အပိုင်း (၈၀)
Vol. 7 Ch. 80
အသက်ဝင်သော ကျောင်းသားသစ် အမည်စာရင်းသွင်းရာသီကို ရောက်ရှိလာပြီး ကျင်းရှီနှင့် သူမသူငယ်ချင်းတွေက "စီနီယာအစ်မ" ရာထူးကို ရောက်ရှိလာကြသည်။
စာပေဌာနက ကျောင်းသားသစ်များအတွက် အရင်နှစ်က ထူးချွန်သော စီနီယာအစ်မများကို သူတို့ရဲ့ကောလိပ်ကျောင်းသားဘဝ အတွေ့အကြုံများနှင့် ပရော်ဖက်ရှင်နယ်လေ့လာမှုများကို ကျောင်းသားသစ်များနှင့် မျှဝေရန် ဖိတ်ခေါ်၍ ဟောပြောပွဲတစ်ခုကို ကျင်းပခဲ့သည်။
အရင်နှစ်က ထူးချွန်ကျောင်းသား ကိုယ်စားလှယ်အနေနဲ့ ချူးကျောက်သည် ကျောင်းသားသစ်ဟောပြောပွဲ၏ အဓိကဟောပြောသူ သဘာဝကျကျ ဖြစ်လာခဲ့သည်။
ကျင်းရှီနဲ့ လင်းလောတို့လည်း ပျော်ရွှင်ဖို့အတွက် ဟောပြောပွဲကိုသွားကြပြီး ပရိသတ်ထဲမှာ ထိုင်၍ ချူးကျောက်အတွက် ဓာတ်ပုံနှင့် ဗီဒီယိုများရိုက်ပေးကြသည်။
အခန်းက ကြီးမားပြီး လူရာချီနဲ့ကျင်းပဖို့ ထိုင်ခုံအလုံအလောက်ရှိသည်။
ချူးကျောက်သည် အခန်းရှေ့ရှိ စင်တွင်ထိုင်ပြီး သူမ၏မိန့်ခွန်းကို စိတ်လှုပ်ရှားစွာ ရွတ်ဆို၍ သူမပြောချင်သည့် အဓိကအချက်တိုင်းကို ဂရုတစိုက် လေ့ကျင့်နေခဲ့သည်။
ဤဟောပြောပွဲအတွက် ပြင်ဆင်ရန်အတွက် သူမသည် ကျောင်းသားသစ်ဂျူနီယာ ကျောင်းနေဖက်များနှင့် အဆင်ပြေမည်ဟုထင်သော သင်ယူမှုနည်းလမ်းများနှင့် သဘောထားများကို မျှဝေရန် မျှော်မှန်း၍ ညဇီးကွက်နှစ်ယောက်ကို ဆွဲထားခဲ့သည်။
ညနေခင်း ခုနစ်နာရီ၌ ကျောင်းသားသစ်များ အခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြပြီး လူရာချီ၍ တစ်တန်းပြီးတစ်တန်း အခန်းပြည့်သွားသည်။
ချူးကျောက်၏နူးညံ့သော လက်ချောင်းထိပ်တွေက သူမ၏စိတ်လှုပ်ရှားမှုကို လျှော့ချရန် ဘောပင်ကိုလှည့်နေခဲ့သည်။
.....
