အပိုင်း (၇၈)
Vol. 6 Ch. 78
အဆုံးတွင် ယန်ရှောင်ယွမ်က နီမြန်းသောပါးများနှင့် စာအုပ်ကိုကိုင်ထားပြီး ပေါ်ရန်က သူ့ကိုယ်ပိုင်ငွေဖြင့် ပေးချေခဲ့သည်။
ချူးကျောက်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "သူက ငါတို့ကတ်နဲ့အတူတူ ငွေမရှင်းချင်ပေမယ့် အစ်ကိုပေါ်ရန်က သူ့စာအုပ်တွေအတွက် ပိုက်ဆံပေးတော့ အရမ်းကျေနပ်နေတယ်"
ကျင်းရှီသည် သူမ၏ပခုံးကိုတွန့်ကာ အကြောင်းပြချက်တစ်ခုခုကြောင့် သူမရင်ထဲတွင် အနည်းငယ် အဆင်မပြေဖြစ်နေသည်။
စာအုပ်တွေဝယ်ပြီး စာအုပ်ဆိုင်ထဲက ထွက်လာပြီးနောက် ယန်ရှောင်ယွမ်က သူမ စောစောက နည်းနည်းလေး မထော်မနန်းဖြစ်နေတာကြောင့် ကျင်းရှီကို တောင်းပန်ခဲ့သည်။ "ကျွန်မ အဲ့ဒီလိုမဆိုလိုပါဘူး။ စာအုပ်ကတ်ကို အစ်ကိုပေါ်ရန်က အစ်မကို ပေးလိုက်တာမို့ ကျွန်မ မသုံးသင့်ဘူးလေ"
"မင်းက တကယ်ထူးဆန်းတယ်" ချူးကျောက်က ပေါ်တင်ပြောလိုက်သည်။ "မင်းမှာ သေချာပေါက် ကတ်တစ်ကတ်ရှိနေတာကို စီနီယာကို သူ့အိတ်ကပ်ထဲကထုတ်ပြီး ရှင်းပေးစေချင်နေတယ်"
ယန်ရှောင်ယွမ်၏ အမူအရာတွင် ရှက်သွားသည့် အရိပ်အယောင်ကို ကျင်းရှီသတိပြုမိသည်။ သူမသည် ချူးကျောက်ကို ဆွဲပြီး ထပ်မပြောရန် တားလိုက်သည်။
"ကျွန်မ...အစ်ကိုပေါ်ရန်ကို ပြန်ပေးမှာပါ" ယန်ရှောင်ယွမ်က သူမစာအုပ်ကို ပွေ့ဖက်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ပေါ်ရန်က ပေါ့ပေါ့ပါးပါးပဲပြောလိုက်သည်။ "အဘိုး ငါ့ကို ကြိမ်းမောင်းတာကို ခံစေချင်ရင်တော့ ပြန်ပေး"
ယန်ရှောင်ယွမ်က သူမ၏ကောင်လေးကို "အစ်ကိုပေါ်ရန်" ဟု ထပ်ခါထပ်ခါ ပြောနေသည်ကို ကြားသောအခါ ကျင်းရှီ သူမ၏နှလုံးသားထဲတွင် ပိုမသက်မသာ ခံစားလာရသည်။ တခြားမိန်းကလေးက သူ့ကောင်လေးကို တစ်ချိန်လုံး "အစ်ကို" လို့ခေါ်တာကို နားထောင်ရလောက်အောင် စိတ်ထားမကောင်းပါဘူး။
ကျင်းရှီ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်ကို မြင်လိုက်ရတော့ ယန်ရှောင်ယွမ်၏ အမူအရာမှာ အလွန်အဆင်ပြေသွားသည်။ သူမစာအုပ်ကို ပွေ့ဖက်ရင်း အပြုအမူကောင်းရှိသော ချွေးမလေးတစ်ယောက်လို ပေါ်ရန်နောက်က လျှောက်သွားခဲ့သည်။
