← Chapters

အပိုင်း (၉၈)

Vol. 8 Ch. 98

အပိုင်း (၉၈)

Vol. 8 Ch. 98

ရှန်ဖျင်ချွမ် ထွက်လာချိန်မှာ ကျန်းရူလက်ချိတ်ထားသည့် သက်လတ်ပိုင်း ယောက်ျားက လန့်သွားပြီး အယောင်ယောင်အမှားမှားဖြင့် "သခင်လေးရှန်၊ သခင်လေးရှန်၊ ဘယ်လိုလုပ်...ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ"

ရှန်ဖျင်ချွမ်၏ မျက်လုံးများသည် အေးစက်သွားသည်။ "ချင်ဖုန်၊ ဒါခင်ဗျားမိန်းမလား"

ချင်ဖုန်က ပြဿနာကို ချက်ချင်း သတိပြုမိလိုက်သည်။ သူ့မျက်နှာသည် ရုတ်တရက် ‌ကြောက်လန့်တကြား ‌ဖျော့တော့သွားပြီး သူက ကျန်းရူကိုဆွဲ၍ ပြင်းထန်စွာ ရှေ့ကိုတွန်းထုတ်လိုက်သည်။ "ဈေးပေါတဲ့မိန်းမ၊ သခင်လေးရှန်ကို မြန်မြန်တောင်းပန်လိုက်"

ကျန်းရူက သူ့ရဲ့တွန်းထုတ်မှုကြောင့် ရှေ့သို့ ယိမ်းထိုးသွားပေမယ့် သူမက ဘာတွေဖြစ်ပျက်နေလဲ နားမလည်သေးပေ။ "အဘိုးကြီးချင် ရှင်ဘာတွေပြောနေတာလဲ။ ကျွန်မက ဘာလို့ဒီကလေးနှစ်ယောက်ကို တောင်းပန်ရမှာလဲ"

"ထပ်ပြီးအဓိပ္ပာယ်မရှိတာတွေ ထွက်လာရဲရင် ငါမင်းကိုရိုက်မယ်" ချင်ဖုန်ဟုခေါ်သော ယောက်ျား၏ ခမျက်နှာသည် ဒေါသကြောင့်နီရဲနေပြီး သူက ဒေါသတကြီး အော်သည်။ "ဒါငါတို့ကုမ္ပဏီရဲ့ သခင်လေးရှန် သူကငါ့အထက်လူကြီး"

ထိုအခြေအနေတွင် ကျန်းရူရဲ့မျက်နှာသည် နီတစ်လှည့်ဖြူတစ်လှည့်ဖြစ်နေပြီး သူမသည် ကျင်းရှီနှင့် ရှန်ဖျင်ချွမ်ကို ဗလာသတ်သတ် စိုက်ကြည့်၍ "ကျင်းရှီ...နင် သူတို့နဲ့ ဘယ်လိုပတ်သက်တာလဲ"

"ဆရာမကျန်း သူက ကျွန်မအစ်ကို"

ကျန်းရူမတုံ့ပြန်ခင် ချင်ဖုန်က ချက်ချင်းလျှောက်သွားပြီး ကျင်းရှီကို ဦးညွှတ်ကာ "ကျွန်တော်တောင်းပန်ပါတယ်၊ သခင်မလေးကျင်း၊ တကယ်တောင်းပန်ပါတယ်။ ကျွန်တော့်မိန်းမက နည်းနည်းစိတ်တိုလွယ်တယ် ဒါပေမယ့် သူကဘာသဘောမှမရှိပါဘူး။ ကျွန်တော့် သူ့အစားတောင်းပန်ပါတယ်။ စိတ်သဘောထားကြီးပြီး သူ့ကိုဗွေမယူပါနဲ့"

သူကပြောရင်း ကျန်းရူကို ဆွဲခေါ်ပြီး "မြန်မြန် သခင်မလေးကျင်းကို တောင်းပန်လိုက်"

ကျန်းရူ၏ လေးစားခံရသော ဘဝသည် ရှန်ကော်ပိုရေးရှင်း၌ သူမယောက်ျား၏ လစာမြင့်မားမှုပေါ် လုံးဝကို မူတည်သည်။ ထို့ကြောင့် သူမသည် ပြန်မပြောရဲဘဲ မဝံ့မရဲဖြင့် အသံကိုနှိမ့်ချပြီး "ကျွန်မတောင်းပန်ပါတယ်၊ သခင်မလေးကျင်း၊ အကုန်လုံး ကျွန်မအမှားပါ။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့နော်"

