အပိုင်း (၁၀၁)
Vol. 8 Ch. 101
ရှုချောင်းယန်သည် သူ့ရဲ့ညီအစ်ကို ကျည်ဆန်ပေါင်းများစွာဖြင့် ပစ်ခတ်ခံခဲ့ရပြီး သွေးအိုင်ထဲတွင် လဲကျနေသည်ကို သူက အကူအညီမဲ့စွာ ကြည့်နေမိခဲ့သော အဲ့နေဝင်ရီတရောကို ဘယ်တော့မှမမေ့ခဲ့ပေ။
ထိုအခိုက်အတန့်လေးမှာ ရှုချောင်းယန်က သူ့ရဲ့အကြားစွမ်းရည် ပျောက်ဆုံးသွားသလို ခံစားရပေသည်။ သူ့အနားက ကျယ်လောင်နေသော သေနတ်သံတွေ၊ မလှမ်းမကမ်းက ပေါက်ကွဲမှုတွေ၊ အနီးအနားက ဆူညံသံတွေကို သူမကြားနိုင်ခဲ့ပါ။
သူ့ရဲဘော်များရဲ့ဆွဲခေါ်မှုကို လျစ်လျူရှု၍ သူ ကျင့်ချီဆီကို အပူတပြင်း တွားသွားပြီး သူ့လက်ကိုဆွဲကာ သူ့နာမည်ကို ကျယ်လောင်စွာဖြင့် အော်ခေါ်ခဲ့သည်။
ကျင့်ချီက ရှုချောင်းယန်ကို သွေးတွေနှင့်ဖုံးလွှမ်းနေပြီး နာကျင်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
"ငါ မင်းကို ခေါ်ထုတ်သွားမယ်၊ ငါမင်းကိုအိမ်ပြန်ခေါ်သွားမယ်နော်" ရှုချောင်းယန်က တရှုံ့ရှုံ့ဖြစ်နေပြီး ကျင့်ချီရဲ့မျက်နှာပေါ်သို့ နှပ်များကျလာသည်။ "အစ်ကိုကျင့် အားတင်းထားနော်။ ငါတို့အိမ်ပြန်ကြမယ်"
ကျင့်ချီက သူ့ရဲ့ကျန်ရှိသည့်ခွန်အားဖြင့် ရှုချောင်းယန်၏ ကော်လာကို ဆွဲကိုင်ပြီး စကားလုံးတစ်လုံးတည်း ထွက်လာသည်။ "သွား"
"ငါ မင်းကို မထားခဲ့ဘူး။ ငါ မင်းကို ပြန်ခေါ်သွားမှာ"
ရှုချောင်းယန်က ကျင့်ချီကို သူ့ကျောပေါ်တင်ဖို့ကြိုးစားရင်း ဒါကိုပြောသည်။ ထို့နောက် သူတို့ဘေးနားမှ ကျည်ဆန်နှစ်ခုက ရှပ်ပြီးသွေဖည်သွားသည်။ ရှုချောင်းယန်က အဝေးကိုလွင့်ထွက်သွားပေသည်။
လွင့်စင်လာသော အကျိုးအပဲ့များနှင့် အပျက်အစီးများကြား သူက သူ့ခန္ဓာကိုယ်ဖြင့် ကျင့်ချီကို ကာကွယ်ထားပြီး လမ်းပျောက်သွားသော ကလေးတစ်ယောက်လို ငိုယိုနေခဲ့လေသည်။
"သွားမယ်" အဖွဲ့သားတွေက အပစ်အခတ်တွေကို ပုန်းရှောင်ရင်း ပြေးလာပြီး ရှုချောင်းယန်ကို ဆွဲခေါ်ကြသည်။ "သူ့ကိုထားလိုက်တော့၊ သွားရအောင်"
သွေးအိုင်ထဲတွင် လဲလျောင်းနေသော ကျင့်ချီကို အကူအညီမဲ့စွာ ကြည့်ရင်း ရှုချောင်းယန်သည် ဆွဲခေါ်သွားခံခဲ့ရသည်။
သူသည်အသံထွက်မလာနိုင်ပေမယ့် သူ့နှုတ်ခမ်းတွေက လှုပ်ရှားနေခဲ့သည်။ ရှုချောင်းယန်က ထိုသွေးထွက်သံယိုမြင်ကွင်းကို ဘယ်တော့မှ မမေ့ခဲ့ပါ။
ကျင့်ချီက သူ့ကို "ငါ့ကောင်မလေးကို ဂရုစိုက်ပေးပါ..." ဟု ပြောနေခဲ့သည်။
ရှုချောင်းယန်သည် အိပ်မက်ဆိုးမှာ လန့်နိုးလာပြီး ချွေးအေးများဖြင့် စိုစွတ်နေပေသည်။ သူသည် ဖုန်းမှအချိန်ကို စစ်ဆေးပြီးနောက် အမြန်ရေချိုးပြီး ဝတ်စားကာ လေဆိပ်ကိုသွားခဲ့သည်။
