အပိုင်း (၈၅)
Vol. 7 Ch. 85
ပေါ်ရန်သည် သူ့ကော်လာကို သပ်သပ်ရပ်ရပ်လုပ်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ တွန့်ကြေနေတာတွေကို ပြန်ပြင်ဆင်ခဲ့သည်။ ရှန်ဖျင်ချွမ် ချုပ်ခံရတာကိုကြည့်ပြီး သူ့မျက်လုံးထောင့်က တွန့်သွားသည်။ "စကားကောင်းကောင်းပြောရအောင်။ ဘာလို့ အင်အားသုံးရတာလဲ။ စင်ဂယ်တွေက ဒဏ်ရာရရင် သူတို့ကိုနှစ်သိမ့်ပေးမယ့်သူမရှိဘူး။ ငါကမင်းကို ချစ်ပေးတဲ့သူတစ်ယောက်နော်"
ပေါ်ရန်၏ ရန်စပြီး အီစီကလီလုပ်သော အပြုအမူကို မြင်လိုက်ရတော့ ရှန်ဖျင်ချွမ် ပေါက်ကွဲသွားသည်။ တခြားမိန်းကလေးတွေအပေါ် သူဒီလိုပဲ ပြုမူခဲ့သည်ဟု သူသေချာပေါက်ကို ခံစားနေရသည်။
"လူယုတ်မာ။ ပေါ်ရန် မင်းက သေအောင်ယုတ်မာတဲ့သူပဲ။ ငါမျက်စိကန်းခဲ့တာ။ ငါ မင်းပေါ် ကောင်းကောင်း ဆက်ဆံပေးတယ်၊ စစ်ဆေးရေးလုပ်ရင်တောင် မင်းရဲ့အဆောင်ကို မစစ်ဘူး၊ မင်း ငါ့ကိုသစ္စာဖောက်ရဲတယ်လား"
စစ်သင်တန်းကျောင်းက ဖြောင့်တဲ့ကောင်လေးတွေက တကယ်ကို နားမထောင်နိုင်တော့ဘူး။ သူတို့ထဲက တစ်ယောက်က ရှန်ဖျင်ချွမ်ရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်သည်။ "မင်းပါးစပ်ပိတ်ထား! ရွံစရာကြီး!"
"ဟေး!" ပေါ်ရန် ပြင်းထန်စွာအပြစ်တင်လိုက်သည်။ "ငါ့အစ်ကိုရှန်ကို မထိနဲ့။ ငါ့မိန်းမ သိသွားရင် စိတ်ဆိုးလိမ့်မယ်"
ကောင်လေးတွေက ချက်ချင်းရပ်ပြီး ရှန်ဖျင်ချွမ်ကို လွှတ်ပေးလိုက်သည်။
ရှန်ဖျင်ချွမ်က သူ့ကိုစိုက်ကြည့်၍ မကျေမနပ် ပါးစပ်ထဲကသွေးကို ထွေးထုတ်ခဲ့သည်။
ပေါ်ရန်က လျှောက်လာပြီး ရှန်ဖျင်ချွမ်ကို ကော်လာကနေဆွဲပြီး သူ့ကို အဆောက်အဦးရဲ့လွတ်နေတဲ့ ထောင့်တစ်နေရာဆီ ဆွဲခေါ်သွားခဲ့သည်။
ပေါ်ရန်ရှေ့က အားကိုးရာမဲ့ ယုန်ငယ်လေးလို ရှန်ဖျင်ချွမ်ရဲ့ဝဝကစ်ကစ်ပုံစံက သူနဲ့လုံးဝမယှဉ်နိုင်ပါဘူး။
"ငါ့အစ်ကိုရှန်ကို ငါဘယ်လိုလုပ်ဒေါသထွက်အောင် လုပ်မိတာလဲ"
ပေါ်ရန်က သူ့အင်္ကျီကို ညင်သာစွာ သပ်ရပ်ပေးပြီး သူ့ဆံပင်များကို ပြင်ဆင်ပေးကာ ပေါ့ပေါ့ပါးပါး ညည်းတွားလိုက်သည်။ "ဒါဆို မနက်အစောကြီး ဒေါသထွက်နေရတာပေါ့"
ရှန်ဖျင်ချွမ် ဒေါသတကြီး ပေါ်ရန်ကို အားနဲ့တွန်းထုတ်လိုက်သည်။ "မင်း ငါတို့ကို သစ္စာဖောက်နေတာလား။ မင်းမှာ တခြားတစ်ယောက်ရှိနေတာလား"
"ငါ့မှာဘယ်သူရှိတာလဲ"
"မိန်းမတစ်ယောက်လေ"
ပေါ်ရန် ရယ်လိုက်သည်။ "ငါ့မိန်းမက မင်းညီမ မဟုတ်ဘူးလား။ ညီမပေါ် မနာလိုဖြစ်တာ ဒီနှစ်ခေတ်စားနေတာလား"
"ငါ့ကိုမရှုပ်နဲ့။ မင်းနဲ့ ကျောင်းသူသစ်ကြား ဘာဖြစ်နေတာလဲလို့ ငါမေးနေတာ။ မင်းက သူ့ကောင်လေးလို့ ဘာလို့သူပြောနေတာလဲ"
