အခန်း (၂၉၂-၂၉၄)
Vol. 20 Ch. 292-294
ယွမ်ကျိုး အပိုင်း(၂၉၂)
“ဟေ့ မင်းမျက်နှာက ဘာဖြစ်နေတာလဲ” လင်းဟုန်က ဝူဟိုင်း၏ပခုံးကို ပုတ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“အဆင်ပြေပါတယ်” ဝူဟိုင်းက သူ့မုတ်ဆိတ်လေးကို ပွတ်သပ်ရင်း ခပ်တန်းတန်း ပြန်ပြောသည်။
“သူ ဒီရက်ပိုင်း ဆိုင်မလာပေမဲ့ နောက်နောင် မလာတော့မယ့် သဘောမဟုတ်ဘူးလေ” လင်းဟုန်က ပခုံးဆတ်ခနဲ တွန့်ကာ အေးအေးလူလူ ပြောသည်။
“လေဒီလုအကြောင်း ပြောနေတာလား” အရပ်ပုပုလူက ဝင်မေးသည်။
“ဘာလို့လဲ။ မင်းလည်း သူ့ကို သိနေသလား” လင်းဟုန်က စိတ်ဝင်တစား မေးမြန်းသည်။
“ဒါပေါ့ သိတာပေါ့။ သူက မိန်းမလှလေးပဲလေ” အရပ်ပုပုလူက ပြုံးကာ ပြောသည်။
“ဘာလို့ မလာတော့တာလဲ သိလား” လင်းဟုန်က လေးနက်သောလေသံဖြင့် ထပ်မံမေးမြန်းသည်။
“အိမ်ပြောင်းသွားလို့လေ” အရပ်ပုပုလူက နောင်တရသောလေသံဖြင့် ပြောသည်။
“ပြောင်းသွားတယ် ဟုတ်လား။ ဘာလို့လဲ။ ဘယ်တုန်းကလဲ” ဝူဟိုင်းက အနည်းငယ် သံသယဝင်မိသည်။
“ခင်ဗျား ပန်းချီပြခန်း ဖွင့်ပြီး တစ်ပတ်ကြာတော့လေ” အရပ်ပုပုလူက ခဏတွေးကြံပြီး ပြန်ပြောသည်။
“ဒါဆို တော်တော်ကြာပြီပဲ” ဝူဟိုင်း၏လေသံတွင် ခံစားချက်မျိုးစုံ ရောယှက်နေသည်။
“ဒါကို မင်းက ဘယ်လိုသိနေသလဲ” ထိုနည်းတူစွာ ယွမ်ကျိုးကလည်း ဝင်မေးသည်။
သူ့ပုံမှန်ဖောက်သည်ကြီး အတော်ကြာ ပျောက်သွားသည့် အကြောင်းအရင်းကို သူလည်း သိချင်မိသည်။
“လမ်းမှာ တွေ့လို့ မေးကြည့်ရင် သိတာပါ” အရပ်ပုပုလူက ရှက်ကိုးရှက်ကန်း ပြောသည်။
“ငါ သိပြီ” ယွမ်ကျိုး ခေါင်းညိတ်သည်။
“ဒါပေမဲ့ ငါ့မှာ သူ့အိမ်လိပ်စာအသစ် ရှိတယ်” ခဏတွေးကြံပြီးမှ အရပ်ပုပုလူက ရုတ်ခြည်း ပြောသည်။
“မယူတော့ဘူး” ဝူဟိုင်းက ခဏနှုတ်ဆိတ်နေပြီးမှ ပြောသည်။
တကယ်တမ်း သူက လိပ်စာယူချင်သည်။ ထိုမှသာ သူမကို နှုတ်ဆက်စကားပြောခွင့်ကြုံမည်။
လူအများစု ပြောနေသည့်မိန်းကလေးက ဝူဟိုင်း၏ပန်းချီကားထဲမှ မိန်းကလေးဖြစ်သည်။
ဝူဟိုင်းက သူမနှင့် စကားပြောလေ့ မရှိသော်လည်း ယွမ်ကျိုးက သူမနှင့် ရံဖန်ရံခါ စကားပြောတတ်သည်။ ထို့ကြောင့်လည်း ဝူဟိုင်းက သူမ၏အကြောင်း သိပ်မသိပေ။ သူမက မိန်းမချောလေးဟုသာ အသိအမှတ်ပြုမိသည်။
“သူ့ကို နှုတ်ဆက်စကားတောင် မပြောတော့ဘူးလား” ယွမ်ကျိုးက ဝူဟိုင်း၏စိတ်ကို တကယ် နားမလည်နိုင်ချေ။
ဝူဟိုင်းက ၎င်းမိန်းကလေးကို သဘောကျနေသည်ကို ခန့်မှန်းမိသည်။ သူတို့ချင်း စကားမပြောသော်လည်း သူ့အကြည့်က လိမ်ညာမရချေ။
“မလိုအပ်တော့ပါဘူး။ ငါ့အနုပညာကုန်ကြမ်းလေး ပျောက်ဆုံးသွားတယ်လို့ ခံစားမိရုံလေးပါ” ဝူဟိုင်းက ရေခွက်ကိုယူကာ ရေတစ်ချိုက် သောက်လိုက်သည်။
“လူထူးလူဆန်း ပန်းချီဆရာပဲ” ယွမ်ကျိုးက ကောက်ချက်ချလိုက်သည်။
“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ထို့နောက် ဝူဟိုင်းက သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း နှုတ်ဆိတ်နေခဲ့သည်။
“လူငယ်ဘဝက ကောင်းပါတယ်” အဘိုးအိုက ပြုံးရွှင်စွာ ပြောသည်။
