← Chapters

ထူးခြားသည့်စိတ်နေစိတ်ထားရှိသူ

Vol. 3 Ch. 208

ထူးခြားသည့်စိတ်နေစိတ်ထားရှိသူ

Vol. 3 Ch. 208

ဆန်းလျန် ဒုတိယထပ်မှ ထွက်လာတော့ သူ၏ ခံစားချက်များက အေးအေးဆေးဆေးပင် ဖြစ်နေလေသည်။ အမြဲတမ်း မျက်လုံး မှိတ်ထားတတ်သည့် တာအို ဆရာ အဘိုးအိုသည်ပင် ဆန်းလျန်ကို မျက်လုံးဖွင့်ပြီး ကြည့်လိုက်လေသည်။ အဘိုးအိုက ယခု အခါတွင်တော့ ဆန်းလျန်ကို ခူယားကောင်လေး ဖြစ်အောင် ဖန်ဆင်း မပြတော့ပါ။ သူက ဆန်းလျန်ကို ကြည့်ပြီး ပြုံးလိုက်လေသည်။

ဆန်းလျန်က အဘိုးအိုကို လေးစားသမှုဖြင့် ဂါရဝ ပြုလိုက်သည်။

အဘိုးအိုက သူ့ဟာသူ နေသည် ဖြစ်သော်လည်း ဆန်းလျန်ကတော့ အဘိုးအိုကို အမြဲတမ်း ဂါရဝပြုလေ့ ရှိလေသည်။ ဆရာဘိုးဘိုးမှာ မည်မျှ အသက်ကြီးပြီ ဖြစ်သည်ကို ဆန်းလျန် အတိအကျ မသိနိုင်ပါ။ အသက်ရှင် နေသည့် ကျောက်ဖြစ် ရုပ်ကြွင်းနှင့်ပင် တူနေပြီ ဖြစ်လေသည်။ အဘိုးအိုသည် လူ့လောကတွင် နေထိုင်သည့် နတ်ဘုရား ဖြစ်သည့်အတွက် လူတစ်ယောက်၏ ကျင့်စဉ်လမ်း တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းများကို သိမြင်နိုင်သူ ဖြစ်လေသည်။

သူက မိုးနှင့်မြေတွင် ကျင့်စဉ်လမ်းကို လျှောက်လှမ်းနေသည့်တိုင် ထိုအဘိုးအိုကဲ့သို့ ဖြစ်လာရန်မှာတော့ အလှမ်းဝေးဆဲ ဖြစ်လေသည်။

ဆန်းလျန် ထိုက်ဝေ့ထိုင် ခန်းမဆောင်မှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့သည်။ သူက ချင်းရွှမ် ခန်းမဆောင် ရှိရာ ထိုက်ယီ တောင်ထိပ်သို့ ပြန်မသွားတော့ပါ။ နတ်တံခါးမှ ထွက်ခွာလာပြီး နယ်ခယ်မြို့သို့ ရောက်ရှိ လာခဲ့လေသည်။

တန်ခိုးစွမ်းအား အသုံးပြုခြင်း မရှိသည့်တိုင် ဆန်းလျန်၏ လျင်မြန်မှုက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လျင်မြန်လေသည်။ သူက နတ်တံခါးမှ ထွက်လိုက်သည်နှင့် ယန့်ပုကွေး တည်းခိုရိပ်သာရှေ့သို့ လျှပ်စီး လက်သကဲ့သို့ ရောက်ရှိ သွားလေသည်။ စိတ်လည်း ကြည်လင်နေသည့် အတွက် သေရည် အနည်းငယ် သောက်လျှင် ကောင်းမလားဟု သူစဉ်းစား လိုက်မိသည်။

လောလောဆယ်တွင် ယောင်ချီနတ် အရက်ကလည်း နာမည်ကြီးနေ လေသည်။ အခြား အရက်များနှင့် အရသာ ကွာခြားမှု မရှိသည့်တိုင် နတ်ဆေးပင်များဖြင့် ဖော်စပ်ထားသည့် အရက် ဖြစ်လေသည်။