ပေါ်ရန် ဆက်ပြုံးထားသည်။ "ဘာကောင်လေးလဲ။ မင်းဘယ်သူ့အကြောင်းပြောနေတာလဲ"
"သူ။ သူ့မှာ မင်းရဲ့ကျောင်းဝင်ကတ်တောင် ရှိတယ်" ရှန်ဖျင်ချွမ်က သူ့ဖုန်းထဲက ဓာတ်ပုံတွေကို အမြန်ထုတ်ပြလိုက်သည်။ "အထောက်အထားက ရှင်းတယ်နော်။ မင်းရဲ့ရှင်းပြချက်ကို နားထောင်ရအောင်"
ပေါ်ရန်က ယန်ရှောင်ယွမ်ရဲ့ဓာတ်ပုံကို ကြည့်ပြီး ဆက်တိုက်ပြောလိုက်သည်။ "သူက ငါ့အဘိုး ထောက်ပံ့ပေးနေတဲ့ ဆင်းရဲတဲ့ကျောင်းသူတစ်ယောက်၊ သူ့ကျောင်းသားကတ် မရသေးတာမို့ ငါကျောင်းဝင်ကတ်ကို သူ့ကို ငှားလိုက်တာ"
"မင်း..."
ရှန်ဖျင်ချွမ် ကျိန်ဆဲချင်စိတ်ကို ဖိနှိပ်ပြီး ပေါ်ရန်နှင့် ရှင်းခဲ့သည်။ "နွေဦးဖူးငုံပရောဂျက်အတွက် ကျောင်းဝင်ကတ်တွေကို အရင်ပတ်တနင်္လာနေ့တည်းက ထုတ်ပေးခဲ့တာ။ ငါကိုယ်တိုင် ကိုင်တွယ်ခဲ့တာပါ။ မင်းမှာအခြားဘာပြောစရာရှိသေးလဲ"
ပေါ်ရန် ခဏလောက် ငြိမ်သက်နေပြီး ပြီးခဲ့သော တနင်္လာနေ့ကတည်းကဆို ဘယ်နှစ်ရက်လောက်ကြာသွားပြီလဲဟု ခေါင်းထဲတွင် တွက်ချက်နေခဲ့သည်။
ခဏအကြာတွင် သူ ရှန်ဖျင်ချွမ်ကိုမေးလိုက်သည်။ "အခု အပြင်မှာ လူတွေဘာတွေပြောနေကြတာလဲ"
"မီးမရှိရင်မီးခိုးမရှိဘူး။ မင်းမှာ ဘာပြဿနာမှ မရှိဘူးဆိုရင် ဒီဟာက နေရာအနှံ့ ဘယ်လိုလုပ်ပျံ့မလဲ"
ရှန်ဖျင်ချွမ်က သူ့ကို မယုံသေးဘဲ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လိုက်သည်။ "ငါ မင်းကိုမရိုက်ဘူး၊ ဒါပေမယ့် မင်း ငါ့ညီမကို သစ္စာဖောက်ရဲတယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ရင်ဆိုင်ဖို့ နည်းလမ်းရှာမယ်!"
"ရှီရှီ ဒီအကြောင်းကိုသိလား"
"ငါကြားပြီးပြီပဲ၊ သူဘယ်လိုမသိဘဲနေမှာလဲ"
ပေါ်ရန်၏အမူအရာက အေးစက်သွားပြီး သူ စကားတစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့သည်။
ခေါင်းမိုးထပ်မှာ ညနေခင်းလေပြေက အဝတ်ကြိုးတန်းပေါ်တွင် ချိတ်ထားသော နွေရာသီပါးလွှာသောအဝတ်အစားများကို တိုက်ခတ်နေသည်။
ကျင်းရှီ ခြေဖျားထောက်၍ အဝတ်ကြိုးတန်းပေါ်တွင် အရောင်နုနုစကတ်လေးကို ကလစ်လေးများကိုအသုံးပြုပြီး လှန်းနေသည်။
သူမဘေးက ယောက်ျားက သူကမ်းပေးတဲ့ အဝတ်အစားတွေကိုယူပြီး သွက်သွက်လက်လက် ရေခါ၍ လှန်းနေသည်။
ကျင်းရှီ သူ့ကိုလှည့်ကြည့်လိုက်သည်။ အခုမှ လေ့ကျင့်မှုပြီးခဲ့တာကြောင့် ဖြစ်နိုင်သည်၊ သူ့မျက်နှာက သဘာဝအတိုင်း နီနေပြီး သူ့ခန္ဓာကိုယ်က အပူတွေကို ထုတ်ပေးနေသေးသည်။
သူမ ပေါ်ရန်ကို မတွေ့တာကြာပြီဆိုတာ ရုတ်တရက် သိလိုက်သည်။ ဘယ်တုန်းက သူ့ကို နောက်ဆုံးတွေ့ခဲ့တာလဲ။ မနေ့မနက်ကလား။ မဟုတ်ဘူး မနေ့နေ့လည်ကများလား...
