← Chapters

အပိုင်း (၁၀၂)

Vol. 8 Ch. 102

အပိုင်း (၁၀၂)

Vol. 8 Ch. 102

ချူးကျောက်သည် အခု ဝေ့စုန့်ရှန့်၏ ဆရာမဖြစ်ပြီး စံအိမ်ဘေးရှိ အစေခံတန်းလျားတွင် နေထိုင်သည်။

အဲဒီမနက် ကျင့်ချီကို တွေ့ပြီးကတည်းက သူမမှာ သူ့ကိုထပ်တွေ့ဖို့ အခွင့်အရေးမရှိခဲ့ပါ။ ကျင့်ချီက စံအိမ်သို့လာခဲ့ပြီး၊ ပြီးတော့ ဒါက ဝေ့ရွင်းရဲ့ကိုယ်ပိုင်အိမ်ဖြစ်သည်။

ဝေ့မိသားစုတစ်ခုလုံးက ဒီဆရာမ ချူးကျောက်ကို အတော်လေး လေးစားကြသည်။ သူမသည် အိမ်ထဲရှိ အစေခံတွေထက် ပိုလွတ်လပ်ပြီး အတားအဆီးများမရှိဘဲ သူမ သွားချင်ရာကိုသွားနိုင်ကာ မကြာခဏ လမ်းလျှောက်ထွက်တတ်သည်။

များစွာသော အခွင့်အခါများကြောင့် သူမသည် ကျင့်ချီကို မြင်ခဲ့ရသည်။

သူက ကျယ်ပြန့်လှသော မြက်ခင်းပြင်ပေါ်တွင် ရပ်နေပြီး သူ့ရဲ့မွေးရပ်မြေဖြစ်သော မြောက်ဘက်သို့စိုက်ကြည့်နေခဲ့သည်။

ကျင့်ချီက သူမကိုတွေ့သောအခါ ချက်ချင်း လှည့်ထွက်သွားတတ်သည်။

ချူးကျောက်၏ အိမ်နီးနားချင်းသည် ၁၆နှစ်တောင်ပြည့်သေးပုံမပေါ်သော ကလေးမလေးဖြစ်ပြီး ရှောင်ဟွိုက်ဟုခေါ်သည်။ သူမသည် အိမ်ကြီးတွင် အစေခံလုပ်ပြီး အတင်းအဖျင်း ပြောရတာကြိုက်ကာ ရိုးသားသော သာမန်မိန်းကလေး တစ်ယောက်ဖြစ်သည်။ သူမက ချူးကျောက်ကို အများကြီးပြောပြခဲ့သည်။

ဝေ့ကျောက်ကျောက်အကြောင်း အတင်းအဖျင်း အများဆုံးပြောလေ့ရှိသည်၊ သူမက ကျင့်ချီကို ဘယ်လိုတောင်စွဲလန်းနေတာ၊ ညတိုင်း ကျင့်ချီရဲ့လက်ဝှေ့ကြိုးဝိုင်းတွင် တိုက်ခိုက်တာနှင့် ကိုယ်ခံပညာမှာ ဘယ်လောက်တောင်ကျွမ်းကျင်တာ၊ မင်းသားလေးနှင့် မင်းသမီးလေးလို ဝေ့ကျောက်ကျောက်နဲ့ ကျင့်ချီရဲ့လိုက်ဖက်ညီမှုကိုလည်း ပြောသေးသည်...

အကြိမ်အများစုတွင် ချူးကျောက်သည် တိတ်တဆိတ်ပဲ နားထောင်နေခဲ့ပြီး မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

ထိုနေ့တွင် သူမသည် ဈေးသွားခဲ့သည်။

ဒီနေရာရှိဈေးသည် အတော်လေး ထူးခြားပြီး အရှေ့တောင်အာရှ ခံစားချက်ကို ရစေသည်။ နောက်ပိုင်းမှာ အရေးကြီးသည့် ဆုတောင်းပွဲတစ်ခု ဖြစ်လာတာကြောင့် ဈေးသည် လူများဖြင့် အလွန်စည်ကားပေသည်။

ချူးကျောက်သည် တစ်ယောက်‌ယောက်က သူမရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်ကို ရှင်းရှင်းလင်းလင်း ခံစားရပေသည်။

သူမသည် အနည်းငယ်လန့်သွားပြီး အလိုလို ခါထုတ်မိသော်လည်း ထိုလူက လွှတ်မပေးခဲ့ပါ။

နွေးထွေးမှုနှင့် ရင်းနှီးသော ခံစားချက်ကို သူမရဲ့လက်ကောက်ဝတ်ထံမှ ရရှိခဲ့သည်။ ချူးကျောက်ရဲ့နှလုံးသားသည် လျင်မြန်စွာ စတင်ခုန်ပေါက်လာပေမယ့် သူမမှာ လှည့်ကြည့်ဖို့အင်အားမရှိပေ။