အရက် သောက်ခြင်းက ကျန်းမာရေးကို ထိခိုက် စေနိုင်လေသည်။ တစ်ခါတစ်ရံ ပျော်သည့်အချိန်၊ ဝမ်းနည်းသည့် အချိန်၊ စိတ်ကြည်လင်နေသည့် အချိန် များတွင်သာ သောက်သင့် လေသည်။

သို့သော် အချို့ကတော့ အရက်ကို ကြိုက်၍ သောက်ကြလေသည်။ ချင်းရွှမ် နတ်တံခါးမှ အရက်သမား တာအိုဆရာကတော့ သောက်ချင်၍ သောက်ခြင်း ဖြစ်လေသည်။

အရက်သမား တာအိုဆရာ၏ တပည့် ဖြစ်သည့် ယန့်ပုကွေးမှာတော့ ဆရာဖြစ်သူထက် သာလေသည်။ သူက သူကိုယ်တိုင် သောက်ရုံသာမက အခြားသူများကိုပါ အရက်တိုက်လေ့ ရှိသည်။ သို့သော် သူကိုယ်တိုင်ကျတော့ အရက်အစစ်ကို သောက်လေ့ရှိပြီး အခြားသူများကိုတော့ ရေကို အင်းပညာဖြင့် အသွင်ပြောင်းထားသည့် အရက်အတုများ တိုက်ခြင်း ဖြစ်လေသည်။

သူက လူအများကို လှည့်စားသည်ဟု မခံယူထားပါ။ လူများကလည်း အရက်အတုကို လာသောက် ကြသည်ပဲ ဖြစ်လေသည်။

ဆန်းလျန်က ယန့်ပုကွေး တည်းခိုရိပ်သာ အတွင်းသို့ လှမ်းဝင်လိုက်သည်။

ဆိုင်ထဲတွင် ဧည့်သည် သိပ်မရှိပါ။ စားသောက်ခန်းမ တစ်ခုလုံးမှာ တိတ်ဆိတ်နေလေသည်။ ရာသီဥတု အုံ့ဆိုင်းနေသည့် အတွက် နေကလည်း သာခြင်းမရှိပေ။ ထို့ကြောင့် စားသောက်ခန်းမ ထဲတွင် အနည်းငယ် မှောင်မိုက် နေလေသည်။ သို့သော် ဆန်းလျန် ဝင်ရောက် သွားလိုက်သည်နှင့် အခန်းတစ်ခုလုံး လင်းလက် သွားလေသည်။

ဆန်းလျန်က ကိုယ်ယောင်ကိုယ်ဝါများ တောက်ပနေခြင်း မရှိပါ။ သို့သော် စားသောက်ခန်းမ အတွင်းရှိ လူအားလုံး၏ စိတ်ထဲတွင် မီးအိမ်တစ်ခု ထွန်းညှိလိုက်သည့် အလား လင်းလက်မှုကို ခံစား လိုက်ရလေသည်။ နွေးထွေး လင်းလက်နေသည့် မီးအိမ် တစ်ခုကဲ့သို့ ဖြစ်လေသည်။

ဆန်းလျန်မှာလည်း စိတ်ကြည်လင် နေလေသည်။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့်က ဆန်းလျန်နှင့် ဆုံတွေ့ခဲ့သည့် စားပွဲထိုးမှာ များစွာ ပြောင်းလဲ သွားခဲ့လေပြီ။ ထိုသူမှာ အသက်အရွယ် ကြီးရင့်နေလေပြီ။ ဆံပင်များ ဖြူနေပြီး နဖူးပေါ်တွင်လည်း အရေးအကြောင်းများ ထင်နေပြီ ဖြစ်လေသည်။ သို့သော် သူက စားပွဲခုံများကိုတော့ ကျွမ်းကျင်စွာ သုတ်နေလေသည်။