ပေါ်ရန်က ကျင်းရှီကို နောက်ပြန်လှည့်ကြည့်ကာ ပိုပိုပြီး အဆင်မပြေဖြစ်လာသည်။ သူ ကျင်းရှီနှင့်ဘေးချင်းကပ် လျှောက်ချင်သော်လည်း ကျင်းရှီက ချူးကျောက်၏ လက်မောင်းကို တစ်ချိန်လုံး ဖက်ထားကာ သူမကို တီးတိုးပြောကာ လုံးဝ သူ့ကိုလျစ်လျူရှုထားသည်။
သူတို့အောက်ထပ်သို့ဆင်းလာသောအခါ ပေါ်ရန်က သူ့အရှိန်ကိုမြှင့်ကာ လမ်းဘေးသို့ လျှောက်သွားပြီး တက္ကစီတစ်စီးကိုတားဖို့လုပ်ရင်း ယန်ရှောင်ယွမ်ကိုပြောလိုက်သည်။ "မင်းကို အဘိုးအိမ်ပြန်ပို့ဖို့ တက္ကစီတစ်စီး ခေါ်ပေးမယ်"
"ဟမ်။ အစ်ကိုပေါ်ရန်၊ ရှင့်စက်ဘီးကို မသုံးဘူးလား"
မင်းသားပေါ်ရန် တစ်စက္ကန့်အတွင်း ကာရိုက်တာထဲ ရောက်သွားသည် "ဘာစက်ဘီးလဲ…"
"ဟိုဟာလေ!"
ကျင်းရှီက နောက်လှည့်ကြည့်လိုက်တော့ ဆိုင်အောက်ထပ်မှာ ရပ်ထားတဲ့ စက်ဘီးကို တွေ့လိုက်သည်။ သူမ ဘယ်လိုလုပ် မမှတ်မိဘဲ နေမှာလဲ။ ရှန်ဖျင်ချွမ်က ပေါ်ရန်ကို ငှားခဲ့တာပဲ။ နူးညံ့သော သားမွှေးထိုင်ခုံ ကူရှင်နောက်ဘက်တွင် "အထူးသီးသန့်တင်ပါးသေးသေးလေးသုံးလ်ု့ရတဲ့"ဟာ ဆိုတာရှိနေသေးသည်။
မယုံနိုင်စရာပဲ၊ သူက တခြားမိန်းကလေးကို ဒီစက်ဘီးပေါ်တင်စီးရဲတယ်။
ကျင်းရှီ၏စူးရှသော မျက်လုံးတွေက ဓားသွားကဲ့သို့ ပေါ်ရန်ဆီသို့ ကျရောက်လာသည်။ ပေါ်ရန်၏ ခြေထောက်တွေ ပျော့သွားကာ ဒူးထောက်လုနီးပါး ဖြစ်သွားသည်။
ယန်ရှောင်ယွမ်က ကျင်းရှီ အဆင်မပြေနေတာကိုမြင်တော့ အသဲအသန် ရှင်းပြလိုက်သည်။ "စီနီယာအစ်မ လျှောက်မတွေးပါနဲ့။ ကျွန်မ ပေါ်ရန်ရဲ့စက်ဘီးကို မစီးပါဘူး။ ကျွန်မတို့နှစ်ယောက် ဒီကိုအတူတူ လမ်းလျှောက်လာတာ"
ပေါ်ရန်က လုံးဝအပြစ်ကင်းစင်၍ အခါခါခေါင်းညိတ်ပြနေသည်။
ကျင်းရှီက ပေါ်ရန်ထံမှ စက်ဘီးလက်ကိုင်ကိုယူပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "ဒါ ကျွန်မအစ်ကိုစက်ဘီး၊ ကျွန်မပြန်ယူမယ်"
ပေါ်ရန် စိုးရိမ်တကြီးနဲ့ပြောလိုက်သည်။ "ကောင်းပြီ မင်းအရင်ပြန်ယူသွားလိုက်။ မင်းအစ်ကိုကို သတိပေးလိုက်ဦး၊ မနက်ဖြန် ဘတ်စကတ်ဘောပွဲအကြောင်း မမေ့စေနဲ့လို့"
"ရှင်နဲ့ ကျွန်မအစ်ကိုက ရင်းနှီးတယ်လို့ ဘယ်သူပြောလဲ" ကျင်းရှီ နှာမှုတ်လိုက်သည်။ "ရှင် သူ့ကိုပြောချင်ရင် ရှင်ကိုယ်တိုင်ပြောလေ။ ကျွန်မက ရှင့်ရဲ့အလုပ်သမား မဟုတ်ဘူး"
