မိုးကောင်းကင်ရယ်… ကျုပ်တို့အပေါ် ရက်စက်လိုက်လေခြင်း
Vol. 3 Ch. 209
ယန့်ပုကွေးက ပြုံးလိုက်ရင်း…
"တိုက်ဆိုင်လိုက်တာ ဂိုဏ်းချုပ် ၊ ကျုပ်တို့ နှစ်ယောက်လုံး ပျော်နေကြတာ ၊ နည်းနည်းလောက် သောက်ကြ ရအောင်လား"
လူတိုင်း ကျင့်စဉ်လမ်း အဆင့် တက်လှမ်းနိုင်ရန်မှာ မလွယ်ကူ လှပေ။ ထို့ကြောင့် တကယ်တမ်း ကျင့်စဉ်လမ်း အဆင့် တက်လှမ်းနိုင်သည့် အခါတွင်တော့ ကျေနပ်ပီတိ ဖြစ်ရကာ ပျော်ရွှင် စိတ်လှုပ်ရှား ရလေသည်။
ယန့်ပုကွေးက တည်းခို ရိပ်သာကို ပိတ်လိုက်လေသည်။ သူက ဆန်းလျန်ကို အရက်ကောင်းဖြင့် ဧည့်ခံရန် ဆုံးဖြတ် လိုက်လေသည်။
နောက်တစ်နေ့တွင်တော့ ချင်းရွှမ်တောင် အပြင်ဘက်ရှိ လေနှင့် တိမ်တိုက်များသည် ရှစ်ရက်တိတိ မရပ်မနား မိုးခြိမ်းသံများ ထွက်ပေါ် နေလေတော့သည်။ ချင်းရွှမ် နတ်တံခါး အပြင်ဘက်တွင် ဖြစ်ပေါ်နေခြင်း ဖြစ်သည့် အတွက် အပြင်ဘက်ရှိ ကျင့်ကြံသူ အားလုံး တွေ့မြင် ကြရလေသည်။
နှစ်ပေါင်း ငါးဆယ်အတွင်း ချင်းရွှမ် နတ်တံခါးတွင် ကိုယ်ပိုင် ကျင့်စဉ် စွမ်းအားဖြင့် ဟိုင်သန်း အဆင့်သို့ တက်ရောက်နိုင်သည့် ကျင့်ကြံသူ သုံးဦး ပေါ်ထွက် လာခဲ့ပြီ ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါး ပြန်လည် ဦးမော့ လာခဲ့ပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ ဟိုင်သန်းအဆင့် အောင်မြင်ပြီးသည့် ကျင့်ကြံသူသည် ဆရာသခင် တစ်ပါးအဖြစ် တရားဟောပြောခွင့် ၊ ပညာ သင်ကြားပေးခွင့် ရှိလေသည်။ ထိုသူသည် တရားဝင် တာအို ဆရာတစ်ပါး ဖြစ်သွားပြီ ဖြစ်လေသည်။
ထို့ပြင် နတ်ဘုရား ကျောင်းတော်များတွင် ကိုယ်ပိုင်ကျင့်စဉ် စွမ်းအားဖြင့် ဟိုင်သန်းအဆင့် တက်ရောက်သူများမှာ ပြင်ပ ပြဒါးရှင် သို့မဟုတ် နတ်ဒေဝါ အမြုတေများ၏ စွမ်းအားဖြင့် ဟိုင်သန်းအဆင့် တက်ရောက် သူများထက် ပိုပြီး ဂုဏ်ပြု ခံရလေ့ ရှိလေသည်။
အဘယ်ကြောင့်ကိုဆိုသော် ကိုယ်ပိုင် ကျင့်စဉ် စွမ်းအားမှာ နားလည် သဘောပေါက်ရန် ပိုပြီး အားစိုက်ရသည့် အတွက် ဖြစ်လေသည်။ ထို့ပြင် မူလ ဝိညာဉ် ရရှိသည့် အခါတွင်လည်း ပိုပြီးခိုင်မာသည့် အခြေခံကောင်းကို ရရှိလေသည်။ ခိုင်မာသည့် အခြေခံကောင်း မရှိသည့် အတွက် မူလ ဝိညာဉ် ရရှိအောင် ကျင့်ကြံသည့် အဆင့်သို့ ရောက်သည့် အခါတွင် အရှုံးနှင့် ရင်ဆိုင်ရသည့် အခါ တစ်ဘဝလုံး ကျင့်ကြံခဲ့သမျှ အလကား ဖြတ်သွားတတ်လေသည်။
