အပိုင်း (၉၅)
Vol. 8 Ch. 95
ဘွဲ့ရဖို့နီးလာတာကြောင့် ပေါ်ရန်က မကြာခင်မှာပဲ အလုပ်ချမှတ်ပေးခြင်းကို ရင်ဆိုင်ခဲ့ရသည်။ ဧပြီညနေခင်းတစ်ခုတွင် ကျင်းရှီ၏ရှေ့မှာ အဘိုးပေါ်က ဘွဲ့ယူပြီးနောက် သူ့အစီအစဉ်တွေကို မေးမြန်းခဲ့သည်။ အမြဲတမ်း ပေါ်ရန်ရဲ့သဘောထားသည် မရှင်းလင်းခဲ့ပေ။
"ကျွန်တော်ဘယ်မှမသွားဘူး"
အဓိက စစ်အခြေစိုက်စခန်း B မြို့တွင် နေဖို့က အတော်လေး ခက်ခဲသည်။ ဒါပေမယ့် ပေါ်ရန်၏ အဆင့်များသည် သူသွားချင်သည့် မြို့ကို သွားလို့ရပါသည်။
"မင်းက အထူးတပ်ဖွဲ့ဗိုလ်လောင်းလေ။ နည်းပြယန်က မင်း နယ်စပ်မှာ မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးမှာ ပါဖို့မျှော်လင့်နေတာ။ ဒီမှာနေတာထက် မင်းကိုရာထူးမြန်မြန်တိုးစေလိမ့်မယ်။ မင်းရဲ့စွမ်းဆောင်ရည်နဲ့ဆို မင်းကောင်းမွန်တဲ့အရာတွေကို ရယူနိုင်မှာ"
အဘိုးပေါ်က သူ့ကိုဖြောင်းဖြဖို့ မကြိုးစားပါဘူး၊ အကောင်းအဆိုး အကျိုးအကြောင်း ရှင်းပြပြီး ပေါ်ရန် သူ့ဘဝလမ်းကြောင်းကို ဆုံးဖြတ်နိုင်စေရုံပဲ။
တစ်နေရာတည်းမှာပဲ နေနေတာက ရာထူးတိုးဖို့ အခွင့်အလမ်းတွေ ပိုနည်းသည်ဆိုတာကို ပေါ်ရန်က သိပါသည်။
လက်ထပ်ပြီး ကလေးတွေရှိလာခြင်းသည် လုံခြုံပြီး သက်တောင့်သက်သာရှိသည့် ဘဝကိုဦးတည်သည်။
ပေါ်ရန်က သူ့ဘေးက ကျင်းရှီကို ကြည့်လိုက်သည်။ ရုတ်တရက် သူမက သူ့လက်ကို ဆုပ်ကိုင်ပြီး ငဲ့ညှာ၍ပြောသည်။ "ကျွန်မကို မစဉ်းစားပါနဲ့"
တကယ့်ယောက်ျားတစ်ယောက်၏ ရည်မှန်းချက်သည် ဦးတည်ရာလေးခု တည်ရှိသည်။ သူဘယ်လမ်းကိုပဲရွေးရွေး ကိစ္စမရှိဘူး၊ သူမက သူ့ကိုထောက်ခံမှာပါ။
ပေါ်ရန်က ခေါင်းခါသည်။
ဒီနေရာမှာ သူချစ်ရတဲ့ မိန်းကလေးပဲရှိနေလို့ မဟုတ်ဘူး၊ အသက်အရွယ်ရနေပြီဖြစ်တဲ့ သူ့အဘိုးနှင့် အဘွားလည်းရှိသည်။ သူတို့ကို ထားခဲ့ပြီး ခရီးဝေးကြီးကို သွားရမှာက ပေါ်ရန်အတွက် တကယ်ကို ခက်ခဲသည်။ ဘယ်လိုပဲဖြစ်နေပါစေ ပေါ်ရန်က ဒီလိုမလုပ်နိုင်ပါချေ။ ကျင်းရှီက နားမလည်နိုင်ပေမယ့် သူကတော့ ကလေးတည်းက ခွဲခွာခြင်းရဲ့ခါးသီးမှုများကို ကြုံတွေ့ဖူးခဲ့တာကြောင့် နက်နက်ရှိုင်းရှိုင်း နားလည်သည်။
သူ့အဘိုးအဘွားတွေ သို့မဟုတ် ကျင်းရှီရဲ့ရှေ့မှာပဲဖြစ်ဖြစ်၊ နောက်ပိုင်း နည်းပြယန်က အကြိမ်ပေါင်းများစွာ သူ့ကို ပြောလည်း ပေါ်ရန်ရဲ့ဆုံးဖြတ်ချက်က အစမှအဆုံးထိ ဘယ်တော့မှ မပြောင်းလဲခဲ့ပါ။