ဒါကိုမြင်တော့ ယန်ရှောင်ယွမ်က စိုးရိမ်တကြီးနဲ့မေးလိုက်သည်။ "စီနီယာအစ်မ၊ အစ်မစိတ်ဆိုးအောင် ကျွန်မတစ်ခုခု မှားပြောမိလို့လား"
အဲဒါက ကျင်းရှီကို ပိုပြီးစိတ်ဆိုးစေခဲ့သည်။ အပြစ်ကင်းစင်ပြီး သနားစရာကောင်းသောပုံစံက ကျင်းရှီကပဲ သူမကို ရည်ရွယ်ချက်ရှိရှိ မောက်မာစွာ အနိုင်ကျင့်နေသလိုဖြစ်နေသည်။
ချူးကျောက်က ကျင်းရှီရဲ့လက်ကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆိုဒီလိုလုပ်၊ ငါတို့ စက်ဘီးမစီးဘူး၊ ဂျူနီယာညီမက တက္ကစီမစီးချင်ဘူးဆိုတော့ လမ်းလျှောက်ပြီး ဂျူနီယာညီမကို အိမ်ပြန်ပို့ပေးမယ်လေ။ ညနေခင်းလမ်းလျှောက်တယ်လို့ သဘောထားလိုက်မယ်"
ကျင်းရှီက သူမ ဆက်မနေချင်တော့ကြောင်း ချူးကျောက်ကို သူမ၏မျက်လုံးများဖြင့် ကြိုးကြိုးစားစား အချက်ပြရန် ကြိုးစားသော်လည်း ချူးကျောက်က သူမကို လျစ်လျူရှုကာ ယန်ရှောင်ယွမ်ကို အဓိပ္ပာယ်ရှိသော အပြုံးဖြင့် ကြည့်နေခဲ့သည်။
ယန်ရှောင်ယွမ်သည် အစက ကျင်းရှီ ထွက်သွားမည်ဟုထင်ခဲ့ပြီး အနည်းငယ် စိတ်အဆင်ပြေသွားသည်။ ချူးကျောက်က ဒီလိုပြောတာကိုကြားတော့ သူမရဲ့မျက်နှာက ခွာကျသွားသည်။ "ကျွန်မ တက္ကစီစီးဖို့တွန့်ဆုတ်နေတာမဟုတ်ဘူး။ အဝေးကြီးမှမဟုတ်တာ ပိုက်ဆံဖြုန်းစရာမလိုဘူးလေ"
"ဟုတ်တယ်၊ မဝေးဘူး။ ငါတို့လမ်းလျှောက်လို့ရတယ်"
"ရှင်တို့ ကျွန်မကို လိုက်ပို့ပေးစရာမလိုဘူး"
ချူးကျောက်က ပေါ်ရန်ဘက် တိုက်ရိုက်လှည့်လိုက်သည်။ "စီနီယာပေါ်ရန်၊ ရှင်ဘယ်လိုထင်လဲ"
သေချာပေါက် ပေါ်ရန်က ကျင်းရှီနဲ့ အချိန်ပိုဖြုန်းချင်တာပေါ့။ သူမက စာမေးပွဲအတွက် ကြိုးကြိုးစားစား စာလုပ်ရတော့မှာမို့ ဆုံဖို့ အခွင့်အရေး အနည်းငယ်ပဲရှိတော့သည်။
"အတူတူသွားရအောင်" ဟု သူက ပြောလိုက်သည်။
ပေါ်ရန်က အဲဒီလိုပြောတာကြောင့် ယန်ရှောင်ယွမ် မပြောနိုင်တော့ပေ။ သူမက ရှေ့တွင် ပေါ်ရန်နှင့် ဘေးချင်းကပ်လျက် လျှောက်သွားပြီး ကျင်းရှီနှင့် ချူးကျောက်က နောက်မှလိုက်ခဲ့သည်။
ချူးကျောက်သည် ကျင်းရှီကို ဆွဲပြီး သူတို့ရဲ့အရှိန်ကိုမြှင့်ကာ အခြားနှစ်ယောက်ကြား ဝင်လိုက်သည်။ ထို့ကြောင့် သူမက ယန်ရှောင်ယွမ်၏ ဘေးတွင်ရှိသွားပြီး ကျင်းရှီက ပေါ်ရန်နှင့်အတူ လျှောက်သွားခဲ့သည်။
