အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
ယွမ်ကျိုး အပိုင်း(၂၈၃)
"ငါ့ကို ငွေမရှိဘူးလို့ ပြောချင်တာလား"
လင်းဟုန်က သရော်သလို ခံစားမိသည်။ သူ့လို ဒုတိယတန်းစား လူချမ်းသာမျိုးဆက်တစ်ယောက်အနေနဲ့ ငွေပြတ်လပ်စရာ အကြောင်းမရှိပေ။ ဝူဟိုင်းက သူ့ကို အထင်သေးသည့်စကားမျိုး ပြောရဲသေးသည်။
"ငါစားစရာရှိတာ ဆက်စားတော့မယ်"
ဝူဟိုင်းက လင်းဟုန်နှင့် စကားဆက်ပြောချင်သောဆန္ဒမရှိပေ။
"ကောင်းပြီလေ။ ခင်ဗျားက အရင်တုန်းကလိုပဲ ငတ်ပြတ်ပြီး ဒုက္ခရောက်နေတာ။ ကျွန်တော်ကတော့ အိမ်ပြန်တော့မယ်။ စောင့်နေတဲ့လူတွေရဲ့အကြည့်တွေက အာရုံနောက်စေတယ်"
လင်းဟုန်က ပခုံးကို ဆတ်ခနဲတွ့န်လိုက်သည်။ ပြင်ပမှာ စောင့်ဆိုင်းနေရသော ဖောက်သည်များကလည်း စောင့်ဆိုင်းနေရသည်မှာ တကယ်ကို ကြာပြီဖြစ်ပါသည်။
ဟင်းလျာအသစ်ကြောင့် ယွမ်ကျိုးက စားသောက်ဆိုင်က လူရှုပ်နေစဉ် ဝူကျိုးက ယွမ်ကျိုး၏စားသောက်ဆိုင်ကို အခမဲ့ကြေညာပေးနေသည်။
"ဝမ်နန်း၊ ငါတို့တွေ တခုခု သွားစားကြမလား"
ဝူကျိုးက ခေါင်းလေးကိုမော့လိုက်ပြီးတော့ သူ့ဘေးနားကလူကို ကြည့်လိုက်ပြီးတော့ စကားပြောလိုက်သည်။ ဝူကျိုး အလုပ်လုပ်နေသည့် နည်းပညာကုမ္ပဏီက ကုမ္ပဏီကြီးဖြစ်သည့်အပြင် ကုမ္ပဏီခွဲများလည်း ရှိသည်။ ရုံးခွဲများစွာရှိသည့်ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်သည်။
သူ့ဘေးနားရှိလူက ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဖြူဖျော့သောအသားအရောင်ရှိသည့်အတွက် အားနည်းသူဟု ထင်ရသည်။ ဝူကျိုး၏လက်အောက်မှာ အလုပ်လုပ်ရန် စီစဉ်ပေးခံရ၍ ကုမ္ပဏီသို့ ရောက်လာခြင်း ဖြစ်သည်။
"အမ်"
ဝမ်နန်းက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။
"ငါတို့ ဒီမှာ အချိန်ပိုလုပ်ရမယ်ဆိုရင်တောင် စားစရာရှိတာကို စားရမယ်။ အစာမစားဘဲ လုပ်လို့ ဘယ်ရမလဲ။ တစ်ခုခု သွားစားကြမယ်လေ။ ငါစားနေကြဆိုင်သေးသေးလေးကို မင်းကို ခေါ်သွားမယ်။ အဲ့ဒီဆိုင်ကို ရောက်သွားရင် မင်းပြန်ဖို့တောင် အင်တင်တင်ဖြစ်သွားမှာ သေချာတယ်"
ဝူကျိုးက ယုံကြည့်မှုအပြည့်ဖြင့် သူ့ရင်ဘတ်သူ ပုတ်လိုက်သည်။
"အမ် နင်က ဒကာခံမှာလား"
ကျောက်ယွင်ကျွင်းက ခေါင်းကိုမော့လိုက်ပြီးတော့ မေးမြန်းလိုက်သည်။
"ဒါပေါ့။ ဝမ်နန်းက ဝန်ထမ်းအသစ်လေ။ ငါက သူ့ကို ဒကာခံရမှာပေါ့"
ဝူကျိုးက ချက်ချင်း ပြန်ပြောသည်။ သို့သော်လည်း ခေါင်းကိုက်သည့်ဝေဒနာကို အနည်းငယ်ခံစားမိသည်။ သူ့ကောင်မလေး ပေးထားတဲ့အိတ်ဆောင်ငွေက တဖြည်းဖြည်း နည်းသထက်နည်းပါးလာပါသည်။
"ဒီတစ်ခါ သဘောကောင်းနေပါလား။ ခင်ဗျားက တကယ့်ကို လူကောင်းပဲ။ ဒီညီအစ်ကိုကိုတောင် ခင်ဗျားက တစ်ခါမှ ဒကာမခံဖူးဘူးနော်"
ကျောက်ယင်ကျွင်းက မနာလိုဟန်ဖြင့် ပြောသည်။
"အပိုတွေ မပြောစမ်းနဲ့။ ငါက ဝမ်နန်းကိုပဲ ပြောနေတာ"
ဝူကျိုးက မထီမဲ့မြင်အမူအရာဖြင့် သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"အွန်း အားနာပါတယ်။ ကျေးဇူးလဲ အရမ်းတင်ပါတယ်။ ဒါပေမယ့် မသွားချင်ဘူး"
ဝမ်နန်း၏ဖြူဖျော့နေသောမျက်နှာအမူအရာက ရှက်သွေးဖြာနေသည်။ ဝူကျိုးကို ငြင်းပယ်ရန် အတော်လေးကြိုးစားအားထုတ်ခဲ့ရပုံ ပေါ်လွင်နေသည်။
"အားနာနေဖို့ မလိုဘူး။ ဒီကောင် ရက်ရက်ရောရောနဲ့ ကမ်းလှမ်းတာက ရှားရှားပါးပါးပဲ။ အခုပဲ သွားကြမယ်"
ကျောက်ယင်ကျွင်းက သူ့ကို သွားကြဖို့ ကမ်းလှမ်းသည်။
"အားနာပါတယ်"
ဝမ်နန်းက ခေါင်းကို တစ်ချိန်လုံးငုံ့ထားပြီး တစ်ဖက်လူကို မကြည့်ပဲ တုံးတုံးအအဖြင့် တောင်းပန်စကားပြောသည်။
"ကိစ္စမရှိပါဘူးလေ။ မင်းဆုံးဖြတ်ချက်အတိုင်း နေခဲ့တော့ပေါ့။ ငါတို့ပဲ သွားစားတော့မယ်"
"နောက်တစ်ခေါက်မှပဲ သွားစားတော့မယ်"