ဖောက်သည်တချို့က ဤမြို့သို့ ပြောင်းလာကြပြီး တချို့က ပြောင်းရွှေ့သွားသည်။ သူ့စားသောက်ဆိုင်လေးက မပြောင်းမလဲ တည်ရှိနေသည်။
ဝူဟိုင်းကလည်း လေဒီလု၏မှတ်ဉာဏ်ထဲ ဖြတ်သွားဖြတ်လာထက် မပို၍ နှုတ်ဆက်စကားပြောရန်လည်း မလိုအပ်ချေ။
…
မနက်ခင်းဆိုင်ဖွင့်ချိန် ပြီးဆုံးပြီနောက် ယွမ်ကျိုးက မီနူးနှင့် ဖိတ်ကြားလွှာကို ထုတ်သည်။
“ဒီဖိတ်ကြားလွှာကို ဘယ်လိုသုံးသင့်လဲ” ယွမ်ကျိုးက ကတ်ကို ထပ်တလဲလဲ ကြည့်နေသည်။
ယွမ်ကျိုးက ဘယ်သူကို ဖိတ်ရမလဲပင် မသိချေ။ ထို့နောက် ယွမ်ကျိုးက တခြားအရေးကြီးသောမေးခွန်းကို တွေးမိသည်။
“စနစ်၊ ဖိတ်ကြားလွှာရတဲ့ဖောက်သည်က အခကြေးငွေပေးရမလား။ အလကား စားခွင့်ရမလား”
စနစ် “တခြားဖောက်သည်တွေနဲ့ အတူတူပါပဲ”
“ဒါဆိုကောင်းတာပေါ့” ထိုမှသာ ယွမ်ကျိုး စိတ်အေးသွားသည်။ အလကား မစားသွား၍ ကျေနပ်နေသည်။
ယွမ်ကျိုး ဆိုင်တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်မှ လူတစ်ယောက် ဝင်လာသည်။ ဝူဟိုင်းမှလွဲ၍ တခြားသူ မဖြစ်နိုင်ချေ။
“ဘာတွေဖတ်နေတာလဲ” ဝူဟိုင်း၏စိတ်အခြေအနေ ပုံမှန်ဖြစ်သွားပုံပေါ်သည်။
“ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး” ယွမ်ကျိုးက ဖိတ်ကြားလွှာကို မသိမသာ ဖယ်ထုတ်ကာ မီနူးကိုသာ ချန်ခဲ့သည်။
“ဟမ်၊ ဒါက မီနူးလား” ဝူဟိုင်းက မီနူးကိုယူကာ မယုံကြည်နိုင်ဟန် ပြောသည်။
“အင်း၊ နေ့လယ်ခင်းကျရင် သုံးလို့ရပြီ” ယွမ်ကျိုး ခေါင်းညိတ်သည်။
“မီနူးက မဆိုးဘူးပဲ။ စာရွက်သားလည်း ကောင်းတယ်” ဝူဟိုင်း ဝေဖန်သည်။
“ဒါပေါ့” ယွမ်ကျိုးက ခေါင်းညိတ်သည်။
“မင်းကိုယ်တိုင် ဒီဇိုင်းဆွဲထားတာလား” မီနူးပေါ်မှ ကြာပန်းကိုကြည့်ရင်း ဝူဟိုင်းက တအံ့တဩ မေးမြန်းသည်။
“မဟုတ်ဘူး” ယွမ်ကျိုးက ချက်ချင်း ငြင်းပယ်သည်။ သူက ပန်းချီမဆွဲတတ်မှန်း ဝူဟိုင်းသိနေ၍ သူ့လက်ရာဟု မပြောခြင်း ဖြစ်သည်။ ပြောမိလျှင် ဝူဟိုင်းက သူ့ကို လှောင်ရယ်နေလိမ့်မည်။
“ဒီပန်းချီက စက်နဲ့ဖန်တီးထားတာတော့ မဟုတ်ဘူး” ဝူဟိုင်းမှာ စူးရှသော မျက်ဝန်းတစ်စုံ ရှိသည်။
“ဒီ့ပြင် လက်ရေးလက်သားက အရမ်းကောင်းတယ်”
“ဒီစားသောက်ဆိုင်မှာ သုံးတဲ့ ပစ္စည်းတိုင်းက အကောင်းစားပဲလေ” ယွမ်ကျိုးက မပွင့်တပွင့် ပြောသည်။
“အမ်…” ဝူဟိုင်း ဆို့နင့်သွားသည်။
“ဘာလို့ အစောကြီး ရောက်လာတာလဲ” ယွမ်ကျိုးက စကားလမ်းကြောင်းလွှဲလိုက်သည်။
“ခန့်မှန်းကြည့်လေ” ဝူဟိုင်းက လေးနက်သောအမူအရာဖြင့် ပြောသည်။
“မခန့်မှန်းဘူး” ယွမ်ကျိုးက ချက်ချင်း ငြင်းသည်။
“မင်းစားသောက်ဆိုင်မှာ ငါ့လက်ရာ ပန်းချီကားချိတ်ချင်လို့ပါ” ဝူဟိုင်းက ယွမ်ကျိုးကို မကျီစယ်တော့ဘဲ သူ့ရည်ရွယ်ချက်ကို ထုတ်ပြောသည်။
“ဘာလို့လဲ” ယွမ်ကျိုးက ဝူဟိုင်းကို ငေးစိုက်ကြည့်ပြီး စပ်စုသောအမူအရာကို ထုတ်ဖော်သည်။
“ပန်းချီကားက ခင်ဗျားဆိုင်နဲ့ လိုက်ဖက်လို့ပါ” ဝူဟိုင်းက အကြောင်းအရင်းကို ချက်ချင်း မပြောပေ။
“ရတယ်လေ။ ဈေးနှုန်းဘေးနားနဲ့ မျက်နှာကြက်ကလွဲရင် ကြိုက်တဲ့နေရာမှာ ချိတ်လို့ရတယ်” ယွမ်ကျိုးက နေရာနှစ်ခုကို ညွှန်ပြရင်း လေးနက်စွာ ပြောသည်။
