မူလချီ ရှိမည်လော
Vol. 8 Ch. 80
စန္ဒ ပူဇက ဂိုဏ်းမှ တပည့်များမှာ ကျိုးယန်ဖေးနှင့် တန်ရော်ဝေ တို့၏ အနောက်သို့ လိုက်ပါရင်းမှ တင်ကျန်းတောင်တန်း၏ တောတွင်းသို့ ရောက်လာကြသည်။ သို့ဖြစ်ရာ တိုက်ပွဲစတင်ရာ နေရာ၌ ပေယွမ်၏ အလောင်းသာ ကျန်နေခဲ့သည်။ ခဏကြာပြီးချိန်၌ မြေမဟီတုန်ဟီးကာ ရုပ်တု၏ ဘေး၌ ပိုင်ချူးရန် ပေါ်လာသည်။
"အလိုလေး သတိပေးတာကို နားမထောင်ကြဘူးကိုး… လောဘကြီးလွန်းတာပါလား…"
ပိုင်ချူးရန်က ဘေးမှ ပိုင်ယွမ်၏ အလောင်းအား စိုက်ကြည့်မိသည်။ သေခြင်းရှင်ခြင်း ကြားကာလ အတွေ့အကြုံအရ ထိုသူ၏ ဝိညာဉ်၌ ဝိညာဉ်နုတ်သူများ၏ သံကြိုးများဖြင့် ချဉ်နှောင်ထားခံရသည်ကို မြင်နေရသည်။
"ရော်ဝေကို အရှင်ဖမ်းနည်းကော သင်ပေးသင့်ပြီလား…"
ပိုင်ချူးရန်က အလောင်းအား ကြည့်နေချိန်၌ ဝိညာဉ်နုတ်သူ တချို့ဖြင့် အကြည့်ချင်းစုံသွားသည်။ ထို့ကြောင့် ဝိညာဉ်နုတ်သူများက ထိတ်လန့်သွားကြပြီး ပေယွမ်၏ ဝိညာဉ်အား ဆွဲကာ ဟင်းလင်းပြင်သို့ ပြေးသွားသည်။
ပိုင်ချူးရန်က ထွက်ပြေးသူအား တားဆီးမှု မပြုချေ။ ထို့အစား ခေါင်းရမ်း၍ သက်ပြင်းချမိသည်။
ပိုင်ချူးရန်က လူသားမျိုးနွယ်အား ခန္ဓာကိုယ် ထိခိုက်ုဏ်ရာရစေခြင်းအား ထောက်ခံမှု မပြုသော်လည်း ကျင့်ကြံမှု လောက၌ ဒဏ်ရာဟူသည်မှာ ရှောင်ရှား၍ မရသည့် အရာသာဖြစ်သည်။ ပိုင်ချူးရန်အနေဖြင့် တပည့်ဖြစ်သူမှာ တိုက်ခိုက်မှု ပြုရာ၌ လူတယောက်အား သတ်ဖြတ်သည်ဟု ကြားထားသည်။ သို့ဖြစ်ရာ ရန်သူသည်လည်း သူမ၏ လုပ်နိုင်စွမ်းအား သိထားပြီး ဖြစ်ပေလိမ့်မည်။
တိုက်ခိုက်မှု မစတင်မီတွင်လည်း တန်ရော်ဝေက ဂိုဏ်း၏ အမည်နာမ အား ကြေငြာခဲ့သေးသည်။ ထို့အပြင် တဖက်သူအား ထပ်ကာထပ်ကာ သတိပေးစကားဆိုခဲ့၏ ။ သို့သော်လည်း စန္ဒ ပူဇကဂိုဏ်းမှ တပည့်ဖြစ်သူမှ လျစ်လျူရှုခဲ့သည်။
တဖက်သူမှ သတ်ဖြတ်ခံရရန် တောင်းဆိုလယမှုကြောင့် သတ်ဖြတ်မှု ပြုပါက ပြုလုပ်သူအား အပြစ်ဆိုနိုင်မည် မဟုတ်ပေ။
ပိုင်ချူးရန်က မိန်းကလေး နှစ်ဦးအား လိုက်လံ တိုက်ခိုက်နေသူများအား တချက်ကြည့်မိသည်။ ကျိုးယန်ဖေးအား အလယ်အလတ် အခြေတည်အဆင့်နှင့် ထိပ်သီး အခြေတည် အဆင့်များမှ လိုက်လံ တိုက်ခိုက်နေသည်။ တန်ရော်ဝေမှာ ရွှေအမြုတေ တပိုင်းအဆင့် ကျင့်ကြံသူမှ လိုက်လံ တိုက်ခံနေပေသည်။
ထိုအဆင့် ကျင့်ကြံသူများ၌ မူလချီများ ရှိထားကာ ချီပုံစံပြောင်းခြင်းပင် ပြုလုပ်နိုင်ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ရွှေအမြုတေ အဆင့်ဖြင့် တူညီချက်များပင် ရှိနေသည်။