ဝမ်နန်းရဲ့ဆုံးဖြတ်ချက်ခိုင်မာသော အမူအရာကို မြင်တွေ့ပြီးနောက် ဝူကျိုးက သူ့ကို ဖြောင်းဖျခြင်းကို ရပ်တန့်လိုက်ပြီး ပြုံးရွှင်စွာပြောလိုက်သည်။
"ငါသွားတော့မယ်။ မင်းရော မစားချင်ဘူးလား"
ဝူကျိုးက ကျောက်ယင်ကျွင်းကို သူ့နောက်လိုက်ရန် အလျင်အမြန် အချက်ပြသည်။ ကျောက်ယွင်ကျွင်းကလည်း ခေါင်းကိုညိတ်လိုက်ပြီး ဝူကျိုးနှင့်အတူ ကုမ္ပဏီမှ မထွက်ခွာခင် ပစ္စည်းများကို ရှင်းလင်းလိုက်သည်။
"ဟူး သက်ပြင်းတောင်ချမိတယ်"
သူတို့ထွက်သွားသောမြင်ကွင်းကို ကြည့်ပြီး ဝမ်နန်းက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်သည်။ သူဟာ ဒီကုမ္ပဏီမှာ အလုပ်လုပ်ခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း တခြားသူများနှင့် စကားပြောလေ့မရှိပေ။ သူ့ကို ပညာသင်ကြားပေးသည့် ဝူကျိုးနှင့် သူ့ဘေးနားမှာ အနီးကပ်ထိုင်သည့် သူ့၏စီနီယာခေါင်းဆောင်လည်းဖြစ်သည့် ကျောက်ယင်ကျွင်းနှင့်သာ စကားပြောလေ့ရှိသည်။
"နောက်မှသွားလည်း ကိစ္စတော့ မရှိပါဘူး"
ဝမ်နန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တိုးလျသောအသံဖြင့် ပြောလိုက်သည်။ ကုမ္ပဏီမှထွက်လာသော်လည်း ကျောက်ယင်ကျွင်းက စိတ်မကျေနပ်သောအမူအရာကို ဖော်ပြသည်။
"ဒီကောင် နည်းနည်းတော့ လွန်နေသလိုပဲ။ တစ်မျိုးတော့ တစ်မျိုးပဲ။ မင်းရော ဘယ်လိုထင်လဲ"
"သိပ်ပြီး စိတ်ထဲမတွေးစမ်းပါနဲ့။ သူက အားနာနေလို့ ဖြစ်မှာပါ"
ဝူကျိုးက လူသစ်အကြောင်းကို အရမ်းသိနေသကဲ့သို့ ပြန်ပြောသည်။
"မင်းရော ဒီလိုထင်တာလား"
ကျောက်ယင်ကျွင်းက အနည်းငယ် သံသယဝင်မိသည်။ ဝမ်နန်းက ပုံမှန်ဆိုလျှင် စကားသိပ်မပြောသည့်အတွက်ကြောင့် သူ့ရဲ့အကျင့်စာရိတ္တကို တကယ် မသိပေ။
အရင်တစ်ခေါက်တုန်းက ဝမ်နန်း သန့်စင်ခန်းဖက်သွားတုန်းက အဖြစ်အပျက်ကို ဝူကျိုး ပြန်လည်တွေးမိသည်။ သူပေးတဲ့အလုပ်တာဝန်ကို တခြားသူများကိုတောင် အသိမပေးဘဲ နောက်တစ်နေ့ နေ့လည်ခင်းရောက်တဲ့အထိ အလုပ်လုပ်ခဲ့သည်။ သူ့မျက်နှာအမူအရာကို မကောင်းသည့်အတွက် ဝူကျိုးက မေးမြန်းမှသာ ဤအကြောင်းကို သိခွင့်ရခဲ့ခြင်းဖြစ်သည်။
"သူ့ပုံစံကြည့်ရတာ အလုပ်တော့ သေချာလုပ်ပါတယ်။ ဒါကြောင့်မို့လည်း အရည်အချင်းရှိတာပေါ့။ သူက အလုပ်အရမ်းကြိုးစားတဲ့အတွက်ကြောင့် တခြားသူတွေနဲ့တောင် စကားသိပ်မပြောဘူး။ ဒီပတ်ဝန်းကျင်အသစ်နဲ့ အသားမကျသေးတာလည်း ဖြစ်နိုင်တယ်။ သူက လန်နန်းစီရင်စုက ကုမ္ပဏီခွဲကနေ လာတာလို့တော့ ပြောတယ်"
ဝူကျိုးက အဓိကအချက်ကိုပြောသည်။
"အခုဆိုရင် သူက မင်းရဲ့လက်အောက်မှာလုပ်နေတာဆိုတော့ တခြားသူထက် မင်းက သူ့အကြောင်းကို သိမှာပေါ့"
ကျောင်ယင်ကျွင်းက ဝူကျိုးအတွက် စိုးရိမ်စိတ်ဖြစ်မိ၍ ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။ ဝန်ထမ်းအသစ်က လူကောင်းဖြစ်နေရင် ပိုကောင်းလိမ့်မည်။
"ဒီကောင်က အရမ်းကို အလုပ်ကြိုးစားလွန်းတယ်။ နောက်တစ်ခေါက်ဆိုရင် ငါတို့နဲ့အတူတူ ခေါ်သွားမယ်လေ။ စကားလေးဘာလေးပြောရင်းနဲ့ ခင်မင်ရင်းနှီးသွားတာပေါ့"
ဝူကျိုးက ပြုံးရွှင်စွာဖြင့်ပြောလိုက်သည်။ သူက ပေါ့ပေါ့ပါးပါးနေတတ်သော စိတ်နေသဘောထားရှိသည့်အတွက် တခြားသူများနှင့် အလွယ်တကူရင်းနှီးဖော်ရွေနိုင်သည်။
"မင်းသာ ဒကာခံမယ်ဆိုရင် ငါ့အတွက်က ကိစ္စမရှိပါဘူး။ ဆိုင်မှာ ဟင်းလျာအသစ်ရောင်းတယ်လို့ သတင်းကြားတယ်နော်"
ကျောင်ယင်ကျွင်းက တည်ငြိမ်သောအမူအရာဖြင့် ပြောသည်။
"အဲ့ဒီအကြောင်းကို မတွေးနဲ့ဦး။ ငါ့မိန်းမက ငါ့ကို အိတ်ဆောင်ငွေအနေနဲ့ ပေးထားတဲ့ငွေက အများကြီးမရှိဘူး"
ဝူကျိုးက ကျွမ်းရှင်းမူအကြောင်းကို ပြောသည့်အခါတိုင်း ချိုသာပြီး မော်ကြွားသောအမူအရာ ပေါ်လွင်သည်။
"မင်းဟာကလည်း ရွံစရာကောင်းလိုက်တာ။ အခုပဲ သွားမယ်။ ငါ့ကို လာကြွားမနေစမ်းနဲ့"
