← Chapters

အပိုင်း (၁၀၃)

Vol. 8 Ch. 103

အပိုင်း (၁၀၃)

Vol. 8 Ch. 103

ကျင့်ချီက သူ့တံတောင်ဆစ်ဖြင့် တံခါးဘောင်ကိုထောက်၍ စိတ်ပူနေသော မျက်လုံးများနှင့် ဝေ့ကျောက်ကျောက်၏ ကျောပြင်ကို ကြည့်နေခဲ့သည်။

ဝေ့ကျောက်ကျောက်သည် အိပ်ရာအစွန်းမှာထိုင်နေပြီး သူမရဲ့ဒူးကိုပိုက်ကာ ကြေကွဲနေခဲ့သည်။ "ကျွန်မ ရှင်နဲ့ပတ်သက်ပြီး မသိတဲ့အရာတွေ ဘယ်လောက်တောင်ရှိသေးလဲ။ သူမက အော်ပြောသည်။ "ရှင်ဂစ်တာတီးတတ်တယ်ဆိုတာ ကျွန်မ လုံးဝမသိခဲ့ဘူး။ ရှင် အရင်က ကျွန်မအတွက် တစ်ခါမှမတီးခဲ့ပေးဖူးဘူး"

ကျင့်ချီ၏ နှလုံးသားသည် ရုတ်တရက် သက်သာရာရသွားသည်။ ‌ဒါဆို ဒီကိစ္စကြောင့်ဖြစ်နေတာပေါ့။ "ငါမင်းကိုဘာမှဖုံးကွယ်ထားဖို့ မကြိုးစားခဲ့ပါဘူး" သူက အမူအရာကင်းမဲ့စွာဖြင့် ပြောဆိုသည်။ "ငါ ဒီနေ့မှတီးတာမလား"

"ရှင် ကျွန်မကို အများကြီး ဖုံးကွယ်ထားတယ်လို့ ခံစားရတယ်။ ကျွန်မ ရှင့်ကို သေချာမသိဘူး"

ကျင့်ချီသည် အတော်ပင်မည်းမှောင်နေသော ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောသည်။ "ကိစ္စအများကြီးက အချိန်ယူရမယ်လေ"

ရုတ်တရက် ဝေ့ကျောက်ကျောက်က နောက်ကနေ သူ့ကိုတင်းကျပ်စွာဖက်သည်။ "ကျင့်ချီ ကျွန်မတို့မင်္ဂလာပွဲကို ရွှေ့ရအောင်နော်။ ကျွန်မ မစောင့်နိုင်တော့ဘူး။ အခုချက်ချင်း လက်ထပ်မယ်လေ"

"ဒီအလုပ်ရှုပ်တဲ့ကာလပြီးမှ ပြောကြတာပေါ့။ ဒီနှစ်ကရိတ်သိမ်းရာသီလေ၊ ငါ့သူဌေးက ပို့‌ဆောင်မှုအသစ်တွေကို ကိုင်တွယ်ရမယ်"

"ကျွန်မအဖေ့ကို ရှင့်အလုပ်တွေထပ် မပေးဖို့ပြောလိုက်မယ်၊ ဒါမှရှင်အရမ်းအလုပ်မရှုပ်မှာ"

ကျင့်ချီ၏ လက်သည် ရုတ်တရက် တင်းကျပ်သွားသည်။ သူက ဖြည်းညှင်းစွာ လှည့်ပြီး သူ့ရင်ထဲမှ လှိုက်တက်လာသော ရွံရှာမှုကို ဖိနှိပ်၍ ဝေ့ကျောက်ကျောက်ကို ဖက်လိုက်သည်။ "ဒါ ငါ့ကိုယ်ငါ သက်သေပြဖို့အခွင့်အရေးလေ။ ကျောက်ကျောက် မင်းအသုံးမကျတဲ့ယောက်ျားက်ို မလိုချင်ဘူးမလား"

သူသည် ဘယ်တုန်းကမှ သူမကို ဒီလောက်နူးညံ့စွာ မဖက်ခဲ့ဖူးပေ။ ဝေ့ကျောက်ကျောက်၏ နှလုံးသားသည် အရည်ပျော်သွားပြီး သူ့ရင်ခွင်ထဲတွင် သူမခေါင်းကိုအပ်ကာ နာခံမှုရှိစွာ ခေါင်းညိတ်ပေသည်။ "ရှင် ဘာပြောပြောကျွန်မနားထောင်မယ်"

