← Chapters

"လော်" ဝါဒ စည်းဝေးပွဲကြီး

Vol. 3 Ch. 207

"လော်" ဝါဒ စည်းဝေးပွဲကြီး

Vol. 3 Ch. 207

ချင်းကွမ်း နတ်ဘုရားဂိုဏ်း အောင်မြင်နေသည့် အခြေအနေတွင် ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်ပေါ် လာလိမ့်မည်ဟု ချင်းယင်း မျှော်လင့် မထားခဲ့မိပေ။ သို့သော် ယခုနှစ်များ အတွင်းတွင် အခြေအနေ အရပ်ရပ်က သိပ်ပြီး မလွယ်ကူခဲ့ပါ။

လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာခန့်က အကြီးအကျယ် ပျက်စီးမှုကြီးကို ရင်ဆိုင် ခဲ့ရသည့် ချင်းရွှမ် နတ်တံခါးကတော့ ချန်ကျန့်မေနှင့် ဆန်းလျန်တို့ကဲ့သို့ အရည်အချင်း ရှိသူများ ပေါ်ထွက်လာခဲ့ကာ ပြန်လည် တိုးတက်လာခဲ့ပြီ ဖြစ်လေသည်။

ချန်ကျန့်မေမှာ တန်ခိုးစွမ်းအား အလွန် ကြီးမားနေပြီး သူ၏ ကျင့်ကြံမှု အဆင့် မည်သည့် အဆင့်သို့ ရောက်နေပြီကို ခန့်မှန်း၍ မရနိုင်တော့ပေ။ ဟွမ်ကျန်း သိထားသလောက် လောကနတ်ဘုရားများ ပင်လျှင် သူ့ကို ခြေရာခံ၍ မရ ဖြစ်နေရလေသည်။

ဆန်းလျန်က ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်လာပြီး နတ်တံခါးကို အုပ်ချုပ် နေချိန်တွင် ချန်ကျန့်မေမှာ ရှီးဟွမ် နယ်တစ်ဝိုက်တွင် နာမည် ကျော်ကြားလာကာ ချင်းရွှမ်၏ ဂုဏ်သတင်းမှာ တက်သည်ထက် တက်လာလေသည်။

“ဟွမ်ကျန်းအရှင် စိတ်မပူပါနဲ့၊ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းက ကျွန်မတို့ကို ဦးတည်ချက် ထားပြီး တိုက်ခိုက်တာ မဖြစ်နိုင်ပါဘူး”

ချင်းယင်းက နူးညံ့စွာ ပြောလိုက်သည်။

“ဒီလောကမှာ ပုံမှန် မဟုတ်တာ ဘာမှမရှိပါဘူး၊ ဒါနဲ့ လော်ဝါဒနဲ့ ပတ်သက်ပြီး မင်း လုပ်နေတာရော ဘယ်အထိ ခရီးရောက်ပြီလဲ”

ဟွမ်ကျန်းက ပေါ့ပေါ့ပါးပါးဟန်ဖြင့် မေးလိုက်သည်။

“လော်ဝါဒက ပြိုကွဲသွားတာ ကြာလှပါပြီ၊ ခုတော့ ဂိုဏ်းသေးသေးလေးတွေ အစိတ်စိတ် အမွှာမွှာကွဲပြီး တည်ရှိနေပါတယ်၊ ဝူဝေဂိုဏ်း၊ ဟုန်ယာဂိုဏ်း တို့လိုမျိုးပေါ့၊ ဒါပေမဲ့ အားလုံးက ဂိုဏ်းသေးသေးလေးတွေ ပါပဲ၊ ဘာအင်အားမှ မရှိကြဘူး၊ ပြီးတော့ ဘယ်သူမှ ကျွန်မ လုပ်တယ် ဆိုတာကို သတိ မထားမိကြပါဘူး”