"ကျွန်တော် ကျွန်တော့်မိသားစုကို မထားခဲ့ဘူး"
နည်းပြယန်က ဘာမှထပ်မပြောတော့ဘဲ စိတ်မကောင်းစွာဖြင့် ခေါင်းခါ၍ သူ့ပခုံးကို ပုတ်ပြီး ထွက်သွားခဲ့သည်။
ပေါ်ရန်နှင့်မတူဘဲ အခန်း 409 က တခြားကောင်လေးသုံးယောက်က နယ်စပ်သွားဖို့ ရွေးချယ်ခဲ့ကြသည်။
နည်းပြများထံမှ စိတ်ဓာတ်နှိုးဆော်သော ဟောပြောချက်များကို နားထောင်ပြီးနောက် သူတို့သည် သူတို့စိတ်ဆန္ဒဖောင်တွေကို ဖြည့်ပြီးသည့် ညမှာ ကောင်လေးတွေက မြက်ခင်းပြင်ပေါ် လဲလျောင်းရင်း ကောင်းကင်က ကြယ်တွေကို ငေးကြည့်နေကြသည်။
သူတို့အားလုံးက စိတ်အားထက်သန်လွန်းတဲ့ လူငယ်တွေပါ။ သူတို့ဒီအသက်မွေးဝမ်းကြောင်းကို ရွေးချယ်ခဲ့တုန်းက သူတို့ထဲကဘယ်သူက နယ်စပ်မှာ သွေးမြေကျဖို့ ရည်မှန်းချက် ကြီးကြီးမားမားကို မထားခဲ့မှာလဲ။
ကျင်းရှီကြောင့်ပဲ ပေါ်ရန်က ဝန်လေးနေတာ မဟုတ်ဘူးဆိုတာ သူတို့သိသည်။ ငယ်ရွယ်စဉ်မှာ မိဘတွေကို ဆုံးရှုံးခဲ့တာက သူ့ကို သူ့မိသားစုပေါ် စွဲလမ်းစိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ ဒါကြောင့် သူတို့က သူ့ကို အတင်းတိုက်တွန်းဖို့ မကြိုးစားပါဘူး၊ သူ့မှာလည်း သူ့ဆန္ဒတွေရှိသည်။
ဒါတောင် ရှုချောင်းယန်က ပေါ်ရန်ကို သူနဲ့တူတူခေါ်သွားချင်ပြီး အတူတူသွေးမြေကျ၍ အောင်မြင်မှုတွေကို တကယ်ကို ရယူချင်သေးသည်။
ပေါ်ရန်က ပေါ့ပေါ့ပါးပါး ရယ်မောသည်။ "သွေးမြေကျတာကို ထားလိုက်ဦး၊ ငါသေရင်တောင် ငါ့မိန်းမရဲ့အပေါ်မှာပဲ သေချင်တာ"
မင်းရဲ့အရည်အချင်းတွေကို ဘယ်လိုတောင် အရှက်မရှိ ဖြုန်းတီးနေတာလဲ။
ရှုချောင်းယန်က သူ့ဘေးက ကျင့်ချီကို ထပ်ကြည့်ပြီး "ငါကတစ်ကိုယ်တည်းသမား၊ နှစ်နည်းနည်းလောက် သည်းခံရတာက ငါ့အတွက် ဘာမှမဟုတ်ဘူး။ ဒါပေမယ့် မင်းဘာတွေတွေးနေတာလဲ၊ မင်းဒီလိုတကယ်ထားခဲ့ချင်လို့လား"
ကျင့်ချီက နောက်ကိုမှီထားရင်း မြက်ရိုင်းတစ်ချောင်းကို ဝါးနေသည်။ သူကရေရွတ်သည်။ "ငါ့မှာရွေးချယ်စရာမရှိဘူးလေ။ အဲ့မှာဆို ရာထူးမြန်မြန်တိုးမှာ။ နှစ်နှစ်လောက်သွားပြီးရင် ငါပြန်လာမယ်၊ ငါပြန်ရောက်ရင် ငါ့မှာကောင်းမွန်တဲ့အနာဂတ်ရှိပြီလေ"
ပေါ်ရန်က ကျင့်ချီကို ကြည့်ပြီး "မင်းနှစ်နှစ်လောက်နေပြီးရင် ပြန်လာပြီး အလားအလာရှိတဲ့ ဘဝကိုရဖို့ဆို မင်းရှေ့တန်းတွေမှာပဲ နေရမှာနော်"
"အင်း၊ ငါရှေ့တန်းတွေမှာ ရှိမှာပေါ့။ ငါဘာမှမကြောက်ပါဘူး"