ပေါ်ရန်က လေယာဉ်မှဆင်းပြီးတာနှင့် ပြောင်းရွှေ့မှုပြီးစီးဖို့ တပ်ခွဲသို့ သူနှင့်သွားခဲ့သည်။ လမ်းမှာ ရှုချောင်းယန်က ပေါ်ရန်ကို အခြေအနေနဲ့ပတ်သက်ပြီး အကျဉ်းချုံးပြောပြခဲ့သည်။
နီသန်နယ်မြေ နယ်စပ်နားတွင် အကြီးမားဆုံးသော မူးယစ်ဆေးဘုရင်သည် ဝေ့ရွင်းဖြစ်သည်။ ဒီနှစ်တွင် အများအပြားရိတ်သိမ်းခဲ့ရပြီး သိပ်မကြာခင် သူသည် တင်ပို့မှု ကြီးကြီးမားမားကို ပြင်ဆင်ပြီးလောက်ပြီ။ အဖွဲ့သည် ဒီအခွင့်အရေးကို အရယူပြီး နိုင်ငံနယ်စပ်တွင် သူ့ကိုဖမ်းဆီးရန် ကြိုးစားမည်။
ဒါပေမယ့် ဝေ့ရွင်းက အလွန်အမင်း ပါးနပ်ပြီး ဖမ်းဆီးရခက်သည်။ လွန်ခဲ့သည့်နှစ်ဝက်ခန့်က ပြင်းထန်စွာ စီးနင်းခဲ့မှုသည် များစွာသော အရည်အချင်းရှိအဖွဲ့သားများရဲ့အသက်များကို နှုတ်ယူနိုင်ခဲ့ပေမယ့် မူးယစ်ဆေးဝါးဘုရင်ကတော့ လွတ်မြောက်နေဆဲပင်။
ပေါ်ရန်၏ ရောက်ရှိလာမှုက ပင်ပန်းပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသော အဖွဲ့ကို အားရှိစေခဲ့သည်။ အများစုသည် အတန်းတူတူမှဘွဲ့ယူခဲ့သော ကျောင်းသားဟောင်းများဖြစ်ပြီး သူတို့က ပေါ်ရန်၏ စွမ်းဆောင်ရည်များကို ကောင်းကောင်းသိပါသည်။
နောက်ရက်အနည်းငယ်အတွင်း ပေါ်ရန်သည် အိပ်ခဲပြီး အဖွဲ့နှင့် ဖမ်းဆီးရေးအစီအစဉ်တွေကို ဆက်တိုက်ဆွေးနွေးခဲ့သည်။
"သိပ်မကြာခင်က ငါတို့ မူးယစ်ဆေးကူးသန်းရောင်းဝယ်သူ ဘော့စ်တစ်ယောက်ကို B မြို့မှာ ဖမ်းမိခဲ့တယ်။ ဒီသတင်းက လျှို့ဝှက်ထားတုန်းပဲ။ ငါတို့ သူ့အချက်အလက်ကို သုံးလို့ရတယ်"
ရှုချောင်းယန်က ပေါ်ရန်ကို ကြည့်ရင်း ရုတ်တရက် သူ့ရည်ရွယ်ချက်ကို ဖမ်းဆုပ်မိလိုက်သည်။ "မင်းဆိုလိုတာ..."
"ဒီနှစ်တော်တော်လေး ရိတ်သိမ်းရရှိခဲ့တယ်လို့ ငါကြားတယ်။ ရိတ်သိမ်းရာသီမို့ မူးယစ်ဆေးဝါးတွေ တော်တော်များများ သိုလှောင်ထားမှာ...ဝေ့ရွင်းက အကုန်လုံးကိုရှင်းထုတ်ဖို့ တွေးပူနေလောက်တယ်။ သူက ရောင်းဖို့စိတ်အားထက်သန်နေတာမို့ ငါတို့ သူ့ဆီကဝယ်ရမှာပေါ့"
"မင်းက မူးယစ်ဆေးကူးသန်းရောင်းဝယ်သူအဖြစ် ဟန်ဆောင်ပြီး သူနဲ့အပေးအယူလုပ်မယ်ပေါ့။ အရင်က ငါတို့အဲ့နည်းကို ကြိုးစားဖူးတယ်၊ ဒါပေမယ့် ဝေ့ရွင်းရဲ့စည်းမျဉ်းက ဖောက်သည်တွေနဲ့ သူကိုယ်တိုင်ဘယ်တော့မှ မတွေ့တာပဲ။ သူ ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေကိုပဲ အမြဲတမ်းပို့ခဲ့တယ်၊ ငါတို့သူ့ရဲ့"လူယုံတွေ" ကို ဖမ်းမိခဲ့ပေမယ့် သူကတော့လွတ်နေတုန်းပဲ"
"ဒါဆို အခုသူ့မှာတစ်ယောက်မှ မရှိတော့တဲ့သဘောပေါ့လေ"