ထိုယောက်ျားက သူမရဲ့နောက်ကျောကို ဖိကပ်ထားပြီး သူ့ရဲ့လေပူတွေက သူမရဲ့ခေါင်းပေါ် ကျဆင်းလာသည်။ သူမသည် သူရဲ့တိုးလျသော်လည်း ဆွဲအားရှိသည့် အသံကို ကြားလိုက်ရသည်။ "ကလေးလေး"

ရုတ်တရက် ချူးကျောက်က သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပေသည်။

"ကျွန်မရှိတယ်၊ မကြောက်နဲ့နော်၊ ကျွန်မ ရှင့်ကိုပြန်ခေါ်သွားမယ်" သူမရဲ့အသံသည် တုန်ယင်နေပြီး သူမရဲ့ခံစားချက်များကို မထိန်းနိုင်တော့ပေ။

"ဒီခွေးကောင် ရှုချောင်းယန်..." ကျင့်ချီက အသံတိုးတိုးဖြင့် ကျိန်ဆဲခဲါသည်။ "ပြန်ရောက်ရင် အဲ့ကောင်ကိုသတ်မယ်"

ချူးကျောက်က ခေါင်းငုံ့ထားပြီး သူမရဲ့မျက်လုံးများတွင် မျက်ရည်များ ဝေ့ဝဲနေပေသည်။

သူ့လက်က ရှေ့ကိုတိုးသွားပြီး သူမရဲ့ခါးကို သိုင်းဖက်လိုက်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဆုပ်ကိုင်ထားကြပေမယ့် လူကြားထဲမှာဖြစ်တာကြောင့် မသိသာပေ။ ဒါကြောင့် ကျင့်ချီသည် သူမနဲ့နီးကပ်ဖို့ ကြိုးစားရဲတာဖြစ်ကြောင်း ထင်ရှားသည်။

သူက သူမရဲ့နားနားတိုးကပ်ပြီး တီးတိုးပြောသည်။ "အခု မင်းဒီကိုရောက်နေပြီမို့ ကိုယ် မင်းကို အလွယ်တကူ ပြန်ဖို့ဖြောင်းဖြလို့ မရနိုင်ဘူးမလား"

ချူးကျောက်က သူမမျက်လုံးထဲတွင် မျက်ရည်တွေဖြင့် အပြင်းအထန်ခေါင်းခါသည်။ "ကျွန်မ မလုပ်ဘူး၊ ကျွန်မမသွားဘူး၊ ကျွန်မ ရှင့်ကိုပြန်ခေါ်သွားမှာ"

သူက ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ့လက်တွေကို တင်းကျပ်ကာ သူမကို သူ့ခန္ဓာကိုယ်ထဲ ဖိသွင်းချင်သကဲ့သို့ တင်းကျပ်စွာ ပွေ့ဖက်ခဲ့သည်။

အိမ်မှအဝေးကို တစ်ယောက်တည်း တစ်ခါမှ ခရီးမသွားဖူးသော ဒီကောင်မလေးက ဒီလောက်စွန့်စားပြီး ဒီလိုအန္တရယ်များတဲ့နေရာကို တစ်ယောက်တည်းလာဖို့ သတ္တိရှိတယ်‌ဆိုတာကို သူ စိတ်ကူးမကြည့်နိုင်ပေ။

"ကိုယ် မင်းကို ပြန်ဖို့ဖြောင်းဖြမရဘူးဆိုလည်းနေပါ" ကျင့်ချီက မတတ်နိုင်စွာပြောသည်။ "ကိုယ်နဲ့နေပါ"

ချူးကျောက်က အံ့ဩတကြီး နောက်ကိုလှည့်ကြည့်သည်။ သူမ ကျင့်ချီ အလွယ်တကူပဲ သူမကိုနေခွင့်ပြုမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

"လှည့်မကြည့်နဲ့" သူကပြောသည်။

ထို့ကြောင့် ချူးကျောက်က ချက်ချင်း ခေါင်းပြန်လှည့်ပြီး လူအုပ်ကြီးနဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

"ဝေ့စုန့်ရှန့် ဘေးမှာနေ။ အဲ့ကလေးက ငနုံလေး။ သူ မင်းကိုသဘောကျအောင်နေ။ လိုအပ်လာရင် သူက မင်းဘဝကို ကာကွယ်ပေးနိုင်တယ်"

ချူးကျောက်က တကယ်ပင် ဆယ်နှစ်အရွယ်ကလေးက သူမကို ဘယ်လိုကာကွယ်ပေးမှာလဲဆိုတာ စိတ်ကူးမကြည့်နိုင်ပေမယ့် ဒီနေရာမှာတော့ မဖြစ်နိုင်တာ ဘာမှမရှိပေ။

"ကိုယ် အခုသွားရတော့မယ်" ကျင့်ချီကပြောသည်။ "အခုကစပြီး ကိုယ် မင်းကို သီးသန့်လာမရှာတော့ဘူး။ ဒါက မင်းကို အန္တရယ်များစေတယ်။ အတူတူပဲ အမြဲတမ်း ကိုယ့်ကိုစိုက်ကြည့်မနေနဲ့နော်။ ဝေ့ကျောက်‌ကျောက်က မနာလိုတတ်တဲ့အမျိုးအစားမျိုး"

