← Chapters

အလျှော့ပေးခြင်း

Vol. 3 Ch. 206

အလျှော့ပေးခြင်း

Vol. 3 Ch. 206

မုန့်ရွှင်ကျန်းမှာ ကျင့်စဉ်လမ်းတွင် အဆင့်မြင့်သည့်တိုင် ကျိုးကြောင်း ဆင်ခြင်တတ်သူ မဟုတ်ပေ။ ထို့ပြင် ဖော့ဝမ့် အဆင့်သို့လည်း တက်လှမ်းနေသည့် အတွက် သူ့စိတ်များက မတည်မငြိမ် ဖြစ်နေရလေသည်။ သူက စိတ်အေးအေးဖြင့် တွေးကြည့်လိုက်သည့် အခါတွင်တော့ အရာရာကို သဘော ပေါက်သွားရပြီ ဖြစ်သည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ပြည့်စုံခြင်း မရှိသည့် နဂါးငွေ့တန်း ဓားသိုင်းကို ပေးကာ သူ့ကို အသုံးချလိုက်ခြင်း ဖြစ်လေသည်။

ယခုတော့ မုန့်ရွှင်ကျန်းသည် ဆန်းလျန် ကိုသာမက ဟွမ်ကျန်းကိုပါ မုန်းတီးနေပြီ ဖြစ်လေသည်။

ထိုနွားသူတောင်းစားသာ နဂါးငွေ့တန်း ဓားသိုင်းပြပြီး သူ့အတွေးများကို ရှုပ်ထွေးအောင် မလုပ်လျှင် သူ့ဘဝနှင့်သူ ဂုဏ်ယူစွာဖြင့် ရပ်တည် နေနိုင်မည် ဖြစ်လေသည်။ ယခုကဲ့သို့ ချင်းရွှမ် နတ်တံခါးဖြင့် ပတ်သက်မိပြီး ပြဿနာပေါင်း များစွာ ကြုံတွေ့ရမည် မဟုတ်ပေ။

ယခုတော့ အမှားအမှန် မဝေခွဲနိုင်ပဲ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်ခဲ့ပြီ။ ထို့ပြင် ဟွမ်ကျန်းအနေဖြင့် မိတ်ဆွေကောင်း တစ်ယောက်၏ သဘောထားဖြင့် သူ့ကိုယ်ကယ်တင်ချင်လျှင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းမှ လူများ စေလွှတ်ပြီး သူ့ကို ချင်းရွှမ် နတ်တံခါးမှ ကယ်တင်၍ရလေသည်။

သို့သော် ကွမ်းချင်း နတ်ဘုရားဂိုဏ်းက သူ့ကို အရေးပင် မလုပ်ခဲ့ပါ။ ချင်းရွှမ် နတ်တံခါးက သူ့ကိုသတ်မည် ဆိုလျှင်လည်း ကြည့်နေမည်သာ ဖြစ်လေသည်။ သို့သော် ချင်းကျန်း ဂိုဏ်းနှင့် ချင်းရွှမ် နတ်တံခါးမှာတော့ အကြီးအကျယ် မငြိမ်းဖွယ် ပြဿနာများ တက်ခဲ့ရပြီ ဖြစ်သည်။

ချင်းကျန်းဂိုဏ်းမှာ သေးငယ်သည့် ဂိုဏ်းလေး တစ်ခုမျှသာ ဖြစ်သည့်အတွက် ချင်းရွှမ် နတ်တံခါးက အမြစ်ပြတ် သုတ်သင်ကာ လက်စားချေမည် ဆိုလျှင် မည်သို့မျှ တတ်နိုင်မည် မဟုတ်ပေ။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းကလည်း ဂိုဏ်းငယ်လေး တစ်ဂိုဏ်းကို အရေးအရာ လုပ်ပြီး ကူညီမည် မဟုတ်ပေ။ ချင်းရွှမ် နတ်တံခါးက ချင်းကျန်း ဂိုဏ်းကို သုတ်သင်ပစ်မည် ဆိုလျှင်လည်း ဂိုဏ်းငယ်လေး တစ်ဂိုဏ်းကို အနိုင်ကျင့်သည်ဟု ဆိုကာ နာမည်ပျက်ရမည် ဖြစ်လေသည်။ နောက်ဆုံးတော့ ထိခိုက်မည့် သူများမှာ ချင်းကျန်း ဂိုဏ်းနှင့် ချင်းရွှမ် နတ်တံခါးသာ ဖြစ်ပြီး ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ကြားထဲမှ အကျိုးအမြတ် ရသွားမည် ဖြစ်လေသည်။

