အပိုင်း (၇၇)
Vol. 6 Ch. 77
"ရှောင်ယွမ်က အခြေအနေကို သိပါတယ်။ သူဘယ်လိုပုံစံလဲဆိုတာ ရှင်သိတာပဲ၊ ရပြီ၊ ဒါဆိုလုံလောက်ပြီ၊ အပြင်ထွက်တော့ ကလေးမလေးကို တစ်ယောက်တည်း ကြောင်တောင်တောင်နဲ့ ထိုင်ခိုင်းမထားနဲ့" အဘွားက စိတ်မရှည်စွာ အဘိုးကို တွန်းထုတ်လိုက်သည်။
အဘိုးကမီးဖိုချောင်မှ ထွက်သွားပြီးနောက် အဘွားက ပေါ်ရန်ကို တိုးတိုးလေးမေးလ်ုက်သည် "မင်းကောင်မလေးက အသက်ဘယ်လောက်ရှိပြီလဲ"
"၁၉ နှစ် မပြည့်သေးဘူး" ပေါ်ရန်က သူမအကြောင်းပြောနေစဉ် သူ့အမူအရာက အတော်လေးနူးညံ့နေသည်။ "သူက ကျွန်တော့်ရဲ့ဂျူနီယာ ကျောင်းနေဖက်လေ"
"ဒီလောက်ငယ်တာလား"
"ဟုတ်တယ်"
"သူမ တခြားသူတွေကို ဂရုစိုက်နိုင်လား"
ပေါ်ရန်က ပြုံးလိုက်ပြီး သူ့ရဲ့ရှည်လျားသွယ်လျသော လက်ချောင်းများက စိုနေဆဲပင်။ "သူငယ်ငယ်လေးကတည်းက ကျွန်တော် သူ့ကိုဖူးဖူးမှုတ်ထားတာ။ သူမက မရင့်ကျက်သေးတဲ့ ကလေးပဲ၊ သူ သူများကို ဘယ်လိုလုပ်ဂရုစိုက်နိုင်မှာလဲ။ ကျွန်တော်ကသာ သူ့ထက်ပိုဂရုစိုက်တာ"
သူ့ဆီက ပန်းကန်ပြားကိုယူရင်း အဘွားက သက်ပြင်းချလိုက်သည်။ "မင်းရဲ့မိဘတွေက စောစောထွက်သွားကြတယ်၊ မင်းအဘိုးနဲ့ ငါက အသက်တွေကြီးလာပြီ။ အနာဂတ်မှာ မင်းရဲ့ဘေးမှာ နွေးထွေးပြီး ဂရုစိုက်တတ်တဲ့သူတစ်ယောက်ရှိလိမ့်မယ်လို့ ငါတို့မျှော်လင့်တယ်၊ အဲဒါအကောင်းဆုံးပဲ"
အဘွားက သူ့အတွက် တကယ်ကို စိတ်ပူနေခဲ့သည်။ ပေါ်ရန်က သူမပခုံးကို အားနဲ့ညှစ်လိုက်ပြီး ချော့ပြောခဲ့သည် "အဘွား၊ စိတ်ပူစရာမလိုပါဘူး။ သူက ကျွန်တော့်အကြိုက်ပြီးတော့ ကျွန်တော့်ကို နားလည်တယ်"
ဒီကမ္ဘာမှာ ကြင်နာတတ်တဲ့သူတစ်ယောက်ကို ရှာရခက်သည်။
ဒီတစ်ကြောင်းနဲ့တင် အဘွားက ဆက်မပြောတော့ပေ။
ညစာစားချိန်တွင် ယန်ရှောင်ယွမ်က ကောင်းစွာပြုမူပြီး သတိရှိသော်လည်း သူမဘာသာ အသားစားယူဖို့ ချီတုံချတုံဖြစ်နေတာကြောင့် ထမင်းဖြူနှင့် အသီးအရွက်များကိုသာ ခေါင်းငုံ့စားနေသည်။ သူ့ဘေးမှာထိုင်နေတဲ့ အဘွားက သူမကိုများများစားဖို့ တိုက်တွန်း၍ ကြက်ခြေထောက်တွေကို သူမပန်းကန်ထဲ ထည့်ပေးခဲ့သည်။
အဘိုးက ပေါ်ရန်ကို တက္ကသိုလ်ကျောင်းသားဘဝအကြောင်း သူမကို ပြောပြခိုင်းသည်၊ ထို့ကြောင့် သူက ကိုယ်တိုင်လမ်းညွှန်သင်ယူဖို့၊ စာကြည့်တိုက်တွင် အချိန်များများသုံးဖို့၊ ဖတ်ဖို့စာအုပ်ရွေးချယ်နည်း စသည်ဖြင့် လိုအပ်သော အချက်အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ပြောခဲ့သည်။