သူအဆောင်ကိုပြန်ရောက်တော့ သူ့အခန်းဖော်တွေက ပြန်ရောက်နေပြီဖြစ်သည်။ ကျင့်ချီက အဆောင်တစ်ခန်းစီကို ပစ္စည်းတွေ ပို့ဆောင်နေရတာကြောင့် အနည်းငယ် နောက်ကျနေခဲ့သည်။ ဒါက သူ့ကောလိပ်လေးနှစ်တွင် နောက်ဆုံးပို့ဆောင်မှု ဖြစ်နိုင်သည်။
သူ့ရဲ့လေးလံသော ခြေလှမ်းများကို ဆွဲ၍ အပေါ်ထပ်ကို တက်သွားခဲ့သည်။ မှောင်ပျပျ လှေကားထစ်တွင် ပန်းပွင့်ညဝတ်လေးကို ဝတ်ဆင်ထားသည့် ချူးကျောက်က သူ့ဘေးနားမှာ ထမင်းဘူးတစ်ဘူးနှင့် အတက်အဆင်းတွင် ထိုင်၍ စာအုပ်တစ်အုပ်ကို ဖတ်နေတာကို တွေ့လိုက်ရသည်။
ကောင်မလေးကိုမြင်တော့ ကျင့်ချီ၏ အမူအရာသည် အတော်လေး ပျော့ပျောင်းသွားပေသည်။ သူက လှေကားနှစ်ထစ်၊ သုံးထစ်ကို တက်လိုက်သည်။
"ကိုယ့်ကို အပြင်မှာအမြဲတမ်း စောင့်မနေပါနဲ့လို ပြောတယ်လေ"
ချူးကျောက်က သူမမျက်မှန်ကို ပြင်ဆင်သည်။ "လေ့ကျင့်ရေးပြီးတော့ ရှင် ဗိုက်ဆာနေမှာပေါ့။ ကျွန်မ ရှင့်ကို ညလယ်စာ မလုပ်ပေးရဘူးလား။ ကျွန်မအခန်းဖော်အကုန်လုံးက အိပ်ပျော်နေပြီ၊ ဒါမို့ သူတို့ကို မနှောင့်ယှက်ချင်လို့ စောစောထွက်လာခဲ့တာပါ"
"ကိုယ်ဗိုက်ဆာရင် ကိုယ့်ဘာသာ အဆင်ပြေအောင်လုပ်လိုက်မယ်" ကျင့်ချီက သူမဘေးမှာ ထိုင်ချပြီး နူးညံ့စွာပြောသည်။ "မင်း ကိုယ့်ကို ဒီမှာထိုင်စောင့်နေဖို့ မလိုပါဘူး"
"ရှင် လေ့ကျင့်ရေးပြီးရင် အရမ်းနောက်ကျနေပြီလေ၊ သတ်မှတ်ရက်အမီ အဆောင်တွေ အကုန်လုံးကိုလည်း ပစ္စည်းတွေ လိုက်ပို့ရသေးတယ်။ ကျောင်းကန်တင်းတောင် အခုပိတ်သွားပြီ၊ ရှင် ဘယ်မှာစားမှာလဲ"
ချူးကျောက်က ထမင်းဘူးကို ဖွင့်လိုက်ပြီး အထဲမှာ ပြင်ဆင်လာသည့် ပူပူနွေးနွေး ကြက်ဆီထမင်းရှိသည်။ အဲဒါက ပူနွေးနေဆဲဖြစ်သည်။ သူမက တူဖြင့် ကြက်သားအတုံးသေးသေးလေးတစ်တုံးကို ယူပြီး ကျင့်ချီကို ကျွေးသည်။ "ရှင် ဗိုက်ဆာနေမှာပဲ"
ကျင့်ချီက ခေါင်းငုံ့၍ စားလိုက်ပေမယ့် အဲဒါက မျိုချဖို့ခက်နေခဲ့သည်။ သူသည် စိတ်ထဲမှာ ဆိုးဆိုးရွားရွားကို ခံစားရပေသည်။
"အရသာရှိလား"
"ရှိတယ်" သူ့လည်ချောင်းသည် နာကျင်နေပေသည်။ သူက အသံတိုးတိုးဖြင့် "တကယ်အရသာရှိတယ်"
"ဒါဆိုကိုယ့်ဘာသာစားတော့၊ ကျွန်မ မကျွေးတော့ဘူး" ချူးကျောက်က ကျင့်ချီလက်ထဲ ထမင်းဘူးကို ထည့်ပေးလိုက်သည်။
ကျင့်ချီက ထမင်းဘူးကိုယူပြီး စားတော့သည်။ ချူးကျောက်က သူမနောက်မှ ရေဘူးကို အမြန်ယူပြီး သူ့ကိုပေးသည်။ "ရေသောက်လိုက်ဦး၊ မနင်စေနဲ့"