ချင်းယင်းက တီးတိုး ပြောလိုက်လသည်။

"လော်ဝါဒထဲမှာလည်း နတ်ဘုရား ပေါ်ထွက်မလာတာ ကြာလှပါပြီ၊ မင်းလုပ်တယ် ဆိုတာ သိသွားလည်း အရေး မကြီးပါဘူး၊ လော်ဝါဒ စည်းဝေးပွဲကြီး လုပ်ဖို့ ဆယ်နှစ်တောင် လိုသေးတယ်၊ အဲဒီမတိုင်ခင် လော်ဝါဒ ပျက်စီးသွားရင် ပြီးတာပဲ၊ မင်းက လော်ဝါဒ စည်းဝေးပွဲကြီးကျမှ လော်ဝါဒရဲ့ သူတော်စင် အနေနဲ့ ထွက်ပြလိုက်ပေါ့၊ ပြီးတော့ ဂိုဏ်းသေးလေးတွေကို သိမ်းပိုက် လိုက်ရုံပဲ၊ အဲဒီအချိန်ဆို မင်းရဲ့ အောင်မြင်မှု အတွက် တောင်ပေါ်ကို မျက်နှာပန်း လှလှနဲ့ ပြန်လာလို့ရပြီ"

ဟွမ်ကျန်းက ပြောလိုက်လေသည်။

ချင်းယင်း၏ မျက်ဝန်း လှလှလေးများက ဟွမ်ကျန်း၏ စကားကြောင့် စိတ်လှုပ်ရှားသွားခြင်း မရှိပါ။

"ကျွန်မကြောင့် ဟွမ်ကျန်းအရှင် စိတ်ဓာတ် မကျစေရပါဘူး"

သူမက ပြောလိုက်လေသည်။

ဟွမ်ကျန်းက သူမကိုကြည့်ပြီး သက်ပြင်း ချလိုက်သည်။

"ရှန်လမ်းစဉ်ကို လိုက်မယ် ဆိုရင်တော့ မင်းအတွက် အောင်မြင်ဖို့ ခက်ခဲမှာပဲ"

ချင်းယင်းက ခေါင်းငုံ့ ထားလိုက်ရင်း....

"ဟွမ်ကျန်းအရှင်ရဲ့ တပည့်ဖြစ်တဲ့ ကျွန်မအတွက် လောကနတ်ဘုရား တစ်ပါး ဖြစ်လာဖို့လည်း အခွင့် မသာခဲ့ပါဘူး၊ အခု ရှန်လမ်းစဉ်ကို လျှောက်လှမ်းခွင့် ရတာ ကံကောင်း လွန်းနေပါပြီ"

နတ်ဘုရားငါးမျိုး ရှိလေသည်။ မိုးကောင်းကင် နတ်ဘုရား၊ လောကနတ်ဘုရား၊ လူသား နတ်ဘုရား၊ နတ်ဒေဝါ နတ်ဘုရားနှင့် ဝိညာဉ်နတ်ဘုရားတို့ ဖြစ်လေသည်။

ထိုနတ်ဘုရား ငါးမျိုးတွင် မိုးကောင်းကင်နတ်ဘုရားမှာ အခြားသော နတ်ဘုရားလေးမျိုးနှင့် မတူဘဲ ကွဲပြားလေသည်။ မိုးကောင်းကင် နတ်ဘုရားမှာ မိုးနှင့်မြေတွင် အသာလွန်ဆုံး နတ်ဘုရား ဖြစ်လေသည်။ ထို့ပြင် လောကနတ်ဘုရား၊ လူသားနတ်ဘုရား၊ နတ်ဒေဝါ နတ်ဘုရားနှင့် ဝိညာဉ် နတ်ဘုရားတို့၏ ဦးတည်ရာမှာလည်း မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်လာရန်ပင် ဖြစ်လေသည်။

လောကနတ်ဘုရား ဆိုသည်မှာ ကျင့်ကြံသူမှ နတ်ဘုရား အဖြစ် အဆင့် တက်သွားအောင် ကျင့်ကြံနိုင်သူကို ခေါ်ဆိုခြင်း ဖြစ်လေသည်။ လောကနတ်ဘုရား တစ်ပါးသည် မိုးကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်လာရန် များစွာ အခွင့်အရေး များလေသည်။ အဘယ်ကြောင့် ဆိုသော် စစ်မှန်သည့် တာအိုကျင့်စဉ်ကို ကျင့်ကြံပြီး နတ်ဘုရား ဖြစ်လာသူ ဖြစ်သည့် စစ်မှန်သည့် နတ်ဘုရား ဖြစ်သောကြောင့်ပင်။