ကျင်းရှီက ဒီလိုမျိုးမြင်ကွင်းများကို ကျင့်သားမရပေ။ အနည်းငယ် စကားပြောဆိုပြီးနောက် သူမသည် သူမရဲ့အစ်ကို ခေါ်ပြီးထွက်သွားခဲ့သည်။

နောက်နေ့တွင် ကျန်းရူသည် တခြားလူတစ်ယောက်လိုဖြစ်သွားပေသည်။ သူမသည် ကျင်းရှီနှင့်ချူးကျောက်၏ အိမ်စာကို အမှတ်ခြစ်ရသည့် တာဝန်တွေကို ရုတ်သိမ်းလိုက်ရုံသာမက သူမက သူတို့ကို စင်ပေါ်၌တောင် သင်ကြားခွင့်ပြုခဲ့သည်။ အတန်းပြီးနောက် သူမက သူတို့ကို လက်ဖက်ရည်၊ ကော်ဖီတို့ဖြင့် ခခယယ ဧည့်ခံခဲ့ပြီး သူတို့နှင့်လိုက်လျောညီထွေဖြစ်အောင် သူမရဲ့သဘောထားကို ဂရုတစိုက်ပြုမူနေခဲ့သည်။

ချူးကျောက်က ကျင်းရှီကိုမေးသည်။ "ငါတို့ရဲ့အလုပ်သင် အကဲဖြတ်မှုနဲ့ အကဲဖြတ်အမှတ်တွေက အဆင်ပြေသွားလောက်ပြီလို့ နင်ထင်လား"

ကျင်းရှီက အဲဒါကို တွေးတောပြီး ခေါင်းညိတ်ပြသည်။ "ဖြစ်နိုင်ပါတယ်"

ထိုညတွင် ကျင်းရှီသည် ပေါ်ရန်ကို ဆိုဖာသို့ ဆွဲခေါ်ပြီး ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို သေသေချာချာကို ပြန်ပြောပြခဲ့သည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က သူ ကျွန်မတို့ကို လျှောက်အမိန့်ပေးနေခဲ့တာလေ။ အခု သူက ကျွန်မတို့ကို ကော်ဖီတောင် ဝယ်တိုက်သေးတယ်။ ရှင်သိလား၊ သူကျွန်မအတွက် ကော်ဖီယူလာပေးတုန်းက ကျွန်မလန့်ဖျပ်ပြီး ပါးစပ်အပူလောင်သွားတယ်"

ပေါ်ရန်က သူမရဲ့ပျော်ရွှင်မှုကို ရယ်မောပြီး သူမရဲ့အပေါ်နှုတ်ခမ်း အသားနုနုလေးပေါ်မှာ တကယ်ကို အနာသေးသေးလေးရှိနေသည်ကို တွေ့လိုက်ရသည်။

သူကပြုံးပြီး သူမခေါင်းကို ပွတ်သပ်၍ "အရူးမလေး"

ကျင်းရှီက ပေါ်ရန်ရဲ့လည်ပင်းကို ဖက်ထားပြီး "ကျွန်မကိုပြောစမ်းပါ၊ လူတွေဘာလို့ ဒီလောက်မြန်မြန် ပြောင်းလဲနိုင်ရတာလဲ။ ရုပ်ပြောင်းရုပ်လွှဲတတ်တာကျနေတာပဲ"

လူတွေက အမြဲတမ်း ပြောင်းလဲနေတာပဲလေ" ပေါ်ရန်၏ အပြုံးသည် ပြောနေရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ "မင်းအစ်ကိုလည်း ပြောင်းလဲသွားတာပဲ"

"ရှင်ရော ပြောင်းလဲသွားမှာလား" ကျင်းရှီ၏ နက်မှောင်သော မျက်လုံးများသည် သူ့ကိုစိုက်ကြည့်နေခဲ့သည်။

"ကိုယ်လည်း ပြောင်းလဲသွားမှာပဲလေ" ပေါ်ရန်က ကျင်းရှီရဲ့နဖူးကို ဖွဖွလေး နမ်းပြီး ညင်သာစွာ ပြောသည်။ "ဒါပေမယ့် ကိုယ်က မင်းသဘောကျတဲ့သူအဖြစ်ပြောင်းမှာ"

"အခု ရှင့်ပုံစံကိုပဲ ကျွန်မက သဘောကျတာ"

