေသည်။ ထိုဓားဝိညာဉ်၏ တန်ခိုး စွမ်းအားမှာ ကျော်ရှောင်ချင်း၏ တန်ခိုးစွမ်းအားထက် ပို၍ သာလွန် လေသည်။

ထို့ကြောင့် ချိုးရှီမှာ ပြန်လည် တည်ငြိမ် သွားရသည်။ ဓားဝိညာဉ်သည် သူ၏ တန်ခိုးစွမ်းအားများနှင့် ပေါင်းစည်းကာ သူ့ကိုယ်ထဲတွင် လှည့်ပတ်နေလေသည်။ ထိုဓားဝိညာဉ်က ဗဟို ထိန်းချုပ်မှု တစ်ခုအလား သူ၏ တန်ခိုးစွမ်းအားများ အားလုံးကို ထိန်းချုပ် သွားသည်။

ချိုးရှီက ကျော်ရှောင်ချင်းကို လက်နှစ်ဖက် စုပ်ကာ အရိုအသေ ပေးလိုက်ရင်း…

“စပြီးတိုက်ပါ…”

ဟု ပြောလိုက်သည်။

အမှန်တော့ ချိုးရှီက တိုက်ခိုက်လိုခြင်း မရှိပါ။ သို့သော် ဂိုဏ်းချုပ် ဖြစ်သူက သူ့ကို တိုက်ခိုက်ရန် စေခိုင်းသည့် အတွက်သာ တိုက်ခိုက်ရခြင်း ဖြစ်လေသည်။

ဂိုဏ်းချုပ်မှာလည်း သူ့အကြောင်းနှင့်သူ ရှိမည် ဖြစ်လေသည်။ ထို့ပြင် သူက ချင်းရွှမ် ခန်းမထဲတွင် ဂိုဏ်းချုပ်၏ မျက်စိအောက်တွင် ရှိနေခြင်း ဖြစ်သည့် အတွက် စိတ်ပူစရာ မရှိဟု တွေးလိုက် မိသည်။

ထိုသို့ တွေးလိုက်မိသည်နှင့် ချိုးရှီ စိတ်အေး သွားရလေသည်။

ချိုးရှီမှာ အားနည်းချက်များဖြင့် ပြည့်နေသည့် ကျင့်ကြံသူ တစ်ယောက်ဟု ကျော်ရှောင်ချင်းက သတိပြုလိုက် မိသည်။ သို့သော် ချိုးရှီမှာ ကျော်ရှောင်ချင်းကို ကြောက်ရွံ့ခြင်း မရှိပါ။

ကျော်ရှောင်ချင်းက ချိုးရှီကို စိတ်ထဲမှ လှောင်ပြောင် လိုက်မိလေသည်။ ဓားသမားများ ပြောလေ့ရှိသည့် စကားပုံ တစ်ခု ရှိလေသည်။

“လူတစ်ယောက်သည် အားနည်းချက်များနှင့် ပြည့်နေလျှင် ထိုသူကို တိုက်ခိုက်ရန် ခက်ခဲ နိုင်လေသည်။ အားနည်းချက် ပြည့်နေသည် ဆိုသည်မှာ အားနည်းချက် လုံးဝမရှိဟု အဓိပ္ပာယ် ရသောကြောင့်ပင် ဖြစ်သည်" ဆိုသည့် စကားပုံပင်ဖြစ်လေသည်။

သူကဲ့သို့ ဓားသိုင်းပညာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင့်သူ တစ်ယောက် အတွက်တော့ ထိုစကားပုံသည် ဟာသ တစ်ခုမျှသာ ဖြစ်လေသည်။ သူ့အတွက်တော့ အားနည်းချက်မှာ အားနည်းချက်သာ ဖြစ်လေသည်။ အားနည်းချက်၏ အခြေခံ သဘောတရားမှာ ပြောင်းလဲသွားမည် မဟုတ်ပေ။

သူက ဓားသိုင်းကို စွဲစွဲလန်းလန်း လေ့ကျင့်ခဲ့သူ ဖြစ်သည်။ သူက မုန့်ရွှင်ကျန်းထက်ပင် ဓားသိုင်းကို မြတ်နိုးသေးသည်။ သူကဓားကို ကိုင်ကာ တိုက်ပွဲဝင်ပြီ ဆိုလျှင် သူ့ခေါင်းထဲတွင် မည်သည့် အတွေးမှ ရှိမနေတတ်ပေ။

