အပိုင်း (၉၂)
Vol. 8 Ch. 92
ထိုအချိန်တွင် ကျင်းရှီက ရှန်ဖျင်ချွမ်ကို ကူညီ၍ ကျောင်းဆေးခန်းမှ ထွက်ဖို့ပြင်နေတုန်း ချန်ယုရှန်းနှင့် တခြားသူများသည် ပွန်းပဲ့နေသော မျက်နှာများဖြင့် အချင်းချင်းကူ၍ လျှောက်လာကြသည်။
စင်္ကြံတွင် နှစ်ဖွဲ့က မျက်နှာချင်းဆိုင်ဆုံကြသည်။
ကျင်းရှီက သူတို့ကို စိုက်ကြည့်ပြီး အနည်းငယ် ခြိမ်းခြောက်သော လေသံဖြင့် အော်ဟစ်လေသည်။ "နင်တို့ဘာလုပ်ချင်သေးလို့လဲ။ ငါ...ငါ နင်တို့ကို သတိပေးမယ်နော်၊ ပေါ်ရန်က ဆေးသွားယူပြီးရင် ပြန်လာမှာ။ နင်တို့မဟုတ်တာလုပ်ရဲရင် ငါ...ငါ နင်တို့ကိုရိုက်မှာ"
မမျှော်လင့်ထားဘဲ ရှေ့ကယောက်ျားလေးတွေက တညီတညွတ်တည်း ရှန်ဖျင်ချွမ်ကို လေးနက်စွာဖြင့် ကိုးဆယ်ဒီဂရီ ဦးညွှတ်ကြသည်။ "ဥက္ကဌရှန်၊ ငါတို့တောင်းပန်ပါတယ်။ မင်းကို တမင်သက်သက် ပြဿနာမရှာခဲ့သင့်ဘူး၊ နောင်ငါတို့ဒီလိုထပ်မလုပ်တော့ပါဘူး။ ကျေးဇူးပြုပြီး ငါတို့ကိုခွင့်လွှတ်ပေးပါ"
ရှန်ဖျင်ချွမ်က မယုံကြည်နိုင်စွာဖြင့် နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်သည်။ "မင်းတို့ ဘာလုပ်နေကြတာလဲ၊ မင်းတို့ဆေးမှားသောက်လာကြတာလား"
"ဥက္ကဌရှန် ကျေးဇူးပြုပြီး ငါတို့ရဲ့အသိတရားမရှိမှုနဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ"
"ငါတို့ထပ်မလုပ်ရဲတော့ပါဘူး"
ချန်ယုရှန်းက တော်တော်လေး စိုးရိမ်နေပုံပင်။ "အစ်ကိုရှန်၊ အိုး မဟုတ်ဘူး၊ ဆရာရှန် ငါတို့ကိုခွင့်လွှတ်ပေးပါ။ မင်းမှာ ဒီလို...ဒီလို သူငယ်ချင်းတွေ ရှိတယ်ဆိုတာ ငါတို့မသိခဲ့ဘူး၊ ငါတို့တကယ်တောင်းပန်ပါတယ်"
ထိုအချိန်တွင် ပေါ်ရန်သည် လှေကားပေါ်မှ ဆင်းလာသည်။ ဒါကိုမြင်တော့ သူက ချက်ချင်း ရှန်ဖျင်ချွမ်ရဲ့ရှေ့ကို ကာရပ်ပြီး "မင်းတို့ ဘာထပ်လုပ်ဖို့ကြိုးစားနေတာလဲ"
"ငါတို့ တောင်းပန်ဖို့လာတာပါ"
ကျင်းရှီက ပေါ်ရန်ကို တီးတိုးပြောသည်။ "ရှင် သူတို့ကိုဒီလိုမျိုးရိုက်ခဲ့တာလား"
ပေါ်ရန်က ပခုံးတွန့်၍ "ကိုယ်က စံပြကျောင်းသား။ အကြမ်းဖက်တာကို ပေါ့ပေါ့ပါးပါးပဲ လုပ်လို့မရဘူးလေ"
ဒါပေါ့၊ အဓိကအကြောင်းရင်းကတော့ သူပြီးပြီးချင်းပဲ ရှန်ဖျင်ချွမ်ကို တွေ့ဖို့ ပြေးလာခဲ့တာကြောင့် ဒီကောင်စုတ်တွေကို အပြစ်ပေးဖို့ အချိန်မရှိခဲ့ပေ။
"ဒီကနေထွက်သွား၊ ငါ မင်းတို့ ထပ်မမြင်ချင်ဘူး" ရှန်ဖျင်ချွမ်က သူ့ယောက်ဖရဲ့ပခုံးပေါ် လက်တင်ပြီး ထော့နဲထော့နဲ လျှောက်သွားသည်။
