အခန်း (၂၇၄-၂၇၆)
Vol. 19 Ch. 274-276
ယွမ်ကျိုး အပိုင်း(၂၇၄)
ယွမ်ကျိုးက တစ်ညလုံး မဲနှိုက်သော အိပ်မက်ကိုသာ ဆက်တိုက်မက်နေသည်။ မနက်စောစော အိပ်ရာထမှသာ သူ့ဖုန်းထဲ နံပါတ်၁ ပေါ်နေခြင်းကို မြင်တွေ့ရမှ စိတ်အေးရသည်။
“နံပါတ်၁ တကယ် မဲပေါက်လို့ တော်သေးတယ်” ယွမ်ကျိုးက သူ့နဖူးပေါ်မှ ချွေးစက်များကို သုတ်လိုက်ပြီး နှုတ်ဆိတ်နေမိသည်။
ယွမ်ကျိုးက စနစ်ကို ပိုင်ဆိုင်ထားသည့် အချိန်မှ စ၍ လေအေးပေးစက် ဝယ်ယူရန် မလိုအပ်ဘဲ ငွေ ချွေတာနိုင်ခဲ့သည်။ မနက်ခင်း အနှေးလမ်းလျှောက်ချိန်မှ လွဲ၍ ပထမဆုံးအချိန် ဇောချွေးပြန်ခြင်း ဖြစ်သည်။
“နံပါတ်၁ဂဏန်းက ငါ့ကို ကျိန်စာတိုက်ထားပုံပဲ” ယွမ်ကျိုးက အနှေးလမ်းလျှောက်ရန် သပ်ရပ်သန့်ရှင်းသော အဝတ်အစားများကို လဲလိုက်သည်။
အနှေးလမ်းလျှောက်ပြီးနောက် ချွေးများကို သုတ်လိုက်ပြီး မှန်အရှေ့မှာ မတ်တတ်ရပ်နေလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ထင်ရှားသော ကြွက်သားအဖုအထစ်များကို ကြည့်ပြီး ပျော်ရွှင်နေမိသည်။
“ငါက ခန့်ချောကြီးပဲ၊ ငွေပေါ ဟင်းချက်ကောင်း။ ကြွက်သားလေးတွေနဲ့ တကယ်မိမိုက်နေရောပဲ” ယွမ်ကျိုးက မှန်ထဲက သူ့ပုံရိပ်သူ ပြန်ကြည့်ရန် ကျေနပ်နေမိသည်။
ထို့နောက် ယွမ်ကျိုး တွေဝေသွားသည်။
“ငါ ဒီလောက်ကြည့်ကောင်းနေတာ ဘာလို့ ကောင်မလေး မရှိတာလဲ”
“ခုခေတ်ကောင်မလေးတွေက တအားရှက်တတ်တော့ ငါ့လိုလူကောင်းနဲ့ ကြုံတွေ့ရင် ရှက်ရွံနေလို့ပဲ ဖြစ်မယ်” ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် ကောက်ချက်ချလိုက်သည်။
ယွမ်ကျိုးက သူ့ကိုယ်ရေးကိုယ်သွေးကို သံသယဝင်ခြင်း မရှိခဲ့ပေ။
သူက မစ်ရှင်တိုးတက်မှုူ အခြေအနေကို ထပ်မံစစ်ဆေးလိုက်ပြီး မစ်ရှင်ပြီးမြောက်ရန် တောင်းဆိုချက်တချို့ လိုအပ်သေးကြောင်း တွေ့သွားသည်။ ပျားရည်ကျောက်ပွင့်သုပ်အတွက် လိုအပ်သော ပျားရည်ကို စနစ်က မထောက်ပံသေးပေ။ အခုအချိန်မှာ အရေးကြီးဆုံးက တာဝန်ပြီးမြောက်ရန် ဖြစ်သည်။
ထို့ကြောင့် ယွမ်ကျိုးက မနက်စောကြီးတည်းက အကြံပြုစာပုံးကို ထုတ်ပြီး မနက်ခင်းတည်းက လုပ်ငန်းစရန် ကြံရွယ်နေသည်။
“မင်္ဂလာနံနက်ခင်းပါ သူဌေး”ကျိုးကျာက စားသောက်ဆိုင်ထဲ ဝင်ဝင်ချင်း နှုတ်ဆက်စကားပြောသည်။
“မင်္ဂလာနံနက်ခင်းပါ” ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။
“ဒီကနေ့ရော အကြံပြုစာပုံး သုံးဖို့ လိုအပ်သေးတာလား” ကျိုးကျာက မနက်ခင်တည်းက သူမ တစ်နေ့တာ လုပ်ဆောင်ရမည့် အလုပ်ကို သေချာအောင် အတည်ပြုသည်။
“ဟုတ်တယ်။ ဒီနေ့လည်း အကြံပြုစာပုံးကို သုံးမယ်။ ပျားရည်ကျောက်ပွင့်သုပ်က တစ်ယွမ်ပဲ” ယွမ်ကျိုးက တွေးကြံနေရင်း သူမကို တိုက်ရိုက် အသိပေးသည်။
“ဟုတ်ကဲ့၊ ကျွန်မ သိပါပြီ။ ဒီနေ့ရော အဲဒီအစားအသောက်က မှာလို့ရလား” ကျိုးကျာက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ကျိုးကျာ နှင့် ရှန်မင်တို့က ဆိုင်သို့ အလုပ်လာလျှင် ဆိုင်မှ အစားအသောက်များကို တစ်နေ့တစ်မျိုး မှာစားနိုင်ရန် ရည်ရွယ်ထားသည်။ ယခုတော့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးသော်လည်း ဤသည်ကား သူမတို့၏ ရည်မှန်းချက် ဖြစ်သည်။
“မရသေးဘူး” ယွမ်ကျိုးက ခေါင်းခါလိုက်သည်။
ကျိုးကျာက ပျားရည်ကျောက်ပွင့်သုပ် ဟင်းလျာအကြောင်း ကြေညာမည့် စကားလုံးများကို မြိုချလိုက်ရသည်။ ယခုအချိန်မှာ သူမက ဟင်းလျာကို အများသိအောင် ကြေညာလိုက်ပြီး ဖောက်သည်များက မှာယူခွင့်မရလျှင် ဒေါကန်ကြလိမ့်မည်။
ဆိုင်ဖွင့်ချိန် နည်းလွန်း၍ အစားအသောက်များကို စားခွင့်မကြုံသည့် ဖောက်သည်များစွာ ရှိသည်။
“သူဌေး၊ အသုံးဝင်တဲ့ အကြံပြုစာများ ရသလား။ အယ် မှားသွားလို့ တောင်းဆိုစာရလား” ယွမ်ကျိုးက တောင်းဆိုစာဟု သုံးနှုန်းသည်ကို ပိုနှစ်ခြိုက်၍ ကျိုးကျာက သူမ၏စကားကို ချက်ချင်း ပြင်လိုက်သည်။
“ဟုတ်တယ်။ အများကြီးပဲ” ယွမ်ကျိုးက ကျေနပ်စွာ ပြန်ဖြေသည်။
“ဒါဆိုရင် ဟင်းလျာအသစ်ကို ဘယ်တော့မှာ စားလို့ရမှာလား” ကျိုးကျာက ဟင်းလျာအသစ်ကိစ္စကို အမှတ်ရသွားသည်။
“အင်း၊ ဒီရက်ပိုင်းအတွင်း ပြန်ရမှာပါ”
ယွမ်ကျိုးက ခေါင်းညိတ်သည်။
“ကောင်းတာပေါ့။ ဟင်းလျာအသစ်က ဘာလဲ” ကျိုးကျာက ပျော်ရွှင်စွာ ပြောသည်။