ဒါပေမယ့် ထိုအချိန် ဝေ့စုန့်သည် ဝေ့ကျောက်ကျောက်၏ အခန်းထဲသို့ အသဲအသန် ပြေးဝင်လာခဲ့သည်။ "အစ်မ၊ မကောင်းတော့ဘူး။ သူတို့က ဆရာမချူးကို ရေကူးကန်ထဲပစ်ချလိုက်တယ်။ သူ...သူရေမကူးတတ်ဘူး"

ဝေ့ကျောက်ကျောက်သည် ဒေါသတကြီး ဝေ့စုန့်ကိုအော်ခါနီး ထိုယောက်ျားက သူမကိုဖက်ထားတာမှ ရုတ်ရက် လွှတ်လိုက်ပြီး အခန်းထဲမှ အသဲအသန်ထွက်သွားကာ ဗီလာ‌နောက်ရှိ ကျယ်ပြန့်လှသော ရေကူးကန်သို့ ပြေးသွားခဲ့သည်။

ဝေ့ကျောက်‌ကျောက်သည်လည်း သူ့နောက်မှအမြန်လိုက်သွားခဲ့သည်။

ချူးကျောက်သည် ရေကူးကန်ထဲတွင် ရုန်းကန်နေရပြီး ရေအများကြီးကို မျိုချမိခဲ့သည်။ မျှော်လင့်ချက်မဲ့မှုနှင့် အေးစက်မှုက သူမကိုလွှမ်းမိုးသွားပြီး သူမရဲ့အသိစိတ်သည် မှိန်ဖျော့လာလေသည်။

ရေကန်ဘေးရှိ ယောက်ျားလေး၊ မိန်းကလေးများရဲ့ရယ်သံများသည် တခြားကမ္ဘာမှကဲ့သို့ ဝေးကွာလှပေသည်...

ထိုအချိန်တွင် အားကောင်းသော လက်တစ်စုံသည် သူမရဲ့လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး သူမကို ရေထဲမှဆွဲထုတ်ခဲ့သည်။ သူမရဲ့ဝေဝါးနေသောအမြင်အာရုံတွင် သူမသည် ကျင့်ချီရဲ့အလွန်အမင်း ဒေါသထွက်နေသည့် မျက်နှာကို မြင်လိုက်ရသည်။

သူမသည် လက်ဆန့်ထုတ်ပြီး သူ့မျက်နှာကို ညင်သာစွာ ထိတွေ့ချင်ပေမယ့် ခွန်အားမရှိတော့ပေ။

ထိုအချိန်တွင် ဝေ့ကျောက်ကျောက်က ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ထဲကို အမြန်ပြေးဝင်သွားတော့ သတိမေ့မျောနေသည့် မိန်းကလေးကို နှုတ်ခမ်းချင်းတေ့ကာ ကယ်တင်ကာ သူမရဲ့မျက်နှာကိုပုတ်ပြီး သူမရဲ့ရင်ဘတ်ကို တစ်ချက်ပြီးတစ်ချက် ဖိတာတို့ လုပ်ပေးနေသည့် ကျင့်ချီကို တွေ့လိုက်ရသည်။

ရေအချို့ ထွက်ကျလာပြီးနောက် ကောင်မလေးသည် တဖြည်းဖြည်း အသိစိတ်ဝင်လာခဲ့သည်။ သူမက ကျင့်ချီကို အားနည်းစွာ ကြည့်နေပြီး သူမလက်ထဲမှာ သူ့ရှပ်အင်္ကျီအနားစကို ဆုပ်ကိုင်ထားသည်။

ဝေ့ကျောက်ကျောက်၏ အမူအရာသည် တဖြည်းဖြည်း အေးစက်လာသည်။ မနာလိုမှုသည် သူမရဲ့နှလုံးသားထဲတွင် အဆိပ်ပြင်းသောမြွေကဲ့သို့ ရစ်ပတ်နေပေသည်။

နောက်တနေ့တွင် ဝေ့ရွင်းသည် ဒီမတော်တဆမှုအတွက် ဝေ့ကျောက်ကျောက်ကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

"တစ်ချိန်လုံး နင်ပတ်ရှုပ်နေတာကပဲ တော်တော်လေး ဆိုးနေပြီလေ၊ အခု နင့်ရဲ့အရူးသူငယ်ချင်းတွေ သူ့အသက်ကို ယူလုနီးပါးဖြစ်အောင်တောင် နင်ခွင့်ပြုပေးလိုက်တယ်ပေါ့"