ရုတ်တရက် ချူးကျောက်က သူ့ကိုထွက်မသွားစေချင်၍ သူ့လက်ကို လှမ်း‌ဆွဲသည်။

ကျင့်ချီက သူမရဲ့ခေါင်းနောက်ကိုနမ်းပြီး မတတ်နိုင်စွာပြောသည်။ "ကျောက်ကျောက်၊ ကိုယ် မင်းကိုဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ပါဘူး"

ချူးကျောက်က ခေါင်းငုံ့ပြီး စတင်ငိုတော့သည်။ "ကျွန်မ သိပါတယ်"

"မငိုနဲ့။ ရဲရဲရင့်ရင့်နဲ့ ပါးပါးနပ်နပ်နေပါ။ ဘာတွေပဲဖြစ်နေပါစေ၊ ကိုယ်တို့ အတူရင်ဆိုင်ကြမယ်နော်"

ချူးကျောက်က အခါခါခေါင်းညိတ်ပြီး သူမရဲ့အင်္ကျီလက်ဖြင့် မျက်ရည်တွေကို သုတ်ပေသည်။

ထိုယောက်ျားက သူမကို လွှတ်လိုက်သည်။ ချူးကျောက်က သူမကျောပေါ်ရှိ နွေးထွေးမှုသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ခံစားမိသည်။

သူမရဲ့နီရဲနေသော မျက်လုံးများသည် အရှေ့တည့်တည့်ကို ကြည့်နေခဲ့သည်။ စိတ်ပိုင်းဖြတ်မှုနှင့် သတ္တိတို့ဖြင့် သူမရဲ့မျက်ခုံးများကို ကျုံ့ထားခဲ့သည်။

ဒါက ကျင့်ချီ တခြားယောက်ျားတွေနှင့် ကွဲပြားတာပင်။ အရင်က သူ သူမကို အားတင်းပြီးဖြောင်းဖြခဲ့သည်။ "ရှုချောင်းယန်ကို မကြိုက်နဲ့တော့။ ကိုယ်လည်း ကောင်းပါတယ်။ ကိုယ့်ကို စဉ်းစားပေးပါ"

သူက အမြဲတမ်း ကြိုးစားတာကြောင့် ဘယ်တော့မှ ရပ်တန့်တာမျိုးမရှိခဲ့ပါ၊ ကြိုးစားနေတဲ့ ယောက်ျားတွေက သိမ်ငယ်မှုကို မခံစားရပေ။

သူတို့တွဲလာသည့် နှစ်တွေအတွင်း သူသည် ဘာကိစ္စပဲဖြစ်ဖြစ် ချူးကျောက်ကို ဖုံးကွယ်ခဲသည်။ သူ စိတ်အဆင်မပြေတာ၊ ပင်ပန်းတာ၊ သည်းခံနိုင်စွမ်းမရှိတော့တာမျိုးဆို သူက ချူးကျောက်ကို ရိုးသားစွာ ပြောပြပြီး သူမရင်ခွင်တွင် ချွဲပြု၍ သူမရဲ့အထင်အမြင်ကို နားထောင်သည်။ အနာဂတ်အတွက်လည်း သူက ချူးကျောက်နှင့်အတူ အစီအစဉ်ဆွဲပြီး ဆွေးနွေးတတ်သည်။

သူက သူ့ဘဝအစိတ်အပိုင်းတွင် ချူးကျောက်ကို နေရာပေးခဲ့သည်။

ပြီးတော့ ဒီတစ်ကြိမ်လည်း သူ သူမကို အတင်းမထွက်သွားခိုင်းခဲ့ပေ။ သူမ လာခဲ့တာကြောင့် သူမ...

သေအတူ၊ ရှင်အတူပင်။ ရွေးချယ်စရာမရှိဘူး။

ဝေ့ကျောက်ကျောက်သည် အပျော်အပါးပါတီတွေကျင်းပရသည်ကို သဘောကျပြီး မကြာခဏဆိုသလို သူမရဲ့သူငယ်ချင်းများကို ဖိတ်ခေါ်၍ ပျော်ပါးသောက်စားကြသည်။ စံအိမ်မှာ ကျယ်ဝန်းလှသော ကိုယ်ပိုင်ရေကူးကန်ရှိပြီး နေထိုင်စရာလည်း အတော်ကျယ်သည်။

အကြိမ်တိုင်း သူမက လာပျော်ပါးဖို့ ကျင့်ချီကိုဖိတ်ကြားခဲ့ပေမယ့် သူက အမြဲတမ်းငြင်းဆန်ခဲ့သည်။ ကျင့်ချီက ဒီလိုလူစုလူဝေးများတွင် ပါဝင်ရခြင်းကို သဘောမကျပါ။ ဝေ့ကျောက်ကျောက်က ကျင့်ချီ သူမကို မချစ်ဘူးလို့ ညည်းညူသောအခါ ကျင့်ချီက အမြဲတမ်း ရယ်မောပြီး ‌တရုတ်မိန်းကလေးတွေက သူတို့ရဲ့ကောင်လေးကို သူတို့သူငယ်ချင်းမတွေနဲ့ မိတ်ဆက်ပေးလေ့မရှိကြောင်း ပြောခဲ့သည်။