ထိုသို့သော အဖြစ်အပျက်မျိုး ကျင့်ကြံသူများ ကြားတွင် မကြာခဏ ကြုံတွေ့ ရတတ်လေသည်။
ချင်းရွှမ် နတ်တံခါး၏ ဆောင်ပုဒ်ဖြစ်သည့် "အဆင့်မြင့် ကျင့်စဉ်လမ်းကို တက်လှမ်းချင်ပါက စိတ်နှလုံးကို အရင်ဆုံး ပြုပြင်ရမည်" ဟူသည့် စကားအတိုင်း စိတ်ရင်းအခံနှင့် ကိုယ်ကျင့်တရား ကောင်းမှသာ ကျင့်စဉ်လမ်းတွင်လည်း အရာရာကို ရင်ဆိုင်နိုင်မည် ဖြစ်လေသည်။
ချင်းရွှမ် ခန်းမဆောင်တွင် လူအများ စုဝေး ရောက်ရှိ နေကြလေသည်။ ယခင် အချိန်များ ကဲ့သို့ပင် ဆရာသခင်များ ၊ တပည့်များ အစီအစဉ်တကျ တန်းစီလျက် နေရာ ယူထားကြလေသည်။
ဆန်းလျန်က ယန့်ပုကွေးအတွက် ဟိုင်သန်းအဆင့် တက်ရောက်ခြင်း အောင်ပွဲ အခမ်းအနားကို ကျင်းပ ပေးနေခြင်း ဖြစ်လေသည်။ ဟိုင်သန်းအဆင့် တက်ရောက်သည့် အောင်ပွဲကို "ရွှေပြဒါး အမြုတေအောင်ပွဲ" ဟုလည်း ခေါ်ကြလေသည်။ ရွှေက မပျက်စီးနိုင်ခြင်းကို ဖော်ပြပြီး ပြဒါးက ပြည့်ဝမှုကို ဖော်ပြလေသည်။
ဆန်းလျန်က ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်ကို ချန်ကျန့်မေဆီမှ တစ်ဆင့် ရရှိထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန် ဟိုင်သန်းအဆင့် အောင်မြင်ပြီး ဂိုဏ်းချုပ် နေရာ ဆက်ခံသည့်ပွဲတွင် ဆရာဘိုးဘိုး ယွမ်ချင်းထံမှ ဓမ္မ အမွေကို ထပ်မံရရှိခဲ့ခြင်း မရှိပေ။
ယန့်ပုကွေးသည် တာအိုဝတ်ရုံကို ဝတ်ဆင်ကာ ချင်းရွှမ် ခန်းမဆောင် အတွင်းသို့ ကျက်သရေရှိစွာဖြင့် လှမ်းဝင်လာလေသည်။ ကျင့်စဉ်လမ်းကို လိုက်လျှောက်ရန်မှာ သူ၏ ရည်မှန်းချက် မဟုတ်ခဲ့ပေ။ မတတ်သာ သောကြောင့်သာ ကျင့်စဉ်လမ်းကို လျှောက်ခဲ့ရခြင်း ဖြစ်လေသည်။ သို့သော် ယခုတော့ လူ့လောကရှိ လောကီရေးရာ ပျော်စရာ ပေါင်းများစွာကို စွန့်လွှတ်ကာ ကျင့်စဉ်လမ်းကို အဆင့်တက် လှမ်းနိုင်ခဲ့ပြီ။
ယန့်ပုကွေးက ဒူးထောက်လိုက်သည်။ ဆန်းလျန်ကို ဒူးထောက်ခြင်းသာ မဟုတ် ချင်းရွှမ် နတ်တံခါး၏ ခေတ်အဆက်ဆက်မှ ဆရာသခင်များ အားလုံးရှေ့တွင် ဒူးထောက်လိုက်ခြင်း ဖြစ်လေသည်။ ခေတ်အဆက်ဆက်မှ ဆရာသခင်များသာ မရှိခဲ့လျှင် ယခုလက်ရှိ အချိန်တွင်လည်း ချင်းရွှမ် နတ်တံခါး ဆိုသည်မှာ ရှိလာမည် မဟုတ်ပေ။