ချန်ယုရှန်းက စိုးရိမ်ပူပန်စွာ ပြောခဲ့သည်။ "အစ်ကိုရှန်၊ အိုး မဟုတ်ဘူး၊ ဆရာရှန်၊ ငါတို့ကို ခွင့်လွှတ်ပေးပါ။ အဲ့လူက မင်း ငါတို့ကို ခွင့်မလွှတ်ရင် နေ့တိုင်း ငါတို့ကိုရိုက်မယ်လို့ ပြောတယ်"
"မင်းတို့ရူးနေလား။ ငါ ထမင်းသွားစားမို့။ လိမ္မာတဲ့ခွေးတွေက လမ်းပိတ်မထားတတ်ဘူးနော်"
"ဆရာရှန်၊ ဆရာရှန် တစ်ခွန်းပဲပြောပေးပါ၊ ငါတို့ဒူးထောက်ပေးရင် အဆင်ပြေလားဟင်"
ရှန်ဖျင်ချွမ်ကလည်း ခေါင်းမာသည်။ "ငါမပြောနိုင်ဘူး။ ထွက်သွား၊ ထွက်သွားကြ"
ပေါ်ရန်က ဒီမှာရှိတာကြောင့် သူတို့က သူ့ကို ထပ်မတောင်းဆိုရဲတော့ပေ။ သူတို့က ရှန်ဖျင်ချွမ်ထွက်သွားတာကို နာကျင်သော အမူအရာဖြင့် ကြည့်၍ ကျန်နေခဲ့သည်။
ချန်ယုရှန်းနှင့် တခြားသူတွေရဲ့စိတ်သဘောထား ရုတ်တရက် ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရှန်ဖျင်ချွမ်သည် သူ့ဒေါသကို ဖြေဖျောက်ဖို့ နောက်ကွယ်ကနေ ကူညီပေးခဲ့တဲ့သူကို လွယ်လွယ်ကူကူပဲ ခန့်မှန်းမိပါသည်။
ဒါပေမယ့် သူ အတည်မပြုရဲပေ။
ထိုနေ့က ဘတ်စကတ်ဘောခန်းမတွင် သူသည် ရှချင်ရဲ့ပုံသဏ္ဌာန်ကို မြင်ခဲ့ပေမယ့် အဲဒါက တကယ်ဆိုတာကို အတော်လေး မယုံရဲပါ။
သူ့ခြေထောက်ဒဏ်ရာ ပြန်ကောင်းလာပြီးနောက် ရှန်ဖျင်ချွမ်က အကြိမ်ပေါင်းများစွာ ရှချင်ကို သွားရှာခဲ့ပေမယ့် သူမက အမြဲတမ်း အေးစက်ပြီး စိတ်မဝင်စားသလိုပြုမူခဲ့ကာ စကားအနည်းငယ်လောက်ပဲ ပြောပြီးနောက် လှည့်ထွက်သွားသည်။
ဒီဇင်ဘာလအစောပိုင်းတွင် ရှချင်သည် ပြည်နယ်ဆေးရုံကို သွားခဲ့သည်။ သူမရဲ့အဖေက ကျောက်ကပ်ဆေးနေရသည်။ သူမသည် သူမရဲ့အဖေကို သူမအမေနှင့် ပြုစုစောင့်ရှောက်၍ အလှည့်ကျ နားရက်ယူခဲ့သည်။
သူမဆေးရုံကိုရောက်တော့ သူမအဖေရဲ့ဆေးရုံကုတင်က လွတ်နေပြီး သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းများကို ဖယ်ရှားလိုက်သည်ကို တွေ့ရှိခဲ့သည်။ သူနာပြုတွေက လူနာအသစ်အတွက် အိပ်ရာပြင်ဆင်ဖို့ အလုပ်များနေသည်။
ရှချင်က သူမအဖေ ဆေးရုံကနေ ထပ်နှင်ချခံရပြန်ပြီဟု ထင်ခဲ့သည်။ သူမက အခြေအနေကို စုံစမ်းဖို့အတွက် ဆရာဝန်ရဲ့ရုံးခန်းကို အမြန်သွားပြီး စိုးရိမ်ပူပန်လွန်းတာကြောင့် မျက်ရည်တွေက ကျဆင်းလာပေသည်။
