← Chapters

အပိုင်း (၉၇)

Vol. 8 Ch. 97

အပိုင်း (၉၇)

Vol. 8 Ch. 97

ဟာသတွေကို ဘေးဖယ်ထားရင် ပေါ်ရန်အတွက်တော့ မိသားစုသည် ချုပ်နှောင်မှုမဟုတ်ဘဲ နားခိုရာဖြစ်ကြောင်း အဘိုးပေါ်က နားလည်ပါသည်။

သူ့ရဲ့ကြီးပြင်းလာမှုက အရမ်းအထီးကျန်ဆန်ခဲ့သည်။ သူက ကျင်းရှီကို ရှိနေဖို့ မတောင်းဆိုခဲ့ပေမယ့် ကျင်းရှီက သူနှင့်ရှိနေပေးခဲ့သည်။

ကျင်းရှီနှင့် ချူးကျောက်သည် အမှတ်(၁) အလယ်တန်းကျောင်းတွင် ဆရာအဖြစ် ဝင်ရောက်ခဲ့ကြပြီး တရားဝင် အလုပ်သင် တရုတ်စာ ဆရာမတွေဖြစ်လာကြသည်။

အလုပ်သင်အလုပ်သည် ကျောင်းသားတစ်ယောက်ဖြစ်ရတာထက် ပိုခဲခက်သည်။ သူတို့သည် အတန်းတွေထဲတွင် ထိုင်ပြီး မှတ်စုများယူရရုံပဲ မဟုတ်ဘဲ အိမ်စာ‌တွေကို အမှတ်ခြစ်ရာမှာပါ ကူညီပေးရပြီး PPT သင်ကြားရေးကိုတောင် ပြင်ဆင်ရသည်။

ထိုသနားစရာကောင်းသည့် ကောင်မလေးနှစ်ယောက်က ရုံးထဲမှာ ညဉ့်နက်တဲ့ထိ စာရွက်စာတမ်းတွေ စီစစ်နေရ‌တာမြင်ရတော့ တခြားအလုပ်သင် တရုတ်စာဆရာတွေက တရားမျှတမှု မရှိဘူးဟု ခံစားရသည်။

ကျင်းရှီ အိမ်ပြန်ရောက်သောအခါ ညဆယ်နာရီထိုးပြီးဖြစ်သည်။

ပေါ်ရန်က မီးခိုရောင်ဖျော့ဖျော့ အိမ်နေရင်းအဝတ်အစားကို ဝတ်ထားပြီး ပုံမှန်လိုပဲ တံခါးဝမှာရပ်၍ သူ့မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခုဖြင့် သူမကို ကြိုဆိုခဲ့သည်။

"ဒင်၊ မင်းရဲ့2.0 စက်ရုပ် အလုပ်သမားလေးက တာဝန်ထမ်းဆောင်နေပါတယ်၊ သခင်ရဲ့လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ"

ကျင်းရှီက ပေါ်ရန်ရဲ့ရင်ခွင်ထဲသို့ တိုက်ရိုက်ပြိုလဲသွားသည်။ ပေါ်ရန်က လက်ဆန့်ထုတ်ပြီး သူမတစ်ကိုယ်လုံးကို ပွေ့ဖက်လိုက်သည်။

"ကလေးလေး ကျွန်မ အရမ်းပင်ပန်းနေပြီ"

ပေါ်ရန်က သူမရဲ့တင်ပါးလေးကို အုပ်ကိုင်ပြီး သူမကို သမီးလေးကို ချီသကဲ့သို့ ကောက်မလိုက်သည်။ ကျင်းရှီက ပုံမှန်အတိုင်း သူ့ခါးကို ဖက်ပြီး သူ့ပခုံးပေါ် မေးတင်၍ မျက်လုံးများကို မှိတ်ချလိုက်ပေသည်။

"ကိုယ်အထက်တန်းကျောင်းတုန်းက မင်းလောက်ခွေးတစ်ကောင်လို ပင်ပန်းတဲ့ တရုတ်စာဆရာတွေကို မတွေ့ဖူးဘူး၊ မင်းနေ့တိုင်းဘာတွေလုပ်နေရတာလဲ၊ ကျွင်းတူးနေရတာလား"

"ကျွန်မသာ ကျွင်းတူးတဲ့ ခွေးဖြစ်မယ်ဆို ခုထက်ပိုပြီး သက်သာလောက်မယ်" ကျင်းရှီက အားနည်းစွာ သက်ပြင်းချပြီး "အမှတ်(၁) အလယ်တန်းကျောင်းက ပြည်နယ်အချက်အချာကျောင်းလေ။ ရှင့်ကျောင်းနဲ့ယှဉ်စရာလား"