"ဘာလို့လဲ" ဝေ့ကျောက်ကျောက်က နားမလည်ခဲ့ပေ။

"အန္တရာယ်များပြီး သူခိုးလို ကောင်မလေးတွေဆီက ကာကွယ်ဖို့လေ။ မင်းနဲ့ မင်းသူငယ်ချင်းတွေကြား ပြဿနာဖြစ်မှာမလိုချင်ဘူး"

"ရှင်လုပ်ရဲလား" ဝေ့ကျောက်ကျောက်က ကျင့်ချီရဲ့ကော်လာကို ဆွဲကိုင်ပြီး "ရှင် ကျွန်မကို သစ္စာဖောက်ရဲရင်၊ ရှင့်ကိုသတ်ပစ်မယ်"

ကျင့်ချီက သူမဟာသပြောနေတာ မဟုတ်ဘူးဆိုတာ သိသည်။ သူမ အတည်ပြောနေတာ။ သူမအတွက်တော့ လူတစ်ယောက်ကို သတ်ပစ်ခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို နင်းချေရသလိုပင်။

အံ့ဩစရာကောင်းစွာ ဒီတစ်ကြိမ်မှာတော့ သူမ ကျင့်ချီကို ဖိတ်ခေါ်ခဲ့ကာ သူက အကြိမ်ပေါင်းများစွာ ငြင်းပယ်ပြီးနောက် လက်ခံခဲ့ပေသည်။

ဝေ့ကျောက်ကျောက်သည် အလွန်စိတ်လှုပ်ရှားသွားပြီး သူမသည် အရင်ကထက် ကြီးမားသော ပါတီကို ကျင်းပမည်ဟု ပြောခဲ့သည်။ ချူးကျောက်ရဲ့အိမ်နီးချင်း ရှောင်ဟွိုက်က သူမ မနက်ငါးနာရီထပြီး အချိုပွဲတွေ၊ အပြင်အဆင်တွေနှင့် ရေကူးကန်ကို သန့်ရှင်းရေးလုပ်ရကြောင်း ညည်းညူပြခဲ့သည်။ သူမရဲ့ခါးဆန့်ဖို့တောင် ပင်ပန်းလွန်းနေပြီဖြစ်သည်။

ဝေ့စုန့်ရှန့်က ပါတီသို့ ချူးကျောက်ကိုလည်း ဖိတ်ခေါ်ခဲ့ပြီး သူ သူမကို ရေကူးဖို့ခေါ်သွားမည်ဟု ပြောခဲ့သည်။ ချူးကျောက်က ရေကိုအလွန်ကြောက်ပြီး ရေမကူးရဲကြောင်း ပြောခဲ့သည်။ ထို့ကြောင့် ဝေ့စုန့်ရှန့်က သူမကို သင်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

ညစာစားပွဲ၌ ဝေ့စုန့်ရှန့်က သူ ဆရာမချူးကို ဧည့်သည်အနေနှင့် ပါတီသို့ ဖိတ်ခေါ်ချင်ကြောင်း ပြောခဲ့သည်။ ဝေ့ကျောက်ကျောက်က ချူးကျောက်အကြောင်းကို မေ့နေပြီဖြစ်သည်။ သူမက ပေါ့ပေါ့ပါးပါးပဲ မေးမြန်းသည်။ "ဘယ်ဆရာမချူလဲ"

"အရင်တစ်ခေါက်က အစ်မ တွေ့ခဲ့တဲ့တစ်ယောက်၊ ကျွန်တော့်ရဲ့တရုတ်ဆရာမလေ"

ဝေ့ကျောက်ကျောက်က သူမကို ဝါးတိုးဝါးတား မှတ်မိသွားသည်။ သူမက "သူလား။ သူ့မှာအဝတ်အစားကောင်းကောင်းလေးတောင် မရှိဘဲနဲ့။ သူဘာအတွက်လာမှာလဲ။ ငါ့ကို အရှက်ခွဲဖို့လား။ ငါ့သူငယ်ချင်းတွေက ငါ အစေခံတွေကို ပါတီကိုဖိတ်တယ်ဆိုပြီး အရယ်မခံနိုင်ဘူး"

"သူက အစေခံမဟုတ်ဘူး၊ ကျွန်တော့်ဆရာမ"