အတွေးများ ရှင်းလင်း သွားသည်နှင့် ဟွမ်ကျန်းမှာ မည်မျှ ကောက်ကျစ်သူ ဖြစ်ကြောင်း မုန့်ရွှင်ကျန်း သိသွားရလေပြီ။

အိုး မုန့်ရွှင်ကျန်းရယ်…

မင်းဟာ ဘယ်လောက်တောင် တုံးလိုက်သလဲ။

ဒီနွားသူတောင်းစားကိုမှ မိတ်ဆွေကောင်းဟု ထင်မိခဲ့လေခြင်း။

ဆန်းလျန်မှာ မုန့်ရွှင်ကျန်း၏ စိတ်ကို ထုန်းထျန်း တန်ခိုးစွမ်းအားဖြင့် ထိုးဖောက် ကြည့်နေလေသည်။ ထို့ကြောင့် သူ၏ အတွေးများကို သိနေရသည်။ ယွင်ဆွေ အလင်းဓား၏ အခြေခံ သဘောတရားကိုလည်း သူက ထုန်းထျန်း တန်ခိုးစွမ်းအားဖြင့် ကြည့်ခဲ့ခြင်း ဖြစ်လေသည်။

ပထမအနေဖြင့် ဆန်းလျန်က မုန့်ရွှင်ကျန်း၏ တန်ခိုး စွမ်းအားများကို နတ်ဒေဝါ လက်သည်းဖြင့် ချိတ်ပိတ် ထားလိုက်သည်။ ပြီးမှ အမှန်တရားကို နားလည်ရန် အတွက် လှည့်စားမှုလေး အနည်းငယ် သုံးလိုက်ခြင်း ဖြစ်လေသည်။

ဤသည်မှာ ယန်ရွှီး၏ “ပကတိ ဖန်ဆင်းခြင်း” ပညာကဲ့သို့ပင် ဖြစ်လေသည်။ မမျှော်လင့်နိုင်သည့် အလှည့်အပြောင်း များဖြင့် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို မသိမသာ ချိုးဖျက်ပြီး အခြား သူများ၏ တန်ခိုးစွမ်းအားကို လုယူခြင်း ဖြစ်လေသည်။ ထိုနည်းလမ်းဖြင့် အခြားသူများကို မိမိစိတ်တိုင်းကျ ထိန်းချုပ်နိုင်မည် ဖြစ်လေသည်။

မုန့်ရွှင်ကျန်း သက်ပြင်း ချလိုက်ရင်း…

“ကျုပ်တို့ ချင်းကျန်း ဂိုဏ်းက ချင်းရွှမ် နတ်တံခါးရဲ့ အမိန့်ကို နာခံပါ့မယ်”

ဟု ပြောလိုက် လေတော့သည်။

အမှန်တော့ ချင်းကျန်းဂိုဏ်း၏ ဂိုဏ်းချုပ်မှာ ဘဝ အဆုံးသတ်ချိန် နီးနေပြီ ဖြစ်လေသည်။ ကျန်းဆွေကျယ်မှာ အသစ်တက်မည့် ဂိုဏ်းချုပ် ဖြစ်လာနိုင်ချေ ရှိလေသည်။

သူဂိုဏ်းချုပ် ဖြစ်လာသည့် အချိန်တွင် သူပြောခဲ့သည့် စကားကို ပြန်လည် ရုတ်သိမ်းရန် မဖြစ်နိုင်တော့ပေ။

ကျန်းဆွေကျယ်မှာ စိတ်သက်သာရာ ရသွားသည့်တိုင် စိတ်မကောင်းလည်း ဖြစ်နေမိလေသည်။ သူတို့ ချင်းကျန်း ဂိုဏ်းတွင်သာ နတ်ဘုရား တစ်ပါး ရှိနေခဲ့လျှင် ယခုကဲ့သို့ ဖြစ်ရပ်မျိုး ကြုံတွေ့ရမည် မဟုတ်ပေ။

***

ထိုက်ချန်းတောင်မှာ လွန်စွာမှ မြင့်မားသည့် တောင်တစ်ခု ဖြစ်လေသည်။ မိုင်ထောင်ပေါင်းများစွာ မြင့်မားပြီး မည်သူမျှ တောင်အမြင့်ကို မခန့်မှန်းနိုင်ပေ။