မကြာမီ ကျင့်ချီသည် အခန်းထဲသို့ဝင်လာပြီး နောက်ဆုံးအတန်းတွင်ထိုင်ကာ ချူးကျောက်ကို ခေါင်းညိတ်ပြကာ ပါးစပ်လှုပ်ရုံပြောခဲ့သည် "လုပ်တော့"
ချူးကျောက်က သိကြောင်းခေါင်းညိတ်ပြလိုက်သည်။
ကျောင်းသားအသစ်တစ်ယောက်အနေဖြင့် ယန်ရှောင်ယွမ်သည် အလွန်စိတ်အားထက်သန်ပြီး ရှေ့ဆုံးတန်းတွင် ထိုင်နေခဲ့သည်။ သူမမော့ကြည့်လိုက်တော့ စင်ပေါ်မှာ သူမရဲ့အတွေ့အကြုံတွေကို မျှဝေနေတဲ့ စီနီယာအစ်မချူးကျောက်ကို တွေ့လိုက်ရပြီး သူမ သိသိသာသာကို မပျော်တော့ပေ။
အဲဒီနေ့က ချူးကျောက်သည် ပေါ်ရန်ရှေ့မှာ သူမကို အရှက်ခွဲခဲ့ပြီး ထိုအကြောင်းကြောင့် အဲ့ကတည်းက သူမ စိတ်အဆင်မပြေခဲ့ပေ။ ဒါပေမယ့် သူမက ဘောပင်နှင့် စာရွက်ကိုထုတ်ပြီး ချူးကျောက် ပြောသည့်အချက်တိုင်းကို ဂရုတစိုက် မှတ်ခဲ့သေးသည်။
အမေးအဖြေကဏ္ဍတွင် ယန်ရှောင်ယွမ်က သူမ၏လက်ကို ပထမဆုံးမြှောက်ပြီး မတ်တပ်ရပ်ခဲ့သည်။ သူမ၏မှတ်စုစာအုပ်ကိုကြည့်ရင်း သူမကကျယ်လောင်စွာပြောခဲ့သည် "စီနီယာအစ်မ၊ အစ်မရဲ့တတိယအချက်ကလေ ကျွန်မတို့စာဖတ်ချိန်ကို များများထားဖို့ ကျွန်မတို့အားလပ်ချိန်မှာ စာတွေများများဖတ်ခိုင်းတယ်နော်၊ ကျွန်မတို့က CET 4 နဲ့ အသိအမှတ်ပြုလက်မှတ်ခြောက်ခု၊ ဖူထုံဟွာနဲ့ ဆရာအရည်အချင်းစစ် အောင်လက်မှတ်တွေ၊ ကောလိပ်တက်နေချိန်မှာ အခြေခံကွန်ပြူတာ စာမေးပွဲတွေကိုတောင် ဖြေဆိုရမှာလေ… အဲ့ဒါမို့ ကျွန်မကတော့ အရေးပါတဲ့အရာတွေကို ပိုအချိန်ပေးသင့်တယ်လို့ ထင်တယ်။ စာပေအတွက်ကတော့ ဖိုင်နယ်စာမေးပွဲအတွက် အရေးပါမယ့်အရာတွေပေါ် မူတည်ပြီး ရွေးချယ်ဖတ်တာ ဒါမှမဟုတ် ဇာတ်လမ်းတွေရဲ့ သဘောတရားတွေကို နားလည်ဖို့ အကျဉ်းချုပ်တွေကိုဖတ်ဖို့ ရွေးချယ်နိုင်တယ်လေ။ ဒါဆို အားတစ်ဝက်လောက်ပဲထုတ်ပြီး ရလဒ်နှစ်ဆ ရနိုင်တာပေါ့"
ချူးကျောက် ကြက်သေသေသွားသည်။
သူမ ဂရုတစိုက် နားထောင်ပြီး မှတ်စုတွေတောင် မှတ်ခဲ့ပေမယ့် အဲ့တာကို သူမကို အပြစ်ရှာရန် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့တာပင်။
အခန်းထဲက ကျောင်းသားသစ်အားလုံးက ချူးကျောက်ကို စိုက်ကြည့်နေကြပြီး တစ်ချို့က ဘာမှမထူးခြားသလို၊ တစ်ချို့က ရှိုးပွဲကို စောင့်ကြည့်နေကြပြီး တစ်ချို့က သူမအတွက် စိုးရိမ်နေကြသည်။
ယန်ရှောင်ယွမ်က သူမ၏ထိရောက်သော သင်ယူမှုနည်းလမ်းကို အလွန်ယုံကြည်မှုရှိသည်။ သူမက သူမ၏ကျေးလက်ခရိုင်တွင် စာပေအနုပညာအမှတ်အများဆုံးဖြစ်သည်။ ဘယ်လိုပင်ဖြစ်စေ စာမေးပွဲများနှင့်ပတ်သက်သောအခါတွင် သူမတွင် ကိုယ်ပိုင်ဖြတ်လမ်းများနှင့် နည်းလမ်းများရှိသည်။