“အခုတော့ မပြောနိုင်သေးဘူး” ယွမ်ကျိုး၏မျက်နှာအမူအရာတွင် တည်ငြိမ်သော အမူအရာကို မြင်တွေ့ရသည်။ သူက ဈေးနှုန်းစာရင်းကို ကြည့်ကာ ပြောလိုက်သည်။
“ဒီကနေ့ မနက်စာက ဘဲဆီနှမ်းကပ်ကိတ်”
“ကောင်းပါပြီ။ ကျွန်မ သန့်ရှင်းရေး လုပ်တော့မယ် သူဌေး” ကျိုးကျာက ခေါင်းညိတ်လိုက်ပြီး စပ်စုသော ခံစားချက်ကို ဖော်ပြသည်။
သူမက ဟင်းလျာအသစ်အကြောင်းကို ကြိုတင်ကြေညာချင်သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်က ပို၍ ကျော်ကြားရန် ထိုက်တန်သည်။
မနက်ခင်း ဆိုင်ဖွင့်ချိန်အတောအတွင်း ဆိုင်သို့ ပထမတစ်ကြိမ် ရောက်ဖူးသည့် ယာယာ နှင့် အစ်မဝမ်တို့က ဆိုင်သို့ ထပ်ရောက်လာသည်။
“ဟဲဟဲ ဒီကနေ့ အိပ်ရာစောစောထလို့ တော်သေးတယ်။ မနက်စာ မစားလိုက်ရမှာ စိုးရိမ်နေတာ” ယာယာက အတော်ကံကကောင်းနေသော အမူအရာဖြင့် စကားပြောသည်။
“အစ်မဝမ်၊ နောက်ဆို ညီမကို မဆွယ်နဲ့တော့။ ဒီကလူက ဝိတ်တက်လာပြီ” ယာယာက သူမ၏ဝဖိုင်ဖိုင် မျက်နှာလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်းပြောသည်။
“ကြည့်ကောင်းပါတယ်။ ပိုလို့တောင် ချစ်စရာကောင်းလာသေးတယ်” အစ်မဝမ်က ယာယာနှင့် အတူ ဆိုင်ထဲသို့ ပြုံးရွှင်စွာ ဝင်ရောက်လာသည်။
“ဟူး။ ငါတို့က စိတ်မကောင်းဖြစ်ရင် မျက်ရည်ထက် အစားသောက် သောင်းကြမ်းလို့ ပိုပိုဝလာတယ်” ယာယာက သူမ၏လက်ကောက်ဝတ်နားက အဆီများကို ပွတ်သပ်နေသည်။
“ဟဲဟဲ ကောင်မလေး မင်း စိတ်ကူးယဉ်နေသလား” အစ်မဝမ်က ချက်ချင်း ထရယ်သည်။
“ထားလိုက်ပါတော့။ ဒီနေ့ ဘာစားကောင်းသောက်ဖွယ်များ ရနိုင်မလဲ ကြည့်ရသေးတာပေါ့” ယာယာက ရှက်ကိုးရှက်ကန်း ဖြစ်သွား၍ ယနေ့ ရရှိနိုင်မည့် မနက်စာကို စစ်ဆေးကြည့်လိုက်သည်။
ယာယာ ထအော်သည်။
“ဘဲဆီနှမ်းကပ်ကိတ်။ တကယ်မိုက်တယ်။ အစားအသောက်ဂရုက လူတွေပြောတာတော့ အဲဒီမုန့်က အရမ်းအရသာရှိတယ်တဲ့။ အစ်မဝမ်ရော စားဖူးလား”
“စားဖူးတယ်။ ဒါပေမဲ့ သူဌေးယွမ်ရဲ့လက်ရာကိုတော့ မစားဖူးဘူး” အစ်မဝမ်က ယွမ်ကျိုးကို တည်ငြိမ်စွာ ပြုံးပြပြီး ထိုစကားကိုပြောလိုက်သည်။
“အရသာရှိတာထက် ပိုတာပေါ့” ယာယာက ပျော်ရွှင်စွာ ပြောသည်။
“မစားကြည့်ဘဲ သိပါ့မလား။ ကျွန်မတို့ကို ဘဲဆီနှမ်းကပ်ကိတ် နှစ်ခုပေးပါ” အစ်မဝမ်က အရင်ဆုံး မှာယူလိုက်သည်။
“ဟုတ်ကဲ့၊ ခဏနေရင် လာပို့ပေးပါ့မယ်” ကျိုကျာက ငွေလက်ခံယူလိုက်ပြီး မုန့်ဘန်းကို သယ်ဆောင်လာသည်။
အဝါရင့်ရောင် ဘဲဆီနှမ်းကပ်ကိတ်က သူတို့ရှေ့မှောက် ရောက်ရှိလာသည်။
“မုန့်က လှနေတာပဲ” ယာယာက ချီးမွမ်းသည်။ ထို့နောက် သူမက ခေါင်းငုံ့လိုက်ပြီး စကားဆက်ပြောသည်။
“အနံ့လေးက မွှေးနေတာပဲ”
“စားတော့ ကောင်မလေး။ တခြားသူတွေကလည်း သူတို့အလှည့်ရောက်ဖို့ စောင့်ဆိုင်းနေတယ်” အစ်မဝမ်က သူတို့နောက်က လူအုပ်ကြီးကို အချက်ပြသည်။
“ကဲကဲ အခုပဲ စားပါတော့မယ်။ အစ်မရဲ့လုစားမယ့် မျက်လုံးတွေကို ကြောက်လို့ပါ” ယာယာက ခေါင်းကိုလှည့်လိုက်ပြီး အလှည့်ကျရန် စောင့်ဆိုင်းနေသော ဖောက်သည်များကို တအံ့တဩကြည့်လိုက်သည်။
ယွမ်ကျိုးက သူ့အပါအဝင် ဖောက်သည်အားလုံးအတွက် ဘဲဆီနှမ်းကပ်ကိတ် အခု၁၀၀ကိုသာ ပြုလုပ်ထားသည်။ ထို့ကြောင့် ဖောက်သည်များက သူတို့အလှည့် မရောက်မည်ကို စိုးရိမ်နေခြင်းက အံ့ဩစရာ မရှိပေ။
ဘဲဆီနှမ်းကပ်ကိတ်၏အရသာကို နှစ်သက်လွန်း၍ ယာယာက အကြံပြုသည်။
“သူဌေး၊ ကျွန်မတို့မြို့မှာလည်း ဆိုင်ခွဲလာဖွင့်ပါလား။ အဲဒီနေရာမှာလည်း အစားအသောက်ဝါသနာရှင်တွေ အများကြီးပဲ”
“မဖွင့်ဘူး။ ယွမ်ကျိုးက တစ်ယောက်တည်းပဲ ရှိတယ်” ယွမ်ကျိုးက တည်ငြိမ်စွာ ပြောသည်။
ထို့နောက် သူက မစ်ရှင်တိုးတက်မှုအခြေအနေကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်ပြီး လူတစ်ဦး၏တောင်းဆိုမှု တိုးလာခြင်းကို မြင်တွေ့ရသည်။ ၎င်းက ဒုတိယအကြိမ် တောင်းဆိုလျှင် အကျုံးမဝင်ပေ။
သိပ်မကြာခင်မှာပင် ဘဲဆီနှမ်းကပ်ကိတ် အခု၉၀ ရောင်းကုန်သွားသည်။ ယာယာတို့နှင့်အတူတူ ပါလာသော ဖောက်သည်တချို့က ဘဲဆီနှမ်းကပ်ကိတ်ကို စားခွင့်မကြုံခဲ့ပေ။
“ငါ မယုံဘူး။ နေ့လည်အထိ ထပ်စောင့်မယ်” မနေ့က အင်္ကျီလက်တို ဝတ်ဆင်ခဲ့သော အမျိုးသားဖြစ်သည်။ သူက သူနှင့်အတူတူ ခရီးသွားဧည့်သည် အများကြီး ခေါ်လာသည်။
“ဟုတ်တယ်။ ဘဲဆီနှမ်းကပ်ကိတ်လေးတောင် စားခွင့်မကြုံတော့ဘူး” ကောင်မလေးက သူ့ကောင်လေးကို ချွဲနွဲ့စွာ ပြောသည်။
