အကာအကွယ်
Vol. 3 Ch. 212
ပင်လယ် ဝေလငါးကြီးမှာ အံ့သြ သွားရလေသည်။ သူ၏ ဒဏ်ရာကို ကုသနိုင်ရန် အတွက် ဆန်းလျန်က ကူညီလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ဆန်းလျန်၏ နတ်ဘုရား စွမ်းအားများမှာ သူ၏ သခင်ဖြစ်သူ ဟိုင်သခင်ကြီးလောက် မြင့်မားခြင်း မရှိသည့်တိုင် အလွန် တန်ခိုးစွမ်းအား ကြီးမားသူ တစ်ယောက် ဖြစ်သည်ကိုတော့ သူရိပ်မိလေသည်။ ထို့ကြောင့် သူ၏ စကားမှာ အလကား သက်သက် လျှောက်ပြောသည့် စကားမျိုးတော့ မဖြစ်နိုင်ဟု တွေးလိုက်မိသည်။
လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ခန့်က ဆန်းလျန်မှာ မှော်ဝင်ဝေလငါး မြိုချခံရမည့်ဘေးမှ သီသီလေး လွတ်ခဲ့သော ကျင့်ကြံသူလေး တစ်ယောက် ဖြစ်ခဲ့လေသည်။ ယခုတော့ အဆင့် လွန်တန်ခိုးရှင် တစ်ပါး ဖြစ်နေခဲ့ပြီး မှော်ဝင် ဝေလငါးကြီးကိုပင် သူ၏ တန်ခိုးဖြင့် ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ပြီ။ မည်သူမျှ စိတ်ကူးဖြင့်ပင် မှန်းကြည့်နိုင်လိမ့်မည် မဟုတ်ပေ။
ဆန်းလျန်က မှော်ဝင်ဝေလငါးကြီးထံမှ အဖြေကို စောင့်နေလေသည်။
မှော်ဝင် ဝေလငါးကြီး၏ ဒဏ်ရာမှာ တဖြည်းဖြည်း ပြင်းထန် လာနေလေသည်။ ထိုဒဏ်ရာမှ မိစ္ဆာ အအေးစွမ်းအားသည် သာမန် ကျင့်ကြံသူ တစ်ယောက်သာဆိုလျှင် အေးခဲ သွားနိုင်သည် အထိ ပြင်းထန်လေသည်။ အအေး စွမ်းအားကြောင့် စိတ်ဝိညာဉ်ပင် ပျက်စီး သွားနိုင်လေသည်။
ဆန်းလျန်မှာ ဝိညာဉ်မြစ်ထဲတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် အတွက်သာ ထိုအအေးဒဏ်ကို ခံနိုင်ခြင်း ဖြစ်လေသည်။ ဖော့ဝမ့်အဆင့် ကျင့်ကြံ သူများထက်ပင် သူ၏ ဝိညာဉ် စွမ်းအားက သာလွန် နေသေးသည်။ ထို့ကြောင့် မှော်ဝင် ဝေလငါးကြီး၏ ဒဏ်ရာမှ ထွက်နေသည့် မိစ္ဆာ အအေးဓာတ် စွမ်းအားကို သူက ကောင်းကောင်း ခုခံနိုင်ခြင်း ဖြစ်လေသည်။
မှော်ဝင် ဝေလငါးကြီးက သိပ်ပြီး စဉ်းစားလေ့ ရှိသူမဟုတ်ပါ။ သို့သော် ယခု တစ်ကြိမ်တွင်တော့ သတိရှိရှိဖြင့် စဉ်းစား လိုက်လေသည်။
