အပိုင်း (၇၀)
Vol. 6 Ch. 70
ရှချင်းက တိတ်တဆိတ်ပြုံးပြီး မီနူးကို ယူလိုက်သည်။
သူမထွက်သွားပြီးနောက် ကျင်းရှီသည် ချက်ချင်းပြောင်းသွားပြီး "အစ်ကို၊ ကျွန်မ ဘယ်လိုလုပ်လိုက်မိလို့လဲ"
ရှန်ဖျင်ချွမ်က မျက်မှောင်ကြုတ်ပြီး "အရမ်းကြီး တမင်မလုပ်ပါနဲ့! လူတွေကသိတယ်"
"တကယ်လား?"
"လူတိုင်းက မင်းလိုပဲ တုံးတယ်ထင်နေတယ်"
ကျင်းရှီက တည့်တိုးပြောပြီး "ဒါဆို ဘာလုပ်ရမလဲ ကျွန်မကိုပြောပါ၊ အစ်ကိုပြောတဲ့အတိုင်း လုပ်မယ်။ အစ်ကိုပြောတာ အကုန်နားထောင်မယ်"
"တစ်စုံတစ်ယောက်ကို ချီးကျူးရင် သူတို့ကို ပါးပါးနပ်နပ် ချီးကျူးရမယ်၊ သဲလွန်စမကျန်ရဘူး၊ လူတွေက မင်း သူတို့ကို ချီးကျူးကြောင်း မပြောပေမယ့်လည်း မင်းရဲ့ကြင်နာမှုကို ခံစားရတာမျိုးပေါ့"
ကျင်းရှီက သူ့မျက်ခုံးကို ကွေးပြီး "ဒါက….. ကျွမ်းကျင်မှုပဲ"
"မေ့လိုက်ပါ၊ မင်းပါးစပ်ကို ပိတ်ထားလိုက်။ ငါ့ကိစ္စတွေကို မရှုပ်နဲ့။"
"စိတ်မပူပါနဲ့၊ အစ်ကို ကောင်မလေးကိုရအောင် ကျွန်မ သေချာပေါက် ကူညီပေးပါ့မယ်"
မောင်နှမနှစ်ယောက်က တိုးတိုးလေး ချစ်ငှက်လေးတွေလို ပြောနေကြသည်။ သူတို့နောက်မှာ ရှချင်းက လက်ထဲမှာ ပဲနို့နဲ့ ကိုးရိုးကားရား ပြောခဲ့သည်။ "အမ်... နှောင့်ယှက်မိတာ တောင်းပန်ပါတယ်"
ရှန်ဖျင်ချွမ်၏ ခန္ဓာကိုယ် တုန်ခါသွားသည်။
သေစမ်း၊ သူတို့ပြောတာကို သူမ ကြားသွားပြီ။
ကျင်းရှီက ပြုံးပြီး "အစ်မ ရှချင်း၊ ကျွန်မအစ်ကိုက ဒီနေရာက ဟော့ပေါ့က အရမ်းအရသာရှိတယ်လို့ ပြောတယ်" လို့ပြောလိုက်သည်။
ရှချင်းက ကူကယ်ရာမဲ့သွားသည်။ "ဒါပေမယ့် မင်းရဲ့ အစားအစာ မချရသေးဘူးလေ"
"အိုး"
ရှန်ဖျင်ချွမ်သည် သူ့နဖူးကို လက်ဖြင့်အုပ်ကာ မျှော်လင့်ချက် လုံးဝကင်းမဲ့သွားသည်။
ရှချင်းသည် အကြိမ်အနည်းငယ်ရောက်လာပြီး သူတို့အတွက် လက်ဖက်ရည်ငဲ့ပေးကာ သူတို့ တစ်ခုခုလိုအပ်ပါက သူမကို တိုက်ရိုက်ခေါ်ရန် ပြောခဲ့သည်။ သူမသည် အလွန်ဂရုတစိုက်နဲ့ တာဝန်ကျေသူ ဖြစ်သည်။
ဘေးက စားပွဲမှာ လူငယ်တချို့ ထိုင်နေပြီး ကျယ်လောင်စွာ အော်ဟစ် ပြောဆိုနေကြသည်။ တစ်စုံတစ်ယောက်က သူ့အင်္ကျီကို တိုက်ရိုက်ချွတ်ပြီး လက်ဟန်ခြေဟန် ပြသည်။ အရှုံးသမားသည် အရက်သောက်ခြင်း၊ အမှန်တရားလား ခိုင်းတာလုပ်မလား ဆော့ကစားခြင်း သို့မဟုတ် ပတ်ဝန်းကျင်ရှိ မိန်းကလေးများထံမှ ဖုန်းနံပါတ်များတောင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့ကို မည်သူမှ လက်မခံခဲ့ပေ။
ရှန်ဖျင်ချွမ်သည် အလွန်သတိရှိပုံရသောကြောင့် သူတို့သည် ကျင်းရှီကို နှောင့်ယှက်ရန် မလာခဲ့ကြပေ။
အရက်မူးနေသော ခေါင်းပြားပြားနဲ့လူသည် မိန်းကလေးများ စားပွဲဝိုင်းမှ ငြင်းပယ်ခံရပြီးနောက် ယိုင်နဲနဲနဲ့ပြန်လျှောက်လာသည်။ ဟင်းပန်းကန်တွေနဲ့ ဗန်းကို ကိုင်ထားတဲ့ ရှချင်းကို ဝင်တိုက်မိသွားသည်။
ဟင်းပန်းကန်များ ဖိတ်ကျသွားတော့မည် ဖြစ်သော်လည်း မမျှော်လင့်ဘဲ ရှချင်းသည် ဗန်းကိုကိုင်ကာ ပန်းကန်များပေါ်ရှိ အရာအားလုံးကို ပုံမှန်တိုင်း ပြန်ဖမ်းနိုင်ခဲ့သည်။
ကျင်းရှီ၏ မျက်လုံးများသည် သဘောကျမှုဖြင့် ပြူးကျယ်သွားပြီး "အစ်မ၊ တော်လိုက်တာ!"
