အခန်း (၂၆၈-၂၇၀)
Vol. 18 Ch. 268-270
ယွမ်ကျိုး အပိုင်း(၂၆၈)
ထို့နောက် သူတို့က ဖက်ထုပ်ပေါင်းကို စားသည်။ ကျိုးကျာက သူတို့အရင်ဆုံး ငွေမတောင်း၍ အံ့ဩနေမိသည်။ သူက မနက်ခင်းဆိုင်ဖွင့်ချိန်တွင် အတော်လေး အလုပ်ရှုပ်သည်။
“မြန်မြန်စား။ ဒါက နောက်ဆုံးစားတာပဲ။ အရမ်းဈေးကြီးလွန်းတယ်” သူဌေးကျောင်က ချက်ချင်း ညွှန်ကြားသည်။ တစ်ပွဲ၆၆ယွမ် ကုန်မည့်အကြောင်း တွေးမိသောအခါ သူ့နှလုံးသား နာကျင်ရသည်။
“ကျေးဇူးတင်ပါတယ် သူဌေးကျောင်” လင်းချုံ နှင့် ကျန်းရှင်းတို့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး သံပြိုင်ပြောသည်။
“အခုတော့ ငါ့ကို ကျေးဇူးတင်နေပြီပေါ့။ မြန်မြန်စားကြ” သူဌေးကျောင်က တိုက်တွန်းသည်။
“ဟုတ်ကဲ့ ဆရာ” သူတို့နှစ်ယောက်က တစ်ပြိုက်နက်တည်း သဘောတူလိုက်ကြပြီး သူတို့အရှေ့က ဖက်ထုပ်ကို အလေးထားကြည့်လိုက်သည်။
ပါးလွှာသောဖက်ထုပ်ထဲ အသားနှစ်အပြည့်ထည့်ထားသည်။ လင်းချုံက တူဖြင့် ဖက်ထုပ်ကို ပုတ်ကြည့်သော်လည်း ဖက်ထုပ်က အကောင်းပကတိအတိုင်း ရှိနေ၍ တအံ့တဩ ပြောသည်။
“မပေါက်သွားဘူးပဲ”
လင်းချုံ၏ပေါ့ပေါ့ပါးပါးနေတတ်သော အကျင့်စရိုက်ကြောင့် သူက ဖက်ထုပ်ကို တူဖြင့်ညှပ်လိုက်ပြီး ပါးစပ်ထဲထည့်ရန် ပြင်ဆင်လိုက်သည်။
“မင်းပုံစံ ကလေးဆန်နေတယ်” လင်းချုံက အသက် ၂၆နှစ်အရွယ်သာ ရှိနေပြီး သူတို့သုံးယောက်မှာ အသက်ငယ်ဆုံးဖြစ်၍ ကလေးဆန်သည်။
“မြန်မြန်စားစမ်းပါ။ မင်း စားနေတဲ့ပုံစံက ရယ်ချင်စရာကောင်းတယ်” ကျန်းရှင်းက သူ့ကို သည်းမခံနိုင်သည့်အဆုံး တည့်တိုးပြောသည်။
“တကယ်လား။ ဖက်ထုပ်ရဲ့အရသာက သာမန်ထက်ပိုကောင်းတယ်” သူတို့ဘေးနားက တခြားစားသုံးသူများကလည်း ထောက်ခံသည်။
“ငါသိတယ် ငါသိတယ်” လင်းချုံက ပြုံးရွှင်စွာ ပြန်ပြောသည်။ ထိုမှသာ သူက ဖက်ထုပ်ကို တူဖြင့်ညှပ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
ဖက်ထုပ်၏အပေါက်သေးသေးလေးဖောက်ပြီး အထဲက အနှစ်အရသာကို အရင်ဆုံးကို စားကြည့်သည်။ သို့တိုင် နမော်နမဲ့ လင်းချုံက ပါးစပ်ထဲ ထည့်ပြီး ပလုံပလောင်းစားသည့်အတွက် လျှာကျက်သည့် ဝေဒနာကို ခံစားရသည်။
“အို့စ်အို့စ် အရမ်းပူတယ်”
လျှာကျက်သွားသည့်တိုင် ဟင်းအနှစ်က အရသာရှိလွန်း၍ ဆက်တိုက်စားနေမိသည်။ ပူနွေးနွေး ဟင်းအနှစ်၏ဒဏ်ကို ခံနိုင်ရည်ရှိပုံပေါ်သည်။
“အရသာက ပေးရတဲ့ဈေးနဲ့တန်ပါတယ်။ တခြားအစားအသောက်တွေလို မဆိုးရွားဘူ’” ကျန်းရှင်းက ပျော်ရွှင်စွာဖြင့် အနှစ်ရည်ကို သောက်လိုက်ပြီး ချီးမွမ်းစကားပြောရန် မမေ့လျော့ခဲ့ပေ။
“တကယ်အရသာရှိပေမဲ့ ဈေးကြီးလွန်းတယ်” ၁၉၈ယွမ် ပေးရတော့မည့်အကြောင်းကို တွေးမိသောအခါ အသက်မရှုနိုင်သည်အတွက် နှလုံးအောင့်လာသည်။
“အစားအသောက်ကောင်းတွေက လူတွေကို စိတ်မပျက်စေဘူးလေ” ကျန်းရှင်းက ဆရာကြီးအထာဖြင့် ဝင်ပြောသည်။ တခြားသူက ငွေကုန်မည့်အကြောင်း တွေးပြီး သွေးပျက်နေစဉ် သူက သနားညှာတာစိတ် မရှိ ပြောဆိုသည်။ မနေ့ညတုန်းက ယွမ်ကျိုး၏စားသောက်ဆိုင်မှာ မနက်စာ သွားစားရန် အကြံပြုခဲ့သူက ကျန်းရှင်းဖြစ်သည်။ ဤအကြောင်းကို သူဌေးကျောင် မမေ့လျော့ခဲ့ပေ။
တခြားတစ်ဖက်တွင်မူ လင်းချုံက အိန္ဒြေမဲ့စွာ စားသောက်နေသည်။
“ဒီလိုပုံစံနဲ့စားနေရင် အစားအသောက်ရဲ့အရသာကို အပြည့်အဝ ခံစားရပါ့မလား။ ကျန်သေးတဲ့ ဝက်သားဖက်နဲ့ ဂျုံသားပဲ စားတော့မှာလား” ကျန်းရှင်းက သူ့ကို သနားဟန်အမူအရာဖြင့် ကြည့်နေသည်။
ဖက်ထုပ်ကို အရသာရှိအောင် စားသုံးရန်က သူ့ထဲပါသော ဟင်းအနှစ်ရည်ဖြင့် တွဲဖက်စားခြင်းက အကောင်းဆုံးဖြစ်သည်။