အသက် ၂၀ကျော်အထိ တစ်ကိုယ်တည်းလူပျိုဖြစ်နေသည့် သူ့အတွက် ဝူကျိုး၏ကြွားဝါသောပုံစံက သူ့အတွက် မုန်းစရာကောင်းနေသည်။ တစ်ကိုယ်တည်းလူပျိုကြီးတွေက လူ့ပတ်ဝန်းတစ်ခုလုံးရဲ့ကာကွယ်မှုနဲ့ ဂရုစိုက်မှုကို လိုအပ်သည်။ သူတို့ဟာ အရှေ့ကိုဆက်ပြီး လမ်းလျှောက်သွားသည်။
တခြားတစ်ဖက်တွင်မူ ဝမ်နန်းက သူနေ့လည်စာစားရန် ယူလာသည့် ပေါင်မုန့်အပိုင်းအစလေးကို ထုတ်၍ အမဲသားခြောက်နှင့်အတူ စားကာ ဒိန်ချဉ်ပါသောက်သည်။ သူက နေ့လည်စာစားဖို့အတွက် အပြင်မထွက်ချင်ပေ။ သူ့မျက်နှာအမူအရာက ကုမ္ပဏီမှ ထွက်သွားရန်ပင် ပျင်းရိနေသောအမူအရာကို ဖော်ပြနေသည်။
ညလယ်ခင်းဆိုင်ပိတ်ချိန်သို့ ရောက်သောအခါ ယွမ်ကျိုးက သူ့အိမ်ခန်းပြတင်းပေါက်မှတစ်ဆင့် ရှန်းမင် နောက်ဆုံးကားပေါ် တက်သွားသောမြင်ကွင်းကို ငေးကြည့်နေသည်။ ရှန်းမင်ကားပေါ်တက်သွားမှသာ သူက စိတ်ချလက်ချ ထိုင်ခုံပေါ် ထိုင်လိုက်သည်။ ထို့နောက် ယနေ့ရောင်းချရသော အမြတ်ငွေကို တွက်ချက်လိုက်ပြီး ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ပိုနေကြောင်းကို တအံ့တဩတွေ့ရသည်။
"ဝူဟိုင်းဆိုတဲ့ကောင်က တကယ့်ကို လူချမ်းသာပဲ။ အများကြီးစားနိုင်တယ်"
ငွေပိုငွေလျှံလေးကို ယူပြီးတော့ ယွမ်ကျိုးက ဝူဟိုင်းကြောင့် အမြတ်ငွေတိုးလာသည်ဟု တထစ်ချယူဆမိသည်။ သို့သော်ငြားလည်း သူ့ရဲ့နှုတ်ခမ်းထောင့်လေးက အပေါ်သို့ တွန့်ကွေးသွားသည်။ အဲ့ဒီဝူဟိုင်းက ညနေခင်းအရက်ဆိုင်ပိတ်မည့်အချိန်ထိ ဆိုင်မှာထိုင်ပြီး ချန်းဝေ၏အရက်ကို တောင်းသောက်နေသည်။ ထိုသို့ တွက်ချက်နေရင်း ကျေနပ်အားရဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"အိမ်တစ်လုံးတော့ ဝယ်သင့်ပြီထင်တယ်"
ယွမ်ကျိုးက သူရင်းနှီးနေသောပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးတော့ သက်ပြင်းချလိုက်သည်။ ခဏရှာကြံပြီးနောက် ယွမ်ကျိုးက ဘဏ်ကတ်ကို ထုတ်ယူလိုက်သည်။
ဘဏ်ကတ်က ရွှေရောင်အဆင်းရှိပြီး ရွှေရောင်ကတ်ဟု ပြောနိုင်သည်။ ဤကတ်ကို ယွမ်ကျိုး အသုံးပြုရသောအကြောင်းအရင်းက ရိုးရှင်းသည်။ ရွှေရောင်ကတ်ကို အသုံးပြုပြီး ငွေထုတ်လျှင် ဘဏ်မတူသည့်တိုင် လွှဲခမပေးရချေ။ တခြားသောဝန်ဆောင်မှုတွေကိုတော့ သူ ရှင်းရှင်းလင်းလင်း မသိသေးပေ။
"ဒီငွေတွေနဲ့ဆိုရင် ငါ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်"
ယွမ်ကျိုးက ပျော်ရွှင်စွာ ပြုံးလိုက်သော်လည်း မော်ကြွားသောအမူအရာကို မဖော်ပြခဲ့ပေ။
တကယ်တမ်းတော့ ယွမ်ကျိုးက သာမန်ဘဝတစ်ခုကိုသာ ပိုင်ဆိုင်ချင်သည်။ နယ်မြို့လေးတစ်ခုမှာ စားသောက်ဆိုင်လေး ဖွင့်ချင်သည်။ စားသောက်ဆိုင်မှာ ကြက်ဥထမင်းကြော်၊ ခေါက်ဆွဲပြုတ်၊ အမဲသားလွှာ၊ သုန်ပိုဝက်လက်ဟင်းများကို ရောင်းချချင်သည်။ ထိုအစားအသောက်များက သူအကြိုက်ဆုံးသော အစားအသောက်များဖြစ်သည်။ သူကိုယ်တိုင်ချက်ပြုတ်ထားသည့် အစားအသောက်များဖြစ်၍ သူလည်း ဂျီးမများပေ။ သည့်အပြင် တခြားမတူညီသောဟင်းလျာတွေလည်း ရောင်းချရဦးမည်။
စီးပွားရေးကောင်းမွန်သည့်တိုင် ယွမ်ကျိုးက သတ်မှတ်ထားသောအချိန်သို့ ရောက်လျှင် ဆိုင်ပိတ်လေ့ရှိသည်။ ထို့နောက် ဖယ်ရီကားလေးကို စီးပြီးတော့ ၅၀၀ မီတာအကျယ်အဝန်းရှိသည့် သူ့ရဲ့ဗီလာသို့ သူ ပြန်ခဲ့သည်။ စကားတစ်ခွန်းမှ မပြောပဲနဲ့ သာမန်ဘဝမှာ ပျော်မွေ့ချင်သည်။
"သိုသိုဝှက်ဝှက်နေတာပဲ ကောင်းပါတယ်"
ဘဏ်ကတ်လေးကို ဆုပ်ကိုင်ရင်းနဲ့ ယွမ်ကျိုးက တွေဝေစွာ ပြောလိုက်သည်။ အိမ်ဝယ်တာက တကယ့်ကို အရေးကြီးတဲ့ကိစ္စဖြစ်သည်။တိတ်တဆိတ်အစီအစဉ်ဆွဲပြီးတဲ့နောက် သူဟာ ရေမိုးချိုးသန့်စင်ပြီးတော့ အိပ်ရာထဲသို့ ဝင်လိုက်သည်။
