အပိုင်း (၁၀၆)
Vol. 8 Ch. 106
ရှန်ဖျင်ချွမ် ခြောက်နှစ်အရွယ်တွင် ကျင်းရှီကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာဖြစ်သည်။
သူ့အဖေသည် လဝက်ထက်ပိုစောပြီး အန်တီက ရှန်ဖျင်ချွမ်နှင့် အတူတူနေဖို့အတွက် ညီမလေးကိုခေါ်ပြီး သူတို့ရဲ့အိမ်ကို မကြာခင်လာလိမ့်မည်ဟု ပြောခဲ့သည် - သူသည် အစ်ကိုကြီး ဖြစ်လာတော့မည်။
ရှန်ဖျင်ချွမ်၏ အမေသည် ကံဆိုးစွာဖြင့် သူ့ကိုမွေးပြီးနောက် ဆုံးပါးသွားခဲ့တာကြောင့် သူ့အဖေက သူ့ကိုပြုစုပျိုးထောင်ဖို့အတွက် ကလေးထိန်းတစ်ယောက်ကို ဌားခဲ့သည်။ ထိုကြာရှည်လှသည့် အထီးကျန်ဆန်သော ကလေးဘဝတွင် ရှန်ဖျင်ချွမ်သည် အလွန်ပင် အထီးကျန်ခဲ့ရသည်။
ထို့ကြောင့် သူတို့မိသားစုထဲမှာ ညီမလေး ရှိလာတော့မည်ဆိုတာကို သူသိသွားသောအခါ သူသည် ထိုညတွင် အလွန်စိတ်လှုပ်ရှား၍ အိပ်မပျော်ခဲ့ပေ။ နောက်နေ့တွင် သူသည် စိတ်အားထက်သန်စွာဖြင့် သူ့ညီမလေးအိပ်ခန်းကို သူ့အဖေနှင့် ကူညီဖွဲ့စည်း၊ အလှဆင်ပြီး ပန်းရောင်နံရံကပ်စက္ကူကိုကပ်ကာ ကလေးမလေးအတွက် ချစ်စရာကောင်းသော ပန်းနုရောင်အိပ်ရာခင်းတွေဝယ်ဖို့ ဈေးဝယ်ထွက်ခဲ့သည်။
အရုပ်ဆိုင်ရှေ့ဖြတ်သွားသောအခါ ရှန်ဖျင်ချွမ်သည် မှန်ဘောင်ထဲရှိ ဝက်ဝံအရုပ်လေးကို တွေ့ရှိခဲ့ပြီး ချက်ချင်းပင် သူ့ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူ၍ စိတ်လှုပ်ရှားစွာ အိမ်သို့ပြန်ယူသွားခဲ့ပြီး သူ့ညီမလေးရဲ့ခေါင်းအုံးပေါ်မှာ ထားခဲ့သည်။
အရာအားလုံး အဆင်သင့်ဖြစ်သွားသောအခါ သူသည် စိတ်အားထက်သန်စွာ၊ စိတ်လှုပ်ရှားစွာဖြင့် သူ့ညီမလေးရောက်ရှိလာဖို့အတွက် စောင့်ဆိုင်းနေခဲ့သည်။
နေသာသော နေ့လယ်ခင်းတစ်ခုတွင် သူ့အဖေရဲ့မာစီးဒီးကားသည် သူတို့၏အိမ်ခြံဝင်းအတွင်းသို့ ဝင်လာပြီး အောက်ထပ်တွင် ရပ်လိုက်သည်ကို သူယောင်ဝါးဝါးမှတ်မိနေသေးသည်။
ရှန်ဖျင်ချွမ်သည် ကြိုဆိုဖို့အတွက် သူ့အတွက်သီးသန့်ပြုလုပ်ထားသော အနက်ရောင်အနောက်တိုင်းဝတ်စုံလေးကို အနီရောင် ဖဲပြားလည်စည်းလေးဖြင့် ဝတ်ဆင်ထားပြီး ကျကျနန၊ ဖြောင့်မတ်စွာဖြင့် တံခါးနားမှာရပ်ကာ သူ့ညီမလေးကိုကြိုဖို့ အဆင်သင့်ဖြစ်နေပြီ။
ဆယ်မိနစ်လောက်နေတော့ သူ့အဖေသည် အန်တီရှစ်ချင်နှင့် ညီမလေးကို အိမ်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။
"ဖျင်ချွမ်၊ အန်တီကို လာနှုတ်ဆက်လိုက်ဦး၊ မင်း သူ့ကိုအရင်ကတွေ့ဖူးတယ်လေ" ရှန်ရှိရှန်းကပြောသည်။