ဒါတွေက ကျောင်းကောင်စီအဖွဲ့ဝင် ရှန်ဖျင်ချွမ်၏လူသစ်ကြိုဆိုပွဲမိန့်ခွန်းတွင် ပါဝင်သည့် အဓိကအချက်များဖြစ်ပြီး အခု ပေါ်ရန်က သင့်လျော်အောင် အသုံးပြုခဲ့သည်။
ယန်ရှောင်ယွမ်က ဉာဏ်ပညာပုလဲကို မတော်တဆ လွတ်သွားမှာစိုးသလို သူပြောပြနေသည့်အခါ သူမမျက်လုံးတွေက ပေါ်ရန်ကို လုံးဝလစ်ဟသွားတာမျိုးမရှိဘဲ အလွန်ဂရုစိုက်နားထောင်ခဲ့သည်။
ဒါက ပေါ်ရန်ကို အဆင်မပြေဖြစ်စေသည်။
"မင်းရဲ့မေဂျာကဘာလဲ" သူ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"တရုတ်ဘာသာစကားနဲ့စာပေ"
ဒါကိုကြားတော့ ပေါ်ရန် အနည်းငယ် အံ့ဩသွားသည်။ "ဒါမေဂျာကောင်းပဲ"
ယန်ရှောင်ယွမ်၏မျက်နှာက အနည်းငယ် နီသွားသည်။ "အစ်ကိုပေါ်ရန်က ဒီမေဂျာအကြောင်း သိတာလား"
"ငါ့ကောင်မလေးလည်း အဲဒါ တက်နေတာ"
ယန်ရှောင်ယွမ်က အံ့သြစွာ မော့ကြည့်လိုက်တော့ သူ့ရဲ့တောက်ပသော မျက်လုံးတွေကို မြင်လိုက်ရသည်။
ဒါဆို အဲ့မေဂျာကကောင်းလို့ မဟုတ်ဘူး၊ ဒါပေမယ့် သူ့ကောင်မလေးအဲ့မှာရှိနေလို့။
အဘိုးက သူ့ကိုစလိုက်သည် "ကောင်မလေးတစ်ယောက်ရတာ ကြီးကျယ်ခမ်းနားတဲ့ ရတနာတစ်ခုကို ရှာတွေ့သလို ပျော်မြူးပြီး တစ်ကမ္ဘာလုံးကို သိစေချင်နေတာ"
ဘယ်လိုတုံ့ပြန်ရမလဲမသိဘဲ ယန်ရှောင်ယွမ်သည် အဘိုးကြီးနှင့်အတူ ယဉ်ကျေးစွာ ပြုံးလိုက်သည်။
ထမင်းစားပြီးနောက် ယန်ရှောင်ယွမ်က ပေါ်ရန်ကို ပန်းကန်တွေ ကူဆေးပေးခဲ့သည်။ ပေါ်ရန်က ယဥ်ယဥ်ကျေးကျေးငြင်းခဲ့သည် "မင်းကဧည့်သည်ပဲ၊ ဆေးပေးစရာမလိုဘူး"
"ယောက်ျားတွေက ဒီလို အိမ်မှုကိစ္စတွေကို ကောင်းကောင်းမလုပ်တတ်ဘူး။ ကျွန်မလုပ်လိုက်မယ်"
"အဲဒါတော့မဟုတ်ဘူး"
ပေါ်ရန်ရဲ့ပါးစပ်ထောင့်က အနည်းငယ် စောင်းသွားသည်။ "ငါ့မှာ အိမ်မှုကိစ္စ ကောင်းကောင်းလုပ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူက ချက်ပြုတ်တတ်တယ်၊ ဆီးသီးလက်ဖက်ရည်လုပ်တတ်တယ်၊ အခုတလော သူ့ညီမရဲ့ခြေအိတ်တွေကိုတောင် လျှော်ပေးတယ်။ဒီတော့ မင်းရဲ့အယူအဆအရဆို သူက ယောက်ျားမဆန်ဘူးလား"
ယန်ရှောင်ယွမ် ၎င်းကိုကြားသောအခါတွင် သူမ သူမရဲ့ခရမ်းနီရောင်နှုတ်ခမ်းများကို စေ့ကာ ခေါင်းကိုငုံ့လိုက်သည်။