"မင်းက ကျုပ်ဒဏ်ရာကို ကုသပေးမယ် ဆိုတော့ တစ်ခုတော့ တောင်းဆိုချင်တယ်"
ဟု ပြောလိုက်သည်။
"ဘာများလဲ"
ဆန်းလျန်က ပြန်မေးလိုက်သည်။
"ကျုပ်ရဲ့ သခင်ဖြစ်တဲ့ ဟိုင်သခင်ကြီးနဲ့ စိတ်စွမ်းအား အဆက်အသွယ် မရတော့ဘူး ၊ ဒါကြောင့် အခု ကျုပ်ဟာ သခင်မရှိဘဲ လေလွင့်နေရတယ် ၊ ကျုပ်ကြောက်လည်း ကြောက်နေတယ် ၊ သင်ကတော့ အစွမ်းထက်တဲ့ တန်ခိုးရှင် တစ်ယောက်ပဲ ၊ ကြည့်ရတာ နတ်ဘုရား ဂိုဏ်းတစ်ခုခုက ဖြစ်မယ် ထင်တယ် ၊ ဒါကြောင့် ကျုပ်ရဲ့ သခင်အဖြစ် ကျုပ်ကို ခေါ်ထားပါလား"
မှော်ဝင် ဝေလငါးကြီးက တောင်းဆိုလိုက်သည်။
"တကယ်တော့ မင်းရဲ့သခင်က ကျင်းကွမ်းဝတ်ကျောင်တော်က ပေါင်ယွဲ့ ဆရာတော်ကြီးရဲ့ တပည့်ဖြစ်သွားပြီ ၊ သူမင်းကို ပြန်လာရှာတဲ့ အချိန်ကျ မင်းကို သူအပြစ်တင်မှာကို မကြောက်ဘူး ဆိုရင်တော့ ကျုပ်က မင်းကို ခေါ်ထားဖို့အတွက် ငြင်းစရာ အကြောင်း မရှိပါဘူး"
ဆန်းလျန်က ပြောလိုက်သည်။
ဆန်းလျန်မှာလည်း သူ့အကြံနှင့်သူ ရှိလေသည်။ မှော်ဝင် ဝေလငါးကြီး အသက်ရှူလျှင် မိုးမြေစွမ်းအားများ ပျက်စီးကုန် လေသည်။ သို့သော် ထိုသတ္တဝါကြီး ကိုသာ နည်းမှန် လမ်းမှန် သင်ပြပေးနိုင်လျှင် သဘာ၀ စွမ်းအားများကို စုစည်းသည့် သတ္တဝါကြီး တစ်ကောင် ဖြစ်လာမည် ဖြစ်လေသည်။ ကူးချိုင်ဝေ့၏ ရှင်သန်စေခြင်း ကျောင်းတော်တွင်သာ မှော်ဝင် ဝေလငါးကြီး၏ မိုးမြေ စွမ်းအား စုစည်းထားမှုကို အသုံးချနိုင်မည် ဆိုလျှင် ကျောင်းတော်မှာ ချင်းရွှမ် နတ်တံခါး ကဲ့သို့ပင် မိုးမြေစွမ်းအားများ အားကောင်းသည့် နေရာတစ်ခု ဖြစ်လာနိုင်လေသည်။
ရှင်သန်စေခြင်း ကျောင်းတော် တည်နေရာသည် နေရာကောင်း တစ်ခုမဟုတ်ပေ။ ပင်လယ်နှင့် နီးစပ်သော်လည်း မိုးမြေစွမ်းအားများ နည်းပါး လွန်းလှလေသည်။
ချင်းရွှမ်နတ်တံခါး၏ အနွယ်တော်ဂိုဏ်းခွဲတစ်ခုဖြစ်သည့် ရှင်သန်စေခြင်းကျောင်းတော်တွင် ထိုကဲ့သို့ မိုးမြေစွမ်းအားနည်းပါးနေရခြင်းမှာ မဖြစ်သင့်သည့် ကိစ္စတစ်ခု ဖြစ်လေသည်။