သူ့လက်ထဲမှ ဓားဝိညာဉ်ဆီမှ အလင်းတန်း တစ်ခု ထွက်ခွာ သွားလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထွက်ခွာသွားခြင်း ဖြစ်ပြီး ခန့်မှန်းရခက်သည့် ဓားဝိညာဉ် တစ်ခုအဖြစ် ခွဲဖြာ ထွက်သွားလေသည်။

ချိုးရှီမှာ သူ့ကိုယ်ထဲမှ ဓားဝိညာဉ်မှာ ရုတ်တရက် ပေါက်ကွဲ ထွက်တော့မလို ခံစားလိုက်ရသည်။ ကျော်ရှောင်ချင်း၏ ဓားဝိညာဉ်က သူ၏ ညာဘက်ပခုံးကို တိုက်ခိုက်လိုက်သည့် အချိန်တွင် ကြာပန်းမှ မွေးဖွားလာသည့် ဓားဝိညာဉ်တစ်ခု ပေါ်ထွက်လာကာ ကျော်ရှောင်ချင်း၏ ယွင်ဆွေအလင်းဓား ဝိညာဉ်ကို ပြန်လည် ခုခံလိုက်လေသည်။

ကျော်ရှောင်ချင်းက စိတ်အာရုံကို တစ်ချက် စူးစိုက်လိုက်သည့် အခါ သူ၏ ဓားဝိညာဉ်မှာ မြွေတစ်ကောင် အလား တွန့်လိမ် သွားပြီး ကြာပန်း ဓားဝိညာဉ်ကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် ကြာပန်း ဓားဝိညာဉ် လွတ်ကင်းသည့် ဘက်သို့ လခြမ်းပုံသဏ္ဌာန် ရွေ့လျားသွားပြီး ချိုးရှီကို ထပ်မံ တိုက်ခိုက် လိုက်လေသည်။

ထိုအခါ နောက်ထပ် ကြာပန်း ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး သူ၏ ဓားဝိညာဉ်ကို ခုခံ ပိတ်စို့ ထားလိုက်ပြန်လေသည်။ ယွင်ဆွေ အလင်းဓား ဝိညာဉ်မှာ ကျော်ရှောင်ချင်း၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည့် အတွက် ဓားဝိညာဉ်နှစ်ခု ထိခိုက်မိသည့် အခါ ကျော်ရှောင်ချင်း၏ စိတ်ဝိညာဉ်မှာလည်း တုန်ခါသွားရလေသည်။

ထိုအချိန်မှာပင် ချိုးရှီထံမှ စွမ်းအားကြီးမားသော ဓားဝိညာဉ် တစ်ခုသည် စက်ဝိုင်းပုံသဏ္ဌာန် လည်ပတ်ကာ ကျော်ရှောင်ချင်း ဆီသို့ ဝင်ရောက် လာလေသည်။

ဓားဝိညာဉ်ထဲတွင် အသက် ဓာတ်စွမ်းအားများ စီးဆင်း နေလေသည်။ ထိုဓားဝိညာဉ်သည် သူ့ကို လာရောက် ဖျက်စီးသည့် တန်ခိုး စွမ်းအားတိုင်းကို အလွယ်တကူပင် ခုခံနိုင်စွမ်း ရှိသည့်အလား အရှိန်အဟုန် ပြင်းထန် လွန်းလေသည်။

ကြာပန်း ဓားဝိညာဉ်သည် ယွင်ဆွေ အလင်းဓားကို ရေကို ပိုင်းဖြတ်သကဲ့သို့ ထက်ရှစွာဖြင့် ပိုင်းဖြတ် ပစ်လိုက်လေတော့သည်။

ယွင်ဆွေ အလင်းဓား၏ စွမ်းအား မည်မျှ ကြီးမားပါစေ ချိုးရှီ၏ ဓားဝိညာဉ်က ဖုံးလွှမ်း ဝါးမျိုသွားလေသည်။ နောက်ဆုံးတော့ လေထဲတွင် ယွင်ဆွေ အလင်းဓားဝိညာဉ်၏ အရိပ်အယောင်ပင် ထင်ကျန်ရစ်ခြင်း မရှိတော့ပေ။ ကြာပန်း ဓားဝိညာဉ်က ကျော်ရှောင်ချင်း၏ ခန္ဓာကိုယ်ကို ကြိုးတစ်စ အလား ရစ်ပတ် သွားလေသည်။

