ပင်လယ်မျက်လုံး
Vol. 3 Ch. 211
“ဒီလူတော့ ကိုယ့်ဒုက္ခကိုယ် ရှာတာပဲ”
ဟု မီးခိုးရောင်ဝတ် ကျင့်ကြံသူက တွေးလိုက်မိသည်။
ဆန်းလျန်က သူ့အတွေးကို အရေးမလုပ်ပါ။ သူက ဝါးဖောင်ဆီမှ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ပေတစ်ထောင်ခန့် အကွာအဝေးသို့ ရောက်ရှိ သွားလေသည်။
မှော်ဝင် ဝေလငါးကြီးနှင့် နီးကပ်လာလေ မိုးမြေ စွမ်းအားများက ရှုပ်ထွေး လာလေ ဖြစ်လေသည်။ မီးခိုးရောင်ဝတ် ကျင့်ကြံသူမှာ သူ၏ ဝိညာဉ်စွမ်းအား ပစ္စည်းဖြင့် အကာအကွယ် ယူထားသည့်တိုင် မှော်ဝင် ဝေလငါးကြီး အနားသို့ မကပ်ရဲပေ။ ဝေလငါးကြီး သူ့ကို မြိုချလိုက်မည်ကို စိုးရိမ်နေလေသည်။
မှော်ဝင် ပင်လယ်ရေ သတ္တဝါကြီးမှာ နတ်မိစ္ဆာတစ်ကောင် မဟုတ်သည့်တိုင် သူ့အနားသို့ ရောက်လာသူ မှန်သမျှကို စားမည်သာ ဖြစ်လေသည်။ သူက သက်ရှိဖြစ်စေ ၊ သက်မဲ့ဖြစ်စေ အနားသို့ ကပ်လာသည့် အရာတိုင်းကို မျိုချ တတ်လေသည်။ သို့သော် အားလုံးတော့ အစာကျေပျက် သွားခြင်း မရှိပါ။ ဝေလငါး ဗိုက်ထဲမှ ရေနှင့်မျောပြီး အသက်ရှင်လျက် ပြန်ထွက်လာကြသည့် လူများလည်း ရှိလေသည်။
ပေတစ်ထောင် အကွာအဝေးသို့ ရောက်သည်နှင့် ဆန်းလျန်က ခပ်ဖြည်းဖြည်း ပင်လှိုင်းစီးကာ မှော်ဝင် ဝေလငါးကြီး အနီးသို့ တိုးကပ် သွားလေသည်။
ဆန်းလျန် အာရုံခံ လိုက်သည်နှင့် မှော်ဝင် ဝေလငါးကြီး အကြောင်း သိသွားရလေသည်။ မှော်ဝင် ဝေလငါးကြီးမှာ ဟိုင်သခင်ကြီး၏ စီးတော်ယာဉ် ဖြစ်လေသည်။ ဟိုင်သခင်ကြီး ကျင်းကွမ်းဝတ် ကျောင်းတော်တွင် ဘုန်းကြီးဝတ် လိုက်ပြီးသည့် နောက်ပိုင်း မှော်ဝင် ဝေလငါးကြီးမှာ ပိုင်ရှင်မဲ့ကာ ပင်လယ်ထဲတွင် လှည့်လည် သွားလာနေခြင်း ဖြစ်လေသည်။
ဆန်းလျန်က သူ၏ ရွှေပြဒါး အမြုတေ စွမ်းအားကို အသုံးပြုကာ အလင်းတန်း တစ်ခု ဖန်ဆင်းပြီး မိုးမြေစွမ်းအား ရှုပ်ထွေးနေမှုများကို တားဆီး လိုက်သည်။ ထိုပညာမှာ မိုးမြေစွမ်းအား ထိန်းချုပ်သည့် နတ်ဘုရား စွမ်းအားပင် ဖြစ်လေသည်။ မိုးမြေစွမ်းအားများ အပေါ်တွင် အလွန်အမင်း အားထားလွန်းသော ကျင့်ကြံသူနှင့် ရင်ဆိုင် တိုက်ခိုက်ရသည့် အခါမျိုးတွင် ထိုပညာကို အသုံးပြု နိုင်လေသည်။