စားပွဲထိုးမှာ လူပေါင်းများစွာနှင့် ဆက်ဆံ ခဲ့ရလေသည်။ ရေခြားမြေခြားမှ ရောက်လာကြသည့် သိုင်းလောကသားများ၊ ကျင့်ကြံသူများစွာ ဖြစ်လေသည်။ ထို့ကြောင့် သူက လူတိုင်းကို မမှတ်မိ နိုင်တော့ပေ။

သို့သော် …

သူက ဆန်းလျန်ကိုတော့ ကောင်းကောင်း မှတ်မိနေလေသည်။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်မှာ ထူးခြားသည့် စိတ်နေစိတ်ထား ရှိသူတစ်ယောက် ဖြစ်သောကြောင့် ဖြစ်လေသည်။ သိမ်မွေ့ပြီး သိက္ခာရှိသူ တစ်ယောက် ဖြစ်သည့် အပြင် လူသားများ၏ လှည့်စားမှု ပရိယာယ်များကိုလည်း စိတ်မဝင်စားတတ်ပေ။

ယခု ဆန်းလျန်ကို ပြန်လည် ဆုံတွေ့ရသည့်အခါ….

ဆန်းလျန်၏ ပုံစံမှာ ပိုမိုချောမော ခန့်ညားလာသည်က လွဲပြီး လွန်ခဲ့သည့် နှစ်နှစ်ဆယ်က အတိုင်းပင် ဖြစ်လေသည်။ အချိန်ကာလသည် သူ၏ နုပျိုခြင်းများကို တိုက်စား မသွားနိုင်ပေ။

ထို့ပြင် ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါးသို့ ဝင်ခွင့်ရခဲ့ပြီး ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့သည် ဆိုသည့် အကြောင်းကို ယန့်ပုကွေးထံမှ သတင်း အနည်းငယ် ကြားထားလေသည်။

ကျင့်ကြံသူများမျာ များသောအားဖြင့် နုပျိုကြလေသည်။ သို့သော် ချင်းရွှမ် နတ်တံခါးနှင့် အနေနီးသည့်တိုင် နန်ခယ်မြို့မှ လူများမှာတော့ ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။

ထို့ကြောင့် ချင်းရွှမ် နတ်တံခါးတွင် ဂိုဏ်းချုပ် အပြောင်းအလဲ ဖြစ်သည့်တိုင် တောင်ခြေရှိ နန်ခယ်မြို့မှ လူများအတွက်တော့ မည်သည့် ပြောင်းလဲမှုမျှ မဖြစ်ခဲ့ပေ။ ချင်းရွှမ် နတ်တံခါး၏ အတွင်းရေး ကိစ္စများကို နန်ခယ်မြို့ရှိ မည်သူမျှ သိရှိနိုင်ခြင်း မရှိကြပေ။

လူသားများနှင့် နတ်ဘုရားများကို မည်သူကမှ ခွဲခြားထားခြင်း မဟုတ်ပေ။ သဘာဝအတိုင်း အလိုလို ကွဲပြားသွားကြခြင်းသာ ဖြစ်လေသည်။

တာအိုကျမ်းစာထဲတွင် ပါသည့်အတိုင်း “ဂဠုန်ငှက်ကြီး မည်မျှ အမြင့်ထိတိုင် ပျံသန်းနိုင်သည်ကို စာကလေး ငှက်သည် စိတ်မဝင်စား” ဆိုသကဲ့သို့ပင် နတ်ဘုရားများ မည်မျှ တန်ခိုးစွမ်အား မြင့်မားသော်လည်း သာမန်လူများက ကျင့်စဉ်လမ်းကို စိတ်မဝင် စားကြပေ။