“ခင်ဗျားပြောတဲ့နေရာမှာ ချိတ်လိုက်ရင် ဈေးနှုန်းစာရင်းကို တခြားသူတွေ မမြင်မှာ ကြောက်နေတာလား” ဝူဟိုင်းက သံသယဝင်သောအမူအရာဖြင့် ပြောသည်။
“မရဘူး။ ဈေးနှုန်းစာရင်းကို ကွယ်လို့ မရဘူး” ယွမ်ကျိုးက သူ့မေးမြန်းမှုကို ပြန်မဖြေပေ။
“ဒါဆိုရင်လည်း ဈေးနှုန်းစာရင်းရဲ့ဘေးနားမှာ ချိတ်မယ်လေ” ဝူဟိုင်းက ဈေးနှုန်းစာရင်း၏ဘေးကို လက်ညှိုးထိုးကာ မေးမြန်းသည်။
“မရဘူး။ အဲဒီနေရာလည်း မရဘူး။ ငါ့စားသောက်ဆိုင်ကို ထိခိုက်တယ်” ယွမ်ကျိုးက လေးနက်စွာ ပြောသည်။
“ဟုတ်ပြီ။ ဒါဆိုရင်လည်း ဒီနေရာမှာပဲ ချိတ်တော့မယ်”
နံရံရှုခင်း၏ရှေ့ဘက်နံရံမှာ ချိတ်ရန် ဆုံးဖြတ်လိုက်သည်။
“ခင်ဗျားလက်ရာက မဆိုးဘူးပဲ” ယွမ်ကျိုးက ဝူဟိုင်းထုတ်လာသော ပန်းချီကားကို ကြည့်ကာ ရိုးသားစွာ ပြောသည်။
“အွန်း” ဝူဟိုင်းက သူ့သွေးသားရင်းချာ ကလေးကို ကြည့်နေသကဲ့သို့ ပန်းချီကားကို နူးနူးညံ့ညံ့ ကြည့်နေသည်။
“အဲဒီနေရာမှာ ချိတ်လိုက်လေ” သူတို့နှစ်ဦးက ပန်းချီကားကို နံရံမှာ ချိတ်သည်။
ပန်းချီကားချိတ်ဆွဲလိုက်သောအခါ စားသောက်ဆိုင်က ပို၍ သက်ဝင်လှုပ်ရှားသွားသည်။
“ပတ်ဝန်းကျင်နဲ့ ပန်းချီကားက တကယ်လိုက်ဖက်တယ်။ အိုကေ ဒါဆိုရင် အဆင်ပြေပြီ”
ဝူဟိုင်းက လက်ခုပ်တီးကာ အားရပါရ ပြောသည်။
ကျန်းကျဝေ၏ဒေါသတကြီး အော်သံကို နောင်အနာဂတ်တွင် ကြားရဦးမည်။
“အွန်း” ယွမ်ကျိုး ခေါင်းညိတ်သည်။
…
နေ့လယ်ခင်းဆိုင်ဖွင့်ချိန်တွင် လူတိုင်းက နံရံပေါ်မှ ပန်းချီကားအသစ်ကို သတိပြုမိသည်။ ပန်းချီကားထဲမှ သူတို့ပုံရိပ်ကို သူတို့ပြန်မြင်ရသည်။
“ဒါက ပညာရှင်ရဲ့ဖန်တီးမှု ဖြစ်လောက်တယ်” နေ့လယ်ခင်းဆိုင်လာသည့် အဘိုးအိုကပင် မနေနိုင်မထိုင်နိုင် မေးယူသည်။
“ငါ သိသလောက်တော့ အဲဒီပန်းချီကားက ရောင်းထွက်သွားပြီလေ” လင်းဟုန်က ဒွိဟဖြစ်ဟန် မေးမြန်းလိုက်သည်။
“မဟုတ်ပါဘူး။ မင်းကြားတာက ကောလဟာလ သတင်းတွေပါ” ဝူဟိုင်းက လေးနက်စွာ ပြောသည်။
“ယွမ်သန်းချီနဲ့ ရောင်းလိုက်တာက မင်းပြောတဲ့ မဟုတ်မမှန် သတင်းလား”
“မင်းမှားနေပြီ။ ငါ မရောင်းဘူး။ ဝယ်သူကလည်း လက်ခံတယ်” ဝူဟိုင်းက လူကြီးလူကောင်းအမူအရာကို ဖော်ပြသည်။
ဝူဟိုင်း နှင့် လင်းဟုန်တို့ ငြင်းနေစဉ် အဘိုးအိုက မီနူးအသစ်ကို ပထမဆုံး သတိပြုမိ၍ တအံ့တဩ ထအော်သည်။
“ဝိုး။ ဒါက ဘာလဲ။ မီနူးပဲ”
အပိုင်း(၂၉၂)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၉၃)
“အွန်း။ ဒါက မီနူးပဲ။ ဟင်းလျာအသစ်ရောင်းရင် အသစ်ထပ်ဖြည့်ပေးသွားမယ်” ယွမ်ကျိုးက ယခုလို မေးခွန်းမျိုး ဖြေဆိုရခြင်းကို အလွန်ပျော်ရွှင်နေသည်။
“မဆိုးပါဘူး။ စာရွက်နဲ့ လက်ရေးလက်သားက တကယ်ကောင်းမွန်ပါတယ်” အဘိုးအိုက မီနူးကိုကြည့်ကာ ပြောသည်။
“အခုလို ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်” ယွမ်ကျိုးက ခေါင်းညိတ်ကာ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။
“ခင်ဗျား လက်ရေးမှ မဟုတ်တာ ခင်ဗျားက ဘာတွေကျေးဇူးတင်နေတာလဲ” ဝူဟိုင်းက ယွမ်ကျိုးကို ကျီစယ်ရခြင်းကို အလွန်နှစ်သက်သည်။