“ဖက်ထုပ်ထဲပါတဲ့ ဟင်းအနှစ်က တကယ်ကောင်းတယ်။ ဒါကြောင့်မို့ သူထဲပါတဲ့ တခြားပစ္စည်းတွေလည်း မဆိုးလောက်ပါဘူး” သို့သော်ငြားလည်း လင်းချုံက အတော်လေး ယုံကြည်မှုရှိနေသည်။
“မင်းသဘောပဲ စားချင်သလိုသာ စားတော့” သူဌေးကျောင်က ဖက်ထုပ်ထဲ ရှာလကာရည်လောင်းချလိုက်ပြီး မြိုချရန် ဟန်ပြင်နေသည်။
လင်းချုံလို ဝက်စားသကဲ့သို့ မစားဘဲ တန်ဖိုးကြီးသော အစားအသောက်ကို ဖြည်းဖြည်းချင်း သုံးဆောင်ကြည့်မည်။
“ဒီလိုပုံစံနဲ့စားရင်လည်း အရသာရှိတယ်လို့ ခံစားမိတယ်” ထိုစကားကို ပြောပြီးနောက် လင်းချုံက အနှစ်မကျန်တော့သော ဖက်ထုပ်ကို ဆက်စားသည်။ ဂျုံသားက ဟင်းအနှစ်ထက် ပို၍ကြီးမားသည်။
လင်းချုံက ကလေးတစ်ယောက်လို ဝါးနေသည်။
“အရမ်းအရသာရှိတယ်” လင်းချုံက ကျေနပ်စွာ ပြောသည်။
“ရှာလကာရည်ရဲ့ ချဉ်တဲ့အရသာကြောင့် ဂျုံသားက ပိုစားကောင်းသွားတယ်” ကျန်းရှင်းက တူကို အောက်ချလိုက်ပြီး ကျေနပ်သောအမူအရာကို ဖော်ပြသည်။
“ဟုတ်တယ် အမှန်ပဲ တကယ် အရသာရှိတယ်” ဤတစ်ကြိမ်တွင် သူဌေးကျောင်က အရိုးသားဆုံး ပြောသည်။ သူ့ဇနီးက သူ့ကို အိတ်ဆောင်ငွေ အများကြီး မပေးထား၍ ငွေရှင်းပြီးလျှင် ပိုက်ဆံတစ်ဝက် လျော့သွားနိုင်သည်။
“ငွေရှင်းမယ် ကောင်မလေး” လင်းချုံက သူ ငွေမရှင်းရသည့်အတွက် အရင်ဆုံး ထပြောသည်။
“လူကြီးမင်းတို့အတွက် တခြားတစ်ယောက်က ငွေကြိုရှင်းထားပါတယ်” ကျိုးကျာက အနားရောက်လာပြီး ပျူငှာစွာ ပြောသည်။
“ကောင်းတယ်။ ငါ ပေးစရာ မလိုတော့ဘူး။ ဘယ်သူ ရှင်းပေးလိုက်တာလဲ” သူဌေးကျောင်က အရင်ဆုံး စိတ်အေးသွားပြီး ဒွိဟဖြစ်ဟန် မေးမြန်းလိုက်သည်။
“ငါတို့အတွက် ဘယ်သူ ရှင်းပေးလိုက်တာလဲ” လင်းချုံ လန့်ဖျပ်သွားသော်လည်း မေးဖြစ်အောင် မေးမြန်းလိုက်သေးသည်။
“ဟုတ်တယ်။ ဒီနားတစ်ဝိုက်မှာ အသိမိတ်ဆွေ မရှိပါဘူး” ကျန်းရှင်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး အခိုင်အမာ ပြောဆိုသည်။
“အစားအသောက်မှာပြီးရင် ပိုက်ဆံရှင်းရတယ်ဆိုတာ သူတို့တွေ မသိတာလား” စားသုံးသူက စပ်စပ်စုစု မေးမြန်းသည်။
“ငွေအရင်ရှင်းရတာလား” သူဌေးကျောင် ခဏတွေးကြံလိုက်သည်။
“ဆိုင်ရှင် ခင်ဗျားဝယ်ကျွေးတာလား” လင်းချုံက ယွမ်ကျိုးကို ရုတ်တရက် လှမ်းကြည့်ပြီး မေးမြန်းသည်။
ယွမ်ကျိုးက တခြားသူကို ဒါကာခံလျှင် နေက မြောက်အရပ်မှ ထွက်လာနိုင်သည်။ ယွမ်ကျိုးက စည်းမျဉ်းလိုက်နာလွန်းသည့် သံလိုက်အိမ်မြှောင်ကြီး ဖြစ်ကြောင်း မသိသေးပုံ ပေါ်လွင်သည်။
“ဟင့်အင်း။ ငါ မဟုတ်ဘူး။ ငါက မင်းတို့ကိုတောင် မသိဘူး” ယွမ်ကျိုးက ပက်ခနဲ ငြင်းလိုက်သည်။
“တခြား ဘယ်သူများ ဖြစ်နိုင်ဦးမလဲ” ကျန်းရှင်း သိချင်နေသည်။
“ ငါ မပြောနိုင်သေးဘူး” ယွမ်ကျိုးက ချက်ချင်း ငြင်းလိုက်သည်။
“ခင်ဗျားတစ်ခုခု သိထားပုံပဲ” သူဌေးကျောင်က ယွမ်ကျိုးကို သေချာစိုက်ကြည့်နေသည်။
“ဟုတ်တယ်။ ငါ သိတယ်။ ဒါပေမဲ့ မပြောနိုင်ဘူး” ယွမ်ကျိုးက အလိုက်သင့် ပြန်ပြောသည်။
“ဒါဆိုရင်လည်း ခင်ဗျား မသိဘူးလို့ပဲ ပြောလိုက်ပါလား” လင်းချုံက ဒေါသဖြင့် တုံ့ပြန်သည်။
“ငါက ဘာကြောင့်လိမ်ရမလဲ” ယွမ်ကျိုးက ခွန်းတုံ့ပြန်သည်။
“အမ် ဟုတ်ပြီ” လင်းချုံ ဆို့နင့်သွားသည်။ သူ့အစားအသောက်များက အရသာရှိသော်လည်း ဆိုင်ရှင် နည်းနည်း တုံးအလွန်းသည်။
ထို့နောက် သူတို့သုံးဦး ဆိုင်မှထွက်သွားကြသည်။ ယွမ်ကျိုးက သူ ကတိပေးထားသည့်အတိုင် လျှို့ဝှက်ပေးထားသည်။ သာဓကဆိုသော် အစားအသောက်၏ကုန်ကျငွေ တစ်ဝက်ခန့်ကို သူက စိုက်ပေးခဲ့သည့် အကြောင်းကို ၎င်းတို့သုံးယောက်သိအောင် မပြောခဲ့ပေ။ ယခုအချိန်အထိ သူ့ဆိုင်မှာ ၅၀ရာခိုင်နှုန်း လျှော့ဈေး မရှိသေးပေ။