"ဟုတ်တယ်၊ ဒါပေမယ့် သူ လူသစ်တွေကို မွေးမြူနေလောက်ပြီ"
"ဒါဆို ဒီအပေးအယူအတွက် သူ ဘယ်သူ့ကို ပို့မယ်လို့ မင်းထင်လဲ"
ရှုချောင်းယန်က ထိတ်လန့်သွားပြီး "မင်းဆိုလိုတာ၊ ကျင့်ချီလား"
ပေါ်ရန်သည် အေးအေးဆေးဆေးပဲပြောသည်။ "ကိစ္စတွေကို နှောင့်နှေးမှုမရှိဘဲ ပြီးမြောက်အောင်လုပ်ပေးနိုင်တဲ့ ကျင့်ချီက အခုချိန်မှာ သူ့ရဲ့အယုံကြည်ရဆုံးလူယုံပဲ။ သူက ဝေ့ရွင်းရဲ့အစွမ်းဆောင်နိုင်ဆုံးသော တပည့်ဖြစ်ပြီး သူ့သမီးနဲ့လက်ထပ်တော့မှာလေ။ ကျင့်ချီရဲ့လက်ထဲကို အပေးအယူကြီးကြီးမားမားကို ထည့်လောက်မှာပေါ့"
"မင်းမှန်တယ်။ ဒါဆို ငါတို့ ကျင့်ချီကို ပြန်ရနိုင်တယ်"
တိတ်ဆိတ်နေခဲ့သော လျှိုက သူ့လည်ချောင်းကို ရှင်းလင်းပြီး "ဘက်ပြောင်းသွားတဲ့ အဖွဲ့သားတစ်ယောက်ကို ပြန်ခေါ်ဖို့ ဒီလောက်ကြီးမားတဲ့စစ်ဆင်ရေးကို ပြင်ဆင်နေတာလား။ ဒါတရားမမျှတဘူးလေ"
ပေါ်ရန်က တည့်တိုးပဲပြောသည်။ "ကျင့်ချီကဘက်ပြောင်းသွားတာမဟုတ်ဘူး။ ငါညီအစ်ကိုအကြောင်း ငါသိတယ်"
"ကောင်းပြီ၊ သူဘက်မပြောင်းသွားရင်တောင် ဘာလို့သူ့ကိုပြန်ခေါ်ရမှာလဲ"
"သူဘက်မပြောင်းသရွေ့ ဝေ့ရွင်းကိုဖမ်းဖို့ သူကငါတို့ကို ကူညီနိုင်တယ်"
"မင်း သူ့ကိုယုံလွန်းတယ်။ သူသာ ဘက်ပြောင်းသွားတယ်ဆို ငါတို့မစ်ရှင် ကျရှုံးရုံပဲမဟုတ်ဘူး၊ မရေတွက်နိုင်တဲ့ အဖွဲ့သားတွေကိုလည်း စတေးရမှာ။ မင်းစဉ်းစားပြီးပြီလား" လျှိုက ကျင့်ချီကို မယုံပေ။ "ဒီခြောက်လအတွင်း ဝေ့ရွင်းက သူ့ကိုပိုပိုယုံကြည်လာတယ်။ ငါတို့ဆက်သွယ်ဖို့ အခွင့်အရေးတွေ ရှ်ိခဲ့တာပဲလေ၊ ဒါပေမယ့် သူဘယ်တော့မှပြန်မလာခဲ့ဘူး။ သူဝေ့ရွင်းကိုရွေးချယ်ခဲ့တာ။ စိတ်ကူးယဉ်နေတာရပ်လိုက်တော့"
ရှုချောင်းယန်က ပြန်ပြောသည်။ "ဒါမဖြစ်နိုင်ဘူး။ အစ်ကိုကျင့်မှာ အစီအစဉ်တစ်ခုခု ရှိလို့ပဲဖြစ်မှာ"
"နောက်ဆုံးတွေ့ဆုံမှုတုန်းက သူ ဝူလေးခေါင်းကို ထိုးဖောက်လုနီးပါးလေ။ ဝူလေးကလည်း မင်းရဲ့သွေးသောက်ညီအစ်ကိုပဲဟာ။ မင်းဘယ်လိုပြောမလဲဒါကိုကျ"
"အဲဒါမတော်တဆပဲ" ရှုချောင်းယန်ရဲ့အသံသည် အားနည်းနေပြီး ယုံကြည်မှု ကင်းမဲ့နေပေသည်။
"ဒါမတော်တဆမဟုတ်ဘူး" ပေါ်ရန်က အဖွဲ့ကိုစုံစမ်းခဲ့ပြီး "ကျင့်ချီက ဒေသတွင်း စနိုက်ပါပြိုင်ပွဲမှာ နှစ်နှစ်ဆက်တိုက် ပြီးပြည့်စုံတဲ့တိကျမှုနဲ့ အနိုင်ရခဲ့တာ။ ဒီလိုလွဲသွားတယ်ဆိုတာ ရှုချောင်းယန်ဆို ဖြစ်နိုင်ပေမယ့် ကျင့်ချီကတော့ ဘယ်တော့မှရှိလာမှာမဟုတ်ဘူး"
သူက ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။