"ကျောက်ကျောက်၊ အခုကစပြီး ကိုယ်ပစ္စည်းတွေထပ်မပို့တော့ဘူး။ လေ့ကျင့်ရေးမရှိတဲ့ ညတွေဆို မင်းနဲ့အတူတူ စာကြည့်တိုက်မှာ စာအုပ်သွားဖတ်မယ်။ ကောင်းလား"
"ကောင်းတာပေါ့"
ချူးကျောက်၏ မျက်လုံးများသည် ရုတ်တရက် အပြုံးများဖြင့် ပြည့်လျှံသွားသည်။ သူမက သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ "ဒါအရမ်းကောင်းတာပဲ၊ ရုတ်တရက်ကြီး ရှင် ကျွန်မပေါ် ဘာလို့ကောင်းနေတာလဲ၊ ကျွန်မနဲ့ စာကြည့်တိုက်သွားဖို့တောင် ပြောလိုက်သေးတယ်"
"မင်းပြောတဲ့ပုံစံက ကိုယ်က အရင်ကပဲ မင်းနဲ့လုံးဝမသွားဖူးသလိုပဲ။ ကိုယ့်မှာ အချိန်ရှိတာနဲ့ မင်းနဲ့သွားပါတယ်"
"တွက်ကြည့်မယ်၊ ရှင့်မှာ တစ်ပတ်ကို ဘယ်နှစ်ရက်လောက် အချိန်ရှိလဲ။ နှစ်ရက်လား။ ဟမ်...မဟုတ်ဘူး၊ အများဆုံး တစ်ပတ်တစ်ရက်ပဲ"
ကျင့်ချီက ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ချူးကျောက်ကို "ကိုယ် တောင်းပန်ပါတယ်" ဟုပြောသည်။
"ဟေး၊ ရှင် ဘာလို့ အတည်ယူလိုက်တာလဲ။ ကျွန်မရှင့်ကိုအပြစ်တင်နေတာ မဟုတ်ပါဘူး"
သူက သူမကိုပွေ့ဖက်ပြီး ဤကဲ့သို့ ရခဲသည့် နွေးထွေးမှု အခိုက်အတန့်ကို ပျော်ရွှင်စွာ ခံစားရင်း သူမက နာခံမှုရှိစွာဖြင့် သူ့ပခုံးကိုမှီလိုက်သည်။
"တကယ်တော့၊ မင်းသာ ရှုချောင်းနဲ့တွဲခဲ့မယ်ဆို မင်းပိုပျော်နေရလောက်မလားလို့ ကိုယ်အခုတလော တွေးမိနေတယ်"
"အဓိပ္ပာယ်မရှိတာ"
"ကိုယ် ပြောတာကိုပဲနားထောင်" ကျင့်ချီက သူမလက်ကို သူ့နှုတ်ခမ်းပေါ်တင်ပြီး သူမလက်လေးကို ညင်သာစွာ နမ်းလိုက်သည်။ "ကိုယ် မင်းကိုကောင်းကောင်းဆက်ဆံပါ့မယ်၊ မင်း ကိုယ်နဲ့ရှိနေရင် ပျော်ရွှင်စေရပါမယ်လို့ သတိပေးတယ်။ ဒါပေမယ့် ကျောက်ကျောက် မင်းတကယ်ရောပျော်ရဲ့လား"
"ရှင် ဒီလိုဆက်ပြောနေမယ်ဆို ကျွန်မနားမထောင်တော့ဘူး" ချူးကျောက်က သူ့ရဲ့ကြမ်းတမ်းသည့် မေးရိုးက မုတ်ဆိတ်မွှေးတွေကို ထိလိုက်သည်။ "ကျွန်မ ရှင့်ကိုရွေးချယ်တယ်၊ အတိတ်မှာလည်း ရှင်ပဲ၊ ကွဲကွာသွားမယ်ဆိုရင်လည်းရှင်ပဲ၊ အနာဂတ်မှာလည်း ရှင်ပဲဖြစ်နေဦးမှာပဲ။ ကျွန်မမှာ နောင်တမရှိဘူး၊ ရှုချောင်းယန်အကြောင်းမတွေးနဲ့တော့။ ရှင်ဘယ်သူနဲ့ တွဲနေတာလဲ၊ ပြီးပြီးသားတွေက ပြန်ပြင်လို့မရတော့ဘူး"
"ပြန်ပြင်မရဘူးလို့ မင်းပြောတာနော်"