"အခု မင်း ကိုယ့်ကို အထင်သေးနေတာလား" ပေါ်ရန်က ပြုံးပြုံးလေး မျက်ခုံးပင့်လိုက်သည်။ "ကိုယ်က အမှတ်(၁) အလယ်တန်းကျောင်းရဲ့ထူးချွန်ကျောင်းသားဟောင်းတစ်ယောက်ပါ။ ဆရာမကျင်း မင်းမှာ ညွှန်ကြားစရာ တစ်ခုခုရှိလား"

"အိုး ရှင်အမှတ်(၁)ကို သွားခဲ့တာလား"

"ဟုတ်တယ်"

"ဒါဆို ရှင် ကျွန်မကို ကြီးကြပ်နေတဲ့ ဆရာမကျန်းရူကိုသိလား"

"သူ့ကိုမသိဘူး၊ အသစ်ဖြစ်မယ်ထင်တယ်။ ဒါပေမယ့် အဲ့တုန်းက ကိုယ့်ရဲ့အတန်းပိုင်ဆရာ ချင်ကျန့်ကိုတော့သိတယ်"

"အိုး၊ ဆရာချင်ကျန့်က အခု သင်ကြားရေးရာဌာနမှူးလေ"

"နှစ်တွေအတော်ကြာသွားပြီပဲ"

ပေါ်ရန်နှင့် ခဏလောက် စကားပြောပြီးနောက် ကျင်းရှီက ပင်ပန်းမှု အများကြီး လျော့နည်းသွားသလို ခံစားရသည်။ ပေါ်ရန်က သူမကို မလွှတ်ပေးသေးဘဲ သူမကို ပွေ့ချီရင်း ဧည့်ခန်းကို တစ်ပတ်ပြီးတစ်ပတ် လျှောက်နေသည်။

"ဟေး ရှင်ဘာတွေလုပ်နေတာလဲ။ ကျွန်မကို အောက်ချပေး"

"စက်ရုပ် အလုပ်သမား 2.0 က စကားပြောတာ၊ ပွေ့ဖက်တာနဲ့ အနမ်းပေးတဲ့ ဝန်ဆောင်မှု အများအပြားကို ဖြည့်ဆည့်ပေးပါတယ်။ နောက်ဝန်ဆောင်မှုကို ယူလိုပါက အနမ်းတစ်ခုပေးရပါမယ်" သူက သူ့နှာခေါင်းကို သူမနှာခေါင်းဖြင့် ပွတ်သပ်ပြီး "အနမ်းတစ်ခုနဲ့ နောက်ဝန်ဆောင်မှုကိုယူတာ ဘယ်လိုလဲ"

"ကလေးဆန်လိုက်တာ" ကျင်းရှီက ရယ်မောပြီး သူ့နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်သည်။ "နောက်ဝန်ဆောင်မှုက ဘာများလဲ"

"နှိပ်နယ်ပေးတာလေ"

ပေါ်ရန်က သူမကို ဆိုဖာပေါ် ညင်သာစွာ ချပြီး သူမခေါင်းအောက် ကူရှင်တစ်ခုကို ခံပေးသည်။ သူ့ရဲ့သန်မာသော လက်ချောင်းများက သူမရဲ့ကျောရိုးတစ်လျှောက် နှိပ်နယ်သွားသည်။

ကျင်းရှီက သူမရဲ့မျက်လုံးများကိုမှိတ်ပြီး သူမရဲ့ကိုယ်ရေးကိုယ်တာ အလုပ်သမားက ဖြည့်ဆည်းပေးသော အဆင့်မြင့် ဝန်ဆောင်မှုကို ခံစားနေခဲ့သည်။

ပေါ်ရန်က ရိုမန့်ဆိုတာကို နားလည်သော အလွန်ရွှတ်နောက်နောက်နှင့် ပျော်ရွှင်တတ်သော ယောက်ျားတစ်ယောက်ဖြစ်သည်။ သူနှင့်နေရတာက ကျင်းရှီကို အလွန်ပျော်ရွှင်စေသည်။ သူက နေ့တိုင်းအသစ်အသစ်တွေ ဖန်တီး၍ သူမကို အမြဲတမ်း ရယ်မောစေသည်။

ကျင်းရှီက ခွဲခွာမှုနှင့် သေခြင်းတရားသည် အချစ်ဇာတ်လမ်းတွင် ဝမ်းနည်းစရာအကောင်းဆုံး ခံစားချက်များဖြစ်သည်ဟု တွေးခဲ့ဖူးတာကြောင့် သူမသည် TV ဇာတ်လမ်းများတွင် အဓိကသရုပ်ဆောင်တွေကြား အသက်ရှင်ခြင်းနှင့်သေဆုံးခြင်းကို မနာလိုခဲ့ပေ။

