အသက်ရှင်မလား၊ သေမလား
Vol. 3 Ch. 205
"ဒီတော့ ... မင်းရှုံးရင် ဘာလုပ်မယ်လို့ ပြောခဲ့သလဲ၊ လူငယ်လေး ကျော်ရှောင်ချင်း"
ဆန်းလျန်က ပြုံးရင်း မေးလိုက်သည်။ ကျော်ရှောင်ချင်း၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွား လေသည်။
"ကျွန်တော့် စကားကို ပြန်ရုတ်သိမ်း ပါရစေ၊ ခင်ဗျား ဘယ်လို အပြစ်ပေးပေး ကျွန်တော် လက်ခံပါ့မယ် ဆန်းတန်ခိုးရှင်"
ကျော်ရှောင်ချင်းက အပြစ်ပေးရန်သာ တောင်းဆို ခဲ့သော်လည်း ခွင့်လွှတ်ဖို့ မတောင်းဆိုခဲ့ပေ။ ပထမအနေဖြင့် သူက မတောင်းပန်ချင်သောကြောင့် ဖြစ်သည်။ ဒုတိယ အနေဖြင့် ဆန်းလျန်ကဲ့သို့ လူမျိုးက တောင်းပန်ရုံဖြင့် ခွင့်လွှတ်မည့်သူ မဟုတ်ပေ။
"ကောင်းပြီလေ၊ မင်းက စိုကျင့်နဲ့ စိုရွှမ်ရဲ့ ခြေတွေ လက်တွေကို ဖြတ်ပစ်ခဲ့တာ၊ ကျုပ်က သူတို့နှစ်ယောက်ကို ရှန်းစန်း ပြဒါးဆေးလုံးနဲ့ ကုသ ပေးထားခဲ့ရတာ၊ ဒီတော့ မင်း သူတို့ကို လုပ်ခဲ့တဲ့အတိုင်း မင်းရဲ့ ခြေတွေ လက်တွေကို ဖြတ်ပစ်ရမယ် ဆိုရင်ရော၊ ဒီလိုလုပ်လို့ ကျုပ်တပည့် နှစ်ယောက် စိတ်ဆိုး ပြေသွားနိုင်ပေမဲ့ အကျိုးတော့ သိပ်မရှိလှဘူး၊ ဒီတော့ မင်းအနေနဲ့ ကျုပ်တို့ဂိုဏ်းမှာ ဓားကျွန်အဖြစ် နှစ်ပေါင်းသုံးရာ အစေခံရမယ် ဆိုရင် လက်ခံမလား"
မုန့်ရွှင်ကျန်းမှာ ဒေါသကို ထိန်းထားနိုင်ခြင်း မရှိတော့ပေ။
"မလုပ်ရဘူး"
သူ အော်ဟစ် လိုက်လေသည်။
ဆန်းလျန်မှာ ယွင်ဆွေ အလင်းဓားကို ချေဖျက်သည့် ဓားသိုင်းကို တီထွင်ခဲ့ရုံသာမက ချင်းကျန်းဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ရန် ကြိုးစားနေပြီ မဟုတ်ပါလား။ ချင်းကျန်း ဂိုဏ်းအတွက် ကျော်ရှောင်ချင်းကဲ့သို့ အရည်အချင်း ပြည့်ဝသည့် လူငယ်လေး တစ်ယောက်ကို ရရှိရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။
မုန့်ရွှင်ကျန်းသာ မရှိတော့လျှင် ချင်းကျန်းဂိုဏ်းတွင် ဟိုင်သန်းအဆင့် ကျင့်ကြံသူ ပေါ်ထွက်လာရန်ပင် အခွင့်အရေး နည်းပါးလှလေသည်။ မုန့်ရွှင်ကျန်းမှာ ချင်းကျန်းဂိုဏ်း၏ အဓိက ထောက်တိုင် တစ်ခုအဖြစ် ရပ်တည် ပေးထားခြင်း ဖြစ်လေသည်။
ဟိုင်သန်းအဆင့် တက်ရောက်ရန်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပါ။ ချင်းရွှမ် နတ်တံခါးတွင်ပင်လျှင် နှစ်တစ်ရာနေမှ ကိုယ်ပိုင် စွမ်းအားဖြင့် ဟိုင်သန်းအဆင့် အောင်မြင်သူ ဆို၍ ချန်ကျန့်မေနှင့် ဆန်းလျန် နှစ်ယောက်သာ ပေါ်ထွက်ခဲ့သည်။
ကျော်ရှောင်ချင်းမှာ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန် အတွက် အလားအလာရှိသူ တစ်ယောက် ဖြစ်လေသည်။ ကျော်ရှောင်ချင်းသာ ချင်းရွှမ် နတ်တံခါးတွင် အစေခံရသည့် ဓားကျွန် တစ်ယောက် ဖြစ်သွားမည် ဆိုလျှင် ချင်းကျန်းဂိုဏ်း၏ အနာဂတ် မျိုးဆက် အတွက်တော့ မတွေးဝံ့စရာပင် ဖြစ်လေသည်။
ဆန်းလျန်က မုန့်ရွှင်ကျန်းကို တစ်ချက် လှမ်းကြည့်လိုက်ရင်း ...