၅၀၀ မီတာ ကျယ်ဝန်းသည့်အပန်းဖြေစံအိမ်ကို ပိုင်ဆိုင်ချင်သည့်ဆန္ဒက သူ့ရဲ့အိပ်မက်ဖြစ်သည်။ ထို့ကြောင့်လည်း သူ့ရဲ့အိပ်မက်ကို တွေးတောခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ လလယ်မှာ ရာသီဥတုက အနည်းငယ်အေးနေသည်။ ထိုနည်းတူစွာ ခွေးလေးစွပ်ပြုတ်က သိုးမွှေးစောင်လေးနဲ့ နွေးထွေးကာ ပျော်မွေ့နေသည်။ ယွမ်ကျိုးရဲ့စားသောက်ဆိုင်အပြင်ဖက်မှာ အနားယူရင်းနဲ့ စိတ်အေးလက်အေး အိပ်စက်နေသည်။ သိုးမွှေးစောင်ကို ယွမ်ကျိုးကိုယ်တိုင် ဝယ်ပေးထားခြင်းဖြစ်သည်။
ယွမ်ကျိုးစားသောက်ဆိုင်ရဲ့ အနောက်ဖက်ကို အရိပ်မဲတစ်ခုက ချဉ်းကပ်လာသည်။ မြေကြီးပေါ်မှာ လှဲလျောင်းနေသည့်စွပ်ပြုတ်လေးက အဲ့ဒီလူကို မြင်သည့်တိုင် မဟောင်ဘူး။
"လသာနေသည့်နေ့မှာမှ ငါက အပြင်ကို ထွက်လာတယ်ဆိုတာက တကယ့်ကို မဆိုးတဲ့အကြံအစည်ပဲ"
ကြည်လင်နေသည့်အသံက ည၏တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။ ဆံပင်ခပ်တိုတိုရှိတဲ့ အရပ်ရှည်ရှည်အမျိုးသားက အမှောင်ထဲမှာ မတ်တတ်ရပ်နေသည်။ သူက သေသပ်တဲ့အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေသံမကြားအောင် ခြေလှမ်းလှမ်းနေသည်။
လသာတဲ့ညမှာ သူက ယွမ်ကျိုး၏
စားသောက်ဆိုင်ကို ချဉ်းကပ်လာသည်။ နေ့အချိန်မှာတော့ သူက ဆရာကြီးအထာနှင့် ယွမ်ကျိုး၏စားသောက်ဆိုင်သို့ လာခဲ့ဖူးသည်။ အဲ့အမျိုးသားက တခြားသူတော့ မဟုတ်ပေ။ စကားကြီးစကားကျယ်များကို ပြောခဲ့တဲ့ မော်ကြွားတဲ့အမျိုးသားဖြစ်သည်။ သူက ယွမ်ကျိုးစားသောက်ဆိုင်ရဲ့နောက်တံခါးဆီသို့ တည့်တည့်မတ်မတ် လမ်းလျှောက်လာပြီး တံခါးပေါက်နားမှာ မတ်တတ်ရပ်နေသည်။ သူ့ရဲ့ပုံစံက မကောင်းတာတစ်ခုခုကို ကျူးလွန်ရန် ပြင်ဆင်နေပုံ ပေါ်လွင်နေသည်။
အပိုင်း(၂၈၃)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၈၄)
"အနောက်တံခါးက ဟာကွက်ပိုများပုံပဲ" မော်ကြွားသူ၏လှုပ်ရှားမှုတိုင်းက သတိရှိနေပြီး အထူးသဖြင့် သူ့အသံက တိုးလျနေသည်။
မော်ကြွားသူက နောက်တံခါးသော့ကို သေချာ အကဲခတ်နေသည်။
သူက မီးထိုးလိုက်ပြီး သော့ပေါက်ကို သေချာကြည့်နေသည်။ ထို့နောက် သူက အနီးကပ် သေချာကြည့်သည်။
အချိန်အတော်ကြာသွားသည်။
ထို့နောက် ကောင်မလေး၏ကလစ် အရွယ်အစားရှိသော ညှပ်ကို သူ့အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။ ထို့နောက် ညှပ်ကို ကွေးလိုက်ပြီး သော့ပုံစံဖော်သည်။
"ငါ့လက်ရာက မိုက်သားပဲ" ထိုစကားကိုပြောလိုက်စဉ် ၎င်းက သော့နှင့်တူသော ညှပ်ကို သော့အိမ်ထဲ ထည့်လိုက်သည်။
ခဏကြာသည့်တိုင် သော့ပွင့်သွားသောအသံကို မကြားရပေ။
"စိတ်ဝင်စားစရာပဲ" ညှပ်ကို သော့အိမ်မှ ပြန်ထုတ်လိုက်ပြီး ညှပ်ပုံစံ မပျက်ယွင်းသွား၍ သူ အံ့ဩနေရသည်။
သော့နှင့်တူသော ညှပ်ကို သော့အိမ်ထဲ ထပ်ထည့်လိုက်သော်လည်း အချိန်အတော်ကြာသည့်တိုင် ပြောင်းလဲမှု မတွေ့ရပေ။
"အရမ်းထူးဆန်းတယ်။ သော့မပွင့်တဲ့အပြင် ညှပ်ကလည်း ပုံစံမပြောင်းသွားဘူး" အကောင်းပကတိအတိုင်း ရှိနေသော ညှပ်ကို ကိုင်ဆောင်ရင်း ဒွိဟ ဖြစ်နေသည်။
သူက တံခါးနား လှည့်ပတ် လမ်းလျှောက်လိုက်သည်။
"သော့အတုများလား" သူက သံသယစိတ်ဖြင့် ပြောလိုက်သည်။
ထိုစဉ် သူက လက်လှမ်းလိုက်ပြီး တံခါးလက်ကိုင်ဘုကို လှည့်ရန် ဟန်ပြင်သည်။ လက်ကိုင်ဘုကို လှည့်လိုက်သည့်တိုင် တံခါးဖွင့်မရချေ။
"တကယ် သော့အတုပဲ။ ပိုမိုက်တာပေါ့"
စိတ်ပျက်အားလျော့မည့်အစား ၎င်းက စိတ်လှုပ်ရှားသော အမူအရာကို ဖော်ပြသည်။
သူက အရသာရှိသော အစားအသောက်များကို ခိုးစားသော သူခိုးဖြစ်သည်။ အထူးသဖြင့် အရသာရှိသော ဟင်းချက်ပစ္စည်းများ ခိုးယူခြင်းကို နှစ်သက်သည်။ သူ့ကိုယ်သူ ဂုဏ်သရေရှိသူခိုးဟုပင် ယူဆထားသည်။
သူက ခိုးယူလာသော ပစ္စည်းများအတွက် အခကြေးငွေ ပေးသည့်အတွက် သူခိုးဟု မသတ်မှတ်သင့်ပေ။