ယန်ရှောင်ယွမ်သည် အယူအဆသီးတယ်ဆိုတာ အဘွားကသိသည်၊ သူ့မြေးက မကောင်းတဲ့ရည်ရွယ်ချက်မရှိဘဲ ပေါ့ပေါ့ပါးပါး နောက်ပြောင်ပြောဆိုတတ်သည်။
ယန်ရှောင်ယွမ်သည် ကိစ္စတွေကို အများကြီးတွေးမှာစိုးသောကြောင့် သူမက ခေါင်းစဉ်ပြောင်းလိုက်သည်။ "ရှောင်ယွမ်၊ စောစောက မင်း ဘာစာအုပ်ဝယ်ချင်တယ်လို့ ပြောလိုက်တာလဲ"
"အိုး၊ ကျီမေလင်ဖာရဲ့ကဗျာစုစည်းမှု"
အဘွားက ဒီဟာတွေကို သိပ်နားမလည်တာကြောင့် ပြောလိုက်သည် "ကွက်တိပဲ။ ပေါ်ရန် ထမင်းစားပြီးရင် ရှင်းဟွာစာအုပ်ဆိုင်ကို မင်းနဲ့လိုက်ပေးလိမ့်မယ်"
ပေါ်ရန်သည် မီးဖိုချောင်တံခါးဝမှာ ပန်းကန်လုံးတစ်လုံးကိုကိုင်ကာ ရပ်နေသည်။ သူ့မျက်လုံးတွေက တွန့်ဆုတ်မှုအပြည့်နဲ့ သူ အဘွားကို ကူကယ်ရာမဲ့စွာ ကြည့်နေသည်။
ဒါပေမယ့် အဘွားက သူ့ဘက်ကို ကြည့်တောင်မကြည့်ဘူး။ သူမက တီဗီကြည့်ဖို့ ဧည့်ခန်းထဲသို့ ယန်ရှောင်ယွမ်ကို ခေါ်သွားခဲ့သည်။
ပေါ်ရန်က ပန်းကန်တွေကို ဖြည်းညှင်းစွာ ဆေးကာ မထွက်လာမီ မီးဖိုခန်းကို သန့်ရှင်းရေးလုပ်ခဲ့သည်။ ယန်ရှောင်ယွမ်က နာခံမှုရှိသော မြေးမလေးတစ်ယောက်ကဲ့သို့ အဘိုးနှင့် အဘွားအတွက် ပန်းသီးတွေကိုအခွံနွှာပေးနေတာကို သူမြင်လိုက်ရသည်။
ပေါ်ရန် ထွက်လာသောအခါ ယန်ရှောင်ယွမ်က သူ့ကို ပန်းသီးတစ်လုံး ချက်ချင်းပေးခဲ့သည်။ "အစ်ကိုပေါ်ရန်၊ ဒါရှင့်အတွက်"
"ငါပန်းသီးမကြိုက်ဘူး" ပေါ်ရန် ပေါ့ပေါ့ပါးပါး ငြင်းခဲ့သည်။ "အစားစားပြီးရင် အသီးမစားတာ အကောင်းဆုံးပဲ"
အစားစားပြီးရင် ဒိန်ချဉ်မသောက်ဖို့ သို့မဟုတ် အသီးမစားဖို့ကဲ့သို့သော ဤအခြေခံအသိပညာအားလုံးက သူ့ကိုပြောပြခဲ့သော ပညာရှင်ဝမ်းကွဲအစ်ကိုကြီးဆီက ထွက်လာတာ။ ပေါ်ရန်သည် ယုံကြည်ရသော အကြံဉာဏ်ဟုတ်လား မသိသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သူက ထပ်ခါထပ်ခါ ဒါကိုပြောခဲ့သည်။
ယန်ရှောင်ယွမ်က ပန်းသီးကို ကိုင်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ သူမ ရှက်စိတ်ဖြင့် မျက်နှာ နီရဲလာသည်။ "အိုး၊ အဲဒါကိုကျွန်မမသိလိုက်ဘူး"
အဘိုးပေါ်က ကောင်မလေးကို အလှည့်တိုင်းတွင် ပိတ်ဆို့၍ အလွန်ယဉ်ကျေးတာလွန်နေတဲ့ သူ့မြေးကို မြင်တွေခဲ့သည်။
ပြီးတော့ ပေါ်ရန်မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိသောကြောင့် သူက ကောင်စုတ်လေကို မကြိမ်းမောင်းနိုင်ပေ။ ယန်ရှောင်ယွမ်က အလွန်အထိမခံကြွေပန်းကန်ဖြစ်တာကြောင့် ဖြစ်နိုင်သည်။