"ကျုပ်တို့ နောက်မှ ပြောကြတာပေါ့၊ ဓားဘုရင်မုန့်"
ဆန်းလျန်က ကျော်ရှောင်ချင်းကို စကား ဆက်ပြောလိုက်သည်။
"ဆိုရိုး တစ်ခုရှိတယ် "ရန်သူဆိုတာ ပြန်လက်စား မချေနိုင်အောင် အမြစ် ပြတ်သုတ်သင်ရတယ်"တဲ့ မင်းသင်ယူခဲ့တဲ့ ဓားသိုင်းက အနှစ်သာရမရှိ၊ အသုံးမဝင်တဲ့ ဓားသိုင်းဆိုပေမဲ့ မင်းကတော့ အရည်အချင်း ရှိတဲ့ လူငယ်လေးပဲ၊ ဒီတော့ မင်းကို လွယ်လွယ်နဲ့တော့ လွှတ်မပေးနိုင်ဘူး၊ ကျုပ်ပြောတာကို သဘောမတူဘူး ဆိုရင်တော့ မင်းကို လူပြန်ဝင်စားလို့ ရအောင် နောက်ဘဝကို ပို့ပေးရမှာပဲ၊ ဒီဘဝမှာတောင် ယွင်ဆွေ အလင်းဓားကို အသက်ငယ်ငယ်နဲ့ ကျင့်ကြံ အောင်မြင်ခဲ့တာ လူပြန်ဝင်စားပြီး ပြန်မွေးဖွားလာရင် ဒီထက်ကောင်းတဲ့ ဓားသိုင်းမျိုးကို လေ့ကျင့်နိုင်မှာပဲ"
ကျော်ရှောင်ချင်း၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာ ပြေးလွှား သွားလေသည်။ ထို့နောက် ဓားသမား တစ်ယောက်၏ လျင်မြန်မှုမျိုးဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။
"ကျွန်တော် ချင်းရွှမ် နတ်တံခါးမှာ ဓားကျွန်လုပ်ပါ့မယ်၊ ဒါပေမဲ့ တောင်းဆိုစရာ တစ်ခုတော့ ရှိတယ်"
"မင်းအဆင့်နဲ့ ကျုပ်ကို တောင်းဆိုခွင့် မရှိဘူး၊ မင်းရွေးရမှာ နှစ်လမ်းပဲ ရှိတယ်၊ အသေခံမလား၊ အသက် ရှင်ချင်သေးလား ဆိုတာပဲ"
ဆန်းလျန်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
သူက ကျော်ရှောင်ချင်း၏ ဓားစွမ်းရည်ကို လေးစားသောကြောင့် ထိုသို့ အခွင့်အရေး ပေးနေခြင်း ဖြစ်လေသည်။ သူကဲ့သို့ နတ်ဘုရား ကျောင်းတော်ကြီး တစ်ခုမှ ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် သေဆိုသေ၊ ရှင်ဆိုရှင် အမိန့်တစ်ချက် ပေးလိုက်ရုံမျှသာ ရှိလေသည်။
ကျော်ရှောင်ချင်း၏ စကားများမှာ လည်ပင်းမှာပင် တစ်သွားပြီး ပြောထွက်မလာတော့ပေ။ သူတောင်းဆိုချင်သည့် အချက်မှာ ဆန်းလျန် မည်သည့်ကိစ္စကို ခိုင်းပါစေ သူလုပ်မည် ဖြစ်လေသည်။ သို့သော် ချင်းကျန်းဂိုဏ်းကို ပြန်လည် တိုက်ခိုက်ခိုင်းမည် ဆိုလျှင်တော့ ထိုအလုပ်ကို သူမလုပ်နိုင် ဆိုသည့် အချက်ပင် ဖြစ်လေသည်။