“ဒါက ငါ့ဆိုင်မှာ သုံးမယ့်ပစ္စည်းလေ”
“မှန်ပါတယ်။ ခင်ဗျားပြောသမျှ စကားတိုင်းက ကျိုးကြောင်းဆီလျော်ပါတယ်” ဝူဟိုင်းက မကျေမနပ် အံကြိတ်သည်။
“ဟုတ်တယ်။ အဲဒါ အမှန်ပဲ” ယွမ်ကျိုးက ခေါင်းညိတ်ကာ ပွင့်ပွင့်လင်းလင်း သဘောတူလိုက်သည်။
ထို့နောက် ဝူဟိုင်းကလည်း ခွန်းတုံ့မပြန်တော့ပေ။
“ငါ့မှာ သူတစ်ပါးကို မကောင်းမြင်တတ်တဲ့ စိတ်ခံစားမှုများ ရှိနေသလာ” ဝူဟိုင်းက တုန်လှုပ်သွားပြီး သူ့အတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
“ဒီနေ့ ဝိုင်မဲဖောက်တာ ပြီးသွားပြီလား” ချန်ဝေက ဆိုင်ထဲ ရုတ်ခြည်း ဝင်ရောက်လာသည်။
“ဒီနေ့တော့ မင်းအတွက် မကျန်တော့ဘူး” ထိုစကားသံကြောင့် လင်းဟုန်က သူ့ကို မျက်နှာချိုသာသွေးမည့် အချိန်ကို စောင့်ဆိုင်းနေသည်။
“ဘယ်သူတွေ ပိုင်သွားတာလဲ” လင်းဟုန်ကို အသနားမခံချင်ပေ။
“အားနာပါတယ်။ ငါပဲ” ဘေးနားမှ တခြားတစ်ယောက်က ထုတ်ပြောသည်။
“ခင်ဗျားက ဘယ်သူလဲ။ ဒီနေရာကို ဘယ်လိုသိသွားတာလဲ” ချန်ဝေက ၎င်းအမျိုးသားကို တအံ့တဩ ကြည့်ကာ စပ်စပ်စုစု မေးမြန်းလိုက်သည်။
“အို့စ် ဘာအတွက် သိချင်တာလဲ။ ငါ မဲပေါက်တာကိုတော့ မင်းကို မပေးဘူးနော်” ၎င်းအမျိုးသားက မိန်းမချော ချောသူဖြစ်သည်။
“ခင်ဗျားကို အရင်တုန်းက ဒီဆိုင်မှာ မမြင်ဖူးလို့ပါ။ ကြည့်ပါဦး။ ဒီဆိုင်က အစားအသောက်တွေက ဈေးကြီးတယ်လေ။ ငါ့ကို ပြန်ရောင်းလိုက်ပါလား”
ချန်ဝေက တစ်ဖက်လူကို လှည့်ဖြားရန် ကြိုးစားသည်။
“ငါက ကျန်းချန်းရှီရဲ့ သူငယ်ချင်းပါ” ၎င်းက ပြုံးရွှင်စွာ ပြောသည်။ သူ ပြုံးလိုက်သောအခါ ပါးချိုင့်နှစ်ခု ပေါ်လာသည်။
“ဪ ဟိုမိန်းမရဲ့သူငယ်ချင်းလား။ မင်းရဲ့အရက်ကို ငါ့ကို တစ်ဝက်ပြန်ရောင်းပေးပါလား” ချန်ဝေက လက်လျှော့မည့် အတွေးမရှိပေ။
“ချန်ကျန်းရှီနဲ့ သဘောတူထားပြီသား” ၎င်းက ချန်ဝေကို မျက်မှောင်ကြုတ်ကာ ကြည့်သည်။
“ဝူဟိုင်း ခင်ဗျားရော ဒီညသောက်မလား” ချန်ဝေက ချက်ချင်း အာရုံလွှဲလိုက်သည်။
“ဟူး၊ သူက ကျန်းရှီ ပြောသလိုပဲ” ၎င်းက ချန်ဝေ၏အပြုအမူကို ကြည့်ရင်း ပြောခြင်း ဖြစ်သည်။
“ဒီလူ ငါ့ဆီကနေ ဝိုင်တောင်းလိမ့်မယ်” လင်းဟုန်က ပြောသည်။
“ဒါဆိုရင် နောက်ဆုံးမဲပေါက်တဲ့လူက ဘယ်သူလဲ” ချန်ဝေက လက်မလျှော့ချင်သေးပေ။
“သူဌေးယွမ်ရဲ့ဝိုင်ကို လေ့လာချင်တဲ့ သူဌေးဖန်ဟမ်ကလွဲလို့ တခြားဘယ်သူ ဖြစ်နိုင်ဦးမလဲ” လင်းဟုန်က ဝင်ဖြေသည်။
“ကောင်းပြီလေ” ချန်ဝေက သူ့နောက်လိုက် ရှန်ရှီနှင့်အတူတူ အလောတကြီး ပြေးထွက်သွားသည်။
သူတို့က ဖန်ဟမ်ကို သွားတွေ့ခြင်း ဖြစ်လိမ့်မည်။
“သူ အောင်မြင်မယ်လို့ ထင်လား” ရုပ်ချောသောအမျိုးသားက စပ်စပ်စုစု ပြောသည်။
“ခင်ဗျားက ကျန်းကျဝေနဲ့ တော်တော်ရုပ်ဆင်တယ်” ဝူဟိုင်းက ၎င်းကို အသေးစိတ်အကဲခတ်ကာ ပြောသည်။
“ကျွန်တော်ကလား။ သူက ကျွန်တော်လောက် ရုပ်မချောပါဘူး” ၎င်းက တည့်တိုးပြောသည်။
“ဒါတော့ အမှန်ပဲ။ မင်းတို့နှစ်ယောက်က တူညီတဲ့ခံစားချက်ပေးတယ်” ဝူဟိုင်းက ရိုးသားစွာ ခေါင်းညိတ်သည်။ ကျန်းကျဝေက တကယ်လည်း ၎င်းအမျိုးသားလောက် မချောမောပေ။