ဒုတိယနှစ်ပြီးနောက် ကျင်းရှီ၏အတန်းချိန်ဇယားသည် သူမအတန်းမတက်သည့်တိုင် အပြည့်ဖြစ်နေသည်၊ ဆရာမများက စာဖတ်ဖို့တာဝန်တွေပေးထားသောကြောင့် စာလေ့လာဖို့နှင့် စာဖတ်ဖို့ စာကြည့်တိုက်တွင်နေရန် သူမလိုအပ်ဆဲဖြစ်သည်။
ဂျူနီယာတစ်ယောက်အနေနှင့် ပေါ်ရန်သည် သူ့လေ့ကျင့်ရေးက လက်တွေ့အဆင့်သို့ ရောက်ရှိသွားပြီး သူသည် တာဝန်ထမ်းဆောင်နေသော စစ်သားများနှင့်အတူ လေ့ကျင့်ရေးလုပ်ရန် စစ်လေ့ကျင့်ရေးစခန်းအသီးသီးသို့ မကြာခဏ သွားရောက်ရသောကြောင့် သူတို့နှစ်ဦးအတူရှိသည့် အချိန်က အလွန်တိုတောင်းသည်။
ပေါ်ရန်က ကျင်းရှီအတွက် အဝတ်အစားတွေ လှန်းပေးနေတုန်း ကျင်းရှီက အနားယူရန် အခွင့်အရေးယူကာ ခေါင်မိုးထပ်လက်ရန်းဘေးရှိ လှေကားထစ်များပေါ်တွင် ထိုင်ကာ အေးအေးဆေးဆေး အကြောဖြေပြီး သူ့ကိုပြုံးပြုံးလေးကြည့်နေခဲ့သည်။
သူ့၏အိမ်မှုကိစ္စလုပ်ဆောင်မှုများသည် ပုံမှန်သာ၊ အနည်းဆုံးတော့ ကျင်းရှီထက် ပိုကျွမ်းကျင်သည်။ အဝတ်လှန်းသည့်အခါ သူသည် အင်္ကျီများကို အတည့်ဘက်ကလှန်ပြီးဖြန့်ကာ မညီမညာမဖြစ်ဖို့ သေသေချာချာ လှန်းခဲ့သည်။
ပေါ်ရန်သည် သူမ၏အင်္ကျီများကို တန်းစီလှန်းပြီးနောက် သူမဘေးတွင်ထိုင်ကာ နေဝင်ချိန်ကို အတူတူစောင့်ကြသည်။
"ရှန်ဖျင်ချွမ်က ဒီမနက် ကိုယ့်ကိုလာရှာတယ်" ဟု သူက သူမကို အရင်ဝန်ခံခဲ့သည် "အားနဲတဲ့လက်တွေ ခြေထောက်တွေက ကိုယ့်ကိုမနိုင်နိုင်ပါဘူး၊ ဒါတောင်ရန်စချင်နေသေးတယ်"
ကျင်းရှီက သူ့ရဲ့သန်မာသောလက်မောင်းကို ပုတ်ပြီး ပြောလိုက်သည်"ကျွန်မအစ်ကိုကိုမစော်ကားနဲ့"
"အနားမှာလူတွေအများကြီးနဲ့ကို သူ ကိုယ့်ကို မျက်နှာသာနည်းနည်းတောင် မပေးဘူး"
"အမ်း... သူတော်တော်စိတ်တိုနေတာ"
"ဒါပေမယ့် ကိုယ် သူ့ကို မထိခဲ့ပါဘူး"
ပေါ်ရန်၏ဒေါသသံက မကျေနပ်မှုကို အရိပ်အမြွက် သယ်ဆောင်လာသည်၊ ဒါပေမယ့် သူ့အသံက.….စိတ်ကောက်နေတာနဲ့ပိုတူသည်။
ကျင်းရှီကပြုံးပြီး ပေါ်ရန်အနားတိုးကာ သူ့ပခုံးပေါ် မေးစေ့ကိုတင်၍ သူ့မျက်နှာကို ကြည့်နေခဲ့သည်။
ပေါ်ရန်၏မျက်ခုံးက အလွန်ထင်ရှားပြီး လေးနက်သော အသွင်အပြင်ကိုပေးစွမ်းသည်။