ယခု အခက်အခဲကြုံနေသော်လည်း သူ့လို ဝါရင့် ပုဂ္ဂိုလ်အတွက် ကြီးကြီးမားမား ပြဿနာရပ် မဟုတ်ပေ။
"သော့မရှိဘူးဆိုတော့ တခြားနည်းလမ်း ပြောင်းကြည့်ရတာပေါ့" ထို့နောက် သူ့ကုတ်အင်္ကျီထဲမှ ခေါက်ထားသော ချွန်မြသော ပေါက်တူးကို ထုတ်လိုက်သည်။
"မြေတူးမယ်" ၎င်းက နောက်တံခါးရှေ့က အပြာရောင်အခင်းကျောက်ပြားကို ဖယ်ရှားသည်။
အရှေ့ဘက်တံခါးမှာ စောင့်ကြပ်နေသော ခွေးစွပ်ပြုတ် ရှိနေနိုင်သည်။ နာခံတတ်သော ကျောက်တုံးများထက် ခွေးက ပို၍ ရင်ဆိုင်ရ ခက်ခဲသည်။
အပြာရောင် အခင်းကျောက်တုံးများကို ဖယ်ရှားလိုက်သောအခါ မြေကြီး ပေါ်လာသည်။ ထိုမှသာ ၎င်းက ကျေနပ်ဟန် ပြုံးသည်။ သူက သားရေလက်အိတ်ကို ဝတ်ဆင်ပြီး ပေါက်တူးဖြင့် မြေတူးသည်။ သူက အသံမထွက်အောင် တိတ်တဆိတ် ပြုလုပ်ခြင်း ဖြစ်သည်။
နောက်တံခါးမှာ ပွဲကောင်းနေသော်လည်း ယွမ်ကျိုးက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး အိပ်မက်ပင်မက်နေသည်။ ယွမ်ကျိုး၏လက်တလောအိပ်မက်က စနစ်၏အတားအဆီးများကို ဖြတ်ကျော်ပြီး ကျွမ်းကျင်စားဖိုမှူး ဖြစ်လာသည်။
"မြေသား တော်တော်ပျော့တာပဲ ခဏနေရင် အိမ်ထဲ ဝင်လို့ ရလောက်တယ်"
ယွမ်ကျိုး၏စားသောက်ဆိုင်ကြမ်းခင်းက ကြွေပြားခင်းထားခြင်း မဟုတ်ဘဲ အပြာရောင်အခင်းကျောက်များစီထားမှန်း သတိပြုမိသည်။ မြေတူးရင်း အတားအဆီးတစ်ခုကို မတော်တဆ တိုက်မိသွားသည်။
"ကျောက်တုံးတွေကို တိုက်မိတာပဲ"
၎င်းက လက်လွတ်စပယ် သဘောထားသည်။ သူက လက်အိတ်ဖြင့် ကျောက်တုံးကို နှိုက်ထုတ်လိုက်သည်။ ခဏအကြာမှာ သူ မှင်တက်သွားသည်။
"ဒါက ဘာလဲ"
တွင်းပေါက်ကို နှိုက်ကြည့်လိုက်သောအခါ အတွင်းဘက်မှာ ပြားနေသော မျက်နှာပြင်ကို တွေ့ရပြီး အပေါ်အောက်ရွှေ့ကြည့်သည့်တိုင် ပြောင်းလဲခြင်း မရှိပေ။
"ဘယ်လိုကျောက်တုံးမျိုးမို့ အရမ်းကြီးနေရသလဲ"
သူက ယုံကြည်ရန် အင်တင်တင် ဖြစ်နေသည်။ တွင်းပေါက်နားက မြေကြီးကို သေချာတူးဖော်လိုက်သည်။
"စိတ်တိုစရာပဲ" မြေကြီးတူးပြီးနောက် အမှန်တရားကို မြင်တွေ့လိုက်ရ၍သာ မကျေမနပ် ပြောဆိုခြင်း ဖြစ်သည်။
သူ့အရှေ့ ပေါ်လာသည့်ပစ္စည်းက အံ့ဩဖွယ်ရာ နံရံကြီး ဖြစ်နေသည်။ သာမန်နံရံဆိုလျှင် အုတ်မြစ်အနေဖြင့် တည်ဆောက်ထားသည်ဟု သတ်မှတ်နိုင်သည်။သူ့အရှေ့နံရံကာသတ္ထုနံရံဖြစ်ပြီး ရိုက်ကြည့်လျှင် အသံထွက်ပေါ်လာသေးသည်။ သူ ခဏ တွေဝေသွားသည်။ ထို့နောက် သူက မကျေမနပ် ငြီးတွားရင်း ပေါက်တူးဖြင့် မြေဆက်တူးသည်။
"အခြေအနေ ဘယ်လိုလဲဆိုတာ စောင့်ကြည့်ရတာပေါ့"
အနီးအနားဆိုင်ခန်းများနှင့် ယွမ်ကျိုး၏အရက်ဆိုင်တစ်လျှောက်မှာ သတ္ထုနံရံများ ရှိနေသည်။
"ဟူး စိတ်ပျက်စရာပဲ။ လမ်းကြားထဲက စားသောက်ဆိုင်လေးရဲ့ အစားအသောက်တွေ ခိုးချင်ရုံပဲလေ။ ရွှေတွင်းသူခိုး လုပ်နေရသလိုပဲ"
သူ့အမြင်အာရုံထဲ ဝင်ရောက်လာသည့် တောက်ပသော သတ္ထုနံရံကို ငေးကြည့်ရင်း နှုတ်ဆိတ်နေမိသည်။ သတ္ထုကို ခေါက်ကြည့်သည့်အသံကို နားထောင်ကြည့်ရုံဖြင့် ၂၀စင်တီမီတာ အထူရှိနိုင်သည်။
"ဒုံးပျံတွေ အန္တရာယ်က ကာကွယ်ဖို့ တည်ဆောက်ထားတာပဲ ဖြစ်ရမယ်"
၎င်းက ပေါက်တူးကို လွှင့်ပစ်လိုက်ပြီး တွေဝေနေသည်။ သူ့မော်ကြွားသောမျက်နှာက နည်းနည်း ရှုံ့မဲ့နေသည်။ နေရာစုံလှည့်ပတ်ခိုးဖူးသော်လည်း ဤစားသောက်ဆိုင်လေးမှာမှ ဒုက္ခရောက်နေခြင်း ဖြစ်သည်။
သူ လှောင်ပြုံး ပြုံးရုံသာ တတ်နိုင်သည်။
ပစ္စည်းတိုင်းကို စနစ်က ထောက်ပံ့ပေးထား၍ ယွမ်ကျိုးက အပြင်ဘက်မှ ဆူညံသံကို လုံးဝ မကြားရပေ။ နံရံမှာ အသုံးပြုထားသော အသံလုံစနစ်က ကောင်းမွန်လွန်းသည်။ စနစ်ကိုယ်တိုင် သတိပေးမှသာ သိနိုင်သည်။
"ခွေးနဲ့ ရင်ဆိုင်တာက ပိုကောင်းမယ်"
သူ့အဝတ်အစားပေါ်မှ ဖုန်မှုန့်များကို ခါရင်း ၎င်းက လွယ်လင့်တကူ လက်မလျှော့ခဲ့ပေ။