"မင်္ဂလာပါ၊ အန်တီ" ရှန်ဖျင်ချွမ်က ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့သည်။
ရှစ်ချင်ကပြုံးပြီး ရှန်ဖျင်ချွမ်ရဲ့ဆံပင်တွေကို ပွတ်သပ်သည်။ "အခု ငါက မင်းရဲ့အမေဖြစ်လာပြီမို့ မင်းအဆင်ပြေတယ်ဆို၊ မင်း ငါ့ကို အမေလို့ခေါ်လို့ရတယ်"
အမေ၏ အချစ်ဆိုတာကို မသိနားမလည်ခဲ့သော ရှန်ဖျင်ချွမ်သည် ချက်ချင်း နာခံမှုရှိစွာ သူမကို "အမေ" ဟုခေါ်လိုက်ပြီး အနည်းငယ် ရှက်သွားခဲ့သည်။
ထိုအချိန်တွင် တံခါးဝမှ မိန်းကလေးတစ်ယောက်၏ ခပ်တိုးတိုးအသံလေး ထွက်လာသည်။ "သူက ငါ့အမေ၊ နင့်အမေ မဟုတ်ဘူး"
ရှစ်ချင်က ညင်သာစွာ ကြိမ်းမောင်းသည်။ "အထဲဝင်လာပြီး မင်းအန်ကယ်နဲ့အစ်ကို နှုတ်ဆက်လိုက်ဦး၊ အချစ်လေး"
ကျင်းရှီက အထဲဝင်မလာချင်၍ ခေါင်းမာစွာ တံခါးနားမှာ ပေရပ်နေခဲ့သည်။ ရှန်ဖျင်ချွမ် ခေါင်းလှည့်ကြည့်လိုက်တော့ ကလေးမလေးရဲ့ရှက်ရွံ့နေသည့်မျက်နှာ တစ်ဝက်ကို မြင်လိုက်ရသည်။
ဝဝကစ်ကစ် ကလေးလေးဖြစ်တာကြောင့် ပါးဖောင်းဖောင်းလေးများ၊ ရေဓာတ်ပြည့်ဝနေပုံပေါ်သည့် အသားအရည်၊ ချစ်စရာကောင်းသော အနီရောင်နှုတ်ခမ်းနှင့် အဖြူရောင်သွားများသည် အထူးချစ်စရာကောင်းသည်။ သူမ၏ နက်မှောင်သော မျက်လုံးများသည် စိုစွတ်နေပုံရပြီး ရှည်လျားထူထဲသော မျက်တောင်များတွင် မျက်ရည်စများက တွဲခိုနေသည်။
သူမ၏လက်ထဲတွင် ဟောင်းနွမ်းနေပြီဖြစ်သည့် ဘာဘီအရုပ်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
ရှန်ရှိရှန်းသည် ရှန်ဖျင်ချွမ် ပခုံးကို ပုတ်လိုက်သည်။ "ဘာလို့စိုက်ကြည့်နေတာလဲ။ မင်းညီမလေးကို အထဲကိုခေါ်လိုက်လေ"
နောက်ဆုံးတော့ အသိစိတ်ဝင်သွားပြီး သူသည် ရှက်ရွံ့စွာဖြင့် တံခါးဆီသို့ ချဉ်းကပ်သွားခဲ့သည်။ "ငါ့နာမည်ကရှန်ဖျင်ချွမ်။ မင်းနာမည်က ဘာလဲ"
ကျင်းရှီသည် လန့်ဖျတ်နေသော ယုန်ငယ်လေးကဲ့သို့ ဤထူးဆန်းသော ကောင်လေးကို သေသေချာချာ စိုက်ကြည့်နေခဲ့သည်။ တိုးလျသောအသံဖြင့် သူမက "မပြောပြဘူး"
"အမ်...ငါ့အိမ်ကနေ ကြိုဆိုပါတယ်။ အခု မင်းရဲ့အိမ်ဆိုလည်းဟုတ်တယ်၊ ပြီးတော့ ငါက မင်းရဲ့အစ်ကို"
"အစ်ကိုမဟုတ်ဘူး"
ရှန်ဖျင်ချွမ်သည် ကလေးမလေးက ရှစ်ချင်နောက်သို့ ပုန်းရှောင်သွားပြီး "အမေ၊ သမီးတို့ ဘယ်တော့ပြန်ကြမှာလဲ။ သမီး ဒီမှာမနေချင်ဘူး။ အိမ်ပြန်ချင်တယ်" ဟု ပြောလိုက်တာကြောင့် အံ့အားသင့်သွားခဲ့သည်။