“သူဌေးက ဆိုင်ခွဲထပ်ဖွင့်မလား မေးကြည့်မယ်” သူ့ကောင်မလေးကို ချော့မရသည့်အဆုံး အကြံပေါ်လာခြင်း ဖြစ်သည်။
“ဟုတ်တယ်၊ ရှင် ပြောတာ မှန်တယ်” အကြံပြုချက်ကို တခြားခရီးသွားများလည်း ထောက်ခံသည်။
တကယ်တမ်း ခရီးသွားဧည့်သည်များက ဆိုင်ခွဲဖွင့်သည့် ကိစ္စကိုသာ အာရုံစိုက်နေကြသည်။ ထို့မှသာ သူတို့မြို့မှာပင် အရသာရှိသော စားကောင်းသောက်ဖွယ်များကို နေ့တိုင်း စားခွင့်ကြုံလိမ့်မည်။ ဒါကမှ စိတ်ဝင်စားဖွယ်ကောင်းသည်။
“သူဌေးယွမ်၊ ဘယ်လိုလဲ။ ဆိုင်ခွဲဖွင့်ဖို့ ရည်ရွယ်ချက် ရှိလား။ ငါ့အိမ်နားမှာ ရောင်းဖို့ကြေညာထားတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်”
“ဒါပေါ့။ ဆိုင်ခွဲဖွင့်ရင် ကောင်းမယ်” တခြားတစ်ဦးကလည်း ပြုံးရွှင်စွာ အကြံပြုသည်။
“သူဌေးယွမ်၊ ဆိုင်ခွဲဖွင့်ပေးပါနော်”
ဆက်တိုက်တောင်းဆိုမှုကြောင့် သူ့မစ်ရှင် ပြီးမြောက်သွားသည်။ ထို့နောက် ယွမ်ကျိုးက စနစ်၏အချက်အလက်များကို မြင်တွေ့ရသည်။
စနစ်က ဖော်ပြသည်။ “အရန်မစ်ရှင် ပြီးမြောက်ပါပြီ။ အခုပဲ ဆုလာဘ်ကို လက်ခံယူနိုင်ပါပြီ”
“အားနာပါတယ်။ ငါ့ဆိုင်မှာ ငါတစ်ယောက်တည်း ချက်ပြုတ်တဲ့သူပါ။ ဆိုင်ခွဲဖွင့်ဖို့ အစီအစဉ် မရှိသေးပါဘူး” ယွမ်ကျိုးက သူတို့ကို ပြတ်ပြတ်သားသား ငြင်းသည်။
ခဏတွေးကြံပြီးနောက် သူ ဖြည့်စွက်ပြောသည်။
“ဟင်းလျာအသစ်ကို ဒီရက်ပိုင်းအတွင်း ရောင်းပေးပါမယ်”
ဤသည်ကား သတင်းကောင်းအဖြစ် ယူဆနိုင်သည်။ သို့သော်ငြားလည်း ခရီးသွားဧည့်သည်များက ဤသတင်းကို ကြားသိရသောအခါ ပို၍ ဝမ်းနည်းသွားသည်။
အပိုင်း(၂၇၄)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၇၅)
“သူဌေးယွမ်၊ ဒီလိုသတင်းမျိုးကို အခုလိုအချိန်မျိုးမှ ပြောရတာလဲ။ ငါတို့ အခု ဘာဆက်လုပ်ရမလဲ”
ယာယာက နာကျင်နေသော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။
“နောက်တစ်ခေါက်မှ လာအားပေးပါ” ယွမ်ကျိုးက တည်ငြိမ်စွာ ပြောသည်။
“ဒီလိုအဖြေမျိုး ပြန်မကြားရရင်တောင် ပိုကောင်းသေးတယ်” ယာယာ ချက်ချင်း ဆို့နင့်သွားသည်။
“အွန်း” ယွမ်ကျိုးက အထိုက်အလျောက် ခေါင်းညိတ်ပြသည်။
“သူဌေးယွမ်က စကားသိပ်မပြောတာ အံ့ဩစရာ မရှိဘူး” အစ်မဝမ်က တွေးတွေးဆဆဖြင့် ပေါ့ပေါ့ပါးပါး ပြောသည်။
သူ စကားပြောလိုက်တိုင်း တခြားသူများ ဆို့နင့်သွားရသည်။
“သူဌေးယွမ်၊ ရောက်တတ်ရာရာ လျှောက်မပြောနဲ့တော့။ ဆန်အမျိုးပေါင်း ၁၀၀ဟင်းက ဆန်နဲ့လုပ်ထားတော့ မှာလို့ရသေးတယ်မလား” ရှပ်အင်္ကျီနှင့် အမျိုးသားက ခဏတုံ့ဆိုင်းပြီးနောက် မေးမြန်းလိုက်သည်။
“အင်း ရပါတယ်” ယွမ်ကျိုးက အတည်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ရှန်လုဆန်ကို ကြားဖူးလား” ရှပ်အင်္ကျီနှင့် အမျိုးသားက ထိုစကားကိုပြောလိုက်စဉ် မိမိကိုယ်ကိုယ် အားရကျေနပ်နေသောအမူအရာ ရှိသည်။
သူ့ငယ်ဘဝတုန်းက သူ့အဘွား ပြောပြဖူးသည့် ရှန်လုဆန်ဖြစ်သည်။
ရှပ်အင်္ကျီနှင့် အမျိုးသား၏အဘွားက လက်မထပ်ခင်က ရာထူးအဆင့်အတန်းမြင့်သော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ အဘွား အစာစားချင်စိတ် မရှိလျှင် စားဖိုမှူးက သူမအတွက် မွှေးကြိုင် အရသာရှိသော ရှန်လုဆန်ကို ချက်ပေးလေ့ရှိသည်။
ဆန်၏မွှေးကြိုင်သောရနံ့ကပင် စွဲမက်ဖွယ်ကောင်းသည်။ အစာစားချင်စိတ် မရှိသော အဘွားပင် အစာစားလိုစိတ် ဖြစ်ပေါ်သွားစေသည်။
ရှပ်အင်္ကျီနှင့် အမျိုးသားက အရသာထက် ကြားဖူးနားဝပင် ရှိသည်။ ထို့ကြောင့် သူ ငယ်ငယ်တည်းက ၎င်းဆန်အကြောင်းကို မေ့မရချေ။
“အွန်း။ ငါ့မှာက နှင်းဆီရနံ့ရှန်လုဆန်ပဲ ရှိတယ်” ယွမ်ကျိုးက ခပ်တန်းတန်း ပြန်ဖြေသည်။
“ကောင်းပြီလေ။ အဲဒါဆိုရင် တစ်ပွဲပေးပါ” ရှပ်အင်္ကျီနှင့် အမျိုးသားက စိတ်လှုူပ်ရှားစွာ ပြောသည်။
“အားနာပါတယ်။ ဆိုင်မဖွင့်သေးပါဘူး” ယွမ်ကျိုးက မပွင့်တပွင့် ပြောဆိုသည်။
“အမလေး ရုတ်တရက်ကြီး နှလုံးအောင့်လာတယ်” ရှပ်အင်္ကျီနှင့် အမျိုးသားက ဆွံ့အသောအမူအရာကို ဖော်ပြသည်။
“အခုမှာလို့ မရသေးရင်လည်း ငါ မေးတာကို ဘာလို့ ပြန်ဖြေနေသေးလဲ” ရှပ်အင်္ကျီနှင့် အမျိုးသားက သူ့ကို ယွမ်ကျိုး တမင်ရန်စသည်ဟု ခံစားမိသည်။