ဖမ်းဆီးရေးအစီအစဉ်တွေကို ဆွေးနွေးပြီးစီးသည့်နောက် ပေါ်ရန်က စင်္ကြံကိုသွားပြီး သူ့အိတ်ထဲမှ စီးကရက်တစ်ခုကို ထုတ်ယူလိုက်သည်။
လျှိုကရောက်လာပြီး သူ့ပခုံးကို ညင်သာစွာပုတ်၍ လေးလေးနက်နက် အကြံပြုခဲ့သည်။ "ပေါ်ရန်၊ မင်းတို့ရင်းနှီးတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ဒီနေရာမှာ ငါတို့ရဲ့ဆုံးဖြတ်ချက်ကို ခံစားချက်တွေနဲ့ ဖုံးပစ်လို့မရဘူး။ ငါတို့သတိရှိရမယ်။ အဆိုးဆုံးဖြစ်နိုင်ချေတွေကို စဉ်းစားကြည့်မယ်ဆို - ကျင့်ချီက တကယ်ပဲ သွေးဆောင်မှုနဲ့ ဘက်ကူးပြောင်းမှုကို မခုခံနိုင်ခဲ့လောက်ရင်ရော။ မင်းအရာအားလုံးကိုသူ့ပေါ်ပဲမူတည်နေမယ်ဆို ငါတို့ဘဝပျက်သွားနိုင်တယ်"
ပေါ်ရန် မတုံ့ပြန်ခင်မှာ သူ့ဖုန်းက မြည်လာသည်။ ကျင်းရှီခေါ်တာပင်။
မနက်ကိုးနာရီဖြစ်ပြီး အများအားဖြင့် သူမမှာ အတန်းတွေ ရှိတာကြောင့် ဒီလိုစောစောမှာ သူနှင့်ဆက်သွယ်ခဲသည်။
ပေါ်ရန်ကဖုန်းဖြေခဲ့သည်။ ကျင်းရှီရဲ့အသံသည် လောနေသည်။ "ပေါ်ရန်၊ ကျွန်မ ဒီနေ့ ချူးကျောက် နှုတ်ထွက်စာတင်ပြီး ထွက်သွားတယ်လို့ အလုပ်မှာကြားခဲ့တယ်။ သူက သူ့မိဘတွေကို သူ့မှာလုပ်စရာတစ်ခုရှိလို့၊ ပြီးတာနဲ့ပြန်လာခဲ့ပါ့မယ်၊ စိတ်မပူပါနဲ့ဆိုပြီး စာတစ်စောင်ထားခဲ့တယ်။ သူ့မိဘတွေက သူအရင်အပတ်က အွန်လိုင်းပေါ်ကနေ လေယာဉ်ဘွတ်ကင်တင်ခဲ့ပြီး အခုထွက်သွားပြီလို့ စုံစမ်းရတယ်။ ရှင် သူ့ကို ရှာပေးလို့ရမလား"
"ချူးကျောက် လိုက်လာတယ်"
"ဟုတ်တယ်"
ပေါ်ရန်၏ နှလုံးသားသည် လှုပ်ရှားသွားပေသည်။ သူက ဖုန်းချပြီး ရှုချောင်းယန်ကို အမြန်လိုက်ရှာသည်။ "ချူးကျောက် မင်းကို ဆက်သွယ်သေးလား"
"မဆက်သွယ်ဘူး" ရှုချောင်းယန်က အဝတ်လဲရင်း ပြောသည်။ "ငါသူ့ကို အကြိမ်နည်းနည်းလောက် စာပို့ခဲ့သေးတယ်၊ ပြန်စာတော့မရဘူး။ ကြည့်ရတာ သူငါနဲ့အဆက်အသွယ်ဖြတ်ချင်ပုံပဲ"
ရှုချောင်းယန်က ဆိုးရွားသော လူလိမ်တစ်ယောက်ဖြစ်သည်။ သူက ပေါ်ရန်ရဲ့အကြည့်ကို ရှောင်ဖယ်ပြီး သူ့မျက်လုံးများနှင့် မဆုံရဲခဲ့ပေ။
ပေါ်ရန်က သူ့ကော်လာကို ဆုပ်ကိုင်ပြီး "မင်းချူးကျောက်ကို တွေ့ခဲ့တာပဲ။ သူဘယ်မှာလဲ"
လေးနှစ်တာ ညီအစ်ကိုထံမှ ဘာကိုမှ မဖုံးကွယ်နိုင်ပါ။
"ဟေး၊ လွှတ်။ အရင်လွှတ်လိုက်"
"ရှုချောင်းယန်၊ ငါ မင်းကိုမေးနေတယ် - သူဘယ်မှာလဲ"
ရှုချောင်းယန်က ပေါ်ရန်ရဲ့ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်သွားသည်။ "သူ ငါ့ဆီငိုပြီးရောက်လာတယ်။ ငါဘာလုပ်နိုင်မှာလဲကွာ။ ငါ သူ ငိုတာကိုမကြည့်ရက်ဘူး။ ငါသူ့ကိုကတိပဲပေးနိုင်ခဲ့တယ်...ဒါပေမယ့် ကျောက်ကျောက်က ပါးနပ်ပါတယ်၊ သူအဆင်ပြေမှာပါ..."