ပေါ်ရန်က စက်ဘီးကို လက်တစ်ဖက်ဖြင့်တွန်းပြီး ကျင်းရှီ၏လက်ကို အခြားတစ်ဖက်နှင့် ပုံမှန်တိုင်း ဆုပ်ကိုင်ထားသည်။
ကျင်းရှီ အတင်းရုန်းသော်လည်း သူ့လက်က အရမ်းသန်မာပြီး သူမလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတာကြောင့် မလွတ်မြောက်နိုင်ပေ။
သူမလက်ကို ဆုပ်ကိုင်၍ ပေါ်ရန်က သူ့အိတ်ကပ်ထဲကို ထည့်လိုက်သည်။
ကျင်းရှီက သူ့ကိုအပြစ်ပေးဖို့ သူ့လက်ဖဝါးကို ပြင်းပြင်းထန်ထန် ဆိတ်ခဲ့သည်။
ထိုအချိန်တွင် ချူးကျောက်က ယန်ရှောင်ယွမ်ရဲ့ ကျီမေလင်ဖာရဲ့ကဗျာစုစည်းမှုကို ငှားခဲ့သည်။ သူမက ဖြစ်သလိုလှန်လျောပြီးနောက် ကျင်းရှီကို ပြုံးပြီး ပေးလိုက်သည်။ "ဂျူနီယာညီမလေးက တော်တော်လေး ကဗျာဆန်တယ်နော်"
ယန်ရှောင်ယွမ်က ပြောလိုက်သည်။ "ဒါကဗျာဆန်တာ မဟုတ်ပါဘူး။ ကျွန်မက အမြဲတမ်း ကျီမေလင်ဖာကို သဘောကျခဲ့တာ။ သူ့ကဗျာတွေက နှလုံးသားကို အရမ်းထိမိတယ် သူတို့နဲ့ကျွန်မ အများကြီး ဆက်နွယ်နေတယ်လို့ ခံစားရတယ်။ ကျွန်မက မြို့လေးကဆိုပေမယ့် အွန်လိုင်းကနေ ကျွန်မကို နက်နက်ရှိုင်းရှိုင်း စွဲလမ်းစေတဲ့ သူ့ကဗျာတွေကို ရှာတွေ့ခဲ့တာ"
ချူးကျောက်က ပြုံးလိုက်သည်။ "မင်း သူ့ကို စိတ်ဝင်စားရင် တက္ကသိုလ်တက်တဲ့အခါ စာအုပ်တွေမှာ သူ့ဘဝနဲ့ အလုပ်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှာဖွေဖို့ အခွင့်အလမ်းတွေ အများကြီးရလိမ့်မယ်၊ မင်း အွန်လိုင်းမှာတွေ့တာထက် အများကြီး သိရလိမ့်မယ်"
ယန်ရှောင်ယွမ်က သူမအပေါ် ကောင်မလေးနှစ်ယောက်ရဲ့ ရန်ငြိုးထားတာကို ခံစားမိပြီး ပေါ်တင်ပြောခဲ့သည်။ "သူ့ကဗျာတွေက လှပတာကြောင့် သူ့ကိုသဘောကျတာ၊ အဲ့ထက်ဘာမှမပိုဘူး"
"ဒီနှစ်တွေအတွင်း ကျီမေလင်ဖာက အွန်လိုင်းမှာ နာမည်ကြီးလာတာ၊ သူ့ရဲ့ဂုဏ်ရည်တွေကိုရည်ညွှန်းထားတဲ့ ကျော်ကြားတဲ့ ကိုးကားချက်တွေနဲ့ ကျမ်းတွေကို တကယ်တော့ အင်တာနက်သုံးစွဲသူတွေက လုပ်ကြံဖန်တီးထားတာ" ကျင်းရှီက သူမလက်ထဲက စာအုပ်ကိုဝှေ့ယမ်းခဲ့သည်။ "သူကအခုတော်တော်လေးစီးပွားရေးဖြစ်နေတာ။ ဒီထဲမှာ ပထမဆုံးသူရေးထားတဲ့ ကဗျာတောင် မပါဘူး၊ ဂျူနီယာညီမလေး အဲဒါသိလား"