စပ်စုစိန် သုံးယောက်က ယွမ်ကျိုး၏စားသောက်ဆိုင်ရှေ့မှာ မနက်တိုင်း တံမြက်စည်းလှဲသော အဘွားအိုကို ဝိုင်းဝန်း မေးမြန်းကြသည်။ ယွမ်ကျိုး နှင့် ကောင်မလေးတစ်ယောက် မနက်အစောကြီး စကားပြောခဲ့သော စကားဝိုင်းကို သူ အမှတ်မထင် ကြားခဲ့မိသည်။ သူမကပ ဟွမ်လင်ကို သိနေသည်။
“မင်းတို့ကို အစားအသောက် ဒါကာခံတဲ့ကောင်မလေးရဲ့နာမည်က ဟွမ်လင်ပဲ” အဘွားအိုက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ အဲဒီကောင်မလေး ဘယ်မှာနေလဲ သိလား” ကျန်းရှင်းက အသေးစိတ် မေးမြန်းသည်။
“ဒီနားတစ်ဝိုက်မှာပဲ” သူတို့ကား၏မျက်နှာချင်းဆိုင်က တိုက်ကို အဘွားအိုက လက်ညှိုးထိုးပြသည်။
“ပြဿနာ မရှိဘူး” လင်းချုံက ခပ်တိုးတိုးပြောသည်။ ထို့နောက် သူဌေးကျောင်က အဘွားအိုကို ထပ်တလဲလဲ ကျေးဇူးတင်စကားပြောပြီး တခြားသူနှစ်ယောက်ကို ခပ်လှမ်းလှမ်း ခေါ်ထုတ်သွားသည်။
“ဒီကိစ္စကို စစ်ဆေးကြည့်ဖို့ လိုအပ်သေးလား” ကျန်းရှင်း မေးမြန်းသည်။
“မလိုအပ်ဘူး။ အသေးအမွှားကိစ္စပဲ။ အခုတော့ ပိုအရေးကြီးတဲ့ကိစ္စလုပ်ဖို့ ရှိတယ်” သူဌေးကျောင်က မျက်မှောင်ကြုတ်ကာ မေးမြန်းသည်။
“ဒီကနေ့စားခွင့်ကြုံတဲ့ ဖက်ထုပ်က တကယ်ကို နွေးထွေးမှု ခံစားရတယ်” လင်းချုံက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
အပိုင်း(၂၆၈)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၆၉)
မနက်ခင်း ဆိုင်ဖွင့်ချိန် ပြီးဆုံးခါနီး ယွမ်ကျိုးက ကျိုးကျာကို မဲသေတ္တာဘူး ယူလာခိုင်းသည်။ သေတ္တာကို နေရာမချခင် စားသုံးသူတချို့က မနေနိုင် မထိုင်နိုင် မေးမြန်းကြသည်။
“သူဌေးယွမ်။ အရက်အမျိုးစားအသစ် ရောင်းချတော့မလို့လား” စားသုံးသူက လည်ပင်းကို စောင်းငဲ့ပြီး မေးမြန်းသည်။
“ငါလည်း ဒီလိုပဲထင်တယ်။ ဒီတစ်ခေါက် ဘယ်လိုအရက် ရောင်းမလဲ” စားသုံးသူတချို့က ရောင်းရမည့်အရက်အမျိုးအစားကိုသာ စိတ်ဝင်စားနေကြသည်။
“ဒီသေတ္တာက ကံစမ်းမဲနှိုက်တဲ့ သေတ္တာထင်တယ်။ တစ်နေ့မှ အရက်သုံးပုလင်းပဲ ကံစမ်းမဲဖောက်ပေးတာ” အားကစား ဝတ်စုံကို ဝတ်ဆင်ထားသူက လေးနက်စွာ ပြောသည်။
“ဒါက အဓိပ္ပါယ်တော့ရှိသားပဲ။ ဒါဆိုရင် ဒီတစ်ခေါက် ဘာအရက်လဲ” လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
“ဒါက အရက်မဟုတ်ပေမဲ့ အကြံပြုစာသေတ္တာပါ” ယွမ်ကျိုးက ဘူးမှာ ရေးထားသည့် စာလုံး သုံးလုံးကို ညွှန်ပြပြီး လေးနက်စွာပြောသည်။
“ဒီရက်ပိုင်းအတွင်း သူဌေးယွမ်က အကြံပြုစာတွေ စုဆောင်းနေတာ သတိထားမိတယ်။ အကြံပြုစာရေးပြီး ဘူးထဲ ထည့်စေချင်တာ ဖြစ်မယ်” အစောပိုင်းခန့်မှန်းခဲ့သူက သူမဟုတ်သကဲ့သို့ အားကစားဝတ်စုံနှင့် အမျိုးသားက ခန့်မှန်းပြန်သည်။
“ဆိုင်ဖွင့်ချိန်မဟုတ်ရင် ဆိုင်နဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ ကျွန်တော်ကို လာပြောနိုင်ပါတယ်။ ဘူးထဲ စာမထည့်ခင် ရေးထားတဲ့ အကြောင်းအရာကို ကျွန်တော်သိအောင် အရင်လာပြောပေးပါ” ယွမ်ကျိုး ယခုလို စကားအများကြီး ပြောသည့်မြင်ကွင်းက ခပ်ရှားရှား ဖြစ်သည်။
“ငါတို့ ခင်ဗျားကို ဒဲ့ပြောနိုင်ရင် စာရေးဖို့ လိုပါဦးမလား” စားသုံးသူဖောက်သည်အားလုံး ဒွိဟဖြစ်သွားသည်။
“ခင်ဗျားတို့ရဲ့ရွေးချယ်မှုအားလုံးကို အပြည့်အဝ လေးစားပေးမှာပါ” ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် လေးနက်စွာ ပြောသည်။
“အမ်…” ယွမ်ကျိုး၏စကားက အကျိုးအကြောင်းဆီလျော်မှု ဆက်စပ်မှု မရှိ၍ ဖောက်သည်အားလုံး တအံ့တဩ ဖြစ်သွားသည်။