အဘိုးပေါ်က ပေါ့ပေါ့ပါးပါး မှတ်ချက်ချခဲ့သည် "ဒါကပန်းသီးတစ်လုံးပါပဲ၊ မင်းကို သေအောင် နင်စေမှာ မဟုတ်ပါဘူး"
ပေါ်ရန်က သူ့ကိုပျိုးထောင်ခဲ့တဲ့ အဘိုးအဘွားတွေကို မလွန်ဆန်နိုင်ဘဲ ပန်းသီးကို ယူလိုက်သည်။ ဒါပေမယ့် သူမစားဘူး၊ အပြင်ထွက်သည်အထိ သူ့လက်ထဲမှာ ကိုင်ထားခဲ့သည်၊ သူအပြင်ထွက်တော့ စားပွဲပေါ်တင်ထားခဲ့လိုက်သည်။
"တခြားမိန်းကလေးတွေပေးတဲ့ ဘာကိုမှ မစားဘူး၊ မသောက်ဘူး။ တခြားမိန်းကလေးတွေဆီက အစားအစာတွေ လက်မခံဘူး" ဒါက ပေါ်ရန်အတွက် ပြုလုပ်ထားတဲ့ ရှန်ဖျင်ချွမ်ရဲ့ "ကောင်းမွန်သော ကောင်လေးများ မပြုလုပ်ရန် ထိပ်တန်းဆယ်ချက်" ရဲ့ပထမဆုံးအချက်ပင်။
ပေါ်ရန်က လျှောက်လုပ်ထားတဲ့ ထိပ်တန်းဆယ်ချက်လုံးကို တွေးကြည့်သည် "မင်းကောင်မလေးရှေ့မှာ ဆေးလိပ်မသောက်ရဘူး" ၊ "မင်းကောင်မလေးကိုသာ ကောင်းကောင်းဆက်ဆံရမယ်၊ ဗဟိုလေအေးပေးစက်မဖြစ်ရဘူး" ပြီးတော့ "မင်းကောင်မလေးစိတ်ဆိုးရင် အဆင်ပြေအောင် ပြန်ပြောရမယ်၊ မင်းပြောချင်တာပဲမပြောရဘူး..."
ဒါပေမယ့် အကြောင်းတစ်ချို့ကြောင့် သူ စည်းကမ်းလိုက်နာရတာ တကယ်ကောင်းသည်။
ကျင့်ချီမှတ်ချက် : မင်းအနံ့က ရှန်ဖျင်ချွမ်ရဲ့ရေမွှေးနံ့နဲ့တူတယ်။ မင်းအဆိပ်မိနေတာပဲ။
***
ညကျတော့ ပေါ်ရန် ယန်ရှောင်ယွမ်ကို အပြင် ခေါ်သွားခဲ့သည်။
ရေတွင်းအနီးမှာ ရပ်ထားသည့် စက်ဘီးတစ်စီးကို ဖြတ်သွားတော့ ယန်ရှောင်ယွမ်က ရုတ်တရက် အကြံပေးခဲ့သည် "ပေါ်ရန်၊ စက်ဘီးစီးသွားရအောင်။ တက္ကစီစီးရင်အပိုကုန်တယ်"
ပေါ်ရန် စက်ဘီးကို ပြန်ကြည့်လိုက်ပြီး ဒီည သူအိမ်ပြန်ရမည်ကို ရုတ်တရက် သတိရသွားသည်။ သူ အဘိုးဆီမှာ စက်ဘီးကို မထားခဲ့နိုင်ဘူး။
ထို့ကြောင့် သူ ခြံဝင်းထဲမှ စက်ဘီးကို အပြင်ထုတ်ပြီး ယန်ရှောင်ယွမ်ကို ပြောလိုက်သည် "မဝေးပါဘူး၊ လမ်းလျှောက်ရအောင်"
ယန်ရှောင်ယွမ် သူ့နောက်ကလိုက်သွားပြီး သူမရဲ့အကြည့်တွေးက စက်ဘီး၏နူးညံ့သော ထိုင်ခုံဆီသို့ ကျရောက်သွားသည်။ အခု သူမ နည်းနည်း နားလည်လာသည်။
သူ့စက်ဘီးကို ဘယ်မိန်းကလေးကိုမှ ပေးမစီးဘူး။
ပေါ်ရန်က ယန်ရှောင်ယွမ်၏ပါးပြင်တွေ အလွန်နီရဲနေသည်ကို သတိပြုထားမိသည်။ "ပူလို့လား။ ဒါမှမဟုတ် ငါတို့တက္ကစီစီးသွားကြမလား"
"ဟင့်အင်း ကျွန်မမပူပါဘူး။ ဒီတိုင်း..."