လူသား နတ်ဘုရားများမှာတော့ မိုးကောင်းကင်၏ ဆုလာဘ်ဟု ပြော၍ရလေသည်။ သူတို့တွင် ကြီးမားသည့် တန်ခိုးစွမ်းအားများ ရှိကြပြီး ပါရမီရင့်သန်သူများ ဖြစ်ကြသည်။ များသော အားဖြင့် "ဘုရင့်မျိုးနွယ်များ" ဖြစ်ကြလေသည်။ သို့သော် သူတို့က မိုးကောင်းကင် နတ်ဘုရား၏ ကျင့်စဉ်လမ်းသို့ မသွားဘဲ တိုင်းပြည်ကိုသာ အာရုံ စိုက်နေပါက သံသရာစက်ဝန်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

နတ်ဒေဝါ နတ်ဘုရားများမှာ "နတ်ဘုရားဖြစ်ရန် မွေးဖွားလာသူများ" ဖြစ်လေသည်။

သူတို့က နတ်ဘုရား ဖြစ်ရန်အတွက် ကျင့်စဉ်များကို ကျင့်ကြံစရာ မလိုပေ။ မွေးရာပါ တန်ခိုးစွမ်းအားများ ပါလာပြီးသား ဖြစ်လေသည်။ တဖြည်းဖြည်းနှင့် သူတို့ ကိုယ်တွင်းမှ နတ်ဒေဝါမျိုးစေ့ ရှင်သန်လာပြီး သဘာဝအတိုင်း နတ်ဘုရား ဖြစ်သွားကြလေသည်။

ဝိညာဉ်နတ်ဘုရား ဆိုသည်မှာတော့ အနည်းငယ် ရှုပ်ထွေးလေသည်။ သူတို့က လူ့လောကတွင် နေထိုင်ကြသည့် ဝိညာဉ် သို့မဟုတ် တစ္ဆေများပင် ဖြစ်လေသည်။

သူတို့က ကျင့်ကြံပြီး တန်ခိုးစွမ်းအားများ ရရှိ လာကြလေသည်။ သူတို့က အသူရာ ချောက်သို့လည်း ဝင်ထွက် သွားလာနိုင်စွမ်း ရှိကြလေသည်။

သို့သော် ဝိညာဉ်နတ်ဘုရားမှာ သေသွားသည့် သူ၏ ဝိညာဉ်ဖြစ်သည့် အတွက် မိုးကောင်းကင် နတ်ဘုရားတစ်ပါး အဖြစ် အဆင့် တက်လိုလျှင် မိုးကြိုး တရားစီရင်မှုကို ရင်ဆိုင်ရမည် ဖြစ်လေသည်။ ထိုသို့ မိုးကြိုးနှင့် အပစ်ခံရပြီးမှသာ မိုးကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်နိုင်မည် ဖြစ်လေသည်။ မိုးကြိုးတရား စီရင်မှုကို ခံရလျှင် မခံမရပ်နိုင်အောင် နာကျင် ခံစားရမည် ဖြစ်လေသည်။ ဤသည်မှာ ကျင့်ကြံသူ မဟုတ်သည့် ဝိညာဉ် နတ်ဘုရားများ သွားရမည့် လမ်း ဖြစ်လေသည်။