ဝေ့ကျောက်ကျောက်က ခွန်းတုံ့ပြန်ပေသည်။ "သူကအစေခံပဲဟာ၊ ဘာတွေများ အရမ်းအရေးကြီးနေလို့လဲ"

"အခုအချိန်မှာ တရုတ်စာဆရာတစ်ယောက်ရှာရတာ ဘယ်လောက်ခက်လဲ နင်သိလား။ ငါတို့ဘယ်လောက်ပဲကမ်းလှမ်းနေပါစေ ဘယ်သူ့မှ ဒီနေရာကို မလာချင်ကြဘူး။ နောက်ဆုံး ခက်ခက်ခဲခဲနဲ့ တစ်ယောက်ရခဲ့တာ၊ အခု နင်က နင့်မောင်ရဲ့အနာဂတ်ကို ဖျက်ဆီးနေတာပဲ"

ဝေ့စုန့်က ဝမ်းနည်းနေသော အမူအရာဖြင့် ဘေးမှာထိုင်နေပြီး သူ့ကိုယ်သူ အပြစ်တင်ပေသည်။"အကုန်လုံးကျွန်တော့်အမှားပါ။ ကျွန်တော် အစ်မရဲ့အရူးပါတီကို ဆရာမချူးကို မဖိတ်ခဲ့သင့်ဘူး"

ဝေ့ကျောက်ကျောက်သည် ဝေ့စုန့်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပေမယ့် နောက်ဆုံးတော့ သူမအဖေကို အရှုံးပေးခဲ့ရသည်။ "‌အင်းပါ၊ အင်းပါ၊ ကျွန်မသိပါတယ် ကျွန်မမှားသွားတယ်ဆိုတာ။ အခုကစပြီး ကျွန်မ သူနဲ့ ဝေးဝေးမှာပဲနေပါ့မယ်"

ဝေ့ရွင်းက အမူအရာကင်းမဲ့စွာဖြင့် ဘေးမှာရပ်နေသည့် ကျင့်ချီကို လှည့်ကြည့်သည်။ "ဒီတစ်ခါ ငါ မင်းကိုကျေးဇူးတင်ရမှာပဲ"

ကျင့်ချီက တည်ငြိမ်စွာ ရှင်းပြသည်။ "ဒီလိုအခြေအနေမျိုးမှာ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုပဲလုပ်မှာပါ"

ဝေ့ကျောက်ကျောက်က ဝေ့ရွင်းကို အမြန်ပြောသည်။ "အဖေ ကျွန်မနဲ့ ချောင်းယန်ရဲ့မင်္ဂလာပွဲကို ရွှေ့ချင်တယ်"

"နှစ်ကုန်ရင်လုပ်ဖို့ စီစဉ်ထားပြီးပြီလေ။ နင်က ဘယ်လောက်တောင် ပိုစောချင်နေတာလဲ"

"နောက်လကို စဉ်းစားမိတယ်။ ကျွန်မ တွက်ချက်ကြည့်တာ နောက်လမှာ နေ့ကောင်းနေ့မြတ်တွေရှိတယ်"

"နောက်လ? ဘာမှအဆင်သင့်မဖြစ်သေးဘူးလေ။ ငါတို့ ဘယ်လိုလုပ် နောက်လမင်္ဂလာဆောင်နိုင်မှာလဲ"

"အဖေ~" ဝေ့ကျောက်ကျောက်သည် ညည်းညူသည်။ "လုပ်ထုံးလုပ်နည်းတွေကို ကျွန်မဂရုစိုက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ ဆုံးဖြတ်ပြီးပြီမို့ စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ကိစ္စမရှိပါဘူး"

ကျင့်ချီက ဝေ့ရွင်းကို ကြည့်နေခဲ့သည်။ ဝေ့ရွင်းက ခဏလောက် တွေးတောပြီးနောက် ခေါင်းခါလိုက်သည်။ "မရဘူး၊ နောက်လအနည်းငယ်ဆို ပစ္စည်းတွေ တင်သွင်းရမှာ။ ငါအရမ်းအလုပ်များနေတယ်၊ မင်္ဂလာဆောင်ကို ကူညီဖို့အချိန်မရှိဘူး"

"အဖေ~~"

"ဆုံးဖြတ်ပြီးပြီ"