ဒါပေမယ့် အခုတော့ ကျင်းရှီက တခြားသူတွေကို မနာလိုမဖြစ်တော့ပါ။

တောက်လောင်နေသော စွဲလမ်းမှုများသည် ရှေ့ဆက်ဘဝရဲ့ရှည်လျားသော ဆယ်စုနှစ်တာများတွင် မှေးမှိန်သွားလိမ့်သည်။ လောကဓံက ဘဝရဲ့အနှစ်သာရပင်။

သူမ ရွေးချယ်ခဲ့သော ကောင်လေးက အိမ်မှအဝေးတွင် အောင်မြင်မှုတွေရရှိဖို့ ကြီးမားတဲ့ ရည်မှန်းချက်မရှိပေမယ့် သူမရဲ့ကျန်ရှိသည့်နှစ်များကို အလုံအလောက်နွေးထွေးပေးနိုင်သည့် နွေးထွေးမှုများ သူ့နှလုံးသားတွင် ပြည့်နှက်နေပေသည်။

"အား~ နာတယ်၊ နာတယ်၊ နာတယ်၊ နာတယ်"

"မဟုတ်ဘူး၊ မရပ်နဲ့"

"ဆက်လုပ်၊ စောစောကလိုပဲ၊ ခံစားလို့အရမ်းကောင်းတယ်~"

ပေါ်ရန်က သူမရဲ့လည်ပင်းကို နှိပ်နယ်ရင်း မတတ်နိုင်စွာ ပြောခဲ့သည်။ "ဒါဆိုနာနေတာလား၊ ခံစားလို့ကောင်းနေတာလား"

"နာတယ်၊ ဒါပေမယ့် ခံစားလို့လည်း တကယ်ကို ကောင်းနေတယ်"

သူက သူ့အားကိုထိန်း၍ သူမခန္ဓာကိုယ်ကို ဆက်လက်ဖြေလျှော့ကာ သူမကိုနှိပ်နယ်ပေးပြီး သူမကိုအော်ဟစ်အောင်လည်း လုပ်ခဲ့သည်။

"အရမ်းကောင်းတယ်~"

"အားထပ်ထည့်"

"အား~~"

ရုတ်တရက် ပေါ်ရန်က ရပ်လိုက်သည်။

"ရှင် ဘာလို့ရပ်လိုက်တာလဲ" ကျင်းရှီက နားမလည်စွာ သူ့ကိုလှည့်ကြည့်သည်။

အပြစ်ကင်းစင်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် နေရောင်လို ရွှင်မြူးစွာ ပြုံးရင်း "မိန်းမ မင်းကိုယ့်ကို သမာဓိပျက်အောင်လုပ်နေတာပဲ"

.....

"ဘာလို့ရုံးခန်းက အရမ်းရှုပ်နေတာလဲ။ ဘယ်သူ့မှ သန့်ရှင်းရေး မလုပ်ကြဘူးလား"

မနက်စောစောမှာ တတိယထပ် တရုတ်စာသင်ကြားရေးဌာနအခန်းမှ ပြင်းထန်သော မေးခွန်း ထွက်ပေါ်လာခဲ့သည်။

ဆရာမကျန်းရူက စိတ်တိုလွယ်ပြီး မနက်ခင်း စာဖတ်အတန်းတွင် ကျောင်းသားတွေနှင့် ရန်ဖြစ်ခဲ့တာကြောင့် သူမသည် ဒေါသတထောင်းထောင်းဖြင့် ရုံးခန်းထဲကို ဝင်လာကာ ရုတ်တရက် အစောကြီးတည်းက အိမ်စာစာရွက်စာတမ်းတွေကို အမှတ်ခြစ်နေသော အလုပ်သင် လူငယ်နှစ်ယောက်ကို စတင်ကြိမ်းမောင်းတော့သည်။

"နင်တို့ကန်းနေလား။ နင်တို့အစောကြီးတည်းက ရောက်နေတာကို ရုံးခန်းကို သန့်ရှင်းရေးလေးဘာလေး လုပ်ဖို့မတွေးမိဘူးလား။ ငါလာလုပ်ဖို့ နင်တို့စောင့်နေတာလား"

