အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
ယွမ်ကျိုး အပိုင်း(၂၈၀)
“အမ်၊ ရှင်တို့အကူအညီ မလိုအပ်ပါဘူး။ သူငယ်ချင်းနဲ့ အတူတူ လာတာလေ”
ထိုစကားကိုပြောနေစဉ် ကောင်မလေးက သူ့သူငယ်ချင်းကို အနားဆွဲခေါ်လာသည်။ သူ့သူငယ်ချင်းက အမဲသားဘယ်ရီပေါင်မုန့်ညှပ်ကို အလွန်နှစ်သက်သူ ဖြစ်သည်။
ယွမ်ယွမ်က သူ့ကို ရုတ်တရက် ဆွဲခေါ်နေ၍ ဝိုင်းကြည့်နေသူများကို ဘုမသိဘမသိ ငေးကြောင်ကြည့်နေသည်။
“ယွမ်ယွမ်၊ နင် ငါ့ကို ကူညီမယ်မလား” ကောင်မလေးက ဒဲ့မေးသည်။
“အွန်း။ ကူညီမှာပေါ့”
ယွမ်ယွမ်က အခြေအနေကို ဘာမှန်း သေချာမသိသေးပေ။ သူ အတွေးလွန်နေ၍ မသိခြင်း ဖြစ်သည်။ ထို့နောက် တခြားစားသုံးသူများက သူတို့ကို အာရုံ မရှိတော့ဘဲ သုန်ပိုဝက်လက်ဟင်းလျာ အကြောင်းကိုသာ ဆွေးနွေးကြသည်။
တချို့က အွန်လိုင်းကိုအသုံးပြုပြီး သူ့မိတ်ဆွေများကိုပင် ဖုန်းခေါ်ရင်း အသိပေးလိုက်သေးသည်။
ဤမြင်ကွင်းကြောင့် ကျိုကျာ အတော်လေး ပျော်ရွှင်သွားသည်။ သူမက အချီကြီးပြုံးပြီး စားသောက်ဆိုင်ထဲ ပြန်ဝင်သွားကာ ညနေခင်း ဆိုင်ဖွင့်ချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
သို့သော်ငြားလည်း ဝူဟိုင်းက သူ့နာရီကို စိတ်ဝင်တစား ငေးစိုက်ကြည့်ပြီး ဆိုင်ဖွင့်မည့်အချိန်ကို စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့သည်။
“ဒီနာရီက နှေးနေတယ်မလား”
ဝူဟိုင်းက ဆတ်ဆတ်ထိမခံ ပြောလိုက်သည်။ သူ့ဘေးနားက ဖောက်သည်များကလည်း အတည်ပြုပေးသည်။
“အမှန်ပဲ နောက်ကျနေတယ်။ သူဌေးယွမ်ရဲ့နာရီက ပေကျင်းနာရီချိန်ထက် သုံးမိနစ် နောက်ကျနေတယ်”
“ဟုတ်တယ်။ နာရီက နှစ်ချို့နေပြီ”
ယွမ်ကျိုးက ခေါင်းညိတ်ကာ ပွင့်ပွင့်လင်းလင်း ပြောသည်။
“အချိန်ကိုက်ပေးရမလား”
ဖောက်သည်တစ်ယောက်က လိုလိုလားလား ကမ်းလှမ်းသည်။
“မလုပ်နဲ့တော့ နာရီတပ်ထားတဲ့နေရာက အရမ်းမြင့်လွန်းတယ်”
ယွမ်ကျိုးက ခေါင်မိုးထိလုနီးပါး နာရီကို ကြည့်ပြီး လေးကန်စွာ ပြောသည်။
“လှေကား ငှားမယ်လေ”
မန်မန်က ကမ်းလှမ်းသည်။
“မလိုအပ်ဘူး။ အခုလည်း အတော်လေး အဆင်ပြေတာပဲလေ။ ဒီမှာ သုံးမိနစ် ပိုနေရတာပဲ ရှိရုံလေ”
ယွမ်ကျိုးက လေးနက်စွာ ပြောသည်။
“ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ စိတ်ထဲ အဆင်မပြေသလို ခံစားရတယ်”
မန်မန်က တွေဝေသောအမူအရာဖြင့် အထွန့်တက်သည်။
သူမ၏ဝေဖန်မှုက ယွမ်ကျိုးကို ခေါင်းရှုပ်စေသည်။ ယွမ်ကျိုးက ပေကျင်းနာရီချိန်အတိုင်း ဆိုင်ဖွင့်ခြင်းမဟုတ်ဘဲ သူ့ဆိုင်မှာ သုံးသည့် နာရီချိန်အတိုင်း အတိအကျ ဆိုင်ဖွင့်ခြင်း ဖြစ်သည်။ စားသုံးသူအတွက်လည်း နစ်နာမှု မရှိပေ။
ရေနွေးတစ်ခွက်သာ တစ်နေ့လုံး သောက်ထားသည့် ဝူဟိုင်းအတွက် အချိန်သုံးမိနစ်က ကြာလွန်းနေသည်။
“အားလုံးပဲ ညနေခင်း ဆိုင်ဖွင့်ပါပြီ”
ဆိုင်ဖွင့်ရန် တစ်စက္ကန့်အလိုတွင် ကျိုကျာက ကြေညာလိုက်သည်။
ပထမဆုံး စားသုံးသူ ၁၀ဦးက အရင်ဆုံး ခုံနေရာယူသည်။ သူတို့က အစားအသောက်မှာယူရန် အသင့်ဖြစ်နေသည်။ ကျိုကျာက သူတို့အပြုအမူကို မြင်နေကြဖြစ်သည်။