"စီနီယာအစ်မ၊စာတွေကျယ်ကျယ်ပြန့်ပြန့်ဖတ်ခိုင်းတဲ့ အစ်မရဲ့ ချဉ်းကပ်ပုံကို ကျွန်မသဘောမတူဘူး။ ကျွန်မတို့ တရုတ်မေဂျာက အဆုံးမရှိတဲ့ တရုတ်စာပေတွေနဲ့ နိုင်ငံခြားလက်ရာတွေကို လေ့လာရမှာ။ စာအုပ်တိုင်းကို အစအဆုံး တကယ်ဖတ်ရရင် ဘယ်ပြီးတော့မလဲ။ ကောလိပ်လေးနှစ်မှာ အားလုံးကို ဖတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"
ယန်ရှောင်ယွမ်က ကိုယ်ရည်သွေးကာပြောခဲ့သည်။ "ဇာတ်လမ်းအကြမ်းဖျင်းနဲ့ အဓိကအကြောင်းတရားတွေကို နားလည်ပြီး စာမေးပွဲတွေမှာ အကျဉ်းချုံးပြီး ကျိုးကြောင်းဆီလျော်စွာ အသုံးချမယ်ဆိုရင် အမှတ်ကောင်းကောင်းရနိုင်တာပဲလေ။ ဒါက ကျွန်မတို့ အခုရွေးချယ်သင့်တဲ့ သင်ယူမှုနည်းလမ်းပဲ"
ယန်ရှောင်ယွမ်၏မျက်နှာပေါ်ရှိ ကောက်ကျစ်သောအကြည့်ကို မြင်လိုက်ရတော့ လင်းလော ကျင်းရှီကို တံတောင်ဖြင့်ထိုးပြီး တီးတိုးပြောသည် "ဒီကျောင်းသူအသစ်က တမင်တကာ အပြစ်ရှာနေသလိုပဲ"
"သူက ချူးကျောက်နဲ့ငါ အဲဒီနေ့က စာအုပ်ဆိုင်မှာ တွေ့ခဲ့တဲ့ မိန်းကလေးပဲ"
"ဒါဆိုအဲဒါသူပေါ့" လင်းလောသည် ယန်ရှောင်ယွမ်ကို ဘေးကကြည့်လိုက်ပြီး သူမကို အကဲဖြတ်ကာ မှတ်ချက်ပေးခဲ့သည် "သူကဆက်ဆံရတာ လွယ်မယ့်ပုံတော့မဟုတ်ဘူး"
ချူးကျောက်က အတော်လေးကို စိုးထိတ်နေခဲ့ပြီး ယခု ယန်ရှောင်ယွမ်ရဲ့နှောင့်ယှက်မှုကြောင့် သူမည် ပိုလို့တောင် စိုးထိတ်သွားခဲ့သည်။ သူမပြင်ဆင်ထားတဲ့ မိန့်ခွန်းကို အထပ်အထပ်အခါအခါကြည့်ပြီး စကားထစ်ထစ်ငေါ့ငေါ့နဲ့ပြောခဲ့သည်။ "ဒီကျောင်းသူပြောတာက အဓိပ္ပာယ်…..အဓိပ္ပာယ် ရှိပါတယ် ဒါပေမယ့် ကျွန်မတို့ စာမေးပွဲအတွက် စာဖတ်ရုံနဲ့ပဲတော့မရနိုင်ဘူး။ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ပြီး ကျွန်မတို့ရဲ့စာဖတ်နှုန်းကိုတိုးတာက အရေးကြီးဆုံးပဲ"
ယန်ရှောင်ယွမ်သည် ထိုနေ့က အရှက်တရားကို လက်စားချေရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။ သူမက တမင်မာန်မာမာနဲ့ဖိပြီးပြောခဲ့သည် "စာမေးပွဲတွေက ရည်ရွယ်ချက်မဟုတ်တောင် စာမေးပွဲရမှတ်တွေက ထူးချွန်ကျောင်းသားတွေရွေးချယ်တာ၊ ပညာသင်ဆုနဲ့ ဘွဲ့လွန်ကျောင်းဝင်ခွင့်အတွက် အာမခံချက်ရှိတဲ့ အသိအမှတ်ပြုမှုတွေကို တိုက်ရိုက်သက်ရောက်တယ်လေ… စီနီယာအစ်မ စာမေးပွဲတွေက အရေးမကြီးဘူးလို့ ပြောရဲလား။ အစ်မ ဂျူနီယာတွေကို အမှားကြီးလမ်းညွှန်မိရင် အစ်မတာဝန်ယူနိုင်လို့လား"