“စားသုံးသူ ဖောက်သည်သိချင်သမျှကို ပြန်ဖြေရမှာက ကျွန်တော်တာဝန်လေ” ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။
မနက်ခင်းဆိုင်ဖွင့်ချိန်တွင် စားသုံးခွင့် မရသော ဖောက်သည်များက နေ့လည်ခင်း ဆိုင်ဖွင့်ချိန်အထိ ဇွဲရှိရှိစောင့်ဆိုင်းကြသည်။
တခြားတစ်ဖက်တွင်မူ ဝူဟိုင်း စိတ်မရှည်ထပ်ဖြစ်ပြန်သည်။ အကြောင်းမူကား အလွန်ရိုးရှင်းသည်။
ကျိုကျာ၏ကြိုတင်အသိပေးချက်ကြောင့် အစားအသောက်အဖွဲ့တွင် အုတ်အုတ်သဲသဲ ဖြစ်နေသည်။ ပျော်စရာကို စောင့်ကြည့်လေ့ရှိသော ဝူကျိုးလို လူများက ဝူဟိုင်းကို စာပို့ကြသည်။ ထို့ကြောင့် ဝူဟိုင် မခံမရပ်နိုင် ဒေါသထွက်နေခြင်း ဖြစ်သည်။
[ဝူဟိုင်း၊ သူဌေးယွမ်က ဟင်းလျာအသစ် ရောင်းတော့မယ် အဓိကဟင်းလျာ အသားဟင်းလို့ ပြောတယ်]
ဝူကျိုးက အကြောင်းစုံကို ဝူဟိုင်းနားလည်အောင် အကျဉ်းချုပ်ပြောသည်။
[အစ်ကိုဝူ စိတ်အနှောင့်ယှက်ပေးတဲ့ သူဌေးယွမ်က ဟင်းလျာအသစ် ထပ်ရောင်းတော့မယ်တဲ့] မန်မန်က ကွန်ပြူတာအရှေ့မှာ ထိုင်ပြီး ကျိတ်ရယ်သည်။
သူတို့က ဝူဟိုင်းကို အသိပေးရင်း ဟင်းလျာ၏အမည်ကို ခန့်မှန်းကြသည်။ ပုံမှန်ဖောက်သည်များက တစ်ခုပြီး တစ်ခု ခန့်မှန်းကြသည်။
ဝက်သားပေါင်း၊ ဝက်သားလုံး ကြက်သားပေါင်း။ ဘဲသားပေါင်း ဝက်မွကြော် အစရှိသဖြင့် ဖြစ်သည်။
ဝူဟိုင်း၏ ဆိုးရွားလွန်းသော ဟင်းချက်လက်ရာကြောင့် ဟင်းနှစ်မျိုးတည်းကိုသာ ဝူဟိုင်း ချက်ပြုတ်တတ်သည်။ ၎င်းဟင်းနှစ်မျိုးတည်းကိုသာ နေ့စဉ် မစားနိုင်၍ စားလို့အဆင်ပြေသည့် အစားအသောက်များကို တစ်ခါတရံ သွားစားသည်။
အသိပေးချက်နှင့်အတူတူ ခန့်မှန်းချက်များကိုပါ မြင်တွေ့ရသောအခါ ဤဒေသတွင် ဆက်လက်နေထိုင်ချင်သောဆန္ဒ မရှိတော့ပေ။
ဝူဟိုင်းက စကားတစ်ခွန်းမျှ မပြောဘဲ ခရီးဆောင်အိတ်ကို ဆွဲကာ သူ့ပစ္စည်းများကို ထုပ်ပိုးသည်။ ပြန်မည့် ဆုံးဖြတ်ချက် ခိုင်မာမှုကို သူ့မျက်နှာပေါ်တွင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
“ဝူဟိုင်း၊ ဘာထပ်ဖြစ်ပြန်တာလဲ” ဝူလင်းက သူ့အနား ချက်ချင်းရောက်လာပြီး မေးမြန်းသည်။
“အိမ်ပြန်ချင်လို့။ ဒီနေရာမှာ ဆက်နေရင် ရူးသွားလိမ့်မယ်” ဝူဟိုင်း၏မျက်နှာအမူအရာက တည်ငြိမ်ပုံ ပေါ်လွင်သည်။
“နှစ်ရက်လောက်တော့ ဒီမှာဆက်နေပါဦးလား။ ပြီးရင် အစ်ကို သွားချင်တဲ့နေရာကို သွားလေ။ မြွေစာကျွေးဖို့ အမေဇုန်မိုးသစ်တောထဲ သွားလဲ ရတယ်နော်။ ညီမက အစ်ကို့ကို မတားတော့ဘူး”
ဝူလင်းက လက်တစ်ဖက်ဖြင့် ဝူဟိုင်း၏ခရီးဆောင်အိတ်ကို ဖိထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဝူဟိုင်း၏လက်ကို ဆွဲထားသည်။
“လင်းလင်း။ မဆင်မခြင် မပြောစမ်းနဲ့။ ရှောင်ဟိုင်း မင်း ဘာဖြစ်နေလို့လဲ” ကျန်းကျဝေက ဝူလင်း၏လက်ကို ကိုင်လိုက်ပြီး ဝူဟိုင်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
သူမ၏လက်ကို ကျန်းကျဝေ လာကိုင်သောအခါ ဝူလင်းက ချက်ချင်း မိန်းမဆန်သွားပြီး သူ့ကောင်လေးကို နာခံစွာ ငေးစိုက်ကြည့်နေသည်။
“အသားဟင်းစားချင်တယ်။ သူဌေးယွမ်ချက်တဲ့ အသားဟင်း စားချင်တယ်” ဝူဟိုင်းက မုတ်ဆိတ်ကို ပွတ်သပ်ရင်း ဆုံးဖြတ်ချက်ပိုင်နိုင်စွာ ပြောသည်။
“မရဘူး။ မသွားရဘူး” ဝူဟိုင်းက ပြန်ရန် စိတ်အားထက်သန်နေ၍ ဝူလင်း စိတ်ပျက်မိသည်။
“နင် ပြောချင်တာပြော ငါကတော့ ဒီနေ့ပဲ ပြန်မယ်” သူ့မှတ်ပုံတင်က သူနှင့်အတူတူရှိနေ၍ ဝူဟိုင်း စိတ်အေးရသည်။
“အစ်ကို” ဝူလင်းက ကျန်းကျဝေ၏လက်ကို ခါထုတ်လိုက်ပြီး ထွက်ပြေးရန် ကြံရွယ်နေသော သူ့အစ်ကိုအနား သွားသည်။
“နင်က ငါ့ကို ပြန်ခွင့်မပြုရင်တောင် ငါက ငါ့အခန်းထဲက မထွက်တော့ဘူး။ နင် ကြိုက်သလိုသာ လုပ်တော့” ဝူဟိုင်းက ချက်ချင်း ပြောသည်။
ထို့နောက် ဝူလင်း ကူကယ်ရာမဲ့ ဖြစ်သွားသည်။ သူ့ကို ကြိုးတုပ်ပြီး ပန်းချီပြခန်း ခေါ်ထားရန်လည်း မသင့်လျော်ချေ။
“ငါက ပန်းချီဆရာပါ။ သူတို့က ငါ့ကိုဝယ်မှာ မဟုတ်ဘူး ငါ့ပန်းချီတွေကို ဝယ်မှာလေ။ ငါ ဒီနေရာမှာ ရှိတာ မရှိတာက ထူးခြားမှု မရှိဘူး”
ဝူဟိုင်းက အဓိကအချက်ကို ထောက်ပြသည်။
“ပြန်ချင်တာ သေချာလား” ကျန်းကျဝေက သူ့ကို သနားသောအမူအရာဖြင့် မျှော်လင့်တကြီး ကြည့်သည်။
“အင်း။ ဒါပေါ့။ ငါ နေဖို့မလိုအပ်ရင် ဒီမှာ ဘာအတွက်ကြောင့် ဆက်နေမလဲ” ဝူဟိုင်းက မကျေမနပ်ပြောလိုက်သည်။
