အပိုင်း (၈၄)
Vol. 7 Ch. 84
ရှုမန်ကထရပ်ပြီး သူမကို နှိမ့်ချစွာကြည့်လိုက်သည်။ "မင်း တူရိယာတစ်ခုခု တီးနိုင်လား ဒါမှမဟုတ် ကနိုင်လား။ မဟုတ်ရင် အနည်းဆုံး မင်းသီချင်းဆိုနိုင်လား။ မင်းမှာ ပြသဖို့ အရည်အချင်းတစ်ခုလောက်ရှိတာနဲ့ တစ်ပြားမှပေးစရာမလိုဘဲ မင်းကို ဟန်ဖုကလပ်ထဲ ဝင်ခွင့်ပေးမယ်"
ဒါပေါ့၊ ယန်ရှောင်ယွမ်က ဘာကိုမှ မလုပ်နိုင်ပါဘူး။ သူမသည် အရင်က တူရိယာတီးခတ်ခြင်း သို့မဟုတ် အကကခြင်းကို မသင်ခဲ့ဖူးပေ။ သီချင်းဆိုသည့် အရိုးရှင်းဆုံး ကျွမ်းကျွင်မှုကိုပင် သူမသည် မကျွမ်းကျင်ဘဲ ကီးမှားဆိုခဲ့သည်။
သူမကို ဂုဏ်မောက်စေသော ဇွဲနှင့်လုံ့လကလွဲလို့ သူမသည် တကယ်တော့ ဘာကိုမှမလုပ်နိုင်သည်ကို ဝမ်းနည်းစွာ သိလိုက်ရသည်။
သူမသည် အခြားသူများထက် သာလွန်သည်ဟုပြောရန် ဘာအခွင့်အရေးရှိမှာလဲ။
လုံ့လထုတ်သည့်အခါပင် သူမသည် နံနက်ခြောက်နာရီတွင် စာကြည့်တိုက်သို့ ထိုင်ခုံနေရာသွားဦးသည့် စာဂျပိုးများထက် သူမက သာလွန်မည်မဟုတ်ပေ။
လူတိုင်းရဲ့နှိမ့်ချသည့် အကြည့်များအောက်မှာ ယန်ရှောင်ယွမ်က စိတ်ပျက်စွာ ထွက်မသွားခင် ဒေါသတကြီး ပြောဆိုလိုက်သည် "ဆင်းရဲတဲ့လူတွေကို အနိုင်မကျင့်နဲ့"
ကျင်းရှီသည် ယန်ရှောင်ယွမ်၏ရှက်စရာကောင်းသော အခြေအနေကိုကြည့်ပြီး လုံးဝပျော်ရွှင်နေခဲ့တာမဟုတ်ဘဲ အနည်းငယ်တော့ သနားခဲ့သည်။
ဒါပေမယ့် ဒါက သူမကိုယ်တိုင် လုပ်ခဲ့တာဖြစ်သည်။
ကျောင်းမှာ ပေါ်ရန်ကိုသဘောကျတဲ့ မရေမတွက်နိုင်သော မိန်းကလေးတွေရှိသည်။ သူ့ကောင်မလေးဖြစ်တဲ့ ကျင်းရှီတောင် မနာလိုဝန်တိုမှုကို လှုံဆော်မိမည်ကိုစိုး၍ ပေါ်ပေါ်ထင်ထင်မနေခဲ့ပေ။ ယန်ရှောင်ယွမ်သည် သူမ၏နေရာကိုမသိဘဲ အတင့်ရဲစွာ သူ့ကိုတွယ်ကပ်ရန် ကြိုးစားခဲ့ခြင်းကြောင့် သင်ခန်းစာတစ်ခု သင်ကြားခံရတာ ပုံမှန်ပင်။
သူမ၏မောက်မာမှုအတွက် တန်ရာတန်ကြေးကို ပေးဆပ်ခဲ့ရသည်။
.....