ရှစ်ချင်က အေးအေးဆေးဆေး ရှင်းပြပြောခဲ့သည်။ "အချစ်လေး၊ ဒါက အခုမင်းအိမ်။ မင်းအန်ကယ်နဲ့အစ်ကိုက မင်းမိသားစုပဲ"
ကျင်းရှီ၏ မျက်လုံးများသည် မျက်ရည်များဖြင့် ထပ်လျှံတက်လာခဲ့သည်။ သူမက ခေါင်းခါပြီး အတင်းပြောသည်။ "သမီးမနေချင်ဘူး...အိမ်ပြန်ချင်တယ်၊ ဒယ်ဒီကိုလိုချင်တယ်"
ရှန်ဖျင်ချွမ်သည် စိုးရိမ်တကြီး ဘေးမှာရပ်နေခဲ့ပြီး သူမ သူ့ကိုသဘောမကျတာကြောင့် အိမ်ပြန်ချင်နေတာလားလို့ စဉ်းစားနေခဲ့သည်။ သူလည်း ဝမ်းနည်းသွားပြီး သူ့အိတ်ကပ်များထဲရှိ သူ သူမအတွက် ဝယ်လာခဲ့သော မစားရသေးသည့် ယုန်နို့သကြားလုံးလေးကို ဆုပ်ကိုင်လိုက်သည်။
ရှန်ရှိရှန်းက ရှန်ဖျင်ချွမ်ကို လှမ်းခေါ်ပြီး ပြောခဲ့သည်။ "အခုကစပြီး မင်းကသူ့ရဲ့အစ်ကိုကြီးပဲ။ မင်း မင်းညီမလေးကို ဂရုစိုက်ပြီး ကာကွယ်ပေးရမယ် နားလည်လား"
ရှန်ဖျင်ချွမ်သည် သေသေချာချာ ခေါင်းညိတ်ပြခဲ့သည်၊ ထို့နောက် ကျင်းရှီဘက်လှည့်ပြီး "ငါ မင်းအခန်းကို လိုက်ပြပေးလို့ရလား"
သူမ၏ ဘာဘီရုပ်လေးကို ဆုပ်ကိုင်ထား၍ ရှစ်ချင်နောက်မှာ ပုန်းနေသေးသော ကျင်းရှိီသည် ရှန်ဖျင်ချွမ်ကို သေသေချာချာကြည့်လိုက်သည်။
သူက လက်လှမ်းပေမယ့် သူမက ရိုက်ချပေသည်။ "ငါနင့်ကို မကြိုက်ဘူး။ နင်က ငါ့အစ်ကိုမဟုတ်ဘူး"
ငယ်ရွယ်တဲ့ကျင်းရှီဟာ သူမရဲ့အမေ သူမကို ဘာကြောင့် ဒီထူးဆန်းသည့်အိမ်သို့ ခေါ်ဆောင်လာပြီး မရင်းနှီးသော ဤယောက်ျားတွေနှင့် တွေ့ပေးနေလဲ နားမလည်ခဲ့ပါ။ သူတို့က သူမကိုအနိုင်ကျင့်နေသကဲ့သို့ သူမသည် သူတို့ကိုကြောက်သည်။
သူမအိမ်ပြန်ချင်ပြီး သူမရဲ့အဖေဆီပြန်ချင်ပါသည်။
ဒါပေမယ့် သူမအမေ၏ တွေဝေနေပြီး အကူအညီမဲ့နေသည့် အမူအရာက ပြန်လို့မရတော့ဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြောနေခဲ့သည်။
ကျင်းရှီ၏ လည်ချောင်းသည် ထပ်တင်းကျပ်သွားပြီး သူမ၏ပါးပြင်များပေါ် မျက်ရည်များ လှိမ့်ဆင်းလာသည်။
သူမ၏ ငိုကြွေးမှုကိုမြင်ရသည်က ရှန်ဖျင်ချွမ်၏ နှလုံးသားကိုလည်း ဆိုးဆိုးရွားရွား နာကျင်စေသည်။ အခါခါအငြင်းခံခဲ့ရခြင်းသည် တခြားအရာတွေထက် သူ့ကို ပိုရှက်ရွံ့စေသည်။
ဒါပေမယ့် ကလေးမလေးအတွက် သူ့၏အကာအကွယ်ပေးချင်စိတ်သည် သူ့မာနကို ကျော်လွန်သွားခဲ့သည်။ သူက သူ့သတ္တိကို စုဆောင်းပြီး သူ့အိတ်ထဲမှ ယုန်နို့သကြားလုံးလေးကို ထုတ်ယူပြီး ကျင်းရှီကို ပေးလိုက်သည်။
"မငိုနဲ့တော့။ မင်းရဲ့အစ်ကိုကြီး မင်းကိုကောင်းကောင်းဆက်ဆံပါ့မယ်..."