ကျော်ရှောင်ချင်းမှာ တစ်ကိုယ်လုံး အရိုက် ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ထိုခဏမှာပင် ကျော်ရှောင်ချင်းက သူ၏လက်ထဲမှ အဖြူရောင်ဓားကို ကိုင်မြှောက် လိုက်သည်။ အဖြူရောင် ဓားဝိညာဉ်မှ ရောင်စဉ်များ ဖြာထွက် လာလေသည်။ ကျော်ရှောင်ချင်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် ကြာပန်း ဓားဝိညာဉ်မှာ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုဓားရောင်စဉ်များကို ဝါးမျိုပစ်လိုက်လေသည်။

ထိုမြင်ကွင်းကြောင့် ဆရာသခင် ကယ်ယွမ်းပင်လျှင် အလွန်တရာ အံ့သြမင်သက် သွားရလေသည်။

ချိးရှီ၏ လှည့်စားတတ်သည့် ကြာပန်း ဓားဝိညာဉ်ကြောင့် အံ့သြရခြင်း မဟုတ်ပါ။

ကြာပန်း ဓားဝိညာဉ်မှာ မပြည့်စုံသေးသည့် ဓားသိုင်းတစ်ခု ဖြစ်ကြောင်း ကယ်ယွမ်း ရိပ်မိထားလေသည်။ သို့သော် ပြည့်စုံခြင်း မရှိသေးသည့် ကြာပန်း ဓားဝိညာဉ်သည် ယွင်ဆွေအလင်းဓားကို လှပစွာ အနိုင်ယူလိုက်နိုင်သည်က လွန်စွာမှ အံ့သြစရာ ကောင်းသည့် အချက် ဖြစ်လေသည်။

ကျော်ရှောင်ချင်း၏ ယွင်ဆွေ အလင်းဓားသိုင်းမှာ အဆုံးသတ်တွင်တော့ ဟန်ပြ သက်သက်မျှသာ ဖြစ်သွားရလေသည်။

မုန့်ရွှန်းကျန်းနှင့် ကျန်းဆွေကျယ်တို့ နှစ်ယောက်မှာ ထိတ်လန့် သွားရလေသည်။ သူတို့ဂိုဏ်း၏ အဓိက ကျင့်စဉ်မှာ ယွင်ဆွေ အလင်းဓားသိုင်း ဖြစ်လေသည်။ အခြားသော ကျင့်စဉ် အနည်းငယ် ရှိသည့်တိုင် ယွင်ဆွေ အလင်းဓားသိုင်းကသာ သူတို့ဂိုဏ်း၏ အဓိက အားထားရာ ဓားသိုင်းပညာ ဖြစ်လေသည်။

ကြာပန်း ဓားဝိညာဉ်သည် ချိုးရှီဆီသို့ ပြန်လည် ရောက်ရှိသွားလေသည်။

ကျော်ရှောင်ချင်း၏ လက်ထဲမှ အဖြူရောင်ဓားသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အရောင်များ မှေးမှိန် သွားလေသည်။ ဖုန်များ ပေကျံသွားသည့် ပုလဲတစ်လုံး ကဲ့သို့ပင် ညစ်နွမ်း သွားရလေပြီ။

"ကျုပ်ကို သက်ညှာပေးလို့ ကျေးဇူးပါ"

ချိုးရှီက ပြုံးရင်း ပြောလိုက်သည်။

"ဒီဓားသိုင်း ပညာကို ဘယ်လိုခေါ်လဲ"

ကျော်ရှောင်ချင်းက နာကျည်းသည့် လေသံဖြင့် မေးလိုက်သည်။

"ဒီဓားသိုင်းက ဂိုဏ်းချုပ်က အခုပဲ တီထွင်ထားတဲ့ ဓားသိုင်းပါ၊ နာမည် မသိပါဘူး"

ချိုးရှိက ပြန်ပြောလိုက်လေသည်။

ကျော်ရှောင်ချင်းက ဆန်းလျန်ကို လှမ်းကြည့် လိုက်လေသည်။ ကျော်ရှောင်ချင်းမှာ ဉာဏ်ရည် ထက်မြက်သူ တစ်ယောက် ဖြစ်လေသည်။ သူက ယွင်ဆွေ အလင်းဓားသိုင်းကို ချေဖျက်ရန် အတွက် ထိုဓားသိုင်းကို ဆန်းလျန် တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်လေသည်။