သို့သော် ရုပ်ခန္ဓာ မရှိသည့် ကျင့်ကြံသူမှာ ထိုလမ်းသို့သာ သွားရမည် ဖြစ်လေသည်။

လောကတွင် ကျင့်စဉ်လမ်းကြောင်းပေါင်း သုံးထောင် ရှိလေသည်။ လမ်းစဉ် အားလုံးက နတ်ဘုရား ဖြစ်လာရေး အတွက်သာ ဦးတည်လေသည်။ ထို့ကြောင့် ပိုကောင်းသည့် နည်းလမ်းဟူ၍ မရှိပေ။ သို့သော် တာအိုကျင့်စဉ်ဖြင့် လောကနတ်ဘုရား အဆင့် တက်ရောက်နိုင်သူက အခြားသော သူများထက် ပိုပြီး သာလွန်လေသည်။ ထို့ကြောင့် ကျင့်ကြံသူတို့ လမ်းတွင် တာအိုလမ်းစဉ်ကို စစ်မှန်သည့် လမ်းစဉ်ဟု ပြောလေ့ ရှိကြသည်။ လောကနတ်ဘုရား တစ်ပါးမှာလည်း များစွာ လေးစားခြင်းကို ခံရလေသည်။

ဟွမ်ကျန်း၏ ဝတ်ရုံသည် လေမတိုက်ပါဘဲ လေထဲတွင် လွင့်ပျံ နေလေသည်။ သူက လက်ထဲမှ ဓားပျံလေးကို လေထဲသို့ ပစ်လွှတ်လိုက်သည့် အခါ ဓားပျံလေးသည် ဓားဝိညာဉ်အသွင် ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးခွဲ ပျံသန်းသွားလေသည်။ ဓားပျံဖြင့် စာပို့ခြင်းကို ဟိုင်သန်းအဆင့် ကျင့်ကြံသူများသာ ပြုလုပ်နိုင်လေသည်။ စာပို့သူမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ နတ်ဘုရား အလောင်းအလျာ ဆယ့်နှစ်ပါးထဲမှ သူ၏ ဂိုဏ်းတူညီလေး ဖြစ်လေသည်။

လက်ရှိ ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ အနေအထားဖြင့် ဆိုလျှင် လုကျိုးယွမ်၏ ရွှမ်ထျန်းဂိုဏ်းမှ လွဲပြီး မည်သည့် နတ်ဘုရား ဂိုဏ်းကိုမှ ကြောက်စရာ မလိုပေ။

ဟွမ်ကျန်းကလည်း သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိလေသည်။ သူက ပြဿနာများကို ဖြေရှင်းရန် အတွက် ဉာဏ်ပညာထက် အာဏာကို အသုံးပြုသူ ဖြစ်လေသည်။

"ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းကိစ္စကို ကျုပ် အမြန် ဖြေရှင်းမှာပါ၊ ဒါပေမဲ့ လော်ဝါဒ စည်းဝေးပွဲကြီး မစခင်တော့ မင်းကို တစ်ခေါက် လာတွေ့ပါဦးမယ်၊ ချင်းရွှမ် နတ်တံခါး ကိစ္စကတော့ ခဏ ထားလိုက်ဦး၊ ဆန်းလျန်ရဲ့ စစ်မှန်တဲ့တန်ခိုး စွမ်းအားကို ဘယ်အရာနဲ့မှ လှည့်စားလို့ မရနိုင်သေးဘူး"

ဟွမ်ကျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

လော်ဝါဒ ပျက်စီးသွားပြီ ဖြစ်သည့် အတွက် လော်ဝါဒ၏ ကံတရားသည် သူ၏ ဆရာဖြစ်သူ ယွိမင်နတ်ဘုရား၏ လက်ခုပ်ထဲမှရေ ဖြစ်သွားပြီ ဖြစ်သည်။ လော်ဝါဒ ပြိုကွဲသွားသည်ကို အခွင့်ကောင်း ယူပြီး လော်ဝါဒတွင် ကျန်ရှိနေသည့် ကျင့်စဉ်များကို လေ့လာရန် ဟွမ်ကျန်းက ကြံစည် ထားလေသည်။ ထိုကျင့်စဉ်များက သူ့အတွက် ဖော့ဝမ့်အဆင့်ကို ကျော်လွန်ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာသည် အထိ အထောက်အကူ ပြုမည်ဟု မျှော်လင့် ထားသည်။