ကျင်းရှီက ခေါင်းငုံ့ကာ ထပ်စဉ်းစားပြီးနောက် ပေါ်ရန်ကို ပြောသည်။ "ဒါပေမယ့် အခုကျွန်မအစ်ကိုကို တကယ်သဘောမကျဘူး"

"ကိုယ် နားလည်ပါတယ်"

"ကျွန်မယောင်းမက မကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ကျွန်မ...သူ ကျွန်မ အစ်ကိုကို အရမ်းအလိုလိုက်လွန်းတယ်လို့ ခံစားရတယ်"

ပေါ်ရန်က တိတ်ဆိတ်နေခဲ့သည်။ အစက သူနှင့် ရှန်ဖျင်ချွမ်သာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေသည်ဆိုတာကို သိခဲ့သည်...ရှန်ဖျင်ချွမ်က အခုပုံစံသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး ရှချင်ကို အလုံးစုံအပြစ်မတင်နိုင်သော်လည်း သူမသည် အကြီးမားဆုံး ဖိအားပေးသူဖြစ်သည်။

"မင်းယောင်းမက မင်းအစ်ကိုကို ကျေးဇူးတင်ရမယ်" ပေါ်ရန်က ကျင်းရှီကို နှစ်သိမ့်ပေးရုံသာ တတ်နိုင်သည်။ "အရမ်းမတွေးနေပါနဲ့။ အရင်က မင်းအစ်ကိုက သူ့အဖေရဲ့အသက်ကို ကယ်ပေးခဲ့တယ်။ သူ မင်းအစ်ကိုကို ဆန့်ကျင်မပြောရဲဘူး"

"ဒါက...ကျွန်မ အကြာကြီး ဒီခံစားချက်ကို ရနေခဲ့ပေမယ့် ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး။ ကျွန်မ ရှင့်ကို တိုးတိုးတိတ်တိတ် ပြောပြမယ်နော်၊ တခြားဘယ်သူ့ကိုမှ မပြောနဲ့၊ ကျွန်မ အတွေးလွန်နေတဲ့ ကိစ္စပဲလို့ သဘောထားလိုက်"

"ဟမ်"

ကျင်းရှီက ပေါ်ရန်ပခုံးပေါ် မှီလိုက်ပြီး သူ့နားနားကို တိုးကပ်၍ တီးတိုးပြောသည်။ "ကျွန်မအစ်ကိုနဲ့ ယောင်းမကြား ဆက်ဆံရေးက နည်းနည်းပုံမှန်မဟုတ်ဘူးလို့ ကျွန်မအမြဲတမ်း ခံစားရတယ်၊ ဒါပေမယ့် ကျွန်မအတွေးလွန်နေတာပဲဖြစ်မှာပါ။ ကျွန်မအစ်ကိုက ယောင်းမကို နည်းနည်း... စပွန်ဆာပေးထားတာလို့ ကျွန်မခံစားရတယ်"

ကျင်းရှီက နောက်ဆုံးနှစ်လုံးကို အကျယ်ကြီး မပြောခဲ့ပေ၊ ပေါ်ရန် နားလည်ရုံလောက်ပဲ အသံတိတ် ပါးစပ်လှုပ်ပြခဲ့သည်။

"…"

ပေါ်ရန်၏ အသံရှူသံများသည် ခဏလောက် ရပ်တန့်သွားသည်။

ဒီတော့ ကျင်းရှီလို သတိလက်လွတ်နေတတ်တဲ့ အရူးမလေးတောင် ဒါကို သတိပြုမိတယ်ပေါ့။ ရှန်ဖျင်ချွမ် သူ့ကိုယ်သူ ဘယ်လောက်ကြာကြာလိမ်နိုင်မှာလဲ။

အဆောင်တွင်၊ ရှချင်သည် ရေနွေးငွေ့တွေပြည့်နေသော ရေချိုးခန်းထဲမှ ထွက်လာပြီး သူမရဲ့ခေါင်းမှာ ပတ်ထားသည့် ပုဝါကိုဖြည်ချလိုက်ရာ အလွန်အမင်း ကျန်းမာပြီး ထူထဲပုံပေါက်သော သူမရဲ့ရှည်လျားနက်မှောင်သည့် ဆံပင်သည် ဝဲကျလာသည်။