ကျင်းရှီက သကြားလုံးကိုကြည့်ပြီးနောက် ရှန်ဖျင်ချွမ်က သူ့သွားအကုန်ပေါ်၍ ကြည့်ရဆိုးစွာ အတင်းပြုံးနေသည်ကို ကြည့်လိုက်သည်။ သူမသည် နောက်ဆုံး သကြားလုံးကို လက်မခံလိုက်ခင် အကြာကြီး ခက်ခက်ခဲခဲ စဉ်းစားခဲ့သည်။ ဒါက လုံးဝကို သူမရဲ့အနှစ်သက်ဆုံးအရာပင်။
ရှန်ဖျင်ချွမ်သည် ကျင်းရှီကို သူကြိုးကြိုးစားစားပြင်ဆင်ပေးထားသည့် သူမရဲ့အခန်းကိုပြဖို့အတွက် အပေါ်ထပ်သို့ ပျော်ရွှင်စွာဖြင့် ခေါ်သွားခဲ့သည်။
ဒါပေမယ့် ကျင်းရှီသည် မိန်းကလေးဆန်သော ပန်းရောင်မင်းသမီးလေး အခန်းအပြင်အဆင်ကို မြင်သောအခါ ကျယ်လောင်စွာ ထပ်ငိုကြွေးပြန်သည်။ "ဒီအခန်းက ကြည့်ရဆိုးလွန်းတယ်။ သမီးဒီမှာမနေချင်ဘူး၊ အိမ်ပြန်မယ်"
ရှန်ဖျင်ချွမ်သည် သူ့ရဲ့စီမံထားမှုနှင့် ပြင်ဆင်မှုကို မကြိုက်၍ ငိုကြွေးနေသော သူ့ညီမကို အကူအညီမဲ့စွာ ကြည့်နေခဲ့သည်။ သူလည်း ငိုချင်လာသလိုခံစားရပေသည်။
စိတ်ပျက်လိုက်တာ။
နောက်ဆုံးတော့ ရှစ်ချင်သည် ကျင်းရှီကို တင်းမာစွာကြိမ်းမောင်းတော့သည်။ "ကလေးလေး၊ မရိုင်းစမ်းနဲ့။ မင်းအစ်ကိုက ကြင်ကြင်နာနာနဲ့ မင်းအတွက် ဒီအခန်းကို ဂရုတစိုက် ပြင်ဆင်ပေးခဲ့တာလေ။ အခုတောင်းပန်လိုက် မဟုတ်ရင် မေမေ စိတ်ဆိုးရလိမ့်မယ်"
သူမအမေ ဒေါသထွက်သွားမှာစိုး၍ ကျင်းရှီသည် ရှိုက်ငိုရုံသာ တတ်နိုင်ခဲ့သည်။ "တောင်းပန်ပါတယ်"
ရှန်ဖျင်ချွမ်သည် အိပ်ရာဘေးရှိ ဝက်ဝံအရုပ်လေးကို အမြန်ဆွဲယူပြီး ကျင်းရှီကိုကမ်းပေးရင်း သူမကို စိုးရိမ်တကြီး ကြည့်နေပြီး သူမသဘောကျဖို့ မျှော်လင့်နေခဲ့သည်။
ကျင်းရှီသည် လက်တစ်ဖက်မှာ အသစ်စက်စက် ဝက်ဝံအရုပ်လေးကို ကိုင်ထားပြီး တစ်ဖက်တွင် သူမ၏ဘာဘီအရုပ်လေးကို ကိုင်ထားသည်။ သူမသည် ၎င်းတို့ကို သေသေချာချာကြည့်ပြီး နောက်ဆုံး ဝက်ဝံအရုပ်လေးကို ချကာ သူမအဖေပေးထားသည့် ဘာဘီအရုပ်လေးကို တင်းကျပ်စွာ ဖက်လိုက်သည်။
ညစာစားပြီးနောက် ရှန်ဖျင်ချွမ်သည် မီးဖိုချောင်ထဲမှာ ရှစ်ချင်က သူ့အဖေကို ပြောပြနေသည်ကို ကြားလိုက်သည်။ "သူ(မ)က အရမ်းငယ်တယ်၊ ကျွန်မ သူ့အဖေနဲ့ကွာရှင်းလိုက်တာကို နားမလည်နိုင်သေးဘူး။ လွန်ခဲ့တဲ့ခြောက်လအတွင်း သူက ပိုပိုပြီးသီးသန့်ဆန်လာတယ်။ အမှန်တိုင်းပြောရရင် ကျွန်မ အလုပ်တွေအရမ်းရှုပ်နေပြီး သူ့ကိုပြစ်ထားခဲ့မိလို့ပါပဲ။ မစိုးရိမ်ပါနဲ့။ ရှီလေးက တကယ်တော့ အရမ်းချိုသာပြီး နာခံမှုရှိတဲ့ ကလေးပါ"