မိုးမြေစွမ်းအားများကို ဖယ်ရှားလိုက်သည့် အတွက် မှော်ဝ င်ဝေလငါးကြီး၏ စွမ်းအားများလည်း ကျသွားရလေသည်။
မိုးမြေစွမ်းအားများ မရှိတော့ သော်လည်း ရေကတော့ လှိုင်းများ ထနေဆဲ ဖြစ်လေသည်။ မှော်ဝင် ဝေလငါးကြီးမှာ ဧရာမ ဝေလငါးကြီး တစ်ကောင်ဖြစ်ပြီး မိုးမြေ စွမ်းအားများကို စုပ်ယူနိုင်ခြင်း မရှိတော့သည့် အခါတွင်တော့ ရေပေါ်တွင် ဖြည်းညင်းစွာ ပေါလောမျောနေ လေတော့သည်။ သူ၏ ကိုယ်တစ်ဝက်မှာ ရေပေါ်တွင် ပေါ်နေပြီး အလွန်ကြီးမားသည့် သတ္တဝါကြီး ဖြစ်လေသည်။
မီးခိုးရောင်ဝတ် ကျင့်ကြံသူမှ ဆန်းလျန်က မိုးမြေစွမ်းအားများကို နတ်ဘုရား စွမ်းအား အသုံးပြုကာ တားဆီးလိုက်သည့် အတွက် အံ့သြ တုန်လှုပ် သွားရလေသည်။ သူ၏ အတွေ့အကြုံ အရဆိုလျှင် နှစ်ဆွေးနေအောင် ကျင့်ကြံထားသည့် နတ်မိစ္ဆာကြီးများ သာလျှင် ထိုစွမ်းအားကို အသုံးပြု နိုင်လေသည်။ ထိုနတ်မိစ္ဆာ ကြီးများမှာလည်း သူတို့ နေထိုင်ရာ ဒေသမှ အပြင်သို့ ထွက်ခွာခြင်း မရှိကြပေ။ သူတို့က ရှင်သန်စေခြင်း ကျောင်းတော်မှ တရားပွဲကိုပင် လာလေ့ မရှိကြပေ။
ထိုနတ်မိစ္ဆာကြီးများမှာ ပြီးခဲ့သည့် မျိုးဆက်တွင် လောကနတ်ဘုရားများ ဖြစ်သွားကြသည့် ကျင့်ကြံသူများဆီမှ ရတနာ ပစ္စည်းများကို ကံကောင်းစွာဖြင့် ရရှိထားကြ သူများ ဖြစ်ပြီး တန်ခိုး စွမ်းအားများလည်း မြင့်မားကြလေသည်။ သူတို့က အခြားသော ကျင့်ကြံသူ များကိုလည်း အထင်အမြင်သေးကာ ကင်းကင်းရှင်းရှင်း နေကြလေသည်။
ထို့ပြင် ဆန်းလျန်မှာ ဆယ်ကျော်သက် လူငယ်လေး တစ်ယောက်ကဲ့သို့ ငယ်ရွယ်ပြီး ချောမောလွန်းသည့် အပြင် တန်ခိုး စွမ်းအားလည်း မြင့်မားလှသည့် အတွက် ထူးခြားသူ တစ်ယောက် ဖြစ်လေသည်။ သာမန် ကျင့်ကြံသူ တစ်ယောက်တော့ မဖြစ်နိုင်ပေ။ မီးခိုးရောင်ဝတ် ကျင့်ကြံသူသည် ဆန်းလျန်ပေါ်တွင် ထင်မြင်ချက် မပေးရဲပေ။
သူက ကျော်ရှောင်ချင်းထံမှ အလွန် သိပ်သည်းသည့် ဓားဝိညာဉ် စွမ်းအားကိုလည်း ခံစားလိုက် ရလေသည်။ ထို့ကြောင့် လူငယ်မှာ နတ်ဘုရား ကျောင်းတော် တစ်ခုခုမှ တပည့်တစ်ယောက် ဖြစ်မည်ဟု တွေးလိုက်မိလေသည်။ သာမန် ဓားသမား တစ်ယောက်သည် ထိုကဲ့သို့ ဓားဝိညာဉ် စွမ်းအားမျိုး ပိုင်ဆိုင်ထားနိုင်မည် မဟုတ်ပေ။