လွန်ခဲ့သည့်တစ်နှစ်ခန့်က သူမသည် သူ့ကိုအရွယ်မရောက်သေးသည့် ကောင်လေးတစ်ယောက်လို့ ခံစားခဲ့ရသော်လည်း အကြောင်းတစ်ချို့ကြောင့် ဂျူနီယာနှစ်သို့ ရောက်ပြီးနောက် ကောင်လေးသည် ရုတ်တရက် ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ရုပ်အသွင်အပြင်၏ ကြမ်းတမ်းမှုကြောင့် မဟုတ်ဘဲ သူ့ဘောင်ကို ကျော်လွန်ပြီး ကောင်လေးမှ ယောက်ျားသို့ အလုံးစုံပြောင်းလဲသွား၍ သူ့ခန္ဓာကိုယ်တွင် အရွယ်ရောက်သွားသည့် စွမ်းအားများထွက်ပေါ်လာသည်။
"ကျွန်မအစ်ကိုက ဒေါသထွက်လွယ်ပေမယ့် ကောင်းပါတယ်၊ သူက သူ့ဒေါသကို မထိန်းနိုင်ရုံပဲ။ စိတ်ထဲမထားပါနဲ့" ကျင်းရှီက သူ့ကိုဖြေသိမ့်ပေးသည်။ "ကျွန်မ သူနဲ့စကားပြောလိုက်မယ်"
"မလိုပါဘူး၊ ကိုယ်ငြီးတွားရုံပါ၊ ကိုယ် သူ့ကို တကယ်စိတ်မဆိုးပါဘူး" ပေါ်ရန်က ကျင်းရှီရဲ့ဖိနပ်ကြိုးတွေကို ကစားနေပြီး ပြန်ဖြည်လိုက်ပြန်ချည်လိုက်လုပ်နေသည်။ "သူကကောင်းပေမယ့် လွန်တော့လွန်တယ်"
ကျင်းရှီသက်ပြင်းချလိုက်သည်။ ပေါ်ရန်က သည်းခံတတ်သည့် စိတ်ရှိပြီး အခြားသူများကို ရန်စခဲသည်ဆိုတာကို သူမသိသည်။
သူမမျက်နှာကိုလှည့်ပြီး ဆုအနေနဲ့ သူ့နဖူးကို နမ်းလိုက်သည်။
"တခြားသူတွေ နားလည်မှုလွဲလည်း ကိစ္စမရှိပါဘူး၊ မင်းကိုယ့်ကိုယုံနေသရွေ့ အဆင်ပြေတယ်"
"ကျွန်မရှင့်ကိုယုံတယ်" ကျင်းရှီ သူ့ကိုအမြန်သတိပေးလိုက်သည် "ယန်ရှောင်ယွမ်နဲ့ရန်ဖြစ်မနေပါနဲ့၊ အဘိုးက အသက်ကြီးနေပြီ၊ ရှင်သူနဲ့အဆင်ပြေပြေနေတာ အကောင်းဆုံးပဲ၊ သူ့ကိုဒေါသထွက်အောင်မလုပ်နဲ့"
ပေါ်ရန်က ပြင်းထန်သော ခံစားချက်များကြောင့် တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ သူ သူမ၏နူးညံ့သောလက်ကိုကိုင်ပြီး အင်္ကျီအောက်သို့လှမ်းကာ သူ့ရင်ဘတ်ပေါ် တင်ပေးလိုက်သည် "ကိုယ်မင်းစကားနားထောင်မယ်"
"... "
ကျင်းရှီက သူမ၏လက်ကို ရုန်းထွက်သော်လည်း သူက မလွှတ်ဘဲ သူမလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
ကျင်းရှီ သူ၏ရင်ဘတ်အတွင်းမှ နှလုံးသားရဲ့ စည်းချက်ညီညီ ခုန်နေသံကို ခံစားနိုင်သည်။
"ရှင်ဘာလုပ်နေတာလဲ"
"မင်းအပေါ် ကိုယ့်ရဲ့စိတ်ရင်းကို သက်သေပြတာ"
ကျင်းရှီပြုံးလိုက်သည်။ "အိုး"
သူမသည် မည်သည့်စိတ်ရင်းကိုမှ မခံစားရဘဲ၊ ဤမြေခွေးအိုကြီးက အခြေအနေ မကောင်းတော့ဘူးဆိုတာသာ ခံစားရသည်။
သူမက သန်မာပြီး ကြွက်သားများဖြင့် ပြည့်နေသော သူ့ရင်ဘတ်ကို လိမ်ဆွဲခဲ့သည်။
ကျင်းရှီ သက်ပြင်းချလိုက်သည်။
ပေါ်ရန်က သူမကိုမေးခဲ့သည် "မင်းကြည့်ရတာ နည်းနည်းစိတ်ပျက်နေသလိုပဲ"