သူမက ‌ဆံပင်လေမှုတ်စက်ကို ယူပြီး မှန်ရှေ့မှာ ဆံပင်အခြောက်ခံလေသည်။

မှန်ထဲက မိန်းကလေးသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူမရဲ့မျက်နှာတွင် အရောင်တွေပိုများလာပြီး သူမရဲ့နဂိုစူးရှသည့် အသွင်အပြင်သည်လည်း အနည်းငယ် ဆွဲဆောင်မှုရှိမှုသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်၊ ဒါပေမယ့် သူမသည် လေ့ကျင့်ခန်းလုပ်ဆဲဖြစ်တာကြောင့် သူမရဲ့ပုံသဏ္ဌာန်သည် အချိုးအစားကျနေဆဲဖြစ်သည်။

အခု ရှချင်က ပိုပြီးမိန်းမသားဆန်လာသည်။

ရှန်ဖျင်ချွမ်က သူမကို ကောင်းကောင်း ပျိုးထောင်ခဲ့သည်။ သူမရဲ့မှန်တင်ခုံက ဘူးတွေ၊ပုလင်းတွေ အတန်းလိုက်ကအစ ထိပ်တန်းအမှတ်တံဆိပ်တွေဖြစ်ပြီး သူမ စူပါမားကတ်ကနေ ဝယ်သုံးခဲ့ဖူးသည့် အစိုဓာတ်ထိန်းခရင်မ်များနှင့် လားလားမှမဆိုင်ပေ။

အသိသာဆုံး ပြောင်းလဲမှုက သူမရဲ့အသားအရည်ဖြစ်သည်။ သူမရဲ့ဝါကျင့်ကျင့် အသားအရည်သည် အခု ဖြူပြီးနူးညံ့လာသည်။

မိန်းမတစ်ယောက်၏အလှ တစ်ဝက်က မွေးရာပါဖြစ်ပြီး ကျန်တစ်ဝက်သည် ပြုစုပျိုးထောင်မှုကြောင့်ဖြစ်သည်ဟု သူတို့ဆိုကြသည်မှာ မှန်ပေသည်။

အနက်ရောင် Benz သည် အဆောင်အဆောက်အဦအောက်တွင် ရပ်သွားပြီး လသာဆောင်ပေါ်က ကောင်မလေးတွေသည် အချင်းချင်း တီးတိုးပြောကြသည်။

"သခင်လေးရှန် ထပ်ရောက်လာပြန်ပြီ"

"သူ နေ့တိုင်းဝတ်စားနေတာတွေနဲ့ သုံးနေတာတွေကို ကြည့်လေ၊ သူ တခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ"

"ပုံမှန်ဆို သူက low-key ဖြစ်လွန်းတယ်၊ သူ ရှန်ဖျင်ချွမ်ကို တက်ကြံရဲတယ်ဆိုတာ မယုံကြည်နိုင်ဘူး"

"တွေးခေါ်တတ်တယ်ဆိုတာ အဲ့တာလေ။ နင့်မှာအဲ့လိုအရည်အချင်းမျိုးမရှိပါဘူး"

"ဒါပေါ့၊ ငါ့မှာအဲ့လိုအရည်အချင်း မရှိဘူးလေ။ သူတို့တွဲပြီး သိပ်မကြာဘူး အတူအိပ်ကြတယ်လို့ ငါကြားတယ်"

အခန်းဖော် အန်းရှောင်ရွှယ်က တံခါးကို ဆောင့်ပိတ်၍ ထိုစက်ဆုပ်ဖွယ်ရာ အတင်းအဖျင်းတွေကို ပိတ်ဆို့လိုက်ပြီး ဒေါသတကြီးပြောသည်။ "စိတ်ရှုပ်စရာကောင်းတဲ့ ကောင်မ‌တွေ"

ရှချင်က မတုံ့ပြန်ပေ။ သူမက သူမရဲ့လက်ကောက်ဝတ်နှင့် လည်ပင်းသို့ hand cream အေးအေးဆေးဆေး လိမ်းနေပြီး ပေါ့ပေါ့ပါးပါး ပြောသည်။ "သူတို့ပြောပါစေ၊ ပြီးတော့..."

သူတို့ပြောတာတွေတိုင်းက အမှန်တွေပဲလေ။

သူမရဲ့ဖုန်းက နှစ်ကြိမ်မြည်လာပြီး ရှချင်က ကျင်းရှီထံမှ စာတစ်စောင်နှင့် ရှန်ဖျင်ချွမ်ထံမှ တစ်စောင်ကို ရရှိခဲ့သည်။

ကျင်းရှီ - "အစ်မရှချင်၊ happy birthday ပါ။ အစ်မနဲ့အစ်ကို ပျော်ရွှင်ပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်"