ကျော်ရှောင်ချင်းမှာ ဆန်းလျန်ကို အလွန် လေးစားသည့်ပုံ ပေါက်နေသည့် အတွက်ကြောင့် မီးခိုးရောင်ဝတ် ကျင့်ကြံသူမှာလည်း ဆန်းလျန်ကို အလိုလိုနေရင်း လေးစား သွားမိလေသည်။
သို့သော် မီးခိုးရောင်ဝတ် ကျင့်ကြံသူမှာ ကြောက်ရွံ့ သွားခြင်းတော့ မရှိပါ။ သူက လက်ရှိ အချိန်တွင် ချင်းရွှမ် နတ်တံခါး အတွက် အလုပ် လုပ်ပေးနေသူ ဖြစ်လေသည်။ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုကို ဆန့်ကျင်ရဲသူဆို၍ လောကတွင် မရှိသလောက် ရှားလေသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သုံးခါရှုံး ဓားဘုရင် မုန့်ရွှင်ကျန်းက ချင်းရွှမ် နတ်တံခါးကို ဆန့်ကျင်ခဲ့လေသည်။ အဆုံးသတ်တွင်တော့ မည်သည့် ဂိုဏ်းကမှ သူ့ကို လူရာ မသွင်းတော့ပေ။ ထိုအဖြစ်အပျက်က အလွန်မှ ကျော်ကြား ခဲ့လေသည်။
မှော်ဝင် ဝေလငါးကြီးမှာလည်း ဆန်းလျန်မည်မျှ အစွမ်းထက်ကြောင်း သိရှိ သွားပုံရလေသည်။ သူ၏ ခန္ဓာကိုယ်ကြီးဖြင့် ရေလှိုင်းများ ထအောင် ပြုလုပ်ကာ ဆန်းလျန် အနားသို့ မကပ်နိုင်အောင် ပြုလုပ်နေလေသည်။ ထိုလှိုင်းလုံးများမှာ အသေးစား ဆူနာမီလှိုင်းလုံးများနှင့်ပင် တူလေသည်။ အရာအားလုံးကို နှစ်မြှုပ် ပစ်နိုင်စွမ်း ရှိလေသည်။
ဆန်းလျန်က ပြုံးလိုက်သည်။ ဆန်းလျန်၏ ဦးခေါင်းထက်တွင် တိမ်တိုက် တစ်ခုပေါ်လာ လေသည်။ ထိုတိမ်တိုက်က လေထဲတွင် လွင့်မျောသွားပြီး ပင်လယ် လှိုင်းလုံးကြီးများကို ဖိထား လိုက်လေသည်။
ဆန်းလျန်၏ သန့်စင် နက်ရှိုင်းလှသည့် တန်ခိုး စွမ်းအားများမှာ အခြားသော ပုရွှီးအဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန် လေသည်။
လှိုင်းများ ငြိမ်သက် သွားလေသည်။ မိုးမြေစွမ်းအား အကူအညီ မရတော့သည့် အတွက် မှော်ဝင် ဝေလငါးကြီးမှာ မည်သည့် တန်ခိုးစွမ်းအားမှ အသုံးမပြု နိုင်တော့ပေ။ ဆန်းလျန်၏ တန်ခိုး စွမ်းအားဖြင့် ဖန်ဆင်းထားသည့် တိမ်တိုက် ရွေ့လျားသွားသည့်တိုင် ပင်လယ်ပြင်သည် ပုံမှန်အတိုင်း ငြိမ်သက်လျက် ကျန်ရစ်လေသည်။