"ကျုပ်ရဲ့သခင်က ကျင်းကွမ်းဝတ်ကျောင်းတော်မှာ ရောက်နေတာကိုး ၊ အဲဒီနေရာက အနောက်ဘက် သိပ်ကို ဝေးတဲ့ နေရာမှာရှိတာ ၊ ကျုပ်လည်း လိုက်မသွားနိုင်ဘူးလေ ၊ ပြီးတော့ သူက ကျုပ်ကိုလည်း အဆက်အသွယ် ဖြတ်လိုက်ပြီ ၊ သူ ကျုပ်ကို အရေး မလုပ်တော့ဘူး ထင်ပါတယ် ၊ တန်ခိုးရှင်က ကျုပ်ကို ခေါ်မထားချင်ဘူး ဆိုလည်း ခဏတော့ စောင့်ရှောက် ပေးထားလို့ ရတာပဲ မဟုတ်လား ၊ နှစ်တွေ အများကြီး ကြာလာရင် ကျုပ်လည်း တန်ခိုးရှင်ကို ကူညီပေးနိုင်တာ ရှိကောင်းရှိမှာပေါ့"
မှော်ဝင် ဝေလငါးကြီးက ပြောလိုက်သည်။
မှော်ဝင် ဝေလငါးကြီးမှာ သူ့ကို ကာကွယ်ပေးမည့် နတ်ဘုရား တစ်ပါးသာ မရှိလျှင် မကြာမီ အချိန်အတွင်းမှာပင် ပင်လယ်ထဲမှ အန္တရာယ်များကြောင့် တစ်စစီ ဖြစ်သွားရတော့မည် ဖြစ်လေသည်။ ဝေလငါးကြီး တွေးတော ပူပန်နေသည်မှာလည်း ထိုကိစ္စပင် ဖြစ်လေသည်။
ဆန်းလျန်မှာ နတ်ဘုရား ကျောင်းတော်တစ်ခုမှ တန်ခိုးရှင် တစ်ပါးဖြစ်သည့် အတွက် သူ့ကိုသာ စောင့်ရှောက်ပေးမည် ဆိုလျှင် အခြားသော နတ်မိစ္ဆာ ဘုရင်များနှင့် မိစ္ဆာ ကျင့်စဉ် ကျင့်ကြံသူများ၏ ဒုက္ခပေးမည့် ရန်မှ ကင်းဝေးမည် ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်ထံမှ သူ့ကို နှစ်သိမ့်ပေးနိုင်သည့် စွမ်းအား တစ်ခုကို ခံစားရသည့် အတွက်လည်း မှီခိုချင်စိတ် ဖြစ်နေမိလေသည်။
ဆန်းလျန်က ရယ်မောလိုက်ရင်း….
"ကျုပ်တို့ ချင်းရွှမ် နတ်တံခါးက မင်းရဲ့ အကူအညီကို မလိုပါဘူးကွာ ၊ ဒါပေမယ့် မင်းကိုတော့ ကျုပ်က ကူညီ ပေးပါ့မယ်"
ဟု ပြောလိုက်လေသည်။
ချင်းရွှမ် နတ်တံခါး ဆိုသည့် အသံကြားသည်နှင့် မှော်ဝင် ဝေလငါးကြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။ သူက အသက်ရှည်သည့် ဝေလငါးကြီး တစ်ကောင် ဖြစ်သည့် အတွက် ချင်းရွှမ် နတ်တံခါး အကြောင်း ကြားဖူးလေသည်။ ချင်းရွှမ် နတ်တံခါး ဆိုသည်က အရှိန်အဝါ ကြီးမားသည့် နတ်ဘုရား ကျောင်းတော်ကြီး တစ်ခု မဟုတ်လား။ ယခုတော့ ချင်းရွှမ် နတ်တံခါး၏ အကာအကွယ် အောက်သို့ သူရောက်ရှိ ရတော့မည်။ သူ့အနေဖြင့် တရား အလင်းရရန် မလွယ်ကူသည့်တိုင် မည်သူမျှ ချင်းရွှမ်နတ်တံခါးမှ မှော်ဝင် သတ္တဝါကို ဖမ်းဆီးကာ ဒုက္ခပေးရဲမည် မဟုတ်ပေ။