သို့သော် ဆန်းလျန်က သူ့စိတ်ကို သိမြင်နေသည့် အလား တောင်းဆိုခွင့် မပေးခဲ့ပေ။ သူ့မှာ သေလမ်းနှင့် ရှင်လမ်း နှစ်လမ်းသာ ရွေးခွင့်ရှိတော့သည်။
ဆန်းလျန်ခိုင်းသည့် အလုပ်ကို မလုပ်ချင်လျှင် သူ့ဘက်က သေလမ်းကို ရွေးရန်သာ ရှိတော့သည်။ ဓားကျွန် ဆိုသည်မှာ ခိုင်းသည့် အလုပ်ကို စောဒကတက်ခြင်း မရှိဘဲ လုပ်ရမည်သာ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် သူက တပည့်တစ်ယောက် မဟုတ်ဘဲ အစေခံ တစ်ယောက် ဖြစ်သောကြောင့်ပင်။
"ကျွန်တော် သဘောတူပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားကို သစ္စာဖောက်မှာ မကြောက်ဘူးလား"
ကျော်ရှောင်ချင်းက မေးလိုက်သည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မင်းက ဓားကျွန်အဖြစ် ကျင့်ကြံသူ စိတ်ထားနဲ့ သစ္စာဆိုရမှာပဲ၊ မင်းသာ ကျုပ်ကို သစ္စာဖောက်မယ် ဆိုရင် ဘဝဆက်တိုင်းမှာ ဘယ်တော့မှ ကျင့်စဉ်လမ်း အောင်မြင်ပြီး တရားရမှာ မဟုတ်တော့ဘူး"
ကျင့်ကြံသူစိတ်ထားဖြင့် သစ္စာဆိုရမည် ဆိုသည်မှာ အလွန်ပြင်းထန်သည့် ကျိန်စာပင် ဖြစ်လေသည်။ သစ္စာပျက်သည့် ကျင့်ကြံသူသည် ကျင့်စဉ်လမ်းတွင် အကြီးအကျယ် ထိခိုက်လိမ့်မည် ဖြစ်လေသည်။ သစ္စာမပျက်ဘဲ အဆုံးတိုင်အောင် သစ္စာတည်မည် ဆိုပါက သစ္စာတည်ခြင်း အတွက် အကျိုးအမြတ် များစွာကို ခံစားရမည် ဖြစ်လေသည်။
"သစ္စာဆိုတယ်ဆိုတဲ့ အချက်လောက်နဲ့ ကျုပ်ကို ထိန်းချုပ်ထားနိုင်မှာ မဟုတ်ဘူး"
ကျော်ရှောင်ချင်းက အေးစက်စွာ ပြောလိုက်လေသည်။
"မင်း ဓားသိုင်းပညာကို သိပ်မြတ်နိုးတယ် မဟုတ်လား"
ဆန်းလျန်က မေးလိုက်သည်။
"ဟုတ်ပါတယ်"
"မင်းသစ္စာဖောက်ရင် ဓားသိုင်း ကျင့်နိုင်ပါဦးမလား၊ ဒါဆို မင်းဘာအသုံးကျဦးမှာလဲ”
ဆန်းလျန်၏ စကားများက ကျော်ရှောင်ချင်းရင်ထဲသို့ စူးနစ် ဝင်ရောက်သွားလေသည်။