ယန်ရှောင်ယွမ်က ဘာကြောင့်ဆိုတာ မသိပါဘူး ပေါ်ရန် အိမ်ထဲဝင်လာကတည်းက သူမ အရမ်းစိတ်အဆင်မပြေဖြစ်နေခဲ့သည်။ သူက အလွန်ချောမောပြီး လေးနက်သည့်အချိန်တွင် ပြင်းထန်သော အသွင်အပြင်ရှိသော်လည်း ပြုံးလိုက်တဲ့အခါ ကြမ်းတမ်းတာနဲ့ လုံးဝကွာခြားသည်။
သူမ ၎င်းကို မဖော်ပြနိုင်ဘဲ သူ့တစ်ကိုယ်လုံးက သေနိုင်လောက်သော အားတစ်မျိုးကို ထုတ်လွှတ်တာက သူမကိုပူထူမှုကြောင့် နီရဲလာစေသည်။
"တက္ကစီစီးဖို့မလိုပါဘူး၊ လမ်းလျှောက်တာ အဆင်ပြေတယ်"
ပေါ်ရန်က သူ့စက်ဘီးကိုတွန်းကာ လမ်းတစ်လျှောက် လျှောက်သွားခဲ့သည်။ သူကဲ့သို့ အရပ်ရှည်ရှည်၊ ခြေတံရှည်ရှည်နဲ့ ချောမောသော ယောက်ျားလေးက ဖြတ်သွားဖြတ်လာ မိန်းကလေးများ၏အကြည့်များကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့က ယန်ရှောင်ယွမ်ကို မနာလိုစွာ ကြည့်နေကြသည်။
ဒါပေမယ့် ပေါ်ရန်က အတွေးထဲနစ်နေပြီး သတိမမူမိပေ။
အာရုံစိုက်ခံရတာက ယန်ရှောင်ယွမ်ကို မသိလိုက်ဘဲ သူ့အနားသို့ ကပ်သွားစေသည်။
"ငါ့ကိုအစ်ကိုပေါ်ရန်လို့မခေါ်နဲ့" သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် "ငါ့နာမည်ကိုခေါ်တာကအဆင်ပြေတယ်"
ယန်ရှောင်ယွမ်က "အစ်ကို" လို့ ထည့်ပြောရတာကို ပိုရင်းနှီးတယ်လို့ ထင်သည်။ သူမက အဘိုးပေါ်ကို သူမအဘိုးကဲ့သို့ သဘောထားသောကြောင့် သူ့ကို "အစ်ကိုပေါ်ရန်" လို့ ခေါ်တာက လုံးဝသင့်တော်သည်။
သူက သူမကို သူ့နာမည်ကိုပဲ ခေါ်ခိုင်းတာက ပိုဝေးကွာသွားတယ်လို့ ခံစားရသည်။
အဲဒါကို တွေးပြီး သူမ မေးလိုက်သည် "ဒါဆို ကျွန်မ ရှင့်ကို စီနီယာပေါ်ရန်လို့ ခေါ်လို့ရမလား"
ထိုစကားလေးလုံးက ပေါ်ရန်၏နှလုံးသားတွင် တစ်ခုခု လှုပ်ရှားသွားသည်။
သူ့ကျင်းရှီလေးက သူ့ကို စီနီယာပေါ်ရန်လို့ခေါ်တာကို သူချစ်သည်။ တခြားသူပြောတာကိုကြားတော့ သူ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
"ငါ့နာမည်ပဲကောင်းတယ်"
"အိုး"
ယန်ရှောင်ယွမ်သည် နောက်ဆုံးတွင် အတင်းတိုက်တွန်းနေတာကို ရပ်တန့်လိုက်သည်။
***
မကြာမီ ကျောင်းစဖွင့်ခြင်းနှင့်အတူ ကျင်းရှီက နောက်ဆုံးတွင် ကြိုးကြိုးစားစား စာလုပ်ရတော့မည်။
သူမက ဆရာမများထံမှ Assignment များကို သုံးရာခိုင်နှုန်းခန့်သာ ပြီးခဲ့သည်။ ပြီးခဲ့သည့်ရက်အနည်းငယ်တွင် သူမနှင့် ချူးကျောက်တို့ စာအုပ်ဆိုင်သို့ အတူတူသွားကြသည်။
ရှင်းဟွာစာအုပ်ဆိုင်သည် ပင်လယ်လောက် ကျယ်ပြန့်သော စာအုပ်များရှိသည့် သုံးထပ်အဆောက်အဦးဖြစ်သည်။ ကျင်းရှီနှင့် ချူးကျောက်တို့သည် အဲ့တာကို သူတို့ရဲ့လက်ဖမိုးကဲ့သို့သိထားပြီး ဒုတိယထပ်ရှိ စာပေတန်းသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။