"ဆရာ ကျွန်မတို့ အရင်လ ဆေးဖိုးတွေအတွက် ပိုက်ဆံချေးထားပါတယ်။ ကျွန်မအဖေကို ဆေးရုံမဆင်းခိုင်းပါနဲ့နော်။ သူ့အခြေအနေက တခြားလူနာတွေထက် ပိုစိုးရိမ်ရတယ်။ သူဆက်မကုနိုင်ရင် အန္တရယ်ရှိနိုင်တယ်။ ကျေးဇူးပြုပြီး၊ ကျွန်မတောင်းပန်ပါတယ်"
ဆရာဝန်ရုံးခန်းထဲမှာ သူမ ဒူးထောက်မတတ်ပင်။ မျက်ရည်တွေက သူမရဲ့ပါးပေါ် အဆက်မပြတ် စီးကျနေပြီး သူမက အလွန်စိတ်ခံစားချက်ပြင်းထန်နေသည် "ကျွန်မ ငွေပေးချေဖို့ နည်းလမ်းကို ရအောင်ရှာပါ့မယ်။ ကျေးဇူးပါပြီး၊ ကျွန်မတောင်းပန်ပါတယ်"
ဆရာဝန်က ရှချင်ကို အမြန်ထခိုင်းသည်။ "ဟေး၊ စိတ်မလှုပ်ရှားနဲ့ ကောင်မလေး။ မင်းအဖေ ဆေးရုံမဆင်းရပါဘူး၊ ဒါပေမယ့် အထူးခန်းကိုတော့ ရွှေ့ပြောင်းခံရတယ်"
ရှချင်က မယုံကြည်နိုင်စွာ မော့ကြည့်ခဲ့သည်။ "အထူး...အထူးခန်းလား"
"မနက်က မင်းမိသားစုက ပေးဖို့ကျန်တာတွေကို အကုန်လာပေးသွားတယ်။ အဲဒါပဲ မဟုတ်သေးဘူး၊ နောက်သုံးလအတွက် ဆေးဖိုးတွေကိုလည်း အပြည့်ပေးချေသွားတယ်။ ဒါမို့ မင်းအဖေက အခု အထူးခန်းကို ရွှေ့ပြောင်းခံရတာ"
ရှချင်က ရုံးခန်းမှ ထွက်လာပြီး သူမသည် အိပ်မက်မက်နေသလို ခံစားနေရသည်။ သူမသည် တိမ်တွေပေါ် လျှောက်လှမ်းနေသလို ပေါ့ပါးစွာ လျှောက်လာခဲ့သည်...
ဤကဲ့သို့မြင်ကွင်းများသည် သူမရဲ့အိပ်မက်ထဲတွင် မရေတွက်နိုင်အောင် ပေါ်လာခဲ့ဖူးသည်၊ ဒါပေမယ့် ဘယ်လိုလုပ် တကယ်ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် သူမရဲ့မိသားစုက အထူးခန်းကို တတ်နိုင်မှာလဲ...
ရှချင်က အထူးခန်းသို့ အမြန်ပြေးသွားပြီး သူမရဲ့အဖေက အဖြူရောင် ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေကာ သူမရဲ့အမေက ခုံပေါ်ထိုင်၍ သူ့ကို စောင့်ကြည့်နေတာကို မြင်လိုက်ရပေသည်။
သာမန်အခန်းတွေက အိပ်ရာသုံးခုကို ဖျစ်ညှစ်ထည့်ထားပြီး အလွန်ကျဉ်းသည်။ ဒါပေမယ့် အထူးခန်းကတော့ အိပ်ရာတစ်ခုတည်းသာရှိပြီး ကျယ်ဝန်း၊ လင်းထိန်၍ TV တစ်လုံး၊ မိုက်ခရိုဝေ့နှင့် လူနာစောင့်ကုတင်တို့ဖြင့် ပြီးပြည့်စုံစွာ ထားရှိပေးထားသည်။
ဆေးရုံကုတင်ရော၊ ဆေးပစ္စည်းတွေရော အားလုံးက ပစ္စည်းအသစ်စက်စက်တွေဖြစ်သည်။ အခန်းမှာ လေအေးပေးစက်တောင် တပ်ဆင်ပေးထားပေသည်။
ရှချင်က မှိန်မောစွာဖြင့် ဘေးပတ်လည်ကိုကြည့်ပြီး မေးသည်။ "အမေ ဘာတွေဖြစ်သွားတာလဲ"
"အဲ့လိုပဲဖြစ်သွားတယ်...ဆေးဖိုးတွေ အကုန်လုံးကိုပေးပြီးပြီ၊ ဒါမို့ ဆရာက သူ့ကို ဒီအခန်းကို ရွှေ့လိုက်တာ"