ယန်ရှောင်ယွမ်က စာအုပ်ကို အံ့အားသင့်စွာ ယူလိုက်သည်။ "သူမရေးထားဘူးလား။ အဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အစ်မက ဘယ်လိုသိလဲ"
"ကျီမေလင်ဖာက ချင်မင်းဆက်ခေတ်က။ ဒီကဗျာတွေက ခေတ်မီတဲ့ပုံရိပ်နဲ့ ခံစားချက်တွေကို ကြည့်ဦး၊ သူက အချိန်ခရီးသွားလား ဒါမှမဟုတ် တစ်ခုခုလား"
စာအုပ်ကိုကိုင်ထားတဲ့ ယန်ရှောင်ယွမ်၏ လက်တွေက မထိန်းချုပ်နိုင်ဘဲ တုန်ယင်သွားသည်။ သူမ ကဗျာတွေကို ဂရုတစိုက်ဖတ်ပြီးတော့ ပြသနာများကိုလည်း သတိပြုမိခဲ့သည်၊ သူမကိုလှုပ်ရှားသွားစေသော ခေတ်ကဗျာတွေက ချင်မင်းဆက်မှ တစ်စုံတစ်ယောက် ရေးသားထားပုံမပေါ်ပေ။
ဒီလိုတုံးအတဲ့အမှားကြောင့် အထူးသဖြင့် ပေါ်ရန်ရှေ့မှာ သူမမျက်နှာပျက်သွားပြီး ရှက်ရွံ့သွားသည်။ သူမမျက်နှာ လုံးဝပျက်သွားသလို ခံစားလိုက်ရသည်။
ကျင်းရှီသည် အစက ဒီလောက်ကိစ္စလေးကို မဖြစ်ချင်သော်လည်း ယန်ရှောင်ယွမ်က ပေါ်ရန်ကို တရင်းတနှီး "အစ်ကိုပေါ်" ဟုခေါ်နေတာကို ကြားလိုက်ရတော့ သူမ စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။
သူတို့ ခြံတံခါးဝသို့ ရောက်သောအခါ ယန်ရှောင်ယွမ်၏ မျက်နှာက နီရဲနေပြီး သူမ စကားတစ်ခွန်းမှမပြောဘဲ အိမ်ထဲသို့ပြေးသွားခဲ့သည်။
ချူးကျောက်က ပေါ်ရန်ကို မေးလိုက်သည်။ "စီနီယာ သူနဲ့ က ဘယ်လိုဆက်ဆံရေးလဲ။ သူအရမ်းပိုလွန်းနေသလိုပဲ"
"ငါတို့မရင်းနှီးပါဘူး။ ငါ့အဘိုးက သူ့ပညာရေးကို ထောက်ပံ့ပေးနေတာပြီးတော့ ဒါ ငါ သူနဲ့ပထမဆုံးတွေ့ဖူးတာ"
ပေါ်ရန်က ကျင်းရှီဘက်လှည့်လိုက်သည်။ "ကိုယ် မင်းကိုအိမ်ပြန်ပို့ပေးမယ်"
ကျင်းရှီက ပေါ်ရန်ကို တွန်းပြီး ချူးကျောက်ကို စက်ဘီးပေါ်တက်ခိုင်းသည်။ "ရှင် ကျွန်မကို လိုက်ပို့စရာမလိုဘူး၊ ကျွန်မ ကျောက်ကျောက်နဲ့ စက်ဘီးစီးပြန်လိုက်မယ်"
ချူးကျောက်က ပေါ်ရန်ကို ကူကယ်ရာမဲ့ကြည့်ပြီး စက်ဘီးထိုင်ခုံပေါ် ထိုင်လိုက်သည်။ "တောင်းပန်ပါတယ် စီနီယာ"
ပေါ်ရန်၏မျက်ခုံးတွေ အနည်းငယ် ကျဥ်းမြောင်းသွားသည်။ သူ မိန်းကလေးနှစ်ယောက်ရဲ့နောက်ကနေ အော်ပြောလိုက်သည်။ "ဖြည်းဖြည်းနင်းနော်!"