“ဆိုင်ပိတ်ပါပြီ။ အခုပဲ စတင်လို့ရပြီ” ယွမ်ကျိုးက သူ တွေးနိုင်သည့် အကောင်းဆုံး အကြံဉာဏ်ဖြစ်၍ အများကြီး မျှော်လင့်ထားသည်။
လူအုပ်စုကြီး ခဏတာ တိတ်ဆိတ်နေသည်။ ထို့နောက် မိန်းမငယ်လေးက မေးမြန်းလာသည်။
“သူဌေးယွမ်၊ ဆိုင်ခွဲဖွင့်ဖို့ အကြံပြုချက်ကို ရေတွက်ချင်တာလား”
“ဟုတ်တယ်။ သေချာတာပေါ့။ ကျွန်တော်ကို ပြောပါဗျာ” သူ့နှုတ်ခမ်းက အပေါ်ဘက်သို့ တစ်စင်တီမီတာခန့် တက်သွားသည်။
“နောက်အနာဂတ်မှာ ရှင့်ရဲ့စီးပွားရေးက ဒီထက်မက ပိုတိုးတက်ကြီးပွားလာပြီး ဆိုင်ခွဲဖွင့်နိုင်ဖို့ တောင်းဆုခြွေပေးပါတယ်” ကောင်မလေးက သာမန်ပုံစံဖြင့် အကြံပြုချက် မပေးခဲ့ချေ။
“ကျေးဇူးတင်ပါတယ်” ယွမ်ကျိုးက တစ်ခဏ သံသယစိတ်ဖြင့် နှုတ်ဆိတ်သွားပြီး လေးနက်စွာ ပြန်ပြောသည်။
“ရပါတယ်” ယွမ်ကျိုး၏ပူပန်သောကရောက်နေသော အမူအရာကို သတိမပြုမိဘဲ ကောင်မလေးက အားရဝမ်းသာ လှည့်ထွက်သွားသည်။
သူမ၏တောင်းဆုကို ထည့်တွက်လား ယွမ်ကျိုး စစ်ဆေးကြည့်ရဦးမည်။ မည်သို့ပင်ဆိုစေကာမူ တောင်းဆုက စစ်မှန်သောတောင်းဆိုချက် မဟုတ်ပေ။
[အရန်မစ်ရှင်] ဆိုင်ခွဲဖွင့်ရန် တောင်းဆိုချက် ၁၀ခုကို စုဆောင်းရန်
(မစ်ရှင်အညွှန်း၊ ဆိုင်ခွဲဖွင့်ရန် မတောင်းဆိုခံရင် ကမ္ဘာ့ကျော်စားဖိုမှူး မဖြစ်နိုင်ဘူး)
[မစ်ရှင်အခြေအနေ] ၁၀၀တွင် ၂၈ခု ပြီးမြောက်ထားသည်။
[မစ်ရှင် ဆုလာဘ်] သုန်ပိုဝက်လက်ဟင်းလျာ
(ဆုလာဘ်အညွှန်း: စီချွမ်ဟင်းလျာများ၏အဓိက ဟင်းလျာဖြစ်၍ ကျွမ်းကျင်စားဖိုမှူးအနေဖြင့် တတ်မြောက်ထားသင့်တယ်)
သူ မျှော်လင့်ထားသည့်အတိုင်းပင် စနစ်က ကောင်မလေး၏တောင်းဆုကို ထည့်မတွက်ခဲ့၍ အရေအတွက်က ပြောင်းလဲခြင်း မရှိပေ။ တောင်းဆိုချက်တစ်ခုကို စုဆောင်းနိုင်လျှင် သုန်ပိုဝက်လက်ဟင်းလျာကို ပိုင်ဆိုင်နိုင်သော အခွင့်အရေး ပိုနီးကပ်လာနိုင်သည်။
ကောင်မလေးက ခပ်လှမ်းလှမ်းရောက်သွား၍ ယွမ်ကျိုးက သူ့ကို ပြန်ခေါ်မည့် အတွေးကို လက်လျှော့လိုက်သည်။
အကြောင်းမူကား သူ့ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေသည်။
“သူဌေးယွမ်၊ ခင်ဗျားဆိုင်ရဲ့ဂုဏ်သတင်း ကျော်ကြားအောင် လုပ်ဆောင်သင့်တယ်လို့ ထင်မိတယ်”ကောင်းစွာ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က လေးနက်စွာ အကြံပြုသည်။
“သူပြောတဲ့ ပေါက်ပန်းလေးဆယ်တွေကို နားမထောင်နဲ့။ အခုဆိုရင် ခင်ဗျား တတ်စွမ်းသလောက် ခင်ဗျား အကောင်းဆုံး ကြိုးစားထားတယ်လို့ပဲ ကျွန်တော် ထင်တယ်” ၎င်းအမျိုးသား၏အသံက ဆိုင်တစ်ဆိုင်လုံး လွှမ်းခြုံသွားသည်။
စားသုံးသူဖောက်သည်များစွာက အုပ်စု နှစ်စု ကွဲသွားကြသည်။ တစ်ဖွဲ့က ယွမ်ကျိုး၏ဆိုင်ကျော်ကြားကြောင်း ထောက်ခံကြပြီး ဆိုင်ကို ပိုကျော်ကြားအောင် လုပ်ဆောင်ရန် အကြံပြုခဲ့သော အမျိုးသားကို တခြားသူများက အဝေးဆွဲခေါ်သွားကြပြီး သူ့ကို သင်ခန်းစာပေးကြသည်။
“ဟေ့လူ ခင်ဗျား စကားပြောတာ ကြည့်ပြောစမ်း။ ဘယ်လိုများ အကြံပေးလိုက်တာလဲ။ ဆိုးရွားလွန်းတဲ့ အကြံပြုချက်ပဲ။ လူတွေပိုများလာရင် ငါတို့တွေ ထိုင်ခုံမြန်မြန် ရပါတော့မလား” အားကစားဝတ်စုံနှင့်လူက နာနာကြည်းကြည်း ပြောသည်။
“သူဌေးယွမ်က ဆိုင်ကို တစ်နေ့ ၉နာရီပဲဖွင့်တာ မနက်ခင်း ၁နာရီ၊ နေ့လည်းခင်း ၂နာရီ၊ ညနေခင်း ၃နာရီနဲ့ အရက်ဆိုင်က ၃နာရီဖွင့်တယ်။ မနက်စာအတွက်ဆို ဖက်ထုပ် အခု၁၀၀ပဲ လုပ်တာလေ။ သူစားဖို့ လေးခု ဖယ်ထားတော့ ၉၆ခုပဲ ရောင်းပေးတာ။ လူအရေအတွက် တိုးလာရင် ထိုင်ခုံနေရာနဲ့ အစားအသောက် ရတော့မယ်လို့ ထင်နေသလား” တခြားစားသုံးသူက ယွမ်ကျိုး၏ဆိုင်ဖွင့်ချိန် အသေးစိတ်ကို ရှင်းပြသည်။