ပေါ်ရန်၏ အမူအရာသည် မည်းမှောင်သွားသည်။ "မင်းတို့ ဘာတွေလုပ်ခဲ့ကြတာလဲ"
နီသန်တွင် ညဘက်၌ မြေအောက်လက်ဝှေ့ကြိုးဝိုင်းတွင် ရာနှင့်ချီသော ကြေးစားများ ယှဉ်ပြိုင်ကြသည်ကို ဘေးကနေ အမျိုးသမီးများက ဖျော်ဖြေပွဲကို ကြည့်ရှုကြသည်။
စင်ပေါ်တွင် ကြွက်သားအပြည့်နှင့် ယောက်ျားများက ကိုယ်ဗလာများဖြင့် မည်သည့်အကာအကွယ်မှမပါဘဲ၊ လက်အိတ်မဝတ်ဘဲ တိုက်ခိုက်ကြသည်။ တချို့က ဆုတံဆိပ်များဖြင့် ကျန်ရစ်ခဲ့ပြီး တချို့က သွားဆုံးရှုံးတာနှင့် မေးရိုးအဆစ်လွဲတာမျိုး၊ တချို့ကျ ထမ်းစင်ပေါ်တွင်ပါသွားကြပြီး - မိကျောင်းအစာဖြစ်သွားသည်။
သုံးညဆက်တိုက် ကျင့်ချီက မြေအောက်လက်ဝှေ့ကြိုးဝိုင်းတွင် အကြီးမားဆုံးသော အနိုင်ရသူဖြစ်ခဲ့သည်။ သူက စင်ပေါ်မတက်ခင်မှာ သောက်စားရတာကို သဘောကျသည်၊ ဘာကြောင့်ဆို ဒီလိုဆို ဘယ်လိုနာကျင်မှုမျိုးမှ သူ မခံစားရပေ။ နာကျင်မှုကိုမသိတော့ ဆုံးရှုံးစရာဘာမှမရှိသော လူတစ်ယောက်ကဲ့သို့ သူက ကြမ်းတမ်းစွာ ထိုးကြိတ်ခဲ့သည်။
ဝေ့ကျောက်ကျောက်သည် ဆွဲဆောင်မှုရှိသောစကတ်တိုတိုလေးဖြင့် ကိုယ်တိုင်ကိုယ်ကျ ကျင့်ချီကို ကြိုးဝိုင်းမှထွက်ဖို့ကူညီပေးခဲ့ပြီး သူတို့အတူထွက်ခွာသွားသောအခါ အော်ဟစ်သံများနှင့် ရယ်မောသံများ ပြည့်နှက်သွားခဲ့သည်။
လူတိုင်းက "ချောင်းယန်" ဟုခေါ်သော အနှီယောက်ျားသည် ဝေ့ရွင်း၏ စွမ်းဆောင်ရည်အရှိဆုံး လက်အောက်ငယ်သားဖြစ်ပြီး အဖိုးတန်သားမက်လေးဖြစ်ကာ တနေ့နေ့မှာ အခြေစိုက်စခန်းတစ်ခုလုံးကို အုပ်ချုပ်ရန် ရည်မှန်းထားကြောင်း သိကြသည်။
ဝေ့ကျောက်ကျောက်က ကြိုးဝိုင်းထဲမှ ကျင့်ချီကို အပြင်သို့ကူထုတ်လာခဲ့ပြီး စိုစွတ်၊ အုံ့မှိုင်းသောလမ်းများကိုဖြတ်၍ စံအိမ်သို့ပြန်သွားကြသည်။
ကျင့်ချီက မူးနေပေမယ့် သူကလမ်းကိုမှတ်မိနေသေးပြီး ဝိုးတိုးဝါးတား တီးတိုးပြောဆိုသည်။ "ဒီနေရာမဟုတ်ဘူး၊ ငါပြန်ရမယ်"
"ဒီနေရာပါပဲ" ဝေ့ကျောက်ကျောက်က ရယ်မောရင်းပြောသည်။ "အခုကစပြီး ဒါကရှင့်အိမ်ပဲ"
ကျင့်ချီက ဝေ့ကျောက်ကျောက်ရဲ့မေးစေ့ကို ဆွဲကိုင်ပြီး အေးစက်စွာပြောသည်။ "ကျောက်ကျောက် မင်းကအရမ်းစိတ်လောတာပဲ"
"ကျွန်မ စိတ်မရှည်တော့ဘူး" ဝေ့ကျောက်ကျောက်က သူ့ကိုမှီပြီး နူးညံ့စွာပြောသည်။ "ကျင့်ချီ ဒီညကျွန်မနဲ့နေပါလား"
ကျင့်ချီက အော့အန်ချင်သလို ဟန်ဆောင်လိုက်ပြီး ဝေ့ကျောက်ကျောက်က သူ့ထံမှ အမြန်ရှောင်ထွက်ခဲ့သည်။
သူက ပန်းဥယျာဉ်နားကို ပြေးသွားပြီး အသဲအသန်အန်ထုတ်ခဲ့သည်။
"ဒီကောင်၊ ညတိုင်းသေအောင်သောက်ထားတာပဲ" ဝေ့ကျောက်ကျောက်က ဆိုးဆိုးရွားရွား ကျိန်ဆဲသည်။ "ကျွန်မတို့ လက်ထပ်တော့မှာလေ၊ နောက်ရက်နည်းနည်းလောက်ဆို ရှင်လွတ်မြောက်နိုင်ဦးမယ်လို့ ထင်လား"