ဆိုင်ထဲတွင် ဝယ်သူအများကြီးရှိသည်။ တစ်ချို့က လှေကားထစ်မှာထိုင်ကာစာဖတ်နေကြပြီး တစ်ချို့က စာအုပ်စင်ကိုမှီပြီး စာအုပ်ထဲ ဈာန်ဝင်နေကြသည်။
ကျင်းရှီက သူမ၏ခြေလှမ်းများကို ပေါ့ပါးပါးပါး လှမ်းပြီး စင်တွေကို ဖြည်းညှင်းစွာ ကြည့်နေသည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် စင်နှစ်ခုကြားတွင် ရပ်နေသော ရင်းနှီးတဲ့ပုံစံကို သူမဖမ်းမိလိုက်သည်။
သူက အဖြူရောင်ရှပ်အင်္ကျီကို ဘောင်းဘီထဲ ဖြစ်သလိုထည့်ကာ ၀တ်ထားသည်။ ကော်လာက ပွင့်နေပြီး သွယ်လျသောလည်ပင်းကို ဖော်ပြထားသည်။ အင်္ကျီလက်တွေကို သူ့တံတောင်ဆစ်အောက်အထိ လိပ်တင်ထားပြီး သူ့လက်ကောက်ဝတ်ရှိ အပြာရောင်သွေးပြန်ကြောများကို ပေါ်လွင်စေသည်။
သူက အဖုံးထူထူ စာအုပ်တစ်အုပ်ကို လှန်နေပြီး သူ့ရဲ့နက်မှောင်သော မျက်တောင်ထူထူများနှင့် လွှမ်းခြုံထားသော သူ၏အနက်ရောင်မျက်လုံးများက မျက်ခုံးနက်နက်တွင် နစ်မြုပ်နေသည်။
သူ့ကိုမြင်လိုက်ရတော့ ကျင်းရှီ၏မျက်လုံးတွေကရုတ်တရက် ပျော်ရွှင်မှုနှင့် တောက်ပလာသည်။ သူမ တိတ်တဆိတ် လျှောက်လာပြီး သူ့ဘယ်ဘက်ပခုံးကို ပုတ်လိုက်သည်။
ပေါ်ရန် ပြန်လှည့်ကြည့်သည်။ ကျင်းရှီက သူ့ရှေ့တွင် ပြုံးပြုံးလေး ရပ်နေပြီး သူက လေဗလာကို ဆုပ်ကိုင်လိုက်ပြီးနောက် ချက်ချင်းထရပ်လိုက်သည်။ သူခေါင်းကို လှည့်လိုက်တော့ သူမက ခြေဖျားထောက်ပြီး သူ့မေးရိုးကို နမ်းလိုက်သည်။
"ဆရာပေါ် စာအုပ်ဆိုင်မှာ စာအုပ်တွေဖတ်နေတာလား"
ကျင်းရှီကိုမြင်လိုက်ရတော့ ပေါ်ရန်၏မျက်လုံးတွေက အပြုံးတစ်ခုဖြင့် ချက်ချင်းနူးညံ့သွားသည်။ သူက သူမဆံပင်တွေကို ပွတ်သပ်ရင်းပြောလိုက်သည် "ကိုယ်သွားတဲ့နေရာတိုင်း မင်းဘယ်လိုလုပ်ရောက်နေတာလဲ"
"မကြာခင်ကျောင်းစဖွင့်တော့မှာလေ၊ ကျွန်မ ဒီရက်တွေမှာ ကြိုးကြိုးစားစား စာလုပ်ရ..."
ကျင်းရှီစကားမဆုံးခင်မှာ ကောင်မလေးတစ်ယောက်က စာအုပ်တစ်အုပ်ကိုင်ပြီး လျှောက်လာခဲ့သည်။ "ပေါ်ရန်၊ ကျွန်မရွေးပြီးပြီ"
ကျင်းရှီ လှည့်လိုက်တော့ ယန်ရှောင်ယွမ်ကို မြင်သွားသည်၊ ယန်ရှောင်ယွမ်လည်း သူမကို သတိထားမိသည်။
ကောင်မလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ကောင်မလေးတွေက တစ်ယောက်နဲ့တစ်ယောက်ကြည့်တဲ့အခါ မတူညီတဲ့အရာတွေကို သတိထားမိကြသည်။
ကျင်းရှီသတိပြုမိသည့် ပထမဆုံးအရာမှာ ယန်ရှောင်ယွမ်၏ထူထဲနက်မှောင်ပြီး ရှည်လျားသော ဆံပင်ကို မြင်းမြီးပုံစံဖြင့် ချည်နှောင်ထားပြီး သူမ၏နောက်ကျောတွင် ဖြာကျနေသည်။ ရှည်လျားပြီး လှပတဲ့ မြင်းမြီးနှင့်တကယ်တူသည်။
များလိုက်တဲ့ဆံပင်တွေပဲ...