ချူးကျောက် ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်"ဒီနေ့ကတော့ ဟောပြောပွဲတစ်ခုပဲ။ကျွန်မပြောခဲ့တာက မင်းတို့ကိုကူညီနိုင်ရင် အကောင်းဆုံးပေါ့။ ကျွန်မပြောတာကို မင်းတို့သဘောမတူဘူးဆိုရင် ဒါလည်းအဆင်ပြေတယ်။ မင်းရဲ့ကိုယ်ပိုင်နည်းလမ်းတွေသုံးပြီး ကိုယ့်ဘာသာ တိုးတက်အောင်လုပ်။ လူတိုင်းမှာ သူတို့နဲ့ကိုက်ညီတဲ့ သင်ယူမှုနည်းလမ်းတွေရှိတယ်"
"ဒါပေါ့ စီနီယာအစ်မရဲ့ထိရောက်မှုမရှိတဲ့ သင်ကြားရေးနည်းလမ်းကို ကျွန်မ သဘောမတူဘူး။ ကျွန်မရဲ့အတန်းဖော်တွေ လမ်းမှားမရောက်စေချင်တာကြောင့် ကျွန်မ ထရပ်ပြီး ပြောရတာပါ။ ကျွန်မတို့ ကောင်းကောင်း ဆွေးနွေးနေတာပါ။ စီနီယာအစ်မ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"
ယန်ရှောင်ယွမ်သည် ချူးကျောက်ကို နှိုက်နှိုက်ချွတ်ချွတ် အရှက်ခွဲခဲ့တာကြောင့် သူမည် သဘာဝကျကျပင် အလွန်ကျေနပ်သလို ခံစားနေရသည်။ သူမက စံပြကျောင်းသူတစ်ယောက်လို မတ်မတ်ထိုင်ခဲ့သည်။
အနားမှ ကျောင်းသူ/သားများက သူမကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ စီနီယာအစ်မကို ဒီလိုရိုင်းစိုင်းရဲတဲ့ ကျောင်းသားသစ်ရှိတယ်ဆိုတာ ရှားသည်။ သူတို့သဘောမတူရင်တောင် သူတို့ သူမကို ဒီလိုလူကြားထဲ ဖော်ထုတ်မပြသလို သူမကို မည်သည့်ဂုဏ်သိက္ခာမှ မကျန်အောင် မလုပ်ကြပေ။
အခန်းထဲက လူရာချီရဲ့မျက်လုံးတွေကို ကြည့်ပြီး ချူးကျောက်ရဲ့လက်တွေက မိန့်ခွန်းစာရွက်တွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကာ သူမရဲ့ပါးတွေ နီလာသည်။ သူမဆက်လက်ပြင်ဆင်ထားတဲ့ အကြောင်းအရာက ဘယ်လိုမှ မထွက်လာနိုင်တော့ဘူး။
လင်းလော ဒေါသထွက်သွားသည်။ သူမသူမ၏သူငယ်ချင်းကို ကာကွယ်ရန် ထရပ်ခဲ့သော်လည်း ကျင်းရှီက သူမကို လှမ်းဆွဲလိုက်သည်။ ကျင်းရှီက သူမကို ခေါင်းခါပြီး စိတ်လျှော့ဖို့ အချက်ပြခဲ့သည်။
"ဒါက ဆွေးနွေးတာဆိုတော့ ကျွန်မမှာ ဒီကျောင်းသူသစ် ညီမလေးကို မေးချင်တာတစ်ခုရှိတယ်" ကျင်းရှီက ယန်ရှောင်ယွမ်ကိုကြည့်ပြီး အေးအေးဆေးဆေးမေးလိုက်သည် "ကျောင်းသူညီမလေး၊ အန်နာကယ်ရန်နီနာကို ဖတ်ပြီးပြီလား"
"ကျွန်မ မဖတ်ဖူးပေမယ့် ဇာတ်လမ်းအကြမ်းဖျင်းကိုတော့ သိပါတယ်" ယန်ရှောင်ယွမ်က ကျယ်လောင်စွာပြောခဲ့သည် "အဲဒါက ဖောက်ပြန်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းလေ"