ထိုက်ချန်းတောင်ကြီးကို ဝန်းရံထားသည့် အရံတောင်များမှာ များစွာရှိလေသည်။ ထိုက်ချန်းတောင်မှာ အရံတောင်များ အလယ်တွင် လွန်စွာမှ ခမ်းနားလှသည့် တောင်ကြီး တစ်တောင် ဖြစ်လေသည်။ လပြည့်ဝန်းကို ဝန်းရံထားသည့် ကြယ်စင်များ အလားပင် ဖြစ်လေသည်။

ထိုက်ချန်းတောင်ပေါ်တွင် ကွမ်းချင်း နတ်ဘုရားဂိုဏ်း တည်ရှိလေသည်။

လူတိုင်းက ကွမ်းချင်း နတ်ဘုရား ဂိုဏ်းသို့ ဝင်ရောက်သည့် တောင်တံခါးကို သိရှိကြလေသည်။ သို့သော် ထိုတံခါးကို ရေစက် ရှိသူများသာ ဖြတ်ကျော် နိုင်လေသည်။

တာအိုဆရာ ဟွမ်ကျန်းသည် နင်ချွေ့ ချောက်ကမ်းပါးထိပ်တွင် ရပ်နေလေသည်။ သူ၏ဝတ်ရုံမှာ လေထဲတွင် လွင့်ပျံနေလေသည်။ သူ့ထံမှ အဆုံးမရှိသည့် နတ်ဘုရား စွမ်းအားများ ထွက်ပေါ် နေလေသည်။ ကွမ်းချင်းဂိုဏ်း၏ ဂိုဏ်းချုပ်မှာ သူ၏ဆရာရင်း ဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ နတ်ဘုရား ငါးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည့် "ယွိမင်နတ်ဘုရား" ဖြစ်လေသည်။

ဟွမ်ကျန်းမှာ ယွိမင်နတ်ဘုရား၏ တပည့်ရင်းဖြစ်သည့်အတွက် ကွမ်းချင်းဂိုဏ်းတွင် ဂိုဏ်းချုပ်နေရာကို ဆက်ခံရမည့်သူတစ်ယောက် ဖြစ်လေသည်။

ကွမ်းချင်းနတ်ဘုရားဂိုဏ်းတွင် နတ်ဘုရားငါးပါး ပြီးလျှင် ဟွမ်ကျန်းက တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်လေသည်။

ရုတ်တရက်…

ဟွမ်ကျန်း၏ နောက်တွင် မိန်းမလှလေး တစ်ယောက် ပေါ်လာလေသည်။

“ဟွမ်ကျန်းအရှင်၊ ဘာတွေ ကြည့်နေတာလဲ”

ဟွမ်ကျန်းက နောက်သို့ လှည့်ကြည့်လိုက်သည်။

သူနောက်သို့ လှည့်လိုက်သည်မှာ နင်ချွေ့ ကမ်းပါးကြီး တစ်ခုလုံး နောက်သို့ လည်ထွက်သွားသည့် အလားပင် ခံစားလိုက်ရလေသည်။ ထိုသို့ ဖြစ်ရသည်မှာ စကြဝဠာနှင့် လူသား ဟန်ချက် ညီခြင်းကြောင့် ဖြစ်ပေါ်လာသည့် တန်ခိုးစွမ်းအား ဖြစ်ကြောင်းကို ကျင့်ကြံသူတိုင်း နားလည် ကြလေသည်။

ထို့ကြောင့် မိန်းမလှလေးမှာ ဟွမ်ကျန်း အပေါ်တွင် ပိုပြီး လေးစား သွားမိလေသည်။ ဟွမ်ကျန်းမှာ နတ်ဘုရားတစ်ပါး ဖြစ်လာရန် လက်တစ်ကမ်းသာ လိုတော့သည်။ သိပ်မကြာမီပင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်း၏ ဆဌမမြောက် နတ်ဘုရား ဖြစ်လာတော့မည့်သူ ဖြစ်လေသည်။

အမှန်တော့ ဟွမ်ကျန်းမှာ ဖော့ဝမ့်အဆင့်သို့ တက်ရောက်နိုင်တော့မည် ဖြစ်လေသည်။ သို့သော် သူက ကွမ်းချင်း နတ်ဘုရားဂိုဏ်း တိုးတက်ရန် အတွက် အရေးကိစ္စများကို လိုက်ပါ ဆောင်ရွက် နေရသည့် အတွက် ကျင့်စဉ်လမ်း အဆင့်တက်ရန် မကြိုးစားနိုင်သေးပေ။