စကား ဆုံးသွားသည်နှင့် ဟွမ်ကျန်းက လမ်းလျှောက် ထွက်ခွာသွားလေသည်။

သူ့ရှေ့တွင် နက်ရှိုင်းသည့် ချောက်ကြီးတစ်ခုသာ ရှိသည့်တိုင် သူက လေထဲတွင် ခြေတစ်လှမ်းချင်း လှမ်းကာ လျှောက်လှမ်း သွားခြင်း ဖြစ်လေသည်။ သူက လမ်းလျှောက်ရင်း ကောင်းကင် ထက်သို့ တစ်ဆင့်ချင်း တက်လှမ်းသွားလေသည်။ ကောင်းကင်ထက်သို့ ရောက်သည်နှင့် သူ့ခြေထောက် အောက်တွင် တိမ်တိုက်တစ်ခု ပေါ်လာပြီး ပျံသန်း ပျောက်ကွယ် သွားလေသည်။

ဟွမ်ကျန်းအရှင် ပျောက်ကွယ်သွားသည် အထိ ချင်းယင်းသည် မျက်စိတစ်ဆုံး ငေးမော ကြည့်နေ မိလေသည်။ ပြီးမှ သူမလည်း တောင်အောက်သို့ ဆင်းလာခဲ့သည်။ သူက မည်သူမျှ မသိအောင် တိတ်ဆိတ်စွာဖြင့် တောင်တံခါးမှ ထွက်ခွာ သွားလေသည်။ သူမက သူမ၏ ဓားဝိညာဉ်ကို စီးနှင်ကာ ထိုက်ချန်းတောင်မှ ထွက်ခွာရန် ပြင်ဆင် လိုက်သည်။

ထိုအချိန်မှာပင် လူငယ် တစ်ယောက် သူမဆီသို့ လျှောက်လာလေသည်။

"နတ်မိမယ်၊ ခဏလောက် စောင့်ပါဦး"

လူငယ်က သူမကို လှမ်းအော် ပြောလိုက်သည်။

ချင်းယင်းက ထိုလူငယ်ကို လှမ်းကြည့်လိုက်သည်။ လူငယ်မှာ အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ ဆံပင်က တိုတို၊ မျက်ခုံးကလည်း ပါးပါးနှင့် ဖြစ်လေသည်။ ရုပ်ရည်ကတော့ ချောမောလှပပြီး မျက်ဝန်းလေးများက ကလေးငယ် တစ်ယောက်အလား ကြည်လင် တောက်ပ နေလေသည်။

"မင်းက ဘယ်သူလဲ"

ချင်းယင်းက အေးစက်စွာဖြင့် မေးလိုက်သည်။

"နတ်မိမယ်က ထိုက်ချန်းတောင်၊ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကလား"

လူငယ်က ပြန်မေးလိုက်သည်။

"မင်းက ဘာလုပ်မလို့လဲ"

လူငယ်က သူမကို ခေါင်းမော့ ကြည့်လိုက်ရင်း....

"ကွမ်းချင်း နတ်ဘုရားဂိုဏ်းက လူသစ်ရွေးပွဲ အတွက် တောင်တံခါးဖွင့်ပြီ ဆိုလို့ပါ ၊

ဒါကြောင့် ကျွန်တော်များ ပညာသင်ခွင့် ရမလားလို့ပါ"

"အော်... တောင်တံခါးဖွင့်ပြီး လူသစ်တွေတောင် ထပ်ရွေးပြီလား"

ဟု ချင်းယင်း တွေးလိုက်မိသည်။

သို့သော် သူမမျက်နှာထားကတော့ အေးစက် တင်းမာနေဆဲပင်။

"တပည့် ခံချင်တယ်ဆိုလည်း ကိုယ့်ဟာကိုယ် သွားပါလား၊ ဘာလို့ ငါ့ကို လာမေးနေသလဲ"