"ဖောက်ပြန်တဲ့အမျိုးသမီးတစ်ယောက်အကြောင်း ဇာတ်လမ်းက ကမ္ဘာမှာလက်ရာမြောက်သွားတယ်။ ဒါနဲ့ပတ်သက်ပြီး ကျောင်းသူညီမလေး ဘယ်လိုမြင်မိလဲ"
ယန်ရှောင်ယွမ် ခဏလောက် တွေးပြီး တည်ငြိမ်မှုကို ထိန်းထားသည် "ဒီစာသားရဲ့ တိကျတဲ့ သဘောထားတွေနဲ့ အဓိက အကြောင်းအရာတွေကို ပြဋ္ဌာန်းစာအုပ်တွေမှာ သေချာပေါက် ဖော်ပြထားတာပဲလေ။ အဲဒါတွေကို အာဂုံဆောင်ထားရင် စာမေးပွဲတွေဖြေဖို့ လုံလောက်တယ်"
"ဒီစာသားနဲ့ ပတ်သက်ပြီး မင်းရဲ့ခံစားချက်ကို မေးနေတာ"
ယန်ရှောင်ယွမ်က ကျင်းရှီကို မကျေမနပ်ကြည့်နေပြီး သူမရဲ့လိုချင်တဲ့အချက်ကိုပတ်ပြီးဖြေနေဆဲပင် "ကျွန်မ အမှတ်ကောင်းကောင်းနဲ့ ပညာသင်ဆုတွေ ရနိုင်တယ်ဆို ကျွန်မအတွက် အရမ်းအဆင်ပြေတယ်။ တခြားသူတွေလည်း အတူတူပဲလို့ ကျွန်မယုံကြည်တယ်"
ကျင်းရှီ ပြုံးလိုက်သည် "တရုတ်ဌာနက ကျောင်းသူတစ်ယောက်အနေနဲ့ စာပေသမိုင်းမှာ အရေးပါတဲ့ အလုပ်တစ်ခုနဲ့ ပတ်သက်ပြီး မင်းရဲ့ တစ်ခုတည်းသော ခံစားချက်က ပညာသင်ဆုတွေရဖို့ မင်း အဲဒါကို အသုံးချနိုင်တယ်တဲ့လား။ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဂျူနီယာညီမလေးပဲ"
အနားရှိ ကျောင်းသူ/သားများက ရယ်ကြသည်….
"ကိုယ့်အတွက်ကိုယ်ပြောပါ၊ ငါတို့ကို ဆွဲမထည့်နဲ့"
"ဟုတ်တယ်၊ ငါတို့ ပညာသင်ဆုတွေအကြောင်း ဘယ်တုန်းကမှ မတွေးဖူးဘူး"
"သူက စာပေအနုပညာ အမှတ်အများဆုံးလို့ ငါကြားတယ်"
"အံ့သြစရာကောင်းတဲ့ ထိပ်တန်းကျောင်းသားပဲ"
ယန်ရှောင်ယွမ်သည် ဒေါသထွက်ပြီးရှက်လာသည်၊ သူမ၏အကြည့်တွေက စူးရှလာပြီး သူမ၏စိတ်ခံစားချက်များကို မထိန်းနိုင်တော့ပေ "ရှင်တို့အားလုံး ကျွန်မကို နှိမ့်ချနေကြတာ ကျွန်မသိတယ်။ ရှင်တို့က ချမ်းသာတဲ့ မိသားစုကလာပြီး ပညာသင်ဆုကို ဂရုမစိုက်ကြဘူး။ ကြော့ရှင်းအောင် နေထိုင်ပြီး စာပေအကြောင်း ပြောရုံလောက်ပဲ။ ဒါပေမယ့် ကျွန်မကတော့
မလုပ်နိုင်ဘူး။ ကျွန်မအမှတ်ကောင်းကောင်းရဖို့လိုတယ်။ ပညာသင်ဆုတွေလိုအပ်တယ်။ ဘာများမှားနေလို့လဲ"
ထိုအချိန်က သူမဘေးတွင် တိတ်ဆိတ်နေခဲ့သော ချူးထန်က ယန်ရှောင်ယွမ်ကိုကြည့်ပြီး အသံဩဩဖြင့် ပြောခဲ့သည် "အတန်းဖော်၊ မင်းရဲ့ဖြတ်လမ်းနည်းသင်ကြားတဲ့နည်းလမ်းနဲ့ မင်း စာမေးပွဲတွေမှာ အမှတ်ကောင်းကောင်းတွေမရရုံသာမက ပညာသင်ဆုတွေ မရနိုင်ဘူး ဒါပေမယ့် အောင်ဖို့တောင် ခက်လိမ့်မယ်လို့ အရမ်းတာဝန်ရှိစွာနဲ့ မင်းကိုပြောပြလိုက်မယ်"