နတ်ဘုရားဂိုဏ်း တစ်ခုတွင် နတ်ဘုရားငါးပါး ပေါ်ထွက်သည်မှာ ပန်းများ ဝေဆာနေသည့် ပန်းဥယျာဉ်နှင့် အလားသဏ္ဌာန် တူလေသည်။ နတ်ဘုရား ခြောက်ပါး ပေါ်ထွက်လာမည် ဆိုလျှင် မိုးကောင်းကင်၏ မနာလိုမှုကိုပင် ခံရနိုင်လေသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် အင်အား အလွန်ကြီးမားနေသည့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုနေရာကို ရယူလိုခြင်းမှာ မဆန်းလှပေ။ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုနေရာတွင် ဝင်ရောက် နေရာယူနိုင်မည် ဆိုလျှင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ ဒုတိယနဂါးငွေ့တန်း နတ်ဘုရားဂိုဏ်းအလား ဖြစ်လာမည် ဖြစ်လေသည်။ နဂါးငွေ့တန်း နတ်ဘုရားဂိုဏ်း ဆိုသည်မှာ အလွန် ဂုဏ်သတင်း ထွန်းလင်းသည့် နတ်ဘုရား ဂိုဏ်းကြီးတစ်ခု ဖြစ်လေသည်။ သို့သော် နောက်ဆုံးတွင်တော့ ဆက်ခံသူ မရှိတော့ဘဲ ပျောက်ကွယ် သွားခဲ့ရလေသည်။

“ချင်းယင်း၊ ချင်းကျန်းဂိုဏ်းက ချင်းရွှမ် နတ်တံခါးကို သစ္စာ ခံလိုက်ပြီလား”

ဟွမ်ကျန်းက ရုတ်တရက် မေးလိုက်လေသည်။

“ဟွမ်ကျန်းအရှင် ဘယ်လို သိတာလဲ၊ ကျွန်မက အခုမှ အရှင့်ကို ဒီအကြောင်း လာပြောတာပါ”

ချင်းယင်းက တအံ့တသြဖြင့် ပြောလိုက်လေသည်။

ဟွမ်ကျန်းသည် ချင်းယင်း၏ ဆံနွယ်လေးများကို ငေးကြည့်နေလေသည်။ သူမ၏ ပိတုန်းရောင် ကေသာများမှာ ဖြောင့်စင်း လှပလွန်းလေသည်။ ဤမိန်းကလေးသည် သူ၏ ကျင့်စဉ်လမ်းကို များစွာ အကူအညီ ပေးခဲ့သူ ဖြစ်သည့်အပြင် သူ၏ ဂုဏ်သတင်း ကျော်ကြားရန် အတွက်လည်း နောက်ကွယ်မှ ပံ့ပိုးပေးခဲ့သူ ဖြစ်လေသည်။ "လော်" ဝါဒကို အစိတ်စိတ် အမွှာမွှာ ကွဲပြားသွားစေရန် နောက်ကွယ်မှ ကြိုးကိုင်ပြီး စွမ်းဆောင်ခဲ့သည့် မိန်းကလေးမှာ ချင်းယင်းပင် ဖြစ်လေသည်။

ဟွမ်ကျန်းက ပြုံးလိုက်ရင်း…

“လူတစ်ယောက်ရဲ့ အတွေးအကြံတွေကို မိုးမြေက သိမြင်နိုင်တယ်လေ၊ မိုးမြေကို နားလည်အောင် ကြည့်နိုင်ရန် အကြောင်းအရာ အတော်များများကို မင်းသိမြင်လာလိမ့်မယ်၊ ဆန်းလျန်ဟာ သိပ်တော်တဲ့ ရန်သူ တစ်ယောက်ပဲ၊ သူ့ကို အရင်တုန်းက မသတ်ခဲ့မိတာ နောင်တ ရမိတယ်”