စူပါမားကတ်တွင် အရွက်များကို အလုအယက် လာဝယ်လေ့ရှိသော လူအိုကြီးများနှင့် အသွင်တူနေသည်။ မနက်ခင်းတိုင်းတွင် ဈေးဝယ်စင်တာများက ဂေါ်ဖီထုပ်များကို ၀.၂၅ယွမ်ဖြင့် ရောင်းချလေ့ရှိသည်။ ကျိုကျာက ဈေးဝယ်စင်တာတွင် ငွေကိုင်အဖြစ် အလုပ်လုပ်ခဲ့ဖူး၍ သိနေခြင်း ဖြစ်သည်။
“မင်္ဂလာညနေခင်းပါ။ မင်း ပြန်ရောက်နေပြီလား”
ယွမ်ကျိုးက သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ဝူဟိုင်းကို ချက်ချင်း မျက်မှန်းတန်းမိသည်။
“အွန်း။ ဟင်းလျာအသစ်တွေပေးပါ”
ဝူဟိုင်းက ရက်ရက်ရောရော ပြောသည်။
“မင်း စားလို့မကုန်နိုင်ဘူး”
ယွမ်ကျိုးက ပြောသည်။
“ဟားဟား။ မင်းက ငါ့ရဲ့အစာစားနိုင်စွမ်းကို မသိလို့ပါ”
ဝူဟိုင်းက အထင်သေးဟန် ပြောသည်။
“မင်း မစားနိုင်ပါဘူး”
ယွမ်ကျိုးက ထိုစကားကိုသာ ထပ်တလဲလဲ ပြောသည်။
“နေ့ခင်းဘက်တုန်းက ရေတစ်ခွက်ပဲ သောက်ထားတယ်။ မနက်စာစားပြီးတည်းက ဘာမှ မစားရသေးဘူး။ ဟင်းလျာအသစ် စားချင်တယ်”
ဝူဟိုင်းက အလေးအနက်ထား ပြောဆိုသည်။
“မီနူးကို ကြည့်ပေးပါ။ တချို့ဟင်းလျာအသစ်တွေက မရသေးဘူး”
ယွမ်ကျိုးက ခဏနှုတ်ဆိတ်ပြီးမှ ပြောသည်။ ဝူဟိုင်းက သက်ပြင်းချလိုက်ပြီး စကားပြောသည်။
“ဒါဆိုရင် လက်တလော ရနိုင်သမျှ ဟင်းလျာအသစ်တွေကိုပဲ ပေးပါ”
“သုန်ပိုဝက်လက်ဟင်းလျာနဲ့ ငါးကင်ငွေမျှင်ခေါက်ဆွဲပဲ ရဦးမယ်”
ယွမ်ကျိုးက သူ့အလုပ်သင်ဝူဟိုင်းမှလွဲ၍ တခြားသူကို စိတ်ရှည်လေ့ မရှိပေ။
“နည်းလှချည်းလား။ ပျားရည်ကျောက်ပွင့်သုပ်ကရော”
ဝူဟိုင်းက မေးမြန်းလိုက်သည်။
“ပျားတွေရဲ့စိတ်အခြေအနေပေါ် မူတည်တယ်”
ယွမ်ကျိုးက ယခင်အတိုင်း ပြန်ဖြေသည်။
“ဒါဆိုရင် ဒီကနေ့ရော ပျားတွေရဲ့စိတ်အခြေအနေ ဘယ်လိုရှိလဲ”
ဝူဟိုင်းက တုံးအစွာ မေးမြန်းသည်။
“ပျားတွေရဲ့စိတ်ကို ငါက ဘယ်သိပါ့မလဲ။ ငါက စားဖိုမှူးလေ”
ယွမ်ကျိုးက ဝူဟိုင်းကို စိတ်ရှုပ်သောအမူအရာဖြင့် ကြည့်သည်။ ဆာလောင်မွတ်သိပ်လွန်းပြီး ရူးသွားသူကို ကြည့်နေသကဲ့သို့ ကြည့်နေသည်။
“…”
ဝူဟိုင်းက ယွမ်ကျိုးကြောင့် စိတ်ထဲ နင့်သွားသည်။
“စားစရာရှိတာပဲ အရင်စားတော့မယ်။ ဟင်းလျာအသစ်နှစ်ပွဲအပြင် ထမင်းဖြူတစ်ပွဲနဲ့ ဖရဲသီးဖျော်ရည်တစ်ခွက် ပေးပါ”
ဝူဟိုင်းက တဂွီဂွီမြည်နေသော အစာအိမ်ကြောင့် ယွမ်ကျိုး၏စကားကို လျစ်လျူရှုလိုက်သည်။
“သုန်ပိုဝက်လက်ဟင်း၊ ထမင်းဖြူနဲ့ ဖရဲသီးဖျော်ရည်ပေးပါ”
ဝက်လက်ဟင်းက အဆီများလိမ့်မည်မှန်း လင်းဟုန် သိနေသည်။ ထမင်းနှင့် အဆီများသောအစားအသောက်ကို တွဲဖက်စားလျှင် အကောင်းဆုံး ဖြစ်သည်။ ထို့အပြင် ရင်ချောင်သွားအောင် ဖရဲသီးဖျော်ရည်လေး သောက်သင့်သည်။
“အိုကေ ခဏစောင့်ပေးပါ”
ခေါင်းညိတ်ပြီးနောက် ယွမ်ကျိုးက ဟင်းလျာများ ပြင်ဆင်ရန် မီးဖိုချောင်ထဲ ပြန်သွားသည်။ ငွေပေးချေမည့်ကိစ္စကို ကျိုကျာ လုပ်ဆောင်လိမ့်မည်။
ယွမ်ကျိုးက မီးဖိုချောင်ထဲ ပြန်ရောက်သည်နှင့် ကြိုတင်ပြင်ဆင်ထားသော ဝက်လက်ဟင်းကို အရင်ဆုံး ပြင်ဆင်သည်။