"ဘာကိုအခြေခံပြီးတော့ ရှင်အဲ့လိုပြောနိုင်တာလဲ"
"ငါတို့ဌာနမှာရှိတဲ့ ပါမောက္ခတွေကို လျှော့မတွက်နဲ့။အဲ့တာက တစ်နိုင်ငံလုံးမှာ ထိပ်တန်းဂုဏ်သတင်းရှိတဲ့သူတွေ။ စာတွေကိုတကယ်မဖတ်ဘဲ ဖတ်စာအုပ်အကျဉ်းချုပ်ကို အားကိုးရုံနဲ့ သူတို့ဆီက အမှတ်ကောင်းကောင်းတွေ ရနိုင်တယ်လို့ မင်းထင်နေတာလား။ မင်းရဲ့လှည့်ကွက်လေးတွေကို ပါမောက္ခတွေက မမြင်ဘူးလို့ ထင်နေတာလား"
ယနေ့ဟောပြောပွဲက ကျောင်းသားကျောင်းသူများ လွတ်လွတ်လပ်လပ် မျှဝေနိုင်စေရန်အတွက် ဖြစ်သည်။ ဆရာမက အစက ကျောင်းသားများ၏ဆွေးနွေးမှုတွင် ပါဝင်ရန် အစီအစဉ်မရှိသော်လည်း ယန်ရှောင်ယွမ်၏စကားကို ကြားသောအခါ သူမ မပြောဘဲ မနေနိုင်တော့ပေ။
"အခု မင်းတို့ ငါတို့စာပေဌာနကို ဝင်လာပြီ၊ ကျောင်းသူ/သားတွေအားလုံး အေးအေးဆေးဆေးနေကြမယ်၊ မောက်မာတာ ဒါမှမဟုတ် မတွေးတောဘဲမလုပ်ဘဲနဲ့ ကိုယ့်အတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ သေသေချာချာစာတွေဖတ်မယ်လို့ မျှော်လင့်တယ်။ တက္ကသိုလ်ဆိုတာ စာမေးပွဲရမှတ်တွေက တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်တဲ့ အလယ်တန်း၊ အထက်တန်းကျောင်းနဲ့ မတူဘူး။ တက္ကသိုလ်ရမှတ်တွေက မင်းတို့ကို သင်ယူမှုနဲ့ ဘဝအပေါ် မှန်ကန်တဲ့ သဘောတရားကို တည်ဆောက်ဖို့အတွက် ကူညီပေးတာ။ ငါက ငါတို့ကျောင်းသူ/သားတွေကို တိုးတက်ဖို့ အခွင့်အရေးမယူစေချင်ဘူး။ ဖြတ်လမ်းနည်းနဲ့ သင်ယူတာ ဒါမှမဟုတ် ဖြတ်လမ်းနဲ့သင်ယူပြီး အောင်မြင်သွားတဲ့ လူတစ်ယောက် မဖြစ်ရဘူး"
ဆရာမရဲ့စကားက တော်တော်ပြင်းထန်သည်။ သူမက နာမည်တပ်ပြီးမပြောလိုက်သော်လည်း၊ သူမက ယန်ရှောင်ယွမ်ကို ရည်ရွယ်ကြောင်း လူတိုင်းသိြကသည်။
အနီးနားရှိအတန်းဖော်များက အချင်းချင်း တီးတိုးပြောပြီး ယန်ရှောင်ယွမ်ကိုပေးသော အကြည့်များမှာ လှောင်ပြောင်မှုနှင့် ခွဲခြားမှုတွေ ပါရှိသည်။
ဟောပြောပွဲသည် အဆင်ပြေစွာ ပြီးဆုံးသွားခဲ့သည်။ စိတ်မသက်မသာဖြစ်ခဲ့သော ချူးကျောက်သည် ကျင်းရှီ၏လုပ်ရပ်ကြောင့် စိုးရွံ့မှုမရှိတော့ဘဲ ကျန်ဟောပြောပွဲတလျှောက်လုံး အဆင်ပြေခဲ့သည်။
ပြီးသွားပြီးနောက် ကျောင်းသူ/သားတွေက စာသင်ခန်းထဲက တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့ကြသည်။ လင်းလောနှင့် ရှားယိုတို့သည် ချူးကျောက် ဘေးတွင်ဝိုင်းပြီး သူတို့ရိုက်ခဲ့တဲ့ ဗီဒီယိုများကို သူမကို ပြနေခဲ့သည်။
"အာ၊ ပေါတောတောနဲ့!"