ဆန်းလျန်မှာ ကျော်ရှောင်ချင်းကို ဓားကျွန်အဖြစ် ခေါ်ထားရခြင်းမှာ အကြောင်း ရှိလေသည်။ ကျော်ရှောင်ချင်းကဲ့သို့ ဓားသိုင်းပညာ ပါရမီပါသူမှာ ရှားပါးသူ ဖြစ်လေသည်။ ထို့ပြင် ဂိုဏ်းချုပ်တစ်ယောက် အနေဖြင့် အရာရာတိုင်းကို ကိုယ်တိုင် လိုက်မလုပ်နိုင်ပေ။ ကျင်းချင်း တစ်ယောက်တည်း ကလည်း အရာရာကို လိုက်လုပ် ပေးနေ၍ မတတ်နိုင်ပေ။ ထို့ကြောင့် သူ့အတွက် လူတစ်ယောက် လိုအပ်လေသည်။
ကျော်ရှောင်ချင်းမှာ ရုဟွအဆင့်သို့ ရောက်နေပြီ ဖြစ်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ ကံကောင်းမည် ဆိုလျှင် ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ခြောက်ဆင့် ခုနစ်နစ်ဆင့် ဖြင့် တက်ရောက်နိုင်မည် ဖြစ်လေသည်။ ထိုအခါ သူ့အတွက် ပိုပြီး အသုံးဝင်လာ နိုင်လေသည်။
ကျော်ရှောင်ချင်းက တိတ်ဆိတ် ငြိမ်သက်နေသလို ဆန်းလျန်ကလည်း စကားဆက်လက် ပြောဆိုခြင်း မရှိပါ။
အခြေအနေက ရက်စက် လွန်းလှလေသည်။
ကျန်းဆွေကျယ်က ဓားကျွန်အဖြစ် သစ္စာဆိုလိုက်ပါဟု တိုက်တွန်းသည့် အကြည့်ဖြင့် ကျော်ရှောင်ချင်းကို လှမ်းကြည့်လိုက်သည်။ သို့သော် မုန့်ရွှင်ကျန်း၏ အကြည့်ကတော့ မလုပ်နဲ့ ဟု တားဆီးသည့် အကြည့်မျိုး ဖြစ်လေသည်။
အခြေအနေအနည်းငယ် တည်ငြိမ်သွားမှ ဆန်းလျန်က မုန့်ရွှင်ကျန်းကို မေးလိုက်သည်။
"ဓားဘုရင်မုန့်၊ ကျုပ်တို့ ချင်းရွှမ် နတ်တံခါးက ခင်ဗျားတို့ကို စပြီး စော်ကားခဲ့ဖူးတာများ ရှိခဲ့ဖူးသလား"
မုန့်ရွှင်ကျန်းက မဖြေသည့်အတွက် ဆန်းလျန် ရယ်မော လိုက်လေသည်။ သို့သော် … မုန့်ရွှင်ကျန်းက ဆန်းလျန်၏ အမေးကို မဖြေဘဲ စကား လွှဲလိုက်လေသည်။
"တန်ခိုးရှင်က တကယ် အစွမ်းထက်သူပါ၊ ကျုပ်လေးစားမိပါတယ်"
ထိုသို့ ပြောလိုက်သည့်တိုင် "လေးစားသည်" ဆိုသည့် စကားမှာ ရင်ထဲမှပါသည့် စကား မဟုတ်ပေ။
ဆန်းလျန်က မဲ့ပြုံး တစ်ချက် ပြုံးလိုက်ရင်း....
"ကျုပ်ကို တာအိုဆရာ ဟွမ်ကျန်းလို လူမျိုးလို့ ခင်ဗျားက ထင်နေလား၊ ခင်ဗျားကို တစ်ခါအနိုင်ယူ၊ နှစ်ခါ အနိုင်ယူပြီး သုံးခါမြောက်မှာ အချိုလေး သပ်ပြီး မိတ်ဆွေ ဖြစ်လာမယ်များ ထင်နေသလား"
"မင်းက မင်းစိတ်နဲ့ နှိုင်းနေတာပဲ ဆန်းတန်ခိုးရှင်"
မုန့်ရွှင်ကျန်းက ရွံရှာစွာဖြင့် ပြောလိုက်သည်။
ဆန်းလျန်က....