နောင်တရသည် ဆိုရာဝယ် ထိုခံစားချက်က သူ၏ ကြည်လင်သည့် စိတ်ကို ညစ်နွမ်းအောင် မစွမ်းဆောင်နိုင်ပါ။ ဖော့ဝမ့်အဆင့်သို့ တက်ရောက်တော့မည့် အချိန်တွင် ဟွမ်ကျန်းကဲ့သို့ စိတ်ကြည်လင်နေသည့် ကျင့်ကြံသူမှာ လွန်စွာမှ ရှားပါးသူဖြစ်လေသည်။ လောကတွင် ဖော့ဝမ့်အဆင့် ကျင့်ကြံသူ အများစုသည် စိတ်များ ရှုပ်ထွေး ကုန်တတ် ကြလေသည်။ ထို့ကြောင့် လောကီ ကိစ္စများတွင် သိပ်ပြီး ပါဝင်ပတ်သက်ခြင်း မရှိကြတော့ပေ။ စိတ်ကြည်လင်ရန် လိုအပ်နေသည့် အချိန်တွင် လောကီ ရေးရာများက ရှုပ်ထွေးစေသောကြောင့် ဖြစ်လေသည်။ များသော အားဖြင့် တစ်ကိုယ်တည်း နေကာ ကျင့်စဉ် ကျင့်ကြံ နေကြသည်က များလေသည်။

ကြီးမားသည့် အကြောင်းကိစ္စ မရှိဘဲ လူအများရှိရာသို့ လာရောက်ခြင်းလည်း မပြုလုပ် ကြတော့ပေ။

ချင်းယင်းက နှုတ်ခမ်းကို တစ်ချက် ကိုက်လိုက်ရင်း…

“နောက်ထပ် ဘာများလုပ်ဖို့ ညွှန်ကြား လိုပါသလဲ ဟွမ်ကျန်းအရှင်”

ထိုခဏလေး အတွင်းမှာပင် ဓားဝိညာဉ် တစ်ခုက ပျံသန်း ဝင်ရောက်လာပြီး ဇာမဏီ ငှက်ကဲ့သို့ အော်မြည်ကာ ကောင်းကင်ကို ထိုးခွဲလိုက်လေသည်။ ထို့နောက် ထိုဓားဝိညာဉ်သည် ဟွမ်ကျန်း လက်တွင်းသို့ ဆင်းသက် လာလေသည်။ ငွေရောင် ဓားလေးတစ်လက် ဖြစ်ပြီး ထိုဓားနှင့်အတူ စာလေး တစ်စောင်ကို ချည်နှောင် ထားလေသည်။

ဟွမ်ကျန်းက စာလေးကို ဖွင့်ဖတ် လိုက်လေသည်။ လျှို့ဝှက် တာအိုစာဖြင့် ရေးထားသည့် စာလေး တစ်စောင် ဖြစ်လေသည်။ စာဖတ်ပြီးသည်နှင့် ဟွမ်ကျန်းက သက်ပြင်း တစ်ချက် ချလိုက်ရင်း….

“လူသာ တကယ်တော်ရင် မိုးကောင်းကင်ရဲ့ အကြံအစည်တောင် ပြောင်းလဲနိုင်တယ် ဆိုတာ တကယ် မှန်တာပဲ”

ဟု ပြောလိုက်လေသည်။ ချင်းယင်းက အံ့အား သင့်သွားပြီး…

“ဘာများ ဖြစ်လို့လဲ ဟွမ်ကျန်းအရှင်”

ဟွမ်ကျန်းအရှင် မျက်နှာပျက်သည် ဆိုသည်မှာ ရှားပါးသည့် ကိစ္စ ဖြစ်လေသည်။

ဟွမ်ကျန်းအရှင်မှာ ဟွေခဲ့ဆရာတော် ကဲ့သို့ တန်ခိုးစွမ်းအား ကြီးမားသူကိုပင် မိတ်ဆွေ ဖွဲ့ထားနိုင်ပြီး ပေါင်ယွဲ့ ဆရာတော်ကြီး ကိုယ်တိုင် ကျင်းကွမ်း ဝတ်ကျောင်းတော်သို့ လာရောက်ရန် ဖိတ်ကြားခြင်း ခံရသူ ဖြစ်လေသည်။ အခြား အကြောင်းအရာများစွာ ရှိသည့်တိုင် ဟွမ်ကျန်းမှာ အမှန်တကယ် တော်သည့်သူ တစ်ယောက် ဖြစ်သည်ကို ငြင်း၍ မရနိုင်ပေ။

ထိုကဲ့သို့သော တည်ငြိမ်သည့် ဟွမ်ကျန်း မျက်နှာပျက်သည် ဆိုခြင်းမှာ အလွန် အံ့သြ တုန်လှုပ်စရာ ကိစ္စ တစ်ခုကြောင့်သာ ဖြစ်ပေလိမ့်မည်။