“ကောင်းပြီလေ။ ဒါဆိုရင်လည်း အရေးတကြီးကိစ္စပေါ်လာလို့ ခရီးထွက်သွားတယ်လို့ အကြောင်းပြလိုက်မယ်” ခဏတွေးကြံပြီးနောက် ကျန်းကျဝေက ချက်ချင်း ပြောသည်။
“ကျဝေ၊ သူ့ကို အလိုမလိုက်နဲ့” ဝူလင်းက သူ့အစ်ကိုကို မနိုင်သည့်အဆုံး ကျန်းကျဝေကို အပြစ်တင်သည်။
“ငါက နင့်အစ်ကိုအရင်းပါ” ဝူဟိုင်းက သူ့ကိုယ်သူ လက်ညှိုးထိုးရင်း ထအော်သည်။
“ဒါဆိုရင် ငါ့စကားနားထောင်ပြီး ဒီမှာ ၂ရက်လောက် နေပါလား” ဝူလင်းက ခွန်းတုံံ့ပြန်သည်။
“ဒါဆိုရင် မေ့လိုက်တော့ နင့်အစ်ကို ဟုတ်တာ မဟုတ်တာက ထည့်မပြောတော့ဘူး” ဝူဟိုင်းက ခပ်တန်းတန်း မျက်နှာအမူအရာကို ဖော်ပြသည်။
ယွမ်ကျိုး ချက်ပြုတ်သော ဟင်းလျာအသစ်ကို စားသုံးရန် ဝူကျိုးက အကောင်းဆုံးကြိုးစားသည်။
“ပြဿနာမရှိဘူးလေ။ ပြခန်းမှာ စီစဉ်စရာရှိတာ ငါ စီစဉ်ထားလိုက်မယ်” ကျန်းကျဝေက စိတ်အေးလက်အေးဖြစ်အောင် ဝူဟိုင်း၏လက်ကို ဖွဖွလေး ပုတ်လိုက်သည်။
ဝူလင်းက လက်မြှောက် အရှုံးပေးလိုက်ပြီး ကျန်းကျဝေ လေယာဉ်လက်မှတ် ဝယ်ပေးနေခြင်းကို ကူကယ်ရာမဲ့ ငေးကြည့်ရုံသာ တတ်နိုင်သည်။
ဝူဟိုင်း အိမ်ပြန်လာနေစဉ် ယွမ်ကျိုး၏ဆိုင်က နေ့လည်ခင်းဆိုင်ပြန်ဖွင့်နေပါပြီ။
“သူဌေးယွမ်၊ ရှန်လုဆန်။ ကျွန်တော် ပထမဆုံးမလား” ရှပ်အင်္ကျီနှင့်အမျိုးသားက မိမိကိုယ်ကိုယ် ကျေနပ်အားရဟန် ပြောသည်။
“တစ်မိနစ်လိုသေးတယ်။ ခဏစောင့်ပေးပါ” ယွမ်ကျိုးက သူ့စားသောက်ဆိုင်ထဲက နာရီကို ကြည့်လိုက်သည်။
“အွန်း ငါ စောင့်နိုင်ပါတယ်” ရှပ်အင်္ကျီနှင့်အမျိုးသားက သူ့နေရာမှာပင် မတ်တတ်ရပ်နေသည်။ ယွမ်ကျိုးက သူပြောသော ဟင်းလျာကို သူ့အဘွား ပြောထားသလောက် မချက်နိုင်မည်ကို တွေးမိပြီး ကျေနပ်နေသည်။ ယခုတော့ သူ ခဏ သည်းခံထားလိုက်မည်။
“ကျိုကျာ။ အော်ဒါလက်ခံလို့ ရပြီ” ယွမ်ကျိုးက မီးဖိုချောင်ထဲ ရောက်နှင့်နေပါပြီ။ အချိန်ပြည့်သွားမှ ထိုစကားကိုပြောခြင်း ဖြစ်သည်။
“အားလုံးပဲ အစားအသောက် မှာနိုင်ပါပြီ။ ဆိုင်ထဲ ကြွပေးပါ” ကျိုကျာက ကျယ်လောင်စွာ အော်ပြောသည်။
“တခြားအစားအသောက်တွေ အာရုံမရဘူး။ ရှန်လုဆန်ပဲပေးပါ” ရှပ်အင်္ကျီနှင့်အမျိုးသားက ဇွဲမလျော့ပေ။
ထိုမြင်ကွင်းကြောင့် အစ်မဝမ် စပ်စုမိသည်။ သူမ မေးမြန်းလိုက်သည်။
“အဲဒါ ဘာအစားအသောက်လဲ။ တစ်ခါမှ မကြားဖူးပါဘူး”
“ငါရောပဲ” ယာယာလည်း ခေါင်းညိတ်ပြီး သံယောင်လိုက်သည်။
“ငါလည်း အဲဒါကို မစားဖူးပါဘူး။ ငါ ငယ်ငယ်တုန်းက အဘွားပြောတာပဲ ကြားဖူးတာပါ။ အရမ်းအရသာရှိတယ်လို့တော့ ပြောတာပဲ” မိန်းမချောလေးက မေးမြန်းလာ၍ ရှပ်အင်္ကျီနှင့်အမျိုးသားက ပြုံးရွှင်စွာ ပြန်ဖြေသည်။ သို့သော်ငြားလည်း ယွမ်ကျိုး ကြားသွားမည်ကို စိုးရိမ်၍ အသံခပ်တိုးတိုးဖြင့် ပြောသည်။
တကယ်လည်း ယွမ်ကျိုးက သူ့စကားသံကို ကြားသွားခဲ့သည်။ သူ့ဟင်းချက်လက်ရာကို ယုံကြည်နေ၍ စကားတစ်ခွန်းမျှ မပြောခြင်း ဖြစ်သည်။
စပါးရိတ်သိမ်းသော ရာသီအလိုက် ဆန်အမျိုးမျိုးထွက်သည်။ ယင်းတို့အနက် ယွမ်ကျိုးက ထောင်ဟွာရှန်ဆန်ကို ရွေးချယ်လိုက်သည်။
ထို့နောက် ယွမ်ကျိုးက ဆန်ကို ခပ်ထည့်လိုက်ပြီး ဂရုတစိုက် သေချာ ဆန်ဆေးသည်။
အပိုင်း(၂၇၅)
ပြီးပါပြီ။
၂၇၆ မှ ၂၈၀
ယွမ်ကျိုး အပိုင်း(၂၇၆)
"ဒါဆိုရင် ဒီဆန် နာမည်ကြီးရတဲ့အကြောင်းလေးကို ရှင်းပြပေးလို့ရမလား"
ယာယာက စပ်စပ်စုစု မေးမြန်းလိုက်သည်။
"ဒီဆန်နဲ့ ပတ်သက်ပြီးတော့ ငါသိတာပေါ့"
ရှပ်အင်္ကျီနဲ့အမျိုးသားက အစ်မဝမ်ကို ကြည့်လိုက်ပြီး ကျေနပ်အားရဟန်ဖြင့် ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့ကို မြန်မြန်ပြောပြစမ်းပါ"
ယာယာက သူမ၏မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် သူ့ကို ငေးစိုက်ကြည့်နေသည်။
"ဒီဆန်နဲ့ ပတ်သက်ပြီး မင်း ဘာမှမသိထားဘူးလား"
အစ်မဝမ်ကလည်း စပ်စုနေမှန်းသိသောအခါ ၎င်းအမျိုးသားက သူ ဗဟုသုတကြွယ်ဝသည့်အကြောင်းကို ကြွားဝါရန် ကြိုးစားသည်။
"ငါ သိပါတယ်။ ဆန်ဆိုတာ ကောင်းကင်ဘုံနဲ့ မြေကြီးရဲ့ချီစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ အာဟာရဓာတ်အတွက် အခြေခံလို့တောင် ပြောလို့ရတယ်"
ယာယာက စာအုပ်ဖတ်ပြီး ပြောနေသကဲ့သို့ စကားပြောလိုက်သည်။
"ဒီကောင်မလေးက တော်တော်သိနေတာပဲ"