သူ့ရှင်းပြချက်ကြောင့် တစ်ဖက်လူ ချက်ချင်း သဘောပေါက်သွားသည်။
“တော်သင့်ပြီ။ ငါ သဘောပေါက်ပြီ။ တခြားအကြံဉာဏ်ပဲ ပေးတော့မယ်”
“သူဌေးယွမ်၊ ခင်ဗျားရဲ့ ဆိုင်ဖွင့်ချိန်ကို တိုးသင့်တယ်လို့ ထင်တယ်”
သူ့ကို ထပ်တလဲလဲ သတိပေးလာ၍ ၎င်းအမျိုးသားက အထိုက်အလျောက် ပြန်၍ အကြံပြုစကားပြောသည်။
“အခုတော့ မဟုတ်သေးဘူး” ယွမ်ကျိုးက လေးနက်စွာ ပြန်ဖြေသည်။
“ဒါဆိုရင် ခင်ဗျားက ဆိုင်ခွဲဖွင့်နိုင်ရင် အခုလိုပဲ ဆိုင်ဖွင့်ချိန် ၉နာရီပဲလား”၎င်းအမျိုးသားက အသေးစိတ် မေးမြန်းနေသည်။
“လူကြီးမင်း၊ တစ်နေ့မှာ ၂၄နာရီပဲ ရှိတာလေ” မစ်ရှင်တိုးတက်မှု အခြေအနေကို ကျေနပ်အားရစွာ ကြည့်နေရင်း ယွမ်ကျိုးက တစ်ဖက်လူကို အသိပေးရန် မမေ့လျော့ခဲ့ပေ။
“အမ်၊ ဒါလည်း ဟုတ်တာပဲ။ ဒါဆိုရင် အစားအသောက်တွေ အများကြီး ရောင်းပေးပါ” ၎င်းအမျိုးသားက လက်သင့်ခံနိုင်သော အကြံဉာဏ်ထပ်ပေးသည်။
“ဒါပေါ့၊ ရပါတယ်” ထိုမှသာ ယွမ်ကျိုးက လေးနက်စွာ ခေါင်းညိတ်သည်။
“ကျောက်ပွင့်ပျားရည်ကို တစ်ယွမ်နဲ့ ထပ်ရောင်းဦးမလား” ဖောက်သည်တစ်ဦးက သူ မစားခဲ့ရသည့် ဟင်းလျာကို မေးမြန်းခြင်း ဖြစ်သည်။
“အခြေအနေအရပဲ” နောက်တစ်ခေါက် ဈေးနှုန်းသတ်မှတ်ရန် ယွမ်ကျိုးက ဖုန်းထဲမှာ မဲနှိုက်ဦးမည် ဖြစ်သည်။ နံပါတ်၁ ပြန်ရရန်လည်း မလွယ်ကူချေ။
“ဘာလို့လဲ” တစ်ဖက်လူက စပ်စပ်စုစု မေးမြန်းသည်။
“ဟင်းလျာပြန်ရောင်းရင် မင်း သိရမှာပါ” ယွမ်ကျိုးက အခိုင်အမာ ပြောဆိုသည်။
ယွမ်ကျိုးက နောက်တစ်ယောက်၏အကြံပြုချက်ကို ထပ်စောင့်ဆိုင်းနေသည်။ မစ်ရှင်ပြီးမြောက်အောင် လူတိုင်းက ကူညီနိုင်ချေရှိနေသည်။ ထို့ကြောင့်လည်း သူတို့ပြောသမျှကို စိတ်ရှည်ရှည်နားထောင်ပြီး ပြန်ဖြေရှင်းနေရသည်။
ယွမ်ကျိုးက မစ်ရှင်ပြီးမြောက်ရေးဖြင့် အလုပ်ရှုပ်နေစဉ် သူဌေးကျောင်က ကျန်းရှင်း နှင့် လင်းချုံကို တခြားကားတစ်စီးဖြင့် ရဲစခန်းသို့ ပြန်ခေါ်သွားသည်။
“နောက်ဆုံးတော့ ငါတို့တွေ ပြန်ရောက်ပြီ။ တကယ် ပင်ပန်းတဲ့ညပဲ။ ဒီအမှု ဘယ်အချိန်မှ ပြီးဆုံးမှာလဲ” လင်းချုံက ချက်ချင်းပင် ထိုင်ခုံပေါ် ပစ်လှဲလိုက်သည်။
“သိပ်မကြာတော့ပါဘူး။ မြွေက သူ့တွင်းထဲက ထွက်လာခါနီးပြီ” သူဌေးကျောင်က လေးနက်စွာ ပြောသည်။ ရဲစခန်းသို့ ပြန်ရောက်နေ၍ သူတို့အချင်းချင်း ဟာသလုပ်နေခြင်း မဟုတ်ပေ။
“ဘယ်တော့လဲ” ကျန်းရှင်းက လေးနက်စွာ မေးမြန်းသည်။
“အစောဆုံးက ဒီကနေ့ညပဲ” လူနှစ်ယောက်ကို ငေးကြည့်ရင်း သူဌေးကျောင်က တည်ငြိမ်သောလေသံဖြင့် စကားပြောသည်။
“အံ့ဩစရာပဲ။ ကောက်ကျစ်လှည့်ဖြားလွန်းတဲ့ အဆိပ်ပြင်းမြွေကို နောက်ဆုံးတော့ ဖမ်းမိတော့မယ်ပေါ့” လင်းချုံက ခါးဆန့်လိုက်ပြီး စိတ်ကျေနပ်ဟန် အမူအရာကို ဖော်ပြသည်။ မရင့်ကျက်သော ယခင်အမူအကျင့်များတွင် လိမ္မာပါးနပ်မှုများ အစားထိုး ဝင်ရောက်လာသည်။
“ဟုတ်တယ်။ သူ့ကို နောက်ယောင်ခံလိုက်နေတာ ကြာပြီလေ” ကျန်းရှင်းလည်း အလွန်ပျော်ရွှင်နေပုံပေါ်သည်။
သူတို့က ရဲစခန်းမှာ ရဲအမှုထမ်းများ ဖြစ်ကြသည်။ မနေ့က မနက်ခင်းတည်းက သူတို့အပြုအမူသည် အရမ်းကို ထူးဆန်းနေသည်။ သူတို့က ခြိမ်းခြောက်ပြီး သူတို့ကို အစားအသောက် ဒကာခံသူကိုပင် မရမက စုံစမ်းနိုင်ခဲ့သည်။ ဟွမ်လင်ထံမှ စကားနှိုက်ပြီး စုံစမ်းခဲ့ခြင်းဖြစ်သည်။ အဘွား၏ဆန္ဒလေး မပြည့်ခဲ့ပေ။ သူတို့သုံးယောက်က ဟွမ်လင်နှင့် ကြာကြာ စကားပြောချင်သော ဆန္ဒ မရှိချေ။
အိမ်စောစောပြန်ရောက်သည်နှင့် ဆန်ဆေးပြီး ဆန်ပြုတ်ပြုတ်လိုက်သည်။