၁၀မိနစ်ခန့်ကြာပြီးနောက် ယွမ်ကျိုးက ဟင်းလျာများကို ကောင်းစွာ ပြင်ဆင်ပြီး သူတို့ဆီ သယ်ဆောင်လာပေးရန် ကျိုကျာကို အချက်ပြသည်။
“ရှင်တို့နှစ်ယောက် မှာထားတဲ့ အစားအသောက်တွေပါ”
ကျိုကျာ ပြောသည်။
သူတို့နှစ်ယောက်က ဘေးချင်းကပ်ထိုင်နေပြီး အစားအသောက်ကို မြည်းချင်စိတ်ပြင်းပြနေ၍ ကျိုကျာကို အစားအသောက်များ ကူသယ်ပေးသည်။
သုန်ပိုဝက်လက်ဟင်းက စွဲဆောင်မှု အရှိဆုံး ဖြစ်သည်။ တစ်ကီလို နီးပါးရှိသော ဝက်လက်များကို ပန်းကန်ပြားပေါ်တင်ထားသည်။ အနီရောင်သမ်းသော အဆီအနှစ်များကို ဝက်လက်နှင့် ပန်းကန်ပြားဝန်းကျင် ဖြန့်ကျဲထားသည်။ အသားများသည့်အတွက် အသားနှစ်သက်သူများအတွက် သတင်းကောင်း ဖြစ်သည်။
“မဆိုးဘူးပဲ။ အသားလည်း တော်တော်ထူတယ်”
လင်းဟုန်က သေချာအကဲခတ်ပြီးနောက် စကားပြောသည်။
“ငါ့သူဌေးက မြန်မြန်စားဖို့ ပြောတာပါ”
ကျိုကျာက ဘေးကနေ အချိန်ကိုက် သတိပေးသည်။
“တကယ်လား ဘာအတွက်လဲ”
လင်းဟုန်က ချက်ချင်း စပ်စုလိုက်သည်။ ဝူဟိုင်းက သူ့ဘာသာသူ တစ်ယောက်တည်း အေးဆေး စားနေသည်။
“အားနာပါတယ်။ သူဌေးက အကြောင်းအရင်းကိုတော့ မပြောခဲ့ပါဘူး”
ကျိုကျာက ပျူငှာစွာ ပြောသည်။
“အမ်၊ ကောင်းပြီလေ။ နောက်မှပဲ ငါကိုယ်တိုင် မေးကြည့်တော့မယ်”
လင်းဟုန်က ပခုံးဆက်ခနဲ တွန့်လိုက်ပြီး ကျိုကျာက ဆက်လက် မနှောင့်ယှက်တော့ပေ။
“ကျေးဇူးတင်ပါတယ်”
ကျိုကျာက သူ့ကို ကျေးဇူးတင်စကားပြောပြီးနောက် တခြားစားသုံးသူများကို နှုတ်ဆက်သည်။
ထိုစဉ် ဝူဟိုင်းက ငါးကင်ငွေမျှင်ခေါက်ဆွဲကို အကြိုက်တွေ့နေသည်။ ထို့နောက် သူ မျှော်လင့်စောင့်စားခဲ့ရသည့် သုန်ပိုဝက်လက်ဟင်းလျာကို မြည်းစမ်းရန် တူကို ကိုင်လိုက်သည်။
အပိုင်း(၂၈၀)
ပြီးပါပြီ။
၂၈၁ မှ ၂၈၅
ယွမ်ကျိုး အပိုင်း(၂၈၁)
သုန်ပိုဝက်လက်ဟင်းလျာ၏ အဓိက ဆွဲဆောင်မှုက အသားထူခြင်းနှင့် မွှေးကြိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် နတ်သုဒ္ဓါဟုပင် ခေါ်လိုက်ချင်သည်။
“နတ်သုဒ္ဓါကို မြည်းကြည့်တော့မယ်”
ဝူဟိုင်းက ဝက်သားကို နည်းနည်းဖဲ့ပြီး သူ့ခံတွင်းထဲ ထည့်လိုက်သည်။ ခံတွင်းထဲရောက်သွားသော ဝက်သားက နူးညံ့လွန်းသည့်အတွက် ခံတွင်းထဲမှာပင် အရည်ပျော်သွားသည်။
“အရမ်းအရသာရှိတယ်”
သူက တစ်လုပ်ပြီးတစ်လုပ် ဆက်တိုက်စားသည်။ ဝူဟိုင်းက အငမ်းမရ စားသုံးရင်း ဘေးနားက ထမင်းဖြူကို စားရန် မေ့လျော့နေသည်။ ဝက်လက်က ၁ကီလိုဂရမ် ရှိသည့်အတွက် မကုန်မှာ စိုးရိမ်ရန် မလိုအပ်ချေ။ သူ့အတွက် တစ်ကီလိုဂရမ်က နည်းပါးလွန်းသည်။ လင်းဟုန်က ယခုထိ မစားရသေးပေ။
“စားလို့ကောင်းရဲ့လား”
ဝူဟိုင်း စားနေသောအမူအရာကို ကြည့်ပြီး လင်းဟုန်က မေးမြန်းခြင်း ဖြစ်သည်။
“မင်းဘာသာမင်း စားကြည့်ပေါ့”
ဝူဟိုင်းက တုံ့ပြန်သည်။ သူလည်း တွေဝေမနေဘဲ ပါးစပ်ထဲ ထိုးသိပ်ထည့်လိုက်သည်။ တကယ်ကို အရသာ ကောင်းမွန်လွန်းသည်။
“နူးအိလွန်းလို့ အရိုးတောင် ဝါးစားလို့ရနေပါလား။ အံ့ဩစရာပဲ”
လင်းဟုန်က စားနေရင်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။