ကျင့်ချီက ယိမ်းယိုင်နေပြီး သူ့လက်ထဲတွင် အနက်ရောင်ခေါင်းစည်းကြိုးလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ ခေါင်းစည်းကြိုးက တင်းကျပ်မှုမရှိတော့ဘဲ သူ့လက်ချောင်းတွင် လျော့တိလျော့ရဲကျနေပေသည်။
ဝေ့ကျောက်ကျောက်က လျှောက်လာပြီး သူ့ကျောကို ညင်သာစွာ ပုတ်လိုက်သည်။
"သွားကြမယ်၊ ကျွန်မနဲ့ပြန်ရအောင်။ ရှင်ကောင်းကောင်းလေး ရေချိုးဖို့အတွက် ကျွန်မ အစေခံတွေကို ရေပူပြင်ဆင်ပေးခိုင်းထားတယ်"
ကျင့်ချီက ခဏလောက်တုံ့ဆိုင်းနေပြီးနောက် ဝေ့ကျောက်ကျောက်ရဲ့ပခုံးပေါ် လက်တင်ပြီး သူမနှင့်အတူ အိမ်ထဲသို့ ယိုင်နဲနဲဝင်သွားခဲ့သည်။
ရေချိုးပြီးနောက် နူးညံ့သော အိပ်ရာပေါ်တွင် ပြိုကျသွားပြီး ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ ဝေ့ကျောက်ကျောက်က ဘယ်လိုပဲ သူ့ကိုတွန်းထုတ်နေပါစေ သူကနိုးမလာခဲ့ပေ။
ဝေ့ကျောက်ကျောက်က သူ့ကိုဆွဲဆောင်ဖို့ စာအုပ်ထဲက လှည့်ကွက်တိုင်းကို ကြိုးစားခဲ့ပြီး သူမရဲ့အဝတ်အစားတွေကိုတောင် ချွတ်၍ သူ့စောင်အောက်သို့ ဝပ်ဆင်းခဲ့ပေမယ့် ဤယောက်ျားက လုံးဝကိုသတိမထားမိဘဲ ဝက်တစ်ကောင်လို အိပ်ပျော်နေခဲ့ပေသည်။
သူမက တိုးလျစွာ ညည်းညူလိုက်ပြီး သူ့လက်ကိုယူ၍ သူ့လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်လေသည်။
သူမက သူ့မျက်နှာကို စိုက်ကြည့်ပြီး သူကထင်သလောက် မရိုးရှင်းဘူးဟု အမြဲတမ်းခံစားရသည်၊ တနေ့ကုန် ပျော်ပါးသောက်စားပြီး တိုက်ခိုက်ရတာနှင့် ပိုက်ဆံကို ကြိုက်နှစ်သက်ကာ ပုံမှန်ယောက်ျားတွေလိုပဲ သူ့ကိုယ်သူ သက်သေပြဖို့ သူ့ခွန်အားကို သုံးသည်။
ဒီနက်မှောင်၊ နက်ရှိုင်းသော မျက်လုံးများတွင် ကိစ္စများစွာကို ဖုံးကွယ်ထားပုံပင်။
သူမဘယ်တော့မှ နားမလည်သော အရာတွေဖြစ်သည်။
သို့သော်လည်း ကျင့်ချီသည် တင်းကျပ်စွာထိန်းချုပ်ထားသော တခြားယောက်ျားတွေနှင့်လည်း ကွဲပြားပြီး ဘဝရဲ့ဖိအားတွေမှ သူ့ကိုယ်သူ ရုန်းထွက်ပေသည်။
သူက မိန်းမတွေကို သိပ်ကြိုက်ပုံမပေါ်ပေ၊ ဝေ့ကျောက်ကျောက်ကိုပဲဖြစ်ဖြစ်၊ ဝေ့ကျောက်ကျောက် သူ့ကို ဖြားယောင်းဖို့ လွှတ်ခဲ့သော မိန်းမများကိုဖြစ်ဖြစ် ဖြစ်သည်။
သူ သူမကို ရှောင်ဖယ်လေ ဝေ့ကျောက်ကျောက်သည် သူ့ကိုပိုင်ဆိုင်ချင်ပြီး သူ့ကိုပိုကြိုက်လေပဲဖြစ်သည်။
ဝေ့ကျောက်ကျောက် သူ့နှလုံးသားထဲတွင် တခြားမိန်းမကိုများ သိုဝှက်ထားမလားလို့ စဉ်းစားမိသော်လည်း ကိစ္စမရှိပါဘူး။ သူ အတိတ်ကိုဘယ်တော့မှ ပြန်မသွားနိုင်တော့ဘူး၊ အခု သူ့ကို "ချောင်းယန်" ဟုခေါ်ပြီး သူမ တစ်ယောက်တည်းသာ ပိုင်ဆိုင်သော ချောင်းယန်ဖြစ်သည်။
နောက်နေ့မနက်ခင်းတွင် ဝေ့ကျာက်ကျောက်သည် ကျင့်ချီ၏ လက်မောင်းပေါ်တွင် နိုးလာခဲ့သည်။
အောက်ထပ်မှ သူမမောင် ဝေ့စုန့်ရှန့်၏ နားဝင်ဆိုးလှသည့် ရွတ်ဆိုသံကို ကြားရပေသည်။