ဆန်းလျန်၏ တန်ခိုးစွမ်းအားမှာ လောကနတ် ဘုရားများကဲ့သို့ တောင်ကို အမှုန့်ဖြစ်စေပြီး သမုဒ္ဒရာကို ဆူပွက်စေခြင်း မရှိသည့်တိုင် လူသား ကျင့်ကြံသူများ အားလုံးနှင့်ယှဉ်လျှင် ထိပ်တန်းအဆင့် ဖြစ်လေသည်။
ချင်းရွှမ်နတ်တံခါးမှ ပြဒါး ဆေးများကို အသုံးပြုခဲ့သည့် အတွက်လည်း ဆန်းလျန်၏ တန်ခိုး စွမ်းအားက အချိန်တိုအတွင်း တိုးတက် လာခဲ့ခြင်း ဖြစ်လေသည်။ အခြား သူများဆိုလျှင် သူကဲ့သို့ တန်ခိုးစွမ်းအား ရရှိရန် နှစ်ပေါင်း ရာချီပြီး ကျင့်ကြံရမည် ဖြစ်လေသည်။
သူ၏ တန်ခိုးစွမ်းအားများက သန့်စင်ပြီး နက်ရှိုင်း သကဲ့သို့ သူကျင့်ကြံခဲ့သမျှ ကျင့်စဉ်များ၏ တန်ခိုး စွမ်းအားများမှာ ကောင်းမွန်စွာ ပေါင်းစည်း သွားမြဲ ဖြစ်လေသည်။ ထိုအချက်မှာ သူ၏ အားသာချက်ပင် ဖြစ်သည်။ သို့သော် သူက တန်ခိုးစွမ်းအား မြင့်မားရန် အပြင်းအထန် ကြိုးစား နေသည့်တိုင် လမ်းလွဲသို့ မလိုက်မိစေရန် သူ၏ စိတ်နှလုံးကိုတော့ တည်ငြိမ်အောင် ထိန်းသိမ်း ထားလေသည်။
ပင်လယ်လှိုင်းများကို ဖိထားသည့် တိမ်တိုက်သည် မှော်ဝင် ဝေလငါးကြီး အပေါ်သို့ ကျရောက် သွားလေသည်။ သူ၏ တန်ခိုး စွမ်းအားများက ထိုက်ယွဲ့ သဏ္ဌာန်မှန် ပညာကဲ့သို့ တောင်ကြီး တစ်ခုလုံးကို ရွှေ့ပြောင်းနိုင်ခြင်း မရှိသေးသည့်တိုင် မှော်ဝင် ဝေလငါးကြီးကို စိတ်တန်ခိုးဖြင့် ဆက်သွယ် ပြောဆို နိုင်လောက်အောင်တော့ စွမ်းအား ကြီးမားလေသည်။
မှော်ဝင် ဝေလငါးကြီးရှေ့တွင် ဆန်းလျန် ရပ်နေလေသည်။ ဝေလငါးကြီးနှင့် ယဉ်လျှင် ဆန်းလျန်မှာ အလွန် သေးငယ်သွားပြီး ဆင်နှင့်ကြွက်ပမာပင် ဖြစ်လေသည်။ သို့သော် လူက မည်မျှ သေးငယ်ပါစေ တန်ခိုး စွမ်းအားများကတော့ ဝေလငါးကြီးကို ဖိနှိပ် ထားနိုင်လေသည်။
"ဘာလို့ ကျုပ်ကို နှောင့်ယှက်ရတာလဲ"
မှော်ဝင် ဝေလငါးကြီးက စိတ်စွမ်းအင် အသုံးပြုကာ ဆန်းလျန်ကို မေးလိုက်သည်။
မှော်ဝင် ဝေလငါးကြီးမှာ လူလို နားလည်ကြောင်း ဆန်းလျန် သဘောပေါက် သွားလေသည်။