"ကျွန်မတို့ ဆေးရုံမှာ အကြွေးတွေ ရှိနေတုန်းလေ။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ဆေးဖိုးတွေ ပေးပြီးတာလဲ။ အမေ ဒီလောက်ငွေအများကြီးကို ကျွန်မတို့မိသားစုက ဘယ်ကရမှာလဲ"
ရှအမေက အလွန်ရိုးသားပြီး ရိုးရှင်းသည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဘယ်လိုလိမ်ရမလဲဆိုတာ မသိပေ။ ရှချင်က မေးနေတာကြောင့် သူမက အကြာကြီးတုံ့ဆိုင်းသွားပြီးနောက် အမှန်တရားကိုပြောသည်။ "အဲဒါက...မင်းရဲ့ကျောင်းက ထောက်ပံ့တာ"
ရှချင်က ပိုပြီးတောင် ဇဝေဇဝါဖြစ်သွားသည်။ "ကျောင်းကထောက်ပံ့တာ။ ကျွန်မက ဘယ်လိုလုပ် ဒီကိစ္စကိုမသိရတာလဲ"
"အဲ့လူငယ်လေးက မင်းအတန်းဖော်တွေက မင်းကို နှိမ့်ချတယ်ဆိုပြီး မင်းကိုယ်မင်း ယုံကြည်မှုလျော့ပါးသွားမှာစိုးလို့၊ ကျောင်းက မင်းကိုမပြောဘဲ မင်းမိသားစုရဲ့ဆေးဖိုးတွေကို ထောက်ပံ့ပေးတာလို့ ပြောတယ်။ သူက ဘာပဲဖြစ်ဖြစ် မင်းကို မပြောဖို့ ငါတို့ကိုပြောခဲ့တယ်"
ရှချင်က ပိုနားထောင်လေ ပိုအဓိပ္ပာယ်မရှိဟု ခံစားရလေပင်။ သူမ ထပ်မေးသည်။ "ဘယ်က လူငယ်လေးလဲ"
"ငါ...ငါသူ့ကိုမသိဘူး။ သူက မင်းရဲ့ကျောင်းကလို့တော့ ပြောတယ်..." ရှအမေက အလွန်စိတ်လှုပ်ရှားနေပုံပင်။ "ချင်ချင်၊ ဘာဖြစ်လို့လဲ။ ပိုက်ဆံနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား"
"သူ အမေကို ဘယ်လောက်ပေးခဲ့တာလဲ"
"ယွမ်နှစ်သိန်းကျော်လောက်"
"ယွမ်နှစ်သိန်း။ အမေရူးသွားပြီလား။ ဘယ်လိုလုပ် ဒါကို လက်ခံလိုက်ရတာလဲ"
ရှအမေက လုံးဝကို ပျာယာခတ်ပြီး စကားထစ်နေသည်။ "အစကတော့ အဲ့လောက်မများပါဘူး၊ နေထိုင်စရိတ်အတွက် ထောင်ဂဏန်းလောက်ပါပဲ။ တဖြည်းဖြည်းနဲ့ ပိုများလာတာ။ ချင်ချင်၊ ငါတစ်ပြားတစ်ကျပ်တောင် မယူခဲ့ပါဘူး၊ ဒါတွေအကုန်လုံး မင်းအဖေရဲ့ဆေးဖိုးအတွက် သွားပေးခဲ့တာ။ အဲဒါက ကျောင်းကထောက်ပံ့တာလို့ပဲ သူကပြောတာ၊ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘူးတဲ့...အဲ့ဒါမို့ ငါက..."
"သူကဘယ်သူလဲဆိုတာ မမေးဘဲ လူတစ်ယောက်ဆီကနေ ဒီလောက်ငွေအများကြီးကို လိုက်ခံလိုက်ရလား"
"ငါမေးခဲ့တယ်၊ ငါမေးခဲ့ပါတယ်" ရှအမေက အမြန်ပြောသည်။ "ပေါ်ရန်တဲ့..."
"ပေါ်ရန်"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ပေါ်ရန်။ သူက မင်းရဲ့စီနီယာကျောင်းနေဖက်တဲ့၊ ကျောင်းကိုယ်စား မင်းအဖေဆီ လာလည်တာလို့ပြောတယ်..."