ရှန်ဖျင်ချွမ်၏ မျက်နှာပေါ်တွင် ဂုဏ်ယူသောအကြည့်တစ်ခု ပေါ်လာခဲ့သည်။ "သူမက အရမ်းတော်တယ်။ သာမန်လူတွေက သူမနဲ့ မယှဉ်နိုင်ဘူး"
ဟင်းပန်းကန်များကို တည်ငြိမ်အောင် ထိန်းထားသော်လည်း ဆီအချို့ ဖိတ်ထွက်ကာ ဆန့်ကျင်ဘက် ခေါင်းပြားပြားနဲ့လူ၏ ရှပ်အင်္ကျီပေါ် ကျရောက်သွားပြီး အဖြူရောင်ဖြစ်သဖြင့် ဆီအစက် အနည်းငယ်က ပေါ်လွင်သွားသည်။
ရှချင်းက သူ့ကို တောင်းပန်ခဲ့ပေမယ့် ခေါင်းပြားပြားနဲ့လူက သူမကို လွယ်လွယ်နဲ့ လွှတ်လိုက်ချင်ပုံမပေါ်ပေ။ "ငါက ဧည့်သည်နော်၊ မင်း ငါ့ကို ဆီဖိတ်ကျခဲ့တာ၊ တောင်းပန်ရုံနဲ့ လုံလောက်ပြီလား"
ဝန်ဆောင်မှုလုပ်ငန်းတွင် လုပ်ကိုင်သူသည် ဧည့်သည်မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဧည့်သည်နှင့် ငြင်းခုံခြင်းမပြုနိုင်ပါ။
ရှချင်းက ထပ်ပြီး ရိုးရိုးသားသား တောင်းပန်ခဲ့သည်။ "ဆရာ၊ ရှင့်အဝတ်အစားတွေကို အရင်ချွတ်လိုက်ပါ။ ကျွန်မ မီးဖိုခန်းကို ယူသွားပြီး အစွန်းအထင်းတွေကို ပြောင်အောင်လုပ်ပေးပါ့မယ်။ ခြောက်သွားရင် လျှော်ရခက်နေလိမ့်မယ်။"
ခေါင်းပြားပြားနဲ့လူက ရယ်ပြီး သူ့သူငယ်ချင်းတွေကို ပြောခဲါသည်။ "ဒီကောင်မလေးက ငါ့အဝတ်အစားတွေကို ချွတ်ခိုင်းနေတယ်!"
ယောက်ျားတွေက "သူက မင်းကို ချွတ်ခိုင်းရင် ချွတ်ပေးလိုက်လေ!"
ခေါင်းပြားပြားနဲ့လူက သူ့အဝတ်အစားများ ဝတ်ထားတာတောင် ပိန်ပိန်ပါးပါးနဲ့ "အရိုး" ပုံစံရှိသည်။ သူက သူ့အဝတ်အစားတွေကို မချွတ်ဘဲ "ဒီအင်္ကျီက ဈေးမကြီးပါဘူး။ ကောင်မလေး၊ မင်း ငါ့ကို ဆီပေသွားစေတာဆိုတော့၊ မင်းကို ဒီအတိုင်း လွှတ်လိုက်လို့မရဘူး" လို့ပြောလိုက်သည်။
"ဒါဆို ကျွန်မ ရှင့်ကို ပိုက်ဆံနဲ့ လျော်ပေးပါ့မယ်။"
"ပိုက်ဆံလား၊ ငါ့ ညီအစ်ကိုတွေ မင်းတို့ပိုက်ဆံလိုကြလား"
ခေါင်းပြားပြားနဲ့လူက ရှချင်းကို ဘီယာတစ်ဘူး ပေးလိုက်သည်။ " ဒီမှာ ငါတို့ ညီအစ်ကိုတွေနဲ့ သောက်ပေး။ ငါတို့ သောက်ပြီးလို့ ပျော်ပါးပြီးရင် ကိစ္စပြီးသွားပြီ"
"ကျွန်မ အလုပ်လုပ်နေတယ်၊ သောက်လို့မရဘူး"
"မသောက်ဘူးလား ဟမ်။ မင်းသူဌေးကို ခေါ်လိုက်။ မင်း ငါ့ပေါ် ဆီဖိတ်သွားတယ်၊ မင်းရဲ့သူဌေးနဲ့ ငါစကားပြောရမယ်!"