ပိုင်ချူးရန်မှာ ချီသန့်စင်ခြင်း အဆင့်၌သာ ရှိနေသူ မဟုတ်လော။ ထို့ကြောင့် တပည့်ဖြစ်သူအား ပူပန်မိခြင်း ရှိမနေပေ။ တိုက်ခိုက်နေသူ၌ ရွှေအမြုတေအဆင့် မဟုတ်ပါက တန်ရော်ဝေ အနေဖြင့် သင်ယူထားသည့် တိုက်ကွက်များနှင့် ဉာဏ်ရည်အား အသုံးချပါက ရှုံးနိမ့်မှု ကြုံရမည် မဟုတ်ပေ။
ပိုင်ချူးရန်က ဧကရာဇ်ဟောင်း ရုပ်ထုအား စစ်ဆေးကြည့်ကာ ရုပ်ထု၏ ခြေထောက်အနီး၌ ထိုင်လိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးချိန်တွင် ဖြစ်သည်။ ကောင်းကင်ယံ၌ လေတိုးသံများ ထွက်ပေါ်လာကာ စန္ဒ ပူဇက ဂိုဏ်းမှ တပည့်များ ရောက်လာသည်။ ထိုသူများက ရောင်စုံဓားပျံအား စီးနင်းလာသည့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူအား ဝန်းရံထားသည်ကို မြင်နေရသည်။
"ဆရာ ဒီနေရာက စီနီယာ ပေယွမ် အဆောင်ထုတ်သုံးတဲ့ နေရာပါပဲ…"
တပည့်တဦးက ဘေးဘီသို့ စစ်ဆေးကြည့်ရာ မြေပြင်ထက်မှ ပေယွမ်၏ အလောင်းအား သတိပြုမိသွားသည်။ ထို့အပြင် ရုပ်ထု၏ ခြေရင်းတွင် ထိုင်နေသော ပိုင်ချူးရန်ကိုလည်း မြင်သွား၏ ။
"ဒါ… ပေယွမ်မလား… ဆရာ သူသေပြီ…"
"စိတ်အေးအေးထား… မင်းတို့တွေ ပေယွမ် အလောင်းကို သယ်သွားကြ…"
တာအိုသခင် တဦးအလား ထင်မှတ်ရသည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူက တပည့်များအား အမိန့်ပေးနေသည်။ ထို့နောက်တွင် ပိုင်ချူးရန်အား စိုက်ကြည့်ကာ မေးလေသည်။
"တာအိုရောင်ရင်း ဒီလူ့ကို ဘယ်သူ သတ်သွားတယ်ဆိုတာ ပြောလို့ရမလား…"
ယဉ်ကျေးစွာဖြင့် စကားဆိုလာခြင်း မဟုတ်လော…
ပိုင်ချူးရန်က ကောင်းကင်သို့ စိုက်ကြည့်၍ မထီမဲ့မြင်ပြုသည့် အနေအထားဖြင့် နေနေသည်။
"ဘုရားပဲ သိမှာပေါ့… ငါသတ်တာလည်း ဖြစ်နိုင်တာပဲ…"
"တာအိုရောင်ရင်းက ဟာသဉာဏ်ရှိတာပါလား…"
တာအိုသခင်က လက်ထဲမှ ပုတီးအား စိပ်ကာ ပြောလာသည်။
"ဒီလူအိုကြီးကပဲ ခန့်မှန်းကြည့်ရတာပေါ့… ပေချင်း တင်ပြတာတော့ ပေရှန်က အခြေတည်အဆင့် မိန်းကလေး လက်ထဲမှာ သေသွားရတာ… ပြီးတော့ အိမ်ရှေ့စံ အမှုကို စစ်နေတာလည်း အခြေတည်အဆင့် မိန်းကလေး နှစ်ယောက်နဲ့ ချီသန့်စင်ခြင်း အဆင့်တယောက်… ဟုတ်တယ်မလား… ပေချင်းနဲ့ တခြားသူတွေ ဒီမှာ မရှိနေတော့ တခြားသူတွေနောက် လိုက်နေတာ ဖြစ်ရမယ်… တာအိုရောင်ရင်း မင်းရဲ့ မောင်နှစ်မတွေ ဘာဖြစ်သွားမလဲဆိုတာ တွေးမိရဲ့လား…"