ဝေ့ကျောက်ကျောက်က နှုတ်ခမ်းစူပြီး ထမင်းစားစားပွဲမှ အမြန်ထွက်သွားခဲ့သည်။

သူ့ရဲ့ဒေါသထွက်လွယ်တဲ့အစ်မက ချူးကျောက်ကို သွားနှောင့်ယှက်မည်ကို စိုးရိမ်ပြီး ဝေ့စုန့်ရှန့်သည် အစားအသောက်ကိုအမြန်စားပြီး ပြေးထွက်သွားသည်။

အခု ဝေ့ရွင်းနှင့် ကျင့်ချီသာ အခန်းထဲမှာ ကျန်ခဲ့သည်။

ဝေ့ရွင်းက အသက်ငါးဆယ်ကျော်သာရှိသေး၍ ကျန်းမာရေးကောင်းပြီး သန်မာသည်။ သူက လက်ကိုင်ပုဝါဖြင့် ပါးစပ်ကို သုတ်ပြီး အေးအေးဆေးဆေးပြောသည်။ "အခြေအနေတွေက ခက်ခဲတယ်။ ငါ့လက်အောက်မှာ အရည်အချင်းရှိတဲ့ယောက်ျားနည်းနည်းပဲ ရှိတော့တယ်။ မင်း ကျောက်ကျောက်ကို လက်ထပ်ပြီးရင် ငါ့ဘေးမှာနေ။ ငါ မင်းကိုကောင်းကောင်းဂရုစိုက်ပေမယ်"

ကျင့်ချီက သူ့မျက်လုံးများမှာ တကယ်ပင်စိတ်အားထက်သန်ကြောင်း ဖော်ပြ၍ ပြောသည်။ "ဟုတ်ကဲ့"

"သိပ်မကြာခင်က တရုတ်က ဖောက်သည်တစ်ယောက်က ကြီးမားတဲ့တောင်းဆိုမှုတစ်ခု လုပ်ခဲ့တယ်၊ ငါ့ရဲ့လက်ရှိစာရင်းတွေ အားလုံးကို သူဝယ်ချင်တယ်လို့ပြောတယ်" ဝေ့ရွင်းက အနည်းငယ်ပြုံးပြီး "ငွေအလွံအကျွံသုံးတဲ့နေရာမှာ တရုတ်တွေကို ဘယ်သူ့မှမကျော်နိုင်ဘူး"

ကျင့်ချီက သံသရာဖြစ်စွာမေးမြန်းသည်။ "သူကယုံရလို့လား"

"ငါနောက်ကြောင်းစုံစမ်းခဲ့တယ်။ သူ့နာမည်ပြောင်က စလို့ဖ်၊ သူက စီးပွားရေးလောကမှာ ကျင်လည်လာတာ ဆယ်နှစ်ကျော်လောက်ရှိပြီ။ လူကအဆင်ပြေပုံပါပဲ၊ ဒါပေမယ့် ငါတို့လုံခြုံရေးကိုတော့ လျှော့လို့မဖြစ်ဘူး..." ဝေ့ရွင်းက ဆေးပြင်းလိပ်ကို မီးညှိပြီး ကျင့်ချီကို ကြည့်လိုက်သည်။ "ဒီအပေးအယူအတွက် မင်းကိုတာဝန်ပေးမယ်။ နောက်သုံးလလောက်ဆို အဝေးပြေးလမ်းမ ၉၈ နား ဖင်ရှန်လမ်းဆုံမှာ ငွေနဲ့ပစ္စည်းတွေကို လဲလှယ်မယ်"

"ကျွန်တော် တာဝန်ကျေစေရပါမယ်"

ထိုညတွင် ကျင့်ချီသည် လက်ဝှေ့ကြိုးဝိုင်းသို့ ထပ်သွားခဲ့သည်။ ဝေ့ကျောက်ကျောက်သည် စိတ်ဆိုးနေသေးပြီး သူ့ရဲ့ယှဉ်ပြိုင်ပွဲကို လာမကြည့်ခဲ့ပါ။ ကျင့်ချီက အင်္ကျီလဲဖို့ လော့ကာအခန်းကို သွားသောအခါ ‌သေးငယ်သောပုံသဏ္ဌာန်တစ်ခုသည် ရုတ်တရက် သူ့နောက်မှလိုက်ဝင်လာသည်။

ချက်ချင်း ကျင့်ချီသည် လော့ကာအခန်းတံခါးကို ပိတ်ပြီး ကောင်မလေးကို အခန်းထောင့်သို့ ပို့လိုက်သည်။