ကျင့်ချီက သူမကို မပြီး သူ့ပေါင်ပေါ် တင်လိုက်သည်။ သူက မျက်လုံးတွေကို မှိတ်ပြီး သူမရဲ့နှုတ်ခမ်းတွေကို ပြင်းပြစွာနမ်းသည်။ သူမရဲ့နှုတ်ခမ်းများသည် အေးစက်နူးညံ့သည်။ သူက သူမရဲ့နှုတ်ခမ်းကို ဖွင့်လိုက်ပြီး သူမရဲ့ပူလောင်နေသည့် လျှာကို ရှာခဲ့သည်။
ချူးကျောက်က သူ့ကော်လာကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး သူမသည် စိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့သည်။
လှေကားထစ်ပေါ်ရှိ ညအလင်းရောင်သည် အနည်းငယ် မှိန်ပျပျဖြစ်သည်။ သူမက လည်ပင်းတစ်ဝိုက်တွင် ဇာနားကွပ်ထားသည့် ပါးလွှာသော ညဝတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ ကျင့်ချီက ဒီနှစ်တွေအတွင်း သူ့ရဲ့စုဆောင်းမှုတွေအားလုံးပါသည့် ကဒ်တစ်ခုကို သူမအိတ်ထဲ ထည့်ပြီး ခိုင်ခိုင်မာမာပြောသည်။
"ကိုယ့်ကို နှစ်နှစ်လောက်စောင့်ပေး။ ကိုယ်ပထမတန်း စွမ်းဆောင်မှု ဆုတံဆိပ်ရရင် မင်းကိုလက်ထပ်ဖို့ ပြန်လာခဲ့မယ်"
ဘွဲ့ယူရာသီဖြစ်ပြီး ကျောင်းဝင်းဝန်းကျင်မှာ ဖော်ပြမရသည့် လွမ်းဆွေးမှုအချို့ ရစ်ဝဲနေပေသည်။
ဘွဲ့ရပါတီမှာ ရှုချောင်းယန်က အများကြီးသောက်ခဲ့သည်။ ကျင့်ချီကိုကျော်ပြီး သူက ချူးကျောက်ရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်၍ "ဂျူနီယာညီမလေး စိတ်မပူနဲ့နော်။ နည်းပြရှုက သူ့ကိုကောင်းကောင်းကြည့်ထားမယ်။ သူ့ကိုဘာမှမဖြစ်စေရဘူး"
နောက်ဆုံးမှာ ဒီအရူးက သူ လူတိုင်းကို ဘယ်လောက်တောင်လွမ်းနေမှာပါဆိုပြီး ငိုတောင်ငိုခဲ့သည်။ သူ ဒီမောင်နှမတွေနှင့် ဆုံတွေ့ခဲ့ရသည့် တက္ကသိုလ်လေးနှစ်သည် သူ့ဘဝမှာ အပျော်ဆုံးအချိန်ဖြစ်သည်။
ဒါပေါ့၊ ရှားယိုကို သူ့ရဲ့ညီမတွေအုပ်စုထဲ ထည့်ထားတာ။
ကျင့်ချီက သူ့ကောင်မလေးလက်ပေါ်က ရှုချောင်းယန်ရဲ့လက်ကို ဆွဲခွာပြီး သူ့ခန္ဓာကိုယ်ဖြင့် ရှုချောင်းယန်ကို ပိတ်ဆို့၍ သူ့ကောင်မလေးကို သူ့ကိုထိခွင့်မပေးခဲ့ပေ။
"ရပြီ။ ငါတို့က တစ်သက်လုံးခွဲရမှာလည်း မဟုတ်ပါဘူး။ ငါတို့ မကြာမကြာ တစ်ယောက်နဲ့တစ်ယောက် တွေ့နေကြမှာပဲဟာ။ ငါတို့မင်္ဂလာဆောင်ရင် သေချာပေါက် မင်းကို ဖိတ်မှာပါ၊ ငါတို့မှာကလေးတွေရှိလာရင် မင်းက ခေါင်းကိုင်အဖေဖြစ်စေရမယ်"
ရှုချောင်းယန်က ထိုစကားကြောင့် စိတ်ဆိုးသွား၍ သူ့ရင်ဘတ်ကို ဆုပ်ကိုင်ပေသည်။
နောက်တော့ သူတို့ရဲ့အတန်းခေါင်းဆောင်က စင်ပေါ်တက်၍ ဘွဲ့ရအားလုံးကို ဂုဏ်ပြုပြီး စိတ်ခံစားချက် ပြင်းထန်နေသော ဘွဲ့ရများကို မျက်ရည်ကျစေလောက်သည့် ရင်နှစ်ဖွယ်ရာ မိန့်ခွန်းကို ပြောခဲ့သည်။