“အစ်မကြီး ရေချိုးပြီး စားစရာရှိတာ စားလိုက်တော့။ ကျွန်တော် မနက်စာ ပြင်ထားပေးတယ်” လူတစ်ယောက်၏အရိပ်က အတွင်းခန်းမှ တယိမ်းတယိုင် ထွက်ပေါ်လာသည်။ ခပ်လှမ်းလှမ်း လမ်းလျှောက်လာမှသာ ဆံပင်ရှည်ရှည်ရှိသော ကောင်လေးမှန်း သတိထားမိသည်။
“မနက်အစောကြီး အိပ်ရာထနေတာလား။ ထပ်အိပ်ဦးလေ” ဟွမ်လင်က ဦးထုပ်ကို ချွတ်လိုက်ပြီး နဖူးပေါ်မှာ ချွေးစက်များကို သုံးကာ ခပ်ယဲ့ယဲ့လေး ပြုံးရှာသည်။
“ကျွန်တော်က လေ့ကျင့်ခန်းလုပ်ဖို့ အိပ်ရာစောစော ထတာပါ” ကောင်လေးက အသက်ငယ်သော်လည်း လူပျိုဖော်ဝင်ချိန်ဖြစ်၍ အသံက ဘဲသံပေါက်နေသည်။
“အွန်း၊ အရမ်းအပင်ပန်းမခံနဲ့။ အခုတော့ ဒီအစ်မက မင်းကို ထောက်ပံ့ပေးနိုင်ပါတယ်” ထိုစကားကိုပြောပြီးနောက် ဟွမ်လင်က ရေချိုးခန်းကျဉ်းလေးထဲ ဝင်ရောက်ပြီး ရေချိုးသည်၊။
သူ့ခန္ဓာကိုယ်ပေါ် ရေစက်များ စီးကျနေစဉ် အပြင်ဘက်မှ ကောင်လေး၏ ကျေးဇူးတင်ပါတယ်ဆိုသော စကားသံကို ကြားလိုက်ရသည်။
အပိုင်း(၂၆၉)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၇၀)
ခဏကြာပြီးနောက် ဟွမ်လင်က မီးဖိုထဲမှ ဆန်ပြုတ်ကို မသယ်လာခင် အိမ်နေရင်း ဝတ်စုံလဲပြီး မီးဖိုခန်းထဲ ဝင်ရောက်လာသည်။
“လာလေ ရှောင်လိ မနက်စာ စားကြမယ်” ဆားရည်စိမ်ထားသော အရွက်ပန်းကန်ပြားကို သယ်ဆောင်လာရင်း ဟွမ်လင် ပြောလိုက်သည်။
“အွန်း။ ပဲတောင့်ရှည်(ပဲလွမ်း) မရှိဘူးလား” ကောင်လေးက ပန်းကန်ပြားထဲမှ မုန်လာဥများကို ကြည့်ပြီး မနှစ်သက်သော အမူအရာကို ဖော်ပြသည်။
“ပဲလွမ်းစားဖို့ တစ်နေ့ထပ် စောင့်ရဦးမယ်။ မနက်ဖြန်မှပဲ စားနိုင်တော့မယ်။ မုန်လာဥကို မကြိုက်ရင် တခြားအရွက်တွေစားလေ” ဟွမ်လင်က အကောင်းပကတိ ရှိနေသေးသည့် အရွက်တစ်ဝက်ကို ထုတ်ပေးသည်။
“ကိစ္စမရှိပါဘူးလေ။ မုန်လာဥပဲ စားလိုက်တော့မယ်” ရှောင်လိက ထိုင်ချလိုက်ပြီး အရွက်များကို မစားခဲ့ပေ။ နေ့လယ်စာအတွက် အရွက်ကြက်ဥ စွတ်ပြုတ် ချက်ပေးမယ်” ဟွမ်လင်က အရွက်များကို သိမ်းဆည်းလိုက်ပြီး သူ့ကို ချွေးသိမ့်သည်။
“အွန်း ကောင်းတာပေါ့။ ကျေးဇူးတင်ပါတယ် မမ” ရှောင်လိ၏ဖြူဖပ်ဖြူရော်မျက်နှာတွင် အပြုံးလေး ပေါ်လွင်လာသည်။
“အွန်း။ ဒါဆိုရင် တစ်ရေးအိပ်ဦးမယ်။ အပြင်လမ်းလျှောက်ထွက်ချင်ရင် ထွက်လေ။ ဒီနေ့ နေသာတယ်” သူမက ရှောင်လိ၏မျက်နှာကို ဂရုတစိုက်ကြည့်ကာ ပြောလိုက်သည်။
“တကယ်လား။ ဒါဆိုရင် အပြင်သွားလိုက်မယ်” ရှောင်လိက တိုးလျသော လေသံဖြင့် ပြန်ပြောသည်။
“ဒါဆိုရင် စားစရာရှိတာ ပြီးအောင်စားတော့” ဟွမ်လင် လေးကန်စွာ သက်ပြင်းချလိုက်သည်။ သူမ၏ခံစားချက်ကို ထုတ်မပြောဘဲ သိမ်မွေ့စွာ ပြောလိုက်သည်။
ထမင်းစားပွဲဝိုင်း ဝန်းကျင်က နွေးထွေး တိတ်ဆိတ်နေသည်။ မောင်နှမနှစ်ယောက်စလုံး အသံတိတ် ထမင်းစားနေကြသည်။
ထမင်းစားပြီးနောက် ခဏ စကားပြောကြသည်။ ရှောင်လိ စိတ်ကြည်လင်နေခြင်းကို မြင်တွေ့ရ၍ ဟွမ်လင် စိတ်အေးလက်အေး အနားယူနိုင်သည်။ ညဉ့်နက်မှ အလုပ်လုပ်ရ၍ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပြီး ဟောက်သံကိုပင် ကြားနိုင်သည်။
ထိုမှသာ ရှောင်လိက မီးမှိန်မှိန် အခန်းထဲမှ ဖုန်းထုတ်ပြီး ဂိမ်းဆော့သည်။ နဖူးပေါ်ဝဲကျနေသော ဆံပင်များကြောင့် သူ့ပုံစံက သုန်မှုန်နေပုံပေါ်သည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေ၍ နေ့လယ်ခင်းမှ တရေးနိုးလာသည်။ ခေါင်းကြည်လင်အောင် တအောင့်အနားယူပြီးမှ အခန်းသန့်ရှင်းရေးလုပ်ကာ နေ့လယ်စာ ချက်ပြုတ်သည်။