ရှချင်းသည် ခဏလောက် စဉ်းစားရန် ခေါင်းငုံ့ကာ နောက်ဆုံးတွင် ဖန်ခွက်ကို လက်ခံလိုက်သည်။
အဲဒီ့အချိန်မှာပဲ လူတစ်ယောက်က အမွှေးဆီနဲ့ ကြက်သွန်ဖြူ ငံပြာရည် ပန်းကန်တစ်လုံးကို ယူပြီး ခေါင်းပြားပြားနဲ့လူရဲ့ ရှပ်အင်္ကျီရှေ့ကို လောင်းချလိုက်သည်။
ရှချင်း အံ့အားသင့်စွာ မော့ကြည့်လိုက်တော့ ရှန်ဖျင်ချွမ်၏ အနက်ရောင် မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ "တောင်းပန်ပါတယ် ညီအစ်ကို၊ ကျွန်တော့်လက်က ချော်ပြီး ခင်ဗျားကို ပေကျံအောင် လုပ်မိသွားတယ်" လို့ ပြုံးရင်း သူ့မျက်ခုံးတွေကို ဂရုမစိုက်သလို တွန့်လိုက်သည်။
ခေါင်းပြားပြားနဲ့လူရဲ့ ရှပ်အင်္ကျီအဖြူသည် တောက်ပြောင်သော အမွှေးဆီများဖြင့် စွန်းထင်းနေပြီး ကြက်သွန်ဖြူနှင့် ကြက်သွန်နီရိုးများ တွဲလောင်းကျကာ ညစ်တီးညစ်ပတ် ဖြစ်နေသည်။
သူက ဒေါသတကြီးမေးခဲ့သည်။ "ဟေး! မင်းဘယ်လိုလျှောက်လာတာလဲ။ မင်း ကန်းနေတာလား"
"ငါ့မျက်လုံးတွေက လူတွေပဲမြင်တယ်၊ တိရစ္ဆာန်တွေကို မမြင်ဘူး..." ရှန်ဖျင်ချွမ် စကားမဆုံးခင်မှာ သူ့နောက်က ရှချင်းက သူ့အင်္ကျီလက်ကို ရုတ်တရက် ညှစ်လိုက်သည်။
"တိရစ္ဆာန်" ဟူသော စကားလုံးသည် သူ့နှုတ်ခမ်းတွင် ရှိနေပြီဖြစ်သော်လည်း ရှန်ဖျင်ချွမ်က အတင်းပြန်မျိုချလိုက်သည်။
ဆိုင်တွင် ပဋိပက္ခဖြစ်လျှင် ရှချင်းသည် သူဌေး၏ ဆူပူကြိမ်းမောင်းခြင်းကို သေချာပေါက် ခံရမည်ဖြစ်သောကြောင့် ရှန်ဖျင်ချွမ်သည် ဒေါသကို ပြန်ထိန်းထားခဲ့သည်။ သူသည် သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး ထိုလူ့ခွက်နဲ့ တိုက်လိုက်ကာ "ကောင်းပြီ၊ ကျွန်တော် ခင်ဗျားနဲ့ အတူ သောက်မယ်"
ရှန်ဖျင်ချွမ်က ဘီယာခွက်ကို တစ်ချက်ကြည့်လိုက်ပြီး "ယောက်ျားတစ်ယောက်က ဘာအတွက် ဘီယာသောက်မှာလဲ။ ညီအစ်ကိုတို့ ပိုင်ကျို့ သောက်ရအောင်" လို့ပြောလိုက်သည်။
ပိုင်ကျို့ဖန်ခွက်ကြီးကို ယူလာခဲ့သည်။ ရှန်ဖျင်ချွမ်က တစ်ကျိုက်သောက်ပြီး ရယ်မောကာ "ဒီည ကျွန်တော် ဧည့်ခံပါ့မယ်၊ ဒါကို အချင်းချင်း ရင်းနှီးအောင်လုပ်တယ်လို့ သဘောထားလိုက်ရအောင်"
ပြုံးနေတဲ့မျက်နှာကို မရိုက်ရပေ အဲဒီယောက်ျားတွေက သူတို့လုပ်ချင်ရင်တောင် ဘာမှလုပ်လို့မရချေ။ လက်လျှော့ဖို့ကလွဲလို့ သူတို့မှာ ရွေးချယ်စရာမရှိတော့ဘူး။
ရှန်ဖျင်ချွမ်သည် သူ့အသက်ရှူသံအောက် ဒေါသတကြီးဖြင့် ကျိန်ဆဲရင်း ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။
ကျင်းရှီက သူ့ရဲ့နီမြန်းနေတဲ့ ပါးပြင်တွေကို မြင်ပြီး ရယ်ကာ "ငါတို့ မင်းသားရှန်က ဘယ်တုန်းက ဒီလောက် ထိန်းချုပ်ဖူးလို့လဲ"