သူက ပတ်ဝန်းကျင်မှ မိုးမြေ စွမ်းအားများစွာကို စုပ်ယူနိုင်သည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည့် အတွက် ကျင့်ကြံသူများနှင့် နတ်မိစ္ဆာဘုရင် အချို့က သူ့ကို ကြောက်ကြလေသည်။ သို့သော် အမှန်တကယ် တွင်တော့ သူ့တွင် မိုးမြေစွမ်းအားများကို စုပ်ယူ နိုင်သည်က လွဲပြီး မည်သည့် အရည်အချင်းမှ သိပ်မရှိလှပါ။ ငါးတစ်ကောင်သာ ဖြစ်သည့် အတွက် ဒုက္ခ ပေးမည့်သူနှင့် တွေ့လျှင် ခံရမည်သာ ဖြစ်လေသည်။
လက်ရှိ အချိန်တွင်လည်း ဆန်းလျန်သာ ရောက်မလာလျှင် မိစ္ဆာ အအေးစွမ်းအားနှင့် ကြီးမားသည့် ဒဏ်ရာကြီးကြောင့် သေရမည်သာ ဖြစ်လေသည်။
မီးခိုးရောင်ဝတ် ကျင့်ကြံသူမှာ ဆန်းလျန် ရေထဲသို့ ငုပ်ဆင်းသွားပြီး ခဏချင်းပင် ပြန်တက်လာသည်ကို တွေ့ရသည့်အပြင် မှော်ဝင် ဝေလငါးကြီးဖြင့် စိတ်ချင်း ဆက်သွယ် စကားပြောနေသည် ကိုလည်း ရိပ်မိ လိုက်လေသည်။ ထို့ကြောင့် ဆန်းလျန်၏ ဇစ်မြစ်ကို သိချင်စိတ်များ မထိန်းနိုင် မသိမ်းနိုင် ဖြစ်လာရသည်။
သူက ထိုလူငယ် တန်ခိုးရှင်မှာ မည်သူ မည်ဝါ ဖြစ်ကြောင်းကို သိရှိခြင်း မရှိပါ။ သို့သော် ရှင်သန်စေခြင်း ကျောင်းတော်သို့ ဖိတ်ခေါ်မည်ဟု စဉ်းစား ထားလိုက်လေသည်။ ထို့ပြင် ကူးချိုင်ဝေ့မှာလည်း ပြင်ပမှ ကျင့်ကြံသူများနှင့် တရား ဆွေးနွေးတတ်သည့် အတွက် ထိုလူငယ် တန်ခိုးရှင်နှင့် တွေ့ရလျှင် သူမအတွက်လည်း အကျိုး ရှိနိုင်လေသည်။
ကူးချိုင်ဝေ့ကို ထိုလူငယ် တန်ခိုးရှင်နှင့် မိတ်ဆက်ပေးနိုင်လျှင် သူ့အနေဖြင့်လည်း ကျောင်းတော်တွင် မျက်နှာပန်း လှမည် ဖြစ်လေသည်။
မီးခိုးရောင်ဝတ် ကျင့်ကြံသူသည် သူ့ဘဝတွင် ကျင့်စဉ်လမ်း အဆင့် တက်လှမ်းနိုင်ရန်မှာ မသေချာတော့ပေ။ သို့သော် သူ၏ မျိုးဆက်များမှာ နောင်အနာဂတ်တွင် ချင်းရွှမ် နတ်တံခါးတွင် တပည့်အဖြစ် ဝင်ခွင့်ရနိုင်ရန် အခွင့်အရေး လိုချင်သည့် အတွက် ချင်းရွှမ်နှင့် ဆက်သွယ်ထားခြင်း ဖြစ်လေသည်။