ဝေ့ရွင်းက ဆိုးရွားသောသူဖြစ်သော်လည်း သူ့ကလေးတွေရဲ့ပညာရေးကို အလေးအနက်ထားသည်။ ဝေ့စုန့်ရှန့်က ဆရာမအသစ်ကို ဘယ်လောက်တောင်သဘောကျလဲမြင်ရတော့ သူက သဘာဝအတိုင်း အလွန်ပျော်ရွှင်ခဲ့သည်။ သူက "ဆရာမက အစေခံမဟုတ်ဘူး။ သူပါတီကိုလာလို့ရတယ်"

အဖေက ပြောလိုက်ပြီမို့ ဝေ့ကျောက်ကျောက်က ဖာသိဖာသာပဲ ပခုံးတွန့်ပြပြီး ပြောသည်။ "ဒါဆို သူ့အတွက် ငါ့အဝတ်အစားတစ်ခုခု ယူလိုက်။ သူ့ကိုမိတ်ကပ်နည်းနည်းလိမ်းခိုင်း။ သူ ငါ့ကိုအရှက်မခွဲစေနဲ့"

ချူးကျောက်က မှန်ရှေ့မှာရပ်ပြီး အောက်အနားစတွင် အလှဆင်ထားသော ပေါ့ပါး လှပသည့် အဖြူရောင်ဝတ်စုံကို ဝတ်နေသည်။

ရှောင်ဟွိုက်က ထိုင်ခုံမှာထိုင်၍ သူမကိုသဘောကျနေပြီး "သခင်မလေး အရင်က ဒီဝတ်စုံကို ဝတ်တာမြင်ဖူးတယ်။ အရမ်းလှတာ။ ဒါပေမယ့် အစ်မဝတ်လိုက်တော့...သူ့ထက်တောင်ပိုလှသေးတယ်"

ချူးကျောက်က အနည်းငယ်ပြုံး၍ လှည့်ကြည့်သည်။ "မင်းပြောတာသာသူကြားရင် သူ မင်းကိုသတ်လိမ့်မယ်"

ရှောင်ဟွိုက်က ချက်ချင်း သူမပါးစပ်ကိုပိတ်လိုက်သည်။ "ကျွန်မ မှားသွားပါတယ်၊ ဒါကိုထပ်မပြောတော့ပါဘူး" ဒါပေမယ့် သူမက တီးတိုးပြောနေတုန်းပင်။ "တကယ်ကိုလှတာပါ။ ရှောင်ဟွိုက် မလိမ်ပါဘူး။ အစ်မကအရမ်းလှတာပဲ၊ ဒါမယ့် ဘာလို့ဒီလိုနေရာကိုလာရတာလဲ။ တရုတ်က အရမ်းကောင်းတာကို"

ချူးကျောက်က ပေါ့ပေါ့ပါးပါးပြောသည်။ "ငွေရှာဖို့လေ။ ဒီမှာတစ်နှစ်လုပ်အားခက ဆယ်စုနှစ်တစ်ခုလောက် ပင်ပင်ပန်းပန်းလုပ်ရတာနဲ့ ညီမျှတယ်လေ"

ရှောင်ဟွိုက်က ပြောသည်။ "ကျွန်မသာ အစ်မနေရာမှာဆို တရုတ်လို ကောင်းတဲ့နေရာကနေ ထွက်ခွာပြီး ဒီလိုဆိုးရွားတဲ့နေရာကို သေချာပေါက် လာမှာမဟုတ်ဘူး"

"မင်းတရုတ်ကို တကယ်သွားချင်တာလား"

"ကျွန်မသွားချင်တယ်၊ ကျွန်မ အိပ်မက်ပဲလေ"

"အနာဂတ်မှာ အခွင့်အရေးရှိခဲ့မယ်ဆို ငါ မင်းကိုအဲ့ခေါ်သွားပေးမယ်"

"ကောင်းလိုက်တာ"

ထိုညက အိမ်ကြီးထဲတွင် အလင်းရောင်တွေ တောက်ပနေပေသည်။ ရောင်စုံမီးများကို သစ်ပင်များတွင် ချိတ်ဆွဲထားသည်။ အမျိုးသားငယ်များနှင့် အမျိုးသမီးငယ်များသည် တဖြည်းဖြည်းချင်း ဗီလာတွင်းသို့ လျှောက်ဝင်လာကြသည်။

သူတို့ရဲ့ဝတ်စားဆင်ယင်မှုများသည် သိပ်ပြီးမိမိုက်မနေပေ။ ပြီးတော့ နီသန်ကဲ့သို့သော စစ်ဘေးသင့်ဒေသတစ်ခုတွင် အရင်းအမြစ်တွေသည် အတော်လေးရှားပါးပြီး အထူးသဖြင့် ကမ္ဘာကုန်သွယ်ရေးအဖွဲ့အစည်းသည် ဒီနေရာသို့ သွင်းကုန်နှင့် ထုတ်ကုန်အများစုကို ပိတ်ပင်ထားပေသည်။ ပစ္စည်းကောင်းများကို အန္တရာယ်များသော မှောင်ခိုဈေးကွက်တွင်သာ ရနိုင်သည်...