၎င်းအမျိုးသားက အံကြိတ်လိုက်သည်။ သို့သော်လည်း အစ်မဝမ်က သူပြောမည့်စကားကို နားစွင့်နေသေးမှန်း မြင်တွေ့ရသောအခါ သူက ဆက်လက်ပြောကြားသည်။
"သူပြောလိုက်တဲ့အချက်က အဓိကအချက်တစ်ချက်တော့ မဟုတ်ဘူး။ ဒါပေမယ့် ယာယာပြောလိုက်တဲ့ဟာကို ဒီဆန်နဲ့ ပတ်သက်တဲ့အချက်တစ်ချက်လို့ မှတ်ယူလိုက်မယ်"
၎င်းအမျိုးသားက ယာယာ၏ပြောကြားချက်ကို ဦးစွာ အတည်ပြုပေးသည်။
"ငါက ဒီဆန်ကို စားရတဲ့အကြောင်းအရင်းကို ပြောပြမယ်။ ကြည့်စမ်းပါဦး သူဌေးယွမ်ရဲ့အပြုအမူက တကယ့်ကို စံထားလောက်တယ်။ အဆင့်အတန်းမှီတယ်"
သူက ယွမ်ကျိုးကို လက်ညှိုးထိုးပြရင်း အခိုင်အမာပြောဆိုသည်။
"ဆန်ရဲ့အပေါ်ယံအလွှာမှာ အာဟာရဓာတ်တွေ အများကြီးရှိတယ်လို့ ပြောတာကြားဖူးကြတယ်မလား။ ဒါကြောင့်မို့လို့ ဆန်ကို အကြမ်းပတမ်းမဆေးသင့်ဘူး"
အစ်မဝမ်က ချီတုံချတုံဖြင့် ပြောလိုက်သည်။
"ဒီလိုလည်း မဟုတ်ဘူး။ ဒီဆန်ကို ဆေးတဲ့အခါမှာ အရမ်းကြီးတော့ ပွတ်တိုက်ဆေးစရာမလိုဘူး။ ဖွဖွလေးပဲ ဆေးရမယ်။ စောနက သူဌေးယွမ် ဆန်ဆေးနေတဲ့ပုံစံကို ကြည့်လေ။ ပြီးသွားရင် ရေစစ်တဲ့အခါမှာ ဝါးဇကာပေါ်မှာ ဆန်လေးတွေကို ဖြန့်ကြဲပြီးတော့ ရေတွေကုန်စင်အောင် ထားမယ်။ အဲ့ဒါမှ ဆန်ကို ချက်လို့ရတဲ့အနေအထားရောက်ပြီလို့ သတ်မှတ်လို့ ရမယ်"
ရှပ်အင်္ကျီနဲ့အမျိုးသားက ယွမ်ကျိုးကို စံထား၍ ပြောနေခြင်းကို အမျိုးသမီးနှစ်ယောက်ကလည်း လက်ခံကြသည်။ ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်က လူအများကြားမှာ အတော်လေး ကျော်ကြားနေသည်။
"ဒါက ပန်းကနေ ထုတ်ထားတဲ့ ပန်းစက်ရေမလား"
အစ်မဝမ်က ယွမ်ကျိုး ထုတ်ယူလာသည့် သလင်းရောင်ပန်းအိုးလေးကို ညွှန်ပြရင်း မေးမြန်းလိုက်သည်။
"အဲ့လိုပဲ ဖြစ်လောက်တယ်။ နှင်းဆီပန်းကနေ ထုတ်ထားတာ ဖြစ်မယ်။ ဒါကြောင့်မို့လို့ ပန်းရောင်လေးသန်းနေတာ"
ရှပ်အင်္ကျီနှင့်အမျိုးသားက အတည်ပြုဟန် ပြောကြားလိုက်သည်။ ထိုအချိန် ယွမ်ကျိုးက မီးဖိုချောင်ထဲမှာ ဟင်းချက်ခြင်းကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေသည်။ သူက ပုံမှန်ဆိုလျှင် သိုသိုဝှက်ဝှက်နေတတ်သော်လည်း ရှပ်အင်္ကျီနှင့်အမျိုးသား၏ ရှင်းပြချက်ကို ကြားသောအခါ အလိုက်သင့်ပြုမူနေသည်။
သူက အေးအေးဆေးဆေး နေတတ်သော်လည်း ယခုတော့ လူအများ၏ စိတ်ဝင်စားခြင်းကို ခံယူရခြင်းက ကံကြမ္မာက စီစဉ်ပေးခြင်းသာဖြစ်လိမ့်မည်။ ဤအကြောင်းအရာကို ယွမ်ကျိုးက သူ့စိတ်ထဲ တိတ်တိတ်ကလေးတွေးနေခြင်း ဖြစ်သည်။ တကယ်တမ်းတော့ ယွမ်ကျိုးက ၎င်းအမျိုးသား၏ရှင်းပြချက်အလိုက် ထမင်းအိုးတည်ခြင်း မဟုတ်ပေ။ နှင်းဆီပေါင်းခံရည်ထမင်းကို စနစ်က အသုံးပြုခိုင်းသည့်နည်းလမ်းဖြင့် ချက်ပြုတ်မှသာ အရသာရှိလိမ့်မည်ဖြစ်သည်။ ခဏကြာပြီးမှ ထမင်းအိုးကျက်သွားသည်။
"ကြည့်စမ်းပါဦး။ သူဌေးယွမ်က ပန်းနှင်းစက်လေးကို ထမင်းပေါ်မှာ လောင်းချတော့မယ်"
ရှပ်အင်္ကျီနှင့်အမျိုးသားက ယွမ်ကျိုးကို ညွှန်ပြပြီး စိတ်လှုပ်ရှားစွာပြောသည်။
"ကောင်းတာပေါ့။ ဒါဆိုရင် အရမ်းကို မွှေးသွားတော့မှာပဲ"
ကောင်မလေးတွေက အလှအပကို အလွန်နှစ်သက်သူများဖြစ်သည့်အတွက် ဟင်းလျာကို အလွန်စိတ်ဝင်စားနေကြသည်။
"ဟုတ်တယ်။ ငါ့အဘွားလည်း ပြောခဲ့ဖူးတယ်။ ဒီဟင်းလျာက စားပြီးရင်တောင် ခံတွင်းထဲမှာ မွှေးကြိုင်နေတုန်းပဲတဲ့"
၎င်းအမျိုးသားက ကျယ်လောင်စွာပြောလိုက်သည်။
"နှင်းစက်ရည်တောင် ဒီလောက်မွှေးနေတာ။ နှင်းဆီပေါင်းခံရည်ထမင်းကလည်း သေချာပေါက်မွှေးမှာပေါ့"
အစ်မဝမ်ကလည်း ခေါင်းညိတ်သဘောတူသည်။
"အစ်မဝမ်၊ ဒီဟင်းလျာကို ကျွန်တော် ဒကာခံမယ်။ စားမလား"
ထိုမှသာ ရှပ်အင်္ကျီနှင့်အမျိုးသားက သူ့ရည်ရွယ်ချက်အမှန်ကို ထုတ်ပြောသည်။
"မလိုအပ်ပါဘူး။ ကျေးဇူးပါပဲ။ ကျွန်မအတွက်လည်း နှင်းဆီပေါင်းခံရည်ထမင်းတစ်ပွဲပေးပါ"
အစ်မဝမ်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီးတော့ သူ့ကို ငြင်းပယ်ကာ သူမအတွက် နှင်းဆီပေါင်းခံရည်ထမင်းတစ်ပွဲကို မှာယူလိုက်သည်။
"အစ်မဝမ်၊ ကျွန်တော် ဘာသဘောမှ မရှိပါဘူး"
၎င်းအမျိုးသား၏မျက်နှာက အနည်းငယ်ရှက်သွေးဖြာနေသော်လည်း တည်ငြိမ်သောအမူအရာဖြင့် စကားပြောနေသေးသည်။
"အခုလို ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မဘာသာကျွန်မပဲ တစ်ပွဲ မှာစားလိုက်ပါ့မယ်။ ရှင့်ကို စိတ်အနှောင့်အယှက်မပေးချင်ပါဘူး"