"ငါက နောက်ဖေးမြောင်းတူးပေးသလို ဖြစ်သွားတယ်"
၎င်းက သူ့ကိုယ်သူ ခနဲ့ပြီး ယွမ်ကျိုး၏နောက်ဘက်တံခါးဝန်းကျင်ကို နဂိုအတိုင်း ဖြစ်အောင် ပြန်လည်ပြုပြင်သည်။
ဤအလုပ်က သူ ကျင်လည်စွာ လုပ်ဆောင်နိုင်သော အလုပ်ဖြစ်သည်။
မနက် ၃နာရီ ၃၀မိနစ်ခန့်တွင် ပတ်ဝန်းကျင်က ပုံမှန်အနေအထား ပြန်ဖြစ်သွားသည်။ သူ မထွက်သွားခင် ပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးပြီး သူ့ပစ္စည်းများကို သိမ်းဆည်းသည်။
ယွမ်ကျိုးက ပုံမှန်အတိုင်း အိပ်ရာထသည်။ သူ အိပ်ရာမှ နိုးနိုးချင်း သတင်းကြီးက သူ့ကို စောင့်ကြိုနေသည်။
စနစ်က ဖော်ပြသည်။
"ဆိုင်ရှင်၊ လူတစ်ယောက်က ဆိုင်ရဲ့နောက်တံခါးကနေ ခိုးဝင်ဖို့ ကြိုးစားခဲ့ပါတယ်"
"ဟမ် ဘယ်လိုဖြစ်ရတာလဲ။ မနက်စောစောစီးစီးတုန်းက ဖြစ်တာလား"
ယွမ်ကျိုး တအံ့တဩ ဖြစ်သွားသည်။
ယခုလို ခိုးဝင်ရန် ကြိုးပမ်းသည့် လုပ်ရပ်ကို စနစ်က အဘယ်ကြောင့် သတိမပေးသနည်း။
စနစ်က ဖော်ပြသည်။
"ဆိုင်ရှင်၊ ဘေးကင်းလုံခြုံမှုအတွက် သတိပြုပေးပါ"
"အမ်၊ ငါ အန္တရာယ် ရှိတာလား"
ယွမ်ကျိုး ကတုန်ကယင် ဖြစ်သွားသည်။
စနစ်က ဖော်ပြသည်။
"အရသာရှိတဲ့ အစားအသောက်တွေကို ခိုးတဲ့သူခိုးပါ။ ထိပ်တန်း ဟင်းချက်ကုန်ကြမ်းပစ္စည်းတွေကို ခိုးချင်တာပါ"
ထို့နောက် စနစ်က အစားအသောက်သူခိုးနှင့် ပတ်သက်သော အချက်အလက်များကို ထုတ်ပြပြီး မနေ့ညဘက်က ဖြစ်ပျက်ခဲ့သည့် နောက်တံခါး၏အခြေအနေ ဗီဒီယိုကို ပြသပေးသည်။ နေ့ခင်းဘက်ကဲ့သို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။ ဗီဒီယိုကြည့်ပြီးနောက် ယွမ်ကျိုး နှုတ်ဆိတ်သွားသည်။
"ဒီလူဖြစ်နေတာ အံ့ဩစရာပဲ။ စနစ်၊ မင်းက သူ့ကို မတားဆီးဘူးလား"
ယွမ်ကျိုးက ပြဿနာကို ရုတ်ခြည်း တွေးမိသည်။
စနစ်က ဖော်ပြသည်။
"အဆင့်မြှင့်တင်ထားတဲ့ အသံလုံစနစ်က ဆိုင်ထဲ သူခိုးမဝင်အောင် ထိထိရောက်ရောက် တားဆီးနိုင်ပါတယ်"
"အသံလုံစနစ်လား"
ယွမ်ကျိုး နည်းနည်း ဒွိဟဖြစ်သွားသည်။
သို့သော်လည်း ယွမ်ကျိုးက ယခုအချိန်မှာ ခွေးလေးစွပ်ပြုတ်ကို ပို၍ စိုးရိမ်မိသည်။ သူခိုးက သူ လက်လျှော့မည် မဟုတ်ကြောင်း ပြောခဲ့၍ ဖြစ်သည်။
အပိုင်း(၂၈၄)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၈၅)
"စနစ်၊ ငါတို့ရဲ့ကာကွယ်စနစ်က ပြဿနာ မရှိဘူးမလား" စနစ်နှင့် အချိန်အတော်ကြာအောင် အတူရှိခဲ့၍ လှည့်ဖြားတတ်လွန်းသော စနစ်ကို သေချာမေးမြန်းသည်။
စနစ်က ဖော်ပြသည်။
"ဒီတောင်းဆိုမှုက စည်းမျဉ်းကို လိုက်နာပါတယ်"
"ဒါဆိုရင်ကောင်းတာပေါ့။ ဒီတာဝန် မင်းကို အပ်နှင်းလိုက်တော့မယ်" ယွမ်ကျိုးက စိတ်သက်သာရာ ရဟန် စကားပြောသည်။
ထို့နောက် ယွမ်ကျိုးက ချက်ချင်း ရေမိုးချိုး သန့်စင်လိုက်ပြီး အပြင်ဘက် အခြေအနေကို စစ်ဆေးကြည့်ရန် ပြင်ဆင်သည်။
"ဒုန် ဒုန် ဒုန်" ယွမ်ကျိုးက အောက်ထပ်သို့ အလောတကြီး ဆင်းလာသည်။
ယွမ်ကျိုးက နောက်ဘက်တံခါးကို ဖွင့်လိုက်သည်။
စနစ်က သူ့ကို မှတ်တမ်းဗီဒီယို မပြခဲ့လျှင် အခြေအနေက ပုံမှန်ဟု ထင်မိလိမ့်မည်။ မြေကြီးပေါ်မှာ အားနည်းချက် တစ်စုံတစ်ရာ မတွေ့ရပေ။
မြေကြီးသား အနေအထားနှင့် ပြောင်းလဲနေသော အပြာရောင် အခင်းကျောက်ပြားက သူ့သံသယကို သက်သေထူပေးသည်။
"အံ့ဩစရာပဲ။ ဒီကောင်က မြေအောက်လှိုဏ်ခေါင်းတူးတာလား။ ဒီလိုလုပ်ဖို့ အမေရိကန်ဇာတ်ကားတွေ အများကြီး ကြည့်ထားပုံပဲ" ယွမ်ကျိုးက ငြီးတွားပြောဆိုသည်။
သူ ထပ်မံစစ်ဆေးကြည့်မှ ယုံကြည်သက်ဝင်သွားသည်။
"ဆိုင်ငယ်မှာ လုံခြုံရေးအကာအကွယ် မရှိလောက်ဟု ထင်နေပုံပေါ်တယ် ဟားဟားပဲ ရမယ်" သူက သော့အိမ်ကို ကြည့်လိုက်သည်။
ထို့နောက် ယွမ်ကျိုးက တံခါးပိတ်လိုက်သည်။ သူ့အကျင့်အတိုင်း လမ်းလျှောက်ထွက်သည်။ ဘာပဲကြုံကြုံ မနက်ခင်းလေ့ကျင့်ခန်းကို မလွတ်ချင်ပေ။