သူ့လည်ချောင်းထဲက တဖျတ်ဖျတ် ပူလောင်တဲ့ ခံစားချက်ကို ထိန်းဖို့ ကြိုးစား၍ သူက ပဲနို့ပူပူလေးကို တစ်ငုံသောက်လိုက်ကာ "ငါတကယ် မထိန်းချုပ်ဖူးဘူး"
ရှန်ဖျင်ချွမ်၏ ထုံးစံအတိုင်း နောက်ပြောင်နေတတ်သော်လည်း၊ သူ့စိတ်အခြေအနေက တောက်လောင်လာသောအခါ ဒေါသထွက်လာတတ်သည်။
ဒီမစ္စရှက သူ့ကို ထိန်းချုပ်နိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ။ အထင်ကြီးစရာပဲ။
ညစာစားပြီးသောအခါ ရှချင်းသည် မောင်နှမတွေနဲ့ တံခါးဝတွင်တွေ့ပြီး ရှန်ဖျင်ချွမ်အား အထူးကျေးဇူးတင်ခဲ့သည်။ ရှန်ဖျင်ချွမ်က ကိစ္စမရှိဘူးလို့ ပေါ့ပေါ့ပါးပါး ပြောခဲ့သည်၊ ပြီးခဲ့တဲ့ အကြိမ်ကလည်း သူမက သူ့ကို ကူညီခဲ့တာ မဟုတ်ဘူးလား။ ဒါကဘာမှမဟုတ်ပါဘူး။
ရှချင်း အထဲကို ပြန်ဝင်ပြီးတာနဲ့ ကျင်းရှီက "အစ်ကို၊ ကျွန်မ ကိုယ့်ဘာသာ အိမ်ပြန်လိုက်မယ်"
"ဒါဆို ငါကရော"
"အစ်ကို သူ့ကိုစောင့်နေရမှာပေါ့!" ကျင်းရှီသည် သူမ၏ စက်ဘီးဘေးသေတ္တာကို ဖွင့်ကာ ပန်းရောင်ကူရှင်အဖုံးကို ထုတ်ပြီး နောက်ထိုင်ခုံပေါ်တွင် ဂရုတစိုက်တင်လိုက်ကာ "သူ အလုပ်ပြီးတဲ့ထိစောင့်ပြီး သူ့အဆောင်ကို ပြန်လိုက်ပို့ပေးဖို့ ကမ်းလှမ်းလိုက်။ နောက်ခုံမှာ သူမကို ထိုင်ခိုင်း"
ရှန်ဖျင်ချွမ်သည် ပန်းရောင်ထိုင်ခုံအဖုံးကို ကြည့်လိုက်သည်။ ကျင်းရှီကို နေ့တိုင်း ကျောင်းသွားကြိုဖို့ သူအထက်တန်းကျောင်း တက်စဉ်က ဝယ်ခဲ့တာ။ ဒါပေမယ့် သူမက သူနဲ့ ဘယ်တော့မှ မသွားဘဲ သူ့အစား သူမရဲ့သူငယ်ချင်းကောင်မလေးတွေနဲ့ သွားဖို့ အတင်းပြောနေတော့ အဖုံးက ဘယ်တော့မှ အသုံးမ၀င်ခဲ့ဘူး။
သူက အနည်းငယ် ရှက်သလိုခံစားရသည်။ "သူမ ငြင်းရင် ဘယ်လိုလုပ်မလဲ"
"သူငြင်းချင်ငြင်းပေါ့ ကိစ္စကြီး မဟုတ်ပါဘူး။" ကျင်းရှီက "ဘယ်ကောင်လေးက ကောင်မလေးတစ်ယောက်ကို လိုက်ရင် အကြိမ်အနည်းငယ်လောက် အငြင်းမခံရလို့လဲ"
"ငါ...ငါ သူ့ကိုလိုက်နေတာ မဟုတ်ဘူး" ရှန်ဖျင်ချွမ်က ရှက်ရွံ့စွာ ထစ်ငေါ့ပြီး "ဒီအကြံကို မင်းဘယ်ကရခဲ့တာလဲ"
"ကောင်းပြီ၊ အစ်ကို သူ့ကို ကြိုက်တာလား မကြိုက်တာလား။ မကြိုက်ရင် အိမ်ပြန်ရအောင်"
ရှန်ဖျင်ချွမ်သည် ခေါင်းငုံ့ကာ မြေကြီးပေါ်က ကျောက်စရစ်ခဲတစ်လုံးကို ခြေချောင်းဖြင့်ပွတ်ပြီး "မသိဘူး"
ဒီကောင်စုတ် ရှက်နေတာကို မြင်ရတာ တော်တော်ချစ်စရာကောင်းတာကို သူမ ဝန်ခံရမည်။
"ဘာကိုမသိဘူးလဲ" ကျင်းရှီက စီနီယာအကြံပေးတစ်ယောက်အနေနဲ့ သူ့ပခုံးကို ပွတ်သပ်ရင်း "အစ်ကို့အတွေးထဲမှာ သူ့ရဲ့မျက်နှာက ပေါ်လာတတ်လား၊ အစ်ကို သူ့ကို တစ်ချိန်လုံးတွေ့ချင်နေလား"
ရှန်ဖျင်ချွမ်က ခဏလောက်စဉ်းစားပြီး "သူ့ဗိုက်ကြွက်သားကို ငါ တွေ့ချင်တယ်၊ အဲဒါပါလား"
"......"