"မင်းကရော ဘာလို့ ပင်လယ်ပြင်ကို နှောင့်ယှက်နေရတာလဲ"
ဆန်းလျန်က ပြန်မေးလိုက်သည်။
"ကျုပ်က တန်ခို စွမ်းအား ကြီးမားလွန်းတဲ့ ဟိုင်သခင်ကြီးရဲ့ စီးတော်ယာဉ်ပါ ၊ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်က သူပျောက်သွားတယ် ၊ သူကုန်းပေါ် တက်သွားတယ် ဆိုတာ ကျုပ်သိပါတယ် ၊ ဒါပေမယ့် ကျုပ်ကတော့ ကုန်းပေါ်လိုက်သွားလို့ မရဘူးလေ ၊ အရင်တုန်းကလည်း ကျုပ်သခင်က ဒီလိုပဲ ပျောက်သွားဖူးပါတယ်၊ ဒါပေမယ့် အခု တစ်ကြိမ်တော့ စိတ်ချင်းတောင် ဆက်သွယ်လို့ မရတော့ဘူး ၊ အဲဒါနဲ့ ကျုပ်လည်း ရေအောက်မှာ အိပ်နေခဲ့တာ ၊ ကျုပ်အိပ်ရာက နိုးလောက်တဲ့ အချိန်ကျ ကျုပ်သခင်လည်း ပြန်ရောက်လာမယ်လို့ ထင်ခဲ့တယ် ၊ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ကျုပ် ပင်လယ်မျက်လုံးနားကို ရောက်သွားတယ် ၊ အဲဒီ ပင်လယ် မျက်လုံးထဲမှာ တစ်ခုခု ရှိနေတယ် ၊ ကျုပ်ရဲ့ ဝမ်းဗိုက်မှာ ဓားရှရာလို ဒဏ်ရာ အကြီးကြီးရသွားအောင် အဲဒီအရာက လုပ်လိုက်တယ် ၊ ကျုပ်ကိုယ်ထဲက အသက် ဓာတ်စွမ်းအားတွေက အဲဒီ ဒဏ်ရာကနေ ထွက်ကုန်တယ် ၊ ဒဏ်ရာကလည်း လုံးဝ မပျောက်တော့ဘူး ၊ ဒဏ်ရာ သက်သာဖို့ အတွက် အသက် ဓာတ်စွမ်းအားတွေ အများကြီး လိုတယ် ၊ ဒါကြောင့်မို့လို့ ရေပေါ်တက်ပြီး မိုးမြေ စွမ်းအားတွေကို စုပ်ယူနေရတာပါ ၊ ခြောက်လ တစ်ခါလောက် မိုးမြေ စွမ်းအားတွေ လိုအပ်နေတယ်"
မှော်ဝင် ဝေလငါးကြီးက ပြန်ဖြေ လိုက်လေသည်။
မှော်ဝင် ဝေလငါးကြီးမှာ တစ်ခါ အသက်ရှူပြီးလျှင် နှစ်ပေါင်းများစွာ အသက်မရှူဘဲ နေနိုင်လေသည်။ သို့သော် ယခုတော့ ဒဏ်ရာရနေသည့် အတွက် မကြာခဏ ရေပေါ်သို့ တက်လာကာ မိုးမြေ စွမ်းအားများကို စုပ်ယူနေရခြင်း ဖြစ်လေသည်။
ထိုသို့ မကြာခဏ ရေပေါ်သို့ တက်ကာ မိုးမြေစွမ်းအားများ စုပ်ယူသည့် အတွက် အသက်ပေါင်း များစွာမှာလည်း ထိခိုက် ပျက်စီးရလေသည်။ မှော်ဝင် ဝေလငါးကြီးမှာ အဆင့်အတန်းမြင့် သတ္တဝါ တစ်ကောင် မဟုတ်သည့်တိုင် သူ၏ တန်ခိုး စွမ်းအားကတော့ နက်ရှိုင်းလေသည်။ ထို့ကြောင့် ကျင့်ကြံသူ အများစုက သူ့ကို မတိုက်ခိုက် နိုင်ကြပေ။