“ကြည့်ပါဦး။ ယွမ်ကျိုး ချက်ထားတဲ့ ဝက်လက်ဟင်းမှာ အရိုး လုံးဝ မပါဘူး”
လင်းဟုန်နှင့် ဝူဟိုင်းစားနေသော မြင်ကွင်းကို စောင့်ကြည့်နေသည့် စားသုံးသူများက မနေနိုင် မထိုင်နိုင် ပြောဆိုကြသည်။ သူတို့ ဝယ်မစားနိုင်သည့်တိုင် ထိုင်ကြည့်နေရလည်း အဆင်ပြေသည်။
“တကယ်ပါ အရောင်အသွေးကတော့ တကယ်မိုက်တယ်။ ဒီ့ပြင် အသားက နူးညံ့နေတာပဲ”
ကောင်မလေးများက အသေးစိတ် ဝေဖန်သည်။
“စားကြည့်ရင် အရသာကို သိသွားလိမ့်မယ်” ယုံကြည်မှုလွန်းကဲပြီး မော်ကြွားနေသောအသံက ရုတ်ခြည်း ပဲ့တင်လာသည်။
လူအများစု၏စိတ်ဝင်စားခြင်းကို ခံရသော အမျိုးသား၏အသံ ဖြစ်သည်။ သူ့အလှည့်ရောက်လာလာချင်း တခြားသူများ၏ ဆွေးနွေးသံကိုကြားပြီး ဝင်ပြောခြင်း ဖြစ်သည်။
“ဟာသပဲ။ ဒီလောက်ဈေးကြီးတာကို ဝယ်စားနိုင်ပါ့မလား”
စားသုံးသူတစ်ဦးက စိတ်ထဲ ကျိန်ဆဲလိုက်ခြင်း ဖြစ်သည်။ သုန်ပိုဝက်လက်ဟင်းပွဲတစ်ပွဲလျှင် ၂၀၈၀ယွမ်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။
လက်ဖက်ကြက်ဥထက်ပင် ဈေးကြီးနေသေးသည်။ သို့သော်ငြားလည်း ဆံပင်ထောင်ထားသော လူချမ်းသာအမျိုးသားက သူ့စားမည့်ဟင်းလျာကို ချက်ချင်း မှာယူသည်။
“သုန်ပိုဝက်လက်ဟင်း၊ ထမင်းဖြူ၊ အမဲသားလွှာ၊ ယုန်သားလွှာ နဲ့ ဖီးနစ်အမြှီးပုစွန်ဟင်း”
“လူကြီးမင်း။ ကျွန်မတို့ဆိုင်မှာ စည်းမျဉ်းချမှတ်ထားပါတယ်။ အစားအသောက်တွေကို အလဟဿ ဖြစ်ခွင့်မရှိပါဘူး။ ဒါကြောင့်မို့..."
၎င်းအမျိုးသားက အစားအသောက် အများကြီး မှာယူနေ၍ ကျိုကျာက အသိပေးရသည်။
“နာမည်ပျက်စာရင်း သွင်းခံရမယ်ဆိုတာ သိပါတယ်။ အဲဒီလို ဖြစ်မှာ မဟုတ်တဲ့အတွက် မစိုးရိမ်ပါနဲ့။ ကုန်အောင်စားမှာပါ”
၎င်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
“ကောင်းပြီလေ။ ငွေအရင်ဆုံး ရှင်းပေးပါ” ကျိုကျာက ဈေးနှုန်းတွက်ချက်ပြီး ကျသင့်ငွေကိုပြောသည်။ ၎င်းကလည်း ဘဏ်ဖြင့် ငွေလွှဲသည်။ သို့သော်လည်း အကောင့်နာမည်က ထူးဆန်းနေသည်။ နာမည်ကတ်ကို ဖုံးကွယ်ထားသည်။
ကျိုကျာ နှင့် ယွမ်ကျိုးတို့က ဤဖြစ်စဉ်ကို ဘာမှ မသိခဲ့ပေ။ ထိုကြောင့် ကျိုကျာက လက်ခံငွေကို စစ်ဆေးပြီးနောက် ဟင်းလျာစာရင်းကို ယွမ်ကျိုးအား သတင်းပို့သည်။
ဟင်းလျာအများကြီးကို တစ်ယောက်တည်း မှာယူခြင်းက လူအများ၏စိတ်အာရုံကို ဖမ်းစားနိုင်သည်။ သို့သော်လည်း ၎င်းက တခြားသူ၏အမြင်အာရုံကို ဂရုမစိုက်ချေ။ အေးအေးဆေးဆေး ထိုင်ခုံမှာ ထိုင်ရင်း သူ မှာယူထားသော အစားအသောက်များကို စောင့်နေသည်။
ယွမ်ကျိုး၏ချက်ပြုတ်နှုန်းဖြင့် ဟင်းလျာများကို အမြန်ဆုံး ချက်ပြုတ်နိုင်သည်။ မိနစ်၂၀အတွင်းမှာပင် မှာယူထားသော ဟင်းလျာအားလုံး ချက်ပြုတ်သွားသည်။ ၎င်းအမျိုးသားက ဟင်းလျာတစ်မျိုးချင်းစီကို သေချာ အရသာမြည်းသည်။
နဂိုက မော်ကြွားသောအမူအရာ ပျောက်ကွယ်သွားသည်။ နောက်ဆုံးစားသော ဟင်းလျာက ဝက်လက်ဟင်းနှင့် ထမင်းဖြူ ဖြစ်သည်။ တကယ်ကို အရသာရှိသည်။ သို့သော်လည်း သူ စားလို့ကုန်ခါနီး ကြားလိုက်ရသော စကားသံကြောင့် ရယ်ချင်စိတ်ကို ထိန်းချုပ်မရပေ။