"အစ်ကို့ရဲ့ဆန္ဒကို သူ့ကိုပြောပြကြည့်လေ"
ရှန်ဖျင်ချွမ် - "ဒါဆို ငါသေလိမ့်မယ်"
အနည်းငယ်ရုန်းကန်ပြီးနောက် သူက ရှချင်း အလုပ်ဆင်းတာကို စောင့်ပြီး သူမ အဆောင်သို့ ပြန်လိုက်ပို့ပေးဖို့ ကမ်းလှမ်းရန် ဆုံးဖြတ်ခဲ့သည်။ ကျင်းရှီသည် ညစာစားပြီးနောက် သူမဘာသာ အိမ်ပြန်သွားခဲ့သည်။
ညနေခင်းလေပြေလေးက အေးစက်ကာ လတ်ဆတ်ပြီး မီးတွေက လင်းထိန်လာသည်။ ကျင်းရှီသည် သူမ လွယ်အိတ်ကိုကိုင်ကာ လမ်းပေါ်လျှောက်လာပြီး အသုံးအဆောင်ပစ္စည်းလေးတွေကို ရှာဖွေရန် လမ်းဘေးဈေးဆိုင်များတွင် ခဏခဏ ရပ်ခဲ့သည်။
လက်ကိုင်ထားသော စုံတွဲများက သူမကို ဖြတ်သွားပြီး ကျင်းရှီသည် သူတို့ကို ကြည့်ကာ လိုက်ရှုပ်တတ်သော ကောင်လေးကို ထပ်လွမ်းမိပြန်သည်။
မသိလိုက်ဘဲ၊ သူ့ဆီက ဘာစကားမှ မရှိတာ တစ်လတောင်ရှိသွားပြီ။
သူမသည် အလုပ်ရှုပ်သော လမ်းဆုံတွင်ရပ်နေကာ ရှန်ဖျင်ချွမ်က အနားတွင်ရှိစဉ်တွင် သူမသည် တကယ်ကို နှလုံးသား အနည်းငယ် နာကျင်ခံစားရတာကို ဝှက်ထားခဲ့သည်။ တစ်ယောက်တည်းရှိမှသာ သူမကိုယ်သူမ ဝမ်းနည်းမှုကို ခံစားခွင့်ပြုလိုက်သည်။
ထိုအချိန်တွင် သူမဖုန်းသည် အဝင်ဗီဒီယိုခေါ်ဆိုမှုနှင့်အတူ မြည်လာသည်။
ကျင်းရှီသည် စခရင်ပေါ်က ပရိုဖိုင်ပုံအား မြင်လိုက်ရပြီး ထိတ်လန့်မှုကြောင့် မူးလဲလုနီးပါးပင်။
ပေါ်ရန်။
သူ၏ပရိုဖိုင်ပုံမှာ ပိုလာဝက်ဝံပုံဖြစ်ကာ သူမမျက်နှာနှင့်ဆင်သော ကာတွန်းပုံ မိန်းကလေးတစ်ယောက်က ၎င်းပခုံးပေါ်တွင် ထိုင်နေသည်။
ကျင်းရှီသည် လက်ဖြင့်ဆွဲထားသော အဖြူရောင်ပရိုဖိုင်ပုံမှာ တကယ်ဖြစ်ကြောင်း အကြိမ်ကြိမ်စစ်ဆေးခဲ့သည်။
သူမသည် ဗီဒီယိုချိတ်ဆက်မှုကို လက်ခံရန် စိတ်လှုပ်ရှားစွာ ဂရုတစိုက် နှိပ်လိုက်ပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ပြီး ခေါ်လိုက်သည်။ "အစ်ကိုပေါ်ရန်"
စခရင်သည် မည်းမှောင်နေပြီး မရှင်းလင်းဘဲ ပြတ်တောက်ပြတ်တောက်ဖြစ်ကာ လက်ခံသူဘက်တွင် ဆူဆူညံညံ အသံများ ကြားနေရသည်၊ ပေါ်ရန်၏ ကွဲအက်နေသော အသံက "မင်း...ရှီ...ကြားလား"
"ကျွန်မကြားတယ် ကလေးလေး၊ အရမ်းလွမ်းနေတာ၊ ကျွန်မ... ကျွန်မ အရမ်းလွမ်းနေတာ…"
ကျင်းရှီ၏ မျက်လုံးများသည် ချက်ချင်း နီရဲလာသည်။
" စခန်းမှာ... ဘာလိုင်းမှ မရှိဘူး... တောင်ပေါ်တက်... အင်တာနက် မိခဲတော့... မကြားဘူး... မင်းဘာပြောတာလဲ"
"ကျွန်မ ရှင့်ကို လွမ်းတယ်လို့ပြောတာ!"
သူ့အဆုံးမှ တဆတ်ဆတ် တုန်ခါသွားပြီး အချိတ်အဆက်မမိသော သူ့အသံက ထွက်လာသည်။ "သေစမ်း… အင်တာနက်… ယန် မင်းပေါ် ငါ့ကိုတက်ခွင့်ပြု..."
ရှုချောင်းယန်၏ ပခုံးပေါ်တွင် ထိုင်နေသော ပေါ်ရန်သည် မရှင်းမလင်းဖြင့် ဗီဒီယို ရပ်သွားပြီး နောက်ဆုံးတွင် ရုပ်ပုံ အလွန်ရှင်းလင်းသွားသည်။
"ကျင်းရှီကြားလား"
ကျင်းရှီ - ......