မင်းသားလို ချောမောလာစေမည့် အခွင့်အရေး ဖြစ်သည်။
ယွမ်ကျိုးက အပြင်ထွက်ထွက်ချင်း ခွေးလေးစွပ်ပြုတ်အနား သွားသည်။
"ဟေ့ ၊ တခြားသူကျွေးတိုင်း လျှောက်စား မနေနဲ့" ယွမ်ကျိုးက သတိပေးသည်။
"..." စွပ်ပြုတ်က မြေကြီးပေါ်မှာ တုံဏိဘာဝေ လှဲလျောင်းနေပြီး သူ့ကို မတုံ့ပြန်ခဲ့ပေ။
"နားထောင်၊ ကြုံရာ လျှောက်မစားနဲ့" ယွမ်ကျိုးက ထပ်မံပြောကြားသည်။
ထို့နောက် ခွေးလေးစွပ်ပြုတ်က ယွမ်ကျိုးကို မျက်ဝန်းနက်များဖြင့် ငေးကြည့်လာသည်။
"မင်းကြားရင်လည်း ပြီးရော" ခွေးလေးက သူ့စကားကို နားလည်လိမ့်မည်ဟု ယွမ်ကျိုး ခံစားမိသည်။ ခွေးလေးက လူသားကဲ့သို့ ထက်မြက်မှု ရှိသည်။
ယွမ်ကျိုးက အနှေးလမ်းလျှောက်နေရင်း မနေ့ညတုန်းက စွပ်ပြုတ်၏အပြုအမူကို ပြန်လည်မြင်ယောင်မိသည်။
မနက်ခင်းပိုင်းတွင် ယွမ်ကျိုးက ပုံဖော်ထုဆစ်ရန် မုန့်လာဥ သွားဝယ်သည်။ တွန်းလှည်းဖြင့် လမ်းလျှောက်လာစဉ် ချစ်စဖွယ်ပြုမူနေသော စွပ်ပြုတ်ကို အမှတ်တမဲ့ လှမ်းမြင်သည်။
ဤမြင်ကွင်းကို စောင့်ကြည့်ရန် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သူ မတ်တတ်ရပ်နေသည့်နေရာမှလမ်းကြားထဲရှိနေသော စွပ်ပြုတ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
ခပ်လှမ်းလှမ်းမှ ကောင်မလေးနှစ်ယောက်က ရယ်ရယ်မောမော စကားပြောရင်း လမ်းလျှောက်လာသော မြင်ကွင်းကို လှမ်းမြင်သည်။ ထိုစဉ် စွပ်ပြုတ်က သူတို့အနား သွားပြီး ချစ်စဖွယ်ပြုမူသည်။
"အယ် အရမ်းချစ်ဖို့ကောင်းတယ်။ခွေးပွခွေးလေးပဲ" သတိပြုမိသွားသော ကောင်မလေးနှစ်ယောက်က ခါးကိုင်းလိုက်ပြီး ခွေးလေးစွပ်ပြုတ်ကို ပွတ်သပ်သည်။
ကောင်မလေး အနားကပ်လာသောအခါ ရှေ့တိုးလာပြီး ဝူဝူဟု အော်သံပြုသည်။ ထို့နောက် လှဲလျောင်းနေရာမှ ထလိုက်ပြီး အမြှီးလေးနှံ့ပြသည်။
"လိလိ နင့်မှာ စားစရာ တစ်ခုခု ရှိလား" ကောင်မလေးက နာခံတတ်သောခွေးလေးကို စိတ်လှုပ်ရှားစွာ ပွတ်သပ်ရင်း တခြားကောင်မလေးကို မေးမြန်းသည်။
"ရှိတယ်။ ငါကျွေးလိုက်မယ်" တခြားတစ်ယောက်က ချက်ချင်း ဖြေသည်။ သူက လက်ကိုင်အိတ်ကို ဇစ်ကိုဆွဲကာ အစားအသောက်တချို့ကို ထုတ်လိုက်ပြီး ခွေးလေးစွပ်ပြုတ်ကို ကျွေးသည်။
ချစ်စဖွယ်တိရိစ္ဆာန်လေးများကို မြင်တိုင်း အစာကျွေးခြင်းက ကြင်နာတတ်သော လူသားတို့၏အပြုအမူ ဖြစ်သည်။
ဤနည်းလမ်းဖြင့် ခွေးလေးစွပ်ပြုတ်က ဖြတ်သွားဖြတ်လာများကို အစာတောင်းလေ့ရှိသည်။ ကောင်မလေး အုပ်စု နှင့် စုံတွဲများထံမှ အစာတောင်းလေ့ရှိသည်။
ခဏကြာပြီးနောက် ခွေးလေးစွပ်ပြုတ်က ကျွေးထားသောမုန့်ကို မစားချင်သော အပြုအမူ ပြသသည်။
"သွားကြမယ်။ ကြည့်ဦး။ ခွေးလေးက မစားချင်ဘူး ထင်တယ်" သူ့ဘေးနားမှ လူငယ်က စိတ်မရှည်ဟန် ပြောသည်။
"ဖြစ်နိုင်ပါ့မလား။ ခွေးတွေက ဝက်ပေါင်ခြောက် ကြိုက်ပါတယ်" ကောင်မလေးက ခွေးလေးကို အစာစားရန် တိုက်တွန်းသည်။
"ခွေးလေး ဗိုက်ပြည့်နေလို့ ဖြစ်မှာပါ" လူငယ်လေးက သမရိုးကျ အကြောင်းပြချက်ပေးသည်။
"ဟင့်အင်း။ မဖြစ်နိုင်ပါဘူး။ ဗိုက်ပြည့်သွားရင် ငါ့လက်ကို လျှာနဲ့ယက်ပါ့မလား။ တခြားတစ်ခုခုသွားဝယ်ကြည့်ပါလား။ သူ့ကို စမ်းကျွေးကြည့်မယ်" သူ့လက်ဖဝါးကို လျှာဖြင့်ယက်နေ၍ အသဲယားကာ ခိုးခိုးခစ်ခစ် ရယ်မောသည်။
"ခွေးတောင် ဇီဇာကြောင်တယ်" လူငယ်က မကျေနပ်ဟန်ပြောသည်။
"မြန်မြန်သွား။ ခွေးက ချစ်စရာကောင်းတယ်။ အဲဒီခွေးလေးကို မွေးကြမလား" ကောင်မလေးက အကြံပြုသည်။
"ခွေးမွေးရလောက်တဲ့အထိ ငါတို့အိမ်က ကျယ်မယ်လို့ ထင်သလား" အမျိုးသားက မကျေမနပ်ပြောသည်။
"ဒါဆိုရင်လည်း ဝယ်စရာရှိတာပဲ မြန်မြန်သွားဝယ်ပါ။ ဘာလို့ အချိန်ဆွဲနေသလဲ" ကောင်မလေးက စိတ်ဆိုးမိသော်လည်း ခွေးလေးစွပ်ပြုတ်ကြောင့် ပြုံးစိစိ ဖြစ်သွားသည်။ ထို့နောက် သူမ၏ကောင်လေးကို ဆိုင် မြန်မြန်သွားရန် တိုက်တွန်းသည်။