ရေကို သောက်သည့် အခါ ရေရရှိသည့် အရင်းအမြစ်ကို အလေးထား ကျေးဇူးတရား သိရသကဲ့သို့ပင် ဖြစ်လေသည်။
ဆရာ သခင်များကလည်း ယန့်ပုကွေးကို ဥပမာပြကာ သူတို့၏ တပည့်များကို နမူနာယူကြရန် သင်ပြ ပေးနေကြ လေသည်။
ကျင့်ကြံသူ ဆိုသည်က မီးအိမ်ကို ထွန်းညှိသူ ကဲ့သို့ပင် ဖြစ်လေသည်။ မိမိကိုယ်တိုင် အလင်းရသလို အခြားသူများ၏ သွားရာလမ်းကိုလည်း အလင်းပေး နိုင်လေသည်။
"နတ်ဘုရားတွေက ကျုပ်ရဲ့ ဦးခေါင်းကို ထိတွေ့ပြီး ထာဝရ အသက်ရှင်ခြင်း လျှို့ဝှက်ချက်ကို လက်ဆင့် ကမ်းပေးပါတယ်"
ဆန်းလျန်က ပြောလိုက်သည်။
ဆန်းလျန်၏ ရင်ထဲတွင် ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း မည်သည့် အရာကိုမှ မခံစားရပါ။ သူက ယန့်ပုကွေး၏ မျက်ခုံး နှစ်ခုကြားတွင် သင်္ကေတ တစ်ခု ရေးဆွဲပေးလိုက်သည်။ နက်ရှိုင်းသည့် တရားဓမ္မ အဓိပ္ပာယ် တစ်ခု၏ သင်္ကေတသည် ယန့်ပုကွေး၏ မျက်ခုံးနှစ်ခု ကြားတွင် ပေါ်လာလေသည်။ ပထမဆုံး အကြိမ်တုန်းကနှင့် မတူ ကြီးမားသည့် တန်ခိုးစွမ်းအား လှိုင်းတစ်ခုကို ဆန်းလျန် ခံစား လိုက်ရလေသည်။
နဂါးငွေ့တန်းရှိ ထျန်းဟယ်မြစ် အဆုံးတွင် လက်ပိုက်ပြီး ရပ်နေသည့် တာအို ဆရာတစ်ပါးကို ဆန်းလျန် မြင်တွေ့ လိုက်ရလေသည်။ သူ၏ ခန္ဓာကိုယ်မှ ဓားဝိညာဉ်သည် ကြယ်စင်များ ဆီသို့ပင် ထိုးဖောက် ဝင်ရောက်နေပြီး သဘာဝတရားနှင့် ဒြပ်စင် စွမ်းအားများက ထိုဓားဝိညာဉ်၏ ကျက်သရေရှိမှုကို ချီးမြှောက် နေကြလေသည်။
ထိုတာအိုဆရာ၏ မျက်နှာက တည်ကြည် လေးနက်နေပြီး ဆန်းလျန်ကို စိုက်ကြည့် နေလေသည်။ သူ၏အကြည့်က စာကြောင်း တစ်ခုအလား ပြောင်းလဲသွားသည်။
"ကျင့်စဉ်လမ်းက မိုးကောင်းကင်လိုပဲ ကျယ်ပြန့်လွန်းတယ် ၊ ကျုပ်တစ်ယောက်တည်း မဖြစ်နိုင်ဘူး"
အထီးကျန်ခြင်း...
ဝမ်းနည်းခြင်း...
ခံစားချက်ပေါင်း များစွာကို ဆန်းလျန် ခံစားလိုက်ရလေသည်။
ယန့်ပုကွေးနှင့် အခြားသူများလည်း ထိုစာကြောင်းကို ခံစားရသည်လား မသေချာပေ။
ဆန်းလျန်၏ ခံစားချက်များသာ ရောထွေးကာ တုန်လှုပ်သွားရခြင်း ဖြစ်လေသည်။
သူလျှောက်လှမ်းခဲ့သည့် ကျင့်စဉ်လမ်းသည် ထောင်ချောက် တစ်ခုအလား ပိတ်မိ နေပြီလား...။
ထိုစာကြောင်းက အသစ်သော ဖွင့်ပြချက်များလား...။
ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။
သို့သော်...