သူမငိုသံတွေ ပျောက်သွားသည်။
ပေါ်ရန်သည် နောက်ဆုံးတွင် သူ့ဖုန်းတွင် ပုံအပြည့်ကို မြင်လိုက်ရသည်၊ ကျင်းရှီသည် လမ်းဘေးတွင် ရပ်နေကာ အဖြူရောင် အင်္ကျီလေးဝတ်ထား၍ လည်ပင်းတွင် အနက်ရောင် လည်စည်းလှလှလေး၊ အနီရောင်တောက်နေသော ပါးများနှင့် မျက်ရည်တွေနဲ့ မျက်လုံးများက သူမသည် စက္ကန့်တိုင်း ရင်တထိတ်ထိတ် ဖြစ်နေပုံပင်။
ပေါ်ရန်က မျက်မှောင်ကြုတ်ကာ "မင်းဘာလို့ ငိုနေတာလဲ"
"မငိုပါဘူး၊ ကျွန်မ ဘယ်လိုလုပ်ငိုမှာလဲ၊ ကျွန်မ မျက်လုံးတွေကို လေတိုက်သွားလို့"
ပေါ်ရန်သည် သူမကို မယုံချင်သလို ဖြစ်နေ၍ ပြင်းထန်စွာ ရှူထုတ်လိုက်သည်ကို သူမ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"ဒီမှာ အရမ်းမှောင်တယ်၊ ပိုလင်းတဲ့ တစ်နေရာရာကိုသွား၊ ဒါမှ ကိုယ် စခရင်မှာ မင်းကို ပိုမြင်နိုင်မှာ"
ကျင်းရှီသည် လှည့်ပတ်ကြည့်ပြီး နီယွန်ကြော်ငြာတစ်ခု မီးရောင်အောက်သို့ ပြေးသွားခဲ့သည်။
နီယွန်မီးများသည် စခရင်မှတဆင့် ပေါ်ရန်၏ မျက်နှာပေါ်တွင် လင်းလက်နေပြီး အပြာရောင်ခပ်မှိန်မှိန်တွင် သူ၏ချောမောသော အသွင်အပြင်ကို ဖုံးအုပ်ထားကာ သူ၏ ကြည်လင်သော မျက်လုံးများကို လင်းလက်စေခဲ့သည်။
ကျင်းရှီသည် သူမနှာခေါင်းကို ပွတ်ပြီး အတင်းမျက်ရည်များကို ထိန်းကာ ပြောခဲ့သည်။ "ရှင် တောင်ပေါ်မှာလား"
"ဒီည ကိုယ်ဖုန်းကို သုံးလို့ရပေမယ့် စခန်းမှာ ဘာတိုင်မှ မရှိဘူး။ အင်တာနက်ချိတ်ဆက်မှု မရလို့ ကိုယ်တောင်ပေါ်ကို ပြေးတက်ခဲ့တာ၊ မင်း ဖုန်းနားမရှိမှာကို ကိုယ် စိုးရိမ်နေခဲ့တာ"
"ကျွန်မရှိပါတယ်၊ ကျွန်မ...ကျွန်မအိပ်နေတဲ့ အချိန်မှာတောင် မပိတ်ရဲဘူး၊ တစ်နေ့နေ့ ရှင် ကျွန်မကို ဆက်သွယ်ဖို့ကြိုးစားမလားဆိုပြီး"
"ကျင်းရှီ ကိုယ့်ကိုလွမ်းလား"
ကျင်းရှီ၏ လက်မသည် စခရင်ပေါ်ရှိ သူ၏ကောင်းမွန်သော အသွင်အပြင်ကို ရုတ်တရက် ပွတ်သပ်ကာ "လုံးဝမလွမ်းပါဘူး၊ ရှင်က အကျင့်မကောင်းတဲ့လူကြီး"
"ဒါပေမယ့် ကိုယ် မင်းကို အရူးလိုပဲ လွမ်းတယ်။" ပေါ်ရန်၏ မျက်လုံးများသည် နူးညံ့မှုအပြည့်နှင့်ပင်။ "သစ်ငုတ်တိုကြီးတစ်ပင်ကို ကိုယ်မြင်ပြီး မင်းလို့ ထင်နေတာ၊ ကိုယ် လုပ်လိုက်ချင်တယ်"
"......"