ရှောင်ဟွိုက် ပြောပြထားသော ကြီးကျယ်ခမ်းနားပြီး အထက်တန်းစား ပါတီသည် ချူးကျောက်ရဲ့မျက်လုံးထဲတွင်တော့ ဘာမှမထူးခြားပါ။

ချူးကျောက်သည် သူမရဲ့ပေါ့ပါးသော ဝတ်စုံဖြင့် ရေကန်နားကို လျှောက်လာစဉ်မှာ ချက်ချင်းပင် သူမသည် အမျိုးသားငယ်များနှင့် အမျိုးသမီးငယ်များ၏အာရုံစိုက်မှုကို ရရှိခဲ့သည်။

ဒီနေရာမှ မိန်းကလေးအများစုသည် သူတို့ရဲ့မျက်နှာပေါ်တွင် သူတို့ကိုအလွန်မလှမပဖြစ်စေသော အသားမည်းညစ်တာ၊ ချွေးပေါက်ကျယ်တာ၊ အပြစ်အနာဆာများနှင့် ဝက်ခြံများရှိသည်။

ချူးကျောက်သည် မိတ်ကပ်ပြင်ဆင်ထားခြင်းမရှိဘဲ မျက်နှာဗလာဖြင့် ရောက်လာသော်လည်း သူမသည် ပါတီ၌ အလှဆုံးမိန်းကလေးဖြစ်သည်။

ကျင့်ချီသည် သစ်ပင်အောက်တွင်ရပ်၍ ရေကန်ဘေးရှိ ဆွဲဆောင်မှုရှိသော မိန်းကလေးကို စိုက်ကြည့်နေခဲ့သည်။ ရေပြင်ပေါ်ရှိ တလက်လက် အလင်းရောင်သည် သူမရဲ့ခန္ဓာကိုယ်ပေါ် လှိုင်းထနေပြီး သူမသည် အိပ်မက်ထဲမှာလိုပင်။

ကျင့်ချီက မျက်မှောင်ကျုံ့ပြီး သူ့စီးကရက်ကို ဖိချေလိုက်သည်။

သူမက အရမ်းဆွဲဆောင်မှုရှိလွန်တယ်၊ မဖြစ်သင့်ဘူး။

ထိုအချိန် ဝေ့ကျောက်ကျောက်သည် ရောက်လာပြီး ကျင့်ချီရဲ့လက်ကိုဆွဲ၍ သူမရဲ့သူငယ်ချင်းတွေကို သူမရဲ့ကောင်လေးအား ကြွားဝါးပေသည်။

ကျင့်ချီ၏ အသွင်အပြင်များကြောင့် သူသည် နီသန်ရှိယောက်ျားအများစုနဲ့ နှိုင်းယှဉ်လျှင် အတော်လေးချောမောနေပြီဖြစ်သည်။ ဒီနေရာရှိ ယောက်ျားအများသည် 1.7 မီတာရှည်ကြပြီး 1.8 မီတာဆိုသည်မှာ ရှားသည်။ ထို့ကြောင့် ကျင့်ချီ၏ 1.87 မီတာအရပ်သည် လူအုပ်ကြားထဲတွင် ထင်ရှားနေပြီး ဒါတောင် သူရဲ့ချောမောသော အစိတ်အပိုင်းတွေ၊ အထူးသဖြင့် အတော်လေး စွဲမက်ဖွယ်ကောင်းသော မျက်ရစ်နှစ်ထပ်တို့မပါသေးပေ။

ဝေ့ကျောက်ကျောက်အနေနှင့် ကျင့်ချီသည် သူမရဲ့လှပသောဝတ်စုံနှင့် လက်ဝတ်ရတနာများကဲ့သို့ သူမကြွားဝါးနိုင်ပြီး ဂုဏ်ယူနိုင်သည့် အရာတစ်ခုဖြစ်သည်။

ကျင့်ချီရဲ့ရုပ်ရည်ကို ကြွားဝါပြီးနောက် သူမသည် နောက်ထပ် သူ့ရဲ့အရည်အချင်းများကို အမွှမ်းတင်ချင်မိသည်။ ကျင့်ချီသည် တိုက်ခိုက်ရမှာတော်ပြီး လူအများကြီးရှေ့မှာ သူ့ကို တစ်ယောက်ယောက်နဲ့ ယှဉ်ပြိုင်ထိုးခွင့်မပေးနိုင်ပါ။ ထို့ကြောင့် ဝေ့ကျောက်ကျောက်သည် တီးဝိုင်းကိုခေါ်ပြီး "ငါ့ကောင်လေးက သီချင်းဆိုအရမ်းကောင်းတာ၊ အရင်က သူဘားမှာဆိုတာကိုငါကြားဖူးတယ်။ ရှင်ကျွန်မတို့ကို သီချင်းတစ်ပုဒ်လောက် ဆိုပြရင်ရော"

လက်ခုပ်သံများနှင့် လေချွန်သံများသည် လူအုပ်ဆီမှ ထွက်လာပေသည်။

ကျင့်ချီက သူ သီချင်းမဆိုချင်တာကြောင့် အတော်လေး အဆင်မပြေခံစားရပြီး ဒါက သူ့ကို စိတ်မသက်မသာဖြစ်စေသည်။