ထို့နောက် သူတို့အဖွဲ့က စကားလက်ဆုံ ပြောဆိုသည်။
ယမန်နေ့ညတွင် ယွမ်ကျိုးက ဝိုင်နှင့်တွဲဖက်စားသုံးနိုင်သော အစားအသောက်ကို ပထမဆုံးအကြိမ် စတင်ရောင်းချသည်။
နေ့လယ်ခင်းဆိုင်ပိတ်သွားသော်လည်း အရက်သမားတချို့က မပြန်သေးပေ။ အမြည်းရောင်းမည့်ကိစ္စကို သေချာ အတည်ပြုခြင်း၍ ဖြစ်သည်။
“သူဌေးယွမ်၊ ဒီနေ့ ညနေဘက်မှာ အမြည်း ရောင်းမှာ တကယ်လား” လင်းဟုန်က ဦးစွာ မေးမြန်းသည်။
“ဘာအစားအသောက်လဲ” ခပ်ချောချော အမျိုးသားလည်း မပြန်သေးပေ။ သူ့ကို ဆိုင်မှာ ဆက်နေရန် ကျန်းချန်ရှီက မှာကြားထားသည်။
“မီနူးမှာ ဟင်းလျာအသစ် မတွေ့ပါဘူး။ ညနေ့ဘက်မှ ထပ်ထည့်မလား” ဝူဟိုင်း စပ်စုသည်။
“ဟုတ်တယ်” ယွမ်ကျိုးက ခေါင်းညိတ် အတည်ပြုပေးသည်။
“ခင်ဗျားက ဟုတ်ကြောင်း သက်သေထူတော့လည်း စိတ်အေးလက်အေး ပြန်တော့မယ်” ယွမ်ကျိုးက ကိုယ့်ကျင့်တရားကို ယုံကြည်သော ဖောက်သည်များက ဆိုင်မှထွက်သွားသည်။
“သူဌေး နေ့ခင်းဘက်အတွက် အကူအညီလိုသေးလား” ခဏတုံ့ဆိုင်းပြီးနောက် ရှန်မင်က ယွမ်ကျိုးကို မေးမြန်းသည်။
သူမကို ကားငှားပေးပြီး အိမ်ပြန်ပို့ပေးဖူးသော ယွမ်ကျိုး၏ကျေးဇူးတရားကို ရှန်မင် ပြန်သိတတ်ချင်သည်။
“မလိုပါဘူး။ ညနေဘက်ရောက်ရင် နောက်မကျစေနဲ့” ယွမ်ကျိုးက ငြင်းသည်။ သူ့ပိုင်နက်ထဲ တခြားသူ ဝင်ရောက်ခြင်းကို သူ မနှစ်သက်ပေ။
ထို့ကြောင့်လည်း ဟင်းလျာများစွာ ရောင်းချလာသည့်တိုင် ဝန်ထမ်း ထပ်မခန့်ခြင်း ဖြစ်သည်။
“စနစ် မြေပဲတွေက သန့်ရဲ့လား” ယွမ်ကျိုးက အံဆွဲမဖွင့်ခင် မေးမြန်းသည်။
ခပ်တန်းတန်းနေသောစနစ်က သူ့မေးခွန်းကို မတုံ့ပြန်ခဲ့ပေ။ ယွမ်ကျိုးကလည်း ဂရုမစိုက်ဟန် အမူအရာဖြင့် အံဆွဲကို ဖွင့်လိုက်သည်။
“မြေပဲကို အခွံမခွာထားပေမဲ့ သဲလုံးဝ မပါဘူးပဲ” ယွမ်ကျိုး ပြောသည်။
မြေပဲရွေးချယ်ခြင်းကို ယွမ်ကျိုးက အလိုအလျောက် သိနေသည်။ အဆိုးထဲမှ အကောင်းကို သေချာရွေးချယ်တတ်သည်။ စနစ်မှ ထောက်ပံ့ထားသော မြေပဲများက အကောင်းဆုံး မြေပဲဖြစ်သည်။
“ဒါကရှောင်ကျင်းရှန်မြေပဲလား” ယွမ်ကျိုးက မြေပဲကို ကောက်ယူကာ မသေချာဟန်ဖြင့် မေးမြန်းသည်။
စနစ် “ရှင်းချန်တိုင်းပြည်ကနေ အစပျိုးခဲ့တာပါ။ ရှောင်ကျင်းရှန်မြေပဲလို့လည်း နာမည်ပေးထားတယ်။ ၁၉၈၄ စက်တင်ဘာလရဲ့ ရင့်မှည့်တဲ့ မျိုးစိတ်ကို ရွေးချယ်ထားတာပါ”
“ဒီမျိုးစိတ်က တကယ် အရသာရှိပြီး မူလအရသာကို မပျက်ယွင်းစေဘူး။ အရသာတကယ်ကောင်းမွန်ပါတယ်”
“မိုက်တာပေါ့။ အဲဒီနှစ်က ရိတ်သိမ်းတဲ့ ကောက်ပဲသီးနှံတွေက ဈေးကောင်းရတယ်လို့ ကြားဖူးတယ်” ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက မြေပဲအခွံခွာကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။
မွှေးရနံ့ ခပ်ပြင်းပြင်းက သူ့ခံတွင်းထဲ ပြန့်သွားသည်။
“မြေပဲအစိမ်း အရသာကို မခံစားရဘူး” ယွမ်ကျိုးက ကျန်နေသေးသည့် မြေပဲနှစ်ခုကို ဆက်စားသည်။
မြေပဲဆီက အရေးပါသောစာဆီလည်း ဖြစ်သည်။
“မြေပဲက နာမည်ကြီးတာ အံ့ဩစရာ မရှိဘူး။ အရသာက တကယ်ကောင်းတယ်” ယွမ်ကျိုးက မြေပဲဝါးရင်း အတော်လေး ကျေနပ်နေမိသည်။