"မဟုတ်ပါဘူး၊ ကျွန်မရည်းစားရဲ့ရင်ဘတ်က ကျွန်မထက် ပိုကြီးတယ်လို့ တွေးမိလို့ပါ"
"သူ့ကောင်လေးထက် ရင်ဘတ်ပိုကြီးတဲ့ အမျိုးသမီးဆိုတာ တကယ်ရှားပါတယ်"
ကျင်းရှီက သူ့ကို ပေါ့ပေါ့ပါးပါး တွန်းထုတ်လိုက်သည်။ "ရှင်မကြိုက်ရင် ရှင်…ရှင် ပိုကြီးတဲ့သူကို သွားရှာလေ"
ပေါ်ရန်က ဒီတိုင်းရယ်မောလိုက်သည် "ကောင်းပြီလေ"
ကျင်းရှီက ဒေါသတကြီး လှည့်သွားသည်။ "ယန်ရှောင်ယွမ်က ကျွန်မထက် ပိုကြီးပုံပဲ။ ရှင်… ရှင် သူ့ဆီသွား"
သူမကျောကိုကြည့်ရင်း ပေါ်ရန်က အနည်းငယ် ပြုံးလိုက်သည်။ "မင်းသဝန်တိုတယ်လို့ပြောတာလား"
ကျင်းရှီက မကျေမနပ်ငြီးငြူလိုက်သည် "ဘယ်သူကသဝန်တိုလို့လဲ"
ပေါ်ရန် အားပါးတရ ရယ်မောပြီး သူမကို ပိုတင်းကျပ်စွာဖက်ကာ တံတောင်ဆစ်များက သူမ၏လည်ပင်းကို အနောက်ကနေ သိုင်းဖက်၍ သူ့ရင်ခွင်ထဲတွင် သူမကို လုံးဝကိုဆွဲသွင်းထားသည်။ သူက ခေါင်းငုံ့ပြီး သူမလည်ပင်းကို နမ်းလိုက်သည်။ "ပွင့်ပွင့်လင်းလင်းမပြုမူဘဲ ဟန်ဆောင်နေတယ်၊ မင်းဒီလိုသဝန်တိုနေတာကို မြင်ရတာ ကိုယ်သဘောကျတယ်"
"ကျွန်မရှင့်ကိုမုန်းတယ်"
ကျင်းရှီ အားနည်းစွာ ရုန်းကန်ပြီး သူက သူမကို ပိုတင်းကျပ်စွာ ဖက်ထားခဲ့သည်။
သူမပါးစပ်ကိုဖွင့်ပြီး သူ့လက်မောင်းကို ဖွဖွလေးကိုက်လိုက်၍ ကိုက်ရာသွားအတန်းလိုက်ကို ချန်ထားခဲ့ပြီးနောက် ကြောင်တစ်ကောင်ကဲ့သို့ သူမလျှာကိုထုတ်ကာ လျက်ခဲ့သည်။
သူ့အသားကငန်သည်။
ပေါ်ရန်က သူ့နှလုံးသားအရည်ပျော်သွားသလို ခံစားလိုက်ရသည်။ သူကပြုံးပြီးပြောလိုက်သည် "လေ့ကျင့်ထားတာ ရေမချိုးရသေးဘူး"
"ညစ်ပတ်ကောင်"
သူ ကျယ်လောင်စွာ ရယ်မောပြီး သူမကို ပိုတင်းကျပ်စွာဖက်၍ သူ့လက်ကို သူမ၏နှုတ်ခမ်းဆီသို့ ပင့်တင်ခဲ့သည်။ "နည်းနည်းလောက်မြည်းကြည့်၊ ဒါမင်းယောက်ျားရဲ့အနံ့ပဲ"
"ထွက်သွား၊ ကျွန်မကိုမဖက်နဲ့တော့"
ပေါ်ရန်က သူမကိုဖက်ထားပြီး လွှတ်မပေးခဲ့ပေ။ သူသည် နေဝင်ချိန်ကို အတူတူကြည့်ချင်၍ သူမကို ချစ်မြတ်နိုးစွာ ဖက်တွယ်ထားသည်။ တခါတရံ သူမပခုံးပေါ်က ဆံပင်တွေကိုရှူရှိုက်ပြီး တခါတရံ သူမနားရွက်ကို ပွတ်သပ်လေသည်။
နေဝင်ချိန်က ကြာရှည်ခဲ့သည်။ နက်မှောက်သောညသည် မှင်ကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ကျင်းရှီ ခေါင်းလေးစောင်းပြီး သံသယဝင်စွာ မေးခဲ့သည် "ပေါ်ရန်၊ ရှင် ကျွန်မကို ဘာကိုသဘောကျတာလဲ"