“ဝက်လက်ဟင်းက ဘာများကောင်းလို့လဲ။ ပွဲတိုင်းလိုလိုမှာ အဲဒီဟင်းလျာကို စားဖူးတယ်။ ထူးခြားမှု သိပ်မရှိပါဘူး။ ကြက်ဥထမင်းကြော်ပဲ စားတော့မယ်”
တခြားသူက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။ ဝူဟိုင်းနှင့် လင်းဟုန်က အစားအသောက်ကို အာရုံစိုက်နေ၍ စကားပြန်ပြောချိန်မရခင် ၎င်းအမျိုးသားက လူပါးဝသော အမူအရာဖြင့် မောက်မောက်မာမာ ပြောဆိုသည်။
“မင်း မဝယ်စားနိုင်တာနဲ့ ပေါက်ပန်းလေးဆယ် မပြောစမ်းနဲ့။ ဒီဆိုင်က ဟင်းပွဲတစ်ပွဲ ဝယ်စားပြီး မင်းစားခဲ့ဖူးတဲ့ သာမန် အစားအသောက်နဲ့ နှိုင်းယှဉ်ကြည့်စမ်းပါ”
“ဪ ဟုတ်လား”
“ဝက်လက်ကို ရှေးခေတ်ကလူတွေက နတ်သုဒ္ဓါကို ခေါ်ခဲ့ကြတယ်။ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ သာမန်ပါပဲ”
၎င်းအမျိုးသားက ခဏတုံ့ဆိုင်းပြီးနောက် ဆက်ပြောသည်။
“ဝက်လက်ရဲ့အဓိပ္ပါယ်က ကောင်းချီးပေးတာပဲ။ ခုခေတ်လူတွေနဲ့ မတူဘူး။ အရင်ခေတ်ကလူတွေက စိတ်ဝင်စားစရာကောင်းတယ်”
“တောင်ပိုင်းမှာဆိုရင် ဝက်လက်ကို တိဘန်လို့ခေါ်သေးတယ်။ အောင်မြင်မှုဆိုတဲ့ သဘောဆောင်တယ်။ စာမေးပွဲအောင်မြင်ဖို့ မျှော်လင့်ချက်နဲ့ အဲဒီဟင်းပွဲကို လက်ဆောင်အနေနဲ့ ပေးတယ်”
“သဘောပေါက်ပြီ။ ဝက်လက်နဲ့ ပတ်သက်ပြီး အများကြီး ဗဟုသုတ မရှိခဲ့ဖူးဘူး။ အခုမှပဲ သေချာသိတော့တယ်။ ဗဟုသုတလည်း တိုးသွားတာပေါ့”
ဖောက်သည်အများစု တအံ့တဩဖြစ်သွားသည်။ ခဏကြာမှ လူတွင်ကျယ် အမျိုးသားက အဓိကအချက်ကိုပြောသည်။
“ငါက ဒီဟင်းလျာရဲ့နောက်ခံသမိုင်းကြောင်းကို အသေးစိတ် ပြောပြနေရုံပဲ။ မင်းတို့နားလည်အောင် ပြောပြနေတာလေ”
သူ့မော်ကြွားသောအပြုအမူက လျော့သွားခြင်း မရှိပေ။
“အမလေး၊ တော်ရုံလေး လူတွင်ကျယ် လုပ်စမ်းပါ။ ဝယ်မစားရသေးဘဲ သူသိသူတတ် လုပ်နိုင်သေးတယ်”
မော်ကြွားသောအမျိုးသားက ၎င်းအမျိုးသားကို မထီမဲ့မြင်ကြည့်လိုက်သည်။
“ဟုတ်ပါတယ်။ မင်းပြောတာ မှန်ပါတယ်။ ဝယ်မစားရသေးပါဘူး။ သုန်ပိုဝက်လက်ဟင်းက ဘာမှ ထူးခြားမှုမရှိပါဘူး။ ဝက်လက်ကို ရေနွေးပူပူထဲထည့်ပြုတ်ပြီး ဟင်းအနှစ်တွေ၊ အရသာမှုန့်တွေ ရောထည့်ပြီး ချက်ထားတာလေ”
“တန်ဖိုးမရှိတဲ့ အစားအသောက်တွေနဲ့ လာမနှိုင်းယှဉ်စမ်းနဲ့”
“ထားလိုက်တော့။ သူဌေးယွမ် ချက်တဲ့ နည်းလမ်းကိုပဲ ပြောတော့မယ်။ ဒါမှ မင်းတို့ကိုယ်မင်းတို့ အရမ်း အထင်ကြီးသွားမှာလေ”
ယွမ်ကျိုးကလည်း ၎င်းအမျိုးသားကို စိတ်ဝင်တစား ကြည့်နေသည်။ သာမန်လူများက သူ့ဟင်းချက်နည်းလမ်းကို မသိနိုင်လောက်ချေ။ ၎င်းအမျိုးသားကရော ထူးခြားမှု ရှိမည်နည်း။
အပိုင်း(၂၈၁)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၈၂)
"ငါက အစားအသောက်အကြောင်း ပြောနေတာလေ။ မင်းက ငါ့ကို ဘာလို့ ကျိန်ဆဲရတာလဲ''
သူ့မျက်နှာက အရှက်ရသော ခံစားချက်ကြောင့် အနီရောင်သန်းနေသည်။
"အားနာပါတယ် ဒါပေမဲ့ အမှန်တရားပြောနေတာပဲလေ''
မော်ကြွားနေသော အမျိုးသားက သူ့ဆံပင်ခပ်တိုတိုကို ပွတ်သပ်ရင်း စိန်ပြေနပြေ ပြောသည်။
"ဟေ့လူ..."