ရှချင်က မယုံကြည်နိုင်စွာ သူမခေါင်းကို ခါယမ်းပေသည်။ သူမက ပေါ်ရန်ကို လုံးဝမသိပါ၊ သူ့နာမည်ကို ကြားဖူးရုံလောက်ပဲ၊ ဒါအကုန်ပင်။ ဘယ်လိုလုပ် စီနီယာပေါ်ရန်က သူမအတွက် ဒီလိုကိစ္စကို လုပ်မှာလဲ။
သူမ ပေါ်ရန်ရဲ့ဖုန်းနံပါတ်ကိုတောင် မသိပါ။ ဒီရက်ပိုင်းဆို ပေါ်ရန်က မကြာခဏ လက်တွေ့လေ့ကျင့်ရေး ဆင်းနေရပြီး ကျောင်းမှာနေခဲသည်။ သူမက သူ့ကိုဘယ်မှာ ရှာရမလဲ မသိပေ။
မှိန်မောစွာဖြင့် ရှချင်က အခန်းထဲမှ ထွက်သွားပြီး ယိုင်နဲနဲဖြင့် အောက်ထပ်ကို ဆင်း၍ ဆရာဝန်ကို ကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိရဖို့ ထပ်မေးဖို့ လုပ်ခဲ့သည်။
တတိယထပ် သာမန်ခန်းမှာ အော်ဟစ်ငိုကြွေးသံများရှိနေသည်။ လူနာအချို့က ဆေးရုံမဆင်းချင်ကြပေ၊ ဒါပေမယ့် ဆေးရုံကုတင်တွေက အလွန်တင်းကျပ်သည်။ ဒီလူနာတွေက ငွေကြေးမတတ်နိုင်ဘူးဆိုရင် ပြန်လည်ထူထောင်ရေးအတွက် အိမ်ပြန်ရမည်။
ရှချင်က ဒါတွေကို နေ့တိုင်းမြင်နေရသည်။ သူမ တကယ်ကို ကြောက်ပါသည်။
သူမအဖေရဲ့အခြေအနေက အမြဲတမ်း မတည်ငြိမ်ပေ။ သူက အချိန်မရွေး ထဖောက်တတ်သည်။ သူသာဆေးရုံကဆင်းရမယ်ဆို ဘာတွေဖြစ်သွားမလဲ သူမစိတ်မကူးကြည့်ရဲဘူး။
ရှချင်က သူမရဲ့ဆံပင်ကို ဖွပြီး အားနည်းစွာဖြင့် နံရံကိုမှီကာ မိသားစုဝင်တွေက တုန်တုန်ယင်ယင် လူနာတွေကို ဖေးမ၍ သူမရှေ့က ဖြတ်လျှောက်သွားသည်ကို ကြည့်နေခဲ့သည်။
သူမက နှာခေါင်းကို လက်ဖမိုးဖြင့် ပွတ်သပ်ပြီး သူမရဲ့လက်ချောင်းများကြားမှ မျက်ရည်များ စီးကျလာပေသည်။
ခဏလောက် စိတ်ဓာတ်ကျနေပြီးနောက် ရှချင်က ထရပ်ပြီး ရေချိုးခန်းထဲမှာ မျက်နှာဆေးကြောသည်၊ ထို့နောက် ဆေးရုံအခန်းကို ပြန်သွားသည်။
သူမသမီးရဲ့အစောပိုင်း တုံ့ပြန်မှုကြောင့် ရှအမေသည် စိုးရွံ့နေလေသည်။ သူမဝင်လာတာကိုမြင်တော့ သူမက ချက်ချင်း ထရပ်ပြီး စိုးရိမ်တကြီး မေးခဲ့သည်။ "ချင်ချင်၊ ဘာဖြစ်လို့လဲ။ ပိုက်ဆံကပြဿနာရှိလို့လား"
"အမေ၊ မပူပါနဲ့၊ ပိုက်ဆံက ပြဿနာမရှိပါဘူး။ ကျွန်မကိုယ်တိုင်ကိုယ်ကျ စီနီယာပေါ်ရန်ကို သွားတွေ့ပြီး ကျေးဇူးတင်ချင်တယ်၊ ဒါပေမယ့် ကျွန်မမှာ သူနဲ့ဆက်သွယ်စရာမရှိဘူး"
"အိုး၊ ဟုတ်တာပေါ့၊ သူ ငါ့ကို သူ့ကိုဆက်သွယ်စရာအချက်အလက် ချန်ခဲ့တယ်၊ မင်းအဖေမှာ ပြဿနာတစ်ခုခုရှိတာပဲဖြစ်ဖြစ် အရေးတကြီး ငွေလိုရင်ပဲဖြစ်ဖြစ် သူ့ကိုဆက်သွယ်ဖို့လို့ ပြောတယ်"