ချူးကျောက်က လူအုပ်ထဲသို့ လျှောက်သွားပြီး ပြုံး၍ ကျင့်ချီကို ကြည့်နေခဲ့သည်။

တခြားသူတွေမသိပေမယ့် သူမကတော့ ကျင့်ချီက သီချင်းဆိုရုံပဲမဟုတ်ဘူး ဂစ်တာတီးတတ်သည်ကိုလည်း သိပါသည်။ ကျင့်ချီ၏ ၂၀နှစ်ပြည့် မွေးနေ့တွင် ချူးကျောက်သည် သူ့ကို ချစ်စရာကောင်းသော ukulele လေး လက်ဆောင်ပေးခဲ့သည်။ ဤအဖိုးတန်လက်ဆောင်လေးကို တန်ဖိုးထားဖို့အတွက် ကျင့်ချီက ဂစ်တာတီးနည်းများကို အွန်လိုင်းတွင် အမှန်တကယ်ပင် လေ့လာခဲ့သည်။ သူက အလွန်တော်ပြီး အဲဒါကို လဝက်လောက်နဲ့ တတ်မြောက်ခဲ့သည်။

မရေတွက်နိုင်သော နေ့လယ်ခင်းများတွင် နေဝင်ချိန်၌ သူသည် ကျောင်းနောက်က တောင်ကုန်းပေါ်တွင်ထိုင်ပြီး သူ့ကိုမှီကာ သူ့သီချင်းတွေကို နားဆင်နေသော ချူးကျောက်ကို ဂစ်တာတီးပြီး သီချင်းဆိုပြခဲ့သည်။

သူက သူမအတွက် ချိုမြိန်မှုများနှင့် အချစ်သံစဉ်များစွာကို သီဆိုပေးခဲ့သည်။

ပြန်‌တွေးမိတော့ သူ သူမကို သီချင်းဆိုပြခဲ့တာ အတော်လေးကို ကြာသွားခဲ့ပြီပဲ။

သူမရဲ့မျှော်လင့်နေသည့် မျက်လုံးများကို မြင်တော့ ကျင့်ချီက ခဏလောက် တုံ့ဆိုင်းသွားပြီး သီချင်းတစ်ပုဒ်ဆိုဖို့ သဘောတူခဲ့သည်။

လူတိုင်းကဲ့သို့ပင် ချူးကျောက်သည် စိတ်အားထက်သန်စွာ လက်ခုပ်တီးခဲ့သည်။

ကျင့်ချီသည် တီးဝိုင်းသို့လျှောက်လာပြီး ဂစ်တာသမားရဲ့ဂစ်တာကို ယူ၍ သူသီချင်းလည်းဆိုမည်ဖြစ်ပြီး မည်သည့်အကူမှမပါဘဲ သူ့ကိုယ်တိုင်တီးခတ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဂစ်တာကိုကိုင်၍ ထိုင်ခုံပေါ်တွင်ထိုင်ရင်း သူက ကြိုးညှိပြီး ပေါ့ပါးသာယာသောသံစဉ်ကို တီးခတ်ပေသည်။ သာယာသောသံစဉ်နှင့်အတူ သူ့ရဲ့ဩရှသောအသံသည် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ "ဂနာမငြိမ်တဲ့ခရီးသွားက မာနကို တပ်ဆင်ကာ...မင်းက မင်းရဲ့ဖန်ခွက်ကို ကိုင်မြှောက်ပြီး မင်းကိုယ်မင်း ဂုဏ်ပြုလိုက်ပါ မနက်ခင်းနေမင်းကြီးအတွက် တစ်ခွန်း၊ လရောင်အတွက်တစ်ခွန်းပေါ့"

ကျင့်ချီ ဤစာသားကို သီဆိုလိုက်သောအခါ ချူးကျောက်၏မျက်လုံးများသည် အနည်းငယ် နီရဲလာသည်။

အတိတ်တွင် ချူးကျောက်သည် ဤသီချင်း "ဝမ်းနည်းခြင်းကိုလျော့ပါးစေသော" ကို အတော်လေး သဘောကျခဲ့သည်၊ ဘာကြောင့်ဆို "မနက်ခင်းနေမင်းကြီး" ဆိုသည့် စကားလုံးပါဝင်ပြီး အရင်အချိန်တုန်းက ချူးကျောက် ရှုချောင်းယန်ကို ရူးသွပ်စွာ စွဲလန်းနေတုန်းကဖြစ်သည်။ သူမသည် ဒီသီချင်းကို ခဏခဏ ဆက်တိုက်ဖွင့်ခဲ့သည်။