အစ်မဝမ်က သတိထားဆက်ဆံနေသည်။ သူက ရှပ်အင်္ကျီနှင့်အမျိုးသားကို ချက်ချင်း ငြင်းပယ်ခဲ့သည်။
"ကောင်းပါပြီ"
ရှပ်အင်္ကျီဝတ်ဆင်ထားသောအမျိုးသားက တိတ်တဆိတ် ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
"နေဦး။ ငါ့အတွက်လည်း နှင်းဆီပေါင်းခံရည်ထမင်းတစ်ပွဲပေးပါ"
ယာယာက ပါးစပ်ကို လက်ဖြင့်ကွယ်ထားပြီး ကြိတ်ရယ်နေသည်။ သို့သော် အစ်မဝမ်က သူ့ကို ကူကယ်ရာမဲ့အမူအရာဖြင့် ငေးကြည့်နေခြင်းကို မြင်တွေ့သောအခါ ကြိတ်ရယ်နေခြင်းကို ရပ်တန့်လိုက်သည်။ သူမ စားသောက်မည့်ဟင်းလျာများကို စတင်မှာယူသည်။
နှင်းဆီပေါင်းခံရည်ထမင်းနှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင် ချက်ထားသောထမင်းပေါ်တွင် နှင်းဆီရည်ပေါင်းခံရည်ခွက်သေးသေးလေးလောင်းချပြီး ထမင်းကို သမအောင်မွှေရန်သာ လိုအပ်သည်။ ခဏအအေးခံပြီးသွားလျှင် ဟင်းလျာက အဆင်သင့်ဖြစ်သွားပါပြီ။ ထို့နောက် ယွမ်ကျိုးက ဟင်းလျာအတွက် လိုအပ်သည့်ခွက်နှင့် ပန်းကန်များကို စတင်ပြင်ဆင်သည်။
ဤတစ်ခေါက်အသုံးပြုမည့် ပန်းကန်လုံးနဲ့ ပန်းကန်ပြားများကလည်း အတော်လေးထူးခြားနေသည်။ ပန်းကန်လုံးရဲ့အစွန်းဖက်မှာ ကြာရွက်လေးပုံစံအလှဆင်ထားပြီး တကယ့်ကြာရွက်ကလေးနဲ့ ဆင်တူသည်။ ပန်းကန်လုံးရဲ့အပြင်ဘက်အစွန်းမှာ အစိမ်းရောင်ရိုးတံလေးတွေကို ပန်းချီရေးဆွဲထားသည်။ ပန်းကန်လုံးအတွင်းမှာဆိုရင် ထွင်းဖောက်မြင်လို့ရတဲ့ထမင်းတွေက ပန်းရောင်သန်းနေသည်။ မိန်းမငယ်လေးရဲ့ရှက်သွေးဖြာနေတဲ့မျက်နှာလေးနဲ့တောင် ဆင်တူသည်။ တွဲဖက်အသုံးပြုမည့်ဇွန်းမှာလည်း ကြာရွက်ပုံစံပန်းချီသေးသေးလေးကို ရေးဆွဲထားသည့်အတွက်ကြောင့် ဇွန်းလေးတွေက သေးသည့်တိုင် ချစ်စရာကောင်းနေသည်။
"ချစ်ဖို့ကောင်းလိုက်တာ။ သူဌေးယွမ်၊ ကျွန်မလည်း ဒီပန်းကန်လုံးလေးနဲ့ စားရမှာလား"
ယာယာက ချစ်စဖွယ်ကောင်းအောင် ပြုမူနေသည်။
"စားသုံးသူတွေ အားလုံးကို ပေးမည့်ပန်းကန်လုံးတွေ၊ ပန်းကန်ပြားတွေအားလုံးက အတူတူပါပဲ"
ယွမ်ကျိုးက လေးနက်စွာ ပြောသည်။
"တကယ်လား။ ကျေးဇူးတင်ပါတယ် သူဌေးယွမ်"
ယာယာက ပျော်ရွှင်စွာ ပြောလိုက်သည်။
"ရပါတယ်"
ခေါင်းညိတ်ပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ထဲ ပြန်သွားပြီးတော့ တခြားမှာယူထားသောဟင်းလျာများကို ဆက်လက်ချက်ပြုတ်သည်။
"အစ်မဝမ်၊ ကျွန်တော် အရင်စားနှင့်မယ်နော်"
ရှပ်အင်္ကျီဝတ်ဆင်ထားသောအမျိုးသားက ဇွဲမလျော့ချင်၍ မဝံ့မရဲ သူမကို မေးမြန်းလိုက်သည်။
"စားနှင့်ပါ။ ရပါတယ်"
အစ်မဝမ်က ပြုံးရွှင်စွာပြောသည်။ ထို့နောက် အမျိုးသားက စိတ်ပျက်ဟန်ဖြင့် ခေါင်းကိုငုံ့လိုက်ပြီး သူမှာယူထားသော အစားအသောက်ကို စားသောက်ရန် ပြင်ဆင်သည်။ ခေါင်းငုံ့လိုက်စဉ် သတ္တုအရည်ကြိုထားသကဲ့သို့ မွှေးကြိုင်လွန်းသည့်နှင်းဆီပန်းရနံ့က ထမင်းမှ ထွက်ပေါ်နေသည်။
"တကယ့်ကို မွှေးနေတာဘဲ"
ရှပ်အင်္ကျီဝတ်ဆင်ထားသောအမျိုးသားက မျက်နှာအမူအရာဖြင့် ပြောဆိုသည်။ အစ်မဝမ်က ယာယာကို စကားလှည့်ပြောနေစဉ် သူမှာယူထားသော နှင်းဆီပေါင်းခံရည်ထမင်းကို စတင်စားသုံးသည်။ ထမင်းစေ့က သူ၏ခံတွင်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် တခြားဟင်းလျာများကို မမှာယူရသေးဘဲ ထမင်းတစ်ပွဲကိုသာ မှာယူရသေးကြောင်း သတိရသွားသည်။ သို့သော်လည်း သူ့ခံတွင်းထဲ ရောက်နေသည့် ထမင်း၏မွှေးရနံ့ကြောင့် တခြားဟင်းလျာများအကြောင်းကို လုံးဝမေ့လျော့သွားခဲ့သည်။
ထမင်းစေ့က သူ့ရဲ့ခံတွင်းထဲ ဝင်ရောက်လိုက်သည်နှင့် လတ်ဆတ်မွှေးကြိုင်လွန်းသည့် နှင်းဆီပန်း၏မွှေးရနံ့က ဆန်စေ့နှင့်အတူ သူ့ရဲ့လည်ချောင်းထဲကို စီးဆင်းသွားသည်။ အနည်းငယ်ဝါးကြည့်လိုက်တဲ့အခါမှာ ဆန်စေ့က အနည်းငယ်မာကျောမှုရှိပြီးတော့ ထမင်းစေ့အတွင်းမှ အချိုအရသာကိုလည်း ခံစားမိသည်။ မွှေးကြိုင်သည့်အပြင် ချိုမြနူးညံ့လွန်းသည့်အတွက် သူ ကလေးဘဝက ဗိုက်ဆာတဲ့အခါမှာ ထမင်းအိုးထဲမှ အပေါ်ယံထမင်းလွှာကို ခိုးစားခဲ့ဖူးတဲ့ထမင်းအရသာနဲ့ ကွက်တိတူညီနေသည်။
"နှင်းဆီပေါင်းခံရည်ထမင်းကလည်း သူ့အဘွားပြောခဲ့တဲ့အတိုင်းပဲ နူးညံ့ပြီး စေးကပ်တယ်။ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီးတော့ စိတ်ဓာတ်ကျတဲ့ခံစားချက်တွေကိုလည်း သက်သာစေတယ်။ ကျန်ရှိနေတဲ့ထမင်းတွေက တဖြေးဖြေးနည်းပါးလာသော်လည်း ရှပ်အင်္ကျီဝတ်ဆင်ထားတဲ့အမျိုးသားက ပိုပြီးတော့ ပျော်ရွှင်လာတယ်"