ရှချင်က ကျင်းရှီရဲ့ chat ကို နှိပ်ဖွင့်လိုက်ပြီး အမြန်စာပြန်ခဲ့သည်။ "ကျေးဇူးပါ၊ ရှီရှီ"

ထို့နောက် ကျင်းရှီက နောက်ထပ်စာတစ်စောင် ပို့ခဲ့သည်။ "အစ်မရှချင်၊ ကျွန်မအစ်ကိုက အရမ်းဉာဏ်ကောင်းပေမယ့် တစ်ခါတလေဆို တော်တော်လေး ခေါင်းမာတယ်။ သူ ဒီနေ့ အန်ကန်ရှန်နဲ့ ထပ်ပြီးရန်ပွဲနွှဲခဲ့သေးတယ်။ အစ်မ သူ့ကိုများများပြောရမယ်နော်၊ သူ့ကို ထိန်းချုပ်ထား၊ အရမ်းအလိုမလိုက်နဲ့"

ဤထူးဆန်းသော စာကိုကြည့်ရင်း ရှချင်က စာမပြန်ခင် အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ "ကောင်းပါပြီ၊ အစ်မလုပ်လိုက်မယ်"

ရှန်ဖျင်ချွမ်၏ စာတွင် စကားလုံးအနည်းငယ်သာ ပါသည်၊ ကိုယ် မင်းကို ဝယ်ပေးထားတဲ့ စကတ်ကိုဝတ်နော်။

သူမသည် ဆံပင်လေမှုတ်စက်ကို ချပြီး အဝတ်ဗီဒိုကို ဖွင့်လိုက်သည်။

အဝတ်ချိတ်ပေါ်တွင် ချိတ်ဆွဲထားသော သီးသန့်ပြုလုပ်ထားသည့် လှပသော အပြာရောင်စကတ်ရှည်က သူမအတွက် ရှန်ဖျင်ချွမ်၏ မွေးနေ့လက်ဆောင် ဖြစ်သည်။

စကတ်ကို ညကောင်းကင်ယံရှိကြယ်များကဲ့သို့သော သေးငယ်သည့်ဘော်ကြယ်လေးများဖြင့် အလှဆင်ထားပြီး အသက်ရှူမှားလောက်အောင် လှပပေသည်။

ရှန်ဖျင်ချွမ်က ဆံပင်လှိုင်းတွန့်နှင့်မိန်းကလေးများ၊ စကတ်ဝတ်သော မိန်းကလေးများ၊ မိတ်ကပ်မလိမ်းသော မိန်းကလေးများကို သဘောကျသည်…

လွန်ခဲ့သောနှစ်နှစ်အတွင်း ရှချင်၏ ကြိုးစားအားထုတ်မှုတိုင်းက ရှန်ဖျင်ချွမ် သဘောကျသော ကောင်မလေးဖြစ်လာရန်ဖြစ်သည်။

ဒါက သူမ မျက်နှာသာရဖို့၊ အချစ်ခံရဖို့အတွက်မဟုတ်ပေမယ့် သူ့ရဲ့ခံစားချက်များကို ကျေးဇူးတင်ကြောင်းပြသပြီး တုံ့ပြန်ရန်ဖြစ်သည်။

ဒါပေမယ့် အခုတော့ သူမသည် သူမ တစ်ခုခုအမှားလုပ်မိသွားပြီဆိုတာကို တကယ်ကို မသိခဲ့ပေ။

သူမသည် ကျင်းရှီရဲ့ထူးဆန်းသော စာကိုကြည့်ပြီး ချက်ချင်းပဲ စကတ်ကို ပြန်ထည့်ကာ အဲဒီအစား ပေါ့ပေါ့ပါးပါး ပန်းရောင်နှင့်အဖြူရောင် ဟူဒီကို ထုတ်လိုက်သည်။

သူမသည် အရင်က စကတ်တစ်ခါမှ မဝတ်ခဲ့ဖူးပဲ ၎င်းတို့ကို ဝတ်ရသည်ကိုလည်း မကြိုက်ပါ။ သူမက ဟစ်ဟော့စတိုင်၏ လွှမ်းမိုးမှုဖြင့် ပေါ့ပေါ့ပါးပါး ဝတ်စားရသော ဟူဒီများကိုသာ သဘောကျသည်။

သူမသည် ဆံပင်ရှည်တွေကို သူမခေါင်းပေါ်မှာ ခပ်မြင့်မြင့် သပ်ရပ်စွာ ချည်နှောင်ပြီး ဟူဒီနှင့် ‌ဂျင်းဘောင်းဘီအပွကို Air sneakers နှင့် တွဲဖက်ဝတ်ဆင်ခဲ့သည်။ သူမအောက်ထပ်သို့ဆင်းလာခဲ့သည်။