ကျင့်ချီပြောသည့်အတိုင်း စာသင်နှစ်သစ်စပြီး မကြာခင်မှာ ရှုချောင်းယန်က ချူးကျောက်ကို သူ့အချစ်အား ဝန်ခံခဲ့သည်။
ရှုချောင်းယန်ရဲ့ဝန်ခံမှုက ထူးခြားသည်။ သူသည် ချူးကျောက်၏ ပုံမှန်အတိုင်း သူမအဆောင်သို့ ပြန်သည့်လမ်း၌ လှပသောလက်ဆောင်ဘူးတစ်ခုကို ထားထားပြီး လမ်းတစ်လျှောက်သူမလျှောက်လာစဉ်တွင် Alice's Wonderland ထဲသို့ ဝင်လိုက်သကဲ့သို့ပြုလုပ်ထား၍ ပန်းရောင်နှင်းဆီပွင့်များ ကျဲထားသည်။
ရှပ်အင်္ကျီအဖြူကို ၀တ်ဆင်ထားသော ရှုချောင်းယန်သည် အဝေးကနေသူမကိုကြည့်၍ လမ်းအဆုံးတွင် ရပ်နေသည်။
သူမကို ကြိုတင်သတိပေးထားတာကြောင့် ဖြစ်နိုင်သည်၊ ချူးကျောက် အထူးစိတ်လှုပ်ရှားပုံမပေါ်ပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူမ အတော်လေး အေးဆေးနေခဲ့သည်။
သူမ၏နှလုံးသားက အလျင်အမြန် ခုန်ပေါက်နေသော်လည်း ကြည့်ရှုအားပေးနေသည့် လူအုပ်ကြီးကြောင့် ဖြစ်နိုင်ပြီး သူမနှင့်မျက်နှာချင်းဆိုင်က ရှပ်အင်္ကျီဖြူဝတ်ထားသော ချောမောသည့် ကောင်လေးကြောင့်လည်း အနည်းငယ်ဖြစ်နိုင်သည်။
ချူးကျောက်သည် နှင်းဆီပွင့်ချပ်လျှောက်လမ်းတိုကို အချိန်အတော်ကြာ ပုံမှန်လေး လျှောက်လာခဲ့သည်။
ကျင့်ချီက ဤကဲ့သို့ရိုမန့်တစ်ဇာတ်လမ်းစီစဉ်ဖို့ ပါခဲ့လားလို့တောင် သူမတွေးမိခဲ့သည်။
ဤအစီအစဉ်ကို သူ သူ့ညီအစ်ကိုကို ကူညီပေးခဲ့တာလား။
ချူးကျောက် အသက်ပြင်းပြင်းရှူပြီး ရှုချောင်းယန်ရှေ့မှာ ရပ်ခဲ့သည်။
ရှုချောင်းယန်က သူ့နာမည်ကဲ့သို့ပင် နွေးထွေးတောက်ပသည်။ သူ၏အပြုံးမျက်နှာက လူများကို အထူးနွေးထွေးစေနိုင်သည်။
ကောင်းမွန်တဲ့ ဒီလိုကောင်လေးမျိုးက မိန်းကလေးတွေကို အလွယ်တကူ စွဲလမ်းမှုကြောင့် ရူးသွပ်စေတာ မဟုတ်ဘူး၊ ဒါပေမယ့် သူက ချူးကျောက်ရဲ့အချစ်ကို တစ်နည်းနည်းနှင့် ဆွဲဆောင်ခဲ့သည်။
သူထုတ်လွှတ်သည့် နွေးထွေးမှုစွမ်းအားကို သူမ သဘောကျသည်။
ဒါကသာ အစကတည်းက အပြန်အလှန် သဘောကျသည့် ဆက်ဆံရေးတစ်ခုဖြစ်ခဲ့မည်ဆိုလျှင် ချူးကျောက်သည် ယခုအချိန်တွင် အလွန်ပျော်ရွှင်နေလိမ့်မည်။
သို့သော်လည်း ရှုချောင်းယန်က သူမကို "ကျေးဇူးပြုပြီး မင်းကိုယ်နဲ့တွဲမလား" ဟု မေးပြီးနောက် မိနစ်ဝက်လောက် တိတ်ဆိတ်သွားပြီး ချူးကျောက် စိတ်ထဲမှာ လင်းလက်သွားသည့် အပိုင်းအစများသည် တခြားကောင်လေးတစ်ယောက်အကြောင်းပင်။