သူမ မသိလိုက်ဘဲ သူမ၏ကင်းမြီးကောက်ကျစ်ဆံမြီးလေးကို ထိလိုက်သည်။ သေးလွန်းတယ်။
ယန်ရှောင်ယွမ်၏အာရုံကို ဖမ်းစားနိုင်သည်မှာ ကျင်းရှီ၏၀တ်စားပုံ၊ သစ်လွင်ပြီး မိန်းကလေးဆန်သော ဘေးလွယ်အိတ်နှင့် တွဲထားသော အဖြူနှင့်အစိမ်း ဖျော့ဖျော့စကတ်နှင့် ရိုးရိုးရှင်းရှင်းပင်။ သူမလည်း တူညီသောစကတ်ကို ၀တ်ထားပေမယ့် သူမရှေ့က မိန်းကလေးရဲ့ပုံစံကို မယှဥ်နိုင်ပေ။ ဒါက သူမကို ဈေးပေါစေသည်။
ကောင်မလေးနှစ်ယောက်က သူတို့မျက်လုံးတွေကတစ်ဆင့် အရင်ဆက်သွယ်နေကြသည်။
ကျင်းရှီသည် ပေါ်ရန်ကို မျှော်လင့်နေပြီး သူမကို မိတ်ဆက်ပေးရန် သို့မဟုတ် ရှင်းပြရန် စောင့်နေပုံရသည်။
ခဏလောက်စဉ်းစားပြီးနောက် ပေါ်ရန်က သူ့အဘိုးက ထောက်ပံ့ပေးထားတဲ့ ကောင်မလေးအနေနဲ့ ယန်ရှောင်ယွမ်ကို မိတ်ဆက်ပေးလို့မရဘူး။ နောက်ဆုံးတော့ သူ ပြောခဲ့သည် "သူက ကိုယ်တို့နဲ့နေတဲ့ဆွေမျိုး၊ ကျောင်းတူတူတက်မှာ။ သူက မင်းရဲ့ဂျူနီယာ ကျောင်းနေဖက်လေ။ အဘိုးက သူ့ကို စာအုပ်ဝယ်ပေးဖို့ ကိုယ့်ကို ဒီကိုခေါ်လာခိုင်းလို့"
ကျင်းရှီသည် သူမက ကျီမေလင်ဖာရဲ့ကဗျာစုစည်းမှုကော်ပီစာအုပ်ကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။
"စာပေနုပညာကျောင်းသူလား"
"ဟုတ်ကဲ့"
ပေါ်ရန်က ကျင်းရှီကို ယန်ရှောင်ယွမ်နဲ့ မိတ်ဆက်မပေးခဲ့ဘူး။ ပြီးတော့ ဒါက ဒီနေ့ သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး ဆုံခဲပါသည်၊ သူ့သူငယ်ချင်းတွေကို မိတ်ဆက်ပေးစရာမလိုပါဘူး။
ယန်ရှောင်ယွမ်သည် ပေါ်ရန်က မရှင်းပြတဲ့အတွက် အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသော်လည်း အခြေအနေမှ သူမ ဆက်ဆံရေးကို ခန့်မှန်းနိုင်သည်။
ပေါ်ရန်က ကျင်းရှီကို ခဏလောက် တီးတိုးပြောပြီး အတူတူ ငွေရှင်းဖို့ သူမလက်ထဲက စာအုပ်ကို ယူလိုက်သည်။
ဒါပေမယ့် ကျင်းရှီက သဘောမတူခဲ့ဘူး။ "ဒီစာအုပ်တစ်အုပ်တည်းမဟုတ်ဘူး၊ ကျွန်မ ထပ်ရှာဦးမှာ"
"ကောင်းပြီ"
ပေါ်ရန်က သူ့အဘိုးပေးခဲ့တဲ့ စာအုပ်အဝယ်ကတ်ကို ထုတ်ပြီး သူမ၏အိတ်ထဲထည့်ပေးလိုက်သည် "ကိုယ် မင်းကို ကတ်ပေးလိုက်မယ်၊ မင်း အဆင်ပြေသလို သုံးလို့ရအောင်"
ကျင်းရှီနှင့်ပေါ်ရန် စတင်ချိန်းတွေ့ကတည်းက ပေါ်ရန်မှာရှိတဲ့ကောင်းတဲ့ အရာအားလုံးကို သူက သူမကို ပေးလိမ့်မည်။ ထို့ကြောင့် ကျင်းရှီလည်း မငြင်းခဲ့ပေ။ သူမက ပြုံးပြီး ယူလိုက်သည် "ငါတို့သခင်လေးပေါ်က တကယ်ရက်ရောတာပဲ"
"ဒီသခင်လေးက မင်းကို ကောင်းကောင်းဆက်ဆံလား ဒါမှမဟုတ် ကောင်းကောင်းမဆက်ဆံဘူးလား"