စနစ် “မြေပဲအစိမ်းစားတာက ပြင်းထန်တဲ့ အကျိုးဆက်တွေကို ခံစားရနိုင်ပါတယ်။ ဝမ်းလျှောတာတို့ ကိုယ်အလေးချိန်တက်တာကို ဖြစ်နိုင်ပါတယ်”
ယွမ်ကျိုး “…”
အပိုင်း(၂၉၃)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၉၄)
ယွမ်ကျိုးက စနစ်မှ ပေးပို့လာသော စာတိုကို မြင်သောအခါ ဆွံ့အသွားသည်။
“အခုမှ တစ်ခါပဲစားတာပါ”
ယွမ်ကျိုး၏အရှေ့ တစ်ကြိမ် ပေါ်လာပြီးနောက် စနစ်က ပျောက်ကွယ်သွားပြန်သည်။ မပျောက်ကွယ်သွားခင် စာတန်းအကြီးကြီး ချန်ထားခဲ့သည်။
စနစ် “ရှောင်ကျင်းရှန်မြေပဲတစ်ခုက ၁၀ယွမ်တန်ပါတယ်”
“ဈေးကတော့ မဆိုးပါဘူး”
သူ့အမြတ်ငွေထဲမှ ၁၀ယွမ်ကို ချက်ချင်း ဖြတ်တောက်သွား၍ ယွမ်ကျိုး အံ့ဩနေမိသည်။
အမေရိကန်ပြည်ထောင်စုတွင် အသုံးပြုလေ့ရှိသော အခွန်ဖြတ်တောက်သောနည်းလမ်းကို ယွမ်ကျိုး တွေးမိသွားသည်။
“မင်းဘာလို့ အရမ်းငွေမက်နေရသလဲ စနစ်”
ယွမ်ကျိုး ရုတ်ခြည်း စပ်စုမိသည်။
သူ အချိန်အကြာကြီး စောင့်ဆိုင်းသော်လည်း စနစ်က ပြန်မဖြေခဲ့ပေ။ သို့တိုင် ယွမ်ကျိုး လက်မလျှော့သေးပေ။
“ထင်တဲ့အတိုင်းပဲ စနစ်က ဟင်းချက်တာနဲ့ မဆိုင်တာတွေ ပြန်မဖြေဘူးပဲ”
ယွမ်ကျိုးက မကျေမနပ် ရေရွတ်ရင်း မြေပဲခွံခွာသည်။
စီချွမ်ဟင်းလျာဖြစ်သော ယစ်ထုပ်မြေပဲဟင်းလျာက စီချွမ်ပြည်နယ်စု ဟန်လူမျိုးများ နှစ်ခြိုက်သော အဆာပြေမုန့်ဖြစ်သည်။ မြေပဲနှင့် အသုံးပြုထားသော ဟင်းခပ်အမွှေးအကြိုင်များက အသက်အရွယ် မရွေးစားသုံးနိုင်သည်။
တကယ်တမ်း မြေပဲကြော် နှင့် မြေပဲစိမ်းက စားသုံးရန် မသင့်လျော်ချေ။ မြေပဲကို မီးပြင်းပြင်းဖြင့် ကြော်လိုက်လျှင် သူ့အဟာရဓာတ် တန်ဖိုးကို လျော့နည်းသွားစေသည်။ အစိမ်းစားလျှင်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်စေသည့်အပြင် အများကြီးစားမိပါက အဝလွန်စေသည်။
ယစ်ထုပ်မြေပဲ ချက်ပြုတ်ခြင်း ပုံမှန်နည်းလမ်းက သာမန်အပူချိန်ဖြင့် ကြော်လှော်ခြင်းဖြစ်၍ ယွမ်ကျိုးက တခြားနည်းလမ်းသုံးရန် စဉ်းစားထားသည်။ ဟင်းလျာ၏အဟာရတန်ဖိုး မပျက်ယွင်းအောင် ချက်ပြုတ်ခြင်းက စားဖိုမှူးတစ်ဦးမှာ ရှိသင့်ရှိထိုက်သော အရည်အချင်းလည်း ဖြစ်သည်။
စနစ်မှ ပံ့ပိုးပေးထားသော ရှောင်ကျင်းရှန်မြေပဲက သူ့နာမည်ဂုဏ်သတင်းနှင့် လိုက်ဖက်မှုရှိသည်။ အရည်အသွေးကောင်းမွန်သော မြေပဲဖြစ်သည်။ မြေပဲအခွံကို ခွာလိုက်သောအခါ အထဲမှ မြေပဲစေ့များက အရည်အသွေးကောင်းမွန်သည့်အတွက် အကောင်းပကတိအတိုင်း ရှိနေသည်။
ယွမ်ကျိုးက ယစ်ထုပ်မြေပဲကို လေးပွဲသာ ပြင်ဆင်ထားပြီး သုံးပွဲက ရောင်းချရန်ဖြစ်ပြီး ကျန်တစ်ပွဲက သူ စားသုံးရန် ဖြစ်သည်။ စားဖိုမှူးက သူကိုယ်တိုင်ချက်ပြုတ်ထားသော အစားအသောက်ကို ကိုယ်တိုင် မြည်းကြည့်မှသာ ကောင်းကျိုး ဆိုးကျိုးကို ဝေဖန်ပိုင်းခြားနိုင်လိမ့်မည်။
သိပ်မကြာခင်မှာပင် ညနေခင်း ဆိုင်ဖွင့်ချိန် ပြီးဆုံးသွားခဲ့သည်။ ပုံမှန်အတိုင်းပင် ရှန်မင်က အရက်ဆိုင်ဖွင့်သည်အထိ အလုပ်လုပ်သည်။ သို့သော်လည်း ယနေ့တွင်မူ ယွမ်ကျိုးက သူ့ဖောက်သည်များနှင့်အတူတူ အရက်ဆိုင်ဘက် လိုက်လာခဲ့သည်။ ယနေ့ အရက်လာသောက်သည့် ဖောက်သည် အများအပြားရှိသည်။