ချူးကျောက်က ကျောင်းသားတွေရဲ့စာစီစာကုံးအထပ်လိုက်ကြီးမှ ခေါင်းထောင်ကြည့်ပြီး အသံဩဩဖြင့် ပြန်ပြောသည်။ "ဒီစာရွက်စာတမ်းတွေက မနက်ခင်းစာဖတ်အတန်းပြီးရင် ပြန်ပေးရမှာ၊ ဒါမို့ ကျွန်မ အခု ဒါတွေကို ပြီးမှရမယ်"

"နင်ဘာလို့ အိမ်စာတွေကို အမှတ်ခြစ်ဖို့ ဒီမနက်အစောကြီး လာရတာလဲ"

ကျင်းရှီက မကျေမနပ်ဖြင့် ငြီးငြူပြသည်။ "မနေ့က ဆရာမရဲ့ ppt slides တွေကို ကျွန်မတို့ ကူလုပ်ပေးနေရတယ်လေ"

"ဒီတော့ အခုက ငါ့အမှားပေါ့လေ"

"ဆရာမကျန်း၊ ရှင် ကျွန်မတို့ကို အလုပ်တွေပေးလွန်းတယ်လို့ ကျွန်မထင်တယ်" ချူးကျောက်က အားတင်းပြီးပြောသည်။ "တခြားအလုပ်သင်တွေ လက်တွေ့သင်ကြားနေရပြီ၊ ဒါပေမယ့် ကျွန်မတို့ကျ ရုံးခန်းထဲမှာ စာရွက်စာတမ်းတွေကို နေ့တိုင်း ထိုင်အမှတ်ခြစ်ပေးနေရတယ်"

ကျန်းရူ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး သူမသည် စူးရှသောအသံဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ "နင်တို့အဆင့်နဲ့ စာသင်ချင်နေတယ်ပေါ့လေ။ နင်တို့က လမ်းလျှောက်တာကို မသင်ဘဲ တန်းပြေးချင်နေတာပဲ"

"ဒါ...ဒါ ရှင် ကျွန်မတို့ကို အတန်းပေါင်းစုံက အိမ်စာတွေအမှတ်ခြစ်ဖို့ ပေးနေလို့လေ။ ကျွန်မတို့မှာ စာသင်ခန်းတွေထဲ ထိုင်ပြီး လေ့လာဖို့ အချိန်တောင်မရှိဘူး"

ကျင်းရှီက ချူးကျောက်ရဲ့အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်ပြီး သူမကို ထပ်မပြောတော့ဖို့ အချက်ပြသည်။

ကြီးကြပ်ရေးမှူး ဆရာသည် သူတို့ရဲ့အလုပ်သင်များကို အကဲဖြတ်အမှတ်ပေးပြီး အမှတ်များများရသည့် အလုပ်သင်များသာ ဆက်နေနိုင်တာကြောင့် ဒီအချိန်မှာ ဆရာမနှင့် အငြင်းပွားနေတာ အလွန်အကျိုးမရှိပေ။

"ဘာလဲ နင်တို့က မကျေနပ်ဘူးလား။ နင်တို့အိမ်စာတွေ အမှတ်မခြစ်ချင်ဘူးဆို အနာဂတ်မှာ နင်တို့ဘယ်လိုလုပ်ဆရာမတွေဖြစ်မှာလဲ"

ချူးကျောက်က ရှုံ့မဲ့ပြီး သူမသည် အလွန်မပျော်မရွှင်ဖြစ်နေသော်လည်း သူမရဲ့ဒေါသကို ထိန်းထားခဲ့သည်။

အတန်းများကြား နားချိန်အတွင်း သူမသည် လူရှင်းသော လှေကားထစ်ပေါ်မှာ တစ်ယောက်တည်းထိုင်ပြီး ကျင့်ချီကို ဖုန်းခေါ်သည်။

"ရှင်အဲ့မှာ ကောင်းကောင်းလုပ်နေတယ်မလား။လူသစ်တွေဆို အနိုင်ကျင့်တယ်လို့ ကျွန်မကြားတယ်၊ ရှင်လိမ္မာနော်၊ သူတို့နဲ့ပြိုင်ဖြစ်မနေနဲ့"

"မင်း အရမ်းစိတ်ပူနေတာပဲ" ကျင့်ချီရဲ့အသံက အလွန်သက်တောင့်သက်သာ ဖြစ်နေသည်။ "ခေါင်းဆောင်နဲ့ သူတို့က လူသစ်တွေကို ဂရုစိုက်ပါတယ်၊ ကိုယ်တို့ ကျောင်းမှာ လေ့ကျင့်ရေးဆင်းခဲ့ရတဲ့ အချိန်တုန်းကထက်တောင် ပိုသက်တောင့်သက်သာဖြစ်သေးတယ်"

"တကယ်လား၊ ကျွန်မကို မလိမ်နဲ့နော်"