စားပွဲထိုးက ဆန်းလျန်ဆီသို့ လျှောက်လာလေသည်။

“နတ်ဘုရားအရှင်၊ ဘာများ သုံးဆောင်ပါမလဲ၊ သူဌေး ဒီနေ့ဆိုင်မှာ ရှိပါတယ်၊ သူဌေးကို ကျွန်တော် ခေါ်ပေးပါ့မယ်”

ဆန်းလျန်က စားပွဲထိုးကို ကြည့်ရင်း ပြုံးလိုက်သည်။

“မင်းတောင် အတော် အသက် ကြီးသွားပြီပဲ၊ အိမ်ထောင်ပြုပြီး သားသမီးတွေရော ရနေပြီလား”

စားပွဲထိုးမှာ ဆန်းလျန်က သူ့ကို မှတ်မိနေသည့် အတွက် များစွာ အံ့သြ သွားရလေသည်။ သူက ဆန်းလျန်၏ ထူးခြားမှုကြောင့်သာ ဆန်းလျန်ကို မှတ်မိနေခြင်း ဖြစ်ပြီး ဆန်းလျန်ကတော့ သူ့လိုလူမျိုးကို အရေး လုပ်မည်ဟု ထင်မထားခဲ့မိပေ။

သူက မဝံ့မရဲ ဖြစ်သွားပြီး ဆံပင်များကို ယောင်ယမ်း ကိုင်လိုက်မိသည်။ သူက အသက်အရွယ် ကြီးရင့်မှုကြောင့် ခါးပင် ကိုင်းနေပြီ ဖြစ်လေသည်။

“နတ်ဘုရားအရှင်က ကျုပ်ကို မှတ်မိနေမယ်လို့ ထင်မထားမိဘူး၊ ကျုပ်လက်ထပ်ပြီးတာ ကြာလှပေါ့၊ ကျုပ်သားတောင် အိမ်ထောင်ကျလို့ ချစ်စရာကောင်းတဲ့ မြေးလေး တစ်ယောက်တောင် ရနေပြီ”

“ဝမ်းသာစရာပါပဲ၊ ဂုဏ်ယူပါတယ်ဗျာ”

ဆန်းလျန်က ပြောလိုက်လေသည်။

“အာ … အထဲကို သွားပြီး သူဌေးကို ခေါ်လိုက်ဦးမယ်ဗျ၊ ကျုပ်ကတော့ အရှင်နဲ့ ဘာပြောလို့ ပြောရမှန်း မသိဘူးလေ”

စားပွဲထိုးက ပြောလိုက်သည်။

ဆန်းလျန်က သာမန်လူများကိုလည်း အထင် သေးတတ်သည့် အကျင့်မရှိပါ။ သို့သော် စားပွဲထိုးကတော့ သူက သာမန်လူမျှသာ ဖြစ်ပြီး ဆန်းလျန်ကတော့ နတ်ဘုရားတစ်ပါး ဖြစ်နေသည့် အတွက် ဘာပြောရမှန်း မသိဘဲ ရှိန်ဖြစ်နေရခြ င်းဖြစ်လေသည်။ သူပြောနိုင်သည့် စကားများထက် ဆန်းလျန်က ပိုမို သာလွန်သည့် ပုဂ္ဂိုလ်တစ်ပါး ဖြစ်နေသည်ဟု ထင်မှတ် ထားလေသည်။

ဆန်းလျန်က သူ့ကို မှတ်မှတ်ရရ ရှိနေပြီး ခင်ခင်မင်မင် စကား ပြောခြင်းကပင် သူမျှော်လင့်သည်ထက် အဆမတန် များပြားနေပြီ ဖြစ်လေသည်။

“မခေါ်နဲ့တော့၊ သူထွက်လာပြီ”

ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။

ယန့်ပုကွေးပုံမှာ အိပ်ရာမှ နိုးလာသည်နှင့် တူနေလေသည်။ ယန့်ပုကွေးက တစ်လတွင် ဆယ်ရက် နန်ခယ်မြို့တွင် နေလေသည်။