“ယင်းစန်းတောင်မှာ ကျုပ်တို့ဂိုဏ်းက ပိုင်တဲ့ ဝိညာဉ်လိုဏ်ဂူ ငါးခုရှိတယ်မလား၊ ခုတလော အသူရာ ချောက်က နတ်ဆိုး စစ်သည်တော်တွေ အကြောင်းမရှိဘဲ ထွက်လာကြတယ်တဲ့၊ ကျုပ်တို့ရဲ့ ဝိညာဉ် လိုဏ်ဂူတစ်ခုကို ဖျက်စီးလိုက်ရုံတင် မကဘူး အဲဒီက တပည့်တွေကိုလည်း သတ်ပစ် လိုက်တယ်တဲ့”

ဟွမ်ကျန်းက ပြောလိုက်လေသည်။

ဝိညာဉ်လိုဏ်ဂူ ဆိုသည်မှာ မိုးနှင့်မြေမှ ဝိညာဉ်စွမ်းအားများ စုစည်းထားသည့် ဂူကိုခေါ်ခြင်း ဖြစ်သည်။ ထိုဂူများထဲတွင် မိုးနှင့်မြေမှ ဖြစ်တည် လာသည့် ရတနာ ပစ္စည်းများစွာ ထွက်ပေါ်လေ့ ရှိတတ်လေသည်။ ထိုရတနာများမှာ လွန်စွာမှ တန်ဖိုး ရှိလေသည်။

ယင်းစန်းတောင်မှာ ကျယ်ပြန့်သည့် နယ်နိမိတ်ရှိပြီး ဝိညာဉ်လိုဏ်ဂူများလည်း ရှိလေသည်။ ထိုဝိညာဉ် လိုဏ်ဂူများထဲမှ လိုဏ်ဂူငါးခုကို ကွမ်းချင်း နတ်ဘုရားဂိုဏ်းက သိမ်းယူထားလေသည်။ နတ်ဘုရား ငါးပါးကို လိုဏ်ဂူငါးခုဖြင့် ဂုဏ်ပြုထားခြင်း ဖြစ်လေသည်။

ယခုတော့ အသူရာချောက်မှ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းသည် ကွမ်းချင်း နတ်ဘုရားဂိုဏ်း ပိုင်ဆိုင်သည့် ဝိညာဉ်လိုဏ်ဂူကိုသာ ရွေးခြယ် ဖျက်စီးခဲ့ကြလေပြီ။ ရည်ရွယ်ချက် ရှိရှိဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်မှာ ထင်ရှားနေပြီး ထိုကိစ္စမှာ အရေးကြီး ကိစ္စတစ်ခု ဖြစ်လေသည်။

ထူကျူအရှင်ဝူကျန့် ပျောက်ကွယ် သွားပြီးသည့် နောက်ပိုင်း နတ်ဆိုး စစ်သည်တော်များမှာ ယင်းစန်းတောင်မှ ထွက်ပေါ်လာလေ့ သိပ်မရှိပေ။ ယခု ထွက်ပေါ်လာသည့် အချိန်တွင်တော့ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကို ရည်ရွယ်ချက် ရှိရှိဖြင့် တိုက်ခိုက် ခဲ့ကြလေသည်။ တစ်ခုခု မှားနေပြီဟု ဟွမ်ကျန်း ခံစား လိုက်ရလေသည်။

ဟွမ်ချွမ် နတ်ဆိုးဂိုဏ်း၏ "လမ်းခွဲသုံးခု" ဖြစ်သည့် ငရဲ၊ တစ္ဆေနှင့် တိရိစ္ဆန် ဂိုဏ်းခွဲများတွင် ငရဲဂိုဏ်းခွဲမှာ လူ့လောကနှင့် လုံးဝပိတ်ဆို့ ကန့်သတ်ထားသည့် ဂိုဏ်းခွဲတစ်ခု ဖြစ်လေသည်။ သူတို့က လုံး၀ လူ့လောကသို့ ဝင်ရောက် နှောင့်ယှက်ခြင်း မရှိကြပေ။ တစ္ဆေနှင့် တိရစ္ဆာန် ဂိုဏ်းခွဲများကတော့ လူ့လောကနှင့် အနည်းငယ် ဆက်နွယ် နေသေးသည်။

ယခုတော့ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းဖြင့် ပြဿနာ ဖြစ်လာလေပြီ။ ထိုပြဿနာကို အဖြေ ရှင်းနိုင်သရွေ့ သူ့အနေဖြင့် ချင်းရွှမ် နတ်တံခါးဘက်သို့ အာရုံစိုက်နိုင်မည် မဟုတ်ပေ။ ထိုအချက်ကို ဟွမ်ကျန်းက စိုးရိမ် နေမိလေသည်။

***

All Chapters