"ဘာပေါတာလဲ။ ငါတို့ရဲ့ စီနီယာချူးက အရမ်းမိုက်တာနော်"
"မဟုတ်ဘူး မဟုတ်ဘူး၊ ငါတို့ ဒီဓာတ်ပုံကို ဖျက်ရမယ်။ အရမ်းရှက်စရာကောင်းတယ်"
"ဓာတ်ပုံတွေကိုဖျက်ဖို့ မဖြစ်နိုင်ဘူး။ ဒီတစ်သက်မှာ ဘယ်တော့မှ ဖြစ်မလာဘူး။ ဒါပေမယ့် နင့်ရဲ့မေးနှစ်ထပ်ကို ဖြတ်ညှပ်ကပ်လုပ်ဖို့ ငါကူညီပေးနိုင်ပါတယ်"
စာရွက်များနှင့်ဘောပင်ကို သိမ်းပြီးနောက် ယန်ရှောင်ယွမ်သည် မိန်းကလေးများဆီသို့ လျှောက်သွားခဲ့သည်။
လင်းလောက သတိကြီးစွာမေးလိုက်သည်။ "မင်းဘာလိုချင်လို့လဲ"
"ကျွန်မ စီနီယာချူးကို တောင်းပန်ချင်လို့ပါ" ဟု ယန်ရှောင်ယွမ်က လေးနက်တဲ့အမူအရာနဲ့ ပြောခဲ့သည်။ "စောစောက ကျွန်မမှားခဲ့တယ်၊ အစ်မကိုတမင်ပြဿနာမရှာသင့်ဘူး"
ချူးကျောက်က အေးစက်စွာပြောလိုက်သည် "တောင်းပန်စရာမလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေအားလုံးက အကျိုးမရှိတဲ့ တိုက်ခိုက်မှုတွေပဲ"
ချူးထန်ကထပ်ပြောလိုက်သည် "အကျိုးမရှိဘူး၊ ဒါပေမယ့် တန်ပြန်သက်ရောက်မှုတော့ အပြည့်ရှိတယ်။ မင်းမျက်နှာရိုက်ချခံလိုက်ရတယ်မလား"
ကောင်မလေးတွေက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး သူတို့ပါးစပ်ထောင့်မှာ အပြုံးတွေ ပွင့်နေကြသည်။
သူတို့မိဘများနှင့် ချစ်ခင်သူများ၏ချစ်မြတ်နိုးမှုနှင့် ဂရုစိုက်မှုအောက်တွင် ကြီးပြင်းလာသော ထိုမိန်းကလေးများ၏နူးညံ့သောအမွှေးတွေက ချွန်ထက်သောလက်သည်းများကို ဖုံးကွယ်ထားသည်။ ပေါင်းလိုက်ရင် သူတို့က ဘယ်သူကိုမှပိုကောင်းခွင့်မပေးဘူး။
ကျင်းရှီက ယန်ရှောင်ယွမ်ရဲ့ရည်ရွယ်ချက်က ရိုးရိုးရှင်းရှင်း တောင်းပန်ရုံပဲ မဟုတ်လောက်ဘူးလို့ ခံစားရသည်။ ဒါပေမယ့် သူမက စိတ်အနှောင့်အယှက်အဖြစ်မခံဘဲ သူမဖုန်းထဲက ဓာတ်ပုံတွေကို ပြင်ဆင်ဖို့ ခေါင်းငုံ့ခဲ့သည်။
ယန်ရှောင်ယွမ်ကဆက်ပြီးပြောလိုက်သည် "ကျွန်မတို့ရဲ့မတူညီမှုတွေကို ပြန်အဆင်ပြေချင်တယ်။ ပြီးတော့ ကျွန်မတို့က ဌာနတစ်ခုတည်းမှာရှိနေပြီး အနာဂတ်မှာ အပြန်အလှန်ဆက်ဆံရမှာပဲလေ။ ကျွန်မ ရန်သူမဖြစ်ချင်ဘူး"
"မင်းအတွက် ငါတို့က တမင်တကာ ပြဿနာရှာတဲ့ လူတွေလို့ပြောလိုက်တာပဲ"
"ရှင်တို့ တမင်တကာပြဿနာရှာမှာကို ကြောက်တာမဟုတ်ပါဘူး။ ဒါပေမယ့် ရှင်တို့နဲ့ဆိုးဆိုးရွားရွား ရန်ငြိုးတွေထားနေရင် ပေါ်ရန်နဲ့ ကျွန်မဆက်ဆံရေးမှာ သူ့ကို အဆင်မပြေစေလိမ့်မယ်။ ကျွန်မအဲဲဒါကို မလိုချင်ဘူး"
"..."