အမှန်တော့ ယန့်ပုကွေးမှာ သိုင်းလောကမှ တောင်ပေါ် ဓားပြတစ်ယောက် ဖြစ်လေသည်။ သို့သော် သူ၏ အဘိုးဖြစ်သူက အရက်သမား တာအိုဆရာနှင့် သူငယ်ချင်း ဖြစ်လေသည်။

ထို့ကြောင့် ကျင့်စဉ်လမ်းသို့ လိုက်လျှောက်ရန် အရက်သမား တာအိုဆရာက သူ့ကို ချင်းရွှမ် နတ်တံခါးသို့ အတင်းအဓမ္မ ခေါ်ဆောင်လာခြင်း ဖြစ်လေသည်။

အရက်သမား တာအိုဆရာ ရောက်လာပြီး ကျင့်စဉ်လမ်းသို့ လိုက်လျှောက်ရန် လာခေါ်သည့် အချိန်တွင် ယန့်ပုကွေးမှာ တောင်ပေါ်တွင် ဓားပြတိုက်ရင်း၊ သောက်သောက်စားစား လူမင်းသား လုပ်ကာ အဆင်ပြေ သာယာနေသည့် အချိန် ဖြစ်လေသည်။

သူက ကြွယ်ဝချမ်းသာသူ တစ်ယောက်ဖြစ်ပြီး မိတ်ဆွေ အပေါင်းအသင်းလည်း များစွာ ရှိလေသည်။

ထိုအချိန်တွင် သူ၏ မိတ်ဆွေ တစ်ယောက်မှာ အာဏာပိုင်များမှ ဖမ်းဆီးခြင်းကို ခံလိုက် ရလေသည်။ ထို့ကြောင့် သူက လူစုကာ တရားရုံးကို တိုက်ခိုက်ရန် တောင်ပေါ်မှ ဆင်းလာ ခဲ့လေသည်။

ထိုအချိန်မှာပင် အရက်သမား တာအိုဆရာက သူ့ကို အတင်းအဓမ္မ ချင်းရွှမ်သို့ ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။ သူက လုံးဝ လိုက်လိုစိတ် မရှိပေ။

ကံအားလျော်စွာ ချင်းရွှမ် နတ်တံခါး ဖွင့်ချိန်နှင့် တိုက်ဆိုင်နေသည့် အတွက် အရက်သမား တာအိုဆရာက သူ့ကို ဝမ့်ရှင်း လမ်းရှေ့တွင် ချထားပေးခဲ့လေသည်။ အရက်သမား တာအိုဆရာ မျှော်လင့်သည့် အတိုင်းပင် ယန့်ပုကွေးသည် ကျင့်စဉ်လမ်းနှင့် ပါရမီပါသူ တစ်ယောက် ဖြစ်လေသည်။ သူက ဝမ့်ရှင်းလမ်း၏ ပုံရိပ်ယောင်များကို ဖြတ်ကျော် နိုင်ခဲ့ပြီး တရားကို စတင် သိမြင်ကာ ဆရာ ဖြစ်သူကိုလည်း ကလန်ကဆန် မလုပ်တော့ပေ။

သူ ချင်းရွှမ် နတ်တံခါးသို့ ဝင်ရောက်ခဲ့သည့် အချိန်တွင် သူ့အသက်က နှစ်ဆယ်ကျော်ပြီ ဖြစ်လေသည်။ စည်းကမ်း အတိုင်းသာ ဆိုလျှင် သူ့အနေဖြင့် ဝင်ခွင့်ရမည် မဟုတ်ပေ။ သို့သော် ဆရာသခင် ကျန်းရော့ရွှီးက အရက်သမား တာအိုဆရာ၏ မျက်နှာကို ထောက်ထားသည့် အနေဖြင့် သူ့ကို တပည့်အဖြစ် လက်ခံ ပေးခဲ့ပြီး သူ့ဆန္ဒအတိုင်း တောင်ပေါ်မှ တစ်ခါတစ်ရံ အပြင်သို့ပင် ထွက်ခွာခွင့် ပြုထားလေသည်။