၎င်းက သူ့ကို အပြစ်ဖို့ချင်သော်လည်း သူမပြောခင် စကားဖြတ်ပြောခံရသည်။
"အိုကေ၊ ပေါက်တတ်ကရ မပြောစမ်းနဲ့။ သူဌေး၊ သုန်ပိုဝက်လက်ဟင်းတစ်ပွဲ ထပ်ပေးပါ"
မော်ကြွားနေသော အမျိုးသားက လိမ္မာပါးနပ်စွာ ပြောသည်။
"တောင်းပန်ပါတယ် လူကြီးမင်း။ တူညီတဲဟင်းလျာကို ထပ်မှာလို့ မရပါဘူး"
ယွမ်ကျိုးက ချက်ချင်း ပြန်မဖြေ၍ ကျိုကျာက သူ့ကိုယ်စား ရှင်းပြခြင်း ဖြစ်သည်။
တခြားသူများ၏မေးခွန်းနှင့် စပ်လျဥ်းပြီး ယွမ်ကျိုးက ဖြေရှင်းလေ့ မရှိပေ။ အကြောင်းမူကာ စကားပြောရန်ပင် ငြီးငွေ့သောကြောင့် ဖြစ်သည်။
"ဟမ် ''
"အားနာပါတယ်''
ကျိုကျာက လေးနက်သောလေသံဖြင့် တောင်းပန်စကားဆိုသည်။
"ထားလိုက်ပါတော့ မင်းတို့ကို ဒဲ့ပြောလိုက်မယ်။ ဒီကိစ္စကို ငါ မှတ်မိနေလို့ တော်သေးတယ်''
သူ့လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူက လင်းဟုန်၏အရှေ့က ပန်းကန်ပြားအလွတ်ကို ညွှန်ပြသည်။
“ဝက်လက်က အရိုးမပါတဲ့အပြင် အထဲမှာ တစ်ခုခု သွပ်ထည့်ထားတယ်။ ပင်လယ်စာလို ချိုချိုမြမြ အရသာရှိပေမဲ့ ညှီနံ့ မရဘူး။ ဒီပြင့် သူဌေးယွမ်က သကြား မသုံးထားဘူး ဟုတ်တယ်မလား”
၎င်းအမျိုးသားက အခိုင်အမာ ပြောဆိုသည်။
“ဒါက မဖြစ်နိုင်ဘူး။ ဝက်လက်ကို သကြားမသုံးရင် နီညိုရောင်သန်းပါမလား”
မယုံကြည်သူတစ်ဦးက ကျယ်လောင်စွာ ထအော်သည်။
“မင်းက နေရာတကာ ဝင်ပါတာပဲ”
ယွမ်ကျိုးက သူ့မေးခွန်းကို ပြန်ဖြေမည့် အစီအစဉ် မရှိမှန်း မြင်တွေ့ရသောအခါ ၎င်းအမျိုးသားက စကားဝင်ပြောသူကို အထင်သေးဟန်ကြည့်သည်။
“သူ မသုံးဘူးလို့ ငါ ပြောရင် သူ တကယ်မသုံးလို့ပေါ့။ မင်း ဉာဏ်ရည်နဲ့ ဟင်းအိုးဆူရုံလေး တည်တယ်ဆိုတဲ့ စကားလုံးတောင် သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့တရုတ်ဘာသာသင်ဆရာ ဘယ်သူလဲဆိုတာ ငါ စိတ်မဝင်စားဘူး”
၎င်းအမျိုးသားက စကားဖြတ်ပြောသူကို တစ်ချက်ကြည့်ပြီး စကားဆက်ပြောသည်။
“ဝက်လက်ကို မီးအေးအေးနဲ့ ဆူရုံလေး ပြုတ်တယ်”
ယွမ်ကျိုးက ပြန်မဖြေ၍ ၎င်းအမျိုးသားက ဆက်ပြောသည်။
“မီးစောစော ကြိုပိတ်မိရင် ဝက်လက်က အဝါရောင်သန်းမယ်။ အချိန်တော်တော်ကြာမှ ပိတ်မိရင် ခရမ်းရောင်သန်းမယ်။ အဲတော့ အထဲက အဆီတွေလည်း မကျက်တော့သလို အသားအရသာကလည်း ဆိုးရွားသွားမယ်။ သူ့ဟင်းချက်လက်ရာ တော်တော်ကောင်းလို့သာ နီညိုရောင်သန်းတဲ့ အနေအထား ရောက်တာလေ”
စားပွဲခုံပေါ် တည်ခင်းထားသော သုန်ပိုဝက်လက်ဟင်းကို ညွှန်ပြရင်း ၎င်းအမျိုးသားက အခိုင်အမာ ပြောဆိုသည်။
“ဒါက သေချာမှန်ကန်တဲ့ ဆန်းစစ်ဝေဖန်မှုပဲ။ အသားထဲ သကြားမထည့်ထားပေမဲ့ အရသာက ချိုနေတယ်။ အံ့ဩစရာပဲ”
ဝက်လက်ဟင်း မှာယူထားသော ကောင်မလေးက တစ်လုပ်စားကြည့်လိုက်သည်။ ထို့နောက် သူမ တအံ့တဩ ထအော်ခြင်း ဖြစ်သည်။
“သူဌေးယွမ်ရဲ့လက်ရာက တကယ်ကို အံ့မခန်းပဲလေ”
မော်ကြွားသောမျက်နှာတွင် စစ်မှန်သော အထင်ကြီးလေးစားမှုကို ဖော်ပြထားသည်။
“အမှန်ပဲ သူဌေးယွမ်က တကယ် ထူးချွန်တယ်လေ။ ခင်ဗျားကို ချီးမွမ်းနေတာ မဟုတ်ဘူး”