"မင်းပျော်နေတာမြင်ရတာသဘောကျတယ်" သူမကို အနည်းငယ် တင်းကျပ်စွာ ဖက်ထားလိုက်သည် "ကိုယ်တို့ငယ်ငယ်တုန်းက အချိန်ကို သတိရတယ်"
ယေဘုယျအားဖြင့်ပြောမည်ဆို မိန်းကလေးသည် ယောက်ျားလေးတစ်ယောက်ကို သူမကို ဘာကြောင့်သဘောကျကြောင်း မေးသောအခါ ယောက်ျားလေးအများစုက မဖြေနိုင်ကြပေ။ သို့သော် ပေါ်ရန်က ချက်ချင်းနီပါး တုံ့ပြန်ခဲ့ပြီး သူ၏စိတ်ခံစားချက်များကို တိကျစွာ ဖော်ထုတ်ပြခဲ့သည်။
"ကိုယ်ဖျားတဲ့နေ့၊ မင်းကိုယ့်ကိုလာတွေ့တုန်းက မင်းငိုခဲ့တယ်လေ"
သူ့အသံက အနည်းငယ် ဩရှနေသည်။ "နောက်တော့ မင်းနဲ့ ရှန်ဖျင်ချွမ်က ကိုယ့်အိမ်မှာ ခရစ္စမတ်ကို ကိုယ်နဲ့အတူတူလုပ်ဖို့လာခဲ့တယ်။ အဲဒီနေ့က ကိုယ့်အတွက် အပျော်ဆုံးနေ့ပဲ"
ကျင်းရှီသည် သူ့ပြောပြချက်တွေကို တိတ်တဆိတ် နားထောင်နေခဲ့သည်။ ပေါ်ရန်သည် သူမကို သူ့ရဲ့နုနယ်လွန်းသည့်ဘက်ခြမ်းကို ထုတ်ဖော်ခဲသည်မို့ သူမ ဂရုတစိုက် နားထောင်ခဲ့သည်။
"တကယ်တော့ အကြိမ်ပေါင်းများစွာ ကိုယ်စိုးရိမ်ခဲ့တာ၊ မင်းကိုယ့်ကိုမကောင်းဘူးလို့ ထင်သွားပြီး ကိုယ့်မိသားစုနဲ့ ကိုယ့်ရဲ့အကျင့်စရိုက်ကို ကြောက်သွားမှာကို…"
သူ့မျက်လုံးတွေက တောင်ကျရေကဲ့သို့ နက်မှောင်နေပေသည်။
"ကိုယ့်ကိုရွေးချယ်ပေးလို့ ကျေးဇူးတင်ပါတယ်"
သူသည် ကျင်းရှီ၏လက်ကို မကိုင်ခဲ့ရခင်ထိ အဆုံးမရှိသော အမှောင်ထုတွင် တစ်ယောက်တည်း လမ်းလျှောက်နေသည့် ခရီးသွားတစ်ယောက်နှင့်တူသည်။ သူမတစ်ကိုယ်လုံးတွင် အဆုံးမရှိသည့် နွေးထွေးမှု၊ သူတောင်းတသမျှ ချစ်ခြင်းမေတ္တာများရှိသည်။
ကျင်းရှီ၏အကြည့်များ လျှောကျသွားပြီး သူမရင်ဘတ်ကို ရစ်ပတ်ထားသည့် မငြိမ်မသက်ဖြစ်နေသော လက်ပေါ်သို့ ကျရောက်သွားသည်။
ဒီကောင်... သူမစိတ်လှုပ်ရှားနေချိန်မှာ သူ မဟုတ်တဲ့ခံစားချက်ကို မရပ်နိုင်ဘူးလား။
သောကြာနေ့ညတွင် ပေါ်ရန်သည် ယန်ရှောင်ယွမ်ကို သူ့ကျောင်းဝင်းကတ်ကို ပြန်ပေးရန်အတွက် ဖုန်းဆက်ခဲ့ပြီး သူမနှင့် နားလည်မှုလွဲနေသည်ကို ရှင်းလင်းရန် စီစဉ်ခဲ့သည်။
ကျင်းရှီကကိစ္စမရှိပေမယ့် ပေါ်ရန်က ဒီလိုအခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ကျောင်းမှာပျံ့နှံ့ခွင့်မပေးခဲ့ပေ။ သူသည် သူ့ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားပြီး သူမလုပ်ခဲ့သည့်အရာအတွက် တာဝန်မယူနိုင်ပေ။