ကျင့်ကြံသူများ၏ သဘော သဘာဝကို နားလည်သည့် နေရာတွင်တော့ လောကတွင် ဆရာသခင် ကျန်းရော့ရွှီးကို မီသည့်သူ မရှိပေ။ ဆရသခင် ကျန်းရော့ရွှီးသည် တပည့်များကို ကျင့်စဉ်လမ်း အတွက် လမ်းညွှန်မှု ကောင်းကောင်း ပေးနိုင်သူ ဖြစ်လေသည်။

ကျင့်ကြံသူများသည် သူ၏ လမ်းညွှန်မှု တစ်ချက်တည်းဖြင့်ပင် ကျင့်စဉ်လမ်းကို ကောင်းကောင်း လျှောက်လှမ်း သွားနိုင်ကြလေသည်။

ဆရာသခင် ကျန်းရော့ရွှီးသည် သူတတ်နိုင်သည့် အတိုင်းအတာ အတွင်းမှ ကျင့်ကြံသူများကို မျိုးစေ့ ချထားပေးခဲ့သူ ဖြစ်လေသည်။

ဆန်းလျန်မှာ ယန့်ပုကွေး၏ တွေ့သည်နှင့် အတော မသတ်နိုင်အောင် ရယ်မော မိလေသည်။

"အိုး... သူငယ်ချင်းရေ၊ မင်းတော့ ကျင့်စဉ် အောင်တော့မယ်"

ဆန်းလျန် အလွန် ပျော်ရွှင်နေပြီး ယန့်ပုကွေးကို ပြောလိုက် လေတော့သည်။

ယန့်ပုကွေးမှာ အရက်မူးနေပြီး တစ်ချိန်တည်းမှာပင် အမူးပြေ နေသကဲ့သို့လည်း ဖြစ်နေကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။ သူ့ထံမှ နတ်ဘုရား အငွေ့အသက်များ ထွက်ပေါ်နေလေသည်။

ကျင့်စဉ်လမ်း အဆင့်တော့မည့် သင်္ကေတ ဖြစ်ပြီး ဟိုင်ဟန်းအဆင့် တက်ရောက်တော့မည့် သဘောပင် ဖြစ်လေသည်။

ဆန်းလျန်မှာ ယန့်ပုကွေး ကျင့်စဉ် အဆင့်တက်တော့မည် ဖြစ်သည့် အတွက် အလွန် ပျော်ရွှင် သွားမိလေသည်။ ယန့်ပုကွေးသာ ကျင့်စဉ်လမ်း အဆင့် တက်သွားလျှင် ချင်းရွှမ် နတ်တံခါးအတွက် အားသစ် တစ်ခု တိုးတော့မည် ဖြစ်လေသည်။

ဆန်းလျန်က ကူးချိုင်ဝေ့က ဟိုင်သန်းအဆင့်ကို ယန့်ပုကွေးထက် စောပြီး တက်ရောက် နိုင်လိမ့်မည်ဟု ထင်မှတ် ထားခဲ့လေသည်။ သို့သော် ယခုတော့ ယန့်ပုကွေးက ခြေတစ်လှမ်း စောနေခဲ့ပြီ။

ကူးချိုင်ဝေ့ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန် အတွက် ဆန်းလျန်တွင် နည်းလမ်းတစ်ခု တွေ့ထားလေသည်။ သူတောင်ပေါ်မှ ထွက်ခွာရန် ဆုံးဖြတ်ရသည့် အကြောင်းထဲတွင် ထိုအချက်လည်း အပါအဝင်ပင် ဖြစ်လေသည်။

***

All Chapters