ကြားဖြတ်ပြောသူက အရှုံးကို လက်မခံချင်၍ သူဌေးယွမ်ကိုသာ ချီးမွမ်းစကားပြောလိုက်သည်။
“သာမန်ရွက်ကြမ်းရေကျိုတစ်ယောက်ရဲ့ မိမိကိုယ်ကိုယ် အားပေးနှစ်သိမ့်တဲ့ အပြုအမူပဲ”
၎င်းက တိတိပပ ချေပသည်။
“ငါ နင်နဲ့ စကားမပြောချင်ဘူး”
ကြားဖြတ်ပြောသူက သူ့ခံစားချက်ကို ထုတ်ပြောသည်။
“ဝက်လက်ဟင်းတောင် ချက်ဖို့ အရည်အချင်း လိုအပ်တယ်။ ငါ အရင်တုန်းက စားခဲ့ဖူးတဲ့ ဝက်လက်ဟင်းက ဘယ်လိုများ နူးညံ့နေလဲ မသိဘူး”
ဖောက်သည်တစ်ယောက်က သူ့ကိုယ်သူပင် သံသယဝင်လာသည်။
ဧည့်ခံပွဲများတွင် သုန်ပိုဝက်လက်ဟင်းကို အကြိမ်ပေါင်းများစွာ စားခဲ့ဖူးသည်။ သို့သော်လည်း သူတို့စားခဲ့ဖူးသည့် ဝက်လက်ဟင်းနှင့် ယွမ်ကျိုးချက်ထားသော ဝက်လက်ဟင်းက တူညီပါ့မလား သံသယ ဝင်လာသည်။
“အထဲမှာ တစ်ခုခု ထည့်ထားတယ်လို့ ပြောတယ်နော်”
ဖောက်သည်က ကောင်မလေး၏အရှေ့က ဝက်လက်ဟင်းကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေသည်။
“အရောင်အဆင်းက ပယင်းရောင်သန်းနေပြီ တကယ်အရသာရှိတယ်”
အားလုံး မျှော်မှန်းထားသည့်အတိုင်းပင် ကောင်မလေးက ဝက်လက်ဟင်း၏အလယ်သားကို စားလိုက်သည်။
သူမက အလယ်သားကို ဖယ်ထုတ်လိုက်ပြီး ကျောက်ကျောကဲ့သို့ နူးညံ့သော အရာလေးကို အသားနှင့်အတူတူ ရောစားခြင်း ဖြစ်သည်။ သူ့ခံတွင်းထဲရောက်သည်နှင့် ကောင်မလေးက ချက်ချင်းဆိုသလို ချီးမွမ်းသည်။
အထင်ကြီးလောက်သည့် အတွေ့အကြုံရှိသော လူတွင်ကျယ်အမျိုးသားကို တစ်စုံတစ်ရာ မေးမြန်းရန် ကြံရွယ်လိုက်စဥ် ၎င်းက ရုတ်တရက် ပျောက်ကွယ်သွားသည်။
“ဟိုလူ ဘယ်ထွက်သွားတာလဲ။ လူတွင်ကျယ်လုပ်ပြီး ပျောက်သွားသလားပဲ” ဖောက်သည်တစ်ယောက်က မကျေမနပ် ပြောဆိုသည်။
တခြားတစ်ဖက်တွင်မူ ကောင်မလေးက ဝက်လက်တစ်ဝက်ခန့်ကို ကုန်အောင်စားလိုက်သည်။ သူ့ဘေးနားက သူငယ်ချင်းကို သတိရသွား၍ အင်တင်တင်ဖြင့် အစာစားခြင်းကို ရပ်တန့်လိုက်ရသည်။
“အရမ်းအရသာရှိတယ်။ ငါ မှားသွားပြီလို့တောင် ထင်မိတယ်။ ဒီဝက်လက်က သေးလွန်းတယ်။ ယွမ်ယွမ် နင်တခြားဟာ မှာလိုက်ပါလား”
ကောင်မလေးက သူ့သူငယ်ချင်းကို မကျွေးချင်၍ တခြားဟင်းလျာ မှာယူခိုင်းသည်။ အတူတူ စားရန် ကတိပေးထားခြင်းကိုပင် မေ့လျော့သွားသည်။
“ကောင်းပြီလေ။ ငါ့ကိုလည်း သုန်ပိုဝက်လက်ဟင်းတစ်ပွဲ ပေးပါ။ ရှောင်ယွမ်လိုပဲ” ယွမ်ယွမ်က ပွင့်ပွင့်လင်းလင်း ပြောသည်။
“အမ်၊ အားနာပါတယ်။ ရှောင်ယွမ်က ဟင်းလျာမဟုတ်ပါဘူး”
ကျိုကျာက တအံ့တဩ ပြန်ပြောသည်။
“ဒါဆိုရင် ကြက်ဥထမင်းကြော်ပေး”
ယွမ်ယွမ်က တခြားဟင်းလျာ မှာယူသည်။
“အိုကေ ခဏစောင့်ပေးပါ”
ကျိုကျာက အလျင်အမြန် ပြန်ဖြေသည်။
“အွန်း”
ယွမ်ယွမ်က ခေါင်းညိတ်သည်။ ကောင်မလေး၏ ဝက်လက်စားနေသော အမူအရာကိုကြည့်ပြီး စားသုံးသူ တစ်ဦးက မနေနိုင် မထိုင်နိုင် မေးမြန်းလိုက်သည်။
“ဒါက ဘာလဲ။ ဟိုလူပြောတဲ့ ပင်လယ်စာလား”
“ဒါက ဘယ်လို ပင်လယ်စာမျိုးလဲ။ ဟုတ်ပါ့မလား”