"ကိုယ်တကယ်တော့ မင်းကိုပိုစိတ်ပူနေတာ။ အလုပ်အသစ်က ဘယ်လိုလဲ။ မင်းရဲ့ပွင့်လင်းတဲ့စရိုက်နဲ့ဆို အလုပ်မှာ သိပ်အဆင်ပြေမှာ မဟုတ်ဘူး"

ချူးကျောက်၏ မျက်လုံးများသည် လုံးဝကို နီရဲသွားပြီး သူမသည် လည်ချောင်းထဲမှာ ပြည့်လျှံတက်လာသည့် ချဉ်စုတ်နေသည့် ခံစားချက်ကို ပြန်ထိန်းထားရန် ကြိုးစားခဲ့သည်။ "ကျွန်မ...ကျွန်မက ပွင့်လင်းတာမဟုတ်ပါဘူး၊ မှန်မှန်ကန်ကန် လုပ်တတ်ရုံပါ"

"မင်းကိုယ်မင်း ချီးကျူးတာက မင်းကိုပျော်ရွှင်စေတာလား၊ ဟမ်"

"ကျွန်မ အမှန်တရားကို‌ ပြောနေတာပါ"

"ကျောက်ကျောက်၊ မင်း အနိုင်ကျင့်ခံရလို့လား။ ကိုယ့်ကိုမလိမ်နဲ့၊ မင်းကိုယ့်ကို ဘာကိစ္စပဲဖြစ်ဖြစ် ပြောပြရမယ်"

"မဟုတ်ပါဘူး၊ တကယ်ဘာမှမဖြစ်ပါဘူး" ချုးကျောက်က သူမရဲ့ခံစားချက်များကို အားတင်းထိန်းချုပ်ပြီး "မပျော်ရွှင်စရာ ကိစ္စတွေရှိရင်တောင် ကျွန်မကိုင်တွယ်နိုင်ပါတယ်။ ကျင့်ချီ ကျွန်မကို စိတ်မပူပါနဲ့။ အဓိကက ရှင်တစ်ယောက်တည်း ကြိုးစားနေတာမဟုတ်ဘူး၊ ကျွန်မလည်း ကြိုးစားနေတယ်"

ဖုန်းရဲ့တခြားတစ်ဖက်မှ ကျင့်ချီသည် တောထဲရှိ ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်၍ သူ့နှုတ်ခမ်းထောင့်မှ ဒဏ်ရာကို ပွတ်သပ်ပြီး သွေးတွေကို ထွေးချလိုက်သည်။

"ကျောက်ကျောက်၊ ကိုယ့်ကို စောင့်ပေးနော်။ ကိုယ်မင်းကို လက်ထပ်ဖို့ သေချာပေါက် ပြန်လာခဲ့မယ်"

"ရှင် ကျန်းကျန်းမာမာနဲ့ ပြန်လာနိုင်ဖို့ပဲ အရေးကြီးတယ်"

ကျင့်ချီနှင့်စကားပြောပြီးနောက် ချူးကျောက်သည် သူမရဲ့စိတ်က သိသိသာသာကို ပေါ့ပါးသွားသလို ခံစားရပေသည်။ သူမသည် ရုံးခန်းကို ပြန်သွားပြီး အိမ်စာအပုံလိုက်ကြီးကို ဆက်အမှတ်ပေးခဲ့သည်။

အမှတ် (၁) အလယ်တန်းကျောင်းသည် အဓိကအဖွဲ့အစည်းဖြစ်၍ အတန်းတွင်း လေ့ကျင့်ခန်းများ မကြာခဏပြုလုပ်လေ့ရှိပြီး ဆရာမကျန်းရူက အလှည့်ကျ အတန်းများစွာကို ကြီးကြပ်ရတာကြောင့် တာဝန်တစ်သုတ်ပြန်ပေးပြီးနောက် နောက်တစ်သုတ်က ချက်ချင်းဝင်လာသည်။ လူငယ်အလုပ်သင်နှစ်ယောက်က ရုံးခန်းက မခွာရဘဲ တနေ့လုံးကို အမှတ်ခြစ်ခြင်းဖြင့် ကုန်ဆုံးခဲ့ရသည်။

အလုပ်သင်ကာလ သုံးလကို တစ်ဝက်ကျော်သွားခဲ့ပြီဖြစ်ပေမယ့် ကျင်းရှီနှင့် ချူးကျောက်သည် အတန်းအနည်းငယ်ထက် ပိုမထိုင်ဖူးခဲ့ပေ။ သူတို့သင်ယူနေရသော အလုပ်သင်၏ အဆုံး၌ အကဲဖြတ်မှုတစ်ခုရှိပြီး သူတို့ရဲ့ပုံမှန်အမှတ်များကို ရေတွက်ခြင်းသည် သူတို့ဆက်နေရမလားဆိုတာကို ဆုံးဖြတ်သော နောက်ဆုံးအကဲဖြတ်မှုသို့ ဦးတည်သည်။