"ဒါဖြင့် ခင်ဗျားဘက်က စကားတစ်ခုခု ပြောကြည့်ပါဦး"
ဟု ပြောလိုက်လေသည်။
သို့သော် မုန့်ရွှင်ကျန်းက ဆန်းလျန်၏ စကားကို နားလည်ပုံ မရပါ။ သူက တစ်ယောက်တည်း သီးသန့် နေတတ်သည့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး လူမှုရေးကို သိပ်နားမလည်ပေ။
ကျန်းဆွေကျယ်ကတော့ ပိုပြီး လူမှုရေး နားလည်လေသည်။
ကျန်းဆွေကျယ်က ဆန်းလျန်ကို လက်နှစ်ဖက် စုပ်ကာ အရိုအသေ ပေးလိုက်ရင်း….
“ဆန်းတန်ခိုးရှင်၊ ကျုပ်တို့ဂိုဏ်းက တောင်းဆိုမှုလေး တစ်ခု လုပ်ချင်ပါတယ်၊ ကျုပ်တို့ ချင်းကျန်းဂိုဏ်းက ဟိုးအရင် ကတည်းက ချင်းရွှမ် နတ်တံခါးကို လေးစားခဲ့တာပါ၊ အခုလည်း ချင်းရွှမ် နတ်တံခါးနဲ့ ပူးပေါင်းပြီး ချင်းရွှမ် နတ်တံခါးရဲ့ အမိန့်ကိုနာခံပါ့မယ်”
ကျန်းဆွေကျယ်၏ အပြုအမူကြောင့် မုန့်ရွှင်ကျန်းမှာ ဒေါသ ထွက်သွားလေသည်။
“ဆရာကျန်း၊ မင်းလုပ်ရဲသလား”
ကျန်းဆွေကျယ်မှာ မုန့်ရွှင်ကျန်း ဒေါသထွက်နေသည်ကို သိလေသည်။ ထို့ကြောင့် သူက စိတ်စွမ်းအင် အသုံးပြုကာ ရှင်းပြလိုက်ရသည်။
ဆန်းလျန်က ချင်းကျန်းဂိုဏ်း၏ ဓားသိုင်းပညာကို လုံးဝ ထိန်းချုပ်ထားလိုက်ပြီ ဖြစ်လေသည်။ ထိုသတင်းသာ ပျံ့နှံ့သွားပါက နန်ကျန်းမြို့တွင် သူတို့ဂိုဏ်းမှာ ရပ်တည်နိုင်မည် မဟုတ်တော့ပေ။
သူတို့ဂိုဏ်းကို တိုက်ခိုက်ရန် ချေင်းမြောင်း နေကြသည့် ရန်သူများကလည်း များစွာ ရှိလေသည်။
သူတို့အနေဖြင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို အားကိုး၍ မရပေ။ ချင်းရွှမ် နတ်တံခါးကို စမ်းသပ်သည့် ကိစ္စကိုပင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းက သူတို့ထံမှ တပည့်တစ်ယောက် လွှတ်ပြီး စေခိုင်းခြင်း မရှိဘဲ ချင်းကျန်း ဂိုဏ်းကို အသုံးချခဲ့လေသည်။ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းသည် သူတို့၏ တပည့်များကိုတော့ လွန်စွာ တန်ဖိုးထားပြီး အခြားသော ဂိုဏ်းမှ တပည့်များကိုတော့ သေသေရှင်ရှင် ဂရုစိုက်မည် မဟုတ်ပေ။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းသည် အခြားသူများကို အသုံးပြုသည့် နေရာတွင် တော်လွန်းသည့် အတိုင် အခြားသူများ ဒုက္ခ ရောက်လျှင်တော့ ကူညီမည် မဟုတ်ပေ။