ဧည့်ခန်းမပါဘဲ အိပ်ခန်း နှစ်ခန်းပါရှိသည့် တိုက်ခန်းလေးဖြစ်သည်။ မီးဖိုချောင် နှင့် ရေချိုးခန်းက သပ်ရပ်ပြီး အိပ်ခန်းနှစ်ခန်း အကျယ်အဝန်းကလည်း မတူညီပေ။ သူ့မောင်လေးကို အခန်းပြောင်းရန် ဖျောင်းဖျမရသည့်အတွက် ဟွမ်လင်က အခန်းကျယ်မှာ နေထိုင်ရသည်။ အခန်းကျဉ်းတွင် ပြတင်းပေါက်ကြီး ရှိနေ၍ အလင်းရောင်ပိုဝင်ရောက်သည်။
ဟွမ်လင် တံခါးဖွင့်လိုက်သောအခါ ရှောင်လိ တစ်ယောက်တည်း ခြေထောက်လေ့ကျင့်ခန်းလုပ်နေခြင်းကို မြင်တွေ့လိုက်ရသည်။ သူ့မျက်နှာက ပြုံးလိုက်ပြီး တံခါးပြန်ပိတ်ကာ မီးဖိုခန်းထဲ ဝင်ရောက်လိုက်သည်။
ရေခဲသေတ္တာအခဲကန်မှ အေးခဲထားသော အသား၊ ကြက်ဥ နှင့် ကြက်သွန်မြိတ်တို့ကို ထုတ်လိုက်သည်။ ဤပစ္စည်းများက နေ့လယ်စာအတွက် အသုံးပြုမည့် ဟင်းချက်ပစ္စည်းများ ဖြစ်သည်။
ဟွမ်လင်က နေ့လယ်စာ ချက်ပြုတ်နေစဉ် ယွမ်ကျိုးက မစ်ရှင်ပြီးမြောက်၍ ပညာရပ်အသစ်ကို ကျွမ်းကျင်အောင် လေ့ကျင့်ပြီးနောက် နေ့လယ်ခင်းဆိုင်ဖွင့်ရန် ပြင်ဆင်နေသည်။
လူတန်းရှည်ကြီးကြောင့် သူ့ဆိုင်ရှေ့မှာ ရှုပ်ယှက်ခတ်နေသည်။ လူ၂၀၊ ၃၀ခန့်ရှိသော လူအုပ်ကြီးတွင် လူကြီး လူငယ် ယောက်ျား မိန်းမ အစုံရှိနေသည်။ သူတို့အားလုံးက ယွမ်ကျိုး၏စားသောက်ဆိုင်လာရောက်ခြင်း ဖြစ်သည်။
ခပ်လှမ်းလှမ်းမှပင် သူတို့စကားသံကို ကြားနိုင်သည်။
“ငါ ဘာပြောလိုက်တာလဲ။ အစားအသောက်မြေပုံ လမ်းညွှန်ချက်အရ အဲဒီနေရာကို ငါတို့ရှာနိုင်မှာပါ။ ကြည့်ဦး ဒီနေရာပဲ ဖြစ်မယ်။ လူအများကြီး တန်းစီစောင့်နေတဲ့ နေရာက ငါတို့ရှာနေတဲ့ စားသောက်ဆိုင်ပဲ”
“ဒီပုံစံအတိုင်း ဆိုင်ရှာတာလဲ မဆိုးဘူးပဲ” တက်ကြွသော မိန်းကလေးနောက်မှ အမျိုးသမီးကြီးက ချီးမွမ်းစကားပြောသည်။
“ကျေးဇူးတင်ပါတယ် အစ်မဝမ်။ တကယ့်ကို နေရာကောင်းပဲ။ တိတ်ဆိတ်အေးချမ်းတဲ့နေရာလေးမှာ ဆရာတစ်ဆူ ပုန်းကွယ်နေပုံပဲ” ယာယာ အမည်ရှိသော ကောင်မလေးက ခပ်လှမ်းလှမ်းမှာရှိနေသည့် ယွမ်ကျိုး၏စားသောက်ဆိုင်ကို ငေးကြည့်ရင်း ပျော်ရွှင်စွာ ပြောသည်။
“အစားအသောက်တွေက အရမ်းဈေးကြီးတယ်လို့ ကြားထားတယ်။ ပြောထားသလောက် အရသာကောင်းပါ့မလား” အစားအသောက်နှင့် ပတ်သက်ပြီး စိုးရိမ်လွန်ကဲနေသူ ပြောလိုက်ခြင်း ဖြစ်သည်။
“ဟုတ်တယ်။ နင်ပြောတာ မှန်တယ်။ မနေ့တုန်းက ဖက်ထုပ်ဝယ်စားခဲ့တဲ့ ဆိုင်ရဲ့ ဖက်ထုပ်အရသာက တကယ်ဆိုးရွားတယ်” နောက်တစ်ယောက်လည်း မကျေမနပ် ဝင်ရောက်ပြောဆိုသည်။
“ဒီလို ဂျင်းထပ်မမိလောက်ပါဘူး။ ငါတို့စားခဲ့တဲ့ဆိုင်က ဆိုင်ခွဲလေ။ ဒါကြောင့်မို့ အရသာပြောင်းလဲသွားတာ ဖြစ်မယ်” ဒီလောကအကြောင်း သိနေသည့် လူငယ်က ပက်ခနဲ ပြောသည်။
“လူတန်းရှည်ကြီးကို ကြည့်ရုံနဲ့ အစားအသောက်ကောင်းမယ့်ပုံပဲ” ယွမ်ကျိုး ဆိုင်ရှေ့က လူအုပ်ကြီးကို ကြည့်ပြီး အစ်မဝမ်က ခပ်တိုးတိုးလေး ပြောသည်။
“ဟူး၊ ထပ်ပြီး တန်းစီရဦးမယ်” လူတချို့က မကျေမနပ် အထွန့်တက်သည်။
သူတို့က အစားအသောက်မြေပုံ နှင့် ဆွေးနွေးပွဲများကို ကြည့်ထား၍ အထိုက်အလျောက် စိတ်ရှည်သည်။
သူတို့လည်း တန်းစီလိုက်၍ လူတန်းရှည်ကြီးက ချက်ချင်း ပိုများလာပြီး အတန်း သုံးတန်း ဖြစ်သွားသည်။
ရဲစခန်းမှ လူသုံးယောက်ကလည်း အရမ်းပင်ပန်းလာ၍ စားပွဲခုံမှာပင် တရေးအိပ်ကြသည်။ ဒီကနေ့တော့ အိမ်မပြန်တော့ဘဲ ရဲစခန်းမှာပဲ အနားယူအိပ်စက်ခဲ့သည်။
“အနားယူလိုက်တာ အားပြည့်သွားပြီ။ နေ့လယ်စာ ဘာစားကြမလဲ” လင်းချုံက အရင်ဆုံး နိုးလာပြီး တခြားနှစ်ယောက်လည်း နိုးလာသည်။
“ဘာစားစား ပြဿနာ မရှိဘူး” သူဌေးကျောင်က တည်ငြိမ်သောအမူအရာဖြင့် ပြောသည်။
“ဘယ်စားသောက်ဆိုင် သွားမလဲ” ကျန်းရှင်းက စိတ်လှုပ်ရှားနေသည်။
“အိုကေဆိုင်သွားမယ်”
“မသွားဘူး” လင်းချုံ နှင့် သူဌေးကျောင်က သံပြိုင်ပြောဆိုသည်။