နားလည်ရန် ခက်ခဲလှလေသည်။ သူသိထားသည့် ကျင့်စဉ်လမ်း ဆိုသည်က ကျင့်ကြံသူက ကျင့်စဉ်နှင့် တစ်သားတည်း ကျအောင် ပေါင်းစပ်ပြီး သဘာဝတရားကို အနိုင်ယူခြင်း ဖြစ်လေသည်။
အခြားသူများမှာ ဆန်းလျန်ကဲ့သို့ ခံစားသိမြင် နေရသည့်ပုံ မပေါ်ပါ။ ယန့်ပုကွေး၏ မျက်နှာမှာလည်း တည်ငြိမ် နေလေသည်။
ဆန်းလျန်က ယန့်ပုကွေး မျက်ခုံးနှစ်ခုကြား သင်္ကေတ ရေးဆွဲပေးပြီးပြီ ဖြစ်သည့်အတွက် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
သူ၏ စိတ်ပူပန်မှုများကို ထိန်းချုပ်ထားလိုက်လေသည်။
ရုတ်တရက်...
အပြင်ဘက်တွင် အလင်းတန်းတစ်ခု လင်းလက်သွားလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါသွားပြီး ခန်းမတွင်းရှိ လူအားလုံးပင် ယိုင်လဲ ကုန်ကြရလေသည်။
ဆန်းလျန် လဲကျရာမှ မတ်တတ် ထရပ်လိုက်သည်။ အခြား သူများမှာလည်း အခြေအနေကို လေ့လာရန် ခန်းမ အပြင်ဘက်သို့ အသီးသီး ထွက်ခွာ သွားကြလေသည်။
အရှေ့ဘက် ကောင်းကင်ဆီတွင် ရောင်စုံ တိမ်တိုက်များ ဖုံးလွှမ်း နေလေသည်။ ထိုတိမ်တိုက်များမှ အရောင်ငါးမျိုး ဖြာထွက်နေပြီး အလွန် ထူးခြားပြီး ရင်သပ် ရှုမော ဖွယ်ရာ မြင်ကွင်း ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင်...
မိုးအောက် မြေပြင်တစ်ခွင်လုံးရှိ နတ်ဘုရား ကျောင်းတော်များ ၊ ကျင့်ကြံသူ ဂိုဏ်းများ ၊ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးများ အားလုံးသည် ထိုမြင်ကွင်းကို ကြည့်နေကြလေသည်။
အသူရာချောက်....
များသော အားဖြင့် နေရောင်မရှိ မှောင်မိုက်နေတတ်သည့် အသူရာ ချောက်တွင်တော့ ရောင်စဉ်ငါးမျိုး ဖြာထွက်နေသည့် တိမ်တိုက်များ နေရာ အနှံ့တွင် ဖုံးလွှမ်းနေလေသည်။
ထို့ပြင် ကြုံးဝါးသံကြီး တစ်ခုလည်း ထွက်ပေါ်လာပြီး နတ်ဆိုး စစ်သည်များမှာ မခံမရပ် နိုင်အောင် ဖြစ်ကာ သူတို့ နားများကို ပိတ်ရင်း လူးလှိမ့် နေကြလေသည်။
ရဲ့လျိုယွင်သည် သွေးနီရောင် ပလ္လင်ထက်တွင် မတ်တပ်ရပ် နေလေသည်။ သူက သွေးနီရောင်စဉ် တန်ခိုး စွမ်းအားများဖြင့် သူ့ကိုယ်သူ ကာကွယ် ထားလိုက်လေသည်။
ရဲ့လျှိုယွင်နှင့် မလှမ်းမကမ်း တစ်နေရာတွင် ရဲ့လျိုယွင်နှင့် တိုက်ခိုက်နေသည့် တာအို ဆရာတစ်ပါး ရပ်နေလေသည်။ သူကလည်း သူ၏ အလင်း စွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်ကာ အကာအကွယ် ယူလိုက်ပြီး အခြေအနေကို ကြည့်လေသည်။
ယင်းစန်းတောင်၏ အခြား ဘက်ခြမ်းတွင်တော့ ရှည်လျားလွန်းသည့် ရောင်စဉ် ငါးမျိုး သက်တံကြီး တစ်စင်း ဖြာထွက်နေလေသည်။ ထိုသက်တံ ရောင်စဉ်များသည် ကောင်းကင် တစ်ခုလုံးတွင် ဖြာလင်းနေလေသည်။
ကျင်းကွမ်းဝတ် ကျောင်းတော်မှ ပေါင်ယွဲ့ ဆရာတော်ကြီးသည် ဘုံကိုးဆင့် ရှိသည့် ဖေးထိုင် စေတီတော် အပေါ်ဆုံးထပ်မှ နေပြီး ထိုမြင်ကွင်းကို ကြည့်ရှု နေလေသည်။ နုပျို ငယ်ရွယ်လွန်းသည့် ဆရာတော်ကြီး၏ မျက်နှာက တည်ကြည် နေလေသည်။
ဆရာတော်က သက်ပြင်း တစ်ချက်ချ လိုက်ရင်း...