"ကိုယ် ဘယ်လိုမှ သဘောမထားပါဘူး။ ကလေးမလေးတွေက ငိုယိုသောင်းကျန်းကြတာပဲလေ၊ ဒါပုံမှန်ပါပဲ" ရှန်ရှိရှန်းက ပြောသည်။ "ရှေ့ဆက် ရက်တွေအများကြီးရှိနေပါသေးတယ်။ အချိန်တန်ရင် အရာအားလုံးက ပိုကောင်းသွားမှာပါ။ အဖေကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ သူကိုယ့်ကိုလက်ခံဖို့ ကိုယ်အကောင်းဆုံးလုပ်မှာပါ"
ရှန်ဖျင်ချွမ်သည် သူ့အဖေက အန်တီရှစ်ချင်ကို အလွန်ချစ်မြတ်နိုးသည်ဆိုတာကို သိသည်၊ ဘာကြောင့်ဆို သူ့အမေဆုံးပါးသွားပြီးနောက် သူ့အဖေသည် နောက်အိမ်ထောင်ထပ်မပြုခဲ့ဘဲ နှစ်ပေါင်းများစွာကြာ စိတ်ဓာတ်ကျနေခဲ့ပြီး ရှစ်ချင်က သူ့ကိုအဲဒီထဲမှဆွဲမထုတ်ခင်ထိပင်။
ရှန်ဖျင်ချွမ်က သူ့ညီမလေးကို သူ့ကဲ့သို့ဖြစ်အောင် အကောင်းဆုံးကြိုးစားမည်ဟု တိတ်တဆိတ် ဆုံးဖြတ်ချက်ချခဲ့သည်။ သူတို့ရဲ့ပြန်လည်တည်ဆောက်ထားသည့် မိသားစုသည် သာမန်မိသားစုလိုပဲ ပျော်ရွှင်ရမည်။
နောက်ဆုံးတော့...သူ့မှာအမေရှိလာပြီ။
ညဉ့်နက်ချိန်တွင် ရှန်ဖျင်ချွမ်သည် ရေသောက်ဖို့ မီးဖိုချောင်သို့သွားရင်း သူ့ညီမအခန်းရှေ့မှာ ဖြတ်သွားခဲ့သည်။ အထဲမှာ ရှိုက်ငိုနေသံကို သူကြားလိုက်ရသလိုပင်။
သူမသည် တံခါးကို မပိတ်ထားတာကြောင့် အလင်းရောင်သည် အပေါက်ကြားလေးထဲမှတဆင့် တောက်ပနေသည်။
အရမ်းနောက်ကျနေပြီလေ။ သူဘာလို့မအိပ်သေးတာလဲ။
ရှန်ဖျင်ချွမ်သည် တိတ်တဆိတ် ချဉ်းကပ်သွားပြီး ချောင်းကြည့်သည်။ အိပ်ရာပေါ်မှာ ညဝတ်အင်္ကျီဖြင့် ကလေးမလေးက သူမ၏ဒူးကိုပွေ့ဖက်ပြီး တုန်ခါနေသည်...
ရှန်ဖျင်ချွမ်သည် အနည်းငယ် မျက်မှောင်ကျုံ့ပြီး မီးပိတ်လိုက်သည်။ "ညီမလေး၊ အိပ်ချိန်ရောက်ပြီ"
ဒါပေမယ့် အခန်းမီးမှောင်သွားသည်နှင့် ကျင်းရှီက ထိတ်လန့်စွာပြောခဲ့သည်။ "မပိတ်...မီးမပိတ်ပါနဲ့"
"မင်း မီးဖွင့်ပြီးအိပ်မရဘူးလေ။ လိမ္မာတဲ့ကလေးမလေးလို အိပ်ရာဝင်တော့" ရှန်ဖျင်ချွမ်ကပြောရင်း သူမရဲ့တံခါးကို ပိတ်လိုက်သည်။
သူ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမရဲ့အိပ်ရာမှအမြန်ထွက်ပြီး မီးကိုဖွင့်၍ တံခါးကိုထပ်ဖွင့်သံကို ကြားလိုက်ရသည်။ ထို့နောက် သူမသည် အိပ်ရာဆီပြန်သွားပြီး စောင်အောက်မှာ ပုန်းနေတော့သည်။
ထိုမှသာ ရှန်ဖျင်ချွမ်သည် သူ့ညီမလေး ထိတ်လန့်နေသည်ဆိုတာကို သဘောပေါက်သွားခဲ့သည်။
သူသည် ခဏလောက် စဉ်းစားပြီးနောက် သူ့အခန်းကိုသွားကာ သူ့ရဲ့အကြိုက်နှစ်သက်ဆုံး အလွန်ကြီးမားသည့် Transformers model ကိုယူခဲ့သည်။ သူ အဲဒါကို ကျင်းရှီ၏ အခန်းဆီသို့ ယူသွားခဲ့သည်။
ကျင်းရှီသည် သူမမျက်ရည်များကို မေ့သွားပြီး Transformers အရုပ်ကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။