ရုတ်တရက် ဖုန်းချချင်လာသည်။
ကျင်းရှီ - "ရှင်၊ ရှင်ရဲ့ အမှိုက်အကြောင်း ပြောပြန်ပြီ"
ဒါ သူက လေးနက်တဲ့ ခံစားချက်နဲ့ ရယ်စရာကို ပြောလိုက်သည်။
"ကြည့်ရအောင် ကိုယ့်ကောင်မလေး ဝလာပြီလား"
ကျင်းရှီသည် သူမ၏ မျက်နှာအပြည့်ကိုပြရန် ဖုန်းကို အဝေးမှ ကိုင်လိုက်သည်။
ပေါ်ရန်၏ ညင်သာသော အကြည့်သည် သူမ၏ အသွင်အပြင်ကို ဖြည်းညှင်းစွာ ကြည့်ရင်း ပါးစပ်က "ကောင်းလိုက်တာ" ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူ့အောက်က ရှုချောင်းယန်က ပြတ်ပြတ်ပြောလိုက်သည်။ "မင်းတို့နှစ်ယောက် ဆူညံပွက်လောရိုက်နေတယ်၊ ဒီကတတိယဘီးအတွက် တွေးပေးဖို့ နှမြောနေကြတာ"
ကျင်းရှီက ပေါ်ရန်ကို "နည်းပြဆရာရှုက သူ့ကောင်မလေးကို မခေါ်ဘူးလား"
"သူခေါ်ပြီးပြီ၊ တစ်မိနစ်တောင် မပြည့်ဘူး"
"အိုး၊ ကောင်မလေးတိုင်းက အစ်ကိုပေါ်ရဲ့ကောင်မလေးလို နူးညံ့ပြီး စာနာတတ်ကြတာ မဟုတ်ဘူး။"
"သဘောတူတယ်"
ရှုချောင်းယန်က ကျယ်လောင်စွာအော်ပြီး "ပေါ်ရန်၊ မင်းကို ပစ်ချပြီး မသတ်ဘူး မထင်နဲ့"
ကျင်းရှီက ပေါ်ရန်ကို အပြုံးနဲ့ကြည့်ရင်း "ရှင့်ကြည့်ရတာ ပိုရုပ်ဆိုးသွားတယ်၊ ကြမ်းတမ်းနေတာပဲ"
အလင်းရောင်ဖျော့ဖျော့တွင် ပေါ်ရန်၏ မျက်နှာသည် ပို၍ကြမ်းတမ်းနေပုံရပြီး သူ့မေးရိုးရှိ မုတ်ဆိတ်မွှေးများက ယောက်ျားပီသမှုကို တိုးစေသည်။
"ဟုတ်တယ်၊ ပိုရုပ်ဆိုးလာတယ်" ပေါ်ရန်က သူ့နဖူးကို ပွတ်ရင်း "ဒီအရင်လ လေ့ကျင့်မှုက မနှစ်ကထက် ပိုခက်တယ်"
ကျင်းရှီက သူ့ကို စာနာစိတ်နဲ့ ကြည့်ပြီး မျက်လုံးတွေ နီရဲလာပြန်သည်။ "ကျွန်မ ရှင့်ကို အရမ်းဖက်ထားချင်တာပဲ"
ပေါ်ရန်က နူးညံ့စွာ ပြောသည်။ "မျက်ရည်တွေ မကျနဲ့တော့။ မင်းရဲ့ပေါ်ရန်ကို ပြုံးပြ"
ကျင်းရှီသည် မျက်ရည်တွေနဲ့ အပြုံးတစ်ခုကို နာခံစွာ ညှစ်ထုတ်လိုက်သည်။
သူ့မျက်လုံးတွေ တွန့်သွားကာ "ရုပ်ဆိုးတယ်"
ရှုချောင်းယန်ရဲ့ အရေးတကြီးအသံက "ဟိုမှာ မီးရောင်တွေ တွေ့တယ်လို့ ငါထင်တယ်၊ ငါတို့ဖမ်းမိသွားပြီလို့ မပြောနဲ့နော်"
ပေါ်ရန်က သူ့အကြည့်ကို သေချာကြည့်ပြီး ညည်းတွားလိုက်သည်။ "သေစမ်း၊ ကျင်းရှီ ကိုယ်သွားရတော့မယ်"
"ရှင်ပြန်လာတာကို ကျွန်မ စောင့်နေမယ်"
သူ့နောက်စကားများက ပြတ်တောက်သွားပုံရပြီး လည်ပတ်နေကာ ရုတ်တရတ် အဆက်ပြတ်မသွားမီတွင် သူပြောသည့်စကားကို သူမ နားမလည်လိုက်ပေ။
သူမသည် အလင်းရောင်ဖျော့ဖျော့ မြင်ကွင်းကို ကြည့်၍ လမ်းမပေါ်တွင် တစ်ယောက်တည်းရပ်ကာ အချိန်အတော်ကြာအောင် ပြန်အဆင်မပြေနိုင်သေးဘဲ သူမ၏ နှလုံးသားသည် ခါးသီးမှု၊ ချိုမြိန်မှု နှစ်ခုစလုံး ခံစားခဲ့ရသည်။
အဲဒီညက အိမ်ပြန်ရောက်တော့ သူမ ဆိုဖာပေါ်မှာ တီဗွီကြည့်ရင်း ခွေခေါက်နေခဲ့သည်။ ရှန်ရှိရှန်းက သူသည် ဧည့်သည်များနှင့် လိုက်သွားပြီး ဟိုတယ်တွင်ပဲ နေနိုင်ကြောင်း မောင်နှမများအား ကောင်းကောင်း တံခါးပိတ်ထားရန် အကြောင်းကြားခဲ့သည်။
ကျင်းရှီက ရှန်ရှိရှန်းကို လျှော့သောက်ရန် ပြောခဲ့သည်။
ထို့နောက် ရှန်ဖျင်ချွမ်ဆီမှ ဖုန်းဝင်လာသည်။
"အစ်ကို ဘယ်လိုအခြေအနေရှိလဲ! အစ်ကို့မိန်းကလေးကို ရခဲ့လား၊ မရခဲ့ဘူးလား"
လိုင်းပေါ်တွင် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေသည်။ "ရှချင်းပါ"
"......"