လော့ကာအခန်းကျဉ်းက ကျဉ်းကျပ်နေသည်။ သူ့ရဲ့ခန္ဓာကိုယ်သည် ပူနွေးနေပြီး ရေစိုနေသကဲ့သို့ ချွေးများစိုစွတ်နေပေသည်။ အသက်ပြင်းပြင်းရှူပြီး သူက ကောင်မလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ကျွန်မ စောစောကအရမ်းကြောက်ခဲ့တာ..." ချူးကျောက်က သူ့နားထဲသို့ အလွန်အမင်း တိုးလျသော အသံဖြင့်ပြောသည်။ "နောင်တခြားသူတွေနဲ့ထပ်မတိုက်ခိုက်နဲ့တော့၊ ကြည့်ရတာ ကြောက်စရာကြီး"

ကျင့်ချီက သူမကိုတင်းကျပ်စွာ ဖက်ထားသည်။ "ကိုယ်မင်း ပြောတာ နားထောင်မယ်"

ချူးကျောက်က သူ့မျက်နှာကို အုပ်ကိုင်ပြီး သူ့ကိုနမ်းသည်။

ထိုယောက်ျား၏ ခန္ဓာကိုယ်သည် စပရိန်ကဲ့သို့ တင်းကျပ်နေပြီး သူ့ကိုယ်ထဲသို့ သူမကိုဖိသွင်းချင်သကဲ့သို့ အားပြင်းပြင်းဖြင့် ဖက်ထားသည်။

ချူးကျောက်က သူ့နှုတ်ခမ်းမှ သွေးအရသာကို ခံစားမိသည်။

"ပေါ်ရန်ရောက်နေတယ်" သူမက သူ့နားထဲသို့ တီးတိုးပြောသည်။ "ကျွန်မတို့ အခုအိမ်ပြန်လို့ရပြီ"

ကျင့်ချီ၏ နှလုံးသားသည် တင်းကျပ်သွားသည်။ "မင်းသူ့ကိုသွားတွေ့ခဲ့တာလား"

"သူတို့ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို မထိန်းချုပ်ထားဘူး"

သူမသည် အချိန်မရွေး ထွက်သွားလို့ရသည်။ သူမသည် ရှုချောင်းယန်ရဲ့အတွင်းလူကို လက်ရှိ ဗီလာ၌ အခြေအနေတွေ အားလုံးကို ပြောပြခဲ့သည်။

"ပေါ်ရန်ကို ပြောလိုက်၊ ဝေ့ရွင်းက ဒီအပေးအယူမှာ ကိုယ့်ကိုတာဝန်ပေးထားတယ်၊ ဒါပေမယ့် သူကိုယ့်ကို အပြည့်အဝ မယုံကြည်လောက်ဘူး...ကိုယ်တစ်ယောက်တည်း ပစ္စည်းတွေပို့ဆောင်ပြီး ကိုယ့်လက်ထဲ ငွေပမာဏအများကြီးထည့်ဖို့ သူသေချာပေါက် စိတ်ချမှာမဟုတ်ဘူး။ သူ ကိုယ့်ကို တိတ်တဆိတ် စောင့်ကြည့်နေမှာပဲ"

"ပြီးတော့ မင်းဒီတစ်ခါသတင်းသွားပို့ပြီးတာနဲ့ ပြန်မလာနဲ့တော့"

"ကျင့်ချီ..."

"ကိုယ့်စကားနားထောင်ပါ။ မင်းမှာပြန်လာရမယ့် အကြောင်းပြချက်မရှိဘူး။ ကိုယ့်ကိုစိတ်ပူအောင်မလုပ်ပါနဲ့"

ကျင့်ချီသည် သူမရဲ့ဆန္ဒကိုဆန့်ကျင်၍ မည်သည်ကိုမှ အတင်းအကျပ် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးပေ၊ ပြီးတော့ ချူးကျောက်က သူ့ကိုအခက်အခဲဖြစ်စေသည့် အခြေအနေ ကျရောက်အောင်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါ။ ဒါသည် သူတို့နှစ်ယောက်ကြားရှိ အသံတိတ်နားလည်မှုဖြစ်သည်။