အဲ့ဒီကောင်လေးက သူမအတွက် အကုန်လုပ်ပေးခဲ့ပြီး သူပြောလိုက်သည့် စကားလုံးတွေက ထိန်းချုပ်ထားပေမယ့် စိတ်ရင်းပေါ်လွင်နေသည်။
"ကိုယ့်ညီအစ်ကိုရဲ့ကောင်မလေးကို ခိုးတာကလွဲရင် မင်းဘာပဲတောင်းတောင်း ဓားတောင် ဒါမှမဟုတ် မီးပင်လယ်ဖြစ်ရင်တောင် မင်းအတွက်လုပ်ပေးမယ်"
"မင်းသူ့ကိုမမေ့နိုင်ရင်၊ ကိုယ်ဘယ်လိုလုပ်အခွင့်အရေးရနိုင်မလဲ"
"မင်းသူ့ကိုသဘောမတူခင်... ကိုယ့်ကိုစဉ်းစားပေးပါလား။ ကိုယ်မင်းပေါ်တကယ်ကောင်းပေးပါမယ်"
"ရှုချောင်းယန်က မင်းကိုမချစ်ဘူး၊ ဒါပေမယ့် ကိုယ်ကချစ်တယ်"
ဘယ်အချိန်ကစသည်ဆိုတာကို သူမမသိပေမယ့် အဲ့ဒီကောင်လေးဆီက စကားလုံးတိုင်းနှင့် ကွဲအက်နေသည့် အမူအရာတိုင်းက သူမစိတ်ထဲ နက်ရှိုင်းစွာ ရိုက်နှိပ်ခဲ့ပြီး သူမအသွေးအသားနှင့် ရောယှက်နေခဲ့သည်။
"ကျွန်မမှာ သဘောကျနေတဲ့လူရှိတယ်"
ချူးကျောက်က ရှုချောင်းယန်၏ ကြည်လင်၊ နက်မှောင်သော မျက်လုံးတွေကို မော့ကြည့်လိုက်သည်။
အတိတ်တုန်းက သူမ သူ့ကို ဒီလိုမကြည့်ရဲခဲ့ဘူး။ သူတို့မျက်လုံးချင်းဆုံမိတိုင်း သူမရဲ့သွေးဖိအားတက်လာပြီး သူမနှလုံးခုန်သံက စိတ်လှုပ်ရှားစွာ ခုန်ပေါက်လာသည်။
ယခုတော့ နောက်ဆုံးတွင် သူမသည် သူမ၏နှလုံးသားထဲတွင် လှုပ်ခတ်မှုမရှိဘဲ သူ့မျက်လုံးများကို အေးအေးဆေးဆေး ကြည့်နိုင်ခဲ့သည်။
"ကျွန်မ တောင်းပန်ပါတယ် ရှုချောင်းယန်။ ရှင့်ရဲ့ဝန်ခံတာကို ကျွန်မလက်မခံနိုင်ဘူး"
ထိုသို့ပြောပြီးနောက် ချူးကျောက်သည် ချက်ခြင်းရှောင်ပြီး ထွက်သွားခဲ့သည်။
ဤနာကျင်စရာတစ်ဖက်သတ် သဘောကျမှုမှာ ချူးကျောက်သည် ကောင်းမွန်စွာ ရင့်ကျက်လာခဲ့သည်။ သူမ မရေမတွက်နိုင်သော မျက်ရည်မိုးများ ရွာသွန်းဖြိုးပြီး ခါးသီးမှုကို ခံစားခဲ့ရကာ ဤဆက်ဆံရေးတွင် ပြောင်းလဲရမည့်သူမှာ သူမကိုယ်တိုင်သာဖြစ်သည်ကို ယခု သူမနားလည်လာခဲ့သည်။
အစမှအဆုံးအထိ ရှုချောင်းယန်သည် သူမကို ဘယ်တုန်းကမှ သဘောမကျခဲ့ဖူးပေ။ သူကကြင်နာလွန်းတာကြောင့် သူ သူမကို ပျော်ရွှင်အောင်လုပ်ပေးသင့်သည်ဟုသာ သူထင်ခဲ့သည်၊ ဒါပါပဲ။
ချူးကျောက်သည် ရှုချောင်းယန်ကို တစ်ဖက်သက်သဘောကျခဲ့သည့်အတွက် နောင်တရခြင်းမရှိခဲ့ပေမယ့် ယခုအချိန်တွင် သူမနှလုံးသားထဲတွင် တစ်စုံတစ်ယောက်က ပိုအရေးကြီးနေပြီ။