"ငါ ဘာဝယ်သင့်လဲ။ ခွေးက ဝက်ပေါင်ခြောက်တောင် မစားဘူးဆိုတော့ သဘာဝကြီးကို ဆန့်ကျင်နေတာပဲ" အမျိုးသားက မကျေမနပ်ပြောဆိုသည်။
"ရေနဲ့ တခြားမုန့် သွားဝယ်လေ။ မြန်မြန်သွားပေးပါ" ထို့နောက် ကောင်မလေးက သူမ ဝယ်ချင်သော ပစ္စည်းကိုပြောသည်။
ထိုမှသာ ၎င်းအမျိုးသားက ကူကယ်ရာမဲ့အမူအရာဖြင့် သွားဝယ်သည်။ ခဏကြာပြီးနောက် ပေါင်မုန့် နှင့် ရေဝယ်ပြီး ပြန်ရောက်လာသည်။
"ပေါင်မုန့်က မင်းအတွက် ရေက ခွေးအတွက်ပဲ" လူငယ်လေးက ညွှန်ကြားသည်။
သို့သော်လည်း ကောင်မလေးက လျစ်လျူရှုထားပြီး ပေါင်မုန့်ထုပ်ကို ဖွင့်ကာ ခွေးကို ကျွေးကြည့်သည်။ စက္ကူခွက်လေးဖြင့် ခွေးလေးစွပ်ပြုတ်ကို ရေတိုက်သည်။
"ရေတောင်းသောက်တတ်သားပဲ" ယွမ်ကျိုး လက်ဖျားခါမိသည်။
"ဒီကောင်က ခွေးမဟုတ်တော့ဘူး။ လူသားထက်တောင် ဉာဏ်ကောင်းသေးတယ်"
ခွေးလေးစွပ်ပြုတ်က ကောင်လေးတွေကို မျက်နှာချိုသွေးလေ့ မရှိပေ။ ကောင်မလေးတွေ ချစ်အောင် ပြုမူပြီး အစာတောင်းလေ့ရှိသည်။
ခွေးလေးစွပ်ပြုတ်က ဉာဏ်ကောင်းလွန်း၍ လူစကားကို နားလည်လိမ့်မည်ဟု ယူဆထားသည်။
အနှေးလမ်းလျှောက်ခြင်းကို ပြုလုပ်ပြီးနောက် ယွမ်ကျိုးက မနက်စာ ပြင်ဆင်သည်။ ယနေ့ မနက်စာက စွန်မင်ကို အစမ်းလုပ်ကျွေးဖူးသည့် ယွမ်ရှောင်မုန့်ချို ပြုလုပ်ရန် ပြင်ဆင်သည်။
မုန့်သားကိုပြုတ်ပြီး အသင့်စားနိုင်အောင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရသည်။ အရေးကြီးဆုံးအချက်က မုန့်သားထဲ ဖြည့်မည့် အနှစ်ဖြစ်သည်။
ယနေ့ဆိုင့်ဖွင့်ချိန် နောက်ကျသည့်တိုင် ပထမဆုံးရောက်မည့်ဖောက်သည်က ဝူဟိုင်း ဖြစ်လိမ့်မည်။
"မင်္ဂလာနံနက်ခင်းပါ မနက်စာတစ်ပွဲပေးပါ" ဝူဟိုင်းက ဆိုင်ထဲသို့ စိမ်ပြေနပြေ လမ်းလျှောက်လာပြီး စိတ်အေးလက်အေးဖြင့် စကားပြောသည်။
"ငါ့ကိုလည်း တစ်ပွဲပေးပါ" မော်ကြွားသူ ဖြစ်သည်။ စနစ်ပြသော ဗီဒီယိုထဲကလူ ဖြစ်သည်။ အဝတ်အစား ပြောင်းလဲ ဝတ်ဆင်ထား၍ မော်ကြွားပုံပေါ်နေသည်။
"အိုကေ၊ ခဏစောင့်ပေးပါ။ ဒီမနက်ခင်းမှာ ယွမ်ရှောင်မုန့်ချို ရောင်းပါမယ်" ယွမ်ကျိုး မတုံ့ပြန်ခင် ကျိုကျာက မနက်စာကို စတင်မိတ်ဆက်သည်။
"ဟင်းလျာအသစ်ပဲ။ ဒီမနက်တော့ ငါ ကံကောင်းတာပဲ" ဝူဟိုင်း အလွန်ပျော်ရွှင်နေသည်။ သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း အစားအသောက် လာချပေးမည့် အချိန်ကို စောင့်ဆိုင်းနေသည်။
မော်ကြွားသူက အရှက်မဲ့စွာ ဆိုင်သို့ ရောက်လာခြင်း ဖြစ်သည်။ မနေ့ညတုန်းက သူခိုးလုပ်ရပ် လုပ်ခဲ့သည့်တိုင် ရှက်ရွံပုံ မပြချေ။
ခဏလေးအတွင်းမှာပင် ယွမ်ကျိုးက ကြိုတင်ပြင်ဆင်ထားသော ယွမ်ရှောင်မုန့်ချို လာချပေးသည်။
"မင်းတို့မှာထားတဲ့ မုန့်ချိုပါ။ သုံးဆောင်ကြပါ" ယွမ်ကျိုးက ဟင်းလျာကို ချပေးလိုက်ပြီး ယခုသုံးဆောင်နိုင်ကြောင်း အချက်ပြသည်။
"ကျေးဇူးတင်ပါတယ်" မော်ကြွားသူက တည်ငြိမ်စွာ ခေါင်းညိတ်သည်။ ထို့နောက် သူက ဇွန်းကို ထုတ်လိုက်ပြီး စားရန် ဟန်ပြင်သည်။
"မိလ္လာရေပိုက်က ဘယ်ဘက်နားမှာ ရှိတယ်။ မင်း မြေတူးရင်နဲ့ ထိမိတော့မလို့" ယွမ်ကျိုးက ရုတ်ခြည်း တည်ငြိမ်စွာ ပြောသည်။
"ကောင်းပြီ။ ငါ နားလည်ပြီ။ နောက်တစ်ခါ မဖြစ်စေရဘူး" သူက စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းခြင်း မရှိဘဲ မော်ကြွားသူက ချက်ချင်း ပြန်ပြောသည်။
"အွန်း" ယွမ်ကျိုးက ခေါင်းညိတ်ပြီးနောက် မီးဖိုခန်းဘက် ပြန်လာပြီး အစားအသောက်ပြင်ဆင်ခြင်းကို ဆက်လက်လုပ်ဆောင်သည်။
ထိုမှသာ မော်ကြွားသူက အရှက်မဲ့စွာဖြင့် အစားအသောက်၏ အရသာကို စတင်မြည်းသည်။
သူတို့နှစ်ဦးက အထူးဆန်းသူဆိုင်ပိုင်ရှင် နှင့် သူခိုး ဖြစ်သည်။
အပိုင်း(၂၈၅)
ပြီးပါပြီ။