"ကောင်းပြီလေ ၊ မင်းပြောတာဟုတ် မဟုတ် ကျုပ်စစ်ဆေးကြည့်မယ်"
ဆန်းလျန်က ပြောလိုက်သည်။
ဆန်းလျန်က ရေကို ထိုးခွဲကာ ပင်လယ်တွင်းသို့ ငုပ်ဆင်းလိုက်ပြီး မှော်ဝင် ဝေလငါးကြီး၏ ဝမ်းဗိုက်အောက်သို့ ဝင်သွားလိုက်လေသည်။ ဝေလငါးကြီး၏ ဝမ်းဗိုက်တွင် အလွန် ကြီးမားသည့် ပြတ်ရှရာကြီး တစ်ခုကို တွေ့ရလေသည်။ ထိုဒဏ်ရာမှ သွေးထွက်နေခြင်း မရှိပါ။ သို့သော် အသက် ဓာတ်စွမ်းအားများ စိမ့်ထွက် နေလေသည်။
ဆန်းလျန်က သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ဒဏ်ရာကို ကုသပေးရန် ကြိုးစားလိုက်သည်။ သို့သော် ထိုဒဏ်ရာဆီမှ မိစ္ဆာအအေး စွမ်းအား တစ်ခုထွက်လာပြီး ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများပင် အေးခဲ သွားမတတ် ဖြစ်သွားရလေသည်။ ဆန်းလျန်က သူ၏ဝိညာဉ် စွမ်းအားများကို အချိန်ကြာမြင့်စွာ စုစည်းပြီး ကြိုးစား ကြည့်သည့်တိုင် အအေးဓာတ်က ပျောက်ကွယ် မသွားပေ။
ဆန်းလျန်၏ တန်ခိုး စွမ်းအားဖြင့်ပင် ကုသပေးခြင်းငှာ မတတ်နိုင်လျှင် မှော်ဝင် ဝေလငါးကြီး၏ ဒဏ်ရာမှာ ပျောက်နိုင်တော့မည် မဟုတ်ပေ။
ဒဏ်ရာက သိပ်ပြီး မကြီးမားလျှင်တော့ ကိစ္စမရှိပေ။ ယခုတော့ ဝေလငါးကြီး၏ ဒဏ်ရာမှာ ဆိုးသည်ထက် ဆိုးနေပြီ ဖြစ်လေသည်။
ထိုဒဏ်ရာဆီမှ အသက်ဓာတ် စွမ်းအားများ စိမ့်ထွက်နေခြင်းမှာ ပုံမှန် မဟုတ်ပေ။
လောကကြီးက ကျယ်ပြောသည့်တိုင် ပင်လယ် မျက်လုံးဆီမှ ထိုသို့သော ဒဏ်ရာမျိုး ရရှိအောင် လုပ်နိုင်သည်မှာ ရှားပါးသည့် ကိစ္စရပ် ဖြစ်လေသည်။ ဆန်းလျန်မှာ မည်သို့ ဖြစ်သည်ကို သိချင်စိတ် ပြင်းထန် လာလေသည်။
ဆန်းလျန်က ရေပေါ်သို့ ပြန်တက်လာပြီး …
"မင်း ကျုပ်ကို လိမ်မပြောဘူး ဆိုတာ ကျုပ်သိပြီ ၊ ပင်လယ် မျက်လုံးဆိုတာ ဘယ်နေရာမှာလဲ ၊ ကျုပ်ကို အဲဒီနေရာ ခေါ်သွားပေးနိုင်မလား"
"ကျုပ် အဲဒီကို ထပ်မသွားရဲတော့ဘူး"
မှော်ဝင် ဝေလငါးကြီးက ကြောက်လန့်စွာဖြင့် ပြောလိုက်လေသည်။
"ကျုပ်က မင်းဒဏ်ရာ ပြန်ကောင်းသွားအောင် ကူညီပေးမယ်လေ ၊ ကျုပ်ကို အဲဒီကို ခေါ်သွား ပေးနိုင်မလား"
ဆန်းလျန်က ပြောလိုက်လေတော့သည်။
***