ကျင်းရှီက သူမဘေးက ပေါ်ရန်ကို ကြည့်လိုက်သည်။ သူ့ရဲ့နက်မှောင်သော မျက်လုံးများက တခြားသော လူငယ်များလို တဖျပ်ဖျပ် အလင်းရောင်များကို ပြခဲ၍ နက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ ငြိမ်သက်နေသည်။
သူသည် တခြားသူတွေထက် လောကဓံကို ပိုမိုကြုံတွေ့ခဲ့ရပြီး လူတစ်ယောက်၏ အနာကျင်ဆုံး ခံစားချက်များကို အလွန်ငယ်ရွယ်စဉ်ကတည်းက ခံစားခဲ့ရသည်။ ဒါကြောင့် စိတ်အားထက်သန်သော စကားလုံးများနှင့် မိန့်ခွန်းများက ထိုလူငယ်၏ သွေးဆူပွက်မှုအတွက် ခက်ခဲသည်။
သူက ပုံမှန်နဲ့ကွဲပြားပုံပေါ်နေပေမယ့် ဘဝရဲ့အခက်အခဲဝန်ကို ထမ်းပိုးထားရသည့် သူ့ကို ကျင်းရှီက နားလည်ပါသည်။
ကျင့်ချီက ရှုချောင်းယန်ကို စိန်ခေါ်သည်။ "မင်း ဒီနေ့ ဘော့စ်ပေါ်ထက် ပိုသောက်နိုင်ရင်၊ ငါ မင်းကို 'အစ်ကို' လို့ခေါ်မယ်"
ရှုချောင်းယန်က ချက်ချင်း စိန်ခေါ်မှုကို လက်ခံပြီး လက်ထဲမှာ ဝိုင်ခွက်တစ်ခွက်ဖြင့် ပေါ်ရန်ဆီကို လျှောက်သွားသည်။ "ဘောစ့်ပေါ်၊ ဒီနေ့က ငါတို့ကောလိပ်ဘဝရဲ့နောက်ဆုံးနေ့ပဲ။ ဒီတိုင်းပဲထိုင်မနေနဲ့ကွာ၊ နောက်ဆုံးအနေနဲ့ နှစ်ခွက်လောက်သောက်ရမယ်"
ကျင်းရှီက ပေါ်ရန် အရက်ကို ခံနိုင်ရည်လုံးဝမရှိဘူးဆိုတာသိပြီး ကူတားပေးခါနီးမှာ ပေါ်ရန်က ညင်သာစွာပြုံး၍ "ရတယ်လေ"
သူက ခွက်ကိုမြှောက်ပြီး ရှုချောင်းယန်ရဲ့ခွက်နှင့် ပေါ့ပေါ့ပါးပါး တိုက်လိုက်သည်။ "အဲ့မှာတာဝန် ထမ်းဆောင်ရတာက ငါတို့ နေ့တိုင်း ပြေးလွှားပြီး လေ့ကျင့်ခန်းတွေ လုပ်နေတာနဲ့ မတူဘူး။ တာဝန်က အရေးကြီးပါတယ် ဒါပေမယ့် အန္တာရယ်ကင်းဖို့က ပိုအရေးကြီးတယ်"
သူက ကျင့်ချီရဲ့ပခုံးကို ပုတ်ပြီး "မင်းက အမြဲတမ်း တိကျပါတယ်။ ငါ စိတ်ပူစရာမလိုပေမယ့် ငါ့စကားတွေကို မှတ်ထားပါ။ မင်းအိမ်ကို ဘေးအန္တရယ်ကင်းကင်းနဲ့ ပြန်လာတာထက် ဘာမှအရေးမကြီးဘူး"
ကျင့်ချီက ခဏလောက် တိတ်ဆိတ်နေပြီးနောက် လေးလေးပင်ပင် ခေါင်းညိတ်သည်။ "ငါနားလည်ပါတယ်"
အခန်း 409 တွင် အကြီးဆုံးမဟုတ်သော်လည်း ပေါ်ရန်၏ စိတ်သည် ယောကျာ်းလေးသုံးယောက်တွင် အရင့်ကျက်ဆုံးဖြစ်ပြီး သူက သူတို့အခန်းရဲ့ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးက သူ့ကို အစ်ကိုကြီးတစ်ယောက်လို ဆက်ဆံကြသည်။