"ရူပ နတ်ဘုရားမင်းကြီးက ဗုဒ္ဓ တရားတော်တွေရဲ့ အနှစ်သာရကို သိမြင်အောင် သူ့ကို နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့တာ ၊ ခုတော့ လောကကို ကျော်လွန်ပြီး လွတ်မြောက် အောင်မြင် သွားပြီပေါ့"
ပေါင်ယွဲ့ ဆရာတော်ကြီး နောက်တွင် ဘုန်းတော်ကြီး တစ်ပါး ရပ်နေလေသည်။ ထိုဘုန်းတော်ကြီးမှာ ဆံပင်များ ရိတ်ပြီး ဘုန်းကြီးဝတ်ထားသည့် ဟိုင်သခင်ကြီးပင် ဖြစ်လေသည်။
"ဘုန်းကြီး ၊ မင်းဆိုလိုတာ ကျုပ်လည်း ဗုဒ္ဓတရားတွေကို နားလည်သွားရင် အဲဒီလို လွတ်မြောက် အောင်မြင် သွားနိုင်မလား"
ဟု မကျေမနပ် လေသံဖြင့် မေးလိုက်သည်။
ပေါင်ယွဲ့ ဆရာတော်ကြီးက ဟိုင်သခင်ကြီးကို လှည့်ကြည့်ရင်း ပြုံးလိုက်သည်။
"ဒါတော့ မသေချာဘူး ၊ မင်းကို မခံမရပ်နိုင်အောင် အပြစ်ပေးထားတာမှ မဟုတ်တာ"
ဟိုင်သခင်ကြီးမှာ ဆံပင်များ ရိတ်ပြီး ဘုန်းကြီး ဝတ်ထားရသည့်တိုင် သူ့ကို ဘုန်းကြီး အတင်းဝတ်ခိုင်း ထားသည့် ပေါင်ယွဲ့ ဆရာတော်ကြီးကို မကျေမနပ် ဖြစ်နေဆဲ ဖြစ်လေသည်။
သူက မချိပြုံး ပြုံးလိုက်ရင်း....
"အခု ကျုပ်က ကျင်းကွမ်းဝတ် ကျောင်းတော်မှာ နေတာနော် ၊ ကျုပ်အပြစ်ခံရတဲ့ အချိန်ကျ မင်းတို့ ကျောင်းတော်ပါ ပျက်စီးမှာ"
ပေါင်ယွဲ့ ဆရာတော်ကြီးက ပြုံးလိုက်သည်။
"အော်မီတော်ဖော်... ကျုပ်တို့ ဒီကိစ္စကို ဂရုမစိုက်ပါဘူး ၊ မင်းသာ အပြစ်ဝန်ခံ ပြီးသွားရင် တရား ပြန်ကျင့်နိုင်မှာပဲ ၊ အဲဒီလိုသာဆို ကျုပ်သိပ်ကို ဝမ်းမြောက်မိမှာပဲ"
ဟု ပြောလိုက်လေသည်။
ဟိုင်သခင်ကြီးက ဟွန့်ခနဲ တစ်ချက်လုပ်လိုက်ရင်း စကား မပြောတော့ပေ။ သူက ထွက်ပေါ်လာသည့် သက်တံ့ကြီးကို ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ် ကြောက်လန့် နေမိလေသည်။
အောင်မြင်မှုကို ရရှိသွားပြီ ဖြစ်သည့် ထိုသူကို မနာလို ဖြစ်နေမိတော့သည်။
ရူပ နတ်ဘုရား မင်းကြီး ဆိုသော ခေါင်းပြောင် သူခိုးကြီးသာ သူ့ကို မင်ဝမ်ဝတ် ကျောင်းတော်တွင် ပိတ်လှောင်ထားလျှင် ယခု အချိန်လောက်ဆို သူလည်း လွတ်မြောက် အောင်မြင်နိုင်မည်ဟု တွေးနေမိလေသည်။ ထိုသို့ တွေးမိသောအခါ ဒေါသများ ထွက်လာ ရပြန်လေသည်။ သူ၏ ခံစားချက်များသည် ပြောမပြ နိုင်လောက်အောင် ရှုပ်ထွေးလျက် ရှိလေသည်။
ထိုအချိန်....