ရှန်ဖျင်ချွမ်သည် ကားတံခါးကို မှီထားသည်။ သူမထွက်လာဝာာကိုမြင်တော့ သူက ချက်ချင်းကို ပြုံးလိုက်မိသည်။

ရှချင်က သူတို့ပထမဆုံး စချိန်းတွေ့သည့် အချိန်ကို သတိရမိသည်၊ ရှန်ဖျင်ချွမ်က သူမကိုမြင်တိုင်း ချက်ချင်း သူမထံ ပြေးလာပြီး နွေးထွေးစွာ ဖက်ပေးခဲ့သည်။

အရင်က သူသည် ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ အခုတော့ သူက ရှန်အဖွဲ့အစည်း တစ်ခုလုံးကို တာဝန်ယူနေသည့် လူငယ်စီအီးအိုဖြစ်လာခဲ့ပြီး သူ့ရဲ့အပြုအမူ‌နှင့် ခံစားချက်တွေကို ထိန်းချုပ်ရန် သင်ယူခဲ့၍ ပိုမိုတည်ကြည်လာခဲ့သည်။

ဒါပေမယ့် သူ သူမကိုတွေ့တိုင်း သူ့နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားတတ်ခြင်းသည် ဘယ်တော့မှ မပြောင်းလဲခဲ့ပါ။

သူ့မျက်လုံးများတွင် သူမရဲ့နှလုံးသားကို နွေးထွေးစေသော အလင်းရောင်များနှင့် ပြည့်နှက်နေပေသည်။

ရှချင်က ရှန်ဖျင်ချွမ်၏ ဘေးသို့ ပြေးသွားပြီး သူ့ရဲ့သွယ်လျသည့်ခါးကို ပွေ့ဖက်လိုက်သည်။

ရှချင်၏ သန်မာမှုအဆင့်နှင့် လိုက်ဖက်ဖို့ ရှန်ဖျင်ချွမ်သည်လည်း ဒီနှစ်တွေမှာ အားကစားရုံ၌ ကြိုးကြိုးစားစား လေ့ကျင့်ခဲ့သည်။ တက်စတိုစတီရုန်း၏ အကူအညီဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးသက်ရောက်မှုကို မိန်းကလေးများထက် ယောက်ျားလေးများသည် ပိုလွယ်ကူစွာ ရရှိသည်။ သူသည် ဤကြွက်သားအချိုးအစားကို အများကြီးအားထုတ်စရာမလိုဘဲ ဖွဲ့စည်းခဲ့သည်။

သူ၏အချိုးအစားကျသော ခန္ဓာကိုယ်၊ စူးရှမှုရှိသော အသွင်အပြင်များနှင့် ရင့်ကျက်သော စီးအီးအို စိတ်နေသဘောထားကြောင့် ရှန်ဖျင်ချွမ်၏ ဆွဲဆောင်မှုသည် တော်တော်လေးကို တိုးမြင့်လာခဲ့သည်။

ကျင်းရှီက ရှန်ဖျင်ချွမ်သည် သူ့ရဲ့ငယ်ရွယ်စဉ် အကောင်းဆုံးသော နှစ်များအတွင်း အဆီပိုများသာ ကြီးထွားလာခဲ့သည်ဟု ငြီးငြူခဲ့ပေသည်။ သူ့ဘဝရဲ့အထွတ်အထိပ်ကို ဝင်ရောက်၍ တက္ကသိုလ်မှ ဘွဲ့ရပြီးသည့်တိုင် သူသည် အပြည့်အဝ မပွင့်လန်းခဲ့ပေ။

ရှန်ဖျင်ချွမ်သည် ရှချင်ရဲ့ခါးကို ဖက်လိုက်ပြီး သူမကို ကားထဲသို့ ခေါ်သွားခဲ့သည်။ ကားနောက်ခန်းတွင် ရင်သပ်ရှုမောဖွယ်ကောင်း၍ အနည်းဆုံး နှင်းဆီပန်းရာကျော်ဖြင့် ကြီးမားလှသော ပန်းစည်းကြီးရှိသည်။

ရှချင် ပြောလိုက်သည်။ "အရမ်းလှတာပဲ"

သူမဘေးမှာ ထိုင်နေသော ရှန်ဖျင်ချွမ်က ကားတံခါးကိုပိတ်ပြီး "မင်းသဘောကျရင်ပြီးရော"