ယခုလို အရသာရှိတဲ့အစားအသောက်ကို စားနေရလို့ သူဟာ တခြားအရသာရှိတဲ့ဟင်းလျာများကို စားသုံးရန်ပင် အာရုံမရှိတော့ပေ။
"ထမင်းတွေကို ဝါးရင်းဝါးရင်းနဲ့ ပိုပြီး အရသာရှိလာတယ်လို့ ခံစားမိတယ်။ နောက်ဆုံးတွင်မူ သူ့ရဲ့ပန်းကန်လုံးတစ်ခုလုံးက တောက်ပြောင်သန့်ရှင်းသွားပြီးတော့ ထမင်းစေ့တစ်စေ့တောင် မမြင်ရတော့ဘူး။ ထမင်းရဲ့အပေါ်ယံအလွှာက ထမင်းအဆီလေးတွေသာ ကျန်ရှိနေပြီးတော့ ကြာရွက်ပေါ်မှာထင်ကျန်နေတဲ့ မိုးရေစက်လေးတွေနဲ့တောင် အသွင်တူတယ်။ အရမ်းကို အရသာရှိတာပဲ။ အဘွားက အစားစားချင်စိတ်မရှိတဲ့အခါမှာ ဒီနှင်းဆီပေါင်းခံရည်ထမင်းကို ဘာလို့စားလဲဆိုတာ နားလည်သွားပြီ။ ဒီလိုထမင်းမျိုးသာ စားရမယ်ဆိုရင် သုံးပန်းကန်တောင် စားနိုင်တယ်"
၎င်းအမျိုးသားက စိတ်အားထက်သန်သောအမူအရာဖြင့် လေးကန်စွာ သက်ပြင်းချလိုက်သည်။
"မွှေးနေတာပဲ။ ဟုတ်တယ်မလား"
ယာယာကလည်း မနေနိုင်မထိုင်နိုင်ဖြင့် မေးမြန်းလိုက်သည်။
"ဒါပေါ့ သူဌေးယွမ်ရဲ့လက်ရာက အံ့မခန်းပဲ"
၎င်းအမျိုးသားက အထင်ကြီးလေးစားဟန်ဖြင့် စကားပြောလိုက်သည်။
"ဘော့စ်ယွမ်ရဲ့ဟင်းချက်လက်ရာက တကယ့်ကို ကောင်းတယ်။ အရင်ကတည်းက ကောင်းတာပါ"
ယာယာက ယွမ်ကျိုးနှင့် အလွန်ရင်းနှီးဖော်ရွေသကဲ့သို့ ဝင့်ကြွားစွာပြောသည်။
"သူဌေးယွမ်က ငါ့အဘွားခေတ်တုန်းက အိမ်ချက်သီးသန့်လက်ရာတွေကိုတောင် ချက်နိုင်မယ်လို့ မထင်ခဲ့မိဘူး"
ဤနှင်းဆီပေါင်းခံရည်ထမင်းကို သူ့အဘွားခေတ်က သက်ကြီးပိုင်းများသာ ကျွမ်းကျင်လိမ့်မည်ဟု ၎င်းအမျိုးသားက သိနေသည်။ ယွမ်ကျိုးက ဤဟင်းလျာကို ချက်ပြုတ်ရန်အတွက် နေရာပေါင်းများစွာသို့ လှည့်လည်သွားလာခဲ့သည်ဟု သူ ယူဆမိသည်။
"ငါလည်း အဲ့လိုဖြစ်ဖို့ မျှော်လင့်တယ်။ ငါမှာထားတဲ့ နှင်းဆီပေါင်းခံရည်ထမင်းက အရသာရှိရင်ကောင်းမယ်"
ယာယာ၏မျက်နှာပေါ်က မျှော်လင့်ချက်တွေကို ဖုံးကွယ်မရချေ။
"ခဏနေရင် နင်မှာထားတဲ့ နှင်းဆီပေါင်းခံရည်ထမင်းနဲ့ တခြားဟင်းလျာတွေက လာတော့မှာပါ"
အစ်မဝမ်က သူမကို နှစ်သိမ့်ဟန်ဖြင့် ပြောသည်။
"အွန်းပါ"
ယာယာက ခေါင်းညိတ်လိုက်သည်။ ယာယာ၏မျက်လုံးက ယွမ်ကျိုးသယ်လာမည့် နှင်းဆီပေါင်းခံရည်ထမင်းကိုသာ မျှော်လင့်တကြီး စောင့်စားနေသည်။
"မင်းတို့နှစ်ယောက် မှာထားတဲ့ နှင်းဆီပေါင်းခံရည်ထမင်း ရပါပြီ။ သုံးဆောင်ကြပါ"
ယွမ်ကျိုးက ပျူငှာစွာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ တကယ်မိုက်တယ်။ အခုတော့ နှင်းဆီပေါင်းခံရည်ထမင်းကို စားရတော့မယ်"
ယာယာက အစားအသောက်ကို ချက်ချင်းလက်ခံယူလိုက်ပြီး ပျော်ရွှင်စွာပြောသည်။
"ရပါတယ်"
ထိုစကားကို ပြောပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ထဲသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
"နေပါဦး သူဌေးယွမ်။ ကျွန်တော်တို့ အလုပ်ကိစ္စပြောချင်လို့ပါ။ ကျွန်တော်တို့ စကားပြောလို့ရမလား"
ဦးထုပ်ဝတ်ဆင်ထားသောအမျိုးသားက ယွမ်ကျိုးကို မဆိုင်းမတွဟန့်တားလိုက်ပြီးတော့ စကားပြောသည်။
"မရဘူး။ ဆိုင်ဖွင့်ချိန်အတွင်း စကားပြောလို့ မရဘူး"
ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"ခင်ဗျားရဲ့ဆိုင် ဆိုင်းဘုတ်နဲ့ပတ်သက်ပြီးတော့ ပြောချင်တာပါ"
၎င်းအမျိုးသားက အမောတကောနဲ့ ပြောသည်။
"ကျိုကျာ၊ အဲ့ဒီကိစ္စကို မင်း ဖြေရှင်းလိုက်"
ယွမ်ကျိုးက ဤကိစ္စရပ်နှင့်ပတ်သက်ပြီး ဝင်ပါချင်သည့်ဆန္ဒ မရှိပေ။
"ဟုတ်ကဲ့ပါ သူဌေး"
ကျိုကျာက ပြန်ဖြေသည်။
"အားနာပါတယ် လူကြီးမင်း။ ကျွန်မသူဌေးက အရမ်းအလုပ်ရှုပ်နေပါတယ်။ သူနဲ့ စကားပြောချင်တယ်ဆိုရင် တစ်နာရီကြာတော့မှ ပြန်လာပေးပါ"
ကျိုကျာက ၎င်းအမျိုးသားကို ယဉ်ကျေးစွာပြောသည်။
"ဒီဆိုင်ရဲ့ဆိုင်းဘုတ်ကို အခမဲ့လုပ်ပေးမည့်အကြောင်း ပြောချင်တာပါ"
၎င်းအမျိုးသားက ယွမ်ကျိုးမကြားကြားအောင် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"အခမဲ့လား"
ယွမ်ကျိုးက ဤကိစ္စရပ်နဲ့ ပတ်သက်ပြီး အံ့ဩသွားသည်။ သို့သော်လည်း ၎င်းအမျိုးသားက သူနဲ့စကားပြောခွင့်ရရန် အချိန်တစ်နာရီ ထပ်စောင့်ရမည်။
အပိုင်း(၂၇၆)
ပြီးပါပြီ။