စားသုံးသူက မယုံကြည်နိုင်ပေ။ ပင်လယ်စာက မွှေးကြိုင်သော်လည်း အရသာရှိအောင် ဟင်းခတ်အမွှေးအကြိုင်များ သုံးပေးရသည့်အတွက် မယုံကြည်ခြင်း ဖြစ်သည်။
ယွမ်ကျိုးက သူတို့ကျေနပ်လောက်သော အဖြေပေးမည့် အစီအစဉ် မရှိပေ။
“ဝူဟိုင်း။ အဲဒီဟင်းလျာကို မင်း ဝယ်စားတည်းက ငါတို့ကို တစ်ခုခုတော့ ပြောပြပေးသင့်တယ်လေ။ ငါ သိချင်လှပြီ”
အားလုံးက ဝိုင်းမေးသည်။
“အနီရောင်ရေမှော်”
လင်းဟုန်က ဝူဟိုင်းထက် အရင်ဆုံးဖြေလိုက်သည်။
“အနီရောင်ရေမှော် ဟုတ်လား”
စားသုံးသူအားလုံး၏မျက်နှာတွင် သူတို့ကို ကျီစယ်နေသည်ဟု ဖော်ပြနေသည်။ အနီရောင်ရေမှော်က အရှေ့တောင်ဒေသ၏ ပင်လယ်ကမ်းခြေတစ်လျှောက် ကျောက်တုံးပေါ်မှာ ပေါက်ရောက်သော အပင်တစ်မျိုး ဖြစ်သည်။ အရွက်က မိုးမခပင်နှင့်တူပြီး အမြစ်က ပယင်းရောင် ရှိသည်။
“ဟုတ်တယ်။ အနီရောင်ရေမှော်ကို ကျောက်ကျောလိုဖြစ်အောင် ပြုတ်လိုက်တယ်။ သူ ဘာထည့်လိုက်လို့ ခဲသွားလဲတော့ ငါလည်း မသိဘူး။ ဒီပြင့် နူးညံ့ ချောမွေ့နေတာပဲ”
လင်းဟုန်က ခံစားချက်အပြည့်ဖြင့် ပြောသည်။
“အဲဒီလိုလား”
စားသုံးသူများက တအံ့တဩပြောသည်။
“သုန်ပိုဝက်လက်ဟင်းက ယွမ်၂၀၀၀ မက တန်တယ်လို့ ဘာလို့များ ခံစားမိနေတာလဲ။ အရမ်း ဈေးမကြီးနေသလိုပဲ”
“လက်ရာကောင်းလို့ ပေးရတာ တန်တယ်လို့ ခံစားမိတာလေ”
“နောက်ဆိုရင် သုန်ပိုဝက်လက်ဟင်းကို နောက်တစ်ပွဲ ထပ်စားခွင့်ပေးဖို့ မျှော်လင့်ရတာပဲ”
စားသုံးသူတစ်ဦးက ရုတ်တရက် ထပြောသည်။
“တခြားစားကောင်းတာတွေလည်း ရောင်းပေးဖို့ မျှော်လင့်တယ်”
“ဘဲသားဟင်းလည်း ကောင်းကောင်း ချက်တတ်လောက်တယ်”
“နောက်တော့ ရမှာပါ”
ဤတစ်ကြိမ်တွင်တော့ ယွမ်ကျိုးက လေးနက်စွာ ပြောသည်။
“အိုကေ။ ငါတို့တွေ စောင့်မျှော်နေပါ့မယ်” စားသုံးသူတစ်ဦးက ချက်ချင်း ပြန်ပြောသည်။
“သူဌေးယွမ် ခင်ဗျားရဲ့ဟင်းချက်လက်ရာက တစ်နေ့ထက် တစ်နေ့ပိုကောင်းလာတယ်။ ဒီထက်မက ပိုကြိုးစားရင် ကောင်းကင်ဘုံစားဖိုမှူးအဆင့် ဖြစ်သွားလိမ့်မယ်။ ဒီလို လက်ရာတွေကောင်းနေတော့ အလုပ်ကိစ္စနဲ့ ခရီးသွားရမှာတောင် မသွားချင်တော့ဘူး” လင်းဟုန်က ယွမ်ကျိုးကို ကြောက်လန့်တကြား ငေးကြည့်နေသည်။
“အဆင်ပြေတဲ့အချိန် လာစားပေါ့”
ယွမ်ကျိုးက တည့်ပြောသည်။
“ဒီလိုလုပ်ပါလား။ ငါ ခရီးထွက်ရင် ခင်ဗျားက ငါ့နောက်လိုက်ခဲ့ တစ်နေ့ ယွမ် ၁သောင်းပေးမယ်”
လင်းဟုန်က ရုတ်တရက် အကြံပေါ်လာသည်။
“ဝူဟိုင်း၊ ခင်ဗျားရော ဘယ်လိုလဲ”
လင်းဟုန်က သူ့ဘေးနားက ဝူဟိုင်းကို ကြည့်လိုက်သည်။
“လင်းဟုန် မင်းကို အကြံပေးမယ်”
ဝူဟိုင်းက သူ့မုတ်ဆိတ်လေးကို ပွတ်သပ်ရင်း ပြုံးသည်။
“ငါက ဒီအတိုင်းပြောတာ ခင်ဗျားလို မဟုတ်ဘူး”
လင်းဟုန်က ခပ်တန်းတန်း ပြောသည်။ ဝူဟိုင်းက သူ့အစားအသောက်ကို တခြားသူ လာလုလျှင် ဘယ်လို တုံ့ပြန်တတ်လဲ သူ ကောင်းကောင်းသိသည်။
“အွန်း၊ မင်းက ငါ့လောက် မချမ်းသာတာ ငါ သိတယ်။ ကျိုကျာ ငါ့ကို အစုံလိုက် ကြက်ဥထမင်းကြော်ပေးဦး”
ဝူဟိုင်းက ရက်ရက်ရောရော ပြောသည်။
အပိုင်း(၂၈၂)
ပြီးပါပြီ။