နောက်တော့ ကျင့်ချီက သူမကိုစဖို့အတွက် ဒီသီချင်းကို သုံးလေ့ရှိပြီး သူမရဲ့မအောင်မြင်ခဲ့တဲ့ အချစ်ဦးဇာတ်လမ်း၊ သူမရဲ့မဝံ့ရဲမှုကို လှောင်ပြောင်ခဲ့ကာ သူမရဲ့ငယ်ရွယ်စဉ် ပေါက်ကရလုပ်မှုများကိုလည်း လှောင်ရယ်ခဲ့ပေသည်။

ချူးကျောက်သည် အဆင်ပြေပါသည်။ တစ်ချိန်က သူမထွေးပိုက်ခဲ့သော နာကျင်စရာများကို လွှတ်ချပြီးနောက် သူမရဲ့ မရင့်ကျက်သောလူငယ်ဘဝကို ရယ်မောမိသည်။

"မွေးရပ်မြေတစ်ခု၊ အဝေးနေရာတစ်ခုမှာ ငါ့ကောင်မလေးနဲ့နေထိုင်ပြီး ငါ့ကိုကြီးပြင်းလာစေဖို့ ဖေးမခဲ့တယ်။ တောင်နဲ့မြောက်လမ်းတွေက အဆုံးမဲ့မဟုတ်တော့ဘူး၊ ငါ့ဝိညာဉ်က ဦးတည်ရာမရှိ လွင့်မျောမနေတော့ဘူး"

ကျင့်ချီသည် သီချင်းစာသားကို ပြင်ဆင်ခဲ့သည်။ သူသီဆိုနေသည်ကို အဲ့နေရာရှိ လူအများစုက နားမလည်နိုင်သော်လည်း ကိစ္စမရှိပါ။ သူက သူ့ကောင်မလေးကြားဖို့အတွက်သာ သီဆိုခြင်းဖြစ်သည်။

သူ့ရဲ့ချစ်ခြင်းမေတ္တာပြည့်နှက်နေသော အကြည့်က အချိန်အကြာကြီး ချူးကျောက်ပေါ်မကျရောက်ရဲဘဲ သူ့မျက်လုံးများ အောက်စိုက်ကြည့်နေပြီး ညင်သာစွာတီးခတ်၍ နူးညံ့စွာဖြင့် တီဆိုပေသည် "လွတ်လပ်မှုအတွက်၊ သေဆုံးခြင်းအတွက် ငါ့ရဲ့သာမန်ဖြစ်တည်မှုကို နားလည်ပြီး ရှုပ်ထွေးမှုကို ဖယ်ရှားရင်း..."

"ကောင်းပြီ၊ ဆိုနေတာ ရပ်လိုက်တော့"

ဝေ့ကျောက်ကျောက်က ကျင့်ချီရဲ့ဖျော်ဖြေမှုကို ရုတ်တရပ် နှောင့်ယှက်လိုက်သည်။ သူမသည် နားမလည်နိုင်သော ‌ဒေါသကြောင့် ပေါက်ကွဲထွက်လာပြီး "ကျွန်မ ဒီသီချင်းကိုမကြိုက်ဘူး။ မကောင်းဘူး"

သူမရဲ့မျက်လုံးများထဲတွင် မျက်ရည်များဝေ့ဝဲ၍ သူမသည် ဗီလာဆီ အမြန်ပြန်ပြေးသွားခဲ့သည်။

တခြားဘာအတွက်မှ မဟုတ်ပါဘူး။ ကျင့်ချီ၏ချစ်ခြင်းမေတ္တာတို့ပြည့်နှက်နေသော မျက်လုံးများတွင် တခြားမိန်းကလေး၏ အရိပ်ကို မြင်လိုက်သည်။ ဘယ်သူလဲဆိုတာ သူမ မသိပေမယ့် သေချာပေါက် ထိုမျက်လုံးများက သူမအတွက်ဖြစ်မနေခဲ့ပါ။

ယောက်ျားတစ်ယောက်သည် သူ့ရဲ့ချစ်မြတ်နိုးရသူကို လွမ်းဆွတ်တမ်းတမှသာ ထိုကဲ့သို့နူးညံ့သောအမူအရာကို ဖော်ထုတ်ပြလိမ့်မည်။

ဝေ့ကျောက်ကျောက်သည် အရူးမဟုတ်ပါ။

မိန်းမပျိုလေးသည် ရုတ်တရက် ‌ဒေါသထွက်သွားတာကြောင့် အနားရှိလူများက ရှုပ်ထွေးသွားကြသည်။

ကျင့်ချီက သူ့ဂစ်တာကိုကိုင်၍ ထရပ်လိုက်ပြီး လူအုပ်ကြားထဲရှိ ကောင်မလေးကို ထပ်ကြည့်လိုက်သည်။ သူမက သူ့ကိုတောက်ပစွာ ပြုံးပြပြီး "အရမ်းကောင်းတယ်" လို့ ပါးစပ်လှုပ်ပြခဲ့သည်။

ကျင့်ချီက သူ့ရဲ့ခံစားချက်များကို ဖုံးကွယ်၍ အမူအရာကင်းမဲ့စွာဖြင့် ဗီလာသို့ပြန်သွားခဲ့သည်။

All Chapters