"ကျေးဇူးပါ၊ ကျွန်မ သဘောကျတယ်"

သူမက သူ့လည်ပင်းကို ဖက်ပြီး သူ့မေးရိုးကို နမ်းလိုက်သည်။

ရှန်ဖျင်ချွမ်က သူမရဲ့ဆံပင်ကို ပွတ်သပ်နေရင်း ဒီနေ့ သူမရဲ့ကွဲပြားနေတဲ့ ပြင်ဆင်မှုကို သတိပြုမိပေသည်။

သူမက အမြဲတမ်း ဆံပင်ကို ချထားတတ်သည်။ ဒီနေ့တော့ သူမ ချည်နှောင်ထားပြီး ဟူဒီဝတ်ထားသည်။ သူမရဲ့ဘယ်ဘက်နားတွင် အနက်ရောင် သလင်းကျောက် နားကပ်ကို ဝတ်ဆင်ထားသည်။

ရှန်ဖျင်ချွမ်သည် ကားမောင်းသမားကို မောင်းမထွက်ခိုင်းခဲ့ပေ။ အနည်းငယ် မျက်မှောင်ကျုံ့ပြီး သူကမေးသည် "ကိုယ် မင်းကိုပေးခဲ့တဲ့ စကတ်ကိုမဝတ်ဘူးလား"

"ဘာလို့ဆို...မတော်လို့"

သူက ကောင်မလေးကို လက်တစ်ဖက်ဖြင့် သူ့နားကို ဆွဲခေါ်လိုက်သည်။ "မတော်ဘူးလား"

ရှချင်က သူ့ကိုမကြည့်ရဲတာကြောင့် ခေါင်းငုံ့ပြီး သူမရဲ့မျက်လုံးကို ရှေ့ဆံပင်ဖြင့် ဖုံးထားသည်။ သူမက ဟုတ်ကြောင်း တီးတိုးပြောခဲ့သည်။

"အဲဒါက ကိုယ် နာမည်ကြီး ပြင်သစ်ဒီဇိုင်းနာဆီကနေ မင်းကိုယ်တိုင်းနဲ့မှာထားတဲ့စကတ်လေ။ မတော်စရာအကြောင်းမှမရှိတာ။ မင်းမကြိုက်ဘူးပဲ"

ဒီနှစ်များမှာ ရှန်ဖျင်ချွမ် ဘယ်တော့မှ မပြောင်းလဲခဲ့သော အရာသည် သူ၏တဇွတ်ထိုးဆန်မှုဖြစ်သည်။

"ကိုယ် ပေးတဲ့လက်ဆောင်ကို မင်းမကြိုက်ဘူးပဲ"

ရှချင် အနည်းငယ် စိုးထိတ်သွားခဲ့သည်။ "မဟုတ်ပါဘူး၊ ရှင် ကျွန်မကိုပေးခဲ့တဲ့ လက်ဆောင်တွေအကုန်လုံးကို ကျွန်မ တကယ်ကို ကြိုက်ပါတယ်"

"ထားလိုက်တော့" သူက ပေါ့ပေါ့ပါးပါးပဲ ပခုံးတွန့်ပြပြီး လက်ဆန့်၍ သူမဆံပင်က ခေါင်းစည်းကြိုးကို ဖြည်လိုက်ပြီး သူမရဲ့ပြေကျသွားသည့် ဆံပင်တွေကို ပွတ်သပ်လိုက်သည်။ "ကိုယ့်ဒါလင်ကြိုက်သလို ဝတ်လို့ရပါတယ်"

ရှချင်က ရယ်ပြီး သူ့ကို ပွေ့ဖက်လိုက်သည်။

ရှန်ဖျင်ချွမ်သည် ကားမောင်းသမားကို ကားမောင်းထွက်ဖို့ ပြောပြီးနောက် ကျယ်ဝန်းသော နောက်ခန်းမှာ ထိုင်နေပြီး ရှချင်ကိုနမ်းဖို့ သေသေချာချာကို အာရုံစိုက်နေခဲ့သည်။

အရင်ကတော့ ရှချင်က ကားမောင်းသမားကရှေ့မှာရှိနေချိန် ကားထဲမှာ နမ်းရတာကို သဘောမကျခဲ့ပေ။ အရမ်းအဆင်မပြေသလို ခံစားခဲ့ရသည်။ ဒါပေမယ့် ရှန်ဖျင်ချွမ်က သီးသန့်နေရာမှာ ရင်းနှီးမှုယူရတာကို သဘောကျပုံပင်။ တစ်ခါပွဲတစ်ခုမှာ အများကြီးသောက်ပြီးနောက် သူက သူမကို ကားထဲတွင် မဟုတ်တာလုပ်လုနီးပါးဖြစ်ခဲ့သည်။