အာ အို
အောက်ထပ်တွင် ရှချင်းနှင့် ရှန်ဖျင်ချွမ်တို့ကို သူမတွေ့လိုက်ရသည်။
ရှချင်းက သူ့ကို စက်ဘီးနဲ့ ပြန်ခေါ်လာပေးပြီး ပန်းရောင်စက်ဘီးထိုင်ခုံပေါ်မှာ ထိုင်၍ ရှန်ဖျင်ချွမ်က သောက်ထားတာကြောင့် မူးနေခဲ့သည်။
"သူက အရက်ကို နည်းနည်း ခံနိုင်ရည် မရှိပုံရတယ်" ရှချင်းက စက်ဘီးကို ရပ်လိုက်ပြီး ရှန်ဖျင်ချွမ်ကို ဆင်းဖို့ ကူညီပေးခဲ့သည်။ "ပိုင်ကျို့က သောက်ပြီးရင် အရသာပြင်းတယ်။ ငါအလုပ်က ဆင်းတော့ လမ်းဘေးမှာ သူမူးနေတာတွေ့တယ်။ ညီမလေး၊ မင်း သူ့ကို လမ်းဘေးမှာ ဒီလိုမျိုး ဘယ်လိုလုပ် ထားခဲ့နိုင်တာလဲ"
"အိုး..."
သူတို့ထွက်သွားတုန်းက သူ အဆင်ပြေသလိုပါပဲ။ ပိုင်ကျို့တစ်ခွက်က သူ့အပေါ် အများကြီးသက်ရောက်မှုရှိမယ်ဆိုတာ ဘယ်သူသိမှာလဲ။ အရင်က ဒီလိုနည်းနည်း လုံးဝမသောက်ဖူးဘူး။
"ဒုက္ခပေးမိတာပဲ၊ ကျေးဇူးတင်ပါတယ် အစ်မရှချင်း"
ကျင်းရှီသည် ရှန်ဖျင်ချွမ်ကို သယ်လာသော်လည်း ဟန်ချက်ပျက်သွားကာ မောင်နှမသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ကျင်းရှီသည် သူမ၏ တင်ပါး အက်ကွဲသွားသလို ခံစားလိုက်ရသည်။
ဒီကောင်... အရမ်းလေးတာပဲ!
ရှချင်းက ကျင်းရှီကို ဆွဲမလိုက်ပြီး ရှန်ဖျင်ချွမ်ကို သူမကျောပေါ်တင်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘဲ ထိုင်ချလိုက်သည်။ သူမသည် ဒူးတစ်ဖက်ထောက်ကာ သန်မာစွာ မတ်တပ်ရပ်လိုက်သည်။
"ထားလိုက်ပါ၊ ငါ သူ့ကို အပေါ်ထပ် တက်ဖို့ ကူညီပေးမယ်"
ရှချင်းသည် ၆ပေ၃ နီးပါးရှိသော ရှန်ဖျင်ချွမ်ကို သယ်ဆောင်ပြီး တိုက်ခန်း အဆောက်အဦးကို အေးအေးဆေးဆေး နွားတစ်ကောင်ကဲ့သို့ မတင်နေသည်ကို ကျင်းရှီ ကြည့်နေမိသည်။
အမျိုးသား ကာကွယ်ရေး အကယ်ဒမီကျောင်းမှ အမျိုးသမီးငယ်သည် တကယ်ကို အံ့ဩစရာပင်။
"အစ်မ၊ ကျွန်မတို့အိမ်က ဘယ်တိုက်ခန်းလဲဆိုတာ ဘယ်လိုသိတာလဲ"
"အဲဒါ သူ့ဖုန်းထဲက။"
"အိုး၊ အစ်ကို့ကို အိမ်ပြန်ခေါ်လာပေးတာ ကျေးဇူးတင်ပါတယ်"
"ဘာမှမဟုတ်ပါဘူး။ ငါ သူ့ကို တစ်ညလုံး အပြင်မှာ အိပ်ခိုင်းလို့မရဘူးလေ"
ကျင်းရှီက ဒီလိုလုပ်တာက တကယ်ကို ပြဿနာမဟုတ်ဘူးလို့ တွေးလိုက်သည်။
ဓာတ်လှေကားအတွင်းတွင် မီးရောင်များက ရှချင်း၏ မျက်နှာပေါ်တွင် တောက်ပနေပြီး သဘာဝမကျသော ပန်းရောင်သန်းနေမှုကို ထင်ရှားစေသည်။
ကျင်းရှီသည် ရှချင်း ပင်ပန်းနေပြီဟု ယူဆပြီး သူတို့ ရှန်ဖျင်ချွမ်ကို ဆွဲသွားဖို့ အကြံပြုတော့မည်။
ဒါပေမယ့် သူမခေါင်းကို လှည့်လိုက်တော့ ရှန်ဖျင်ချွမ်ဟာ မှိန်းနေတဲ့ အနေအထားနဲ့ ရှချင်းရဲ့ ပခုံးပေါ် သူ့ရဲ့သန်မာသော လက်မောင်းဖြင့် ပွတ်သပ်ပြီး သူမရင်ဘတ်ကို မှန်မှန် ကိုင်နေသည်ကို တွေ့လိုက်ရသည်။
ဒါတင်မကသေးဘဲ သူက အဲဒါကို ဂျုံမုန့်နှယ်သလို ဆုပ်နယ်နေသေးသည်...
ရှချင်းသည် အမူအရာမပြသော်လည်း သူမ၏ မျက်နှာမှာ နီရဲနေသည်။
ထိတ်လန့်မှုကြောင့် အဝေးကို လှမ်းကြည့်ရင်း ကျင်းရှီ၏ အသက်ရှူသံများက ပြင်းလာသည်။
ဒီစောက်ခွေး ရှန်ဖျင်ချွမ်က ဟန်ဆောင်လို့ကို မရဘူး!