အိမ်အပြန်လမ်းမှာ ကျင်းရှီက ချူးကျောက်ကို မေးခဲ့သည်။ "ငါတို့ သူ့ပေါ် ဆက်ဆံတာ အရမ်းဆိုးသွားလား။ သူ့အဘိုးက ဆင်းရဲတဲ့မိသားစုက ကျောင်းသူတစ်ယောက်အနေနဲ့ သူမကို ထောက်ပံ့ပေးနေတာလို့ ပေါ်ရန်ကပြောတယ်လေ။ သူ့မိသားစု အခြေအနေက မကောင်းဘူးထင်တယ်"
နောက်ထိုင်ခုံမှာထိုင်နေတဲ့ ချူးကျောက်က ခြေထောက်တွေကို မြေကြီးပေါ် ဆောင့်လိုက်သည်။ "ဒါဆို သူက ဆင်းရဲတဲ့မိသားစုက ကျောင်းသူတစ်ယောက်ဖြစ်တော့ရော။ ချူးထန်က ငွေကြေးအထောက်အပံ့ မယူလို့လား၊ ဒါပေမယ့် သူ့ကို ဒီလောက်စပ်စပ်ထိမခံ၊ ဒေါသကြီးတဲ့ အပြုအမူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ တစ်ကမ္ဘာလုံးက သူမအပေါ်မှားနေသလိုပဲ"
"ငါတို့နားလည်နိုင်မယ်ထင်တယ်၊ သူမက အရမ်းမာနကြီးပုံပဲ"
"နင့်ကောင်လေးက ငါတို့ကို သူ့စာအုပ်ကတ်ကို ဒီတိုင်းပေးလိုက်တာ၊ သူက ငါတို့နဲ့ ကတ်သုံးဖို့ ငြင်းပြီး တော်တော်လေး မပျော်ဘူးလေ၊ နင့်ကောင်လေးကိုယ်တိုင် သူ့စာအုပ်တွေအတွက် ပိုက်ဆံပေးအောင်လုပ်တယ်။ သူ့မှာအခွင့်အရေး ယူချင်စိတ်မရှိဘူးလို့ ငါယုံချင်ပါတယ်၊ ဒါပေမယ့် သူ့ရဲ့ EQ နိမ့်ကျတဲ့ အပြုအမူက တခြားသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ဒီလိုလူတွေကို ငါမကြိုက်ဘူး"
"ငါလည်းမကြိုက်ဘူး"
ချူးကျောက်က အေးစက်စွာ ကဲ့ရဲ့လိုက်သည်။ "ကျောင်းမှာတော့ ငါတို့ မလွှဲသာမရှောင်သာ အပြန်အလှန် ဆက်ဆံနေရမှာပဲ။ ဒါက သူမအတွက် သင်ခန်းစာတစ်ခုလို့ မှတ်ယူခိုင်းလိုက်"