ရှအမေက ဗီဒိုထဲကနေ ဖိုင်တွဲကိုအမြန်ထုတ်ယူသည်။ ဖိုင်တွဲတွင် သူမအဖေရဲ့ဆေးမှတ်တမ်းတွေနှင့် ငွေပေးချေမှု အချက်အလက်တွေ ပါဝင်သည်။ ဖိုင်ထဲက စာရွက်စာတမ်းများမှ သူမသည် ဖုန်းနံပါတ်မှတ်စုတစ်ခုကို ရှာပြီး ရှချင်ကို ပေးလိုက်သည်။
ရှန်ဖျင်ချွမ််က ပေါ်ရန်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ သူသည် ရုံးခန်းထဲမှာ သူ့အဖေနှင့်အတူ ဖောက်သည်တစ်ဦးနှင့် စီးပွားရေးကိစ္စကို ဆွေးနွေးနေချိန်ဖြစ်သည်။ ရုံးခန်းသည် သုံးဘက်တွင် ကြမ်းပြင်မှမျက်နှာကျက်ထိ ပြတင်းပေါက်နှင့် အသံလုံမှန်များ တပ်ဆင်ထားသည်။
ရုံးခန်းက အတော်လေး တိတ်ဆိတ်နေတာကြောင့် ရှန်ဖျင်ချွမ်က လှည့်ပြီး ဖုန်းဖြေဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။ ပေါ်ရန်ရဲ့ဒေါသတကြီးအသံသည် ရုတ်တရက် ထွက်လာပြီး ရုံးခန်းထဲမှာ ကျယ်လောင်၊ ရှင်းလင်းစွာ ကြားရပေသည်။
"ရှန်ဖျင်ချွမ် ခွေးကောင်။ မင်း ငါ့နာမည်ကို ယူမသုံးခင် ငါနဲ့အရင် မဆွေးနွေးနိုင်ဘူးလား။ မင်းက တကယ် ငါရဲ့အစ်ကိုရှန်လို့ ထင်နေတာလား"
"ဖုန်းသွားဖြေ၊ ယဉ်ကျေးမှုကို မရှိဘူး" ဟု ရှန်ရှိရှန်းက မှုန်မှိုင်းနေသော မျက်နှာဖြင့် ရှန်ဖျင်ချွမ်ကို ဆူပူနေစဉ် သူ့ရှေ့က ကောင်းစွာဝတ်စားထားသော ဖောက်သည်က သူ့ဂျူနီယာကို ယဉ်ကျေးပြီး နားလည်မှုရှိသော အပြုံးကို ထိန်းထားဆဲပင်။
တောင်းပန်ပြီးနောက် ရှန်ဖျင်ချွမ်က ရုံးခန်းထဲမှ အမြန်ထွက်သွားပြီး သူ့ဖုန်းကိုအုပ်၍ တီးတိုးပြောခဲ့သည်။ "မင်းက ငါ့အစ်ကိုဆိုရပြီလား။ ငါမင်းကိုအစ်ကိုကြီးလို့ခေါ်မယ်၊ ဒေါသမထွက်နဲ့တော့၊ ကောင်းကောင်းပြောရအောင်"
"တုံ့ဆိုင်းမှုတောင် မရှိဘဲ မင်း ငါ့ကိုလှည့်စားခဲ့တယ်၊ ငါ့နာမည်နဲ့ ရှချင်ဆီကို ငွေပို့ပေးခဲ့တယ်ပေါ့။ ငါ့ကို တခြားလူတွေဘယ်လိုထင်မလဲ။ မင်းညီမရော ငါ့ကိုဘယ်လိုထင်မလဲ"
"မဖြစ်နိုင်တာ၊ မင်း ဒီလောက်မြန်မြန်သိသွားတာလား"
ရှန်ဖျင်ချွမ်က ဒီသတင်း အရမ်းမြန်မြန် ပျံ့နှံ့သွားတာကြောင့် တကယ်ကို အံ့ဩသွားခဲ့သည်။ သူ ရှအမေကို ရှချင်ကို လုံးဝမပြောဖို့ အကြိမ်ကြိမ် မှာကြားခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး သတိထားခဲ့သည်။ သူ့ရဲ့အနာဂတ်ယောက္ခမက မပြောဖို့ ကတိပေးထားတာကို လုံးဝမပြောတတ်သော ရိုးသားပြီး ရိုးရှင်းသည့် အမျိုးသမီးဟု ထင်ရသည်။ သိပ်မကြာခင်မှာပဲ သိသွားဖို့ သူမမျှော်လင့်ခဲ့ပါ...