ထိုညတွင် ဝေ့ကျောက်ကျောက်သည် အစေခံရှောင်ဟွိုက်ကို ရိုက်ခဲ့သည်။ ချူးကျောက်က ဒေါသထွက်နေသော ဝေ့ကျောက်ကျောက်ကို တားရန် ဝင်ပါလာခဲ့သည်။ ဝေ့ကျောက်ကျောက်က ချူးကျောက်ကို အစကတည်းက အတော်လေးကို မကြိုက်ဘဲ၊ ကျင့်ချီကြောင့် သူမကို မနာလိုလည်းဖြစ်ခဲ့သည်။ သူမ ပိုအဆင့်တက်ပြီး သူမကို သတ်လိုက်မယ်ဆို ပိုကောင်းမည်ဟု ထင်ခဲ့သည်။

ပြီးတော့ သူမက ဆရာမတစ်ယောက်ပါပဲလေ။ အဖေက သူမကို ဆူပူကြိမ်းမောင်းရင်တောင် အနည်းဆုံးတော့ သူမရဲ့ဒေါသတွေကို ပေါက်ကွဲထွက်လိုက်ရတာပေါ့။

စဉ်းစားနေသည့်အခိုက်အတန့်၌ ‌ကျေးဇူးတင်စရာကောင်းစွာ ဝေ့စုန့်သည် ‌ဝေ့ကျောက်ကျောက်ကို တားကာ ချူးကျောက်ကို မြန်မြန်ထွက်သွားပြီး ခဏလောက် တိတ်တိတ်ဆိတ်ဆိတ်နေဖို့ ပြောခဲ့သည်။

ဤအရာသည် ချူးကျောက် ဗီလာမှထွက်သွားဖို့ အကြောင်းပြချက်ဖြစ်စေခဲ့သည်။

သူမထွက်သွားတော့ ဒဏ်ရာဗလာပွနဲ့ ရှောင်ဟွိုက်က ချူးကျောက်၏ လက်ကိုဆွဲပြီး သူမရဲ့အမှားပါဟုပြော၍ တောင်းပန်ပေသည်။

ချူးကျောက်က ၁၆ နှစ်အရွယ်ကောင်မလေးရဲ့မျက်ရည်တွေကို ညင်သာစွာ သုတ်ပေးသည်။ "ငါအခုသွားတော့မယ်။ မင်း ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်နော်။ မင်း ဒီကနေထွက်သွားဖို့ နည်းလမ်း ငါရှာပေးမယ်"

"ကျွန်မ ဒီကထွက်သွားရင် ဘယ်ကိုသွားရမှာလဲ"

"မင်းတရုတ်ကိုသွားချင်လား"

"ရှောင်ဟွိုက်၏ မျက်လုံးများသည် မျှော်လင့်ချက်နှင့် တောင်းတမှုတို့ဖြင့် ပြည့်နှက်နေသည်။ "ကျွန်မသွားချင်တယ်။ ကျွန်မ တရုတ်ကိုသွားချင်တယ်"

ချူးကျောက်သည် ရှောင်ဟွိုက်ရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး "မင်း ငါ့ကို ယုံဖို့ဆန္ဒရှိသရွေ့ မင်းရဲ့ဆန္ဒပြည့်စေရမယ်လို့ ငါကတိပေးတယ်"

ရှောင်ဟွိုက်သည် မျှော်လင့်တကြီး ချူးကျောက်ရဲ့ကျောပြင်ကို ကြည့်ရင်း သူမသည် အမှောင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

ရှုချောင်းယန်သည် ချူးကျောက်ကို လုံလုံခြုံခြုံပြန်ခေါ်လာဖို့ လူတွေကို ချက်ချင်းစေလွှတ်ခဲ့သည်။

"ငါသိတယ်။ လောင်ကျင့် ငါတို့ကို သစ္စာမဖောက်ဘူးဆိုတာ ငါသိတယ်"

ချူးကျောက်ရဲ့ဖြေရှင်းချက်အားလုံးကို နားထောင်ပြီးနောက် ရှုချောင်းယန်သည် အလွန်အမင်းကို စိတ်လှုပ်ရှားသွားခဲ့သည်။ သူက ပေါ်ရန်၏လက်ကို အကြိမ်ပေါင်းများစွာ ဆုပ်ကိုင်ပြီး ပြောသည်။ "လောင်ကျင့်က အထဲကနေ ငါတို့ကို ကူညီနေတာပဲ၊ အဲ့ပြဿနာကောင် ဝေ့ရွင်းကို ဖယ်ရှားဖို့ အခက်အခဲမရှိတော့ဘူး"