အဲဒီညက စက်ဘီးနဲ့အိမ်ကို ပြန်ရောက်ပြီးနောက် ကျင်းရှီက စက်ဘီးကို ဝရံတာကိုမှီပြီး အဝတ်စနဲ့ သန့်ရှင်းအောင် သုတ်လိုက်သည်။
ရှန်ဖျင်ချွမ် အိမ်ပြန်ရောက်ပြီး ကျင်းရှီက သူ၏အဖိုးတန်စက်ဘီးကို သေသေချာချာ ပွတ်တိုက်နေသည်ကို တွေ့လိုက်ရသည်။
"ဒီစက်ဘီးကို ငါပေါ်ရန်ကို ပေးခဲ့တာမဟုတ်လား။ မင်း ဘာလို့ပြန်ယူလာတာလဲ"
ကျင်းရှီက စက်ဘီးကို တောက်ပြောင်သည်အထိ တိုက်ပြီး သူ့ကို လှည့်ကာအပြစ်တင်ခဲ့သည် "ဒါ အစ်ကို တက္ကသိုလ်ဝင်ခွင့်ရတုန်းက အဖေက ခြောက်ယွမ်ကျော်ပေးပြီး ဆုချထားတဲ့ လက်ဆောင်လေ။ အစ်ကို ဘယ်လိုလုပ် ဖြစ်သလို လျှောက်ပေးနေတာလဲ။ အစ်ကို့မှာ ဖြုန်းတီးဖို့ပိုက်ဆံအများကြီးရှိနေတာပဲ!"
ရှန်ဖျင်ချွမ် ခဏလောက် အံ့ဩသွားပြီး ကျင်းရှီရဲ့ ခေါင်းနောက်ကို ရိုက်လိုက်သည် "ငါမင်းကိုမမေးဘူး!"
ကျင်းရှီ ခေါင်းကိုကာပြီး နှုတ်ခမ်းစူလိုက်သည်။
ရှန်ဖျင်ချွမ်က သူမဘေးတွင် ငုတ်တုတ်ထိုင်ပြီး စက်ဘီးကို ကူသုတ်ရန် အဝတ် ယူလိုက်သည် "မင်း ပေါ်ရန်နဲ့ ရန်ဖြစ်လာတာလား"
"ပေါ်ရန်" ကျင်းရှီကအန်လုနီးပါးပင်။ "ဒီနာမည်ကိုခေါ်တာက သိပ်ရင်းနှီးမနေဘူးလား"
"ငါတို့တစ်ယောက်ကိုတစ်ယောက် ဘယ်လိုခေါ်တယ်ဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက ငါတို့ ကောင်းကောင်းပေါင်းဖို့၊ ငါတို့ကအကောင်းဆုံးသူငယ်ချင်းတွေလေ"
ကျင်းရှီက စိတ်တိုသွားပြီး သူ့ပခုံးပေါ် အဝတ်ကို ပစ်ကာ ထွက်သွားသည် "အစ်ကိုတို့နှစ်ယောက် အတူတူနေလိုက်ကြ၊ အရူးအတွဲတွေ!"