"ကိုယ် မင်းကိုချစ်ရင် ကိုယ့်ကိုယ်ကိုဖော်ပြဖို့ မင်းရဲ့မြင့်မားတဲ့ အကိုင်းအခက်တွေကို အသုံးချ၍ တွယ်ကပ်စပျစ်နွယ်ပင်ကဲ့သို့ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး"
ကျင့်ချီက သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ပြီး မျက်နှာကျက်ကို စိုက်ကြည့်လိုက်သည်။
"မင်းမှာ ဓားမြှောင်ကဲ့သို့၊ ဓားရှည်ကဲ့သို့၊ လှံတံကဲ့သို့သော သန်မာတဲ့အကိုင်းအခက်တွေရှိတယ်၊ ငါ့မှာ ပြင်းထန်သော ခံစားချက်တွေကဲ့သို့သော၊ တောက်ပသော မီးရှူးတိုင်ကဲ့သို့သော ကြီးမားသော အနီရောင်ပွင့်ခက်တွေရှိတယ်"
အဲဒါက ယွိယန်ကဗျာကလပ်သို့ ရှုချောင်းယန်၊ ပေါ်ရန်နှင့် တခြားသူတွေနဲ့အတူ တက်ရောက်ခဲ့သော သူ့ရဲ့ကောလိပ်နေ့ရက်တွေထံ ပြန်ခေါ်သွားခဲ့ပြီး မနေ့ကဖြစ်ခဲ့သလိုပင်။
မကြာခဏ သူ့အိပ်မက်ထဲတွင် ပေါ်လာတတ်သော ထိုလှပသောအမှတ်တရများသည် အခု သူ့ရဲ့တစ်ခုတည်းသော လွတ်မြောက်ရာလေးဖြစ်သည်။
သူ မနက်ခင်းလေ့ကျင့်စဉ်အတွင်း စာကြည့်တိုက်၏ ထောင့်နားလေးရှိ ကဗျာကလပ်သို့ ဖြတ်ပြေးသွားစဉ် လှေကားထစ်တွေပေါ်မှာ ချူးကျောက်က ရပ်နေပြီး ဤအနှစ်သာရပြည့်ဝသော "ဝက်သစ်ချပင်သို့" ကဗျာကို ကဗျာဝါသနာရှင်အဖွဲ့နှင့် ကျယ်လောင်စွာ ရွတ်ဖတ်နေခဲ့သည်ကို မြင်ခဲ့ရသည်။
ဝေ့ကျောက်ကျောက်သည် ဒေါသတကြီး အိပ်ရာမှထလိုက်ပြီး ပြတင်းပေါက်ကိုဖွင့်၍ အောက်ထပ်ကိုလှမ်းအော်လေသည်။ "ဝေ့စုန့်ရှန့် နင်သေချင်လို့လား။ မနက်စောစောစီးစီး ဒီလိုဆူညံသံတွေလုပ်နေတာ အိပ်ပျော်နေတဲ့လူတွေ အနှောင့်အယှက်ဖြစ်စေတယ်"
သူမက ဘန်းခနဲ ပြတင်းပေါက်ကို ဆောင့်ပိတ်ပြီး ကုတင်စွန်းတွင်ထိုင်၍ ငြီးငြူသည်။ "အဖေက ဝေ့စုန့်ရှန့်အတွက် တရုတ်ဆရာမတစ်ယောက်ကို ငှားပေးထားတယ်လေ။ နေ့တိုင်းဆူညံနေတာပဲ၊ သူကိုယ်တိုင် ပညာမတတ်ပေမယ့် ကလေးကိုတော့ ကောလိပ်ပို့ချင်နေတာ"
ကျင့်ချီက ဘာမှမပြောခဲ့ပေ။ သူက အိပ်ရာဘေးစားပွဲမှ စီးကရက်ဘူးကို ထုတ်ယူလိုက်သည်။ ဝေ့ကျောက်ကျောက်က ချက်ချင်း သူ့စီးကရက်ကို မီးလာညှိပေးသည်။
"ဝက်သစ်ချပင်ဆီသို့" ကျင့်ချီက သူ့မျက်လုံးတွေကို အောက်စိုက်ကြည့်ပြီး ပြောသည်။ "ငါအဲ့ကဗျာကိုတကယ်ကြိုက်တယ်"
သူက သူ့အကြိုက်တွေကို ရိုးရိုးသားသား ဖော်ထုတ်ပြခဲသည်။ ဝေ့ကျောက်ကျောက်က ချက်ချင်း စိတ်ဝင်စားသွားပြီး "အိုး၊ ဒါဆို ကျွန်မ နားထောင်ဖို့ ရွတ်ပြလေ"
ကျင့်ချီက တီးတိုးရွတ်ဆိုသည်။ "ငါတို့က အအေးဒဏ်၊ လေဒဏ်၊ မိုးကြိုးဒဏ်တို့ကို မျှဝေကြတယ်၊ ငါတို့က မြူခိုးတွေ၊ မျောပါနေသောတိမ်တိုက်တွေနှင့် သက်တံကို မျှဝေကြတယ်။ ထာဝရဝေးကွာနေသော်လည်း တစ်ဘဝလုံး အားထားနေသလိုပဲ။ ဤအရာသည် စစ်မှန်သောအချစ်ဖြစ်သည်၊ ဒီနေရာသည် စဉ်ဆက်မပြတ် တည်ရှိနေပေမည်..."