တခြားအလုပ်သင်များသည် သူတို့ရဲ့ကြီးကြပ်ရေးမှူးတွေနှင့် ဆက်ဆံရေးကောင်းကြသည်၊ ထို့နောက် ဆရာမကျန်းက သူတို့ကို နေ့တိုင်း ဘယ်လိုအမိန့်ပေးနေလဲဆိုတာ ကြည့်ကြည့်တော့ ကျင်းရှီက သူမ သူတို့ကို အမှတ်အရမ်းကောင်းကောင်း မပေးနိုင်လောက်ဘူးဟု ခံစားရသည်။

သူမသည် အနည်းငယ် စိတ်ပူပန်နေခဲ့သည်။

"အစ်ကို ကျွန်မဘာလုပ်ရမလဲ" ကျင်းရှီက ရှန်ဖျင်ချွမ်ရုံးခန်းထဲက ဆိုဖာပေါ်တွင် ခေါင်းနောက်ပြန်လှန်ချပြီး ခြေထောက်ကို ဆိုဖာကျောမှီတွင် တင်ထားသည်။ "ကျွန်မ ဒီအလုပ်သင်ကို ကျမယ်လို့ ခံစားနေရတယ်"

ရှန်ဖျင်ချွမ်က အနီရောင်သစ်သားစားပွဲမှာ ဝတ်စုံအပြည့်ဖြင့် ထိုင်နေပြီး အကဲဖြတ်အစီရင်ခံစာတစ်ခုကို ကိုင်ဆောင်ထားသည်။ သူ့လည်စည်းကို သပ်ရပ်တင်းကျပ်စွာ ချည်နှောင်ထားကာ ရှပ်အင်္ကျီက သူနှင့်ကွက်တိကျနေပြီး သူက ကျောင်းတက်တုန်းကထက် အများကြီးပိုရင့်ကျက်ပုံပေါ်လာသည်။

"နင့်ယောင်းမ မွေးနေ့ ရောက်တော့မယ်၊ နောက်ကျ သူ့အတွက် ငါနဲ့မွေးနေ့လက်ဆောင် လိုက်ရွေးပေးဦး"

"အစ်ကို၊ ကျွန်မ အစ်ကို့ကို အလုပ်အကြောင်း ပြောနေတာကို အစ်ကိုက ယောင်းမအကြောင်း ပြောနေတယ်။ အစ်ကို ကျွန်မပြောတာကို နားရောထောင်ရဲ့လား"

"ငါကြားပါတယ်။ နင် အမှတ် (၁) အလယ်တန်းကျောင်းကို မဝင်နိုင်ဘူးဆို အမှတ် (၃)၊ အမှတ် (၅) အလယ်တန်းကျောင်းတွေရှိပါသေးတယ်။ အဲ့ကျောင်းတွေလည်း မဆိုးပါဘူး"

"အမှတ် (၃) နဲ့ အမှတ် (၅) က အမှတ် (၁) အလယ်တန်းကျောင်းနဲ့ ဘယ်ယှဉ်နိုင်မှာလဲ။ အဆောက်အဦတွေ၊ လစာတွေ၊ အရာအားလုံးက အမှတ် (၁) မှာဆို ပိုသာတယ်လေ" ကျင်းရှီက ပေါ့ပေါ့ပါးပါးပဲ သက်ပြင်းချပေသည်။ "ထားလိုက်ပါတော့၊ အစ်ကို့ကို ဒါတွေပြောနေလည်း အသုံးမဝင်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုမကူညီနိုင်ဘူး"

"နင်သာ ငါ့ကိုတကယ်လို့ ကူညီစေချင်တယ်ဆို အဘိုးကြီးရှန် မသိသရွေ့ ငါလုပ်ပေးနိုင်တယ်"

ကျင်းရှီက ချက်ချင်း ထထိုင်ပြီး ဆိုဖာပေါ်တွင် နာခံမှုရှိစွာ ခြေထောက်တစ်ဖက်ကို ကွေး၍ တစ်ဖက်ကို အောက်ချထားသည်။ "အစ်ကို့မှာ နည်းလမ်းရှိတာလား"

"နင့်ကျောင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဒီသုံးလစာဘောနပ်စ်တွေကနေ ငွေနည်းနည်းလောက် ယူလိုက်မယ်လေ"