ကွမ်းချင်း နတ်ဘုရား ဂိုဏ်းတွင် နတ်ဘုရားငါးပါး ပေါ်ထွက်သည်မှာ လေးစားစရာ ကောင်းလှပါသည်။ ထို့ကြောင့်လည်း မည်သို့ပင် အခြားသူများကို အသုံးချနေပါစေ မည်သူမျှ အပြစ် ဆိုရဲကြမည် မဟုတ်ပေ။
မုန့်ရွှင်ကျန်းမှာ ဒေါသ ဖုံးလွှမ်းနေသည့် အတွက် ထိုအချက်များကို မြင်ခဲ့ခြင်း မရှိပေ။ ယခုတော့ အခြေအနေမှန်ကို သုံးသပ် နိုင်သွားပြီ ဖြစ်လေသည်။ ဆန်းလျန်သည် သူတို့ အားနည်းချက်များ အားလုံးကို ချုပ်ကိုင်ထားပြီး ဖြစ်လေသည်။ ချင်းကျန်း ဂိုဏ်းအနေဖြင့် ချင်းရွှမ် နတ်တံခါးကို သစ္စာခံလျှင်ခံ၊ မခံလျှင် အမြစ်ပြုတ် သုတ်သင်ခြင်း ခံရရန်သာ ရှိတော့သည်။
မုန့်ရွှင်ကျန်းမှာ ဆန်းလျန်သည် အချိန်တိုတိုလေး အတွင်းမှာပင် ယွင်ဆွေ အလင်းဓားကို ချေဖျက် နိုင်မည့် ဓားသိုင်းကို တီထွင် နိုင်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။
မုန့်ရွှင်ကျန်းမှာ ထိပ်တန်း ဓားသိုင်းတစ်ခု ဖြစ်သည့် နဂါးငွေ့တ န်းဓားကျမ်းကို ရရှိထားသည့်တိုင် ထိုသိုင်းကျမ်းထဲတွင် အရေးကြီးသည့် အချက်တစ်ခုက ပျောက်နေခဲ့လေသည်။ မဟုတ်လျှင် ဟွမ်ကျန်း ကလည်း နဂါးငွေ့တန်း ဓားကျမ်းကို သူ့ကို လွယ်လွယ်နှင့် ပေးလိမ့်မည် မဟုတ်ပေ။
ပျောက်နေသည့် အချက်မှာ အဓိကအချက် ဖြစ်သည့် နဂါးငွေ့ဓားသိုင်း၏ အဓိက ဓမ္မအဓိပ္ပာယ်ပင် ဖြစ်လေသည်။ သူ့အနေဖြင့် ထိုဓားသိုင်း၏ လိုနေသည့် အပိုင်းကို ရှာဖွေရန်လည်း မဖြစ်နိုင်ပေ။ သူက ကျင့်စဉ်လမ်း အဆင့် တက်နိုင်ရန် အတွက်သာ ထိုဓားသိုင်း၏ အချို့ အစိတ်အပိုင်းများကို အသုံးပြု၍ ရကောင်း ရနိုင်လေသည်။
ထို့ကြောင့် ချင်းကျန်းဂိုဏ်း၏ အဓိက ကျင့်စဉ်ကို နဂါးငွေ့တန်း ဓားသိုင်းဖြင့် အစားထိုး၍ မဖြစ်နိုင်ပေ။ ချင်းကျန်း ဂိုဏ်း၏ အဓိက ကျင့်စဉ်မှာ ယွင်ဆွေ အလင်းဓားပင် ဖြစ်နေမည် ဖြစ်လေသည်။ ယခုတော့ သူတို့ဂိုဏ်း၏ အဓိက ကျင့်စဉ်ကို ချေဖျက်သည့် ဓားသိုင်းကို ဆန်းလျန်က တီထွင်ခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်က မည်သည့် စကားမှမဆိုဘဲ မုန့်ရွှင်ကျန်းထံမှ ထွက်လာမည့် စကားသံကို စောင့်နေလေသည်။
အမှန်တော့ ဆန်းလျန်၏ အစီအစဉ်မှာ ချင်းကျန်း ဂိုဏ်းအတွက်လည်း ပိုပြီး အဆင်ပြေနိုင်မည့် နည်းလမ်း ဖြစ်လေသည်။ ဆန်းလျန်၏ အစီအစဉ်ကို ငြင်းပယ်မည် ဆိုလျှင် ဦးနှောက် မရှိသည့် အရူး တစ်ယောက်သာ ဖြစ်ရပေလိမ့်မည်။
***