ချူးကျောက်သည် ကျင့်ချီကိုရှာပြီး သူမ၏နောက်ကျနေခဲ့သော ခံစားချက်များကို ပြောချင်သည်။ ဒါပေမယ့် သူမ အဆောင်ကို အသဲအသန် ပြန်သွားသည့်အခါ ဘေးအခန်းက လွတ်နေသည်။
သူမ သူ့ကို ဖုန်းခေါ်ရန် ဖုန်းကို ထုတ်လိုက်သည်၊ ဒါပေမယ့် အေးစက်သော အလိုအလျောက် မက်ဆေ့ချ်က သူ့ဖုန်းကို ပိတ်ထားကြောင်း အသိပေးခဲ့သည်။
ရှုချောင်းယန်သည် လမ်းလျှောက်ရာမှပြန်လာပြီး လုံးဝဘာမှမဖြစ်ခဲ့သလိုမျိုး သူ့မျက်နှာမှာ ဂရုမစိုက်သောအပြုံးကို ဆင်မြန်းထားခဲ့သည်။
"ကျင့်ချီက စိတ်အဆင်မပြေရင် တောင်ကုန်းနောက်က မြစ်ဘေးမှာ လမ်းလျှောက်တတ်တယ်။ မင်း သူ့ကိုရှာဖို့ အဲ့ကိုသွားကြည့်ကြည့်လေ"
ချူးကျောက်က ခဏလောက် အံ့အားသင့်သွားပြီးနောက် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ ရှုချောင်းယန်"
ချူးကျောက်က ရှုချောင်းယန်ကို ဖြတ်သွားချိန် သူက သူမလက်ကောက်ဝတ်ကို ရုတ်တရက် ဆွဲလိုက်သည်။
"ငါ အရမ်းနောက်ကျသွားတယ်"
ချူးကျောက်က သူ့ကို အံ့သြစွာ ကြည့်လိုက်သည်။
သူ့မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ့မျက်လုံးများက သိမ်ငယ်ပြီး သူ့အမူအရာမှာ နောင်တနှင့် ပြည့်နေသည်။ "ငါတောင်းပန်ပါတယ် ငါအရမ်းနောက်ကျသွားတယ်"
ရေကန်ဘေးလမ်းတစ်လျှောက်တွင် မီးရောင်သိပ်မရှိတာကြောင့် အတော်လေးမှိန်နေခဲ့သည်။
ချူးကျောက် ရေကန်ဘေးရှိ ပြေးလမ်းပေါ်တွင် ရင်းနှီးနေသော ပုံရိပ်ကို တွေ့လိုက်သည်။
သူမက တိတ်တဆိတ် ခြေဖျားထောက်၍ သွားပေမယ့် ကျင့်ချီက သတိမထားမိပေ။ သူက အောက်ငုံ့ကြည့်၍ ဖုန်းစခရင်ပေါ်က သီချင်းတွေကို ရွေးနေသည်။
သူ၏နူးညံ့သော မျက်ခုံးမွှေးများနှင့် မျက်တောင်များပေါ်တွင် ခပ်မှိန်မှိန်အလင်းက တောက်ပနေသည်။ သူ၏ရှည်လျားသော မျက်တောင်များသည် သူ့မျက်ခွံအောက်တွင် အရိပ်များ ဖြာကျနေသည်။
"ဒါဆို ရှင်ဖုန်းဘက်ထရီ ကုန်သွားလို့မဟုတ်ဘူးပေါ့၊ တမင်တကာ နိုတီပိတ်ထားတာပဲ"
ချူးကျောက်က ရုတ်တရက် စကားပြောလိုက်သောအခါ ကျင့်ချီလန့်သွားခဲ့သည်။
သူက သူ့နားကြပ်ကို ချွတ်လိုက်ပြီး အံ့အားသင့်စွာ လှည့်ကြည့်တော့သည်။
ချူးကျောက်သည် နောက်ကျောလက်ပစ်ကာ သူ့ကို ပြုံးပြ၍ နှစ်မီတာ၊ သုံးမီတာအကွာတွင် ရပ်နေသည်။
"အဲ့လိုမရည်ရွယ်ပါဘူး..."