“အစ်ကိုယွမ်။ အရက်နဲ့တွဲစားမယ့် အစားအသောက် ရောင်းမယ်ဆိုလို့ တကူတက လာခဲ့တာနော်” ကျန်းချန်ရှီက ယွမ်ကျိုးကို သွေးဆောင်သော လေသံဖြင့် ချွဲနွဲ့ပြောဆိုသည်။
“သူပြောတာ အမှန်ပဲ။ ချန်ရှီနဲ့ငါက ဟင်းလျာအသစ်ရဲ့အရသာကို မြည်းဖို့ ဆိုင်ကို လာခဲ့တာပဲ” အလွန်ချောမောသော အမျိုးသားလေးလည်း လိုက်လာသည်။
“ခင်ဗျားက အမြည်းရောင်းပြီဆိုတော့ ကျုပ် ယူလာစရာ မလိုတော့ဘူးပေါ့” ဖန်ဟမ်က ပြုံးရွှင်စွာ ပြောသည်။
“ဟုတ်တယ်။ ဒါကို ငါလည်း လက်ခံတယ်” ဘေးနာက ချန်ဝေကလည်း ခေါင်းညိတ်သည်။
သူ့ကို အရက်မျှတိုက်ရန် ဖန်ဟမ်ကို အောင်အောင်မြင်မြင် ဖျောင်းဖျနိုင်ခဲ့ပုံ ပေါ်လွင်သည်။ ချန်ဝေနောက်ကို ခုရက်ပိုင်း လိုက်ပါနေသော ရှန်ရှီလည်း အတူပါလာသည်။
“သွားကြမယ်။ ဆိုင်ထဲရောက်ရင်တော့ ဘာဟင်းလျာလဲဆိုတာ ငါတို့တွေ သိခွင့်ရမှာပါ” လင်းဟုန်က ယွမ်ကျိုး၏အကြောင်းကို ကောင်းကောင်းသိနေ၍ ထိုစကားကို ပြောခြင်း ဖြစ်သည်။
“ဟုတ်တယ်။ ခင်ဗျားပြောတာ မှန်တယ်” ဝူဟိုင်းကလည်း ခေါင်းညိတ်သည်။ ထို့နောက် အရက်ဆိုင်ဘက် ဖြတ်ကျော်သွားရသော ရှုခင်းပန်းချီနား မတ်တတ်ရပ်ပြီး အရက်ဆိုင်ထဲ ဝင်ရောက်ရန် စောင့်ဆိုင်းနေခဲ့သည်။
“အထဲဝင်လာပေးပါ” ယွမ်ကျို၏ အချက်ပြ၍ ရှန်မင်က ရှုခင်းနံရံကို ဖွင့်ကာ ဆိုင်ထဲသို့ ဝင်ရောက်နိုင်ကြောင်း ပြောသည်။
“သူဌေးယွမ်က ငါတို့ကို ရင်တမမ ခံစားချက်ဖြစ်အောင် ထပ်လုပ်ဦးမယ် ထင်ပါရဲ့” ကျန်းချန်ရှီက ပြုံးရွှင်သောအမူအရာဖြင့် ဆိုင်ထဲသို့ ဝင်ရောက်သည်။
“ဒီလိုလှပတဲ့နေရာလေးကို ဖုံးကွယ်ထားမယ်လို့ မထင်ထားဘူး” ရုပ်ချောချောကောင်လေးက ဥယျာဥ်ငယ်လေးကို ငေးကြည့်ရင်း တအံ့တဩ ပြောသည်။
“စုမူ။ နင်ရဲ့ပန်းခြံလေးနဲ့ ယှဉ်ကြည့်စမ်းပါဦး” ကျန်းချန်ရှီက ရုတ်တရက် မေးမြန်းသည်။
“ငါ့ပန်းခြံက သေချာပေါက် ပိုလှတာပေါ့။ အထူးချွန်ဆုံး ဒီဇိုင်းနာ ငါကိုယ်တိုင် ဒီဇိုင်းဆွဲထားတာလေ”
စုမူက ရုပ်ရုပ်ချောချောကောင်လေး ဖြစ်သည်။ သူက ယုံကြည်မှုလွန်ကဲစွာ ပြောသည်။
“တကယ်လား။ ဒီနေရာလေးကို ပိုခမ်းနားသလိုပဲ” ကျန်းချန်ရှီက ပြုံးကာပြောသည်။
“ဟင့်အင်း၊ ငါတော့ အဲဒီလိုမထင်ဘူး” စုမူက လုံးဝ အလျှော့မပေးချေ။
လူပေါင်းများစွာက အပေါ်ထပ်သို့ တက်လာပြီး ဝါးတောထဲမှ ထိုင်ခုံမှာ နေရာယူကြသည်။
“လေဟာပြင်ကြီးထဲ မိုးထရွာရင် ပြဿနာပဲ” စုမူက သူ့ဆံပင်များကို စိုးရိမ်တကြီး သပ်သည်။
မိုးမိမည်ကို မစိုးရိမ်သော်လည်း သူ့ဆံပင်ကေ ပျက်စီးသွားမည်ကို စိုးထိတ်မိသည်။
“မစိုးရိမ်ပါနဲ့။ မိုးရွာရင် သူဌေးယွမ်က ဆိုင်မဖွင့်ဘူး” ချန်ဝေက အံကြိတ်ကာ ပြန်ပြောသည်။
“ဒါဆိုလည်း ကောင်းတာပေါ့” စုမူက စိတ်သက်သာရာ ရဟန် သက်ပြင်းချလိုက်သည်။ စားပွဲခုံနှင့် ထိုင်ခုံများကို ဖုန်သုတ်ပြီးမှ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
“ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေစမ်းပါဟာ” ယွမ်ကျိုး၏စားသောက်ဆိုင်က အလွန်သန့်ရှင်း သပ်ရပ်၍ ကျန်းချန်ရှီက ဖုန်သုတ်သော အကျင့်မရှိပေ။