ဒါပေါ့၊ ပိုကြီးတဲ့အကြောင်းရင်းကတော့ သူ့ဦးလေးက မပျော်နေလို့ပင်။
ထို့ကြောင့် ပေါ်ရန်သည် ပြဿနာကို သေသေချာချာ ဖြေရှင်းခဲ့သည်။
ဒါပေမယ့် ယန်ရှောင်ယွမ်ကို သူမရှာခင်မှာ အဘိုးဆီကနေ ညစာစားဖို့ အိမ်ကိုလာရန် ဖုန်းဆက်ခဲ့သည်။
အဘိုး၏အိမ်သည် ကျောင်းနှင့် သိပ်မဝေးသောကြောင့် ပေါ်ရန်သည် ရှန်ဖျင်ချွမ်၏ စက်ဘီးကို ငှားခဲ့သည်။
ရှန်ဖျင်ချွမ်က ငြီးငြူပြီး သိပ်ပျော်ပုံမပေါ်ပေမယ့် သူက စက်ဘီးကို ငှားခဲ့သေးသည်။
"အဲ့ကျောင်းသူသစ်နဲ့ မြန်မြန်ပြတ်ပြတ်သားသားလုပ်။ မင်းမှာရည်းစားရှိတယ်၊ မင်း ဒီလိုလုပ်ရမယ်။ ငါ့ညီမကနုံတယ်၊ ဒါက မင်း အပြင်မှာရှုပ်လို့ရတယ်လို့ မဆိုလိုဘူး" သူ့မျက်လုံးများကိုပြူးပြီး "ငါ မင်းကိုစောင့်ကြည့်နေမယ်!"
ဦးလေးသည် အပြင်ပိုင်းတွင် ခေါင်းမာသော်လည်း အတွင်းပိုင်းတွင် ပျော့ပျောင်းသည်ကို ပေါ်ရန်သိသည်။ သူ့ကို နည်းနည်းလောက် စနောက်လိုက်ရင် အဆင်ပြေသွားလိမ့်မည်။
"စိတ်မပူပါနဲ့အစ်ကို"
ရှန်ဖျင်ချွမ်ကတုံ့ပြန်ခဲ့သည်။ "မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ"
"အစ်ကို" ပေါ်ရန်က စက်ဘီးပေါ်တက်ပြီး သူ့ကိုပြန်ကြည့်လိုက်သည်။ "ဘာမှားလို့လဲ"
"ဘာမှမဟုတ်ဘူး…" သူက ပေါ်ရန်၏ပခုံးကို ပုတ်လိုက်သည်။ "လမ်းမှာသတိထား၊ မီးနီမဖြတ်နဲ့"
"ငါသိတယ်" ပေါ်ရန်သည် လေကဲ့သို့ စက်ဘီးစီးထွက်သွားသည်။
ရှန်ဖျင်ချွမ်သည် ပေါ်ရန်၏ထွက်သွားသည့် အသွင်သဏ္ဌာန်ကိုကြည့်ပြီး ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။
သူ့မှာ ရုတ်တရက် ဒုက္ခပေးသည့် ညီတစ်ယောက် ရှိလာသည်။
အနာဂတ်မှာ သေချာပေါက် သူ့ကို ဝမ်းနည်းစေမည့်လူတစ်ယောက်... သူဒီနေ့တွေကိုဘယ်လိုဖြတ်သန်းရမလဲ။
အိမ်ထဲမှာ ယန်ရှောင်ယွမ်က သူ့အင်္ကျီလက်တွေကို လှန်တင်ပြီး အသီးအရွက်နဲ့ မုန်လာဥနီတွေကို ရေဆေးအခွံနွှာပြီး အဘွားကို ကြိုးကြိုးစားစား ကူညီပေးသည်ကို အဘွားကသူ့ကိုအိမ်ထဲဝင်ပြီး နားဖို့ပြောခဲ့သည်။ ဒါပေမယ့် သူမက ထိုင်မနေနိုင်တာကြောင့် အဝတ်စုတ်တစ်ထည်ကိုယူပြီး စားပွဲတွေကို သုတ်ဖို့ အခန်းထဲကို ပြန်ဝင်သွားသည်။
"ရှောင်ယွမ်၊ မင်းက ငါတို့အိမ်မှာ ဧည့်သည်လေ။ မင်း ဒီအိမ်မှုကိစ္စတွေကို ဘာလို့လုပ်နေတာလဲ။ ရပ်ပြီးအနားယူတော့။ ငါတို့မှာ ဒါတွေကိုလုပ်ဖို့ အကူတစ်ယောက်ရှိတယ်။ မင်း ဒါတွေကို လုပ်စရာ မလိုဘူး" လို့ သူ့အဘွားက ပြောခဲ့သည်။