သူအကြာကြီး စကားမပြောခဲ့တာကြောင့်ဖြစ်နိုင်သည်၊ သူ့အသံက နည်းနည်းဩရှရှ ဖြစ်နေသည်။ သူက နည်းနည်းချောင်းဆိုးပေမယ့် ဆက်တော့မဆိုးခဲ့ပေ။
ချူးကျောက်က သူ့ဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး မေးလိုက်သည်။ "ရှင် ဘာသီချင်းနားထောင်နေတာလဲ"
ကျင့်ချီသည် သွက်သွက်လက်လက် နားကြပ်ကို သူမနားတွင် တပ်ပေးပြီးနောက် သာယာသောတေးသွားသို့ ပြောင်းပေးခဲ့သည်။ သူတို့နှစ်ယောက်သည် မြက်ခင်းပေါ်တွင် တိတ်တဆိတ် လမ်းလျှောက်ခဲ့ကြသည်။
ညလေက အနည်းနည်းငယ် အေးသည်။ ဆောင်းဦးရောက်လာတော့မည်။
"ရှုချောင်းယန် ကျွန်မကို ဝန်ခံခဲ့တယ်၊ ပန်းရောင်နှင်းဆီပွင့်ဖတ်တွေ အများကြီး မြေပြင်ပေါ်မှာ ကျဲထားတာ၊ ရိုမန့်တစ်ဆန်လွန်းတယ်။ အဲဒါတွေကို Rapture roses လို့ခေါ်တယ်"
ကျင့်ချီက ဖြည်းညှင်းစွာ "အိုး" ဟု ရွတ်ဆိုပြီးတော့ ရှင်းပြသည်။ "အရင်အကြိမ် ချွီရွှမ်ရွှမ်ကို ဝန်ခံတုန်းက ရှုချောင်းယန် သူ့ကိုပေးခဲ့တဲ့ နှင်းဆီပန်းက ညှိုးသွားတယ်လေ၊ အဲ့ဒါမို့ သူက သူ(မ)ကိုအပေါစားဆန်စေပြီး မျက်နှာပျက်စေတယ်လို့ သူ(မ)ကပြောခဲ့တယ်"
"မိန်းကလေးတွေ မျက်နှာရဖို့ကို ဂရုစိုက်တယ်၊ ကျွန်မကောပဲ" ချူးကျောက်သည် သူမနှင့်မသက်ဆိုင်သော ကိစ္စအကြောင်း ပြောနေသလိုပင် သူမ၏အားကစားဖိနပ်ထိပ်များကို ငုံ့ကြည့်နေခဲ့သည်။ "သူက ဒီမြင်ကွင်းကို တော်တော်စိတ်ကူးယဥ်ဆန်အောင် လုပ်ထားတာ၊ သူအများကြီး ကုန်ခဲ့လောက်မယ်"
"သူက ဒီလိုအရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လုံးဝရက်ရောပါတယ်"
"ရှင် သူ့ကို အကြံဥာဏ်ပေးခဲ့သေးလား"
"ကိုယ် ဒီလောက်ထိမိုက်မဲမလား" ကျင့်ချီက ရယ်တော့သည်။ "သူက ကိုယ့်ညီအစ်ကိုဖြစ်နေရင်တောင် ကိုယ်ချစ်နေတဲ့ကောင်မလေးကို လိုက်ဖို့ မကူညီပါဘူး"
"ကိုယ်ချစ်တဲ့မိန်းကလေး" ဆိုသည့် စကားလုံးကို ပုံမှန်အတိုင်း ပြောလိုက်သည့်အခါ ချူးကျောက်ရဲ့နှလုံးသားက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
"ရှင်က...အရူးပဲ"
ညှို့မှိုင်းနေသည့် အဝေးက တောင်တန်းတွေကိုကြည့်ရင်း ပြောခဲ့သည်။"မင်းကအဲဒီလိုဆို အဲဒီလိုပဲပေါ့"
သူသည် သူမ၏မျက်လုံးထဲတွင် အမြဲတမ်းအရူးဖြစ်ချင်ပါသည်။
ပေါ့ပါးသော လေထုက သူမ၏နားရွက်ကိုကျော်၍ ဆံပင်တွေကို တိုက်ခတ်သွားသည်။ နားကြပ်မှ ဩရှသောအသံထွက်လာသည်…
"နာကျင်မှုတွေအားလုံးက အတွေ့အကြုံပါပဲ။ ငါဂရုစိုက်ဆုံးအရာက မင်းနဲ့ ငါ့အိပ်မက်တွေပဲ"
ကျင့်ချီ ချူးကျောက်၏ လက်ကို အလိုလို ဆုပ်ကိုင်လိုက်သည်။
သူ့လက်ဖဝါးက မချောမွေ့ပေ။ သူမ၏လက်ဖဝါးကို ထိတွေ့နေသည့် ကြမ်းတမ်းသော အရေပြားရှိသည်။ သူမက အရမ်းသက်တောင့်သက်သာရှိတာကြောင့် ပြန်မရုတ်မခဲ့ပေ။
သူတို့နှစ်ယောက် သီချင်းတစ်ပုဒ်ကို အတူတူနားထောင်ရင်း ပြေးလမ်းပေါ် တိတ်တဆိတ် လမ်းလျှောက်နေကြသည်။ သူတို့၏ခြေလှမ်းများက ပေါ့ပါးပြီး လေကသာ သူတို့ကို အနှောင့်အယှက်ပေးခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
သူက အများကြီးမပြောဘဲ ရိုးရှင်းသော စကားနှစ်လုံးသာ၊ ကျေးဇူးတင်ပါတယ် တဲ့။
ကိုယ့်ကိုရွေးချယ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ကိုယ့်ကိုယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်။
ငယ်ရွယ်တဲ့အချစ်က အမြဲတမ်း ပြောင်းလဲမှုများ ရှိနေသော်လည်း ကျင့်ချီသည် ထိုညနေဆည်းဆာက သူမရွေးချယ်မှုသည် မမှားကြောင်း တစ်သက်လုံးသက်သေပြခဲ့သည်။
....