"မင်း ဝက်ဝံအရုပ်ကို မကြိုက်ရင် ငါ မင်းကို ငါ့ရဲ့ transformers ကိုပေးမယ်လေ။ အဲဒါက မင်းအခန်းကို စောင့်ကြပ်ပေးမှာမို့ မင်းကြောက်စရာမလိုတော့ဘူး။ Transformers တွေက အရမ်းအင်အားရှိတယ်၊ မကောင်းဆိုးဝါးမှန်သမျှကို တိုက်ထုတ်နိုင်တယ်" ရှန်ဖျင်ချွမ်က ပြောလိုက်သည်။
"တကယ်လား" ကျင်းရှီ သံသယဖြစ်စွာမေးလိုက်သည်။
"ဒါပေါ့။ ငါက မင်းရဲ့အစ်ကိုပဲ။ ငါ မင်းကို မလိမ်ပါဘူး"
ရှန်ဖျင်ချွမ်သည် ကျင်းရှီ ထပ်မငိုတော့တာကိုမြင်တော့ သူက သူမအတွက် မီးပိတ်ပေးပြီး "ငါ့အခန်းက မင်းနဲ့မျက်နှာချင်းဆိုင်ပဲ၊ တံခါးလည်း ဖွင့်ထားပေးမယ်။ မင်းကြောက်လာရင် ကိုကို့ကိုခေါ်လိုက် ငါ မင်းခေါ်သံကိုကြားရတယ်"
ကျင်းရှီသည် ခေါင်းညိတ်ပြီး သူ့ကို မီးပိတ်ဖို့ သဘောတူလိုက်သည်။
ရှန်ဖျင်ချွမ်သည် စောင်ပြန်ခြုံလိုက်ပြီး ထပ်လှဲလျောင်းခဲ့သည်။ အမှောင်ထဲတွင် သူသည် "ကိုကို?" ဆိုသည့် ကလေးမလေး၏ နူးညံ့တွန့်ဆုတ်စွာ ခေါ်သံကို ကြားလိုက်ရသည်။
"ကိုကိုရှိတယ်။ ကိုကိုရှိတယ်"
"ကိုကိုအိပ်သွားပြီလား"
"မအိပ်သေးဘူး၊ ညီမလေး အရင်အိပ်ပျော်သွားတဲ့ထိ ကိုကိုစောင့်ပေးမယ်"
ထိုမှ ကျင်းရှီသည် သူမ၏ ဘာဘီအရုပ်လေးကိုဖက်ပြီး ငြိမ်းချမ်းစွာဖြင့် အိပ်ပျော်သွားခဲ့သည်။
လဝက်လောက်အကြာမှာ ကျင်းရှီ၏ မွေးနေ့ဖြစ်သည်။ ထိုနေ့လယ်ခင်းတွင် ရှန်ဖျင်ချွမ်သည် ကိတ်မုန့်ဝယ်ဖို့အတွက် သူမကို ဆိုင်သို့ခေါ်သွားခဲ့သည်။ သူလှည့်လိုက်ချိန်မှာ ရုတ်တရက် ကလေးမလေးသည် ထွက်သွားပြီဖြစ်သည်ကို သိသွားသည်။ ရှန်ဖျင်ချွမ်သည် နေရာမှာတင် ချက်ချင်း ငိုချသည်အထိ အလွန်စိတ်ပူသွားခဲ့သည်။ ငိုရင်း သူသည် သူမကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်ရှာခဲ့သည်။
တန်ဖိုးကြီးပစ္စည်းများ အရောင်းဆိုင်တစ်ခုရှေ့တွင် သူသည် ကျင်းရှီကို တွေ့လိုက်ရသည်။
"ညီမလေး" ရှန်ဖျင်ချွမ်သည် အသဲအသန် ပြေးသွားပြီး သူမကိုဖက်ရင်း ကျယ်လောင်စွာငိုကြွေးခဲ့သည်။ "ငါမင်းကို ပျောက်သွားပြီလို့ ငါထင်ခဲ့တာ၊ ဝူးဝူးဝူးး၊ မင်း ငါ့ကိုသေအောင်လှန့်နေတာပဲ"
ကျင်းရှီသည် သူမအဖေနှင့် အခြားမရင်းနှီးသော အမျိုးသမီးသည် လက်ချင်းချိတ်၍ ဈေးဝယ်ထွက်နေကြသော တန်ဖိုးကြီးပစ္စည်းအရောင်းဆိုင်ထဲသို့ ဗလာသက်သက် စိုက်ကြည့်နေခဲ့သည်။ သူတို့နောက်မှာ တခြားကလေးမလေးတစ်ယောက်ရှိသည်။