ထိုအချိန်မှစ၍ ရှချင်သည် သတိထားမနေတော့ပေ။

ရှန်ဖျင်ချွမ်က သူမကို သူ့ပေါင်ပေါ် ဆွဲတင်လိုက်သည်။ သူ့မေးရိုးကိုကိုင်၍ သူ့ကို စိတ်အားထက်သန်စွာ နမ်းခွင့် သူမကိုပေးလိုက်ပြီး သူ့ရဲ့လက်များက သူမရဲ့သွယ်လျသည့်ခါးကို ညင်သာစွာ ပွတ်သပ်နေခဲ့သည်။

ရှချင်၏ အနမ်းများသည် သူတို့ပထမဆုံးချိန်းတွေ့တုန်းကလို အဆင်မပြေမှုနှင့် ရိုးသားမှုမရှိတော့ပေ။ သူမသည် သူ့ကို တုံ့ပြန်ရန်နှင့် သူ့ကို မြှူဆွယ်ရန် သင်ယူခဲ့သည်။

သူမသည် နမ်းတာကိုသာ အာရုံစိုက်နေပြီး မျက်လုံးများကိုမှိတ်ထား၍ ရှည်လျားသော မျက်တောင်များက အနည်းငယ် ကော့တက်နေပေသည်။ ရှန်ဖျင်ချွမ်သည် ထိန်းချုပ်မှုမရှိသော အချစ်များဖြင့် ပြည့်နေသော အညိုဖျော့ရောင် မျက်လုံးများနှင့် သူမရဲ့လှပမှုကို ကြည့်နေခဲ့သည်။

"ဒါလင်၊ ကိုယ် မင်းကိုချစ်တယ်"

ရှချင်က သူ့ကို တင်းကျပ်စွာပွေ့ဖက်ပြီး "ကျွန်မလည်းရှင့်ကိုချစ်တယ်"

ကားမောင်းသမား လောင်လျှိုက ဤခွေးစာကို မျိုချ၍ မတတ်နိုင်စွာ ခေါင်းခါမိသည်။ အချိန်ကာလအရဆို နှစ်ယောက်သားသည် ကြင်စဦးအဆင့်ကို ကျော်လွန်ခဲ့သည်မှာ ကြာပြီးဖြစ်သော်လည်း သူတို့ရဲ့ခံစားချက်များသည် သူတို့ချစ်ကြိုက်ခါစကလို ပြင်းထန်နေဆဲပင်။

ရှန်ဖျင်ချွမ်၏ အဆင့်အတန်းနှင့် ရုပ်ရည်ကို စဉ်းစားကြည့်မယ်ဆို သူ့ကို ကပ်တွယ်ဖို့ စိတ်အားထက်သန်နေသည့် မိန်းကလေးများစွာ ရှိပေသည်။ ရှချင်ထက်ပိုလှသည့် မိန်းကလေးတွေဆိုတာ အတိုင်းအဆမရှိပါ။ လိုချင်သည့်ပုံစံကို ရှာလို့ရသည်။

လောင်လျှိုရဲ့မျက်လုံးထဲတွင် ရှချင်သည် အပြင်က တခြားမိန်းကလေးများနှင့် ကွဲပြားမှုမရှိပေ - မျက်နှာသာပေးခံရဖို့နှင့် အချစ်ခံရဖို့ နာခံမှုရှိပြီး နူးညံ့သည်။ ထက်မြက်မှုမရှိသည်မှာ သေချာပြီး တစ်ခါတရံ တော်တော်လေးကို ကိုးရိုးကားရားနိုင်ကာ သူမရဲ့ခံစားချက်များကို မဖုံးကွယ်နိုင်ဘဲ၊ မလိုလားကြောင်း သိသာနေတာတောင် ဘာမှမဖြစ်သလို ဟန်ဆောင်ခဲ့သည်။

သူမသည် ရှန်ဖျင်ချွမ်ကို သိသိသာသာကို မျက်နှာသာပေးပေသည်။ ဤသခင်ငယ်လေးက ဘာဂါထာအောက်ကို ရောက်နေလဲ ဘယ်သူသိမှာလဲ၊ တကယ်ပင် သူမ လုပ်သမျှကို သူကသဘောကျသည်။

All Chapters