ရှန်ဖျင်ချွမ်သည် ကျောင်းတွင် စာဂျပိုးအဖြစ် လူတိုင်းက အသိအမှတ်ပြုကြသည်။ သူသည် ကျောင်းကောင်စီကိစ္စများကို ကိုင်တွယ်ခြင်းမှလွဲ၍ အချိန်အများစုကို စာကြည့်တိုက်တွင် ခက်ခဲနက်နဲသော နိုင်ငံခြားစီးပွားရေးစာအုပ် တစ်အုပ်ပြီးတစ်အုပ်ဖတ်၍ ကုန်ဆုံးသည်။
ဒါပေမယ့် သူက ကျောင်းဝင်းထဲက မည်သည့်အတင်းအဖျင်းကိုမဆို ပထမဆုံးသိတဲ့သူပင်။
သူသည် အမည်မဖော်လိုသည့် အတင်းအဖျင်းအဖွဲ့တစ်ခုတွင်ပါ၀င်ပြီး သူ့ကိုပြစ်တင်ပြောဆိုနေတာတွေ၊ ကျောင်းသားကောင်စီကို ဆန့်ကျင်သည့်အဖွဲ့ ဖွဲ့စည်းခဲ့တာတွေ နာမည်ကြီးသတင်းများကို သူ အမြဲတမ်း သိရှိခဲ့သည်… အရေးကြုံချိန်တွင် ကျောင်းသားကောင်စီ၏တာဝန်များကို သူ့စကားလုံးများဖြင့် ပိုမိုကောင်းမွန်စွာ ဖြေရှင်းပေးနိုင်ခဲ့သည်။
ဆောင်းဦးနေ့လယ်ခင်းမှာ ရှန်ဖျင်ချွမ်သည် မေးခွန်းတစ်စုံကို ပြီးသွားသည့်အခါ သူ့ဖုန်းကို ထုတ်ပြီးချက်ချင်း သူ့ယောက်ဖက ကျောင်းသူသစ်မိန်းကလေးနဲ့ နီးစပ်နေသည်ဆိုသည့် အတင်းအဖျင်းတွေကို တွေ့လိုက်ရသည်။
အဖွဲ့က အကြီးအကျယ်ကို အသေးစိတ် ဖော်ပြထားသည်၊ ပေါ်ရန်သည် မိန်းကလေးသုံးရန် သူ့ကျောင်းဝင်ကတ်ကို ပေးခဲ့ကြောင်းနှင့် ကျောင်းအဖွဲ့များတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည့် သူတို့နှစ်ယောက်တည်း စကားပြောဆိုနေကြသည့် ဓာတ်ပုံများကိုတောင် တင်ထားခဲ့သည်။
ရှန်ဖျင်ချွမ်က ဓာတ်ပုံကို အကျယ်ချဲ့ပြီး သေသေချာချာ ကြည့်ခဲ့သည်။
ညီအစ်ကို၏ အရေးပေးခံရသော ဓာတ်ပုံထဲက ကောင်မလေးသည် သင့်တင့်ပုံပေါ်သော်လည်း သူ့ညီမလောက် မလှတာ သေချာသည်။
ရှန်ဖျင်ချွမ်က ကျင်းရှီကို ချက်ချင်းဖုန်းဆက်လိုက်သည်။ "အပြင်မှာ လူတွေဘာတွေပြောနေကြလဲ နင်သိလား၊ နင့်ကောင်က နင့်ကိုဖောက်ပြန်နေတယ်!"