ရုတ်တရက် သူကရွတ်ဆိုတာကို ရပ်တန့်လိုက်သည်။
ဝေ့ကျောက်ကျောက်က လုံးဝနားမလည်နိုင်ခဲ့ပေ၊ ဒါပေမယ့် ထိုအခိုက်အတန့်မှာ သူ့အကြည့်က အလွန်ဆွဲဆောင်မှုရှိသည်ဟု သူမခံစားရပေသည်။
ကျင့်ချီက ရေချိုးပြီး တီရှပ်လက်တိုခပ်ပါးပါးကို ဝတ်ဆင်၍ထွက်လာသည်။ သူသည် ဝေ့ကျောက်ကျောက်နှင့်အတူ မနက်စာစားဖို့ အောက်ထပ်ကိုသွားခဲ့သည်။
"အစ်မ၊ ဒါကျွန်တော့် တရုတ်ဆရာမလေ။ သူ့နာမည်ကလည်းကျောက်ကျောက်ပဲ" ထမင်းစားပွဲတွင် ဝေ့စုန့်ရှန့်လေးက ဝေ့ကျောက်ကျောက်ကို အရွဲ့တိုက်ဖို့ မစောင့်နိုင်တော့ပဲ "ကျောက်ကျောက်က အဆပေါင်းများစွာ အစ်မထက် ပိုနူးညံ့တယ်လေ။ ကျွန်တော် သူ့ကိုကျွန်တော့်အစ်မဖြစ်စေချင်တယ်၊ ကျွန်တော် အစ်မကိုမလိုချင်တော့ဘူး"
ဝေ့ကျောက်ကျောက်က ဒီကောင်စုတ်လေးကို အာရုံစိုက်ဖို့ ပျင်းလွန်းပြီး ဝတ်ကျေတမ်းကျေ ပြောခဲ့သည်။ "အေးပါ၊ နင့်လို စိတ်အနှောင့်အယှက်ဖြစ်စရာ မောင်မရှိတာ ပျော်စရာကြီး"
သူမရဲ့အကြည့်က နူးညံ့တဲ့ ချူးကျောက်ပေါ် နှစ်စက္ကန့်လောက် ကျရောက်သွားပြီးနောက် အမြန်အဝေးကိုကြည့်လိုက်သည်။
သူမကဲ့သို့ မာနကြီးသူက မည်သူတစ်ဦးတစ်ယောက်ကိုမှ သူမမျက်လုံးထဲ ဝင်မည်မဟုတ်ပါ။
"နင့်နာမည်ကို ပြောင်းလိုက်" ဝေ့ကျောက်ကျောက်က သူမရဲ့ပေါင်မုန့်ပေါ် ထောပတ်သုပ်ရင်း ပြောသည်။ "နင်က ငါနဲ့ ထိပ်တိုက်တွေ့နေတာပဲ"
သူတို့ရဲ့မိသားစုတွင် ဆရာများသည် အစေခံများနှင့် ကွဲခြားမှုမရှိပါ။ သူတို့သည် နိုင်ထက်စီးနင်း နာမည်ပြောင်းနိုင်တာ၊ နိုင်ထက်စီးနင်း ရိုက်နှက်တာနှင့် နိုင်ထက်စီးနင်း သတ်ပစ်တာမျိုးတောင် လုပ်နိုင်သည်...
"ဟုတ်ကဲ့" ချူးကျောက်က ညင်သာစွာ ခေါင်းညိတ်ပြီးနောက် လှေကားထိပ်တွင် ရပ်နေသော ကျင့်ချီကို မော့ကြည့်ခဲ့သည်။
ကျင့်ချီက သူ့ခန္ဓာကိုယ်ထဲရှိ ဆူပွက်နေသည့် သွေးတွေအားလုံး ငယ်ထိပ်သို့ဆောင့်တက်သွားသလို ခံစားရပြီး သူ့မျက်လုံးများသည် နီရဲသွားသည်။ ဒါပေမယ့် နှစ်စက္ကန့်လောက် အေးခဲနေပြီးနောက် သူက ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး ပေါ့ပေါ့ပါးပါးပဲ အောက်ကိုဆင်းလာသည်။
"ငါတို့ ဘာနာမည်ပေးရမလဲ" ဝေ့ကျောက်ကျောက်က သူ့ပန်းကန်ထဲရှိ ပြောင်းဖူးဟင်းချိုကို ဇွန်းဖြင့်မွှေရင်း ကျင့်ချီကိုကြည့်၍ "ချောင်းယန်၊ သူ့ကို ခွေးလေးလို့ခေါ်ရင်ရော"
"ငါ့မှာလုပ်စရာရှိတယ်၊ ငါအရင်သွားနှင့်မယ်"
ကျင့်ချီသည် ချူးကျောက်ကို ကျော်ဖြတ်သွားစဉ်မှာ သူ သူမကို ကြည့်ခြင်းမှထိန်းချုပ်ရန် သူ့ရဲ့အင်အားတွေအားလုံးနီးပါးကို သုံးခဲ့ရသည်။
"ကျွန်မမှာ တခြားနာမည်ရှိပါတယ်" ချူးကျောက်က ရုတ်တရက် ပြောခဲ့သည်။ "ကျွန်မကိုရွှမ်ရွှမ်လို့ခေါ်ပါ"
"......"