"နတ်ဘုရားတောင်တွေကို အရင်က တစ်ခါမှ မရောက်ဖူးပါဘူး၊ ဒါကြောင့် လမ်းလည်း မသိဘူးဗျ၊ နတ်မိမယ်ရဲ့ ပုံက အရမ်းကို တန်ခိုးစွမ်းအား မြင့်မားတဲ့ပုံ ပေါက်နေတော့ နတ်ဘုရား အနွယ်တော် တစ်ပါး ဖြစ်ရမယ်လို့ ထင်မိလို့ မေးမိတာပါ၊ ကျွန်တော် ရိုင်းပြသွားရင် ခွင့်လွှတ်ပါ၊ ကျွန်တော့်မှာ နှောင့်ယှက်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး"

လူငယ်က တောင်းပန်စကား ဆိုလိုက်သည်။

"ဒီကောင်လေးရဲ့ အရိုးအဆစ် ဖွဲ့စည်းပုံက သင့်တော်တယ်၊ အသက်တော့ အရမ်း မငယ်ပေမဲ့ ဒုက္ခပေးမယ့် ပုံတော့ မရှိဘူး၊ သူသာ တောင်တံခါးကို သွားရင် တပည့်အဖြစ် အရွေးခံရနိုင်ချေ ရှိတယ်"

ဟု ချင်းယင်း တွေးလိုက်မိလေသည်။

"ဒီအတိုင်း တည့်တည့်လျှောက်သွား၊ မိုင်သုံးဆယ်လောက် သွားပြီးရင် တောင်ကြားလမ်း တစ်ခု တွေ့ရလိမ့်မယ်၊ တောင်ကြားလမ်း အတိုင်း ဝင်သွားရင် မြစ်တစ်ခု တွေ့လိမ့်မယ်၊ အဲဒီ မြစ်ထဲမှာ လှေတစ်စင်း မင်းကို စောင့်နေလိမ့်မယ်၊ ကျန်တာကတော့ မင်းရဲ့ ကံတရား အတိုင်းပဲ"

ချင်းယင်းက ပြောပြလိုက်သည်။

လူငယ်က ချင်းယင်းကို လက်နှစ်ဖက် ဆုပ်ကာ အရိုအသေ ပေးလိုက်ရင်း....

"ကျေးဇူးတင်ပါတယ် နတ်မိမယ်"

ဟု ပြောလိုက်လေသည်။

ချင်းယင်းက သူ့ကို အဖက်လုပ် စကား ပြောမနေတော့ဘဲ လျင်မြန်သော အရှိန်ဖြင့် ထွက်ခွာ သွားလေတော့သည်။

လူငယ်လေးက ပင့်သက်တစ်ချက် ရှိုက်လိုက်သည့် အတွက် ချင်းယင်း၏ ခန္ဓာကိုယ်မှ ကျန်ရစ်ခဲ့သည့် နတ်ဘုရား မွှေးရနံ့က သူ့နှာခေါင်းတွင်းသို့ တိုးဝင်လာသည်။

"အမွှေးတိုင်နံ့ ကျနေတာပဲ၊ အသက်ရှူတောင် ကျပ်တယ်"

လူငယ်က တစ်ချက် ရေရွတ်လိုက်ရင်း ရှေ့သို့ တည့်တည့် လျှောက်သွားလေတော့သည်။

လူငယ်၏ မျက်နှာထက်တွင် အပြုံးတစ်စကို မြင်ရနိုင်လေသည်။ ထိုအပြုံးက အေးစက်နေသယောင် ထင်ရပြီး ထိုသူမှာ ယန်ရွှီးပင် ဖြစ်လေတော့သည်။

***

အချိန် (၅) နှစ် ကြာခဲ့လေပြီ…. ။

ချင်းရွှမ် နတ်တံခါး...