အဖေက ကျင်းရှီကို မြင်သွားသောအခါ သူက အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပုံပင်။ သူ့မိသားစုကိုစဉ်းစားပြီး သူသည် သူ့သမီးကို မမြင်ဟန်ဆောင်ဖို့ဆုံးဖြတ်ကာ သူမဘက်ကို ကြည့်တောင်မကြည့်ဘဲ သူမကိုဖြတ်လျှောက်သွားခဲ့သည်။
ရှန်ဖျင်ချွမ်သည် အလန့်တကြားဖြစ်မှုနှင့် သူမကိုပြန်ရှာတွေ့ခြင်း၏ ပျော်ရွှင်မှုထဲမှာ နစ်မြုပ်နေဆဲပင်။ သူကခွေးတစ်ကောင်ကဲ့သို့ငိုခဲ့သည်။
ဒါပေမယ့် ကျင်းရှီသည်ဘထပ်မငိုတော့ပါ။ သူမသည် အင်္ကျီလက်ဖြင့် ရှန်ဖျင်ချွမ်၏ မျက်ရည်တွေကို သုတ်ပေးခဲ့ပြီး နူးညံ့စွာပြောခဲ့သည်။ "ကိုကို၊ မငိုနဲ့တော့။ ညီမလေးနောက်ဆို ထပ်လျှောက်မပြေးနေတော့ပါဘူး"
ရှန်ဖျင်ချွမ်သည် ငိုရင်း ခေါင်းညိတ်ခဲ့သည်။ လက်တစ်ဖက်က ကိတ်မုန့်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်က သူမလက်ကိုကိုင်ကာ အိမ်ပြန်ခေါ်သွားခဲ့သည်။
အိမ်ပြန်ရောက်ပြီးနောက် ကျင်းရှီသည် သူမ၏ဘာဘီအရုပ်လေးကို လွှင့်ပစ်ခဲ့ပြီး ရှန်ဖျင်ချွမ် သူမကိုပေးခဲ့သော ဝက်ဝံအရုပ်လေးကို ပွေ့ဖက်လိုက်သည်။
......
ရှောင်ပိုင်ခယ်သည် သူ့အမေက အယ်လ်ဇိုင်းမားရောဂါဖြစ်ကြောင်း အတည်ပြုချက်ရရှိပြီးနောက် သူမသည် ဟောင်းနွမ်းနေပြီဖြစ်သော ဝက်ဝံအရုပ်လေးကို တစ်နေရာရာမှာ ထုတ်ယူပြီး သူမ၏လက်ထဲတွင် တစ်ချိန်လုံး ကိုင်ထားသည်ကို တွေ့ရှိခဲ့သည်။
ရှောင်ပိုင်ခယ်က ယင်းဝက်ဝံအရုပ်လေးသည် အတော်လေးညစ်ပတ်ဟောင်းနွမ်းနေပြီဖြစ်ပြီး သူမ တစ်ချိန်လုံး အဲဒါကို လက်ထဲမှာကိုင်ထားရင် သူ့အမေရဲ့ကျန်းမာရေးကို သက်ရောက်မှုရှိမည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် ဝက်ဝံအရုပ်လေးနှင့် မကစားတော့ဖို့အတွက် သူမကို ညင်သာစွာ အကြံပြုခဲ့သည်။ သူမအရမ်းလိုချင်တယ်ဆို သူ သူမကို တခြားအရုပ်အသစ်လေး ဝယ်ပေးနိုင်သည်။
သူ့အမေသည် ကျန်းမာရေးမကောင်းကတည်းက ချော့မြှူဖို့လိုအပ်သော ကလေးလေးတစ်ယောက်ကဲ့သို့ပင်။
ဒါပေမယ့် ကျင်းရှီသည် ဤဝက်ဝံအရုပ်လေးကို တွယ်တာပြီး ဘာပဲဖြစ်နေပါစေ လက်လွှတ်ဖို့ ငြင်းဆန်ခဲ့သည်။
နောက်ပိုင်းတော့ ပေါ်ရန်က ဟောင်းနွမ်းနေသော ဝက်ဝံအရုပ်လေးကို ဂရုတစိုက်လျှော်ဖွပ်ပေးကာ ပိုးသတ်ရန် ရက်အနည်းငယ်ကြာ နေပြအခြောက်ခံပြီးနောက် ကျင်းရှီထံ ပြန်ပေးခဲ့သည်။
ကျင်းရှီသည် ဝက်ဝံအရုပ်လေးကိုယူ၍ မကြာခဏ လမ်းလျှောက်တတ်သည်။ ပေါ်ရန်က သူမ ပတ်ဝန်းကျင်ကို လှည့်ပတ်နေသည်ကို စိတ်ရှည်ရှည်ဖြင့် နောက်မှလိုက်ပါခဲ့သည်။