ကျင်းရှီက ပေါ့ပေါ့ပါးပါး ပြုံးပြီး ပါးစပ်ထောင့်မှာ ချစ်စရာကောင်းတဲ့ပါးချိုင့်လေးတွေကို ဖော်ထုတ်လိုက်သည် "ရှင် ကျွန်မကို ကောင်းကောင်းဆက်ဆံတယ်"
ဒါပေါ့၊ သူတို့နှစ်ယောက်ကြားက နီးကပ်တဲ့တီးတိုးစကားတွေက ယန်ရှောင်ယွမ်ကြားဖို့ တိုးလွန်းသည်။ ဒါပေမယ့် မထွက်ခင် စာအုပ်ဝယ်ဖို့ အဘိုးက ပေါ်ရန်ကို သေသေချာချာပေးခဲ့တဲ့ စာအုပ်ဝယ်ကတ်ကို ယန်ရှောင်ယွမ်က တွေ့ခဲ့သည်။ အခု သူက သူမကို လွယ်လွယ်လေး ပေးလိုက်သည်။
သူမ၏နှလုံးသားက ရောယှက်နေသော ခံစားချက်များနှင့် ပြည့်နှက်နေသည်။ သူမက အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်
"ဒါဆို…. ကျွန်မ မဝယ်တော့ဘူး"
ပေါ်ရန်က သူမကို နားမလည်နိုင်စွာကြည့်ခဲ့သည် "ဘာဖြစ်လို့လဲ"
ယန်ရှောင်ယွမ်က "ကျီမေလင်ဖာရဲ့ကဗျာစုစည်းမှု" ကို စင်ပေါ်ပြန်တင်ကာ ခေါင်းငုံ့ပြီး သူမအောက်နှုတ်ခမ်းကို ကိုက်ထားသည်။ သူမ ဒီစာအုပ်ကို ပိုက်ဆံနဲ့ဝယ်ရရင် သူမမဝယ်ချင်ဘူး။
ကျင်းရှီ မျက်တောင်ခတ်လိုက်ပြီး ပေါ်ရန်၏မိသားစုက ဒီ "ဆွေမျိုး" ဘာတွေဖြစ်နေသည်ကို အတော်လေး နားမလည်နိုင်ခဲ့ပေ။ ဒါပေမယ့် သူမရဲ့မွေးရာပါ မိန်းမပင်ကိုယ်ဉာဏ်အရ အဲဒါက သူမနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ ခံစားချက်ကို ရနေသည်။
ကျင်းရှီက စာအုပ်ကတ်ကို ထုတ်လိုက်ပြီး မသေချာမရေရာစွာ မေးလိုက်သည် "ဒါဆို... ဂျူနီယာ ညီမလေး၊ မင်း ငါတို့နဲ့ ငွေရှင်းမလား"
ယန်ရှောင်ယွမ်က ကျင်းရှီကို မော့ကြည့်လိုက်သည်။ သူမနှုတ်ခမ်းတွေကို ဖြူဖျော့သည်အထိ ကိုက်လိုက်သည်။ သူမ၏မျက်လုံးတွေက အရှက်တရားဖြင့် ပြည့်နေသည် "မလိုပါဘူး"
သူမက "ကျီမေလင်ဖာရဲ့ကဗျာစုစည်းမှု" ကို စင်ပေါ်မှယူပြီး "ကျွန်မဘာသာရှင်းလိုက်မယ်" လို့မာဆက်ဆက်နဲ့ပြောလိုက်သည်။
ပေါ်ရန်၏မျက်နှာမှာ ရှုပ်ထွေးနေသော အမူအရာ ပေါ်လာသည်။ အစက သူမ အဲ့တာကို မဝယ်ချင်ဘူး၊ အခု ကိုယ်ဘာသာဝယ်ဖို့ အသဲအသန်ပြောနေတယ်၊ သူမဘာကိုဆိုလိုတာလဲ။
အဘိုးက သူ့ကို မသွားခင် စာအုပ်ကတ် ပေးခဲ့ပေမယ့် ဘယ်လိုသုံးရမယ်ဆိုတာ မပြောခဲ့ဘူး။ ပေါ်ရန်က သူ့ကောင်မလေးက သူ့မေဂျာအတွက်စာအုပ်တွေ အများကြီးဝယ်ဖို့လိုတယ်ဆိုတာ တွေးမိတော့ သူက ကျင်းရှီသုံးဖို့ကတ်ကို ပေးဖို့စီစဉ်ခဲ့သည်။
ယန်ရှောင်ယွမ် ဘာကြောင့် ရုတ်တရက် ဒေါသထွက်သွားတာလဲဆိုတာ သူနားမလည်ပေ။
ငွေရှင်းဖို့တန်းစီနေစဉ် ကျင်းရှီနှင့် ချူးကျောက်သည် ရှေ့ဆုံးတန်းရှိ ပေါ်ရန်၏နောက်ကျောကို လှမ်းကြည့်နေသည်။