ကျီဖူတောင်ထိပ်ရှိ ထိုက်ဝေ့ထိုင် ခန်းမဆောင် ဒုတိယထပ်တွင် ဆန်းလျန် ရှိနေလေသည်။ သူ့လက်ထဲတွင် ကျောက်စိမ်း စာလိပ်တစ်ခုကို ကိုင်ထားပြီး ဟိုမှသည်မှ လမ်းလျှောက် နေလေသည်။ သူ၏ အာရုံထဲတွင် လေနှင့် မီးတောက်များ၊ လင်းလက်နေသည့် ဓားရောင်များ မြင်တွေ့နေရသည်။ သို့သော် အမြင် အာရုံမျှသာ ဖြစ်ပြီး အစစ်အမှန် မဟုတ်ပါ။

ချိတ်ဆွဲထားသည့် နတ်ဘုရား အပါးလေးဆယ်၏ ပုံတူ ပန်းချီကားများက အလွန် အသက် ဝင်လှပြီး ဆန်းလျန်၏ ခြေလှမ်းတိုင်းကို ကြည့်ရှု နေကြသကဲ့သို့ ရှိလေသည်။

ဆန်းလျန် ခြေလှမ်းများက ပုံမှန် မဟုတ်ပါ။ ဒြပ်စင်စွမ်းအား ရှစ်မျိုး လှည့်ပတ်သည့် ပုံသဏ္ဌာန် အတိုင်း လမ်းလျှောက်နေခြင်း ဖြစ်လေသည်။ ထို့နောက် ဒြပ်စင်စွမ်းအား ရှစ်မျိုးမှ ဒြပ်စင်စွမ်းအား ငါးမျိုးသို့ ကူးပြောင်း သွားပြန်သည်။

ဆန်းလျန်၏ ခြေလှမ်းတိုင်းတွင် ထောင်နှင့်ချီသည့် တာအိုကျင့်စဉ်များ၏ အနှစ်သာရများ ပါဝင်နေလေသည်။

တဖြည်းဖြည်း သူ၏ ခြေလှမ်း အရှိန်များ နှေးသွားလေသည်။ ဆန်းလျန်က မျက်ဝန်းများကို မှိတ်ထားပြီး သူ့ခန္ဓာကိုယ်မှ ခရမ်းရောင် အငွေ့များ ထွက်ပေါ်နေလေသည်။

သူ့လက်ထဲမှ ကျောက်စိမ်း စာလိပ်သည် အဝေးသို့ ပြန်လည် လွင့်မျော သွားလေသည်။ ထိုစာလိပ်ထဲမှ ကျင့်စဉ်စွမ်းအားများသည် ဆန်းလျန်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားပြီး တံလျှပ်နှင့် တူသည့် ပုံရိပ် တစ်ခုအလား ဆန်းလျန်ကို ဝန်းရံနေလေသည်။

သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ခရမ်းရောင် အငွေ့များသည် သူ၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်ဝင်သွားပြီး ပျောက်ကွယ် သွားလေသည်။

ဆန်းလျန်က အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်ပြီး မျက်ဝန်းများကို အသာအယာ ဖွင့်လိုက်သည်။

သူ၏မျက်ဝန်းဆီမှ ရွှေရောင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာလေသည်။ ထိုက်ဝေ့ထိုင် ခန်းမ၏ စွမ်းအားကြီးသည့် အရံအတား ကြောင့်သာ ထိုရွှေရောင် အလင်းတန်းများ အောက်တွင် ခန်းမဆောင် ပျက်စီး မသွားခြင်း ဖြစ်လေသည်။

ငါးနှစ်ဆိုသည့် အချိန်အတွင်း….

ကူးချိုင်ဝေ့မှာ ဆန်းလျန်၏ ညွှန်ကြားချက် အတိုင်း သူမလုပ်ရမည့် အလုပ်များကို ဆက်လက် လုပ်ဆောင် နေလေသည်။ ဆန်းလျန်၏ သင်ကြားပေးမှုကို လာရောက်ခံယူသည့် ဟိုင်သန်းအဆင့် ကျင့်ကြံသူများလည်း များစွာ ရောက်ရှိ လာကြလေသည်။ ဆန်းလျန်သည် ကျင့်ကြံသူများ၏ ကျင့်စဉ်လမ်း အတွက် မျိုးစေ့ချပေးသူ တစ်ယောက် ဖြစ်လာခဲ့သည်။