“ဘာလို့လဲ”
“ငါတို့ပစ်မှတ်နဲ့ သိပ်မဝေးလို့လေ။ အဲဒီနေရာကို ခဏခဏသွားရင် ငါတို့ရုပ်လုံး ပေါ်သွားလိမ့်မယ်။ အဲဒီနေရာသွားတာကို လျှော့သင့်တယ်” သူဌေးကျောင်က ခဏတွေးကြံပြီး လေးနက်စွာ ပြောသည်။
“ငါတို့သူဌေးက ကပ်စေးနဲပုံပဲ” အလုပ်ချိန်ပြင်ပတွင် လင်းချုံက သူ့စီနီယာများကို လေးစားရကောင်းမှန်း မသိပေ။
“အွန်း။ ဂုဏ်ပြုညစာစားပွဲတော့ ကပ်စေးမနဲဖို့ မျှော်လင့်တယ်” ကျန်းရှင်းက အချီကြီး ပြုံးလိုက်သည်။
“ရဲအမှုထမ်းက လာဘ်စားလို့ မရဘူး။ သွားနေကျ နေရာပဲသွားကြမယ်။ နေ့လယ်စာ သွားစားမယ်” သူဌေးကျောင်က ဆုံးဖြတ်ချက်ချလိုက်သည်။
“ဒါပေမဲ့…” လင်းချုံက တစ်စုံတစ်ရာကို ပြောချင်သော်လည်း သူဌေးကျောင်က သူ့ကို ချက်ချင်း ဟန့်တားလိုက်သည်။
“ဟွမ်လင်ဆိုတဲ့ နာမည်ကို ရင်းနှီးနေတယ်လို့ ခံစားရပြန်ပြီလား” သူဌေးကျောင်က မပွင့်တပွင့်ဖြင့် စကားလမ်းကြောင်းလွှဲသည်။
“ဟုတ်တယ်။ မှတ်ဉာဏ်ထဲ ဝိုးတိုးဝါးတားပဲ။ မနက်တုန်းက ပြောဖို့ စဉ်းစားထားပေမဲ့ အခုတော့ မေ့သွားပြီ” လင်းချုံ ဒွိဟ ဖြစ်နေသည်။
“အရင်တုန်းက ငါတို့ဖြေရှင်းဖူးတဲ့ အမှုတစ်ခုခုတော့ ဖြစ်နိုင်တယ်မလား” ကျန်းရှင်းက ခန့်မှန်းပြောဆိုသည်။
“အမှုတွဲဖိုင်ကို စစ်ဆေးကြည့်ရင်း နာမည်တစ်ချက်ရှာရင် အသုံးဝင်တဲ့ အချက်အလက်တော့ ရနိုင်တာပဲ” သူဌေးကျောင်က ညွှန်ကြားသည်။
“ဟုတ်ကဲ့ ဆရာ။ အခုပဲလုပ်လိုက်မယ် မဟုတ်ရင် အချိန်ဖြုန်းရာ ရောက်မယ်” ကျန်းရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေသည်။
ကျန်းရှင်း၏အားနည်းချက်က သာမန်ရုပ်ရည်ကို ပိုင်ဆိုင်ထားခြင်းသာ ဖြစ်ပြီး မှတ်ညဏ်ကောင်းသည်။ တစ်နှစ်အတွင်း ဖိုင်တွဲများကို လွယ်လင့်တကူ စစ်ဆေးနိုင်သည်။
ခဏကြာပြီးနောက် ကျန်းရှင်းက ဖိုင်တွဲကို ယူဆောင်ကာ ရုံးခန်း ပြန်ရောက်လာသည်။
“ဘာဖြစ်လို့လဲ” စိတ်ဓာတ်ကျနေသော မျက်နှာအမူအရာကြောင့် လင်းချုံက စပ်စပ်စုစု မေးမြန်းလိုက်သည်။
ဖိုင်တွဲထဲမှ အမှုက ဟန်ဆောင်နေသည့် သားရဲအမှုဖြစ်သည်။ ဤအမှုကို သူတို့အားလုံး သိထားပြီသားဖြစ်သည်။
“သူဌေး ကြည့်စမ်းပါဦး” ကျန်းရှင်းက ဖိုင်၏ပါးလွှာသော စာရွက်ကို ယူလိုက်ပြီး သူဌေးကျောင်ကို ချက်ချင်းပေးသည်။
“အင်း။ ငါ ကြည့်ဦးမယ်”
“ငါလည်း ကြည့်မယ်” ထို့နောက် လင်းချုံက သူ့လက်ထဲမှ စာရွက်များကို ယူလိုက်သည်။
စာရွက်က သိပ်မများ၍ ခဏလေးအတွင်း အလျင်အမြန် ကြည့်မိသွားသည်။ ထို့နောက် သူက တအံ့တဩ ထအော်သည်။
“ဒါကလည်း အမှုကိစ္စပဲလား။ ဒါကြောင့်မို့ အရမ်းထူးဆန်းနေတာကိုး”
“အမှုတွဲဆက်စပ်အညွှန်းကို ကြည့်နေသည့် သူဌေးကျောင်က သူတို့၏ စကားသံများကြောင့် သတိပြန်ဝင်သွားသည်။
“မင်းတို့တွေ ဘာဖြစ်နေတာလဲ” သူဌေးကျောင် ဒွိဟဖြစ်သွားသည်။
“ဒီစာရွက်တွေ ဖတ်ကြည့်ပြီးရင် နားလည်သွားလိမ့်မယ်” လင်းချုံက သူ့လက်ထဲ ဖိုင်တွဲ တည်ငြိမ်စွာ ထည့်လိုက်သည်။
၅မိနစ်ခန့်ကြာပြီးနောက် သူဌေးကျောင် သက်ပြင်းချလိုက်သည်။
“ဒီကောင်မလေး ဖြစ်နေတာပဲ။ အခုတော့ အဆင်ပြေနေပုံပဲ”
“ဒါပေမဲ့ ဒီမနက်ခင်းက အပြုအမူအက အရမ်းထူးဆန်းနေတယ်” ကျန်းရှင်းက ချိုသာစွာ ပြောသည်။
“ကိစ္စတွေ ရှင်းလင်းသွားရင် အဲကောင်မလေးဆီ သွားလည်ကြမယ်။ ဒါဆိုရင် ရှင်းရှင်းလင်းလင်း သိရတာပေါ့” သူဌေးကျောင်ကက စိတ်ဓာတ်ကျသောလေသံဖြင့် ပြောသည်။
တကယ်တမ်း ဖိုင်ထဲတွင် ဟွမ်လင်၏မိသားစုနောက်ကြောင်းကိုသာ မှတ်တမ်းတင်ထားသည်။ သို့သော်လည်း သူမ၏နောက်ကြောင်း နှင့် သူမ၏ မနက်ခင်း ကောင်းမှုက လိုက်ဖက်မှု မရှိပေ။
အပိုင်း(၂၇၀)
ပြီးပါပြီ။