လုကျိုးယွမ်၏ ရွှမ်ထျန်းဂိုဏ်းတွင် သက်လတ်ပိုင်း အရွယ် ကွန်ဖြူးရှပ်ဝတ်စုံ ဝတ်ဆင်ထားသည့် ဆရာသခင် တစ်ပါး တရား ဟောကြား နေလေသည်။
ထိုဆရာသခင်က ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည့် သက်တန့်ကြီးကို တွေ့သည်နှင့်...
"ဒီနေ့တော့ ဒီလောက်နဲ့ နားမယ်"
ဟု ပြောကာ တရားဟောခြင်းကို ရပ်တန့်လိုက်လေသည်။
ထို့နောက်သူက လက်ပိုက်လိုက်ကာ ခန်းမဆောင် အပြင်ဘက်သို့ ထွက်ခွာသွားလေသည်။ တပည့်များကလည်း ဆရာသခင်နောက်မှ လိုက်ပါသွားပြီး ကောင်းကင်ထက်မှ သက်တံကြီးကို လိုက်ပါ ကြည့်ရှု ကြလေသည်။ တပည့်များမှာ မြင်ကွင်းကို ကြည့်ရှုရင်း အံ့သြ မင်သက် ကုန်ကြရလေသည်။
ရှန်ဆန်းကျန်းရန် လုကျိုးယွမ်သည် အဝေးဆီမှ သက်တံကြီးကို ငေးကြည့်နေရင်း ထိုသက်တံကြီးဆီမှ ထွက်ပေါ်နေသည့် အမည်မသိ အငွေ့အသက်များကို ခံစား နေရလေသည်။
"ကျုပ်ဟာ အသိဉာဏ်ပညာ ထိပ်ဆုံး အဆင့်ရောင်အောင် ကျင့်ကြံခဲ့တယ် ၊ ဒါပေမယ့် လောကမှာ လူတွေ နားမလည်နိုင်တဲ့ အရာတွေ အများကြီး ရှိပါသေးလား ၊ မိုးကောင်းကင်ရယ် ၊ ကျုပ်တို့အပေါ် ရက်စက် လိုက်လေခြင်း"
ဟု ရေရွတ် လိုက်လေသည်။
"မိုးကောင်းကင်ရယ်... ကျုပ်တို့အပေါ် ရက်စက်လိုက်လေခြင်း" ဆိုသည့် စကားမှာ ရင်ကို ထိရှစေသည့် စကား ဖြစ်လေသည်။
တပည့်များထဲတွင် ရှိနေသည့် စုန့်ချင်းယီမှာ ဆရာဖြစ်သူ၏ စကားကြောင့် အတွေးများ သွားရလေသည်။
"လူတိုင်းကတော့ မိုးနဲ့မြေမှာ အတော်ဆုံးသူ ဖြစ်ချင်တာပဲ ၊ ကြည့်ရတာ ဆရာက မိုးနဲ့မြေက လူတွေကို စိတ်ထား ကောင်ကောင်း ထားစေဖို့ တွေးနေတာ ဖြစ်ရမယ်"
ဟု တွေးလိုက်မိလေသည်။
ရှန်ဆန်းကျန်းရန် လုကျိုးယွမ် ရေရွတ်လိုက်သည့် "ကျုပ်တို့အပေါ် ရက်စက်လိုက်လေခြင်း" ဆိုသည့် စကားမှ "ကျုပ်တို့" ဆိုသည့် နာမ်စားမှာ လုကျိုးယွမ်က သူ့ကိုယ်သူ ပြောခြင်းမ ဟုတ်ပါ။ လောက တစ်ခွင်ရှိ လူသား အားလုံးကို ရည်ရွယ်ပြီး ပြောလိုက်ခြင်း ဖြစ်လေသည်။
***