"ဒါက ပြောရခက်တယ်…"
ပိုင်ချူးရန်က ပုခုံးတွန့်လိုက်၏ ။
"စီနီယာ အစ်မတွေက အမှုမှန် မပေါ်မချင်း ရပ်မှာ မဟုတ်ဘူး…"
"အာ ရှင်းရှင်းပဲ ပြောတာပေါ့… မင်းထင်ထားတဲ့ အတိုင်းပဲ အိမ်ရှေ့စံကိုလည်း ငါ့ရဲ့ စီနီယာ အစ်ကိုက သတ်လိုက်တာ… မန္တန်သုံးပြီး နှလုံးဖက်ဆီးပစ်တာပေါ့ ပြီးတော့ နတ်ဆိုးတွေကို အပြစ်ပုံချထားတာပဲ… အဲ့လိုမှ စန္ဒ ပူဇက ဂိုဏ်းက မင်းသားနှစ်ရဲ့ အထောက်အပံ့ရပြီးတော့ အင်အားတက်လာနိုင်မှာ… ပြီးရင်တော့ နိုင်ငံတခုလုံးကို နောက်ကွယ်ကနေ ထိန်းချုပ်မယ် အိမ်ရှေ့စံအတွက် လက်စားချေတယ်ဆိုပြီးတော့ နတ်ဆိုးတွေကို သတ်ပြီး အမြုတေကို ဆေးဖော်ရမယ်… ဒါက ခဲတလုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ မဟုတ်လား…"
လူအိုကြီးက ပင့်သက်ရှိုက်လိုက်သည်။
"မင်းတို့တွေ အဖြစ်မှန်ကို သိပြီး ဧကရာဇ်ကို အိမ်ရှေ့စံ ရင်ခွဲဖို့ ဖြောင်းဖျနိုင်ပြီးတော့ သေရတဲ့ အကြောင်းအရင်း သိရင်တောင် ဘယ်သူ့လက်ချက်ဆိုတာ မသိနိုင်သေးဘူး… မင်းက နာမည်ကြီးဂိုဏ်းက ဖြစ်ပေမယ့် အကြီးအကဲတွေမှ မပါလာတာ ရွှေအမြုတေအဆင့်ကို ရင်ဆိုင်နိုင်စရာ မရှိဘူး… ငါတို့အနေနဲ့က မင်းကို ချက်ချင်း မသတ်နိုင်ပေမယ့် အချိန်တခု စောင့်ရုံပဲ… အခြေအနေတွေ တည်ငြိမ်တာနဲ့ မင်းရဲ့ အကြီးအကဲကို ပြန်လာခေါ်ခိုင်းမယ် ဒါလည်း အခြေအနေ ပြောင်းသွားမှာ မဟုတ်ဘူး… အင်အား ကွာခြားချက်က ကြီးမားတယ် မင်းပေါ့ပေါဆဆ မလုပ်ဖို့ပဲ အကြံပေးချင်တယ်…"
ထိုလူအိုကြီးက စကားဆုံးချိန်၌ တပည့်များအား လက်ဟန်ပြ၍ စုစည်းကာ ပိုင်ချူးရန်အား ဝိုင်းထားစေသည်။
"အို ခဏနေပါဦး…"
ပိုင်ချူးရန်က ကြားဖြတ်ပြောလေသည်။
"အပြစ်တင်မိနေမှာစိုးလို့ ရှင်းရှင်းလင်းလင်း ပြောထားဦးမယ်… ငါ့ရဲ့ ဂျူနီယာနဲ့ ငါက ချီမင်ဓားဂိုဏ်းကပဲ ပြီးတော့ နောက်တယောက်က ကောင်းကင်စစ်တပ်က… မလှုပ်ရှားခင် စဉ်းစားတာ ကောင်းလိမ့်မယ်… ပြီးတော့ ငါက သာမန် ချီသန့်စင်ခြင်းအဆင့်လို့ ထင်တာလား… အခု အလောင်းက ငါသတ်ထားတာလည်း ဖြစ်နိုင်တာပဲ…"
"ဟုတ်ပြီ မိတ်ဆွေလေး လေကျယ်မနေနဲ့တော့…"
လူအိုကြီးက တပည့်ဖြစ်သူ၏ အလောင်းအား တချက်ကြည့်ကာ ပြောလာသည်။
"ငါတို့က မင်းကို ယုံမယ်ထင်တာလား… ပေယွမ်ရဲ့ ရင်ဘတ် ဒဏ်ရာက ရက်စက်တဲ့ လက်ဝါးချက်ပဲ ပြီးတော့ သူ့ကိုယ်မှ မူလချီတွေတောင် ကျန်နေသေးတယ်… မင်းက ချီသန့်စင်ခြင်း အဆင့်လေးလေ ဘယ်လိုလုပ် မူလချီ ရှိနေဦးမလဲ…"