ထို့ပြင် သူကဲ့သို့သော ပုံမှန် မဟုတ်သည့် ကျင့်ကြံသူများမှာ ကျင့်စဉ်လမ်းကိုသာ အာရုံစိုက်သည့်တိုင် မိစ္ဆာကျင့်စဉ် ကျင့်ကြံသူများနှင့်တွေ့လျှင် အကြောင်းမဲ့ သတ်ဖြတ်ခံရနိုင်လေသည်။ ထို့ကြောင့် ချင်းရွှမ် နတ်တံခါးနှင့် ချိတ်ဆက်ထားခြင်း အားဖြင့် သူ့အတွက်လည်း အန္တရာယ်လည်း ကင်းနိုင်လေသည်။
မီးခိုးရောင်ဝတ် ကျင့်ကြံသူက သူ့အတွေးနှင့်သူ ရှိနေစဉ် ကျော်ရှောင်ချင်းကလည်း ဆန်းလျန် ဘာတွေများ လုပ်နေသည်လဲဟု စဉ်းစားနေလေသည်။ ငယ်ရွယ်သည့် ဂိုဏ်းချုပ်လေး၏ အပြုအမူများသည် အမြဲတမ်း ခန့်မှန်းရ ခက်လွန်းလေသည်။ ကျော်ရှောင်ချင်းသည်ပင်လျှင် ဆန်းလျန်နှင့်နေရင်း ထိုသို့သော အပြုအမူများ ကူးဆက်နေပြီ ဖြစ်လေသည်။
အရင်တုန်းကတော့ ကျော်ရှောင်ချင်းသည် ဆန်းလျန်ကို အလွန် မုန်းတီးခဲ့ မိလေသည်။ သို့သော် ငါးနှစ်တာ အချိန်အတွင်းတွင် သူဆန်းလျန်ကို စတင် လေးစား လာခဲ့မိ လေသည်။ ဆန်းလျန်က လွတ်လပ်ပြီး ပွင့်လင်းသူ ဖြစ်သည်။ သို့သော် တွေးတော ဆင်ခြင်မှု အလွန်ကောင်းပြီး စိတ်ထင်တိုင်း လုပ်တတ်သည့် လူတစ်ယောက်တော့ မဟုတ်ပေ။
မှော်ဝင် ဝေလငါးကြီးမှာ အလွန်ကြီးမားသည့် အန္တရာယ်တစ်ခုကို ရင်ဆိုင် နေရပုံရပြီး ဆန်းလျန်မှာ ထိုပြဿနာကို ဖြေရှင်း နိုင်ပါမည်လားဟု ကျော်ရှောင်ချင်း တွေးနေမိလေသည်။
ဆန်းလျန်က မှော်ဝင် ဝေလငါးကြီးကို အဝေးသို့ မောင်းထုတ်မည် ၊ သို့မဟုတ် သတ်ပစ်မည် ၊ သို့မဟုတ် ဒီအတိုင်းပင် ထားခဲ့မည်ဟု ကျော်ရှောင်ချင်းက တွေးမိလေသည်။ သို့သော် ဆန်းလျန်က ထိုသုံးခုလုံး တစ်ခုမှ မလုပ်ခဲ့ပေ။ ဆန်းလျန်ကို ကြည့်ရသည်မှာ ဝေလငါးကြီးဖြင့် အကြောင်းအရာ တစ်ခုခုကို ဆွေးနွေးနေပုံရလေသည်။
ကျွန်းတစ်ခု အလား ကြီးမားလှသည့် ဧရာမ ဝေလငါးကြီး တစ်ကောင်နှင့် လူငယ်တာအို ဆရာလေး တစ်ယောက်….