"…"

"ထားလိုက်တော့။ ကျွန်မ အဲ့လိုသာလုပ်လိုက်ရင် တခြားအလုပ်သင်တွေဆီကနေ သေချာပေါက် အထင်အမြင်သေးခံရမှာ။ ကျွန်မ တခြားကျောင်းပဲသွားရလောက်တယ်"

ရှန်ဖျင်ချွမ်က ပခုံးတွန့်ပြသည်။ "ဘယ်ပြဿနာမဆို ငွေနဲ့‌ဖြေရှင်းလို့ရပါတယ်။ ကိစ္စသေးသေးလေးပါပဲ၊ သိပ်စိုးရိမ်မနေပါနဲ့"

"အစ်ကို နည်းနည်းပြောင်းလဲသွားတယ်လို့ ကျွန်မခံစားရတယ်"

"ငါက ဘယ်လိုပြောင်းလဲသွားတာလဲ"

"ကျွန်မ အတိအကျတော့ မပြောနိုင်ဘူး။ အစ်ကိုအရွယ်ရောက်လာလို့ ဖြစ်မယ်ထင်တယ်"

အကြောင်းပြချက်အချို့ကြောင့် ကျင်းရှီက ရှန်ဖျင်ချွမ် အရင်ကနှင့် အနည်းငယ် ကွဲပြားသွားသည်ကို ခံစားမိသည်။ အရင်က ရှန်ဖျင်ချွမ်သည် ကျောင်းသားကောင်စီ ဥက္ကဌတစ်ယောက်ရဲ့လွှမ်းမိုးမှုရှိခဲ့သည်။ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်သော်လည်း သူက အလွန်မှန်ကန်ပြီး သူ့ရဲ့အခွင့်ထူးခံများကို ဘယ်တော့မှ အလွဲသုံးစားမလုပ်ခဲ့ပေ။

ဒါတင်မကသေးဘူး၊ ရှန်ဖျင်ချွမ်၏ စိတ်သဘောထားသည် အရင်ကထက် အများကြီး ပိုဆိုးရွားလာပုံပင်၊ မကြာခဏ ရုံးခန်းထဲက ခုံတွေကို ကန်ထုတ်ပြီး စားပွဲတွေကို မှောက်ပစ်တတ်သည်...သူက အိမ်မှာတော့ ထိုသို့မပြုမူသော်လည်း အရင်ရှန်ဖျင်ချွမ်က အလွန်စိတ်ရှည်ပြီး နေ့တိုင်းရယ်မောနေကာ ဒေါသထွက်မလွယ်ခဲ့ပေ။

ဘယ်အချိန်ကစခဲ့တာလဲ။

ကျင်းရှီက သိုးလေးကဲ့သို့ နူးညံ့သော မိန်းကလေးဖြစ်သွားသည့် သူမရဲ့ယောင်းမကို တွေးမိသည်။

သူမလည်း အနည်းငယ် ပြောင်းလဲသွားသလို ခံစားရသည်။ ကျင်းရှီ၏ ထင်မြင်ချက်အရ ရှချင်သည် အေးစက်သော ကောင်မလေးဖြစ်ခဲ့ပေမယ့် အခုရှချင်သည် ရှဖျင်ချွမ်ကို အလွန်နာခံနေတာက နည်းနည်းတော့ ပုံမှန်မဟုတ်ပေ။

သူမ သူ့ကို အလိုလိုက်ထားလို့ ဖြစ်နိုင်သည်။ ကျင်းရှီက ဒါကိစ္စကြီးတော့ မဟုတ်ဘူးဟု ခံစားခဲ့ရသည်။

သူမရဲ့ယောင်းမ သူမအစ်ကိုပေါ် ချစ်မြတ်နိုးပေးတာက ကောင်းတဲ့ကိစ္စပဲလေ။

ထိုညတွင် ကျင်းရှီက ရှန်ဖျင်ချွမ်နှင့် ရုံးခန်းမှာ ထွက်ခွာခဲ့ပြီး တိုက်ဆိုင်မှုအချို့ကြောင့် မြေအောက်ကားပါကင်တွင် ကျန်းရူနှင့် တွေ့ဆုံခဲ့သည်။

ကျန်းရူက ဝတ်စုံပြည့်ဝတ်ထားသော သက်လတ်ပိုင်း ယောက်ျားတစ်ယောက်ကို လက်ချိတ်ထားပြီး နှစ်ယောက်သားသည် ကားထဲဝင်တော့မည့်ပုံပင်။