သို့သော် ငါးနှစ်ဆိုသော အချိန်တိုလေး အတွင်းတွင် ချင်းရွှမ် နတ်တံခါးတွင် တပည့်အဖြစ် သတ်မှတ်ရန် အရည်အချင်း ပြည့်မီသူကတော့ တစ်ဦးသာ ပေါ်ထွက်ခဲ့လေသည်။

သို့သော် ချင်းရွှမ် နတ်တံခါးသို့ လာရောက်သည့် ဧည့်သည် အရေအတွက်ကတော့ များပြား လာခဲ့သည်။ အနယ်နယ် အရပ်ရပ်မှ ကျင့်ကြံသူများသည် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသည့် ချင်းရွှမ် နတ်တံခါးထိ လာရောက်ကြပြီး ဆန်းလျန်ထံတွင် တရားဆွေးနွေး တပည့်ခံကာ ပညာယူကြလေသည်။

ချင်းရွှမ်နတ်တံခါး၏ စကားအရ ဆိုလျှင် လူသား အားလုံးကို သာတူညီမျှ ဆက်ဆံလေသည်။ သို့သော် ချင်းရွှမ် နတ်တံခါးသို့ တပည့်အဖြစ် ဝင်ရောက်ရန်မှာတော့ လွန်စွာမှ ခက်ခဲလေသည်။ နှစ်ပေါင်း ငါးဆယ်မှ တစ်ခါ နတ်တံခါးဖွင့်မှသာ ကျင့်ကြံသူများ အတွက် အခွင့်အရေးရမည် ဖြစ်လေသည်။

နတ်ဘုရား ဂိုဏ်းများမှာ ဝင်ခွင့်ရရန် လွန်စွာမှ ခက်ခဲသလို ဝင်ရောက်ခွင့် ရလျှင်လည်း နတ်ဘုရားတစ်ပါး ဖြစ်သည်အထိ ကျင့်စဉ်လမ်း လျှောက်လှမ်းနိုင်ရန် အခွင့်အလမ်းများစွာ ရှိလေသည်။

ယခုတော့ ငါးနှစ်ဆိုသည့် အချိန်တွင်း ဆန်းလျန်၏ အရှိန်အဝါမှာ မြင့်မားလာပြီး ပုရွှီးအဆင့်သို့ပင် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အတူ သူ၏ ထုန်းထျန်း တန်ခိုး စွမ်းအားမှာလည်း လောကအသစ်များသို့ ဝင်ရောက်နိုင်သည် အထိ စွမ်းအား ကြီးမားလာပြီ ဖြစ်လေသည်။ သူ၏ ဝိညာဉ် စွမ်းအားများမှာလည်း အစဉ်တစိုက် တိုးတက် လာလေသည်။ သို့သော် လွန်ခဲ့သည့် တစ်နှစ် ခန့်ကတော့ ဝိညာဉ်စွမ်းအား တိုးတက်မှု ရပ်တန့်သွားပြီး သူ့အတွက် ကျင့်စဉ်လမ်း အခက်အခဲကို စတင် ရင်ဆိုင် ရပြန်လေသည်။

သို့သော် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ ကျင့်စဉ်များကြောင့် ဝိညာဉ်စွမ်းအား ပြန်လည် တိုးတက် လာခဲ့လေသည်။ ထိုအခါမှ ဆန်းလျန်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော် … ရုတ်တရက် ဝိညာဉ်စွမ်းအား တိုးတက်မှု ရပ်တန့်သွားခြင်းမှာ ကောင်းသည့် လက္ခဏာတော့ မဟုတ်ပေ။

ယခု အချိန်တွင်တော့ ဆန်းလျန်အတွက် ထုန်ထျန်း တန်ခိုး စွမ်းအားများနှင့် ထိုက်ရွှီးတန်ခိုး စွမ်းအားများ ပေါင်းစပ်မှုသည် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ဆန်းလျန် အနေဖြင့် နတ်တံခါးမှ ထွက်ခွာပြီး အချို့ ကိစ္စရပ်များကို အဆုံးသတ်ရန် အချိန်တန်ပြီ ဖြစ်လေသည်။

***

All Chapters