“အရက်နဲ့တွဲစားမယ့် အမြည်းက ယစ်ထုပ်မြေပဲပါ။ စားပွဲတစ်ဝိုင်းမှာ တစ်ပွဲရပါမယ်” ယွမ်ကျိုးက စနစ်မှ ထောက်ပံ့ထားသော မီနူးကို ထုတ်ကာ စားပွဲတစ်ခုံချင်းမှာ ချထားပေးသည်။
“ဝိုး၊ ဒီဟာလား။ အံ့ဩစရာပဲ” ဝူဟိုင်း အတော်လေး ပျော်ရွှင်နေသည်။
ယစ်ထုပ်မြေပဲက စီချွမ်အရသာဖြစ်၍ အစပ်ကြိုက်သော ဝူဟိုင်း သဘောတွေ့နေသည်။
ယွမ်ကျိုးဆိုင်မှာ လက်တလောရောင်းချသော အစားအသောက်များတွင် အစပ်ဟင်းလျာက နည်းပါးနေသေးသည်။
“အစားအသောက်ကောင်းပဲ။ အဲဒီမြေပဲက အရက်နဲ့ တကယ်လိုက်ဖက်တယ်” ချန်ဝေ နှင့် ဖန်ဟမ်လည်း အတော်လေး ကျေနပ်မိသည်။
ဘယ်သူက မြေပဲမပါဘဲ အရက်သောက်နိုင်မလဲ။ ဒါကြောင့်လည်း ဖန်ဟမ်က မြေပဲယူလာသေးသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ယွမ်ကျိုးရောင်းချသော အစားအသောက်ကလည်း ယစ်ထုပ်မြေပဲ ဖြစ်နေသည်။
“စားပွဲတစ်ဝိုင်းမှာ ဟင်းတစ်ပွဲပဲ ရပါမယ်” ရှန်မင် အရက်ပုလင်း သယ်လာစဉ် ယွမ်ကျိုးက ထပ်မံ့ အတည်ပြုသည်။
“ဒါပေါ့။ မြန်မြန် လာပေးပါတော့” လူအုပ်စုကြီးက ဆက်လက် မစောင့်ဆိုင်းချင်တော့ပေ။
မြေပဲမနှစ်သက်သော ကျန်းချန်ရှီကိုယ်တိုင်ပင် ယွမ်ကျိုး၏လက်ရာ ယစ်ထုပ်မြေပဲကို အတော်လေး မျှော်လင့်မိသည်။
“ခဏစောင့်ပေးပါ” ယွမ်ကျိုးက မီးဖိုချောင်ထဲ ဝင်ရောက်သွားပြီး မြေပဲထည့်ထားသောဘန်းကို ကိုယ်တိုင်ကိုယ်ကျ သွားယူသည်။ ရက်လုပ်ထားသော ကြိမ်ခြင်းတောင်းလေးထဲ ပန်းကန်ပြားကို ထည့်ထားသည်။
ယွမ်ကျိုး ဟင်းပွဲလိုက်ချသောအခါ လူအများစုက အစိမ်းရောင်အရွက်လေးများဖြင့် တန်ဆာဆင်ထားသော ခြင်းတောင်းကို သတိပြုမိကြသည်။
“ခြင်းတောင်းလေးက မိုက်သားပဲ။ ရောင်းဖို့လား”
ကျန်းချန်ရှီက ခြင်းတောင်းကို ဦးစွာ စိတ်ဝင်စားမိသည်။
“မရောင်းပါဘူး” ယွမ်ကျိုးက ချက်ချင်း ငြင်းသည်။
“သူဌေးယွမ်…” ကျန်းချန်ရှီက၏အသံက ပျားသကာရည်သကဲ့သို့ ချိုမြနေသည်။
သို့သော်ငြားလည်း ယွမ်ကျိုးက သူမကို လျစ်လျူရှုထားသည်။ တခြားစားပွဲဝိုင်းနှစ်ဝိုင်းက ခြင်းထဲမှ မြေပဲကို ပိုစိတ်ဝင်စားသည်။
“ပါဝင်နှုန်းက အတူတူလောက်ပဲ။ ဒါပေမဲ့ ငရုပ်သီးဖက်လေးတွေ ပါနေတယ်နော်။ ဘာလို့ ငရုပ်သီးစေ့တွေ ထည့်ထားရတာလဲ” ဖန်ဟန် အတော်လေး ဒွိဟဖြစ်နေသည်။
သူက အရက်ဆိုင်ဖွင့်ထားသူ ဖြစ်၍ အရက်ဆိုင်၏ အဓိက အမြည်းက မြေပဲဖြစ်မှန်း သိသည်။ ယစ်ထုပ်မြေပဲထဲ ငရုပ်သီးစေ့များထည့်ကြော်လျှင် အပူချိန် လွန်ကဲပါက အရသာ ခါးသက်သွားနိုင်ကာ စားရ အဆင်မပြေနိုင်ချေ။
ထို့ကြောင့် စားဖိုမှူးများက ချက်ပြုတ်သောအခါ ငရုပ်သီးစေ့များကို ဖယ်ထုတ်လေ့ရှိသည်။ မတော်တဆ ပါသွားလျှင်လည်း ဖောက်သည်များကို တည်ခင်းသောအခါ ဖယ်ထုတ်ထားလေ့ရှိသည်။
“ထားလိုက်ပါတော့လေ။ စားကြည့်ရင်တော့ အရသာသိရမှာပါ။ ကြည့်ပါဦး တခြားသူတွေ စားနေပြီ” ချန်ဝေက တစ်ဖက်စားပွဲမှ ဝူဟိုင်း နှင့် လင်းဟုန်ကို ညွှန်ပြကာ ပြောသည်။
“အိုကေလေ” ထိုမြင်ကွင်းကြောင့် ဖန်ဟမ်က သဘောတူလိုက်ပြီး စတင်မြည်းကြည့်သည်။
အပိုင်း(၂၉၄)
ပြီးပါပြီ။