ကျင်းရှီက အာလူးကြော်စားနေပုံရပြီး ဟမ်းစတာလေးတစ်ကောင်လို ဝါးနေသည်။ "ကျွန်မ...ကျွန်မသိတယ်~ အေ့"
"နင်သိတယ်? နင်သိတာကို ဘာမှမလုပ်ဘူးလား။ တခြားလူတွေက နင့်ကောင်ကို လုတော့မယ်။ အဲ့ဒါကို နင်ကအစားစားချင်စိတ် ရှိနေသေးတယ်ပေါ့၊ မစားနဲ့တော့"
ကျင်းရှီ အကူအညီမဲ့စွာပြောလိုက်သည်။ "ကျွန်မ ပေါ်ရန်ကိုမယုံဖို့ အစ်ကိုပြောနေတာလား ဒါမှမဟုတ် အပြင်မှာ မဟုတ်တာတွေပြောနေတဲ့ ငြီးငွေ့စရာ လူတွေကိုယုံဖို့ ပြောနေတာလား"
"ညီမလေး ငါ့အလှကို နင့်ကို အမွေမပေးခဲ့ဘူး။ သူက နင့်ရဲ့လူပဲဖြစ်ရမယ်လို့ နင်ဘာလို့ဒီလောက်ယုံကြည်မှုရှိနေတာလဲ"
"..."
ဟာ့၊ နင့်မှာဘယ်လိုအလှတွေရှိတာလဲ။
"အစ်ကိုက ကျွန်မအစ်ကိုလေ၊ ဒီလိုမျိုး ကျွန်မကို ဘယ်လိုလုပ်ပြောဆိုနေတာလဲ"
ရှန်ဖျင်ချွမ်က သူမ၏အစ်ကိုဖြစ်သည်။ သူတို့ ငယ်စဥ် ရှန်ရှိရှန်းက အလုပ်ကိစ္စနဲ့ ခရီးထွက်တုန်းက ကျင်းရှီအတွက် ဘာဘီအရုပ်အစစ်ကို ပြန်ယူလာခဲ့သည်။ ဒါပေမယ့် နှစ်ရက်အကြာမှာ အနိုင်ကျင့်တတ်တဲ့ အတန်းဖော် ကောင်မလေးက လုယူသွားခဲ့သည်။ ကျင်းရှီသည် နူးညံ့သူဖြစ်ပြီး ကောင်မလေးကို ထိပ်တိုက်ရင်မဆိုင်ရဲပေ။ သူမသည် ရှန်ဖျင်ချွမ်၏ အတန်းဆီသို့ မျက်ရည်များနှင့် ပြေးသွားခဲ့ပြီး သူ့အင်္ကျီလက်ကိုကိုင်ကာ သူမ၏မကျေနပ်ချက်ကို သေသေချာချာ ပြောပြခဲ့သည်။
နောက်ဆုံးတော့ သူမအစ်ကိုက သူ့ညီမရဲ့နိုင်ငံခြားအရုပ်မကို ပြန်မယူခင်မှာ အနိုင်ကျင့်တတ်သည့် ကောင်မလေးတွေကို တစ်ယောက်ပြီးတစ်ယောက် သင်ခန်းစာပေးခဲ့သည်။
ဖုန်းချပြီးနောက် ရှန်ဖျင်ချွမ်သည် နေဝင်ချိန်က အနီရောင်ခြယ်ထားသော ကြမ်းပြင်မှမျက်နှာကျက်ပြတင်းပေါက် အပြင်ဘက်ရှိ တိမ်များကိုကြည့်ပြီး တွေးနေခဲ့သည်။
ကျင်းရှီ၏မျက်ကန်းအကောင်းမြင်မှုမှ သူမကို သူဆွဲထုတ်ရမည်။ သူမသတိမထားမိသော ပြင်ပကမ္ဘာ၏ကြမ်းတမ်းမှုနှင့် လူတို့၏ယုတ်ညံ့သောနှလုံးသားကနေ အစ်ကိုတစ်ယောက်အနေဖြင့် သူမကို ကာကွယ်ရမည်။
ပေါ်ရန်ကဲ့သို့သော ယောက်ဖတစ်ယောက်က ဒေါသနှင့်သွားဖို့ခက်သည်။ ဒီအီစီကလီလုပ်ပြီး စျေးပေါတဲ့မကောင်းသောမိန်းမက သူ့ကို လုယူသွားတယ်ဆိုရင် ဘာဘီရုပ်ကို ပြန်ယူရတာလောက် ရိုးရှင်းမှာ မဟုတ်ဘူး။ သူက ဖြစ်နိုင်ရင် ပေါ်ရန်ကို ကြိုးနဲ့ချည်ပြီး သူ့ညီမဆီကို အတင်းအကျပ် ပြန်ဆွဲလာလို့လည်း မရဘူးမလား။