အရင်က ပေါ်ရန်သည် ဆရာတွေကို ပြန်ပြောတာမျိုး၊ အတန်းပျက်တာမျိုး၊ ဆူပူသောင်းကျန်းတာမျိုးဖြင့် သူတို့ကို အကျင့်မကောင်းစွာ ဦးဆောင်ခဲ့သည်။ နောက်တော့ သူတို့က လမ်းဘေးတိရစ္ဆာန်လေးတွေကို ကူညီဖို့အတွက် မြောင်မြောင်ကလပ်ကို ဖွဲ့စည်းခဲ့သည်။ သူတို့သည် ကောင်းတဲ့အရာတွေရော၊ ဆိုးတဲ့အရာတွေရောကို ပြုလုပ်ခဲ့ပေမယ့် ပေါ်ရန်သာ အဲ့မှာရှိနေသရွေ့ ကောင်လေးတွေက ကျောထောက်နောက်ခံရှိပြီး ဘာကိုမှမကြောက်ဘဲ မြင့်မားလှသည့် ကောင်းကင်ထိတောင် တက်ရဲသည်ဟု ထင်ရသည်။
အခု ပေါ်ရန်က သူတို့ထွက်သွားချိန်မှာ နောက်မှာနေရစ်ခဲ့မှာဖြစ်သည်။ ဒါက သူတို့ကို ဝမ်းနည်းတာထက် ရှုပ်ထွေးသည့် ခံစားချက်ကို ဖြစ်စေသည်။
သူတို့သည် အတူတူပျော်ပါးခဲ့ကြပြီး ခွဲခွာရမည်ကို မခံစားခဲ့ကြပါ။ ဤဘွဲ့ရပါတီပြီးနောက် သူတို့သည် သူတို့ဘဝရဲ့လမ်းကြောင်းအသီးသီးကို လျှောက်ကြရတော့မှ လွမ်းဆွေးမှုက သူတို့အားလုံးကို ရုတ်တရက် ရိုက်ခတ်လိုက်သည်။
ကောင်လေးတွေက ကျောင်းဝင်းတစ်ဝိုက်ကို လမ်းလျှောက်ကြသည်။ ရှုချောင်းယန်၏ မျက်လုံးများက နီရဲနေပြီး သူက ပေါ်ရန်ကို အကြိမ်ပေါင်းများစွာ ပြောသည်။ "ဘော့စ်၊ မင်းတကယ်မသွားဘူးလား"
ပေါ်ရန်က ကျင်းရှီရဲ့ဆံပင်ကို ချစ်မြတ်နိုးစွာ ပွတ်သပ်ပြီး "ငါ့မိန်းမက ငါအသုံးမဝင်ဘူးလို့ မတွေးသရွေ့ ငါ့တစ်ဘဝလုံး သူ့ဘေးမှာပဲနေမှာ"
ကျင်းရှီက ခေါင်းထပ်ခါထပ်ခါ ခါယမ်းပြီး သူမ အဲ့လိုမတွေးပါဘူးဟု ပြနေပေသည်။ သူမက သူ အောင်မြင်မှုနှင့် ဂုဏ်သတင်းတွေ အများကြီးရရှိဖို့ မတောင်းဆိုပါဘူး။ ဆုံးရှုံးမှုကြောင့် နာကျင်ခြင်းကို ကြုံတွေ့ခဲ့ရတာက သူမကို သူတို့ရဲ့ရိုးရှင်း၊ နွေးထွေးပြီး ပျော်ရွှင်စွာ အတူတူရှိနေသည့် အချိန်များကို ပိုတန်ဖိုးထားစေသည်။
"ဒါဆိုမင်းကို စောစောဂုဏ်ပြုပေးမယ်၊ အများကြီး ပျော်ရွှင်ပါစေကွာ" ကျင့်ချီက ပြောသည်။ "ငါ မင်းရဲ့မင်္ဂလာပွဲကို ပြန်လာဖို့ အခွင့်အရေးရှိပါ့မလားတောင် မသိပါဘူး"
"မင်းပြန်လာတဲ့အချိန်၊ ရှီရှီကဘွဲ့ရပြီး အလုပ်လုပ်တဲ့အခါကျ ငါတို့ မင်္ဂလာဆောင်ကြမယ်"
"ကောင်းပြီ၊ ငါက မင်းရဲ့သတို့သားအရံလုပ်မယ်"
"သဘောတူထားတယ်နော်"
ကောင်လေးတွေက လက်ဆွဲနှုတ်ဆက်ကြသည်။ ရှက်ရွံ့စွာဖြင့် ကျင်းရှီက သူတို့ရဲ့လက်တွေကို ခွာထုတ်ပြီး "ဘာသဘောတူတာလဲ။ ဘယ်သူက ရှင့်ကိုလက်ထပ်မှာလဲ။ ကတိတွေပေးမနေကြနဲ့..."