ဒါပေမယ့် သူက အစကတည်းက ဒီကိစ္စကိုလုပ်ဖို့ ပေါ်ရန်ရဲ့နာမည်ဖြင့် အရန်အစီအစဉ်တစ်ခုကို ပြင်ဆင်ခဲ့သည်။
ရှချင်က ပေါ်ရန်ကို ဒီအကြောင်း မေးလာမယ်ဆိုရင်တောင် ပေါ်ရန်ရဲ့အသိနှင့်နားလည်မှုကြောင့် ဤအာမခံချက်က သေချာပေါက် အကောင်းဆုံးကာကွယ်မှုဖြစ်သည်။ သူက ဖုံးကွယ်ဖို့အတွက် လိမ္မာပါးနပ်သည့် အကြောင်းပြချက်တစ်ခု ထွက်လာပါလိမ့်မည်။
"ချစ်လှစွာသော ယောက်ဖလေး၊ မင်း...ဖုံးထားပေးမယ်မဟုတ်လား"
"ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ သူ့ကိုပြောပြီးပြီ"
သူက ကျင်းရှီရဲ့မျက်နှာကို တွေးမိပြီး သူနှင့် အများကြီး သိပ်မပြောချင်တာကြောင့် ဖြစ်နိုင်သည်၊ ပေါ်ရန်ရဲ့လေသံက ပိုသက်တောင့်သက်သာဖြစ်လာပြီး သူက ဒေါသသိပ်မထွက်တော့ပေ။ သူ ပြောသည်။ "လုပ်ငန်းရှင် ပရဟိတသမားတစ်ယောက်က သူ့ကို လှူဒါန်းခဲ့တာ၊ ဒါပေမယ့် သူက သူ့နာမည်ကို မဖော်ပြချင်ဘူး ပြီးတော့ ကျောင်းနဲ့လည်းမဆိုင်ဘူးလို့ ငါ သူ့ကိုပြောခဲ့တယ်။ မင်းဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက်ကို ပေးရမှာပေါ့ - ကျောင်းက ကျောင်းသားကိုကျော်ပြီး ဘယ်လိုလုပ် ကျောင်းသားမိသားစုကို ပိုက်ဆံပေးမှာလဲ"
"ငါသိပါတယ်၊ ငါက သူ့အမေ ပိုပြီးအလွယ်တကူနဲ့ လက်ခံစေချင်ရုံပါ။ လုပ်ငန်းရှင် ပရဟိတသမား တစ်ယောက်လို့ ပြောလိုက်မယ်ဆို သူတို့လျှောက်တွေးနေမလားဆိုတာ ဘယ်သူက သိမှာလဲ" ရှန်ဖျင်ချွမ်က သူ့ယောက်ဖကို မြှောက်ပင့်ဖို့ မမေ့ခဲ့ပါ။ "ဒါပေမယ့် မင်းရဲ့အကြောင်းပြချက်က တကယ်ကို ပြီးပြည့်စုံတယ်၊ လုံးဝအဆင်ပြေတယ်။ မင်းလို ကြီးမြတ်တဲ့ ယောက်ဖလေးရထားတဲ့ ငါ့ညီမက အရမ်းကံကောင်းတယ်"
"ရှန်ဖျင်ချွမ် ငါ မင်းကိုဒီတစ်ခါပဲကူညီမယ်။ အခုကစပြီး မင်းကိုယ့်ဘာသာဖြေရှင်းတော့"
"မရဘူးလေ၊ အစ်ကိုပေါ်၊ မင်း ငါ့ကို ဒီကိစ္စမကူညီရင် ငါတော့သွားပြီပဲ"
"ငါ့မိန်းမက ငါ တခြားကောင်မလေးကို ကူညီဖို့ ဒီလောက်ငွေပမာဏကြီးကို သုံးခဲ့တယ်ဆိုတာသာ သိရင် အဆုံးသတ်သွားမယ့်သူက ငါဖြစ်သွားလိမ့်မယ်"
"မပူပါနဲ့၊ ငါ ရှီရှီကို ရှင်းပြပါ့မယ်။ ဘာလိုပဲဖြစ်ဖြစ် ငွေတစ်စိတ်တစ်ပိုင်းက သူ့ဆီကပဲကို"