ပေါ်ရန်က အမြဲတမ်း သတ်ိရှိသည်။ သူက ချူးကျောက်ကိုကြည့်ပြီး မေးသည်။ "သူတို့ မင်းကိုသံသယမဝင်ဘူးဆိုတာ သေချာလား"

ချူးကျောက်က သူမရဲ့ခေါင်းကို ထပ်ခါထပ်ခါ ခါယမ်းပြီး" ကျွန်မ ဝေ့ကျောက်ကျောက်နဲ့ ပြဿနာတက်ခဲ့တယ်။ ကျွန်မ ဝေ့ကျောက်ကျောက်ကို ကြောက်လန့်ပြီး ပြန်မလာရဲတာလို့ပဲ သူတို့ထင်လိမ့်မယ်။ ဘယ်သူ့မှ ကျွန်မကို သံသယဖြစ်မှာမဟုတ်ဘူး-"

ဝေ့ရွင်းသည် ချူးကျောက်ရဲ့ထွက်ခွာသွားခြင်းကြောင့် အရမ်းစိတ်တိုခဲ့သည်။ သူက ဝေ့ကျောက်ကျောက်ကို လက်ညှိုးထိုးပြီး ကျယ်လောင်စွာ ကြိမ်းမောင်းခဲ့သည်။ "နင်က အသုံးမဝင်တဲ့လူပဲ၊ အခု နင် နင့်မောင်လေးရဲ့အနာဂတ်ကို ဖျက်ဆီးလိုက်ပြီ"

ဝေ့ကျောက်ကျောက်က အေးစက်စွာဖြင့် "သူကအိမ်နေဆရာမတစ်ယောက်ပဲလေ၊ ဒီလောက်ရှုပ်ထွေးနေဖို့တန်လို့လား။ ကျွန်မတို့ နောက်တစ်ယောက်ရှာလို့ရတာပဲဟာ"

"အလုပ်ထက်အပြောကလွယ်‌တယ်လေ။ နင့်မောင်အတွက် ဒီလိုအရည်အချင်းရှိတဲ့ အိမ်နေဆရာမတစ်ယောက်ကို ငါဘယ်မှာရှာရမှာလဲ"

ဝေ့ကျောက်ကျောက်က ဖာသိဖာသာပဲ ပခုံးတွန့်ပြပြီး "ကျွန်မ ဂရုမစိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့မြေခွေးမက ချောင်းယန်ကို ဖြားယောင်းနေတယ်လို့ပဲ ထင်တယ်။ သူ့ကိုမောင်းထုတ်ရင်ထုတ် မဟုတ်ရင် ကျွန်မသူ့ကိုသတ်မှာ"

ဝေ့ရွင်းက ဘာပြောရမှန်းမသိ၍ ဒေါသတကြီး ထိုင်ချလိုက်သည်။ သူ့သမီး၏ အကျင့်စရိုက်သည် သူအလိုလိုက်ခဲ့တာကြောင့်ပင်။

ထိုအချိန်တွင် ဝေ့ရွင်းက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံပင်။ သူက ခေါင်းလှည့်ပြီး ဝေ့ကျောက်ကျောက်ကို မေးသည်။ "နင်ပြောတာ...အဲ့မိန်းမက ချောင်းယန်ကို ဖြားယောင်းနေတယ်လား"

"ဟုတ်တယ်၊ သူက အမြဲတမ်း ချောင်းယန်ကို ကလူနေတဲ့မျက်လုံးတွေနဲ့ ကြည့်နေတာလေ။ ရိုးသားတဲ့မိန်းမမဟုတ်ဘူး"

"ချောင်းယန်ရဲ့တုံ့ပြန်မှုကရော"

ဝေ့ကျောက်ကျောက်က မကျေမနပ်ဖြင့် "ချောင်းယန်က သေချာပေါက် သူကို လျစ်လျူရှူတာပေါ့။ ဟမ့်၊ သူ့နှလုံးသားထဲမှာ ကျွန်မပဲရှိတာပါ"

"တကယ်လား"

"အဖေ ဘာတွေတွေးနေတာလဲ"

ဝေ့ရွင်းက အလွန်ပါးနပ်သည်။ သူက စဉ်းစားတွေးတောရင်း သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ထပ်မပြောတော့ပေ။