ဆန်းလျန်က ခေါင်းညိတ် လိုက်ရင်း…

"ဒီဓားသိုင်းက ပြည့်စုံတဲ့ အဆင့်ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်၊ ဒီဓားသိုင်းကို ကျင့်ကြံပြီး နတ်ဘုရားအဖြစ် တက်ရောက်နိုင်တဲ့ အဆင့်ထိတော့ မဖြစ်နိုင်သေးဘူး၊ ဒါပေမဲ့ ဒီဓားသိုင်းက ယွင်ဆွေ အလင်းဓားကို ချေဖျက်တဲ့ ဓားသိုင်းပါပဲ"

ဟု ပြောလိုက်လေသည်။

ဆန်းလျန်စကားကို ကြားသည့် အခါတွင်တော့ မုန့်ရွှင်ကျန်းမှာ သွေးများ အန်ထုတ် လိုက်လေသည်။ ထို့နောက် သူက ဒေါသတကြီးဖြင့်….

"မင်းက ကျုပ်တို့ကို ဖမ်းထားပြီး ကျုပ်တို့ လျှို့ဝှက် ဓားသိုင်း ပညာကို ခိုးယူတယ်ပေါ့လေ"

ဟုပြောလိုက်လေသည်။

သို့သော် သူတို့၏ ယွင်ဆွေ အလင်းဓား သိုင်းပညာကို ဆန်းလျန် မည်သို့ ခိုးယူလိုက်ပြီး တန်ပြန် ချေဖျက်သည့် ဓားသိုင်းကို မည်သို့ တီထွင်လိုက်ကြောင်း သူမသိခဲ့ပါ။

သူပိုပြီး ထင်မှတ် မထားမိသည်မှာ တန်ပြန် ချေဖျက်သည့် သိုင်းပညာကို တီထွင်နိုင်သည့် အချက်ကိုပင် ဖြစ်လေသည်။

ဆန်းလျန်က ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို နားလည်သည့် အတွက်ကြောင့် ထိုသို့ တီထွင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ်မှာ ဒြပ်စင်စွမ်းအား ရှစ်ခုပေါ်တွင် အခြေခံသည့် ကျင့်စဉ်ဖြစ်လေသည်။ ထိုကျင့်စဉ်က အခြားသော တာအိုကျင့်စဉ်များ၏ တန်ခိုး စွမ်းအားကို ချက်ချင်း စုပ်ယူနိုင်စွမ်းရှိလေသည်။

ထို့ကြောင့် ဆန်းလျန်က တန်ပြန် သိုင်းပညာများကို တီထွင်နိုင်ခြင်း ဖြစ်လေသည်။ သိုင်းပညာ တစ်ခု၏ အခြေခံအချက်ကို နားလည် လိုက်သည်နှင့် ထိုသိုင်းပညာကို တန်ပြန် တိုက်ခိုက်နိုင်သည့် နည်းလမ်းကိုပါ ဆန်းလျန်က ရှာဖွေနိုင်စွမ်း ရှိလေသည်။

ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ် အမြင့်ဆုံး အဆင့်သို့ ရောက်လျှင် လောကတွင် မချေဖျက်နိုင်သည့် သိုင်းပညာ မရှိတော့သလောက် နည်းပါးသွားမည် ဖြစ်လေသည်။

ကျန်းဆွေကျယ် ရင်ထဲတွင် နားလည် သဘောပေါက် သွားရလေသည်။

ချင်းကျန်းဂိုဏ်းသည် သူတို့၏ အဓိက ဓားသိုင်းပညာ ဖြစ်သည့် ယွင်ဆွေ အလင်းဓားသိုင်းကို ပြောင်းလဲလျှင် ပြောင်းလဲ၊ မပြောင်းလဲ နိုင်လျှင်တော့ ချေဖျက်နိုင်သည့် ဓားသိုင်းတစ်ခု အောက်တွင် အမြဲတမ်း နေသွားရတော့မည် ဖြစ်သည် ဆိုသည့် အချက်ပင် ဖြစ်လေသည်။

***

All Chapters