ကောင်မလေးတွေက ပြောစရာစကားပျောက်ရှသွားသည်။
ထိုအရာကိုပြောပြီးနောက် ယန်ရှောင်ယွမ်သည် ကျင်းရှီကိုကြည့်ပြီး သူမ၏မျက်နှာပေါ်ရှိ မကျေမနပ်ဖြစ်မှုကို မြင်တွေ့ဖို့ကြိုးစားခဲ့သည်။
ဒါပေမယ့် သူမရဲ့မျှော်လင့်ချက်တွေကို ပျက်စီးဖြစ်သွားစေပြီး ကျင်းရှီက တုံ့ပြန်မှုလုံးဝမရှိဘဲ ဓာတ်ပုံတွေကို ပြင်ဖို့အတွက် ခေါင်းကိုငုံ့ထားကာ သူမဘက်ကိုတောင် မကြည့်ခဲ့ပေ။
ယန်ရှောင်ယွမ်သည် သူမ ဂွမ်းထဲသို့ ထိုးခံလိုက်သလို ခံစားရသည်။
ဘတ်စကတ်ဘောကွင်းမှာ ပေါ်ရန်က ဘတ်စကတ်ဘောကို ပစ်ချပြီး မျက်နှာပေါ်ရှိ ချွေးတွေကိုသုတ်ဖို့ လည်ပင်းမှာပတ်ထားတဲ့ မျက်နှာသုတ်ပဝါအဖြူကို သုံးခဲ့သည်။ သူကလှည့်ပြီးကျင့်ချီကိုမေးလိုက်သည် "သူတကယ်အဲ့လိုပြောတာလား"
"ဟုတ်တယ်၊ ငါ သေသေချာချာ ကြားခဲ့တယ်"
သူ့ပါးစပ်ထောင့်တွေတက်သွားပြီး သူ့မျက်လုံးတွေက ချိုမြိန်မှုတွေ လင်းလက်နေသည်။ "ငါ့ကောင်မလေးက လွှမ်းမိုးနိုင်နေပြီပဲ"
တစ်ဦးတည်းသောသက်သေအဖြစ် ကျင့်ချီသည် အဖြစ်အပျက်ကိုပြန်တွေးပြီး တုန်လှုပ်နေခဲ့သည်။ "အပြုံးမျက်နှာနောက်က ရက်စက်တဲ့စိတ်တွေ"
ရှားယိုက ခုန်ပေါက်ပြီးရိုက်၍ မောဟိုက်စွာ ပြောလိုက်သည် "ထိပ်တိုက်ရင်ဆိုင်လိုက်မှသာ ဖြေရှင်းနိုင်မှာ"
"ဒါက အမျိုးသားနဲ့ အမျိုးသမီးကြားက ကွာခြားချက်ပဲ။ ငါတို့က တိုက်ခိုက်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ပေမယ့် အမျိုးသမီးတွေရဲ့ပြဿနာကိုကျ အင်အားသုံးပြီး မဖြေရှင်းနိုင်ဘူး"
ပေါ်ရန်က ကျင့်ချီကိုပြောလိုက်သည်။ "ဒါဆို သူတို့ပြဿနာတွေကို ဘယ်လိုဖြေရှင်းလိုက်လဲ"
ကျင့်ချီက ပျင်းရိစွာပြောလိုက်သည်။ "ငါသိရင် မင်းတို့လို အရူးတွေနဲ့ ဒီမှာဘောလုံးကစားမယ့်အစား ငါအရင်ကတည်းက ကောင်မလေးရခဲ့တာကြာပြီ"
"..."
"သူ့ကိုရိုက်!"
ရှားယိုနှင့် ပေါ်ရန်တို့ ပေါင်းပြီး ကျင့်ချီကို ထုထောင်းကြသည်။
ရှားယိုသည်ပြေးလမ်းကြောင်းပေါ်တွင် သူ၏ခြေထောက်ရှည်ရှည်များကို အမျိုးသမီးပုံစံဖြင့် တင်ပျဉ်ခွေထိုင်နေသည်။ မျက်နှာက ချွေးတွေကို တစ်ရှူးနဲ့သုတ်ပြီး သူက အေးအေးဆေးဆေးပြောလိုက်သည် "မင်း နေ့တိုင်း ရည်းစားစာတွေနဲ့ လက်ဆောင်တွေ တခြားမိန်းကလေးတွေဆီက ရနေတာ၊ ကျင်းရှီမှာသာ စိတ်မပူတတ်တဲ့စိတ်ထားမရှိဘူးဆို သူတခြားမိန်းကလေးတွေကို မနာလိုဖြစ်လိမ့်မယ်"
ပြေးလမ်းကြောင်းပေါ် လဲလျောင်းပြီး တောက်ပနေတဲ့နေရောင်ကိုကြည့်ကာ ပေါ်ရန်က ရေရွတ်ခဲ့သည် "ဆွဲဆောင်မှုရှိနေတာကို မတတ်နိုင်ဘူးလေ"
"..."