"အဆင်ပြေပါတယ်၊ အဘွား။ ကျွန်မ အိမ်မှာလည်း ဒါတွေလုပ်ရတာပဲ၊ ကျွန်မ ကျွန်မမောင်လေးကို ဂရုစိုက်ရတယ်။ ကျင့်သားရနေပါပြီ။ ဘာမှမလုပ်ဘဲနေရင် ထူးဆန်းသလို ခံစားရတယ်" ဟု ရှောင်ယွမ်က ပြန်ဖြေခဲ့သည်။
"ဘယ်လောက်ငဲ့ညှာတတ်တဲ့ကလေးလဲ"
"အိုး၊ ဟုတ်သား၊ အဘွား။ ပေါ်ရန်က အမဲသားဟင်းကြိုက်တယ်မလား။ ကျွန်မ အာလူးရေဆေးထားလိုက်မယ်" ဟု ရှောင်ယွမ်က ပြောခဲ့သည်။
"ကောင်းပြီ၊ ဒါဆို အဘွား မင်းကို အားမနာနေတော့ဘူးနော်"
ရှောင်ယွမ်က အထဲကို ဝင်သွားပြီးနောက် အဘွားက အဘိုးကြီးပေါ်ဆီကို လျှောက်သွားပြီး ပြောခဲ့သည် "ဒီကလေးက တကယ်ကို အမြင်ရှိလွန်းတယ်"
အဘိုးကြီးပေါ်က ရေခရားတစ်ခုနှင့် ခြံထောင့်ကပန်းတွေကို ပေါ့ပေါ့ပါးပါး ရေလောင်းနေရင်း ပြောသည် "သူ့မှာကမလွယ်ကူဘူးလေ။ သူ့အိမ်မှာ မောင်လေးတစ်ယောက်ရှိတယ်။ အစ်မအကြီးဆုံးဆိုတော့ သူ(မ)က သူ့အတွက် အမေတစ်ယောက်လိုပဲ။ သူက သူနဲ့သက်တူရွယ်တူ မိန်းကလေးတွေထက် ပိုတွေးတတ်တယ်၊ အမှတ်ကောင်းကောင်းတွေလည်း သူ့ဘာသာရအောင်လုပ်နိုင်တယ်။ အပြစ်ပြောစရာဘာမှမရှိဘူး"
"ရှင်ဒီကလေးကိုသဘောကျတယ်မဟုတ်လား"
အဘိုးကြီးပေါ်က သူ့လက်ထဲက ပန်းအိုးကိုချပြီး "အလုပ်ကြိုးစားပြီး တော်တဲ့ကလေးတစ်ယောက်ကို ဘယ်သူကသဘောမကျပဲနေမှာလဲ"
အဘွားက သက်ပြင်းချခဲ့သည် "နှမြောစရာပဲ။ ကျွန်မတို့ရန်က ကောင်မလေးရှိနေပြီမို့သာ။ မဟုတ်ရင် သူနဲ့ရှောင်ယွမ်က တကယ်ကိုလိုက်ဖက်မှာ။ ရှောင်ယွမ်က အရမ်းဂရုစိုက်တတ်တယ်။ ရန်က ငယ်ငယ်ကတည်းက သူ့မိဘတွေကို ဆုံးရှုံးသွားခဲ့တာ။ သူ့ကို ချစ်ပေးဖို့ တစ်ယောက်ယောက်လိုတယ်"
အဘိုးကြီးပေါ်က နှာမှုတ်ခဲ့သည်။ "ငါ ရှောင်ယွမ်ကို ငါတို့မြေးချွေးမဖြစ်အောင် ပြုစုပျိုးထောင်ခဲ့တာမဟုတ်ဘူး။ ငါသိတယ်၊ အဲ့ကောင်စုတ်က သူ(မ)နဲ့တောင် မထိုက်တန်ဘူး"
သူကဤကဲ့သို့ပြောသော်လည်း အဘိုးကြီးပေါ်သည် သူ၏တစ်ဦးတည်းသောမြေး ပေါ်ရန်ကို ဘယ်လောက်တန်ဖိုးထားသည်ကို သူ့ဇနီးက သိပါသည်။ ယန်ရှောင်ယွမ်၏လုံ့လဝီရိယနှင့်ဇွဲနပဲကို သဘောကျသော်လည်း သူသည် သူ့မြေး၏ဇနီးဖြစ်လာမည့်သူကို လုံးဝဂရုမစိုက်ဘဲမနေပေ။ နောက်ဆုံးတော့ သူမသည် နှိမ့်ချသောကျောထောက်နောက်ခံမှ လာတာပင်။