တစ်ခါက ကျင်းရှီသည် ဝက်ဝံအရုပ်လေးကိုယူပြီး အင်တာနက် ကဖေးဆိုင်ထဲသို့ ပြေးဝင်သွားသည်က လူငယ်အများကြီးကို ကြည့်ဖို့ဆွဲဆောင်ခဲ့သည်။
အဖြူရောင်ဆံပင်နှင့် အဖွားအိုကလည်း အင်တာနက်ကဖေးဆိုင်မှာ အွန်လိုင်းတက်ပြီး ဂိမ်းဆော့ချင်တာလား။
သူမသည် အင်တာနက်ကဖေးဆိုင်သို့ လျှောက်ဝင်သွားတာကြောင့် ပေါ်ရန်သည်လည်း သူမနှင့်လိုက်ပါလာခဲ့သည်။ သူသည် သူမကို ညင်သာစွာ ပြောခဲ့သည်။ "တခြားဆိုင်ကို သွားကြည့်ကြမယ်နော်၊ ဟုတ်ပြီလား"
ကျင်းရှီသည် ခေါင်းညိတ်ပြီး တခြားအင်တာနက်ကဖေးဆိုင်သို့ ပေါ်ရန်နှင့်လိုက်သွားခဲ့သည်။
နောက်တော့ ကျင်းရှီသည် အလယ်တန်းကျောင်းသို့ သွားခဲ့သည်။ ကျောင်းသားများ အတန်းထဲမှာရှိနေတုန်းမှာ သူမသည် တစ်စုံတစ်ယောက်၏ စာသင်ခန်းထဲသို့ ပြေးဝင်သွားသည်။
ပေါ်ရန်က သူမကိုပြန်ခေါ်ထုတ်သွားခဲ့ပြီး ဆရာကို အခါခါတောင်းပန်ခဲ့သည်။
ရှောင်ပိုင်ခယ်သည် သူ့အမေ၏ ထူးဆန်းသည့် အပြုအမူကို နားမလည်နိုင်ခဲ့ပါ။ သူက သူ့အမေကို တစ်ကြိမ်ထပ်ပိုမေးခဲ့သည်။ "အမေဘာရှာနေတာလဲ။ ကျွန်တော့်ကိုပြောပြလေ၊ အဖေနဲ့ကျွန်တော် အမေနဲ့အတူတူကူရှာပေးမှာပေါ့။ တစ်ယောက်တည်း လျှောက်ပြေးမနေနဲ့တော့နော်၊ အရမ်းအန္တရာယ်များတယ်"
ကျင်းရှီ ပြောလိုက်သည်။ "ငါ့အစ်ကိုကို ရှာနေတာ"
ရှောင်ပိုင်ခယ်သည် ခဏလောက် ထိတ်လန့်သွားခဲ့ပြီး ဘာမှထပ်မပြောတော့ပေ။
လွန်ခဲ့သည့်နှစ်နှစ်က အန်ကယ်ရှန်ဖျင်ချွမ်သည် ငြိမ်းချမ်းစွာ ဆုံးပါးသွားခဲ့သည်။
ပေါ်ရန်က သူမကို ညင်သာစွာပြောခဲ့သည်။ "ရှီရှီ၊ မင်းဘယ်လိုလုပ် မေ့သွားတာလဲ။ အစ်ကိုက အရမ်းလှတဲ့နေရာတစ်ခုကို ထွက်သွားပြီလေ။ ကိုယ်တို့ သိပ်မကြာခင် သူ့ကိုထပ်တွေ့ရမှာပါ"
"အစ်ကိုက ဘယ်ကိုသွားတာလဲ"
ပေါ်ရန်က နံရံပေါ်ရှိ ရွှေရောင်ဆောင်းဦးသစ်တော ဆီဆေးပန်းချီကားချပ်တစ်ခုသို့ ညွှန်ပြပြီး "နတ်သမီးလေးတွေ နေတဲ့နေရာမျိုးလေ"
ကျင်းရှီက ပန်းချီကားထဲရှိ ရေကန်ဘေး သစ်သားအိမ်ငယ်လေးအတွင်းက အဖြူရောင်အမြှီးဖြင့် သမင်လေးကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ခေါင်းညိတ်ခဲ့သည်။ "ဒါဆို...ဘယ်တော့ကျွန်မတို့ အစ်ကို့ကို ထပ်တွေ့ရမှာလဲ။ ကျွန်မ သူ့ကိုအရမ်းလွမ်းနေပြီ"
"အစ်ကိုထွက်သွားတုန်းက ကိုယ်တို့ကို အလျင်မလိုနဲ့ ဖြည်းဖြည်းပဲလာဖို့ ပြောခဲ့တယ်၊ ဘာလို့ဆို ဘယ်လောက်ပဲ အချိန်ကြာသွားပါစေ သူသေချာပေါက်ကို ကိုယ်တို့ကိုစောင့်နေမို့"
ကျင်းရှီက ပေါ်ရန်၏ ပခုံးပေါ် ဖြည်းညှင်းစွာ မှီလိုက်ပြီး "အင်း၊ ကျွန်မ အစ်ကို့စကားနားထောင်မယ်"
~~ပြီးပါပြီ ~~