ပေါ်ရန်က ပြုံး၍မေးသည်။ "မင်း ကိုယ့်ကို လက်မထပ်ဘူးလား"
ရှက်ရွံ့နေသော ကျင်းရှီက ငြီးငြူသည်။ "ရှင် ကျွန်မကို လက်ထပ်ခွင့်တောင် မတောင်းရသေးဘဲနဲ့ ကျွန်မက ရှင့်ကို လက်ထပ်ရမယ်ပေါ့။ ဒီလောက်ကောင်းတဲ့ သဘောတူညီမှုမျိုး ရှင် ဘယ်ကရမှာလဲ"
ကောင်လေးတွေက အဓိပ္ပာယ်ပါတဲ့ အကြည့်တွေ ဖလှယ်ကြပြီး ပေါ်ရန်ကို စနောက်၍ တံတောင်ဖြင့်ထိုးလိုက်သည်။
သူတို့ရဲ့မရိုးသားသော အကြည့်များကြောင့် ကျင်းရှီသည် တစ်ခုခုလွဲချော်နေသည်ကို ခံစားမိသည်။ သူမမတုံ့ပြန်ခင်မှာ ပေါ်ရန်က ရုတ်တရက် သူ့အိတ်ထဲကို နှိုက်လိုက်သည်။
လက်စွပ်ဖြစ်နိုင်လောက်လား?
ကျင်းရှီ၏ အသက်ရှူသံများသည် ရပ်တန့်သွားသည်။ ကျောင်းဝင်းမှာ အတွဲများစွာက ဘွဲ့ယူရာသီပြီးနောက် စေ့စပ်ကြသည်ကို သူမ အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ပေမယ့် သူမစိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးဘူးလေ။
ကျင်းရှီက သူမတစ်ကိုယ်လုံး ပူလောင်လာတာကို ခံစားရသည်။ သူမက ဆံပင်အနည်းငယ်ကို သူမနားနောက်ကို ညှပ်လိုက်ပြီး သူမရဲ့ပါးတွေကလည်း နီရဲနေသည်။
ပေါ်ရန်၏ လက်က သူ့အိတ်ထဲကနေ ဖြည်းညှင်းစွာ ထွက်လာသည်။ ကျင်းရှီက အသက်ပြင်းပြင်းရှူပြီး အတော်လေးကို စိတ်လှုပ်ရှားနေပေသည်။
ထွက်လာပြီ!
သူမက အေးဆေးတည်ငြိမ်ပြီး လှလှပပနှင့် သာမန်လိုပဲနေနေခဲ့သည်...
ပေါ်ရန်က သူ့အိတ်ထဲမှ မီးခြစ်တစ်ခုကို ထုတ်ယူပြီး စီးကရက်ကို မီးညှိလိုက်သည်။
"..."
ပေါ်ရန်က သူမ သတိလက်လွတ် ဆန့်ထုတ်မိထားသည့် လက်ကိုကြည့်နေသည်။ "ဒါကဘာအတွက်လဲ" ဟု သူက ညင်သာစွာ မေးလေသည်။
ကျင်းရှီ - ...
သူထပ်ပြီးအရူးလုပ်ပြန်ပြီ!
ကောင်လေးတွေက အော်ဟစ်ရယ်မောကြသည်။
ပေါ်ရန်က ပြုံး၍မေးသည်။ "မင်းဘာတွေ တွေးနေတာလဲ"
"ဘာမှမဟုတ်ဘူး"
"ကိုယ်ဘာလုပ်မယ်လို့ မင်းထင်နေတာလဲ"
"မထင်ဘူး၊ ဘာမှကို"
"ကိုယ့်ကိုမပြောနဲ့နော်...ကိုယ်လက်ထပ်ခွင့်တောင်းမယ်လို့ မင်းထင်နေတာမလား"
"ကျွန်မ အဲ့လိုမထင်ပါဘူး။ အရူးကောင်။ ဝေးဝေးသွား"
သူမရဲ့နီရဲနေသည့် မျက်နှာကိုမြင်တော့ ပေါ်ရန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။ "ကိုယ်လက်ထပ်ခွင့်တောင်းမယ်လို့ မင်းတကယ်ထင်နေတာလား"
"စိတ်အနှောင့်အယှက်ပေးနေတာပဲ။ ဘယ်သူက လက်ထပ်ခွင့်တောင်းခံချင်လို့လဲ၊ ရှင်လက်ထပ်ခွင့်တောင်းခဲ့ရင်တောင် ကျွန်မက လက်ခံတယ်လို့မပြောပါဘူး။ ဝေးဝေးသွားနေ"
ကျင်းရှီက ခြေလှမ်းများ သွက်လက်စွာဖြင့် အဝေးကို လျှောက်သွားသည်။
ပေါ်ရန်က သူမကို သူ့ရင်ခွင်ထဲ လျင်မြန်စွာ ဆွဲထည့်လိုက်သည်။ "ကောင်းပြီ၊ ကိုယ့်အမှားပါ၊ စနေတာလေ"