ကျန်းရူကိုမြင်တော့ ကျင်းရှီက ကြောင်တစ်ကောင်ကို တွေ့လိုက်သော ကြွက်ကဲ့သို့ ချက်ချင်း ရှန်ဖျင်ချွမ်နောက်ကို ပုန်းလိုက်သည်။ "အိုး၊ မဟုတ်ဘူး၊ ကျွန်မကျောင်းမှာနေပြီး အချိန်ပိုမဆင်းဘူးဆိုတာသာ သူသိရင် သူ ကျွန်မကို သေချာပေါက် ထပ်ကြိမ်းမောင်းမှာ"

ကားပါကင်က လူရှင်းနေတာကြောင့် သဘာဝကျကျပင် ကျန်းရူက ကျင်းရှီကို ချက်ချင်း သတိထားမိသွားသည်။ ကျောင်းအုပ်က ကျောင်းပြေးကို ဖမ်းမိသကဲ့သို့ သူမက သူမရဲ့ကော့ညွှတ်နေသော မျက်ခုံးများကို ပင့်တင်လိုက်ပြီး "ကျင်းရှီ၊ နင် ဒီမှာဘာလုပ်နေတာလဲ"

ကျင်းရှီက ရှန်ဖျင်ချွမ်နောက်မှ တုန်လှုပ်စွာဖြင့် ထွက်လာပြီး ကမောက်ကမဖြင့် စကားတွေထစ်နေသည် "မင်္ဂလာပါ၊ ဆရာမကျန်း၊ ကျွန်မ...ကျွန်မအစ်ကိုနဲ့ ညစာထွက်စားတာပါ"

"ငါ နင့်ကိုလုပ်စရာတွေပြောခဲ့တာကို နင်ကညစာထွက်စားတယ်ပေါ့"

ကျင်းရှီက အသံတိုးတိုးဖြင့် ငြီးတွားသည်။ "ဆရာမ ကျွန်မတို့ကို အများကြီးလုပ်ခိုင်းခဲ့တာလေ၊ အိမ်စာတွေကို အမှတ်ခြစ်တာ၊ ရုံးခန်းသန့်ရှင်းလုပ်တာ၊ ဆရာမအတွက် ppt လုပ်ပေးရတာ၊ ကျွန်မတို့ ဘယ်လိုလုပ် အားလုံးကို ချက်ချင်းပြီးနိုင်မှာလဲ"

"နင် ငါ့ကို ပြန်ပြောနေတယ်ပေါ့"

ကျန်းရူက ဒေါသထွက်လွယ်သည့် ပုံစံမျိုးဆိုတာ သိသာသည်။ ပုံမှန်အားဖြင့် အထက်လူကြီးများက အသံတစ်သံမှမထွက်ရဲအောင် ဖိနှိပ်ကြပြီး အခုတော့ သူမမှာ လက်အောက်ငယ်သားတွေ ရှိလာတာကြောင့် သဘာဝအတိုင်းပင် သူမသည် နှစ်ဆပို စိတ်ဖြေဖျောက်ချင်လာသည်။

"မြန်မြန်ပြန်ပြီး အလုပ်ပြန်လုပ်။ မနက်ဖြန်မနက် မပြီးရင် ငါ့ဆီကနေ နင့်ရဲ့အလုပ်သင် အကဲဖြတ်မှတ်ရဖို့ မစဉ်းစားနဲ့တော့"

"ကျွန်မတို့က စက်ရုပ်တွေမဟုတ်ဘူး" ကျင်းရှီက သတ္တိကိုစုစည်းပြီး "ကျွန်မတို့လည်း စားရမှာပေါ့"

"နင်က ဘယ်လိုစားရမလဲပဲသိတယ်၊ နင်ဘာလို့သေအောင်မစားတာလဲ။ နင့်ကို မြင်ရတာ စိတ်ပျက်တယ်"

ရှန်ဖျင်ချွမ်က ကားတံခါးကို ဆောင့်ပိတ်ပြီး ဒေါသတကြီး အော်လိုက်သည်။ "ငါ့ညီမကို ခင်ဗျားဘယ်လိုလုပ် ဒီလိုပြောရတာလဲ"

"အိုး အစ်ကိုလေး၊ ဝင်မပါနဲ့။ သွားမယ်၊ သွားမယ်"

လူကြောက်လေး ကျင်းရှီက အရင်လိုပဲ ရှက်ကြောက်နေဆဲဖြစ်သည်။ သူမသည် ရှန်ဖျင်ချွမ်နှင့် ကျန်းရူတို့ ပဋိပက္ခဖြစ်ပြီး သူမရဲ့အလုပ်သင်ကာလအတွင်း ဂရုတစိုက်ကြိုးစားခဲ့သမျှက အလကားသာဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

All Chapters