ဖုန်းရဲ့တခြားတစ်ဖက်က ခဏလောက် တိတ်ဆိတ်နေခဲ့ပြီး ပေါ်ရန်က မရေရာစွာ မေးမြန်းသည်။ "ငါ့မိန်းမက အဲ့လောက်တောင်ပိုက်ဆံအများကြီး ရှိတာလား"
"ဒါပေါ့။ သူကငယ်ငယ်ကတည်းက အခုထိ မုန့်ဖိုးတွေနဲ့ ထောက်ပံ့မှုတွေကို လက်လွတ်စပယ် ဘယ်တော့မှ မသုံးဘူးလေ။ သူက ကပ်စေးနည်းတစ်ယောက်လိုပဲ သိမ်းဆည်းထားတာ၊ ကြည့်လေ သူ့မှာယွမ်တစ်ထောင်အထက် တစ်ခုခုရှိလို့လား၊ ဟုတ်တယ်မလား။ သူက အဖေရှန်ရဲ့ပိုက်ဆံတွေကို အများကြီး မသုံးဘူး။ အဲ့ကောင်မလေးက မင်းထင်ထားတာထက် ပိုဉာဏ်ရှိတယ်" ရှန်ဖျင်ချွန်က ဖြည်းဖြည်းချင် ရှင်းပြသည် "ဒီတစ်ခါတော့ သူက ရှချင်ကို တကယ်ကူညီချင်ခဲ့တာ"
သူ့လက်ကောက်ဝတ်ပေါ်က ဈေးကြီးတဲ့ နာရီကို ငုံ့ကြည့်ပြီး ပေါ်ရန်က သူ့နှလုံးသားထဲတွင် နာကျင်မှုကို ခံစားရပေသည်။
"ရှီရှီရဲ့မျက်နှာကြောင့် ငါ မင်းကို ကူညီလိုက်မယ်"
"အိုး၊ ကျေးဇူးပါ ဆရာပေါ်"
"ဒါပေမယ့် မင်းစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့တော့လိုမယ်။ မင်းအဖေကို ပြောပြဖို့ မစီစဉ်ထားဘူးဆိုရင် နောက်ပိုင်း ဆေးဖိုးတွေကို စုငွေနဲ့ပဲ မဖြေရှင်းနိုင်ဘူး"
ရှန်ဖျင်ချွမ်က အသက်ရှူရလွယ်အောင် သူ့ရဲ့တင်းကျပ်တဲ့ ကော်လာကို ဆွဲလိုက်သည်။ "ပရေဂျက်တွေကနေ ငါငွေရှာနေပါတယ်၊ ငါကြိုးကြိုးစားစားလုပ်နေတယ်..."
"ရှန်ဖျင်ချွမ် မင်းကြိုးစားတာနဲ့ပဲ မင်းစိတ်ကူးထားသလို သေချာပေါက် ဖြစ်လာမှာမဟုတ်ဘူး။ ရုတ်တရက်ဆိုသလို မင်းရွေးချယ်ဖို့ လိုအပ်တဲ့ အရေးပေါ်အခြေအနေတွေ ရှိလာလိမ့်မယ်"
"မင်း ဘာကိုဆိုလိုတာလဲ"
ပေါ်ရန်က လေးပင်စွာ ပြောသည်။ "မင်း သူ့ကိုပေးခဲ့တဲ့ငွေက နည်းနည်းလေးမဟုတ်ဘူး။ သူအရင်က ဒီလောက်ငွေအများကြီးကို သူ့ဘဝမှာ လုံးဝမြင်ဖူးမှာ မဟုတ်ဘူး၊ ပြီးတော့ အကုန်လုံးကို ပြန်ပေးနိုင်မှာလည်း မဟုတ်ဘူး။ အဲ့အချိန်မှာ သူ သူ့ကိုယ်သူ ဘယ်လိုကိုင်တွယ်မလဲ..."
ရှန်ဖျင်ချွမ်က ရုတ်တရက် သူ့ကိုဖြတ်ပြောသည်။ "သူပြန်ပေးမှာ ငါ မလိုချင်ပါဘူး။ ငါလုပ်သမျှ အားလုံးက ဆန္ဒအလျောက်ပဲလေ"
ပေါ်ရန်က သက်ပြင်းချပြီး ဘာမှဆက်မပြောတော့ပေ။