ဝေ့စုန့်ရှန့်က လျင်မြန်စွာ ကာကွယ်ပေသည်။ "အစ်မမဟုတ်တာတွေ ပြောနေတာ။ ဆရာမချူးက အဲ့လိုလူစားမျိုးမဟုတ်ဘူး။ အစ်မ သူ့ကိုပုတ်ခတ်ပြောဆိုနေတာ။ အစ်မက မကောင်းဆိုးဝါးမကြီး"

ဝေ့ကျောက်ကျောက်က လျှောက်သွားပြီး ဝေ့စုန့်ရှန့်ရဲ့နားရွက်ကို ကြမ်းတမ်းစွာ ဆွဲသည်။ "နင်က ငါ့မောင်လား၊ သူ့မောင်လား။ နင့်လောက် သစ္စာမဲ့တဲ့ကောင်ကို ငါတစ်ခါမှမတွေ့ဖူးဘူး"

မောင်နှမများကြား စကားများရန်ဖြစ်ခြင်းသည် ဝေ့ရွင်းကို ခေါင်းကိုက်စေသည်။ သူက မောင်နှမနှစ်ယောက်ကို မောင်းထုတ်ပြီး ကျင့်ချီကို အလုပ်ခန်းထဲသို့ ခေါ်ခဲ့သည်။

ကျင့်ချီက ဝေ့ရွင်းရှေ့မှာ သေသေချာချာ ရပ်နေသည်။ ဝေ့ရွင်းက မပြောဘူးဆိုလျှင် သေချာပေါက် ကျင့်ချီက မေးခွန်းတွေ မေးနေမည် မဟုတ်ပေ။ တစ်ခါတရံ သူတို့သည် ဒီလိုမျိုး တနေ့ခင်းလုံး ရပ်နေတတ်သည်။

သူသည် ထူးခြားသော သည်းခံနိုင်စွမ်းနှင့် သာမန်လူတွေထက်ကျော်လွန်သော ခံနိုင်ရည်အားကို ပိုင်ဆိုင်ထားတာက သေချာပေါက် ဝေ့ရွင်း သူ့ကိုတန်ဖိုးထားရသည့် အကြောင်းအရင်းဖြစ်သည်။

"ငါ့မှာ မင်းအတွက်တာဝန်တစ်ခုရှိတယ်" ကျင့်ချီ နာရီဝက်ကြာ ရပ်နေခဲ့ရပြီးနောက် ဝေ့ရွင်းက ရုတ်တရက် ပြောခဲ့သည်။ "ရှောင်စုန့်ရဲ့အိမ်နေဆရာမက ထွက်ပြေးသွားတယ်။ နီသန်မှာ သင့်လျော်တဲ့ တရုတ်စာဆရာမတစ်ယောက်ရှာဖို့က ဘယ်လောက်ခက်တယ်ဆိုတာ မင်းသိပါတယ်။ သူ့ကိုပြန်ခေါ်လာခဲ့ပေး"

ကျင့်ချီက အမူအရာမဲ့စွာဖြင့် နားထောင်နေခဲ့သည်။

"ကျောက်ကျောက်က သူ့ကိုခြောက်လှန့်လိုက်တယ်လို့ ကျွန်‌တော်ကြားတယ်" ကျင့်ချီက နောက်ဆုံးတော့ ပြောတော့သည်။ "သူတရုတ်ကိုပြန်သွားလောက်ပြီ။ သူ့ကိုရှာဖို့က သိပ်တော့မလွယ်လောက်ဘူး"

"ဒီတာဝန်က အခက်အခဲဖြစ်စေတယ်" ဝေ့ရွင်းက သက်ပြင်းချသည်။ "ငါအသက်ကြီးလာပြီ။ ဒီလိုအရေးကြီးတဲ့အချိန်မျိုးမှာ ငါကျရှုံးလို့မဖြစ်ဘူး။ အန္တရာယ်ရှိလာနိုင်တဲ့ ကိစ္စတွေကို ဖယ်ထုတ်ထားရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ သူ့ကိုပြန်လိုချင်တယ်။ နားလည်လား"

"ကျွန်တော်နားလည်ပါတယ်" ကျင့်ချီကခေါင်းညိတ်သည်။ သူကထွက်ခွာသွားရင်း ထပ်မေးလိုက်သည်။ "ခင်ဗျား ဘာလို့ကျွန်တော့်ကို စေလွှတ်တာလဲ"

အေးစက်သော အပြုံးသည် ဝေ့ရွင်းရဲ့မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ "ဘာလို့ဆို မင်းက ငါအယုံကြည်ရဆုံးလူမို့လေ"

All Chapters