ရှန်ဖျင်ချွမ်သည် ဟိုဟိုဒီဒီတွေး၍ တုန်လှုပ်နေခဲ့သည်။
အခု သူက ဂုဏ်သိက္ခာရှိသော ကျောင်းသားကောင်စီဥက္ကဌဖြစ်သည်။ ဒီမိန်းကလေးတွေကို ဒုက္ခပေးတာ သူ့အတွက် အဆင်မပြေဘူး။ ယင်ကောင်များသည် ကောင်းမွန်သော ဥများပေါ်တွင် နားခြင်းမရှိဟုဆိုကြသည်။ ပေါ်ရန်မှာ အပြစ်မရှိဘူးဆိုရင် ဒီလိုကောလဟာလတွေ ဘယ်လိုလုပ် ပျံ့နှံ့လာမလဲ။
ရှန်ဖျင်ချွမ်က ဒီအကြောင်းကို ပိုတွေးလေလေ၊ သူသည် ဖောက်ပြန်ခံရသော သူတစ်ယောက်ကဲ့သို့ သူ့ညီမကိုယ်စား ဒေါသထွက်လာလေပင်။
မဟုတ်ဘူး၊ ဤစော်ကားမှုကို သူ လုံးဝမျိုမချနိုင်ဘူး။ ရှန်ဖျင်ချွမ်၏ညီမကို အနိုင်ကျင့်တာက သူမအစ်ကိုတစ်ယောက်အနေနဲ့ သူ သေသွားပြီဟု သူတို့ထင်နေလို့လား။
ထိုနေ့မွန်းလွဲပိုင်းတွင် ရှန်ဖျင်ချွမ်သည် ပေါ်ရန်၏ပုံမှန်သင်တန်းများ အတန်းချိန်ဇယားကို ကြည့်ပြီး လူသတ်ရောင်ဝါများ ပြည့်နှက်၍ သူ့စာသင်ခန်းအပြင်ဘက်တွင် စောင့်နေခဲ့သည်။
အတန်းပြီးဆုံးသည့် ခေါင်းလောင်းသံကြားပြီး ပေါ်ရန် စာသင်ခန်းထဲမှ ထွက်လာသောအခါ
ရှန်ဖျင်ချွမ်က သူ့ကော်လာကိုဆွဲပြီး နံရံနှင့် ပြင်းထန်စွာ သူ့ကိုဆောင့်လိုက်သည်။
ပေါ်ရန်က လုံးဝပြင်ဆင်ထားခြင်းမရှိဘဲ သူ့ပခုံးတွေ နာကျင်စွာ ဆောင့်မိသွားခဲ့သည်။
"သေစမ်း၊ မင်းကဘာကောင်မို့ ငါ့ကို ချောင်းတိုက်ရဲတာလဲ!"
အနားရှိ စစ်သင်တန်းကျောင်းမှ ကောင်လေးများက ပေါ်ရန်ကို ဒီလိုဖြစ်မည်ဟု မမျှော်လင့်ဘဲ လုံးဝကိုထိတ်လန့်သွားကြသည်။
ရှန်ဖျင်ချွမ်ဆိုတာကိုသိတော့ ပေါ်ရန်သည် လုံးဝမခုခံတော့ဘဲ သူ့လက်နှစ်ဖက်ကိုချလိုက်သည်။ သူ ပြုံးလိုက်သည်။ "ငါ့အစ်ကိုရှန်ကို ဘယ်သူက ဒေါသထွက်အောင်လုပ်တာလဲ"
"မင်းက ပြုံးနေသေးတယ်၊ ငါ မင်းကို သေအောင်ရိုက်ပစ်မယ်!"
ရှန်ဖျင်ချွမ်သည် စကားပြောပြီး လက်သီးနဲ့ရွယ်လိုက်ချိန်မှာ သူ့ဘေးမှ သတိထားမိသော ကောင်လေးများက သူ့ကိုတားကာ သူ့လက်ကိုပြန်ဆွဲလိုက်သည်။
"ရှန်ဖျင်ချွမ် ဘယ်ကသတ္တိနဲ့ ငါတို့ စစ်တက္ကသိုလ်ထဲကို လာအနိုင်ကျင့်ရဲတာလဲ"
"ကျောင်းကောင်စီက သေချာပေါက် မောက်မာမှာပဲ။ အရမ်းမလုပ်နဲ့လေ!"
"မင်းကို သုံးရက်လောက် အိပ်ရာထဲလှဲနေရအောင် မလုပ်ခိုင်းနဲ့"