****
ရက်အနည်းငယ်ကြာပြီးနောက် ကျောင်းဖွင့်ရက် ရောက်လာသည်။ ပေါ်ရန်က ကျင်းရှီဆီ စာပို့ခဲ့သည်။
"ရှီရှီ၊ မင်းရဲ့ခရီးဆောင်အိတ်ကို ထုပ်ပိုးထား။ ကိုယ် မနက်ဖြန် ၁ နာရီကျ မင်းကိုလာကြိုမယ်"
ဆိုဖာပေါ်မှာ တင်ပျဉ်ခွေထိုင်နေတဲ့ ကျင်းရှီက လက်ထဲက အဖုံးထူထူစာအုပ်ကိုချပြီး ပြန်ပြောခဲ့သည်။
"မလိုပါဘူး ကျွန်မ ကျောင်းကို ကျွန်မအစ်ကိုနဲ့သွားမယ်။ ဆရာပေါ်ကိုဒုက္ခမပေးချင်ဘူး"
ဒီမက်ဆေ့ချ်ကို ပို့ပြီးနောက် သူမက တခြားတစ်ခုကို ပို့ခဲ့သည် "ဘာပဲဖြစ်ဖြစ် ကျွန်မက ရှင့်အတွက် ဂျူနီယာညီမလေးတစ်ယောက်ပါပဲ"
သူမသည် ပေးပို့တာကိုနှိပ်ပြီးနောက် နောင်တရသွားသည်၊ သူမ အနည်းငယ် သဝန်တိုနေသည်ဆိုတာ တော်တော်လေး သိသာနေသည်။ ကျင်းရှီ စာကိုပြန်ကြည့်ရန် နှိပ်လိုက်ပြီး ပေါ်ရန်၏ပြန်စာက ဝင်လာသည်။
"ဒါပေမယ့် ကိုယ့်အတွက် မင်းက one & only ဂျူနီယာညီမလေးပါ"
ကျင်းရှီ၏ပါးစပ်ထောင့်က အနည်းငယ် တွန့်ကွေးသွားပြီး သူမ၏နှလုံးသားက ချိုမြိန်မှုနှင့် ပြည့်နှက်နေသည်။ သူမ သူ့မက်ဆေ့ချ်ကို စာမပြန်ခဲ့ပေ။
မျက်နှာကျက်ကို စိုက်ကြည့်ပြီး ကုတင်ပေါ်တွင် လဲလျောင်းနေတဲ့ ပေါ်ရန်က ရှန်ဖျင်ချွမ်ထံ စာတစ်စောင် ပို့လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ရှန်ဖျင်ချွမ်က ပျင်းရိစွာ ကျင်းရှီ၏အခန်းကို ဖြတ်သွားသည် "ရို ညီမလေး၊ မနက်ဖြန် ကိုယ့်ဘာသာ ကျောင်းသွားလိုက်"
ကျင်းရှီက ကုတင်ပေါ်ကနေ ခုန်ဆင်းပြီး တံခါးကိုဖွင့်လိုက်သည် "ဘာလို့လဲ"
"ငါမနက်ဖြန်လုပ်စရာတွေရှိတယ်၊ အဖေ့ကုမ္ပဏီကို သွားရမယ်။ မင်းလမ်းမသိတာလည်းမဟုတ်ဘူး၊ မင်းဘာသာသွားလို့ အဆင်ပြေပါတယ်" ရှန်ဖျင်ချွမ် နံရံကို မှီထားသည်။
"ဒါပေမယ့် ကျွန်မအိတ်က အရမ်းလေးတယ်" ကျင်းရှီက သနားစရာကောင်းစွာ တောင်းဆိုခဲ့သည် "အစ်ကို~"
ဘတ်စကတ်ဘောအသင်းတွင် သူ့အတွက် အစားထိုးနေရာတစ်ခုပေးမယ်ဆိုတဲ့ ပေါ်ရန်၏ကတိကို သတိရတော့ ရှန်ဖျင်ချွမ်က သူ့နှလုံးသားကို မာကျောပြီး ချစ်မြတ်နိုးစွာ သူမဆံပင်များကို ပွတ်သပ်လိုက်သည် "အစ်ကိုလို့ ငါ့ကိုခေါ်နေတာက အသုံးမဝင်ဘူး။ ကောင်းကောင်းလုပ်ပြီး ကိုယ့်ဘာသာဖြေရှင်း"
"ကောင်းပြီ" သူမက စိတ်ဆိုးသွားပြီး တံခါးကို ဆောင့်ပိတ်ခဲ့သည်။
ပေါ်ရန်၏မက်ဆေ့ခ်ျဝင်လာပြန်သည် "ရှီရှီ၊ မနက်ဖြန် ၁ နာရီလောက် ကိုယ် မင်းကိုကြိုဖို့ အောက်မှာစောင့်နေမယ်"
ကျင်းရှီသည် သူမ၏အကြီးဆုံးခရီးဆောင်အိတ်ကို ကြည့်ပြီး ခဏလောက် တုံ့ဆိုင်းသွားကာ အပေးယူလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ ကျွန်မ ရှင့်ကို အခွင့်အရေးတစ်ခုပေးမယ်"