မြင်ကွင်းက ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။
ဆန်းလျန်သည် ဝေလငါးကြီးကို မွေးမြူရန် ခေါ်ဆောင် လာမည်ဟု မည်သူက ထင်ပါမည်နည်း။
သို့သော် ဆန်းလျန်ကတော့ မှော်ဝင် ဝေလငါးကြီးကို ကတိပေးပြီး သွားပြီ ဖြစ်သည့် အတွက် ကတိအတိုင်း လုပ်မည် ဖြစ်လေသည်။
ဆန်းလျန်က ပင်လယ်ရေအောက်သို့ ထပ်မံ သွားရောက်လိုက်ကာ ဝေလငါးကြီး၏ ဝမ်းဗိုက်အောက်တွင် ရေခဲပြင်ကြီး တစ်ခုဖြစ်အောင် ဖန်ဆင်းလိုက်လေသည်။
ရေခဲပြင်ကြီးမှ အအေးဓာတ်မှာ ကျော်ရှောင်ချင်းနှင့် မီးခိုးရောင်ဝတ် ကျင့်ကြံသူတို့ အနားထိ ရောက်ရှိလာသည့် အတွက်ကြောင့် သူတို့ နှစ်ယောက်မှာ နောက်သို့ ဆုတ်လိုက် ကြရလေသည်။
မီးခိုးရောင်ဝတ် ကျင့်ကြံသူမှ အအေးဒဏ်ကြောင့် တုန်၍ပင် လာလေသည်။
ကျော်ရှောင်ချင်းကတော့ ဓားဝိညာဉ်ဖြင့် အအေးဒဏ်ကို ကာကွယ်ထားသည့် အတွက် အအေးဒဏ်ကို မခံစားရပေ။ ကျော်ရှောင်ချင်း၏ ဓားဝိညာဉ်ဆီမှ အဖြူရောင် အလင်းတန်းများ ဖြာထွက် နေလေသည်။
မှော်ဝင် ဝေလငါးကြီးနှင့် မနီးမဝေး တစ်နေရာတွင် ဆန်းလျန်မှာ အေးခဲစ ပြုနေပြီ ဖြစ်လေသည်။
ကျော်ရှောင်ချင်းမှာ အံ့သြ တုန်လှုပ်သွားပြီး ဓားဝိညာဉ်ကို စီးနှင်ကာ ဆန်းလျန် ရှိရာသို့ ပျံသန်း သွားလိုက်လေသည်။ ဆန်းလျန်မှာ ရေခဲတုံးကြီး တစ်ခုထဲတွင် ပိတ်မိနေပြီ ဖြစ်လေသည်။ ရေခဲတုံး၏ ထုထည်မှာ အလွန် ထူထပ်သည့် အတွက် ကျော်ရှောင်ချင်း၏ ဓားဝိညာဉ်ဖြင့် ဖျက်စီး၍ မရနိုင်ပေ။ ထက်မြက်လှသည့် ဓားဝိညာဉ်မှာ ရေခဲတုံးကြီးကို ထိုးဖောက် သွားသည့်တိုင် ရေခဲတုံးကြီးက ပျက်စီး မသွားပေ။
မီးခိုးရောင်ဝတ် ကျင့်ကြံသူကလည်း သူ၏ ဝိညာဉ်စွမ်းအား ပစ္စည်းကို စီးနင်းကာ အနားသို့ ရောက်လာလေသည်။ သူက တူလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုတူလေးထဲတွင် သူ၏ တန်ခိုးစွမ်းအားကို ထည့်သွင်းပြီး ရေခဲတုံးကြီးကို ထုကြည့် လိုက်လေသည်။ သို့သော် အနည်းငယ်သာ ထု၍ရပြီး ကျော်ရှောင်ချင်း လောက်ပင် အရာ မရောက်ပေ။
မာကျောလှသော ရေခဲပြင်ကို ထုလိုက်မိသည့် အတွက် သူ့မှာ သွေးများ အန်ထွက်မလိုပင် ဖြစ်သွားရလေသည်။
ကျော်ရှောင်ချင်းက ရေခဲတုံးကြီးကို ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင်လိုက စဉ်မှာပင် ရေခဲတုံးကြီးထဲမှ ဆန်းလျန်၏ အပြုံးတစ်ချက်ကို မြင်လိုက်ရလေသည်။
***